Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, June 30, 2013

“ငွေ” ဆန့်ကျင်ဘက်တို့ တွန်းတိုက်ထိခိုက်ကြတဲ့အခါ

        ကိုယ်တို့တွေ့ဆုံဆက်နွယ်မှု ပျော်ရွှင်ကြည်နှုးစရာတွေနဲ့ စတင်လာပြီးတဲ့အခါ နှစ်ယောက်တစ်ဘဝလေးကို ပုံဖော်ဖန်တီးကြမှာပါပဲ။ ဘာတွေကများ ကိုယ်တွေးထင်တာတွေနဲ့ အလွဲလွဲအချော်ချော်ဖြစ်နေနိုင်မှာလဲ။ ငွေကြေးပိုပိုပြီး စုဆောင်းမိလာတာဟာ ပျော်ရွှင်မှုတွေပိုပိုပြီး စုဆောင်းမိလာတယ်လို့တော့ ညီမျှခြင်းချလို့မရနိုင်ပါဘူး။ အနာဂတ်ကို ပန်းချီကားတစ်ချပ်နဲ့ ပုံဖော်မယ်ဆိုပါစို့။ ကျယ်ဝန်းတဲ့ဘောင်ကျယ်ကျယ်ခတ်ရမယ်။ အများကြီးပဲ ကြိုတင်တွေးထားရတော့မယ်။ ကိုယ့်ရဲ့အနာဝတ်ပန်းချီကား အလှပဆုံးဖြစ်နိုင်ဖို့က အတွင်းမှာ အသွေးအရောင်စိုစို၊ ဟိုမှာသည်မှာကွက်လပ်တွေ မရှိနိုင်အောင်လည်းအစစအရာရာ ဖြည့်တင်းရဦးမယ်။ အဲဒီအတွက် ကိုယ့်ရဲ့ ဘတ်ဂျက်ငွေကြေးအတွက် တာဝန်ယူနိုင်ရမှာပေါ့။ ငွေ ငွေကြေးစုဆောင်းထားနိုင်ဖို့လည်း လိုသေးတယ်။ ငွေ အမြဲလည်ပတ်စီးဆင်းအောင်တတ်ကျွမ်းနေမယ်ဆိုရင် ပိုကောင်းနိုင်ဦးမယ်။  ဒါမှလည်း “သူနဲ့ ကိုယ့်မှာ ပျော်ရွှင်ကြည်နူးစရာ ဆက်နွယ်မှုရရှိနိုင်မယ်” လို့ပဲ သူသူငါငါ တွေးထင်ထားကြမှာပါ။ တကယ်တမ်းတော့ အဲဒါဟာ အဓိကပြဿနာတော့မဟုတ်ပါဘူး။

        ငွေကြေးရိုက်ခတ်မှုအပေါ်ကိုယ့်မြင်ထားတဲ့အမြင်မျိုးနဲ့ စုံတွဲလေးတွေအတွက် မှတ်ချက်တွေပေးမိမလား။ ကြီးကျယ်တဲ့ပစ္စည်း  အိမ်လိုမျိုး၊ ပြီးတော့ ကားအမျိုးစား၊ ကိုယ်သောက်တဲ့ကော်ဖီ နဲ့ အမြဲတမ်းစီးတတ်တဲ့ အမျိုးအစားကောင်းကောင်းရှုးဖိနပ်တွေပေါ်မှာမူတည်ပြီး ပျော်ရွှင်မှု၊ ခိုင်မြဲတဲ့ဆက်ဆံရေးအပြောင်းအလဲတွေကို စဉ်းစားနေမိမှာလား။ အဲဒီအရာတွေက ကိုယ်တို့ရဲ့ ဆက်နွယ်မှုချစ်ခြင်းမေတ္တာကို ဘယ်လိုသက်ရောက်မှုရှိနေလဲ။ ဒီမှာ ဥပမာလေးတစ်ခုကြည့်ပါဦး။ အိမ်ထောင်ရှင်ခင်ပွန်းတစ်ဦးက ဇနီးကို “ငွေနာဇီမ” လို့ ခေါ်လိုက်တယ်။ ဘာကြောင့်များလဲ။ သူတံခါးကိုဖြတ်ပြီး လျှောက်လမ်းလာတဲ့အချိန်လေး သူတို့ အပြန်အလှန်ပြောဖြစ်ကြတဲ့ စကားတွေက ဒီလိုပါ။

ဇနီး -              ရှင် နေ့လည်စာ ဘယ်မှာစားခဲ့လဲ။
ခင်ပွန်း -          ငါတို့ ဒီနေ့ အီတလီအစားအစာသွားစားကြတယ်။
ဇနီး -              ရှင် ဘာစားခဲ့လဲ။
ခင်ပွန်း -         ကြက်ကရင်မ်ဆလတ်စားတယ်။
ဇနီး -             ဘယ်လောက်ကုန်လဲရှင့်။
ခင်ပွန်း -          ငါ မသိဘူးကွာ၊ ၁၃ ဒေါ်လာလောက်ဖြစ်မှာပေါ့။
ဇနီး -             ဟင် ကြက်သား၊ ပေါင်မုန့်ကင်ပါတဲ့ ကရင်မ်ဆလတ်တစ်ပွဲအတွက် ၁၃ ဒေါ်လာလောက် ? ဘုရားရေ၊ ရှင် ရူးများနေသလား။

        ဒီလိုအငြင်းအခုန်မျိုး ရင်းနှီးနေတယ်ဆိုရင်၊ ကိုယ်တစ်ယောက်တည်းဖြစ်တတ်တာတော့လည်း မဟုတ်ပါဘူး။ romantic ဆန်တဲ့ သံယောဇဉ်အနှောင်အဖွဲ့လေး ခိုင်မြဲချင်တယ်ဆိုရင် ဒီ အချက်လေးတွေက ပြဿာနာကောင်လေးတွေမို့ ရှောင်သင့်ပါတယ်။

၁.  သင့်ရဲ့ ငွေကြိုက်တဲ့ဗီဇ
ငွေမှာတော့ ဗီဇမျိုးရိုးမရှိဘူး၊ ဒါပေမဲ့ အဲဒီငွေကိုပဲ ကျွန်မတို့ ကြည့်မြင် ခံစားမှုမှာတော့ ငယ်စဉ်ဘဝကတည်းက ဘယ်လောက်များ အရိုးစွဲလာလိုက်သလဲဆိုရင် ကျွန်မတို့ရဲ့ မျက်လုံးတွေရဲ့ အရောင်အသွေးအမျိုးမျိုးအဖုံဖုံဖြစ်အောင် ပြောင်းလဲပစ်နိုင်လောက်တဲ့အထိပါပဲ။ ငွေ နဲ့ပဲ မွေးဖွားလာသလိုမျိုးပဲ။ အဲဒါကိုအလွယ်ဆုံးသက်သေပြရရင် ကျွန်မတို့ ကလေးဘဝထဲက ဘယ်လိုကြီးပြင်းခဲ့သလဲကြည့်ပါ။ ကလေးနှစ်ယောက် ကိုးလ် နဲ့ ကိတ်ဒ် ဆိုပါစို့။ သားလေးနှစ်ယောက်မှာ ကိုးလ်က ငွေကို စုဆောင်းသူ၊ ကိတ်ဒ်ကတော့ သုံးဖြုန်းသူပါ။ ကိတ်ဒ်က သူ့ရဲ့ ပိုက်ဆံအိတ်ထဲမှာ တစ်ဒေါ်လာဆိုတဲ့ငွေကိုတောင် သိမ်းဆည်းမထားနိုင်ဘူး။ ကိုးလ်ကတော့ ကျွန်မတို့ တွန်းတွန်းတိုက်တိုက် အားပေးရင်တောင်မှ အဲဒီ တစ်ဒေါ်လာလေးကို မသုံးရက်ဘူး။ အဲဒီနည်းလမ်းဟာ လူကြီးတွေမှာလည်း အတူတူပါပဲ။ လူကြီးတွေမှာလည်း ငွေနဲ့ ပတ်သက်တဲ့ ဗီဇတွေရှိနေကြတယ်။ လူတိုင်းလူတိုင်းက ကိုယ့်ရဲ့ အထုံဝါသနာကပဲ အကောင်းဆုံးလို့ ယုံကြည်နေကြသေးတယ်။ ငွေ နဲ့ ပတ်သတ်တဲ့ အကျင့်လေးတွေကိုယ့်မှာဘယ်လိုရှိမလဲ နားလည်လွယ်အောင် ခွဲခြားကြည့်ရအောင်ပါ။ ငွေစုဆောင်းသူ၊ ငွေသုံးစွဲသူ၊ စွန့်စားရင်းနှီးလိုသူ၊ လုံခြုံစိတ်ချရတဲ့နည်းနဲ့ပဲရှာဖွေလိုသူ၊ ငွေကို တုံ့ဆိုင်းမနေဘဲ လွှင့်ပြစ်သုံးစွဲနေသူ ဆိုပြီး အဲဒီလို ဗီဇရှိသူတွေတွေ့ကြရမှာပါ။ အဲဒီအထဲမှာမှ တစ်ဦးစီဟာ ပထမ နဲ့ ဒုတိယ အမျိုးအစားပါပဲ။ ကိုယ့်ရဲ့ ခင်ပွန်း၊ ဇနီး၊ ချစ်ခင်သူနဲ့ ကိုယ်ကိုယ်တိုင် ဘယ်လိုဗီဇရှိနေမလဲ ကွဲပြားချက်တွေ ခွဲခြားသိရှိထားဖို့ပါ။ သိရှိပြီးပြီဆိုရင် ကိုယ့်ရဲ့ ငွေနဲ့ပတ်သက်တဲ့ ဗီဇအကျင့်လေးတွေကို အကောင်းဆုံးဖြစ်အောင်ပြင်ဆင်ကြရမှာပါ။

၂. သင့်ရဲ့ မှန်ဘီလူး
ကျွန်မတို့ဟာ မှန်ဘီလူးတစ်ခုနဲ့ ကြည့်ပြီး ငွေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေပြုလုပ်နေကြတယ်။ ဆွယ်တာဒီဇိုင်းအသစ်လေးတစ်ထည် ဆိုင်ပေါ်ရောက်ပြီဆိုပါစို့။ အဲဒီလို အသစ်အဆန်းလေးတွေဟာ ကျွန်မတို့ရဲ့စုဆောင်းထားတဲ့ငွေကြေး ၃၀ ရာခိုင်းနှုန်းလောက်ကို ဆွဲယူသွားစေဖို့ တွန်းအားပါပဲ။ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဝိုင်းဖွဲ့စားသောက်ကြဖို့လည်းဆုံးဖြတ်တယ်။ ငွေဟာ ကျွန်မတို့ ပြုလုပ်သမျှဆုံးဖြတ်ချက်တွေမှာ အမြဲယှဉ်တွဲပါနေတတ်တာပါ။ ငွေကြေးနဲ့ပတ်သက်တဲ့ဗီဇကပဲ ကျွန်မတို့ဘဝအပေါ်မြင်တဲ့ ရှုထောင့်ကို ပုံဖော်ဘောင်ခတ်ပေးတယ်။ ဥပမာတချို့ဆိုရင်တော့ ငွေသုံးစွဲသူတွေဟာ လှူဒါန်းပေးကမ်းဖို့ ဝါသနာပါသူပါ။ စုဆောင်းသူတွေဟာ အကောင်းဆုံးအပေးအယူကို ရှာဖွေပါတယ်။ စွန့်စားရင်းနှီးလိုသူတွေက “အဲဒါကို စမ်းကြည့်မယ်”လို့ ဆုံးဖြတ်မှာပဲ။ လုံခြုံစိတ်ချရမယ့်နည်းရှာဖွေသူတွေကတော့ ကြိုတင်စီစဉ်မှုတွေလုပ်နေမယ်။ ငွေကို လွှင့်ပြစ်သလိုသုံးစွဲတတ်သူကတော့ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေချဖို့ ဘယ်တော့မှ နှောင့်နှေးနေမှာမဟုတ်ဘူး။

၃. သင့်ရဲ့ ဆန့်ကျင်ဘက် (money opposite)
“ကူညီပါ၊ ကိုယ်တော့ တကယ့်ဆန့်ကျင်ဘက်၊ ဗီဇမတူသူနဲ့ လက်ထပ်ခဲ့ပါပြီ” ကျွန်မတို့ ခရီးတွေသွားတယ်။ နိုင်ငံအနှံ့အပြားက လူတွေနဲ့ စကားတွေပြောဖြစ်ကြတယ်။ များလှတဲ့စုံတွဲတွေမှာ ဝမ်းနည်းနာကျင်မှုတွေ၊ ချောက်ချားထိတ်လန့်မှုတွေဖြစ်ကြတဲ့ အကြောင်းရင်းတစ်ခုရှိနေပါတယ်။ စုံတွဲ ၇၅ ရာခိုင်နှုန်းလောက်က သူတို့ရဲ့ ဆန့်ကျင်ဘက် ငွေဗီဇမတူသူတွေနဲ့ လက်ထပ်ထားကြတယ်။ အံ့သြစရာတော့မရှိပါဘူးတဲ့။ ကွာရှင်းခဲ့ကြတဲ့ ၇၀ ရာခိုင်နှုန်းအားလုံးဟာ ငွေ ကြောင့်ပါပဲ။ ငွေဟာ သူတို့ ကွဲကွာရခြင်းရဲ့အကြောင်းရင်းတစ်ရပ်ဖြစ်နေကြတယ်။ ဒါပေမဲ့ ငွေကြေးသုံးစွဲမှုမှာ ဗီဇခြင်းမတူတဲ့(money opposite) တွေလက်ထပ်ထားရင်တော့ ကွာရှင်းပြတ်စဲတာမျိုးတွေမရှိနိုင်ပါဘူးတဲ့။ တဘက်မှာ ငွေစုဆောင်းသူနဲ့ လုံခြုံစိတ်ချရတဲ့နည်းနဲ့ပဲရှာဖွေလိုသူတွေရှိမယ်။ တခြားဘက်မှာ သုံးစွဲသူတွေ၊ စွန့်စားမှုရယူလိုသူ၊ ငွေကို လေအနှင်နဲ့အတူသုံးစွဲသူတွေရှိကြတယ်။ ကျွန်မတို့ နာမည်ပေးထားသလို “ဆန့်ကျင့်ဘက်အပြင်းစားဗီဇ” ရှိနေကြမလား။ 

အဲဒီလိုအပြင်းစား ကွာခြားချက်တွေဟာ သံယောဇဉ်တွေပြတ်တောက်စေမယ့် အကြောင်းအရာတွေဖြစ်နေပါတယ်။ တစ်ယောက်က သုံးစွဲသူဆို ကိုယ်က စုဆောင်းသူဖြစ်အောင် ကြိုးစားပြင်ဆင်နိုင်မယ်ဆိုရင်တော့ ခိုင်မြဲတဲ့အိမ်ထောင်တစ်ခုစီ ဦးတည်ရှေ့ဆက်နိုင်ကြမှာပါ။    ။

ဖြိုးဖြိုး
Yati Magazine, July, 2013

1 comment:

မိုးယံ said...

ငွေက လူကို ပြုပြင်သလို ဖြစ်သွားတယ်။