Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, May 07, 2013

ရိုင်းလီ ကို ရှာဖွေခြင်း

အချိန်ကတော့ ၂၀၁၂ခုနှစ် အောက်တိုဘာ ကျောင်းပိတ်ရက် အတွင်း မှာပါ။ အတိအကျဆိုရင် အင်္ဂါနေ့ ည၉နာရီလောက်ပေါ့။ ခလေးတွေက ရုပ်ရှင်ကြည့်နေကြတယ်။ သူမရဲ့ အဓိက လုပ်ငန်းက ခလေးသူငယ်များကို ထိမ်းသိမ်းပြုစု စောင့်ရှောက်ခြင်းပါ။ ဆယ်လီ ပရက်စ် လေ ဟာ သူမရဲ့ စမတ်ဖုန်းကို ကောက်ကိုင်လိုက်ပြီး အွန်လိုင်းပေါ်က မြက်ရိတ်စက် အရောင်းအ၀ယ်ကိစ္စကို ကြည့်လိုက်တယ်။ တယောက်မှ ၀ယ်ယူသူ မရှိသေးပါဘူး။ အွန်လိုင်းပေါ်မှာ တခြားဟိုကြည့်ဒီကြည်နဲ့ပဲ ချစ်စဖွယ်ရယ်မောနေတဲ့ ခလေးတယောက်ရဲ့ ပုံကို သတိထားလိုက်မိတယ်။ ခလေးတယောက်ပျောက်နေသတဲ့။

ခလေးက ဆယ်လီ တို့အိမ်ရဲ့ မြောက်ဘက် ကီလိုမီတာ ၆၀လောက် လောက်ဝေးတဲ့ သြစတြေးလျ နယူးဆောက်သ်ဝေးလ် မြောက်ဘက်ကမ်းခြေ Nambucca Heads မှာ နေ့လည်ခင်းက ပျောက်သွားတာပါ။ ဘုရား ..ဘုရား။ ဆယ်လီ အသက်ရှူမှားသွားတယ်။ အချိန်အတန်ကြာနေခဲ့ပြီပဲ။ ခလေးက ၄နှစ်သားအရွယ်လေး။နာမည်က ရိုင်းလ် မာတင်။ NSW ရဲဌာနာရဲ့ Facebook  စာမျက်နှာမှာ သူမကြည့်လိုက်တော့ ခလေးက ပျောက်နေဆဲ။ မိသားစု ခွေး၃ကောင်နှင့်အတူ ပြီးခဲ့တဲ့ ၉နာရီ ၀န်းကျင်က တည်းကပါတဲ့။ဆယ်လီ့ကို ရဲတွေက သတင်းဝေမျှတယ်။ ခလေးဟာ ည၀တ်ဘောင်းဘီကလေးနဲ့ ကမ်းခြေကို ထွက်သွားခဲ့တာလို့ ဆိုတယ် တဲ့။ ဒီကလေးကို ငါ တွေ့အောင်ရှာမယ် လို့ ဆယ်လီ သံန္နိဋ္ဌါန်ချတယ်။ ဆယ်လီဟာ သူမရဲ့ အလုပ်တူလုပ်ဘက် လိဖ် အို ဘရိန် နှင့် အတူ သူမရဲ့ ၁၂နှစ်အရွယ် သားငယ် ဘရွန်ဆန် တို့ကိုပါ အကူအညီ ခေါ်ယူပြီး စောင် ခေါင်းအုံးစတာတွေ ကားပေါ်တင်ပြီး ညအမှောင်ထဲမှာပဲ ခရီးစထွက်တော့တယ်။ 

မနက်၁၁နာရီ မိနစ်၃၀ လောက်က ရိုင်းလီရဲ့ မေမေ ဘီရန်ကာ ဂရေဟမ် ဟာ မိသားစု  စားမြိန်စာ စီမံခင်းကျင်းအပြီး  ရေခဏ ပြေးချိုးနေခိုက်  ရိုင်းလီ  ခွေးတွေနဲ့ ပျောက်သွားခဲ့တာလို့ ဆိုတယ်။ဘီရန်ကာနှင့် ခင်ပွန်း အင်ထရူး တို့ဟာ မိသားစုလိုက် ဘခင်အိမ်ကို အလယ်ရောက်လာကြတာလို့ ဆိုပါတယ်။ ရိုင်းလီအပြင် သူတို့မှာ ခို့စ၊် ဆဲ့သ်၊ အိုင်ဆက်၊ ဆိုတဲ့သား သုံးယောက် ရှိသေးတာပါ။ ရိုင်းလီဟာ အထူးသဖြင့် အခြားမိသားစုထက် ပိုပြီး ခွေးချစ်တတ်သူဖြစ်တယ်။ဘရူတိုနဲ့ နီထရို ဆိုတဲ့ မြေခွေးအစပ် ခွေးအဖြူကလေးနှစ်ကောင်ဟာ ရိုင်းလီကို ပို ချစ်ကြဟန်ရှိတယ်။ ရိုင်းလီနဲ့ ခွာတယ်မရှိဘူး။တကောက်ကောက်လိုက်နေတတ်တာပါ။ရိုင်းလီ လှုပ်ရှားလိုက်ရင် ဘာလိုတယ်ဆိုတာ သိရှိပြီး ချက်ခြင်းဆောင်ကျင်းပေးကြတယ်.။ရိုင်းလ် နဲ့ ကစားဖေါ် ကစားဘက် စားဖေါ်စားဖက် ဆိုလည်း မမှားဘူး။ Kelpie ပါပီလေးကတော့ သြစတြေးလျား သိုးစပ်ခွေးကလေးပေါ့။ သူကလည်းရိုင်းရဲ့  အထိန်းတော်ခွေးကလေးပါပဲ။

ဘီရန်ကာ ရေချိုးလို့ မပြီးခင်မှာပဲအင်ထရူးက ခြံတံခါးပွင့်နေတာ သိသွားတယ်။လှည့်ပတ်ပြီးသားနဲ့ ခွေးကလေးတွေကို ရှာတယ်။ခြံထဲမှာတော့ မရှိတာ သေချာပြီ။ အင်ထရူးရော သူ့ ဇနီးရော ဘိနပ်တောင် မစီးနိုင်ဘူးသားတွေကိုပါ ခေါ်ပြီး  လမ်းမဘက် ထွက် အမြန်လိုက်ရှာကြတယ်။လမ်းသွားးလမ်းလာကားတွေကို တားဆီးပြီး ကလေးရဲံ့ ပုံစံပြောပြ မေးမြန်းပေမဲ့ ဘယ်သူမှမသိကြဘူး။အိမ်ပေါက်စေ့ မေးကြည့်တယ်။မသိကြ။နောက်ဆုံးတော့ ၅မိနစ်လောက် လျှောက်လိုက်ရင် ရောက်နိုင်တဲ့ ကမ်းခြေဘက် ကို ဦးတည်ရှေ့ရှူ ထွက်လာကြတယ်။ နောက်နာရီဝက် အကြာမှာတော့  ရဲကို အကြောင်းကြားလိုက်ရတယ်။ရဲကလည်း ဒီကိစ္စကို စံနစ်တကျ အရေးထားကိုင်တွယ်ပါတယ်။မီးသတ်ဦီးစီးဌာန (RFS)နိုင်ငံတော် အရေးပေါ် ၀န်ထမ်းဌာန(SES) စေတနာ့ဝန်ထမ်းကယ်တင်ရေးတပ်ဖွဲ့ (VRA) ဒေသဆိုင်ရာ   အသက်ကယ် ဟယ်လီကော့ပတာအဖွဲ့စသည် လိုအပ်သလို.. ၀ိုင်းဝန်းကူညီ စောင့်ရှောက်ကြဖို့အသင့်အနေအထားမှာ ရှိနေတယ်။သတင်းမီဒီယာများမှလည်း FaceBook စာမျက်နှာကနေ သင့်လျော်သလို အကူအညီပေးကြတယ်။များပြားလှတဲ့ လူမှု အသိုင်းအ၀န်းတွေက ရာပေါင်းများစွာ ထင်မြင်ချက်တွေပေး ကူညီကြတယ်။

ညနေ ၄နာရီ ၀န်းကျင်လောက်မှာတော့ရိုင်းလ် ရဲ့ ည၀တ်ဘောင်းဘီကလေးကို ကမ်းစပ်မှာ သဲလွန်စအဖြစ် ဦးစွာရှာဖွေ တွေ့ရှိကြတော့တယ်။ ရေစိုလို့များ ရိုင်းလ် အတွင်းခံကို ချွတ်ပြစ်ခဲ့လေသလား။ကမ်းခြေမှာကတော့ ခလေးရဲ့  ခြေရာတွေနဲ့ ခွေးကလေးတွေရဲ့  ခြေရာတွေ ရှုပ်ထွေးလို့ တွေ့နေရတယ်။ဒါဖြင့် ခု သူတို့ ဘယ်ရောက်နေပါလိမ့်။အလို ..ရေထဲမှာများ..။ ဒါပေမဲ့ ခွေးတွေကတော့ အေးလွန်းလို့ ရေထဲ ဆင်းမှာ မဟုတ်ပါ။ တစ တစ နေရောင် လျောကျသွားပြီ။အအေးဓါတ်က ပိုလို့ကဲလွန်းလာပြီ။ ခွေးတွေလည်း တကောင်တမြီးမှ ပေါ်မလာ။ အစာစားဖို့သတိမရကြဖူးလား။ ဘီရန်ကာရဲ့ ရင်မှာ မီးတောက်နေတယ်။ ရိုင်းလ်မျက်နှာလေး တစိမ့်စိမ့်မြင်ပြီး ရင်မှာ ဆို့နင့်နေတယ်။ ညရောက်လာပြီ။ မီးတိုင်တွေ မီးမောင်းတွေ တော်တော်များများထွန်းညှိကြတယ်။ ရိုင်းလ်ရဲ့ နာမည်လေးကို သံကုန်ဟစ်အော် ခေါ်နေကြတယ်။

ဆယ်လီတို့ အဖွဲ့ဟာ အဲဒီနေရာကို ည ၁၀နာရီ၁၅မိနစ်မှာ ဆိုက်ရောက်လာတယ်။ပြည့်ပြည့်ဖြိုးဖြိုးရွှန်းလက်နေတဲ့ လရောင်အောက်မှာမီးတိုင်ပေါင်းများစွာ ထွန်းညှိထားပုံ မြင်နေရတယ်။ကားတွေ လူတွေ ဟိုဟိုဒီဒီ တပ်ဖြန့် သွားလာ ရှာဖွေနေကြဆဲ။ ဆယ်လီကတော့ ကျောက်တုံးကျောက်ဆောင်ပေါများတဲ့နေရာတွေ ရွှံနွံထူထပ်တဲ့ နေရာတွေ စေးပြစ်တဲ့  ခြုံတောတွေ မှာ ရှာတယ်။ မကြာမီကလေးမှာပဲသွေးစ သွေးနကလေးတွေ ကို တွေ့လာရတယ်။ ခွေးပုလေးက ဒါဏ်ရာနည်းနည်း ရထားပုံပါပဲ။ ဒါဆို ရိုင်းလီနဲ့ တခြားခွေးတွေကော။ ကမ်းခြေ သောင်ပြင်မှာ က ခွေးခြေရာ ခလေးခြေရာ ရှုပ်ထွေးနေပေမဲ့ မြေခွေးအစပ် ခွေးကလေးတွေရဲ့ ခြေရာက သိသာပါတယ်။ ဆယ်လီဟာ အတူပါလာတဲ့သားတွေကို ကားထဲမှာ နားနေစေတယ်။ သူမကတော့ မရမနေ ရှာဦးမဲ့သဘောပါ။ အချိန်က မနက် ၂နာရီ။ဆစ်ဒနီက ရိုင်းလ်ရဲ့ အဖွားရောက်လာတယ်။ ၄နာရီအထိ သူတို့ မနားမနေ ရှာကြတယ်။အင်စပက်တော် မိုက်ခ် ကတော့ စိတ်မအေးဘူး။ သူတို့ ဒီမျှ ဆူညံ ပွက်လောရိုက်နေတဲ့ အသံကို ရိုင်းလ် ပြန်မထူးနိုင်တဲ့အတွက် ပါ။ ဘုရား ဘုရား ရိုင်းလ် တခုခု ဖြစ် ..။

ရဲတွေဟာ သူတို့ရဲ့ အနံ့ခံခွေးတွေကို အသုံးချပြီး ဒလစပ်ရှာစေတယ်။ ဟော ..ခွေးဟောင်သံ တချက် စ နှစ်ချက်စ ကြားနေရပြီ။ အလို..ဘုရားရေ..။ခလေးတယောက် လဲကျနေသလား။သူသတိရဟန်မတူဘူး။ ငါတို့ခေါ်တာ ဘယ်ကြားနိုင်မလဲ။ လာကြစမ်း။ ဒီမှာ။  ဆယ်လီ ၀မ်းသာခြင်း ၀မ်းနည်းခြင်း မခွဲခြားနိုင်သေးတဲ့ အသံနှင့်။သူမ ခလေးကို ပွေ့ထူလိုက်တယ်။သောင်ပြင်မှာမျက်နှာအပ်ကျနေတဲ့ ခလေးဟာ ဘာမှ မသိရှာဘူး။ လိဖ် ပခုံးမှာ ပိုး မှောက်နေစေတယ်။ သူ့ကိုယ်တွေက အေးစက်ပြီး အသားရောင်က ပြာနှမ်းနေတယ်။ နောက် သောင်ပြင်မှာချ လေမှုတ်သွင်းပေးကြတယ်။ သူနာပြု ကားတွေလည်း ၀ိုင်းအုံလို့ ။သူ့ဖေဖေ သူ့မေမေ ဘာမှ မလုပ်လိုက်ရဘူး။ ခလေးဟာ သတိပြန်ရလာတယ်။ရေ အနည်းအကျဉ်း စုပ်စေတယ်။ ဆေးရုံမှာ  ခဏ နားရတယ်။ မနက် ၇နာရီမှာတော့ အားလုံးဟာ ပုံမှန်ဖြစ်သွားပါတယ်။ မီးသတ်ဗိုလ်ကြီး ပြောပြတာက မြေခွေးစပ်တယ်ရီယာခွေးကလေး ဘရူနိုဟာ လမ်းမကြီးပေါ်မှာ ပြာယာခပ် ပြေးလွှားနေတယ်။တယောက်ယောက်ဆီက အကူအညီမျှော်လင့် တောင်းခံ ရှာဖွေနေပုံရတယ် လို့ ဆိုတယ်။ တခြားနီထရို ကတော့  ရိုင်းလ် အနားမှာထိုင်  စောင့်နေတယ်။ သူတို့ ဟာ ရိုင်းလ် ကို တညလုံး ၀န်းရံ စောင့်ကြပ်နေတာ သေချာပါ တယ်တဲ့။ရေထဲကို မဆင်းနိုင်အောင် စောင့်ရှောက် ထိန်းသိမ်းနေပုံရတယ်လို့လည်း လူတိုင်းက ယူဆကြတယ်။ ရိုင်းလ် ကို စွန့်ပြစ်မထားပဲ ရိုင်းလ်  ရှိတဲ့နေရာကနေ တဖ၀ါးမခွာ စောင့်ကြပ်နေတဲ့ သစ္စာရှိ ခွေးကလေးတွေ ဆိုတာ မမှားနိုင်ပါဘူးတဲ့။

ရိုင်းလ်ရဲ့ မိဘတွေဟာ ဘရူနို ၊ နီထရီု နဲ့ ခွေးပုလေး တို့ကို သားရင်းတွေနဲ့မခြား ဆတံပိုးတိုးလို့ တအားကို ချစ်ခင်ကြပါသတဲ့။

Florist
(မှတ်ချက် - အိမ်က ခွေးလေး ဂျက်ကီနဲ့ အတူတူအိပ်တယ်ဆိုလို့ မေမေ့ဘက်က အမျိုးတစ်ယောက်-ဝမ်းကွဲအစ်ကိုတစ်ယောက်က လက်ပွန်းတနီးမနေဖို့ပြောပေးပါလို့ပြောတယ်တဲ့။ အဲဒါနဲ့ စိတ်နည်းနည်းကောက်လိုက်တာ။ မေမေက ဒီစာတစ်ပုဒ်ရေးပို့ပြီးပြန်ချော့တယ်။ ခွေးလေးတစ်ကောင်ပဲ လောက်လောက်လားလားပိုင်တာ။ သူနဲ့နီးနီးမနေရဘူးဆိုရင်တော့ အင်မတန်စိတ်ဆင်းရဲရတော့မှာပေါ့။ ဟုတ်ဘူးလား။)

No comments: