Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, October 29, 2013

အသားကင် စားမယ်ပြင်ရင်

အသားကင် (Grill meat) ယဉ်ကျေးမှုခေတ်ကြီးထဲရောက်နေပြီလို့တောင် ပြောရတော့မလားပဲ။ အကင်အမျိုးအစားစုံရောင်းချတဲ့ ဆိုင်ကြီး၊ ဆိုင်သေးလးတွေ ဟိုဟိုဒီဒီများလွန်းလှပါတယ်။ သုတေသနပညာရှင်တွေအကြံပြုနေကြတာတော့ အကင်တွေနဲ့ ကင်ဆာ ချိတ်ဆက်မှုရှိနေသတဲ့။ ဒါပေမဲ့ မျက်ခုံးလှုပ်စရာအန္တရာယ်ကို ဖြတ်တောက်ပြစ်နိုင်တဲ့နည်းလမ်းလေးတွေရှိနေပါတယ်။ ကျန်းမာရေးနဲ့ ပိုပြီးညီညွတ်တဲ့ အကင်တွေ ရွေးချယ်စားနိုင်မယ့် ရိုးရိုးရှင်းရှင်းနည်းလမ်းလေးတွေက စိတ်ဝင်စားစရာပါ။

တူးချစ်တာတွေ ခပ်ဝေးဝေး
well-done ဘာဂါ well-done hotdog တွေဟာ ကိုယ့်ရဲ့ အကြိုက်တွေဆိုရင်တော့ ဒီအချက်လေးကို သေသေချာချာဖတ်ရတော့မှာပါ။ အကျက်လွန်အောင်/ တူးချစ်နေအောင်ပြင်ဆင်ထားတဲ့ အသားဟာ ပန်ကရိယကင်ဆာဖြစ်ပွားနိုင်ချေ ၆၀ ရာခိုင်နှုန်းထိတိုးစေနိုင်တယ်တဲ့။ University of Minnesota လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။ အဲဒီလို တူးချစ်နေအောင် ကင်ထားတဲ့အကျက်လွန်အသားတွေ မှန်မှန်စားသုံးတဲ့အလေ့အထရှိနေတဲ့ လူပေါင်း ၆၂၀၀၀ ကျော်ကို ကိုးနှစ်ကျော်ကာလအတွင်း လေ့လာခဲ့ကြတာပါ။ ဘာကြောင့်များလဲ။ အသားတွေကို အပူချိန်မြင့်မြင့်မှာ ချက်ပြုတ်တဲ့အခါ HCAs (heterocyclic amines) နဲ့ PAHs (polycyclic aromatic hydrocarbons) စတဲ့ ဓာတုပစ္စည်းတွေဖြစ်ပေါ်စေတယ်။ အဲဒီ ကာဆီနိုဂျင်(ကင်ဆာဖြစ်စေတဲ့အရာ) တွေဟာ DNA ထဲမှာ ပြောင်းလဲမှုတွေဖြစ်ကုန်ပြီး ကင်ဆာရောဂါဆီ ဦးတည်စေနိုင်တာကြောင့်ပါ။

အဲဒါကြောင့် အသားကို ကင်တော့မယ်ဆိုရင် အဆီ၊ ဂျုစ်အရည်ဓာတ်နည်းတဲ့/ မပါတဲ့ အသားမျိုးရွေးချယ်ပါ။ အသားမှာရှိနေတဲ့ အဆီ၊ အရည်ဓာတ်တွေဟာ မီးကင်တဲ့အခါ မီးတောက်တွေ လင်းဖြာထတောက်စေတယ်။ မီးခိုး၊ မည်းမည်းတွေပိုပြီး အသားမှာကပ်ငြိစေတယ်။ အဲဒီ တူးချစ်နေတဲ့မီးကျွမ်းထားတဲ့အမည်းသားလေးတွေဟာ ကာဆီနိုဂျင်ဖြစ်ပေါ်စေသတဲ့။ တူးချစ်နေတဲ့မီးကျွမ်းအသားတွေကို ဖယ်ထုတ်ပစ်ပါ။ အဲဒါဟာ HCAs ကို ၇၅ ရာခိုင်နှုန်းကနေ ၉၅ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ် လို့ Nutrition Action Healthletter က ဆိုတယ်။ အကျက်လွန်အောင်ကင်ထားတဲ့အသားကိုမှ ကြိုက်နှစ်သက်တယ်ဆိုရင် မစားခင်မှာ အဲဒီ တူးချစ်နေတာလေးတွေ သတိထားရှင်းပစ်ပေးပါ။

အသားကို နူးညံ့ပျော့ပျောင်းအောင် ပြင်ဆင်ပါ
ဆီ၊ ဝိုင် အမွှေးအကြိုင်နဲ့ပြင်ဆင်ထားတဲ့ marinade အရည်မျိုး မချက်ပြုတ်မီစိမ်ပါတဲ့။ သုတေသနပညာရှင်တွေကတော့ ဘာကြောင့်လည်းအတိအကျမပြောနိုင်ပေမယ့် marinated အသားမျိုးဟာ ကာဆီနိုဂျင်တွေကိုယ့်ဆီရောက်မလာအောင် အဆီးအတားပုံစံမျိုးဖြစ်စေတယ်လို့ ဆိုတယ်။ အမေရိကန်ကင်ဆာသုတေသနအဖွဲ့ကပြောတာက အသားကိုမချက်ပြုတ်မီအဲဒီအရည်နဲ့ အနည်းဆုံး မိနစ်၃၀ နှပ်ထားတာဟာ HCAs ဖြစ်ပွားမှုကို လျှော့ချပေးတယ်တဲ့။ marinade အမျိုးအစားပေါ်မှာတောင်မူတည်နိုင်သေးတယ်။ Kanas State University နဲ့ Food Science Institue က တွေ့ရှိခဲ့တာက ကရစ်ဘီယံ Marinade နဲ့ ပြင်ဆင်ထားတဲ့ အသားပျဉ်ကို ကင်တာ/ ချက်ပြုတ်တာဟာ HCAs ကို ၈၈ ရာခိုင်နှုန်းထိတောင် လျှော့ချပေးနိုင်တယ်။ herb marinade ကတော့ ၇၂ ရာခိုင်နှုန်း နဲ့ Southwestern marinade အရောအနှောကတော့ ၅၇ ရာခိုင်နှုန်းလျှော့ချပေးပါတယ်။

အသားကင်ချိန် နည်းပါစေ
အသားကိုကင်တဲ့အချိန်ကြာတာဟာလည်း ကာဆီနိုဂျင်ဖြစ်ပွားဖို့ ဦးတည်နေတယ်တဲ့။ ဘာကြောင့်လည်းဆိုတော့ အချိန်ပိုကြာကြာလေး ကင်လေ မီးတောက်တွေနဲ့လောင်ကျွမ်းပြီး မီးကျွမ်းတာတွေပိုများနိုင်တာကြောင့်ပါ။ အဲဒါကြောင့် အချိန်ပေးပြီးကင်ရတဲ့ ကြက်သား/ အမဲသားမျိုးထက် ငါးကို ရွေးချယ်တာပိုကောင်းတယ်။ ဒါမှမဟုတ် တံစို့ထိုးပြီးကင်နိုင်အောင် အသားတုံးသေးသေးလေးတွေဆိုလည်း ကင်ချိန်နည်းစေတာကြောင့်သင့်တော်ပါတယ်။ အမေရိကန်ကင်ဆာသုတေသနအဖွဲ့က အကြံပြုချက်တစ်ခုကလည်း အသားတွေကို မကင်ခင်မှာ မိုက်ကရိုဝေ့ဖ်မီးဖိုထဲမှာ အသားကို အနည်းငယ်ကျက်သွားစေတာဟာလည်း HCAs ကို ၉၀ ရာခိုင်နှုန်းလျော့ကျစေတယ်လို့ဆိုတယ်။ ဒါပေမဲ့ အဲဒီလိုမိုက်ကရိုဝေ့ဖ်ထဲမှာ အနည်းငယ်ချက်ပြုတ်ပြီးတာနဲ့ ချက်ချင်းထုတ်ယူပြီးကင်ရပါမယ်။ တဝက်တပျက်ချက်ပြုတ်ထားတဲ့အသားကို အချိန်ကြာကြာထားလိုက်ပြန်ရင်လည်း ဗက်တီးရီးယားနဲ့ ရောဂါဖြစ်စေတဲ့ pathogen တွေရှိလာနိုင်ပြီး အဲဒီအသားတွေစားတဲ့အခါ ဖျားနာနိုင်သေးတယ်။

ပြုပြင်ထားတဲ့အသားမျိုးရှောင်ပါ
hotdog နဲ့ အစာသွပ်အသားချောင်း (ကြက်အူချောင်း/ ဝက်အူချောင်း)တွေကို ရှောင်သာရှောင်ပါ။ သူတို့ရဲ့အရသာက ကောင်းပါတယ်။ ဒါပေမဲ့ အဲဒီစားဖွယ်ရာလေးတွေပြင်ဆင်တဲ့အချိန်မှာ၊ ကင်ဆာဖြစ်စေတဲ့ဝတ္ထုပစ္စည်းလေးတွေဖြစ်ပေါ်စေသတဲ့။ အူမကြီးနဲ့ စအိုကင်ဆာဖြစ်နှုန်းတိုးစေတယ်လို့ အမေရိကန်ကင်ဆာသုတေသနအဖွဲ့ကပြောပါတယ်။

မီးလျှံလေးတွေနဲ့ မတို့မထိအောင်
ဖြစ်နိုင်မယ်ဆိုရင် အပူရှိန်သိပ်မများဘဲ ကင်ပါ။ အပူရှိန်များလွန်းတာဟာ အသားကို မာသွားစေပြီး မီးကျွမ်းစေတယ်၊ တူးချစ်သွားစေတယ်။ အသားကင်တဲ့သံပြား/စင် တွေမှာ ကပ်နေတဲ့ဆီတွေနဲ့ မတိတွေ့အောင် အသားရဲ့ အောက်ခြေမှာ အရံအတားထားပေးပါ။ ကင်မယ့် အသား/ အသီးအရွက်တွေနဲ့ အသားကင်စင်ကြားမှာ aluminium foil လေး ဖြန့်ခင်းထားနိုင်ပါတယ်။ အပေါက်လေးတွေတော့ ထိုးဖောက်ထားပေးပါ။ အသားနဲ့ အသီးအရွက်တွေက ထွက်လာမယ့်အဆီတွေ အိုင်မနေနိုင်အောင်လို့ပါ။ ဒါဆိုရင်တော့ မီးကျွမ်းအကင်လေးတွေဖြစ်မသွားနိုင်တော့ပါဘူး။

အသီးအနှံ၊ ဟင်းသီးဟင်းရွက်ကင် ဆိုရင်ရော
အကင်အရသာကိုမှ စွဲလမ်းသူတွေအတွက် အသားတွေနဲ့ အသီးအရွက်တွေနဲ့ နေရာလဲလိုက်ရတော့မှာပါ။ ကင်ဆာဖြစ်နှုန်းကိုလျှော့ချချင်တယ်ဆိုရင် အသီးအနှံ၊ ဟင်းသီးဟင်းရွက်ဘာဂါ အားလုံးဟာ စိတ်ချရတဲ့ ရွေးချယ်မှုတွေပါပဲ။ ကင်ဆာတွေကို လျှော့ချတိုက်ဖျက်နိုင်တဲ့ phytochemicals တွေဟာ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေထဲမှာ ဆုကြေးအဖြစ်ပါဝင်နေပါတယ်တဲ့။

ကင်တဲ့စင်ကို သန့်ရှင်းစေချင်
ကိုယ့်ရဲ့ အကင်လေးတွေ ကင်မယ့်စင်ကို တစ်ခါအသုံးပြုပြီးတာနဲ့ မျက်နှာပြင်စင်အောင် ခြစ်ထုတ် ပွတ်တိုက်ကာ ဆေးကြောရပါမယ်။  အသားကင်ပြီးကျန်ရစ်ခဲ့တဲ့ ကာဆီနိုဂျဲနစ်အကြွင်းအကျန်တွေဟာ နောက်တစ်ကြိမ်ကင်တဲ့အခါမှာ အသေအချာအနှောင့်အယှက်ပေးနိုင်တယ်။ ကျန်ရစ်နေတဲ့ဓာတုပစ္စည်းတွေဟာ ကိုယ့်ရဲ့ အကင်လေးတွေဆီ ခုန်ကူးလာလိမ့်မယ်။

ဒီအချက်လေးတွေအတိုင်းပြုလုပ်ပြင်ဆင်/ ကင်ကြမယ်ဆိုရင် ကိုယ့်ရဲ့ စားချင်စဖွယ်အကင်လေးတွေဟာ ကင်ဆာလည်းကင်းဝေးစေမယ်။ အရသာလည်းရှိလှတဲ့ အသားကင်၊ အသီးအရွက်ကင်လေးတွေဖြစ်နေမှာပေါ့။    ။
Source : 7 Guidelines for Healthier Grilling by Reader's Digest

ဖြိုးဖြိုး
Living Fashion Magazine, November, 2013

No comments: