Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, May 09, 2013

ဥမင်ဆိပ်ကမ်းမြို့တော် "နေပယ်လ်" ကိုသွားကြမလား

Bootဖိနပ်စီးထားတဲ့ ခြေထောက်တစ်ဘက် ဘောလုံးကန်နေတဲ့ပုံလား။ မဟုတ်ပါဘူးနော်။ ဒါက မြေထဲပင်လယ် ဒေသက အီတလီနိုင်ငံနဲ့ စစ္စလီကျွန်းကလေးပါ။ ဒုတိယကမ္ဘာစစ်ကို ဦးဆာင်ခဲ့တဲ့ ဖက်ဆစ်ကြီး မုဆိုလီနီကြောင့် စစ်ဒါဏ်ကို မွမွကြေအောင် ခံခဲ့ရရှာတယ်။ စစ်ဘုရင် နပိုလီယန်ရဲ့ ပြင်သစ်တပ်နဲ့ စပိန်တပ်တို့ကလည်း တလှည့်စီ သိမ်းပိုက်ခဲ့တယ်။ ဒါပေမဲ့ ကနေ့နေပယ်လ် မြို့တော်ဟာ ရှေးဟောင်းအမွေအနှစ်တွေ တပုံတပင်နဲ့ အလှမပျက်ပဲထိန်းသိမ်းနိုင်ခဲ့တယ်။ ခေတ်နဲ့အညီ ပြုပြင်မွန်းမံလို့ လှပတည်ရှိနေဆဲ။ ခရီးသွားဧည့်သည်တွေ ၀င်လာမစဲ တသဲသဲပါပဲ။
နေပယ်လ်မြို့တော်(ရှေးရှေးတုံးအခါက  Napoli လို့ ခေါ်ကြတယ်)နေပယ်လ် ဆိုတာက ရှေးဟောင်းဂရိ ဘာသာစကားနဲ့ဆိုရင် “မြို့သစ်" လို့ အဓိပ္ပါယ်ရတယ်။

တည်နေရာ - အီတလီနိုင်ငံ(ကဲ့ပ်ပါနီယာဒေသ)
40ံ50’42”N  14ံ15’30”E/40.84500ံN  14.25833ံE
ဧရိယာစုစုပေါင်း - 117.27km2 (45.28 sq mi)
ပင်လယ်ရေမျက်နှာပြင်အထက် - 17m  (56ft)
လူဦးရေ - 959,574  (2012)

နေပယ်လ်မြို့ ဆိုလိုက်တာနဲ့ Lord Lytton ရေးတဲ့ THe Last Day of Pompeii ၀တ္ထုထဲက နေပယ်လ်မြို့သူကလေး အိုင်အိုနီ နဲ့ မျက်မမြင် ပန်းသည်မလေး နိုင်ဒီယာ တို့ကို သတိရမိတယ်။ယူနက်စကိုအဖွဲ့က နေပယ်လ်ဟာ ကမ္ဘာမှာ ယဉ်ကျေးမှု အထွန်းကားဆုံး ဖြစ်တယ် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်တွေ တပုံတပင် ရှိတယ်လို့ စံထားရတဲ့ နိုင်ငံပါ။ ဥရောပရဲ့အကြီးဆုံး ရာဇ၀င်သမိုင်းမြို့တော်ကြီးဖြစ်ပါတယ်။ ရှည်လျားတဲ့ သမိုင်းကြောင်းတွေ ရှိနေတာပါ။ စာပေယဉ်ကျေးမှု တကျော့ပြန်ထွန်းကားလာတဲ့ခေတ်မှာ နေပယ်လ် ဟာ စာပေ၊ ဂီတ၊ အနုပညာ မှာ ရောမမြို့နှင့် မီလန်မြို့ပြီးရင် တတိယ လိုက်တဲ့ မြို့ဖြစ်တယ်။ ဂရိတွေဟာလည်း နှစ်ပေါင်းထောင်ချီ အခြေချနေထိုင်လာကြတာမို့ နေပယ်လ်မှာ သြဒယ်ဆီ Odyssey ကဗျာ လင်္ကာရှည်ကြီးဟာလည်း ကျော်ကြားလှတယ်။
နေပယ်လ်မြို့ဘုရားကျောင်း အတွင်းပိုင်း တစ်နေရာ၊Nuovoရဲတိုက်၊သင်္ဘောဆိပ်ကမ်း ရှုခင်း၊တော်ဝင် နန်းတော်ကြီး၊
နေပယ်လ်မြို့ရဲ့ချစ်စရာ  ပုံရိပ်များ။ခရီးသွားဧည့်သည်များနဲ့ အစည်ကားဆုံးနေရာထဲက တချို့ပါ

ရှေးဟောင်းဂရိပုံပြင်လာ သင်္ဘောသားများကို ညှို့ယူတတ်သော ငှက်တပိုင်း လူတပိုင်း မာယာရှင်နတ်မိမယ်နှင့် သင်္ဘောသားများ
၉ရာစုနှစ် BC မှာဂရိပိုင်ရုဒ်ကျွန်းက သင်္ဘောသားများဟာရေကြောင်းခရီးကနေ        မက်ဂါရီ ဆိပ်ကမ်းကို  အသေးစားကုန်ပစ္စည်းများရောင်းဝယ်ရင်းအခြေချနေထိုင်ခဲ့ကြတယ်။ သူတို့ဟာ   နောက်ပိုင်းအခြေချ နေထိုင်မှု များပြားလာတယ်။ ထဲထဲဝင်ဝင်ဖြစ်လာတယ်။ ဂရိယဉ်ကျေးမှု နေပယ်လ်မှာ စတင်ပျိုးထောင်မိပြီး ပြန့်ပွားထွန်းကားခဲ့တယ်။
အလယ်ခေတ် ဘုရင်များ စိုးစံရာ Nuovo ရဲတိုက်ကြီးနေပယ်လ်နိုင်ငံတော်၊ စစ္စလီနိုင်ငံတော် 

ဒါက Palazzo Capodimonte အမျိုးသားပြတိုက်ပါ
နေပယ်ဟာ ဒုတိယ ကမ္ဘာစစ်မှာ ဗုံးဒါဏ်ကို အများဆုံခံခဲ့ရတာပါ။ စစ်ပွဲပြီးသွားတဲ့နောက် နေပယ်ကို အကြီးစား မွန်းမံပြင်ဆင်ခဲ့ရတယ်။ အခုဆိုရင် နေပယ်ဟာ အီတလီမှာ ရောမ၊မီလန်၊တူရင် မြို့တွေ ပြီးရင်  စတုတ္ထမြောက် စီးပွားရေးမြို့တော်အဖြစ် နာမည်ကျော်ကြားလို့နေတယ်။ သင်္ဘောဆိပ်မြို့ဖြစ်ပေမဲ့ မြေအောက်ဥမင်လမ်းတွေလဲ ပေါပေါများများရှိတယ်။ ခရီးသွား ဧည့်သည်များအတွက် သာယာလှပတဲ့ ရှုခင်းတွေက တမျှော်တခေါ် ပြည့်နှက်နေတယ်။ ဥရောပအတွက် နေပယ်လ်ဟာ အရေးအပါဆုံး သင်္ဘောဆိပ်မြို့လည်းဖြစ်ပါတယ်။ ရှေးက မြို့စား နယ်စားကြီးများ နန်းထိုင်ရာ မြို့တော်ဖြစ်လို့ သာယာဝပြောတာ ကျက်သရေရှိတာ ခန့်ညားတာ   အလှအပစသည် ထူးပြီးပြောပြဖို့ မလိုတော့ပါဘူး။နိုင်ငံခြားသားများကို အလည်အပတ်လာရောက်ဖို့ ထူးပြီး ဆွဲဆောင်စရာ မလိုတော့တာပါ။ နေပယ်လ်မှာ သမိုင်းဝင်ပြတိုက်တွေ ပြခန်းတွေနဲ့ ချမ်းသာကြွယ်ဝတယ်လို့ စာဆိုရှိတယ်။ နေပယ်လ်အမျိုးသားပြတိုက်ဟာ ပြတိုက်အများအပြားထဲက ရှေးဟောင်းအနုပညာဘာသာရပ်နဲ့ ဆိုင်တဲ့ ပြတိုက်တစ်ခုပါ။ ကမ္ဘာမှာ ရောမအင်ပါယာထွန်းကားမှု ဘယ်လာက်ကြီးမြတ်တယ်ဆိုတာ ဖေါ်ညွှန်းနေပါတယ်။ ပွန်ပေမြို့နဲ့ ဟာကျူလာနီယန်မြို့ကို ဗွီဆူးဗီးယပ်စ် မီးတောင်ချော်ရည် ဖုံးလွှမ်းရာက မြေအောက်က ပြန်လည်ဖေါ်ထုတ်နိုင်ခဲ့တယ်။ ၁၈ရာစုနှစ်က လူတို့ အသုံးအဆောင် အိမ်ထောင်ပရိဘောဂပစ္စည်းစသည် ပြန်လည် တူးဖေါ် ပြသနိုင်ခဲ့ပါတယ်။ မင်းသား Gaetano Filangieri  က ရှေးခေတ်အနုပညာသည်တို့ရဲ့အမွေအနှစ်လက်ရာ ပစ္စည်းတွေကို စုဆောင်းနိုင်ခဲ့ကြတယ်။
၁၄၉၄-၁၄၉၈အီတာလျှံ စစ်ပွဲ အတွင်း အမြောက်ကြီးများနှင့် ၀င်ရောက်လာသော နပိုလီယန်၏  ပြင်သစ်စစ်သားများ
၁၉ရာစုနှစ် နေပယ်လ်ဆိပ်ကမ်း ပန်းချီကား
လူထုစုဝေးနေကျ သမိုင်းဝင်နေရာPlazza del  Plebiscito
၁၈ ရာစုနှစ်က ဗွီဆူးဗွီးယပ်စ် (Vesuvius ) မီးတောင်ကြီး ပေါက်ကွဲနေစဉ်  ပန်းချီကား 
မီးတောင်က  ချော်ရည်တွေဟာ  ပွန်ပေမြို့တစ်မြို့လုံးကို  ဖုံးအုပ်သွားခဲ့တယ်။
(ဒီအကြောင်း ပွန်ပေမြို့၏ နောက်ဆုံးနေ့များ ၀တ္ထုမှာ ဖတ်ရှုနိုင်ပါတယ်။) 

 နေပယ်လ်မြို့လည်ခေါင်က San Lorenzo Maggiore ဘုရားကျောင်းပါ
ဘရင်ဂျီဂိုဏ်ချုပ်ဘုန်းတော်ကြီးများကစီမံအုပ်ချုပ်ထိုင်ပါတယ်။ ကမ္ဘာအရပ်ရပ်က ကက်သလစ်ဘာသာဝင်များ နှစ်စဉ်စက်တင်ဘာ ၁၉ရက်နေ့တိုင်း  ထောင်နဲ့ချီတဲ့ နေပယ်လ်မြို့သူမြို့သားတွေ သို့မဟုတ်ရပ်ဝေးက ဘုရားဖူးတွေဟာ သူတော်စင် Saint Januariusရဲ့ ထူးခြားဖြစ်စဉ်ကို စောင့်ကြည့်ဖို့ စုဝေးလာကြတယ်။သူတော်စင်ကဆိုပါတယ်။ ခြောက်သွေ့နေတဲ့  သွေးတွေဟာ အရည်အဖြစ်ပြောင်းလဲပြီး သူ့ခန္ဓာကိုယ်တွင်းစီးဝင်လိမ့်မယ်လို့ မြင့်မြတ်တဲ့ မွေသရီထံက  ဗျာဒိတ်ရရှိထားတယ် တဲ့။ ဒါ့ကြောင့် အယူသီးသူတွေဟာ ယခုတိုင် နေပယ်လ်ကဘုရားကျောင်းမှာ စုဝေးလာရောက် စောင့်ကြည့်ကြပါတယ်။ အဓိက ဘုရားကျောင်းများ ဓမ္မာရုံများ၊ဘုန်းကြီးကျောင်းများမှာ ဧည့်သည်များနဲ့ ပြည့်နက်နေတတ်ပါတယ်။ စစ္စလီနဲ့ နေပယ်လ်ဟာ ၁၄၅၈ခုနှစ်မှာ ကွဲပြားသွားခဲ့တယ်။Ferdinand I လက်အောက်ကျရောက်ခဲ့တယ်။ ၁၅၀၁မှာ ပြင်သစ်ဘုရင် လူဝီ XII (LouisXII) က တိုက်ရိုက်အုပ်ချုပ်ခဲ့ပြီး သိပ်မကြာခင်မှာပဲ စပိန်က ပြင်သစ်ထံကနေ ပြန်လည် သိမ်းယူခဲ့ပါတယ်။ ဒါပေမဲ့ ယနေ့ နေပယ်လ်ဟာ အီတာလျှံ ကျွန်းဆွယ်မှာ ပထမဦးဆုံး ဥမင် ဆိပ်ကမ်းမြို့တော်အဖြစ် သေသပ်လှပ  ပီပြင်စွာ ထင်ရှားတည်ရှိနေတယ်။ ဒါကြောင့်လည်း ခရီးသွားတွေဟာ အီတလီနိုင်ငံကို ဦးတည်လိုက်တာနဲ့ နေပယ်လ်မြို့တော်ကို အရင်ဦးဆုံးခြေချလည်ပတ်နိုင်ဖို့ ပြင်းပြတဲ့ဆန္ဒတွေရှိနေကြတယ်။        ။

Florist
Source (Photos included) : Wikipedia
Living Fashion Magazine, May, 2013

No comments: