Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, May 18, 2013

Peacemaker ဘယ်ဆီမှာ

တစ်နေ့ညနေ အိမ်ပြန်လာချိန်မှာ ကျွန်မတို့ခြံဝင်းနောက်တန်းလျားမှာနေကြတဲ့ မိသားစုတွေထဲက လူတစ်ယောက် ခြံဝင်းရှေ့ နားက ရေမရှိတဲ့မြောင်းစပ်မှာ မူးမူးထွေထွေ လဲကျနေတာ ကျွန်မမြင်ခဲ့တယ်။ သူ့အနားမှာ သူ့မိသားစု ၀င်နှစ်ယောက် အိမ်ထဲရွှေ့ခေါ်ဖို့ လုပ်နေကြတယ်။ ခြံ(၁)၀င်းရဲ့နောက်တန်းလျားကို ဖျက်ပစ်ခိုင်း ထားတဲ့ကာလဆိုတော့ နေစရာအခက်အခဲတွေ့နေတဲ့ အချိန် အဲဒီမိ သားစုလေးတွေ တော်တော်စိတ်ရှုပ်နေမှာပဲလို့ ကျွန်မစာနာမိတယ်။ မိသားစုမှာ အခက်အခဲကြုံချိန်ဖြေရှင်းဖို့အားမထုတ်ဘဲ မူးအောင် သောက်ပြီး ခွေလဲကျနေတဲ့ အဲဒီလူကိုပဲ ကျွန်မစိတ်တိုမိတယ်။ အိမ်ပေါ်တက်လာတော့ အခန်းတံခါးဖွင့်ဝင်လိုက်တာနဲ့ ကျွန်မ မကြိုက်တဲ့ အနံ့တွေက ထောင်းထောင်းထလို့ ကျွန်မနှာဝကိုတိုးဝင်တယ်။ အိပ်ရာပေါ်မှာလဲခွေနေတဲ့လူတစ်ယောက်။ ကျွန်မရဲ့ခင်ပွန်းပါ။ သူ studio ကအပြန်မှာ အလွန်အကျွံသောက်လာခဲ့ပြီး မူးထွေလှဲအိပ်နေတာပါ။ မူးနေချိန်မှာ ယောက်ျားတွေကအတူတူပါပဲ။ စောစောကလူ နဲ့ ဘာမှ မကွာပါဘူး။ ကွာတာက နေရာပါ။ ကျွန်မခင်ပွန်းကတော့ သူ့အပြန်ကို ကားနဲ့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးသူရှိ လို့ နူးညံ့နွေးထွေးတဲ့ အိပ်ရာပေါ်ရောက်နေပြီး စောစောကလူကတော့ သူ့အပြန်ကို လိုက်တွဲပို့ပေးမယ့်သူမရှိလို့ မြောင်းအစပ် အေးစက်စက် မြေကြီးပြင်မှာ အိပ်နေရတာပါ။ ရုံးကအပြန် ကိုယ့်အကြောင်းနဲ့ကိုယ် စိတ်နောက်ကျိရတဲ့အထဲ မူးနေတဲ့လူနှစ်ယောက်ကို ရှေ့ဆင့် နောက်ဆင့်မြင်ရ တော့ ကျွန်မစိတ်တိုသွားတယ်။ ခါတိုင်းတော့ စိတ်တိုရင် တိတ်တိတ်လေး ကျမ်းစာဖတ်နေလိုက်တာပါ။ ခုနောက်ပိုင်း ကျမ်းစာအုပ်ကို မေ့တတ်ချင်လာတယ်။ ခံစားချက်တွေကို facebook နံရံပေါ်အလွယ်တကူ ဖွင့်ချချင်စိတ်က များလာတယ်။ အဲဒီ facebook ကပဲ ကိုယ့် ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် အရှင်သခင်ကြီးကျနေတာပဲ အားကိုးဖက်တွယ်ချင်စိတ် များနေတယ်။ 
အဲဒီနေ့ကလည်း တိုနေတဲ့စိတ်နဲ့ facebook နံရံပေါ်ရေးတင်မိတယ်။ 

“ဘာလို့များ စာတန်ရဲ့သေးရည်ကို လူယောက်ျားတွေ သောက်နေကြပါလိမ့်”

အဲဒီမှာပဲ commentတွေထုံးစံအတိုင်း လှိမ့်ဝင်လာတယ်။ အမျိုးသားလေးတွေက သူတို့ကြိုက်မက်စွာ သောက်နေကျဆို တော့ အလိုမကျတဲ့commentတွေ ပိုများတာပေါ့။ စာတန်ရဲ့သေးရည်`ဆိုတာကို အားလုံး မခံမရပ်နိုင်ဖြစ်ကုန်ကြတယ်။ အမှန်တော့ ကျွန်မက ဒီလောက်ထိမရည်ရွယ်ဘူး၊ စိန့်ဂျွန်းအသင်းချုပ်ဝင်းထဲမှာနေတုန်းက အဖီးဒါးဆိုတဲ့ကရင်သူနာပြုဆရာမကြီးပြောလေ့ရှိတာကို သွား သတိရလို့ပါ။ အဖီးဒါးက မူးတဲ့လူနာတွေကို ဆေးသွင်းပေးရတိုင်း ကရုဏာဒေါသောနဲ့ အင်း..စာတန်ရဲ့သေးရည်ကို များ ဒင်းတို့ဘာလို့ ကြိုက်နေပါလိမ့်´လို့ တတွတ်တွတ်ပြောတတ်တယ်။ အဲဒီစကားကို ကြားယောင်ပြီးစိတ်တိုတိုနဲ့ ကျွန်မ ရေးလိုက်တဲ့အခါ facebook ပေါ်ကအမျိုးသားလေးတွေ စွေ့စွေ့ခုန် စိတ်ဆိုးကုန်ကြတယ်။ အမျိုးသမီးလေးတွေကတော့ Like လုပ်ကြတာပေါ့။ အဲဒီမှာ တွေ့လိုက်ရ တာက စိတ်တိုတိုနဲ့ ရေးတင်လိုက်တဲ့စာကြောင်းအောက်မှာ ထပ်ဆင့်စိတ်တိုစရာ comment တွေ ၀င်လာတာပါပဲ။ ဘ၀င်မကျတာချင်း အတူတူ တချို့ကတော့ ထိန်းထိန်းသိမ်းသိမ်းရေးတယ်။ တချို့က ဆိုးဆိုးရွားရွားစကားလုံးတွေနဲ့ လူကိုပါ တုံ့ပြန်တိုက်ခိုက် ရေးကြတယ်။ တချို့က အလွယ်comment ရေးပြီး အလွယ်delete လုပ်ကြနဲ့ နံရံတွေ ရှုပ်ပွညစ်ပေကုန်တယ်။ 

အဲဒီမှာ ကျွန်မစဉ်းစားမိတာက peacemaker လိုတယ်ဆိုတာပါ။ စိတ်တိုနေတဲ့ ကျွန်မကို ထပ်ထပ်ပြီး စိတ်တို အေင် ဆွပေး တဲ့ comment အဆိုးတွေကြားထဲမှာ ကျွန်မကို ပြုံးမိစေတဲ့ comment လေးတစ်ခု တွေ့လိုက်ရတယ်။ အဲဒီ ပြုံးစေတဲ့ comment လေး ကို ရေးလာသူက ကျွန်မက ဆာမှိုင်းလို့ခေါ်တဲ့ ကဗျာဆရာ မှိုင်း(ဆေး -၂)ပါ။ သူရေးတာလေး က သိပ်ချစ်ဖို့ကောင်းတယ်။
“အော် ဒါကြောင့်လည်း ဆေးဖက်ဝင်နေတာကိုးး))” တဲ့။ 

ဆရာမှိုင်းရဲ့ မျက်နှာပြုံးပြုံးကြီးပါ တွဲမြင်လာပြီး ပြုံးမိရုံသာမက တိုနေတဲ့စိတ်တွေ အကုန်ပြေလျော့သွားခဲ့တယ်။ စိတ်တိုဒေါသ ထွက်နေတဲ့ လူတစ်ယောက်ကို ပြုံးစေတာ၊ ဒေါသတွေပြေပျောက်အောင် လုပ်ပေးနိုင်တာ ဒါ သူငြိမ်းချမ်းရေး တစ်ခုကို ဖော်ဆောင်လိုက် တာပါ။ သူဟာ peacemaker ပေါ့။ ပြုံးနေသူတစ်ယောက်ကို ရယ်အောင်လုပ်ဖို့လွယ်ပေမဲ့ စိတ်ဆိုးဒေါသထွက်နေသူတစ်ယောက်ကို ပြုံးရယ်အောင်လုပ်ဖို့က သိပ်ခက်တယ်။ သူတစ်ပါးရဲ့ခံစားချက်ကို နားလည် စာနာပေးတတ်တဲ့စိတ်နဲ့ သူတစ်ပါးအပေါ် အကောင်းမြင် တတ်တဲ့ စိတ်လေး သူ့အတွင်းသားမှာ အခြေခံကိန်းဝပ်နေမှသာ တစ်ဖက်သားကို ပြုံးရယ်လာအောင် လုပ်နိုင်မှာပါ။ 
Face book ကို ကျွန်မသဘောကျပါတယ်။ အတွေးအမြင်၊ စိတ်ကူးစိတ်သန်းတွေဆန့်ထွက်နိုင်ပြီး စိတ်ခွန်အား ရစေတဲ့ ကဗျာ တစ်ပုဒ်၊ စာတစ်ပုဒ်၊ ဓာတ်ပုံတစ်ပုံ၊ ပန်းချီကားတစ်ကား အမြဲလိုလို နံရံပေါ်မှာ တွေ့မြင်ရတတ်တယ်။ အစားအသောက်တစ်ခု၊ ဓာတ်ပုံ တစ်ပုံကပဲ postတင်သူအပေါ်မူတည်ပြီး အနုပညာမြောက်သွားတာတွေ ရှိတယ်။ Social Network ဆိုမှတော့ အကြောင်းအရာတစ်ခု နဲ့တစ်ခု၊ လူတစ်ဦးနဲ့တစ်ဦး အဆိုးအကောင်းတွေ အစီအစဉ်မကျ၊ အထားအသိုမရှိ ပြန့်ကြဲချိတ်ဆက်နေတဲ့ အရှုပ်အထွေး အစုအပုံကြီး ပေါ့။ ကိုယ့်ဝါသနာ ကိုယ့်စိတ်ဝင်စားမှုနဲ့ကိုယ် ရှင်သန်လှုပ်ခတ်ရင်း အသက်ဝင်နေတဲ့ကမ္ဘာတစ်ခုပေါ့။ ဒါပေမဲ့ အလွယ်ရေး၊ အလွယ် ကြိုက်၊ အလွယ်ဆုံးဖြတ်သူ မဖြစ်ရလေအောင် ကျွန်မတို့ ဆင်ခြင်ဖို့တော့ လိုမယ်။ တစ်ခါတုန်းက (ကြာပါပြီ)ဆရာမဂျူး ပြောခဲ့ဖူးတယ်။ သစ္စာနီ ဘာရေးရေးကြိုက်တယ်´တဲ့။ အခုအခါ သစ္စာနီဘာရေးရေး ကြိုက်သေးလားမေးရင် ဆရာမဂျူး မဖြေတော့ပါဘူး။ တစ်ယောက် ကတစ်ယောက်ကို ဘာလုပ်လုပ် အစဉ်အမြဲ လက်ခံ ကြိုက်နေဖို့ ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ 

တစ်လောက သရုပ်ဆောင်ထက်ထက်မိုးဦးရဲ့သမီးကို Like လုပ်ပေးဖို့ message တွေဆက်တိုက်ဝင်လာတယ်။ ကျွန်မ Like မလုပ်ခဲ့ဘူး။ ဘာရယ်မဟုတ်ဘူး၊ ပြိုင်ပွဲကို စိတ်မ၀င်စားလို့ပါ။ အားလုံးရဲ့အသံကိုတော့ comment တွေမှာ ဖတ်နေရတယ်။ တချို့က ထက်ထက်မိုးဦးကို ချစ်ပြီး ကြိုက်ပြီးသားမို့ သူ့သမီးကို Like လုပ်ကြတယ်။ တချို့က ထက်ထက်မိုးဦးက နိုင်ငံကျော်ပဲ၊ သူ့ကလေးပဲ အနိုင်ရမှာပဲ၊ ဒီတော့ အားနည်းတဲ့ ဘက်က ရပ်မယ်၊ ဘုံဘုံကို Like လုပ်တယ်တဲ့။ နောက်ဆုံးပေါ်ပြူလာ(စာပေအနုပညာဂျာနယ်)မှာ ပါလာတော့မှ စစ်လွန်းဝတီထက် က ထက်ထက်မိုးဦး သုံးနှစ်သမီးအရွယ်ကရုပ်နဲ့တစ်ပုံစံတည်းပဲ၊ တော်တော်ကြီးချစ်စရာကောင်းတာပဲ၊ ဆိုတာ ခုမှ စေ့စေ့ကြည့်မိတော့တယ်။ အနိုင်ရသင့်ပါတယ်။ 

ကျွန်မသဘောကိုပြောရရင် ကလေးချင်းတွေ ပြိုင်ပွဲလုပ်တာ သူတို့ရဲ့ ချစ်စရာ ရုပ်ရည်သွင်ပြင် မူရာဟန်ပန် သူတို့ရဲ့ image အစစ်ကိုပဲ မြင်အောင်ရှာကြည့်ပြီး ဆုံးဖြတ်ဖို့ကအဓိကပဲ။ ခုတော့ `ထင်သားပဲ၊ ထက်ထက်မိုးဦးကလေးပဲ ရမှာပါ´လို့ တချို့က ပြော နေကြတုန်း။ ထက်ထက်မိုဦးကလေးမို့ဆိုပြီး Like မလုပ်စေချင်သလို၊ အားနည်းလို့ သနားလို့ဆိုပြီး Like လုပ်တာလည်း မဖြစ်စေချင်ဘူး။ ကလေးတွေရဲ့ ပင်ကိုအရည်အသွေး ကလေးတွေရဲ့ကိုယ်ပိုင်image ကိုပဲ မြင်အောင်ကြည့်စေချင်တယ်။ 

xxxxx

ကျွန်မတို့ဟာ လူတစ်ယောက် ဘာလုပ်ခဲ့သလဲ၊ ဘာလုပ်နေလဲ သူ့ရဲ့လုပ်ရပ်နဲ့ သူ့ရဲ့image စစ်စစ်ကို မြင်အောင် ဖော်ကြည့် ပြီးမှ ကြိုက်၊ မကြိုက် ဆုံးဖြတ်ရမှာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်အောင်ဆန်းသမီးမို့ ဆိုပြီး အလွယ်ကြိုက်ခဲ့တဲ့သူတွေ၊ အခု သူတို့စိတ်ထဲမှာ တစ်မျိုးတစ်မည် ဖြစ်နေကြတယ်ထင်ရဲ့။ အသံဗလံတွေ ဟိုက သည်က ထွက်ပေါ်နေတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်မ ပြောချင်နေတဲ့စကားတွေကို ပေါ်ပြူလာ(စာပေအနုပညာ)ဂျာနယ် မတ် ၁၉ ရက်နေ့ထုတ်၊ အချပ်ပို D၊ ကော်လံ ၅ နဲ့ ၆ မှာ ထွန်းအိန္ဒြာဗိုပြောသွားတယ်။ ရှည်မှာစိုးလို့မရေးတော့ဘူး၊ ပေါ်ပြူလာမှာ ဖတ်ကြည့်ပါ။ ပြောမယ့်စကားလုံးသာကွဲပြားနိုင်တယ်။ သဘော တရားက ကျွန်မပြောချင်တာနဲ့ အတူတူပါပဲ။ သူ ဘာလုပ်တွေလုပ်ခဲ့သလဲ၊ ဘာတွေလုပ်နေသလဲ သူ့လုပ်ရပ်ကို မြင်အောင် ကြည့်ဖို့ပါ။ ကျွန်မကတော့ အမျိုးသမီးတစ်ဦးကို ဘယ်သူ့သမီး ဘယ်သူ့ဇနီး ဆိုတဲ့အရိပ်တွေနဲ့ စီးပိုး မကြည့်ဘဲ သူ့ရဲ့ image စစ်စစ်ကို မြင်အောင် ကြည့်စေချင်တယ်။ 

တစ်နှစ်က ကျွန်မတို့မိသားစု သံလွင်လမ်းက မိတ်ဆွေလူကြီးတစ်ဦးရဲ့အိမ်မှာ ခရစ်စမတ်ဘုရားရှိခိုးကြတော့ အဲဒီအိမ်ကို ဒေါ်အောင်ဆန်းစုကြည်လည်း လာခဲ့တယ်။ လွတ်မြောက်ခါစ ပထမဆုံးအနီးကပ်ဆုံခွင့်ရတဲ့ အခွင့်အရေးပါ။ ကျွန်မရဲ့ ယောက္ခမတွေဖြစ် တဲ့ Rev.Dr.A Ko Lay နဲ့ Daw Joan Ko Lay တို့နဲ့ တရင်းတနှီးစကားဆိုနေကြပေမဲ့ အလွယ်ရိုက်လို့ရတဲ့ ဓာတ်ပုံ တစ်ပုံတောင် ကျွန်မအတူ တွဲမရိုက်ခဲ့ပါဘူး။ သူ့ကိုတော့ ပြောပုံဆိုပုံ၊ လှုပ်ရှားပုံကအစ အသေး စိတ်လိုက် ကြည့်နေမိတယ်။ ခရစ်စမတ် သီချင်းတွေ ဂျပ်ဆင်လူငယ်အဖွဲ့နဲ့အတူ ဆိုချိန်မှာလည်း သီချင်းစာသားတွေ လွတ်ထွက်သွားတဲ့အထိ ကျွန်မ သူ့ကိုပဲ လိုက်ကြည့်နေမိတယ်။ ဆုတောင်းချိန်မှာလည်း အများနည်းတူ မျက်စိမှိတ်မထားဘဲ သူ့ကိုပဲ လိုက်ကြည့်ခဲ့တယ်။ အားလုံးအတူတကွ ဓမ္မတေးကို သီဆိုချိန်မှာ လည်း သီချင်းစာအုပ်ကို အကျအနကိုင်ပြီး သီချင်းစာသားတွေအပေါ် စီးမျောပြီး စိတ်နှလုံးနဲ့ သူဆိုတာတွေ့ခဲ့တယ်။ သီချင်းတစ်ပုဒ်ကို တောင် ပါးစပ်လှုပ်ရုံ၊ လူမြင်ကောင်းရုံ ဟန်ပြ သူ မဆိုခဲ့ဘူး။ အဆုံးတိုင် တည်ကြည်စွာလုပ်ဆောင်မယ့် စိတ်နှလုံးကို သူ့မျက်လုံးတွေ ထဲမှာ ကျွန်မ ကောင်းစွာဖမ်းဆုပ်မြင်ခဲ့တယ်။ 

ခက်တာက လူတွေဟာ အပြင်မှာရော၊ face book မှာရော အလွယ်ပြော၊ အလွယ်လုပ်နေကြတယ်။ အလွယ် status ရေး၊ အလွယ် Like လုပ်၊ အလွယ် comment ပေးရင်း စိတ်အခန့်မသင့်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် အလွယ်blockလိုက်ကြပြန် တယ်။ ဒီလိုနဲ့ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ငြိမ်းချမ်းရေးက တစ်စတစ်စ အရောင်မှိန်နေခဲ့ပြီ။ မြန်မာပြည်ငြိမ်းချမ်းဖို့၊ ကမ္ဘာကြီး ငြိမ်းချမ်းဖို့ ဘယ်လိုလုပ်ကြတော့မှာလဲ။ အခိုက်အတန့်လေးတစ်ခုမှာ စိတ်အခြေ အနေခံစားမှုပေါ် မူတည်ပြီး ရေးကြတာကို ကွက်ကွက် လေးဖတ်ပြီး၊ အလွယ် comment ပေးမယ့်အစား user ရဲ့ image ကို မြင်အောင်ကြည့်ကြပါ။ ဒေါ်အောင်ဆန်ုးစုကြည်အပေါ် လည်း အလွယ်ကြိုက် အလွယ်ပြောနေမယ့်အစား သူ့ရဲ့image ကို မြင်အောင်ကြည့်ပါ။ ကျွန်မတို့အချင်းချင်းရောဘယ်လိုလဲ၊ face book မှာ နာကျင်ခံစားနေရသူကို အနာတရ ထပ်ဖြစ်အောင် အလွယ် comment တွေနဲ့ လှုံ့ဆော်နိုးဆွနေကြမှာလား၊ ဝေဒနာငြိမ်းအောင် ပြုံးရယ်စေမယ့်comment လေးနဲ့ peacemaker လုပ်မှာလား။ 

ငြိမ်းချမ်းရေးဆိုတာကတော့ ကဗျာတွေရွတ်နေရုံနဲ့မရဘူး။ တီရှင်ဆင်တူဝတ်နေရုံနဲ့မရဘူး။ စာတန်းတွေကိုင် လမ်းမထွက် ပြီး အော်ဟစ်တောင်းခံနေရုံနဲ့ မရဘူး။ ကျွန်မတို့ တစ်ဦးချင်းစီက တစ်ယောက်က တစ်ယောက်ကို စိတ်နှလုံးငြိမ်းချမ်း သာယာအောင် အရင်လုပ်ပေးရမှာ။ Peace စာလုံးကို ဗီနိုင်းကြီးကြီးထုတ်ပြီး အိမ်ရှေ့ကပ်လိုက်ရုံနဲ့ အဲဒီအိမ် ငြိမ်းချမ်းသွားမှာ မဟုတ်ဘူး။ 

လူတစ်ယောက်ရဲ့ image အစစ်ကို ဘယ်လို မြင်အောင်ကြည့်မလဲ။ ငြိမ်းချမ်းရေးရဲ့ image အစစ်ပေါ်အောင် ဘယ်လိုဖော် ဆောင်ကြမှာလဲ။ ဒါက ကျွန်မတို့ တစ်ယောက်ချင်းစီရဲ့စိတ်ဓာတ်နဲ့ အရည်အသွေးပေါ်မှာပဲ မူတည်တယ်။        ။

စုမီအောင်

No comments: