Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, October 03, 2013

ဟိုသတင်း ဒီသတင်း

၁. စစ်မြေပြင်ရှေ့တန်းက ဘန်ဂလို

ဒုတိယကမ္ဘာစစ်အတွင်းက နာဇီတွေကိုခုခံခဲ့တဲ့ ဗြိတိသျှတပ်သားတွေရဲ့ ကတုတ်ကျင်းတစ်ခုကို ပြုပြင်မွမ်းမံမှုတွေပြုလုပ်ခဲ့ပြီး အိပ်ခန်းသုံးခန်းပါ ဘန်ဂလိုအဖြစ်ပြုပြင်လိုက်ပါတယ်။ ကတုတ်ကျင်းဆိုတော့ ဗုံးတွေထိမှန်ဖျက်ဆီးတဲ့ရန်ကို ခံနိုင်ရည်ရှိအောင်တည်ဆောက်ထားတာမျိုးပါ။ ပုံမှန်အဆောက်အဦးပြင်ဆင်မွမ်းမံတာတွေနဲ့ မတူနိုင်ဘူး။ ဒီလို စစ်မြေပြင်က ကတုတ်ကျင်းတစ်ခုကို ပိုင်ဆိုင်ထားရတဲ့သူဟာ ထိတ်လန့်ကျောချမ်းစရာပါပဲ။ ဒါပေမဲ့ အဲလစ်ဇဘက်စထရာတန်က သူမရဲ့ ပိုင်ဆိုင်မှုကိုတော့ လက်မလွှတ်ချင်လှဘူး။ သူမ ၂၀၀၇ ခုနှစ်ဝယ်ယူခဲ့စဉ်တုန်းက ပေါင် ၁၄၃၀၀၀ နဲ့ပါ။ စစ်ကြီးပြီးတဲ့နှစ်တွေနောက်ပိုင်း ဒီကျင်းဟာ စွန့်ပစ်ထားလို့ ပျက်စီးနေတဲ့နေရာတစ်ခုအဖြစ်ပဲရှိနေခဲ့ပါတယ်။ လယ်သမားတစ်ဦးကပဲ သူ့ရဲ့ အာလူးတွေစိုက်ပျိုးဖို့အတွက် အသုံးပြုခဲ့တာပါ။ Penzance အိမ်ခြံမြေကိုယ်စားလှယ်ရဲ့ ကြော်ငြာကနေ မစ်စထရာတန် ဒီနေရာအကြောင်းသိရှိခဲ့တယ်။ မစ်စထရာတန်ဟာ ၅ နှစ်ခန့် အချိန်ယူခဲ့ပါတယ်။ ပေါင် ၁၀၀၀၀၀ ခန့် အကုန်အကျခံပြီး ဘန်ဂလိုလေးပုံစံပြင်ဆင်လိုက်တယ်။ ပြတင်းပေါက်တွေမရှိတဲ့မှော်ခံတပ်တစ်ခုဟာ အခုဆိုရင် “သုခဘုံ” လို သာသာယာယာ အပမ်းဖြေအနားယူစရာအသွင်ပြောင်းနေခဲ့ပါပြီ။ မိသားစုတစ်ခုရဲ့ ပြည့်စုံလှပတဲ့အိမ်အပြင်အဆင်လေးဖြစ်နေပြီ” လို့ မစ်စထရာတန်က ပြောပါတယ်။ ၁၉၄၂ ခုနှစ်က Conwall, St Leven မှာ ဒီကတုတ်ကျင်းကိုတည်ဆောက်ထားခဲ့တာပါ။ စစ်အတွင်းမှာ နာဇီဂျာမန်စစ်သားတွေရဲ့ ကျူးကျော်ဝင်ရောက်မှုတွေကို တိတ်တဆိတ်ဖြတ်တောက်ဖို့ သေနတ်သမားတွေပုန်းအောင်စောင့်ကြည့်ခဲ့ကြတဲ့ အန္တရာယ်ကြီးတဲ့နေရာအဖြစ် ကျော်ကြားခဲ့ပါတယ်။ အခုတော့ မိသားစုလေးတွေနဲ့ စထရာတန်ရဲ့သူငယ်ချင်းတွေ၊ ဧည့်သည်တွေအများကြီးပဲလာရောက်လည်ပတ်တဲ့နေရာဖြစ်နေခဲ့ပြီ။ ထူးခြားတဲ့ ရှေ့တန်းက ဒီဘန်ဂလိုလေးကို Miller & Son အိမ်ခြံမြေအေဂျင်စီနဲ့ ဈေးကွက်တင်ထားလိုက်ပါပြီ။ ဈေးကွက်ဝင်ဈေးနှုန်းက ပေါင် ၂၇၅၀၀၀ ရှိပါတယ်။

၂. လန်နွန်ကိုယ်ပွားရဲ့ အယ်လ်ဘမ်အသစ်
ဘီတဲလ်စ် ဂီတသမား ဂျွန်လင်နွန်ရဲ့သားဖြစ်တဲ့ ဂျူလီရန်လန်နွန်ဟာအယ်လ်ဘမ်အသစ်အတွက် ၁၀ နှစ်ခန့် အချိန်ယူပြင်ဆင်နေခဲ့ပါတယ်။ “Everything Changes” ဆိုတဲ့ ခြောက်ခွေမြောက်အယ်လ်ဘမ်အသစ်ကို မဆုံးနိုင်အောင် ပြောင်းလဲပြင်ဆင်နေခဲ့တာပါ။ အခုဆိုရင် ဂီတသမားတစ်ဦးအမြင်နဲ့ကြည့်ရင်တော့ စတူဒီယိုထဲက ကိစ္စတွေအားလုံးကျိန်းသေပြည့်စုံပါပြီလို့ ဆိုတယ်။ ဂျူလီရန် Hello မဂ္ဂဇင်းကိုပြောတာက “ဒီအယ်လ်ဘမ်ဟာ ၁၀ နှစ်ကျော်တောင် ရေးနေခဲ့တာပါ။ သီချင်းရေးတယ်၊ ရေးစပ်ထားတဲ့သီချင်းတွေဆိုတယ်။ ဖန်တီးမှုအပြည့်ပါတဲ့ ထုတ်လုပ်မှုဖြစ်အောင် ကြိုးစားတယ်။ စီးပွားဖြစ်အယ်လ်ဘမ်တစ်ခုအတွက်ပဲ မဟုတ်ပါဘူး။ ကျွန်တော့်အတွက် အင်မတန်အရေးကြီးပါတယ်။ သီချင်းတစ်ပုဒ်ကို နားထောင်ပါ။ တွေးတောပါ။ ပြီးရင်တော့ ခင်ဗျားရဲ့ကော်ဖီတစ်ခွက်ကိုအသာချလိုက်ပြီး၊ သီချင်းကိုပဲ နားထောင်မိမှာပါ။ ဂီတသမားတွေအတွက်တော့ ဒီလိုအရာတွေနဲ့ပဲ သူတို့ရဲ့တစ်ဘဝလုံးကိုသယ်ဆောင်မောင်းနှင်သွားတာပါပဲ” လို့ဆိုတယ်။ အသက် ၅၀ အရွယ် ဂျူလီရန်န်ဟာ သူ့ရဲ့ ဂီတလမ်းကြောင်းမှာ ဖခင်ရဲ့ကျော်ကြားမှုလွှမ်းမိုးခဲ့တာကိုလည်း အေးအေးလူလူ လက်ခံခဲ့တာပါပဲ။ ဒါပေမဲ့ ဂျူလီရန်က ကိုယ်ပိုင်ဂီတဖန်တီးနိုင်တဲ့ အနုပညာသမားတစ်ဦးဖြစ်တယ်ဆိုတာကိုလည်း ကိုယ်တိုင်ခံစားနားလည်ထားသူပါ။ ဘီတဲလ်စ်ရဲ့ ထုတ်လုပ်သူ ဆာဂျော့ခ်ျမာတင်ကလည်း ဂျွန်လင်နွန်ရဲ့သားမဟုတ်ခဲ့ဘူးဆိုရင်တောင် ပိုပြီးအသိအမှတ်ပြုခံရနိုင်တယ်လို့မှတ်ချက်ပေးပြန်တယ်။ လူတွေက သူတို့ရဲ့ထင်မြင်ချက်တွေနဲ့ သော့ခတ်ပိတ်လှောင်ထားကြတယ်။ သူကတော့ အကောင်းဆုံးဖြစ်အောင်ကြိုးစားနေပါတယ်တဲ့။ ပရိတ်သတ်တစ်ဝက်လောက်ကကျွန်တော့်ကိုချစ်ခင်ရင်တောင် ကျန်တဲ့တစ်ဝက်ကတော့ ဂျွန်လင်နွန်အတွက်ပဲ အချိန်တွေပေးချင်နေပါသေးတယ်လို့ ထပ်ပြီးပြောပါတယ်။ ဂျူလီရန်က ရောခ့်သီချင်းတွေကို ချစ်မြတ်နိုးသူဖြစ်ပြီ ဂျွန်လင်နွန်ရဲ့ ပထမဇနီး စင်သီယာပိုဝဲလ်နဲ့ မွေးဖွားခဲ့တဲ့သားပါ။ ဂျွန်လင်နွန်ရဲ့ ဒုတိယဇနီး ယိုကိုအိုနို ရဲ့ သား၊ ရှောင်လင်နွန်ဟာလည်း Rock and roll, folk rock, alternatiive rock, indie rock ဂီတသမားတစ်ဦးပါပဲ။

၃. ကမ္ဘာမြေကြီးရဲ့ အကြီးဆုံးမီးတောင်ဆိုတာ
University of Houston က သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်တဲ့ ပရော်ဖက်ဆာ ဝီလျံဆာဂျာဟာ ဂျပန်နိုင်ငံအရှေ့ဘက် မိုင် တစ်ထောင်ခန့်အကွာမှာ ရေအောက်မှာ ကမ္ဘာ့အကြီးဆုံးမီးတောင်ကို တွေ့ရှိခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ မီးတောင်ဟာ နယူးမက္ကဆီကိုပြည်နယ်အရွယ်အစားခန့်ရှိပြီး နေစကြဝဠာအဖွဲ့အစည်းထဲမှာ အကြီးဆုံးပါ။ Tamu Massif လို့ အမည်ပေးထားတဲ့ အဲဒီမီးတောင်ဟာ ၁၂၀ ၀၀၀ စတုရန်းမိုင်ကျယ်ဝန်းပါတယ်။ နှိုင်းယှဉ်မယ်ဆို ကုန်းမြေပေါ်က အကြီးဆုံးမီးတောင်ရှင်ဖြစ်တဲ့ ဟာဝိုင်အီက Mauna Loa မီးတောင်ဆိုရင် ၂၀၀၀ စတုရန်းမိုင်သာရှိပါတယ်။ “Tamu massif အရွယ်အစားဟာ တွေ့ရှိခဲ့သမျှ ကမ္ဘာက ရေအောက်မီးတောင်တွေနဲ့ ပုံစံကွဲပြားနေတယ်။ ဒီရေအောက်မီးအောင်ဟာ ထူးထူးကဲကဲကြီးမားလှတဲ့မီးတောင်ကြီးတွေ ဘယ်လိုဖြစ်ပေါ်လာခဲ့သလဲဆိုတဲ့ သဲလွန်စပေးနိုင်ပါလိမ့်မယ်လို့ ဆာဂျာက ယူဆပါတယ်။ Tamu Massif ဟာ နှစ်သန်းပေါင်း ၁၄၅ ခန့် သက်တမ်းရှိပြီလို့ ယုံကြည်ရတယ်။ မီးတောင်ဖြစ်ပေါ်ခဲ့ပြီးနောက် နှစ်သန်းအနည်းငယ်မှာ မီးတောင်သေဖြစ်သွားခဲ့ပါတယ်တဲ့။ Tamu Massif ဆိုတဲ့နာမည်ဟာ ဟူစတန်တက္ကသိုလ်ကိုမပြောင်းရွှေ့ခင် ၂၉နှစ်ကြာ ဆာဂျာအလုပ်လုပ်ခဲ့တဲ့ Texas A&M University ကို ဂုဏ်ပြုပြီး ခေါ်တွင်စေခဲ့တာပါ။ Tamu က တက္ကသိုလ်ရဲ့ နာမည်အတိုကောက်ဖြစ်ပြီး massif ကတော့ ပြင်သစ်စကားလုံး “massive” ဖြစ်တယ်လို့ ဆာဂျာက ရှင်းပြခဲ့တယ်။

၎. ဗန်ဂိုးရဲ့ ပန်းချီကားသစ် ဖော်ထုတ်ပြသ
အရင်ကတစ်ခါမှ ပြသခဲ့ဖူးခြင်းမရှိသေးတဲ့ ဗင်းဆင့်ဗန်းဂိုးရဲ့ ရှုခင်းပန်းချီကားကို အမ်စတာဒမ် ဗန်ဂိုးပြတိုက်ကနေ ပြသလိုက်ပါတယ်။ ပြင်သစ်နိုင်ငံတောင်ပိုင်းဒေသ Montmajour ရဲ့ နေဝင်ချိန်ရှုခင်းပုံပန်းချီကားဖြစ်ပြီး ပန်းချီကားထဲမှာ စိမ်းစိမ်းစိုစိုသစ်ပင်တွေ၊ ဟိုကသည်က ချုံနွယ်အပင်ပုလေးတွေနဲ့ ရွေ့လျားပြန့်ကျဲနေတဲ့တိမ်မျှင်တိမ်သားပြည့် ကောင်းကင်ကြီးပုံတွေရေးဆွဲထားတယ်။ ဒတ်ခ်ျပန်းချီဆရာကြီးဗန်ဂိုးရဲ့ ပန်းချီကားမဟုတ်ဘူးဆိုတဲ့သတ်မှတ်ချက်နဲ့ နော်ဝေလူမျိုးပန်းချီစုဆောင်းသူတစ်ဦးရဲ့ ထပ်ခိုးလေးပေါ်မှာ နှစ်အတော်ကြာကြာသိမ်းဖွက်ထားခြင်းခံခဲ့ရတာပါ။ ပြတိုက်ကပြောကြားခဲ့တာက စာလုံးတွေရယ်၊ ပန်းချီရေးနည်းစတိုင်လ် နဲ့ အသုံးပြုထားတဲ့ပန်းချီဆေးတွေကိုစစ်ဆေးခဲ့ပြီး ပန်းချီကားဟာ အစစ်အမှန်ဖြစ်ကြောင်းသက်သေပြနိုင်ခဲ့ပါတယ်တဲ့။ ပြတိုက်ဒါရိုက်တာ အက်ဇယ်လ်ရူးရေးဂါ က ဒီတွေ့ရှိမှုဟာ ဒီဘဝတစ်သက် တစ်ခါမျှသာကြုံနိုင်တဲ့အတွေ့အကြုံပါ လို့ ဆိုတယ်။ ပထမတော့ ဗန်ဂိုးရဲ့လက်မှတ်မပါတာကြောင့် ၁၉၉၀ ခုနှစ်တုန်းက ဗန်ဂိုးရဲ့ပန်းချီကားမဟုတ်နိုင်ဘူးလို့ ပြတိုက်က ငြင်းပယ်ခဲ့တာပါ။ ဒါပေမဲ့ သုတေသန နည်းလမ်းအသစ်တွေ နဲ့ ၂ နှစ်ကျော်ကြာစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက် ဒီပန်းချီကားဟာ ဒတ်ခ်ျပန်းချီအကျော်အမော်ကြီးရဲ့ ပန်းချီကားဖြစ်တယ်ဆိုတာကောက်ချက်ချနိုင်ခဲ့ကြတယ်။ ဒီပန်းချီကားကို ရက်စွဲအတိအကျတပ်နိုင်ခဲ့တာက ဗန်ဂိုးရဲ့ ညီငယ် ပန်းချီကားရောင်းဝယ်သူ သီယိုဗန်ဂိုးဆီ ရေးသားခဲ့တဲ့စာပါအတိုင်းသိနိုင်ခဲ့တာပါ။ စာထဲမှာ ၁၈၈၈ ဇူလိုင်ရက်မတိုင်ခင် တစ်ရက်ကဆွဲခဲ့တယ်လို့ ပါရှိတယ်။ “ကျောက်ခဲထူသိပ်သိပ်မြက်ရိုင်းတောနေရာမှာ ဝက်သစ်ချပင်လေးတွေ ကွေ့ကောက်လိမ်ရစ်ပြီးပေါက်နေတာ” လို့ စာထဲမှာ ဗန်ဂိုးက ရေးသားခဲ့တယ်။ အဲဒီအချိန် ဗန်ဂိုးနေထိုင်ရာ ပြင်သစ်တောင်ပိုင်း မြို့တော် Arles အနီးက Montmajour တောင်ကုန်းအနီးက ဒေသရှုခင်းဖြစ်တယ်ဆိုတာကိုလည်း သုတေသနပညာရှင်တွေ တိုက်ဆိုင်စစ်ဆေးနိုင်ခဲ့တာပါ။ သီယိုနဲ့ ဂိုး တို့ရဲ့ လက်ရွေးစင်ပန်းချီကား နံပါတ် ၁၈၀ မြောက်ဖြစ်ပြီး အဲဒီနံပါတ်ကိုလည်း ပန်းချီကားရဲ့ ကျောဘက်မှာတွေ့မြင်နိုင်ခဲ့ကြတယ်။ ပန်းချီကားကို  စက်တင်ဘာ ၂၄ ရက်နေ့ကနေ ပြတိုက်မှာ စတင်ပြသထားမှာပါ။

၅. ရုပ်ရှင်ထဲမှာ သူတော်စင်မဖြစ်ခဲ့ရတဲ့ မန်ဒဲလား
တောင်အာဖရိကသမ္မတဟောင်းနယ်လ်ဆန်မန်ဒဲလား(သမ္မတသက်တမ်း ၁၉၉၄-၁၉၉၉)ရဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်ကားသစ်မှာ မန်ဒဲလားဟာ သူတော်စင်တစ်ယောက်လို ချီးမြှောက်ဂုဏ်ယူစရာတွေနဲ့ပဲပြည့်နှက်နေတဲ့ဇာတ်ရုပ်နေရာမျိုးမရခဲ့ပါဘူး။ ဂုဏ်ယူဖွယ်ရာရှုထောင့်အမြင်ကနေ လျော့ပါးစေတဲ့ဇာတ်ကောင်ပုံစံဖြစ်နေပေမယ့် ဒီရုပ်ရှင်အတွက် စိတ်စနောင့်စနင်းဖြစ်စရာမလိုပါဘူး။ ကျွန်တော်တို့မှာ နှစ်ဘက်လုံးကရိုက်ပြစရာတွေရှိနေတယ်။ အဲဒါအရေးကြီးပါတယ်။ အကောင်းရော အဆိုးပါရှိတယ်” လို့ အစ်ဒရစ်အဲလ်ဘာ က ဆိုတယ်။ သမ္မတမန်ဒဲလားရဲ့ အတ္ထုပ္ပတ္တိရုပ်ရှင် Mandela: Long Walk to Freedom ဟာ မန်ဒဲလားရဲ့ ရှေ့နေတစ်ဦးအဖြစ် ငယ်ဘဝ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုတွေနဲ့ ၂၇နှစ်ကြာ အကျဉ်းချခံရတဲ့ဘဝတွေနဲ့ ၁၉၉၄ မှာ ဒီမိုကရက်တစ်ရွေးကောက်ပွဲရှေ့တန်းရောက်လာတဲ့ဘဝဖြစ်စဉ်တွေကို ရိုက်ကူးထားပါတယ်။ မန်ဒဲလားရဲ့ပထမဇနီး အီဗယ်လင်ကို အကြမ်းဖက်မှုအခန်းလည်း ဒါရိုက်တာက ထည့်သွင်းထားတယ်။ နာအိုမီဟာရစ်က ဒုတိယဇနီး ဝင်န်ီအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ နှစ်နာရီခွဲကြာရုပ်ရှင်ဖြစ်ပြီး ဒါရိုက်တာက ဂျပ်စတင်ချက်ဒ်ဝစ်ခ်ပါ။ စက်တင်ဘာ ၁၅ နေ့အထိပြုလုပ်ခဲ့တဲ့ တိုရွန်တိုနိုင်ငံတကာရုပ်ရှင်ပြပွဲမှာ WikiLeaks တည်ထောင်သူ ဂျူလီယန်အက်ဆန်းဂ်နဲ့ ဝေလမင်းသမီးဒိုင်ယာနာတို့ရဲ့အတ္ထုပ္ပတ္တိရှင်ရှင်တွေလည်း ပြသခဲ့ပါတယ်။ ရုပ်ရှင်ကြည့်ပရိတ်သတ်စိတ်ဝင်စားတဲ့ ကျော်ကြားသူတွေဖြစ်နေတာကြောင့် ထူးခြားတဲ့အတ္ထုပ္ပတ္တိရုပ်ရှင်ကြည့်ချင်သူတွေက စောင့်မျှော်လို့နေကြပါပြီ။

၆. ဘရန်ဂျဲလီနာကလေးငယ်တွေ အရင်တုန်းက ၊ အခုလက်ရှိဘဝ
ဘရက်ပစ်ရဲ့ မိန်းကလေး အန်ဂျဲလီနာဂျိုလီ ဟာ Unbroken ရုပ်ရှင်ကို ရိုက်ကူးဖို့ သြစတြေးလျနိုင်ငံ နယူးဆော့သ်ဝေးက Vaucluse မြို့ကို သူမရဲ့ကလေးငယ်တွေအစုံအလင်နဲ့ ရောက်ရှိလာခဲ့ပါတယ်။ အဲဒီဒေသဟာ အနောက်ဘက်မှာ ဆစ်ဒနီဟာဗား နဲ့ အရှေ့ဘက်မှာ တက်စ်မန်ပင်လယ်တို့ရှိနေကြတယ်။ သဘာဝအလှအပ၊ အစားအသောက်ပေါများကာ ချမ်းသာကြွယ်ဝတဲ့ဒေသဖြစ်တာကြောင့် ကလေးတွေအတွက် အဆင်ပြေနိုင်မှာပါ။ Unbroken ရိုက်ကူးပြီးနိုင်တဲ့ အချိန် ၂၀၁၃ နှစ်ကုန်ပိုင်းအထိ ကလေးတွေနဲ့ နေထိုင်ကြမယ်လို့ သတင်းပို့ခဲ့ပါတယ်။ အမေရိကန်စာရေးဆရာမ Laura Hillenbrand ရဲ့ ၂၀၁၀ ခုနှစ်ကရေးသားခဲ့တဲ့စာအုပ် “Unbroken: A World War II Story of Survival, Resilience, and Redemption”၊ ဒုတိယကမ္ဘာစစ်အတွင်းကသူရဲကောင်း-အကျဉ်းစခန်းကပြန်လည်လွတ်မြောက်ခဲ့သူ Louis Zamperini ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးမှာပါ။ ဘရန်ဂျဲလီနာလို့ ခေါ်နေကြတဲ့ ဘရက် နဲ့ ဂျိုလီတို့ရဲ့ကလေးခြောက်ယောက်ကို ဆစ်ဒနီလေဆိပ်မှာတွေ့လိုက်ရပါတယ်။ ကလေးတွေရဲ့ ငယ်ငယ်က ပုံလေးတွေနဲ့ ပြန်မြင်ကြည့်တဲ့အခါ အချိန်ကာလတစ်ခုရဲ့ ပုံဖော်နိုင်မှု မြန်ဆန်လှတာကိုသိသာထင်ရှားစွာ တွေ့မြင်ရမှာပါ။ 

မက်ဒေါက်စ် ဟာ ကမ္ဗောဒီးယားမှာမွေးဖွားခဲ့ပြီး ၂၀၀၂ မှာ ဂျိုလီ မွေးစားခဲ့တာပါ။ အဲဒီအချိန်မှာ ဂျိုလီက ဘီလီဘော့ပ်သွမ်တန်နဲ့ လက်ထပ်ထားဆဲပါ။ 
ဒီပုံကတော့ ၁၂ နှစ်သား မာက်ဒေါက်စ်ကို ၂၀၁၃ မတ်လကတွေ့မြင်ခဲ့ရတာပါ။ 

သူလေးက ဇာဟာရာမာလေးပါ။ အီသီယိုပီးယားမှာမွေးဖွားသူလေးဖြစ်ပြီး ၂၀၀၅မှာ မွေးစားခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ ဘရက်ပစ်က ဂျိုလီနဲ့ စေ့စပ်ထားခဲ့ပါပြီ။ 
ဇာဟာရာ အသက် ၈ နှစ်ရှိပါပြီ။ သူမထက်ငယ်တဲ့မောင်နှမတွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့သူလေးဖြစ်နေပြီပေါ့။ 

၂၀၀၆ မှာ ဂျိုလီ နဲ့ ဘရက်တို့ရဲ့ သမီးလေး ရှီလိုနျူးဗဲလ် ကို နမီးဘီးယားမှာမွေးဖွားခဲ့ပါတယ်။ အဲဒီအချိန်မှာ မိသားစုကြီးကြီးတစ်ခုတည်ဆောက်ဖို့ရည်ရွယ်နေပါပြီလို့ မီဒီယာတွေကို အသိပေးခဲ့ပေမယ့် လက်ထပ်ဖို့တော့ မစီစဉ်ရသေးပါဘူး။ 
ဒီပုံမှာ ရှီလိုဂျိုလီပစ်လေး ၇ နှစ်ရှိပါပြီ။ 

ပက်စ်သီယန်ကို ၂၀၀၃ မှာ ဗီယက်နမ်ကမွေးစားခဲ့တာပါ။ ၂၀၀၇ မှာတော့ အသက် ၃ နှစ်ရှိပါပြ။ သူလေးက နံပါတ် ၄ ကလေးပေါ့။ 
အခု အသက် ၉ နှစ်လူငယ်လေး ပက်စ်ကို အစ်ကို မက်ဒေါက်စ် နဲ့အတူ ၂၀၁၃ ဇွန်လ ၂ ရက်နေ့က လန်ဒန်မှာပြုလုပ်ခဲ့တဲ့ ဖခင် ဘရက်ပစ် ရဲ့ World War Z ရုပ်ရှင်အစမ်းပြပွဲမှာတွေ့ခဲ့ကြရတာပါ။

၂၀၀၈ ခုနှစ်မှာ ပြင်သစ်နိုင်ငံ Nice မှာ မွေးဖွားခဲ့တဲ အမွှာလေး ဗီဗီယန် နဲ့ နော့က်စ် တို့ဟာ ဂျိုလီ နဲ့ ပစ် တို့ရဲ့ အငယ်ဆုံးကလေးတွေပါပဲ။ 
အသက် ၅ နှစ်အရွယ် ဗီဗီယန် ဟာ လာမယ့် ၂၀၁၄ မှာရိုက်ကူးမယ့် ဂျိုလီနဲ့ အတူ Sleeping Beauty နဲ့ Maleficent မှာ ပါဝင်သရုပ်ဆောင်ပါလိမ့်မယ်။ 

နော့က်စ်ကတော့ ခရီးသွားလေးဖြစ်နေခဲ့ပါပြီတဲ့။ သူ့ရဲ့ အသက် ၅ နှစ်ပြည့်မွေးနေ့မတိုင်ခင်မှာ ဘာလင် ကို သွားလည်ခဲ့ကြပါတယ်။ အခုတော့ သြစတြေးလျကို ရောက်နေကြပြီပေါ့။ 
 ဒီပုံကတော့ ဖေဖေ ဘရက်ပစ် နဲ့ မေမေ ဂျိုလီပါဆိုရင် အဖွဲ့သား၈ ဦး ရှိနေတဲ့ မိသားစုလေးကို ၂၀၁၁ နယူအော်လိန်းမှာတွေ့ခဲ့ရတာပါ။

 ဖြိုးဖြိုး
(Yati Magazine, October, 2013)

1 comment:

လသာည said...

ဖတ်လို့ ကောင်းလိုက်တာ.. ဗဟုသုတတွေမှ အများကြီး။ ဟိုသတင်းဒီသတင်း တကယ့်ကို စုံနေတာပါပဲကွာ..