Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, October 29, 2013

ညွှန်းတဲ့ ရုပ်ရှင်

The Book Thief
Drama / War
20th Century Fox
ဒါရိုက်တာ - Brian Percival
ထုတ်လုပ်သူ - Ken Blancato, Karen Rosenfelt
ဇာတ်ညွှန်း - Michael Petroni
သရုပ်ဆောင်များ - Sophie Nélisse, Geoffrey Rush, Emily Watson

စာအုပ်တွေကို ခိုးယူတဲ့မိန်းကလေး လီစဲလ်မမ်မင်ဂျာ အဖြစ်သရုပ်ဆောင်ဖို့ အချိန်ယူရှာဖွေခဲ့ကြသတဲ့။ ၂၀၁၃ ဖေဖေါ်ဝါရီ ၄ ရက်နေ့ကတော့ ပြင်သစ်-ကနေဒီယန်းသရုပ်ဆောင်မလေး Sophie Nélisse သရုပ်ဆောင်ပြီး မမ်မင်ဂျာရဲ့ မွေးစားမိဘတွေကတော့ Geoffrey Rush နဲ့ Emily Watson တို့ သရုပ်ဆောင်ကြလိမ့်မယ်လို့ ကြေငြာလိုက်တယ်။ The Book Thief ဟာ သြစတြေးလျစာရေးဆရာ Markus Zusak ရဲ့ ၂၀၀၅ ခုနှစ်က ထုတ်ဝေခဲ့တဲ့ The Book Thief ဝတ္ထုကိုရိုက်ကူးထားတာပါ။ ဝတ္ထုစာအုပ်ဟာ ဆုပေါင်းများစွာရရှိခဲ့ပြီး ရက်သတ္တပတ်၂၃၀ ကျော်ကြာ The New York Time Best Seller List စာရင်းဝင်ဖြစ်ခဲ့တယ်။ ဒုတိယကမ္ဘာစစ်မီး အရှိန်မြင့်နေခဲ့တဲ့အချိန် နာဇီဂျာမနီပါတီကို အားလုံးက အသည်းခိုက်အောင် ကြောက်လန့်နေကြရတဲ့အချိန်၊ လီစဲလ် ဆိုတဲ့ ကလေးမလေးဟာ မွေးစာဖခင်၊ မိခင်ဆီကို ရောက်လာခဲ့တယ်။ လီစဲလ်အတွက် နေသားတကျဖြစ်ဖို့ အရာအားလုံးအင်မတန်ခက်ခဲနေတယ်။ အိပ်မက်ဆိုးတွေနဲ့ ညတွေညတွေမှာ လီစဲလ် လန့်နိုးနေတတ်တယ်။ အိပ်မက်ထဲမှာ လီစဲလ်တွေ့နေခဲ့တာက အမေရင်း နဲ့ သေဆုံးခဲ့တဲ့အစ်ကို တို့ကိုပါ။ လီစဲလ်လေးရဲ့ မှို့ယာအောက်မှာလှိုသွင်းသိမ်းဆည်းထားတဲ့ The Grave Digger’s Handbook စာအုပ်ကို မွေစားဖခင် ဟန်စ် တွေ့သွားတယ်။ ဟန်စ်က အကျိုးရှိအောင်/ အိပ်မရတဲ့နာရီတွေကို ကုန်ဆုံးသွားစေအောင် စာတစ်အုပ်ကို ဘယ်လိုဖတ်ရမယ်၊ စာတစ်ပုဒ်ကို ဘယ်လိုရေးရမယ်ဆိုတာ လီစဲလ်လေးကို သင်ပေးတယ်။ လီစဲလ် ပြန်ပြီးအိပ်ပျော်သွားနိုင်တဲ့အချိန်အထိစောင့်ရင်းနဲ့ပေါ့။ ဟန်စ် တစ်ရက်တော့ ဂျူး လူငယ်လေးတစ်ဦးကို သူ့ရဲ့ အိမ်မှာ ပုန်းခိုစေတယ်။ ကူညီခဲ့တယ်။ အဲဒီ ဂျူးလူငယ်လေး မက်စ်နဲ့ လီစဲလ် သူငယ်ချင်းဖြစ်သွားတော့ မက်စ်က စာဖတ်ဝါသနာကြီးလှတဲ့ လီစဲလ် အတွက် စာတစ်ပုဒ် မွေးနေ့လက်ဆောင်အဖြစ်ရေးပေးတယ်။ ဟစ်တလာရဲ့ မွေးနေ့ ဧပြီ ၂၀ ရက်နေ့က လူမြင်ကွင်းမှာပြုလုပ်နေကြ စာအုပ်မီးရှို့ပွဲတစ်ခုမှာ လီစဲလ် စာအုပ်တစ်အုပ်ကို ခိုးယူခဲ့လိုက်ပါတယ်။ တစ်ဦးတည်းသော မျက်မြင်သက်သေက မြို့တော်ဝန်ရဲ့ ဇနီး တဲ့။ လီစဲလ် အတွက် ဒုက္ခပွေတော့မလား။ စိတ်ဝင်စားစရာရိုက်ချက်တွေနဲ့ Book Thief လေး လီစဲလ်ရဲ့ ဘဝအကြောင်းနဲ့ နာဇီဂျာမနီပါတီ စစ်ပွဲမြင်ကွင်းတွေ ထိတ်လန့်တကြားမြင်တွေ့ရမယ့် ဒရာမာရုပ်ရှင်ပါ။

Frozen
Animation / Action / Adventure
Walt Disney Studios, Motion Pictures
ဒါရိုက်တာ - Chris Buck, Jennifer Lee
ထုတ်လုပ်သူ - Peter Del Vecho, John Lasseter
ဇာတ်ညွှန်း - Jennifer Lee
အသံသရုပ်ဆောင်များ - Kristen Bell, Idina Menzel, Jonathan Groff, Santino Fontana, Josh Gad, Alan Tudyk

ငွေနှင်းမှုန်တွေ တဖွဲဖွဲ မစဲတမ်းကျလာတတ်တဲ့ ဆောင်းရာသီကို ကြိုဆိုရင်းကြည့်နိုင်မယ့် စွန့်စားခန်း၊ အထူးပြုလုပ်ချက်တွေနဲ့ Walt Disney က ရုပ်ရှင်ပါ။ Frozen ရုပ်ရှင်မှာ အကြောက်အရွံကင်းပြီး အရာရာကို အကောင်းမြင်တတ်တဲ့ အန်နာ (Kristen Bell)ရယ်၊ ကျားကျားလျားလျား တောင်တက်သမား ခရစ်တော့ဖ် (Jonathan Groff)ရယ်၊ သူ့ရဲ့ သစ္စာရှိလှတဲ့ ရိန်းဒီးယားသမင်ကြီး စဗန် တို့ဟာ သည်းထိတ်ရင်ဖို စွန့်စားရမယ့်ခရီးတစ်ခုမှာ ခရီးအတူသွားနေမိကြပြီ။ ထူးခြားဆန်းပြားအဖြစ်တွေလည်း ပက်ပင်းကြုံတော့တယ်။ အင်မတန်ရယ်မောစရာကောင်းလှတဲ့ နှင်းလူ အိုလာ့ဖ် (Josh Gad)လည်း အဲဒီခရီးမှာ တပါတည်းလိုက်လာတယ်။ သူ့တို့ရင်ဆိုင်တိုးနေကြတဲ့ခရီးဆိုတာက ထောင်ချောက်တစ်ခုမှာ အံ့မတုနိုင်ဘဲပိတ်မိနေတဲ့အန်နာရဲ့ အစ်မ အဲလ်စာ (Idina Menzel)ကို ပြန်လည် ကယ်ဆယ်ထုတ်ယူဖို့ပါ။ အဲလ်စာ့မှာ ရေခဲစွမ်းအားရှိတယ်၊ နှင်းဘုရင်မတစ်ဦးပေါ့။ အန်နာရော အဲလ်စာပါ Arendelle နိုင်ငံ တော်ဝင်မိသားစုဝင်တွေပါ။ အဲလ်စာရဲ့ ရေခဲစွမ်းအားကို မှော်စွမ်းအားတွေနဲ့ခိုင်းစေပြီး တလွဲအသုံးချစေခိုင်းထားတော့ အန်နာတို့ရဲ့ နိုင်ငံဟာ မဆုံးတော့တဲ့ ဆောင်းရာသီထဲမှာ အေးခဲပိတ်မိနေကြတော့မယ်တဲ့။ အစ်မ အဲလ်စာ နဲ့ နေရောင်နွေးနွေးနေ့ရက်တွေပြန်မြင်ရဖို့ အန်နာ အားသွန်ခွန်စိုက်ကြိုးစားရတော့မှာပေါ့။

The Wolf of Wall Street
Biography / Crime / Drama
Paramount Pictures
ဒါရိုက်တာ - Martin Scorsese
ထုတ်လုပ်သူ - Martin Scorsese, Leonardo DiCaprio, Riza Aziz, Joey McFarland, Emma Koskoff
ဇာတ်ညွှန်း - Terence Winter
သရုပ်ဆောင်များ - Leonardo DiCaprio, Jonah Hill, Margot Robbie, Matthew McConaughey, Jon Favreau, Kyle Chandler, Rob Reiner, Jean Dujardin

ထူးချွန်ကျော်ကြားတဲ့ ဒါရိုက်တာကြီးတွေထဲကတစ်ဦးဖြစ်တဲ့ Taxi Driver, Raging Bull, Goodfellas, Casino ရုပ်ရှင်တွေရိုက်ကူးခဲ့သူ၊ The Departed နဲ့ အကယ်ဒမီဆုရရှိခဲ့တဲ့ အမေရိကန် ဒါရိုက်တာကြီး မာတင်စကော့စေးစီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ။ စတော့ဈေးနှုန်းတွေ ဈေးကစား၊ ကြိုးကိုင်ခြယ်လှယ်တဲ့ပြစ်မှုတွေနဲ့ ပြစ်ဒဏ်ချခံခဲ့ရတဲ့ အမေရိကန်စာရေးဆရာ Jordan Belfort ရဲ့ဘဝဇာတ်ကြောင်းကို အခြေခံထားတာပါ။ ဘဲလ်ဖော့ထ်အဖြစ် လီယိုနာဒို ဒီကာပရီယိုက သရုပ်ဆောင်ပါတယ်။ The Wolf of Wall Street ဟာ စကော့စေးစီး နဲ့ ဒီကာပရီယိုတို့ ငါးကြိမ်မြောက် လက်တွဲရိုက်ကူးခဲ့တဲ့ရုပ်ရှင်ပါ။ နယူးယောက် စတော့ဈေးကွက်ကိုကစားနေတဲ့ စတော့ပွဲစားတစ်ဦး၊ လုံခြုံရေးဝန်ထမ်းအဖွဲ့အစည်းတွေနဲ့ လက်ဝါးချင်းရိုက် လိမ်လည်တဲ့ကိစ္စတွေဖန်တီးတယ်။ Wall Street က အကျင့်ပျက်ခြစားမှုတွေမှာ ပူးပေါင်းတယ်။ ဘဏ်လုပ်ငန်းတွေမှာလည်း အုံလိုက်ကျင်းလိုက် စိမ့်ဝင်ထိုးဖောက်ကြတယ်။ ပြစ်မှုတွေ၊ ခြစားမှုတွေ နဲ့ ဗဟိုအစိုးရအပါအဝင် ပွေလီလိမ်ယှက်နေတဲ့ တကယ့် Wall Street ကမ္ဘာက အဖြစ်အပျက်တွေကို ပုံဖော်ရိုက်ကူးထားတာပါ။ ဇွန်လ ၁၆ ရက်နေ့က ပြသလိုက်တဲ့ ပထမဆုံး ရုပ်ရှင်နမူနာမှာ hip hop အဆိုသမား Kanye West ရဲ့ Black Skinnhead သီချင်းနဲ့ နောက်ခံထားပြသသွားတယ်။ ဒီကာပရီယိုရဲ့ သရုပ်ဆောင်ဟန်ပန်အမူအရာကို မြင်တွေ့ရတာကတော့ Gatsby ကို ပြန်မြင်ယောင်မိစရာပဲလို့ ဆိုကြတယ်။

Thor: The Dark World
Action / Adventure / Fantasy
Walt Disney Studios, Motion Pictures
ဒါရိုက်တာ - Alan Taylor
ထုတ်လုပ်သူ - Kevin Feige
ဇာတ်ညွှန်း - Christopher Yost, Christopher Markus, Stephen McFeely
သရုပ်ဆောင်များ - Chris Hemsworth, Natalie Portman, Tom Hiddleston

Marvel Comics ဇာတ်ကောင် Thor ရဲ့ စွန့်စားခန်းတွေနဲ့ စူပါဟီးရိုးရုပ်ရှင်ပါ။ ရုပ်ရှင်ဇာတ်ဝင်ခန်းတွေကို အင်္ဂလန်အရှေ့တောင်ပိုင်း ဆာရေး၊ နောက်ထပ် အိုက်စ်လန် နဲ့ လန်ဒန်မြို့တွေမှာ ရိုက်ကူးထားပါတယ်။ The Avengers တွေရဲ့ အရေးတကြီးအဖြစ်အပျက်တွေပြီးဆုံးသွားပြီး တစ်နှစ်ကြာတဲ့အခါ ..  သော (Chris Hemsworth) ဟာ စကြာဝဠာကြီးထက်သက်တမ်းကြီးရင့်နေတဲ့ လှို့ဝှက်ဆန်းကြယ်၊ ပဟေဠိကြွယ်လွန်းလှတဲ့ရန်သူရဲ့လက်ကနေ သူ့နယ်ပယ်တွေကို ကာကွယ်ရပါမယ်။ သော က Asgard နယ်က မင်းသာတစ်ပါးပါ။ သော ရဲ့ အချစ်ကလေး ဂျိန်းက ကြယ်တွေ ဂြိုဟ်တွေရဲ့ ဖွဲ့စည်းပုံကို လေ့လာနေတဲ့ ရူပနက္ခတ္တဗေဒပညာရှင်လေး၊ သော က ဂျိန်းကို မြေကမ္ဘာကနေ Asgard နယ်ဆီအရောက်ခေါ်လာခဲ့တာတဲ့။ ဂျိန်းမှာ နားလည်ရန်ခက်လှတဲ့စွမ်းအင်တစ်မျိုး ကူးစက်စွဲကပ်ခံနေရတယ်။ ပထမဇာတ်လမ်းတွဲ (Thor and The Avengers) မှာ တော့ သော ဟာ ကူးခတ်သွားလာစရာရေမရှိ၊ ကုန်းမြေပေါ်မှာမောဟိုက်နေတဲ့ မြေကမ္ဘာက ငါးတစ်ကောင်လိုပဲ လို့ ထုတ်လုပ်သူ Kevin Feige က ပြောပါတယ်။ ဒီရုပ်ရှင်မှာတော့ ဂျိန်းက Asgard နယ်မှာ ရေနဲ့ ဝေးနေတဲ့ ငါးလေးတစ်ကောင်ပေါ့ လို့ ဆိုတယ်။ ဂျိန်း အဖြစ် Natalie Portman က သရုပ်ဆောင်ပါတယ်။ ၂၀၁၁ က ပြသခဲ့တဲ့ Thor ရဲ့ အဆက်၊ Marvel ဇာတ်လမ်းတွဲတွေရဲ့ ရှစ်ကားမြောက်ဇာတ်လမ်းတွဲပါ။ သော က ဂျိန်းကို ကတိပေးတယ် “အမှောင်ကမ္ဘာကြီးပဲဖြစ်သွားခဲ့ပါစေ၊ အားလုံးကို ကယ်ဆယ်ဖို့နည်လမ်းတစ်ခု ငါရှာမယ်” တဲ့။

ဖြိုးဖြိုး
Yati Magazine, November, 2013

No comments: