Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, May 23, 2013

တတိယမုဆိုးမ

မနက်ဖြန် ၂၄ရက်၊ မနက် ၁၀နာရီ၊ ရွာမ နှစ်ခြင်းအသင်းတော်မှာ Widows' Day (မုဆိုးမများနေ့)အထိမ်းအမှတ်၊ မိခင်မုဆိုးမတွေကို ဂုဏ်ပြုတဲ့အစီအစဉ်လုပ်ပါမယ်။ YCC က ဦးဆောင်ကျင်းပပြုလုပ်တာဖြစ်ပါတယ်။ International widows' day ကတော့ ဇွန် ၂၃လို့သတ်မှတ်ထားပါတယ်။ မြန်မာခရစ်ယာန်အဖွဲ့အစည်းမှာ Widows' Day ကို သတ်သတ်မှတ်မှတ် ကျင်းပလေ့ရှိသလားဆိုတာ သိချင်သူတွေ၊ မုဆိုးမအမျိုးသမီးတွေကို စာနာနှစ်သိမ့်ဖေးမ အားပေးချင်သူတွေ .....ခရစ်ယာန်မှမဟုတ် မည်သူမဆို စိတ်ဝင်စားစွာ လာရောက်လေ့လာနိုင်ပါတယ်။ နာမတော်မြတ်၌ အားလုံးကို ဖိတ်ခေါ်ပါတယ်။ 
(Junio.SMA)
******************

တတိယမုဆိုးမ 


အပိုင်း(၁) 
မုဆိုးမ“နှစ်”

“ဒုန်း”

ပြင်းလွန်းတဲ့အရှိန်နဲ့အတူ ဒုန်းဆိုတဲ့အသံက နက်နက်ရှိုင်းရှိုင်းကြီး ပဲထွက်ပေါ်လာတယ်။ ဘယ်နေရာကအနာဆုံးလဲ လို့ ရွေးနုတ်မပြောနိုင် လောက်အောင် သူ့တစ်ကိုယ်လုံးနေရာအနှံ့အပြားမှာ ထုံကျဉ်လောင် မြိုက်တယ်။ ပေါင်ပေါ်မှာပွေ့တင်ကိုင်ဆောင်ထားလာခဲ့တဲ့ အတက်ချီကေ့စ် လေးက ထောင်းခနဲအဖုံးလန်ထွက်သွားတယ်။ အထဲက ပစ္စည်းပစ္စယတွေ ဖွာလန်ကြဲထွက်ကုန်ပြီလား။ စိုးရိမ်တကြီး လက်တွေနဲ့ဖိကိုင်ပွေ့ပိုက်ထားလိုက်မိတယ်။ တစ်ကိုယ်လုံးပူပြင်းထုံကျဉ်နေတယ်။ နာကျင်လွန်းလို့ နာကျင်ရကောင်းမှန်းမသိတော့သလို။ ထုံထုံထိုင်းထိုင်း။ ထူထူပိန်းပိန်း။ သူသိတာတစ်ခုတည်း...မြနှင်းဆီ။ မြနှင်းဆီ။ မြဆီအရောက် သည်ပစ္စည်း ကိုပို့ပေးကြပါ။ ဘယ်နေရာကမှ သူ့မှာ လှုပ်ရှားလူးလွန့်လို့မရနိုင်ဘူး ဖြစ်နေပြီ။ သတိကြီးစွာထားပြီး အိတ်ကပ်ထဲက လက်ကိုင်ဖုန်းကိုထုတ်ယူလိုက်တယ်။ ဧ၀ရက်တောင်ထိပ် တက်ရသလို ခက်ခဲလွန်းလိုက်တာ။ တရွေ့ရွေ့နဲ့ ဖုန်းလေးက လက်ထဲတော့ရောက်ခဲ့ပြီ။ ကြိုးစားပြီး ခလုတ်လေးတွေကို တို့ထိနှိပ်နေတယ်။ m..y.. မြကလေးတစ်လုံးရိုက်ခေါ်ဖို့ စိတ်သွားသလောက် လက်က မရောက်နိုင် ဘူးဖြစ်နေတာ ထူးဆန်းလိုက်တာ။ ဒါကို သူလုပ်ဆောင်နိုင်မှာ မဟုတ်ဘူး လို့ ရိပ်စားမိလိုက်တာနဲ့ လက်လျှော့လိုက်တယ်။ နောက်တစ်ခု ကြိုးစားပါ တယ်။ အိတ်ကပ်ထဲက ဖုန်းစာအုပ်နဲ့အသင့်ချိတ်နေကျဘောပင်တစ်ချောင်း။ ဧ၀ရက်တောင်ကို နောက်တစ်ခေါက်ထပ်တက်ရသလို။ မောဟိုက်လှချည့်။ ခြေကုန်လက်ပန်းကျလှချည့်။ နောက်ဆုံးတော့ စာအုပ်ငယ်နဲ့ဘောပင်လက်ထဲ ရောက်လာခဲ့ပြီ။ ဘ၀မှာဘယ်တော့မှ မမေ့တဲ့နာမည် မြနှင်းဆီ။ မြနှင်းဆီ နာမည်ကို သူကြိုးစားရေးတယ်။ လက်ရေးတွေက တောင်တစ်လုံး မြောက်တစ်လုံး။ ငယ်ငယ်တုန်းက ၀လုံးအရေး စသင်ရတာထက် ခက်ခဲ ပင်ပန်းလွန်းတဲ့အလုပ်။ မှတ်ဉာဏ်မှာ စွဲထင်နေတဲ့နံပါတ်တစ်ခု...၀၉၅၀-----။ သုံညက တစ်နေရာ၊ ကိုးက တစ်နေရာ၊ ငါးက တစ်နေရာ ဂဏန်းတွေက အပေါ်ရောက်အောက်ရောက် ဘယ်ရောက်ညာရောက်။ ကပေါက်တိကပေါက်ချာ။ ဘေးကလူကို လှည့်ကြည့်တော့ ခေါင်းက ပါမလာဘူး။ လည်ပင်းမှာ သံချောင်းထည့်ထားသလို ပူပြီးတောင့်တင်းနေ တယ်။ မိန်းကလေးတစ်ဦးရဲ့အသံကြားတယ်။

“ဦး ဦး..သတိထားနော်၊ ကျွန်မတို့ရှိတယ်”

ဘာကိုသတိထားရမှာလဲ။ ဘယ်သူတွေရှိတာလဲ။ မြ ကို ခေါ်ပေးပါ။ ကျေးဇူးပြုပြီး။ ဒီနာမည် ဒီဖုန်းနံပါတ်။ မြကို ပြောပေးပါ။ ပြီးတော့ ဒီအိတ်၊ ငါ့ပေါင်ပေါ်မှာ ပွင့်နေတဲ့အိတ်။ အဲဒီအထဲမှာ မြအတွက် ပေးဖို့ရှိတယ်။ မြက သူ့မိဘတွေရှိတဲ့ ရန်ကုန်ကိုသွားမှာ။ မြနဲ့အတူ ငါ လိုက်နိုင်မယ်မထင်တော့ဘူး။ ဒီအိတ်ကို မြဆီအရောက် ဘယ်သူပို့ပေးမှာလဲ။ မြသုံးဖို့ လမ်းစရိတ်နဲ့အထွေထွေအသုံးစရိတ်တွေ တကယ်လိုအပ်တာ ထက် သုံးလေးဆပိုလို့ ငါထည့်ယူလာတယ်။ မြဆီ ပို့ပေးကြပါ။ မြဆီ ဒီအိတ် ခြေရာလက်ရာမပျက် ပို့ပေးကြဖို့ ငါမျှော်လင့်........

xxxxx

ringtone က မြနှင်းဆီအကြိုက် သီချင်းလေး။

“ဝေးဝေးသွားလို့မရအောင် အချစ်ရယ် ဖက်ထားချင်တယ် မင်းအပြုံးနုလေးနဲ့ ဝေးမှာ ကိုယ်ကြောက်နေတယ်xxxxxxသိပ်ချစ်တာသူ သိပါကွယ်”

ဖုန်းမှာ darling ဆိုတဲ့ စာလုံးလေးပေါ်နေတယ်။ အို မောင့်ဆီက ဖုန်းပဲ။ မောင် ရန်ကုန်သွားရင် လိုက်ခဲ့မယ်လို့ ပြောထားတယ်။ အခု မန္တလေးကို ရောက်တော့မယ်ထင်ပါရဲ့။ မြူးထူးစွာဖွင့်နားထောင်လိုက်ရင်း အသံပြုလိုက်တယ်။

“ဟဲလို မောင်..ပြောလေ”

“မမြနှင်းဆီလား”

မိန်းကလေးတစ်ယောက်အသံ၊ သုတ်သုတ်ပျာပျာ ကသောကမျော မေးသံကြောင့် မြနှင်းဆီ ကြောင်အမ်းသွားတယ်။ံ။ မောင့်လက်ကိုင်ဖုန်းက ဘယ်လိုဖြစ်လို့များ...။

“မမြနှင်းဆီလား မြနှင်းဆီလား..အစ်မသေချာနားစိုက်ထောင်ပါ၊ အခု အစ်မအမျိုးသား မုံရွာအနီးမှာ ကားအက်ဆီးဒင့်ဖြစ်ပြီး............”

ဖုန်းက လက်ထဲက လွတ်ကျသွားတယ်။ မဟုတ်ဘူး။ လူက ဖုန်းထဲက လွတ်ကျသွားတာ...။ ကျောင်းသွားမလို့ ရေချိုးပြီးထွက်လာတဲ့ သားဝေယံက“မေမေ မေမေ မေမေ....”တစာစာအော်ရင်း မြနှင်းဆီကို စိုးရိမ်တကြီး ပွေ့ထူတယ်။

xxxxx

မြနှင်းဆီက အဲသည်တုန်းက ဥပဒေဘွဲ့နဲ့ ကျောင်းပြီးလို့ ဟိုက်ကုတ်မှာ ချိန်ဘာဆင်းနေပြီ။ ဖြစ်ချင်တော့ နိုင်ငံခြားကို သွားဖို့ အကြောင်း ဖန်လာတယ်။ မဟုတ်ဘူး၊ အကြောင်းက ဖန်လာတာမဟုတ်ဘူး။ အကြောင်းကို ၀ိုင်းပြီးဖန်ကြတာ။ မြနှင်းဆီကို ငယ်ငယ်ကတည်းက တစ်ဖက်သတ်သဘောကျတဲ့ အိမ်နီးချင်း တစ်ဦးဖြစ်တဲ့ ကိုကိုနိုင်က ဂျပန် ပြည်ကို လိုက်ခဲ့ဖို့ လှမ်းခေါ်တာ။ လိုအပ်တဲ့စာရွက်စာတမ်းတွေ အကုန်ပို့ ပေးတယ်။ နှစ်ဖက်ခွပြီး ငိုစားရယ်စား လုပ်ရမယ့် ရှေ့နေအလုပ်ကို မြနှင်းဆီ သိပ်တော့သဘောမကျလှပါဘူး။ ဆယ်တန်းအောင်တော့ အမှတ်တွေများ နေတာနဲ့ ထိပ်ဆုံးက မှီမယ့် ဘာသာတွဲကို ယူချလိုက်တာ။ မိဘတွေကတော့ အင်္ကျီအနက်ရောင်လေးနဲ့ ချိတ်ထဘီလေးနဲ့ သမီးကသိပ်လိုက်မှာပဲလို့ ကြိုတင်မှန်းဆ မြင်ယောင်လို့ သဘောကျနေကြတာပေါ့။ အဖေကဆို ကျွန်တော့်သမီးကြီးက ရှေ့နေဗျလို့ အိမ်ပေါက်စေ့ကြွားပြီးနေပြီ၊ အမှုအခင်း ပြဿနာတွေကို အိမ်နီးချင်းတွေဆီ လိုက်လံရှာဖွေစုဆောင်းလို့ စာရင်းတောင် လုပ်ထားပြီးပြီ။ မပူနဲ့ ကျွန်တော့်သမီးကိုသာအပ်လိုက်တဲ့။ မြနှင်းဆီကဖြင့် အခုမှ ချိန်ဘာဆင်းနေရတုန်း။ နောက်တော့ ကိုကိုနိုင်ရှိရာ ဂျပန်ပြည် တိုကျိုမြို့လေးမှာ အလုပ်တစ်ခုခုလုပ်ရင်း သွားနေဖို့ ဆုံးဖြတ်လိုက်ပြီး လိုအပ်တဲ့ကိစ်္စ၀ိတ်စတွေ လိုက်လုပ်နေတာ။ အဲသည်မှာပဲ SBဌာနက ဒုရဲအုပ်ပေါက်စလေး မောင်နဲ့တွေ့တာပေါ့။ နိုင်ငံရပ်ခြားသွားမယ့် မဟာ အခွင့်အရေးကြီးကို လက်ထဲကလွှတ်ချ(အဲသည်တုန်းက နိုင်ငံခြားသွားဖို့ဆိုတာ ခုခေတ်လို အခွင့်အလမ်းများများစားစား မပေါ်သေးဘူးလေ)။ ချိန်ဘာအတူ ဆင်းနေတဲ့ သူငယ်ချင်းကဆို “တယ်မိုက်တဲ့သူငယ်မ”လို့ မြနှင်းဆီကို ကြည့်ပြီး စုတ်သပ်တယ်။

အချိန်ယူနေရင် မောင်နဲ့ဝေးမှာကြောက်လို့ ချက်ချင်းပဲ မိဘနှစ်ပါး ရှိရာ နယ်မြို့ကလေးကို မောင့်ကို တစ်ပါတည်းခေါ်သွားပြီး လူကြီးမိဘတွေ ဆီခွင့်တောင်းပြီး(အမှန်က အသိပေးတာပါ)မင်္ဂလာဆောင် ပစ်လိုက် တယ်။ ကိုကိုနိုင်နဲ့လည်း တစ်ချက်တည်း ထောင်းခနဲ တစ်ခန်းရပ်သွားတော့တယ်။ မြနှင်းဆီ သိပ်ပျော်တာပဲ။ မောင်က လူအေးလေး။ ထင်ထားတာထက်ပိုရိုး သားတယ်။ ထင်ထားတာထက် ပိုပြီးအလုပ်ကြိုးစား တယ်။အမြို့မြို့အနယ် နယ်ပြောင်းရွှေ့ရ၊ ရာထူးတွေ တစ်ဆင့်ပြီးတစ်ဆင့် တက်လာရ။ မောင်ပြောင်း ရွှေ့ရာ နေရာဒေသတွေကို လိုက်နိုင်တဲ့အခါလိုက်၊ မလိုက်နိုင်တော့ ကျန်ရစ်။ သားကလေးကိုလည်း အဘိုးအဘွားနဲ့ ကြာရှည်ထားခဲ့ရ။ အဖေ့နောက် တစ်ခါလိုက်ပြန်ရ။ သည်လိုနဲ့ သားကလေးက ဆယ်တန်းရောက်ခဲ့ပြီ။ သားကလေးက မြနှင်းဆီတခုတ်တရထိန်းကျောင်းပဲ့ပြင်စရာမလိုဘဲနဲ့ လိမ်္မာရေးခြားရှိလှတယ်။ ရိုးသားကြိုးစားပြီး ဉာဏ်ပညာထက်မြက်တဲ့ မိဘနှစ်ပါးက ဆင်းသက်ပေါက်ဖွားလာသူပီပီ လိမ်္မာရေးခြားရှိပုံ ဉာဏ်ပညာ ထက်မြက်ပုံက တစ်ကျောင်းလုံးမှာ နှစ်ယောက်မရှိ။ အဘိုးဖြစ်သူက သူ့ကို တူတာပါတဲ့။ မြနှင်းဆီရဲ့သားလေးက စာကျက်ဖို့ ဘယ်တော့မှ တိုက်တွန်း စရာမလိုဘူး။ စာကျက်လွန်းလို့တောင်မှ သနား လာပြီး သားရယ်စာမကျက်ပါ နဲ့ နားစမ်းပါဦးလို့ ပြောယူရတဲ့အထိပါပဲ။ သူ့ပုံစံလေးကတော့ အေးအေးလူလူ ဆိုင်ကယ်စီးရင်းနဲ့လည်း စာတွေကို တတွတ်တွတ်ရွတ်နေတာ၊ အံ့သြစရာ တောင်ကောင်းပါရဲ့။ ဆယ်တန်းအောင်စာရင်းထွက်တော့ သူ့ခမျာ အဖေ အဖေက သူ့အနားမှာ မရှိဘဲ အဝေးကိုရောက်နေတာ။ အဘိုးအဘွားနဲ့ အဒေါ်တွေနဲ့ပဲ ဆိတ်ဆိတ်လေးပျော်ရရှာတာ မြနှင်းဆီမှတ်မိပါသေးတယ်။ သူ့အဒေါ်တွေ(မြနှင်းဆီရဲ့ညီမနှစ်ယောက်)က သူ့အစားသဲသဲလှုပ်ပျော်မိလွန်းလို့ “အိမ်အမှတ် ---မှာနေထိုင်သူ မောင်ဝေယံလင်းထွန်း၊ ငယ်နာမည် ကုလားအုတ်ဟာ ဆယ်တန်းကို ဘာသာစုံဂုဏ်ထူးနဲ့ အောင်မြင်ကြောင်း ကြေညာပါတယ်ဗျို့..လို့ အော်လို့ သူကရှက်လွန်းလို့တဲ့၊ အဒေါ်နှစ်ယောက် ကို ပါးစပ်တွေလိုက်ပိတ်နေတာ။ သိပ်ကို လူကြီးဆန်ပြီး ရင့်ကျက်မှုရှိတဲ့ကလေးပါ။

သားလေးကို သူ့အဖေတာဝန်ကျရာနယ်မြို့လေးနဲ့နီးနီး မန်္တလေး မြို့မှာပဲ ဆေးတက်္ကသိုလ် တက်စေခဲ့တယ်။ ရက်လနှစ်တွေ တိုက်စားတာနဲ့ အမျှ တဖြည်းဖြည်းနဲ့ သားလေးပဲ နောက်ဆုံးနှစ်ရောက်ခဲ့ပြီ။ သူ့ခမျာ အဖေရယ်အမေရယ် မိသားစုသုံးယောက် အတူနေရတယ်လို့မရှိဘူး။ မောင်ကတော့ ပြောပါတယ်။ သားဆရာဝန်ဖြစ်မှပဲ စိတ်ဒုံးဒုံးချပြီး အနားယူတော့မယ်တဲ့၊ မြနဲ့ သားလေးတို့ ဘ၀မှာ ဘာမှ မပူပင် မကြောင့်ကြဘဲ ပြည့်ပြည့်စုံစုံနေရအောင်လို့ လုပ်နိုင်တာထက်ပိုကြိုးစား ပြီးလုပ်လိုက်ဦးမယ်တဲ့။ မိသားစုသုံးယောက် အေးအေးလူလူ နေရမယ့်နေ့ရက်တွေ ဘယ်တော့များ ပိုင်ဆိုင်ရမှာပါလိမ့်လို့ စောင့်စားနေလိုက်ရတာ။

အခုတော့ မထင်မှတ်တဲ့ မတော်တဆဖြစ်ပျက်မှုတစ်ခုက မောင့်ကို ဘ၀ထဲကနေ အပြီးတိုင် ဆွဲနုတ်သွားခဲ့ပြီ။ အံသြစရာကောင်းလိုက်တာ ကွယ်။ သေမင်းကလည်း အကောင်းကြိုက်လိုက်တာလို့ မြနှင်းဆီ ရင်နာနာနဲ့ ပြစ်တင်မိတယ်။ မောင့်လို လူတော်လူကောင်းကိုမှ၊ အလုပ်တာဝန်ချိန် အတွင်းမှာ တမင်တကာ ရွေးခေါ်တတ်လှတယ်။ မိဘကို စိတ်ဆင်းရဲအောင် အမျိုးမျိုးလုပ်၊ မိန်းမကို ညှင်းပန်းနှိပ်စက် အမိုက်ဇာတ်ခင်းနေတဲ့ လူညစ်လူဆိုးတွေကိုကျတော့ သေမင်းက မကြိုက်၊ မခေါ်ဘူး၊ လက်ပိုက်ကြည့်နေ တယ်။ လွှတ်ထားတယ်။ လူ့လောကမှာ စိတ်ကြိုက်သောင်းကျန်းကြ စမ်းပေါ့။ ဘယ်လောက်ရင်နာစရာ ကောင်းလဲ၊ ကားတစ်စီးလုံးလိုက်ပါလာတဲ့ ခရီးသည်အများအပြားထဲက မောင်တစ်ယောက်တည်းပဲ ဒီလို မျက်စိအောက် ကနေ ရုတ်တရက်ကြီး ပျောက်ပျက်ကြွေလွင့်သွားရရှာတယ်လို့၊ ဘယ်လောက်တောင်မှ သွေးပျက်ချင်စရာကောင်းတဲ့ အဖြစ်ဆိုးကြီးပါလိမ့်။ မဖြစ်သေးဘူး။ မြနှင်းဆီ သွေးပျက်နေလို့မဖြစ်သေးဘူး။ သားလေးအတွက် မြနှင်းဆီက မာကျောရဖို့ လိုသေးတယ်။ ဒါပေမဲ့ သားက မြနှင်းဆီ ထင်တာထက် ပိုပြီးမာကျောကြံ့ခိုင်ခဲ့ပါတယ်။

တစ်ခါတစ်ခါ မြနှင်းဆီ ရှေ့ရေးကို တွေးလို့ ငေးငိုင်နေမိရင် သူမကြိုက်ချင်ဘူး။ အနားကို လှစ်ခနဲလာကပ်ပြီး မြနှင်းဆီဝတ်ထားတဲ့ လုံချည်ကို စေ့စေ့စပ်စပ် ကြည့်ဟန်ပြတယ်။ ပြီး နှုတ်ကလည်း “မေမေ့ ဒီလုံချည်လေးနဲ့ မေမေနဲ့ အရမ်းလိုက်တာပဲ၊ ဒါဘာအသားလေးလဲ၊ မေမေ နောက်ကို ဒါမျိုးလေးတွေပဲဝတ်၊ အရမ်းလှတယ်” လို့ စကားတွေ ဖောင်နေ အောင် လာပြောတော့တယ်။ ဒါလေးလား ဒါ သားအဖေ တမူးသွားတုန်းက ၀ယ်ခဲ့ပေးတာလေ၊ အိန္ဒိယအစလေး..ဒါကိုတော့ မြနှင်းဆီ ထုတ်ဖော် ပြောမပြဖြစ်တော့ပါဘူး။ သားက မတွေးစေချင်လို့ စကားလွှဲနေတဲ့ဟာ။

တစ်ခါတစ်ခါကျတော့လည်း နောက်ကျောကနေ သိမ်းကျုံး လာဖက်ပြီး “မေမေ ဘာစဉ်းစားနေတာလဲ”ဆိုပြီး တိုးတိုးလေး လာမေး တတ်တယ်။ အဲသည်အခါမျိုးမှာ မြနှင်းဆီ မျက်နှာကို အလန်းဆုံး အရွှင်ဆုံး ပုံစံဖမ်းပြီး ကပျာကယာဖြေရပါသေးတယ်။ “ဒီညနေ မေမေဘာစားရင် ကောင်းမလဲလို့ စဉ်းစားနေတာသား”ဆိုတော့ သားမျက်နှာလည်းလန်းရွှင်သွား တယ်။ “မေမေ ကြေးအိုးစားမလား၊ နံရိုးပေါင်းဆီချက်စားမလား သားသွား ၀ယ်ပေးမယ်”လို့ ပြောတော့တာပေါ့။ “ကောင်းတယ်ကောင်းတယ်၊ ဆိုင်မှာပဲ သွားစားရအောင်၊ ၀ယ်မနေနဲ့”ဆိုပြီး သားရဲ့ဆိုင်ကယ်နောက်ကနေ မြနှင်းဆီကထိုင်လိုက်ပြီး မြို့ထဲသွားစားကြတယ်။

သည်လိုပဲ သည်လိုနဲ့ပဲ မုဆိုးမဘ၀မှာ မြနှင်းဆီ အကောင်းဆုံးကို မျှော်လင့်လို့ ရှေ့ဆက်သွားရမှာပဲ ပေါ့။ မြနှင်းဆီအဖြစ်ကို ညီမ မြခွာညိုကတော့ ရယ်မှာပဲ။ သူက မြနှင်းဆီထက် အများကြီးစောပြီး မုဆိုးမဖြစ်ခဲ့တာလေ။ မြနှင်းဆီမှာမှ အခု သားလေး အဖော်ရှိသေးတယ်။ ညီမ မြခွာညိုမှာက ဘာမှ မရှိဘူး။ ဒါပေမဲ့ အခုလည်း သူ့ဘ၀က ကျောင်းဆရာမ ဂုဏ်ပုဒ်လေးနဲ့ လှပတင့်တယ်နေတာပါပဲ။ မုဆိုးမဆိုတဲ့ အချက်လေးက လွဲရင်ပေါ့။ မြနှင်းဆီရော ညီမ မြခွာညိုရော ကိုယ့်ဘ၀ကိုယ် ရှင်သန်အောင် တည်ဆောက် သွားနိုင်ပါတယ်။ ပူစရာမရှိပါဘူး။ မောင့်ကို သတိရခြင်းတွေဟာလည်း အချိန်ကြာလာတာနဲ့အမျှ အနည်ထိုင်သွားကြမှာပါ။

တစ်ခုပဲ မြနှင်းဆီ စိတ်ထိခိုက်မိတာ။ ဘာလို့များ ဖေဖေ့မှာ သမီးမုဆိုးမ နှစ်ယောက်တောင် ရှိသွားတာပါလိမ့်။

xxxxx

အပိုင်း(၂)
မုဆိုးမ“တစ်” 

“အမလေး မေမေ မေမေ သေပါပြီ၊ ဖိုးဖိုးရေ လာပါဦးလာပါဦး မေမေသေပါပြီ...အီး...”

ပုံလျက်လဲကျနေတဲ့ မြခွာညိုကို သားလေးက အတင်းဝင်ပွေ့ပြီး အော်ဟစ်နေတယ်။ နားထင်စပ်မှာ စပ်ဖျဉ်းဖျဉ်း စေးကပ်ကပ်နဲ့ သွေးတွေလား၊ ဟင့်အင်း မြခွာညို မမှုအားဘူး။ တုန်လှုပ်ကြောက်ရွံ့နေတဲ့ သားလေးကို တင်းတင်းလေးပြန်ဖက်ပြီး ပြန်အားပေးနေရတယ်။

“သား မေမေဘာမှမဖြစ်ဘူးသား၊ သားမအော်နဲ့၊ ဖိုးဖိုးကြားသွား မယ်”

သားလေးကို ကျိတ်ပြီးပြောနေတဲ့ကြားက သားရဲ့အဖိုး၊ မြခွာညိုရဲ့ ဖေဖေက အပြေးအလွှားနဲ့ အနားကို ရောက်နေခဲ့ပါပြီ။ အခါခါဖြစ်ဖူးတဲ့ အဖြစ်အပျက်က သည်နေ့တော့ ကံဆိုးမိုးမှောင်ကျဖို့ အချိန်ကျရောက်လာလို့ ထင်ပါရဲ့၊ မူးတိုင်း ရန်ရှာပြဿနာလုပ်တတ်တဲ့ လင်ယောက်ျားဆိုးဆိုးရဲ့ တဖားဖားဇနီးမယားဘ၀ သရုပ်သကန် အစစ်အမှန်ကို ဖေဖေ မျက်ဝါးထင် ထင် မြင်တွေ့ခဲ့ပါပြီ။ ဖေဖေ့ရဲ့မီးတောက်မျက်လုံးတွေက သားမက်ဖြစ်သူကို ပြာကျမသွားစေခဲ့ပါဘူး။ သူ့ဘာသာသူပဲ သူကြိုက်တဲ့အရက်နဲ့ တငွေ့ငွေ့ လောင်မြိုက်နေခဲ့တာ။ သားလေးက သူ့အဖေကို စိန်းစိန်းကြီးကြည့်နေတယ်၊ နောက်တစ်ခါ ဘယ်တော့မှ ကျွန်တော့်အနားမကပ်နဲ့လို့ အဓိပ်္ပာယ်ရတဲ့ ထာဝရအမြဲစိမ်းသွားမယ့် အကြည့်စိန်းစိန်းတွေဖြစ်တယ်လို့ မြခွာညိုသိလိုက် တယ်။ မြခွာညိုကိုယ်တိုင်လည်း စိမ်းချင်ခဲ့ပြီပဲ။

သမီးနဲ့မြေးကို ဖေဖေက သူ့ရဲ့ သန်မာဆဲလက်နှစ်ဖက်နဲ့မြဲနေ အောင် ဆွဲခေါ်ခဲ့ပြီး သူ့အိမ်မှာပဲ နေစေခဲ့တော့တယ်။ သူ့ခြံရဲ့ခေါင်းရင်းဘက် မှာရှိတဲ့ သူအမွေပေးထားတဲ့ အဲသည်အိမ်လေးဆီကို သူ့သမီးကို ဘယ်တော့မှ ပေးမသွားတော့ပါဘူး။ မြခွာညိုကိုယ်တိုင်ကလည်း မသွားချင်တော့ဘူး။ သားလေးကလည်း မသွားချင်တော့ဘူး။ အားလုံး စိတ်သဘော တညီ တညွှတ်တည်းနဲ့ပဲ ဖြတ်တောက်လိုက်ကြတယ်။ နာကျင်ခြင်းတွေရဲ့ လှုံ့ဆော်မှုကြောင့် မမြင်မတွေ့မကြားမသိရလေအောင် မြင့်မားတဲ့တံတိုင်းတစ်ခု နေ့ချင်းပြီး ကာရံတားဆီးပစ်လိုက်တယ်။ ချစ်ခြင်းမေတ်္တာကို အခြေမခံဘဲ မျက်လုံးအကြည့်တစ်ချက်နဲ့ အကြိုက်ကို ဦးစားပေးရွေးချယ်ခဲ့တဲ့ အိမ်ထောင် တစ်ခုဟာ သည်လိုပဲ အဆုံးသတ်ရစမြဲပဲလား၊ မြခွာညိုမစဉ်းစားချင် တော့ဘူး။ လောလောဆယ်တော့ နောက်နောင်မပတ်သက်ဖို့ တစ်သက်စာ ကင်းပြတ်ခွင့် စာရွက်တွေနဲ့အတူ ဖေဖေအမွေပေးတဲ့အိမ်လေးက မတရား မမျှတစွာနဲ့ပဲ အစတေးခံလိုက်ရပြီ။

ဒါကို မြခွာညို ၀မ်းမနည်းပါဘူး။ မြခွာညို ဘ၀မှာ အစားထိုးမရတဲ့ ဆုံးရှုံးမှုက အဲသည်နောက်မှာ ဖြစ်ပျက်ခဲ့တာ။ အခုမှ မြခွာညိုသွေးပျက်ရပါပြီ။ မြခွာညိုရဲ့တစ်ခုတည်းသောအသည်းနှလုံး သားလေး ညီမင်းညိုဟာ အသည်း ရောင်အသားဝါနဲ့ ၉နှစ်အရွယ်၊ တတိယတန်းမှာပဲ မြခွာညိုကို တစ်ယောက် တည်း ချန်ထားရစ်ခဲ့ပါပြီ။ ရှေ့ဆင့်နောက်ဆင့်ပဲ အိမ်တစ်လုံးထဲမှာ တစ်ဦး တည်း စိတ်ထင်ရာစိုင်းနေသူ၊ ဆေးခွင့်မအောင်မြင်လို့ သင်္ဘော တက်ခွင့်မရ တော့တဲ့ သင်္ဘောသား ဖေဖေ့သားမက် အရက်ချိုးကြီးဟာလည်း သန်းကောင် ည တစ်ညမှာ သူ့အိမ်ထဲမှာ စန့်စန့်တောင့်တောင့်ကြီး အသက်ပျောက်သွား ခဲ့ပါပြီ။ နာရီပေါင်းများစွာ စန့်ရန့်တင်းတောင့်နေတဲ့ သက်မဲ့ခန်္ဓာတစ်ခုကို နံနက်မိုးလင်းချိန်ကျမှ ပြတင်းတံခါးကနေ လူတွေ မြင်တွေ့သိရှိခဲ့ကြသတဲ့။ သားလေးအတွက် အဆုံးစွန်ထိ ကြေကွဲလောင်မြိုက် ခဲ့ပြီးသား မြခွာညိုက တော့ သည်သတင်းကြောင့် ထူးပြီးကြေကွဲနေစရာ အကြောင်းမရှိခဲ့ပါဘူး။ မြခွာညိုတွေးနေတာက ဂုဏ်သရေရှိ မိဘနှစ်ပါးကနေ ဆင်းသက်လာတဲ့ ပညာတတ် ရုပ်ချော မြခွာညိုဆိုတဲ့မိန်းမတစ်ယောက်ဟာ အသက် သုံးဆယ့် ငါး အရွယ်ကောင်းလေးမှာပဲ ပိုင်ဆိုင်မှုတွေက ကသောင်းကနင်း မွကြေ ဆုံးရှုံးခဲ့ရပြီ။ တစ်ခုလပ်လား၊ မုဆိုးမလား ကိုယ့်ကိုယ်ကိုယ် ဘယ်လို သမုတ်ရမှန်းတောင် မသိတော့တဲ့ဘ၀ပါ။ သေချာတာက သားလည်းသေ၊ လင်လည်းသေ ဘာမှမကျန်တော့တဲ့ မိန်းမ ဖြစ်သွားပြီဆိုတာပါပဲ။ ဒါပေမဲ့ မြခွာညိုဆိုတာက စိတ်ဓာတ်မာကျောကြံ့ခိုင်တဲ့မိန်းမဖြစ်လေတော့ သည် အဆိုးအပျက်တွေကြားထဲကနေ ဘယ်လို ရုန်းထွက်ရှင်သန်ရမယ်ဆိုတာ ကောင်းကောင်းသိပါတယ်။ ကိုယ့်အတွက်ကိုယ်တော့ မြခွာညို မပူလှပါဘူး။ တစ်ခုပဲ...တစ်ခုပါပဲ။ ငယ်ငယ်ကတည်းက မိတဆိုးသမီးသုံးယောက်ကို မိခင်လိုတစ်မျိုး၊ ဖခင်လိုတစ်ဖုံ ကောင်းစွာသွန်သင် လမ်းပြကြီးပြင်းစေခဲ့တဲ့ ဖေဖေ့အတွက် ဖေဖေ့နေရာကနေ စဉ်းစားပြီး ၀မ်းနည်းမဆုံးဖြစ်နေမိတာ။ ဖေဖေ့အတွက် သမီးသုံးယောက်မှာ မြခွာညိုက အကောင်းဆုံးတွေ ပေးနိုင်တဲ့သမီးမဟုတ်တော့တာကိုပဲ တွေးပြီး ရင်နာမိတာပါ။ တကယ်ဆိုရင် မြခွာညိုမှာ ချစ်သူရှိခဲ့ပါတယ် ဖေဖေ။ မြခွာညိုရဲ့လူက ဆေးကျောင်းသားပညာတတ်ချစ်သူဆိုပေမဲ့ မောင်နှမသားချင်းကများ၊ မိဘက ငွေကြေးမတောင့်တင်း၊ သာမန်လူတန်းစား သည်ချစ်သူကို လက်တွဲခဲ့ရင် ဖေဖေ့အတွက် မြခွာညိုရဲ့ လုပ်ရပ်က အကောင်းဆုံးဖြစ်စေနိုင်ပါ့မလား။ စိုးရိမ်စိတ်တွေလွန်ကဲပြီး စီးပွားဥစ္စာတောင့်တင်း၊ တစ်ဦးတည်းသောသား၊ ကိုယ်ပိုင်ဝင်ငွေ အခိုင်အမာ ရှိပြီးသား သင်္ဘောသားယောက်ျားကို အဖော်ပြုတာက ဖေဖေ့အတွက် အကောင်းဆုံးတွေ လျင်လျင်မြန်မြန်ပေးနိုင်မှာပဲလို့ ယုံကြည်သွားမိလို့ပါ။ ဘယ်မိဘမဆို သားသမီးတွေရဲ့ အကောင်းဆုံးတွေကို ရှာကြံပြီး ကြွားလုံးထုတ်ချင်မှာပေါ့။ သမီးလတ်က လင်သေ၊ သားသေ မုဆိုးမ ဆိုတာ လူကြားထဲ ကြွားလုံးထုတ်လို့မှ မကောင်းတာ၊ ဒါကိုပဲ မြခွာညိုက ဖေဖေ့အတွက် စိတ်မကောင်းဖြစ်နေမိတာ။

xxxxx

အပိုင်း(၃)
တတိယ ------- 

“မင်းတို့ကို အဲဒါကြောင့် စိတ်ပျက်တာ၊ ငါမရှိလည်း အစီအစဉ်ကို ဖြစ်အောင် လုပ်ရမှာပေါ့၊ နေရာတိုင်း ငါ့ကို အားကိုးမနေနဲ့။ ငါက...”

“အို အဲဒီလိုမပြောနဲ့လေ အစ်ကို၊ သူတို့လည်း အစ်ကို့ကို ဒီအစီအစဉ်မှာ ပါဝင်စေချင်လို့ စောင့်ကြရင်းနဲ့ လွဲချော်ကုန်တာပါ၊ ဒေါသ တွေမထွက်စမ်းပါနဲ့လားရှင်၊ ကြာဖြူ ၀မ်းနည်းလွန်းလို့”

ဒေါသတွေ ထွက်နေတဲ့ ခင်ပွန်းသည်ကိုကြည့်ရင်း မြကြာဖြူ ၀မ်းနည်းလိုက်တာ၊ ဘယ်လို ဖြေသိမ့်ပေးရမှန်းမသိတော့ပါဘူး။ အစ်ကို တစ်ယောက်ဟာ ခုတလော ဒေါသတွေပိုပိုထွက်လာတယ်။ မြကြာဖြူ မီးဖိုခန်းထဲသွားပြီး လိမေ်္မ်ာဆီနည်းနည်းကို ရေအေးအေးလေးနဲ့ဖျော် သံပရာ သီးလေးနည်းနည်းညှစ်ပြီးယူလာခဲ့တယ်။ ဒီအချိုရည်လေးသောက်လိုက်ရင် အစ်ကို စိတ်ကြည်သွားမယ်ထင်ပါရဲ့။

“အစ်ကို လိမ္မော်ရည်လေးသောက်လိုက်ပါလားရှင်..”

“သွားစမ်း အပိုအလုပ်တွေ”

“ခွမ်းချလွမ်း”

လိမေ်္မ်ာရည်အအေးဖန်ခွက်လေးကို ခင်ပွန်းသည်က လက်ပြန်ရိုက်ခွဲ လိုက်တာ။ ကွဲအက်သွားတဲ့ ဖန်ခွက်လေးက အစားပြန်ရနိုင်ပါတယ်။ အစ်ကို့ ရဲ့စိတ်ဓာတ်တွေကို အစားပြန်မရနိုင်တော့ဘူး။ သည် ၀မ်းနည်းစရာကောင်းတဲ့ အတွေးက မြကြာဖြူဦးခေါင်းထဲမှာ မနိုင်ဝန်ထမ်းရွက်ထားရသလို လေးလံလှရဲ့။ ပြီးတော့ နာကျင်လှရဲ့။

“ပြောစမ်း ကြာဖြူ၊ ဒီလိမ္မော်ရည်က ငါ့အသက်ကို တစ်ရက်ပို ရှည်စေမှာလား ၊ ဒါဆို ငါအခု မော့သောက်မယ်”

“အစ်ကိုရယ်...”

ကြမ်းပြင်ပေါ်မှာ ဒူးညွှတ်ကွေးထိုင်ပြီး မျက်နှာကိုဒူးနှစ်ဖက်ကြား ၀ှက်လို့ မြကြာဖြူ တုန်လှုပ်စွာငိုကြွေးမိပါတော့တယ်။ ဟုတ်တယ်လေ။ ဘာမှ မှမတတ်နိုင်တော့တာ။ တစ်ရက်ပြီး တစ်ရက် ပိုပိုဒေါသထွက်လာ တတ်တဲ့ အစ်ကို့ကို မြကြာဖြူ ဘယ်လို နှစ်သိမ့်ရမယ်မှန်း မသိတော့ ပါဘူး။ အစ်ကို့နေရာမှာ တခြားလူတစ်ယောက် ဆိုရင်ကော ဒီလိုပဲ ဖြစ်ပျက် မှာလား၊ မြကြာဖြူဆိုရင်ကော.....။

အိမ်အကူကလေးမလေး မီးငယ်က ဖန်ခွက်အကွဲအစအနတွေကို ကောက်သိမ်း၊ အ၀တ်နဲ့ကြမ်းပြင်ကို ပွတ်တိုက်နေတယ်။ မြကြာဖြူ အစ်ကို့ ကို အသာခိုးကြည့်လိုက်တော့ အစ်ကိုက ပြတင်းကနေ အပြင်ဘက်ကို ငေးနေတယ်။ သူ လမ်းလျှောက်ထွက်ဖို့ စိတ်ကူးများရှိမလားပဲ။ ထိုင်ရာကနေ လှပ်ခနဲ ထပြီး အစ်ကို့လက်မောင်း ကို အသာလေးဆုပ်ကိုင်ရင်း မြကြဖြူ ညင်သာစွာပြောလိုက်ပါတယ်။

“အစ်ကို နေအေးသွားပြီ၊ လမ်းလျှောက်ထွက်ကြရင်ကောင်း မလား”

“မင်းတစ်ယောက်တည်း သွားလျှောက်...”

“အို အစ်ကိုရယ်..”

ရုတ်တရက်ကြည့်ရင် လင်ယောက်ျားက ဇနီးမယားကို တစ်ဖက် သတ် ရန်လုပ်ဒေါသထွက်ပြီး ပြဿနာ ရှာနေတယ်လို့ပဲ ပတ်ဝန်းကျင်က မြင်ကြမှာ။ အမှန်တော့ သည်လိုမဟုတ်ပါဘူးရှင်။ မြကြာဖြူကတော့ အစ်ကို့ကို ရင်ထဲ အသည်းထဲကနေ လှိုက်လှိုက်လှဲလှဲ နားလည်ပါတယ်။ သည်ဒေါသစိတ်တွေ အစ်ကိုလည်း မထွက်ချင်ဘူးဆိုတာ မြကြာဖြူ ကောင်းကောင်းသိတာ ပေါ့။ ဘ၀မှာလုပ်ချင်တာတွေ နောက်ထပ် မလုပ်ရတော့ဘူး၊ မကြာခင် အားလုံးကို ချန်ရစ်ပြီး သည်လောက ကနေ ထွက်သွားရတော့မယ်လို့ ကြိုတင်သိနေတဲ့ လူတစ်ယောက်ရဲ့ ရင်တွင်းခံစားချက်ကို မြကြာဖြူကောင်း ကောင်းနားလည်တာပေါ့။ ဒါပေမဲ့ အဲသည်လို ဒေါသထွက်နေတော့ ပိုဆိုးမှာ ပေါ့အစ်ကိုရယ်။ မြကြာဖြူ ဘာလုပ်ပေးရပါ့မလဲရှင်။

ဖုန်းမြည်သံကြားလို့ မြကြာဖြူသွားကိုင်လိုက်တယ်။

“ဟယ်လို”

အစ်မလတ် မြခွာညိုဆီကဖုန်းပါ။

“နေကောင်းကြလား”

အစ်မ မြခွာညိုက ဖုန်းခေါ်တိုင်း နေကောင်းကြလားလို့ အမြဲ နှုတ်ဆက်မေးနေကျပါ။ မြကြာဖြူတစ်ယောက်တည်းကို ကွက်မမေးဘူး။

“ဟုတ်ကဲ့ ကောင်းပါတယ်” လို့ဖြေတာတောင် သူဘ၀င်မကျ သေးဘူး။

“ညီမရဲ့ခင်ပွန်းကော...”

အဲသည်လို ထပ်ထပ်မေးတတ်တယ်။ မြကြာဖြူက အဖြစ်မှန် တွေကို အစ်မတွေကို ပြောပြမထားပါဘူး။ လက်ရှိအခြေအနေ တစ်စုံတစ်ရာ ဘာမှ သိမထားတဲ့ အစ်မမြခွာညိုက ဘယ်သဘောနဲ့ အစ်ကို နေကောင်း မကောင်းကို ဦးစားပေး မေးမေးနေတာပါလိမ့်။ သူ့ရင်ထဲ သူ့ကိုယ်သူထက် မြကြာဖြူရဲ့ ခင်ပွန်းတစ်ခုခုဖြစ်မှာကို ကြိုတင်တွေးပူနေပုံပဲ။ မုဆိုးမ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သူရယ်၊ အစ်မကြီး မြနှင်းဆီ ရယ်နဲ့ပဲ လုံလောက်နေပါပြီ လို့ ကောက်ချက်ထုတ်ချင်သေးတာ။ အငယ်ဆုံးညီမ မြကြာဖြူကို သူတို့ရဲ့ အုပ်စု အဲသည် ခေါင်းစဉ်အောက်ထဲ ၀င်မလာစေချင်ဘူးဖြစ်မှာပေါ့။ မြကြာဖြူ စိတ်မကောင်းပါဘူး။

“ဟင် မင်းရဲ့ခင်ပွန်းကော နေကောင်းရဲ့လား...လို့ မေးနေ တယ်လေ...”

“အို အင်းအင်း ဟုတ် ကောင်းပါတယ်”

“အေးအေး ကောင်းရင်လည်းပြီးရော ဒါပဲ၊ တခြားအကြောင်း ထူးမရှိပါဘူး၊ နေကောင်းအောင် ဂရုစိုက်ကြ”

နေကောင်းလားလို့ စမေးတယ်၊ နေကောင်းအောင် နေကြလို့ ပြောမယ် ပြီး ဖုန်းချသွားမယ်၊ အဲဒါ အစ်မလတ် မြခွာညိုရဲ့ တစ်ပတ်တစ်ကြိမ် လုပ်နေကျ အလုပ်တစ်ခုပါ။

အစ်ကိုဘယ်ရောက်သွားပါလိမ့်...။ ဟိုဟိုသည်သည် ဝေ့ကြည့် လိုက်တဲ့ မြကြာဖြူကို မီးငယ်က တိုးတိုးလေးလာပြောပြတယ်။

“ဆရာ အခန်းထဲမှာ အိပ်ပျော်နေပြီ” တဲ့။ မြကြာဖြူသိတာပေါ့။ အဲဒါ အစ်ကိုအိပ်ချင်ယောင်ဆောင် နေတာပါ။ သည်လိုပဲ ဒေါသတွေ ထွက်မယ်၊ ၀ုန်းဒိုင်းကြဲမယ်၊ ပြီး အိပ်ချင်ယောင်ဆောင်မယ်။ မြကြာဖြူ တစ်ဖက်ကလည်း တွေးမိပါတယ်။ အစ်ကို့ရဲ့ဒေါသစိတ်တွေက အတု အယောင်တွေများ ဖြစ်မလားပဲ။ ငါ့ကို တစ်ချိန်လုံး ဒေါသနဲ့ဆက်ဆံတဲ့ ရန်ပြုတတ်တဲ့ ယောက်ျားဆိုပြီး သူ့အပေါ် မြကြာဖြူအချစ်လျော့အောင် တမင်လုပ်နေတာပါ။ အချစ်တွေလျော့ပါးပြီး သံယောဇဉ်တွေပါ နည်းပါး ကုန်ခန်းသွားအောင် အစ်ကို တမင်လုပ်နေတာ၊ ဟုတ်တယ်မို့လား။ ချစ်နေ သံယောဇဉ်တွယ်နေရင် ခွဲရခက်မှာစိုးလို့လေ။ အစ်ကိုရယ်...မြကြာဖြူ အစ်ကို ဘယ်လိုပဲ ဆက်ဆံဆက်ဆံ အစ်ကို့စိတ်ရင်းအမှန်ကို သိနေတော့ ဘယ်လို မှ အချစ်မပြယ်နိုင်ပါဘူးရှင်။

မြကြာဖြူတို့ညီအစ်မသုံးယောက်မှာ မြကြာဖြူက အစ်မလတ် မြခွာညိုနဲ့ ပိုပြီး အနေနီးတယ်ဆိုရမှာပါ။ သိပြီးသား သူ့ဘ၀ကို ထပ်ကာ တလဲလဲ ချချပြရင်း သူ့လိုမဖြစ်အောင် နေဖို့၊ ဖြစ်နိုင်ရင် အရက်သေစာ သောက်စားမူးယစ်တဲ့ ယောက်ျားဆို ဝေးဝေးကရှောင်ဖို့ စေတနာစကား နေ့စဉ်ပါးခဲ့ဖူးတယ်။ မြကြာဖြူက ဘာပြန်ပြီး စောဒကတက်သလဲ သိလား။

“အရက်၊ လောင်းကစားမှု၊ မိန်းမ ဒီသုံးမျိုးမှာ ယောက်ျားတွေ တစ်ခုမဟုတ်တစ်ခုတော့ ခုံမင်ကြတာချည်းပဲတဲ့ မမခွာညိုရဲ့၊ ဒါဖြင့် ညီမက အရက်သောက်တဲ့ယောက်ျားကို ရှောင်ပြီဆိုပါတော့၊ လောင်းကစားခုံမင်တဲ့ ယောက်ျားကို ရွေးရမလား၊ ဒါမှမဟုတ် မြာပွေတဲ့ယောက်ျားကို ရွေးရမလား၊ ဟင်..ပြောပါဦး”

သည်တော့လည်း မမမြခွာညိုက နှုတ်ဆိတ်သွားခဲ့ဖူးတယ်။ ဘယ်ယောက်ျားကိုရွေးခိုင်းရပါ့လို့ စဉ်းစားနေတာဖြစ်မှာပေါ့။ မြကြာဖြူက တော့ အဲသည်ကတည်းက သနိဌာန်ချထားခဲ့တာ။ အရက်သောက်တဲ့ ယောက်ျား လည်း ရှောင်ချင်ပါတယ်၊ လောင်းကစားခုံမင်တဲ့ယောက်ျားလည်း မလိုချင်ပါဘူး။ မိန်းမပွေတဲ့ယောက်ျားတော့ ပိုဆိုးသေးတော့...။ ဒါနဲ့ပဲ နောက်ဆုံးမှာ သည်သုံးမျိုးစလုံးနဲ့ လုံးဝကင်းရှင်းတဲ့ လူတစ်ယောက်ကို ရွေးထုတ်နိုင်ခဲ့တာပေါ့။ ဟုတ်ပါတယ်။

ရှပ်အင်္ကျီအဖြူနဲ့ ကချင်ပုဆိုးလေးသာ အမြဲဝတ်ဆင်လေ့ရှိတဲ့ အစ်ကိုက ကျမ်းစာသင်တန်းကျောင်းကဆင်းလာသူဖြစ်ပြီး နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းမှာ ဓမ္မဒေသနာတွေ တိုက်ကျွေးတဲ့ အသင်းအုပ်ဆရာတစ်ဦး ပေါ့။ ဓမ္မဆရာပီပီ ဆေးလိပ်မသောက်၊ အရက်မသောက်၊ ကွမ်းမစား၊ လောင်းကစားကင်း၊ မိန်းမဆိုတာ ဝေလာဝေး၊ သည်လောက် စိတ်ချ ရတဲ့သူ ဘယ်မှာရှိပါ့မလဲနော်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေနဲ့ သိမ်မွေ့စွာလူလားမြောက်လာခဲ့တဲ့ ကချင်တိုင်းရင်းသား ခရစ်ယာန်လူငယ် လေးတစ်ဦးပါ။ အားလုံးက ဆရာလို့ပဲ ခေါ်ကြတော့ မြကြာဖြူက အလိုလို ဆရာကတော်ပေါ့။ ဖြည်းညင်းသိမ်မွေ့စွာ ပြောဆိုနေထိုင်ပြုမူလေ့ရှိတဲ့ အစ်ကို့ကို ကြည့်ပြီး တစ်နေ့ သည်လို ဒေါသနဲ့ဆက်ဆံတတ်လိမ့်မယ်လို့ အိပ်မက်ထဲမှာတောင် မထင်ဝံ့ခဲ့တာပါ။

ဒေါသတွေရဲ့နောက်ကွယ်က တံခါးချပ်ကိုလှစ်ဟကြည့်ရင်တော့ သူ ဘာကြောင့် ဒေါသထွက်ရ တယ်ဆိုတာရယ်၊ အဲသည်လို ဒေါသ ထွက်နေတဲ့ ခင်ပွန်းသည်ကို မိန်းမဖြစ်သူက အပြစ်မယူဘဲ ဘာကြောင့် သည်းညည်းခံနိုင်ရတယ်ဆိုတာရယ် သိလာကြမှာပါ။

ကျမ်းစာသင်ကျောင်းမတက်ခင်က အစ်ကိုဟာ ဘုရားကျောင်းနဲ့ ဝေးဝေးမှာကျက်စားနေတတ်တဲ့ သိုးမည်းလေးတစ်ကောင်ပေါ့။ ဘုရားနဲ့ဝေး ချိန် အမှောင်ကာလတွေမှာ အစ်ကိုဟာ မူးယစ်ဆေးဝါးရဲ့ကျေးကျွန် ဖြစ်ခဲ့ဖူး သတဲ့။ မူးယစ်ထုံထိုင်းစေတဲ့ဆေးတွေကို ဆေးထိုးအပ်တစ်ချောင်းတည်း ဘ၀တူဘော်ဒါတွေနဲ့ ဝေမျှသုံးစွဲခဲ့ဖူးတယ်တဲ့။ နောက်တော့ သည်နွံထဲကနေ အပြီးတိုင်ရုန်းထွက်နိုင်ခဲ့ပြီး ဘ၀ကိုစည်းနဲ့ကမ်းနဲ့ ထိန်းချုပ်နေထိုင်ဖို့၊ အဓိပ်္ပာယ်ရှိဖို့ ကျမ်းစာသင်ကျောင်းတက်ပြီး ဓမ်္မပညာဆည်းပူးလေ့လာခဲ့ တယ်။ အခု အသင်းအုပ်ဆရာဘ၀မှာ မြကြာဖြူနဲ့ နှစ်ကိုယ်တူဘ၀ တည်ငြိမ်စွာ ထူထောင်လေကာမှ ဆယ်ကျော်သက်အရွယ်ကမူးယစ်နွံမှာ တစ်ကြိမ်တစ်ခါသာ ကျွံခဲ့တဲ့ရလဒ်အဖြစ် အေ့ဒ်စ် ဆိုတဲ့ အမည်နာမအဆိုးနဲ့ ရောဂါက ဆယ်နှစ်အကြာမှာ ဦးမော့နှိပ်စက်လာခဲ့တယ်။ ဘာမှမတတ်နိုင် တဲ့ဘ၀အခြေအနေမှာ ဆရာဝန်တွေရဲ့ လမ်းညွှန်မှုနဲ့ ထိန်းချုပ်ဆေးဝါးတွေ စားသုံးနေခဲ့ရပါပြီ။ အစပိုင်းမှာ အားတက်သရောနဲ့လမ်းညွှန်ချက်အတိုင်း ထိန်းချုပ်ဆေးတွေ မှန်မှန်စားသုံး၊ မှန်မှန်အားဖြည့်ပြီး ပုံစံမပျက် နေထိုင် ခဲ့ပေမဲ့ အချိန်တွေကြာလာတာနဲ့အမျှ သူ့ရဲ့အချိန်တွေနည်းသထက် နည်းလာ ခဲ့ပြီမှန်း ရိပ်စားမိတဲ့ အစ်ကိုဟာ ဒေါသတွေသာ မထွက်စဖူး ထွက်လို့ လောကကြီးကို အပြစ်မြင်နေပါတော့တယ်။တရားဟော စင်မြင့်ထက်မှာ တရားဒေသနာ ဟောကြားဖို့ ကိုလည်း အစ်ကိုရှောင်ဖယ်လာတယ်။ အသင်းအဖွဲ့လိုက် လှုပ်ရှားရမယ့် ကိစ်္စတွေကိုလည်း ရှောင်ဖယ်လာတယ်။ ဆိုးတာက မြကြာဖြူကိုပါ ရှောင်ဖယ်ဖယ် လုပ်လာတာပါပဲ။

ခုဆိုရင် အိပ်ရာထက်မှာ လဲလျောင်းနေချိန်တွေ အစ်ကို့မှာ များပြားလာခဲ့ပါပြီ။ မြကြာဖြူ စိတ်တွေ ကယောက်ကရက်ဖြစ်ရတယ်။ မြကြာဖြူအတွက် ဖြစ်ရတာတော့မဟုတ်ပါဘူး။ လင်ယောက်ျားသေဆုံးပြီး နောက် မိန်းမတွေ ဘယ်လို အသက်ဆက်ရှင်သန်သွားနိုင်မလဲ ဆိုတဲ့ နည်းလမ်းတွေကို မမမြနှင်းဆီနဲ့ မမမြခွာညိုတို့က သူတို့ရဲ့ဘ၀နဲ့ရင်းလို့ ကောင်းကောင်းသင်ပြပေးခဲ့ပါပြီ။ တစ်ခုပဲ..မြကြာဖြူတစ်ခုပဲ စိတ်ထိခိုက်စွာ တွေးတွေးနေမိတာ။ ဖေဖေ့မှာ သမီးမုဆိုးမ နှစ်ယောက်နဲ့ ဘာလို့များ မလုံလောက်သေးတာ ပါလိမ့်လို့ပေါ့။ အဲသည်လို တွေးနေမိတုန်းမှာပဲ ခုတင် ပေါ်မှာလှဲနေတဲ့ အစ်ကိုက မြကြာဖြူကို သူ့အနားလာပါဦးတဲ့။ လက်ယပ် ခေါ်တယ်။ ခုတင်မှာ တင်ပလွှဲဝင်ထိုင်လိုက်တော့ မြကြာဖြူကို မော့ကြည့်ပြီး တိုးတိုးလေး လေသံနဲ့ အားယူပြောရှာတယ်။

“စိတ်မကောင်းပါဘူး။ မင့်အဖေ့မှာ မုဆိုးမ နှစ်ယောက်နဲ့ လုံလောက် သင့်ပြီလို့ ငါတော့ထင်တာပဲ။ ငါ မင်းအဖေကို တတိယမုဆိုးမ ဆိုတဲ့ လက်ဆောင်ကြီး တကယ်ပဲ မပေးခဲ့ချင်ပါဘူး၊ ဒါကိုပဲ ငါဒေါသထွက် နေမိတာ၊ မင်းသိလား”

မြကြာဖြူ ခေါင်းညိတ်ပြလိုက်သလားပဲ၊ ဟင့်အင်း..မသိဘူး။ မြကြာဖြူသိတာက သည်တစ်ညလည်း အစ်ကိုမသိအောင် တိတ်တဆိတ်လေး ဆုတောင်းငိုကြွေးရဦးမယ် ဆိုတာပါပဲ။

စုမီအောင်

No comments: