Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, October 04, 2013

ကျားမင်းသမီးလေး

ကြည့်  လာပြန်ပြီတယောက်။
သူကတမျိုး။ ခင်လေးစီးလာတဲ့ စက်ဘီးရှေ့ကနေ သူ့ စက်ဘီးကိုချေဖျားထောက်  ပိတ်ရပ်ထားသည်။ ခင်လေးပါ ဆင်းလိုက်ရပြီ။
"ဖယ်ပါ။ ခင်လေး ထမင်းဆာနေပြီ" 
"ဆာရင် ချစ်တယ်လို့ မြန်မြန်ပြောလိုက် ..ဖယ်ပေးမယ်"
"မဟုတ်တာ။ အဲလို အကြပ်မကိုင်ပါနဲ့။ ဆရာ့ကို တိုင်မှာနော်"
"ကိုယ့်အကိုက ကျောင်းဆရာလေ။ တိုင်ပေါ့"
ခင်လေး ရင်ထဲ အောင့်သွားသည်။ တရားမရှိ ဓားမရှိ။ ခင်လေး ဦးလေးက ပညာအုပ် လို့ ပြောပစ်လ်ုက်ရမှာ။
ခင်လေး ဘာမှ မပြောဖြစ်။ စက်ဘီးကို နောက်ကြောင်းပြန်လှည့်ကွေ့ပြီး အပြေးတက်စီးတော့သည်။နောက်ကိုလှည့်မကြည့်။ လိုက်နှောင့်ယှက်နေမလား တွေးပူမိသေး။
နေ့ခင်း ကျောင်းဆင်းတာနဲ့ ခင်လေးက အိမ်ကို အသော့နှင်ချင်သည်။ အမေချက်သည့် ထမင်းပူပူကို သူက စားချင်နေပြီလေ။
မနေ့က တယောက်က တမျိုး။ စက်ဘီးချင်းယှဉ်ကပ်ပြီး ရည်းစားစာကို ကုတ်အင်္ကျီ အိပ်ထဲ အတင်းထိုးထည့်သွားသည်။ ဘာမှ မပြော။ ထည့်ပြီး လစ်ပြေးသည်။ တခါမက။ နှစ်ခါ သုံးခါ။ 
တယောက်ကမူ ခင်လေး ကျောင်းဝင်နောက်ကျလို့ စာကူးပေးမယ်ဆိုပြီး စာအုပ် အပေးမှာ ရည်းစားစာ ညှပ်ပေးလိုက်သည်။ (သူ့လက်ရေး ပြူးပြူးကြီးကို မကြိုက်တဲ့ ခင်လေးက ကိုယ့်စာအုပ်နှင့်ကိုယ် ကိုယ့်လက်ရေးနှင့်ကိုယ် ပြန်ကူးရသေး။ စာတော့ ကြေသွားသည်။) 
သူငယ်ချင်းတယောက်ကနေ တဆင့် လည်း ပေးတတ်ကြသေးရဲ့။
ဟိုတယောက်ကမူ ခင်လေးထိုင်တဲ့ ခုံရှေ့ စားပွဲစောင်းတွင် စာကို ပစ်ချထားခဲ့သည်။

I love you. Please tell me White ? 
or Black ? 
တဲ့။ ဘုရားရေ..ခက်လိုက်တာ။ ကျောင်းလာတာ ဘာလုပ်ဖို့ပါလိမ့်။ တယောက်ပြီးတယောက် ရည်းစားစာ ပေးနေကြတယ်။ 
ခင်လေး ရယ်ချင်လိုက်တာ။ အတန်းထဲက ခပ်နောက်နောက် ကျောင်းသား မောင်မောင်က လာကြည့်ပြီး ဆွဲယူဖတ်ကြည့်ကာ black board မှာ ဖြေဖြူနှင့် သွား ရေးသည်။ 
ကျောင်းသူကလေးတွေ အားလုံး ဒီမှာ မေးခွန်းမေးထားတယ် အဖြေလာရေးကြပါ 
လို့ ရွှတ်နောက်နောက်အော်သည်။ 
ခင်လေးက စရေး 
လို့ ပြောတော့ ခင်လေး ခွီးကနဲ ရယ်မိတော့သည်။ အခန်းထဲရှိ ကျောင်းသားအားလုံးပါ ၀ါးကနဲ လိုက်ရယ်ကြသည်။ စာပေးတဲ့ ကျောင်းသား နောက်ထပ် မလာရဲတော့ပါ။ 
မောင်မောင် က ပျော်တတ်သည်။ ခင်လေးရယ် အုံးအုံးရယ် သန်းထွန်းရယ်  မောင်မောင်ရယ် ကြက်တောင်ရိုက်ဖေါ် ရိုက်ဖက်တွေ ဖြစ်သည်။ ပြောမနာ ဆိုမနာ။
ဖေဖေကပြောသည်။ ကျောင်းစာကလွဲလို့ ဘာမှ စိတ်မ၀င်စားရဘူးတဲ့။ ဟုတ်တာပေါ့.။
မေမေကတော့ ကောင်လေးတွေကို အရေးမလုပ်နဲ့နော်။သူတို့ ကို အနှောင့်အယှက်တွေ ပရောဂတွေလို့ မှတ်လိုက် တဲ့။ အန္တရယ်ကောင်တွေ လို့ မှတ်လိုက် တဲ့။
ဟုတ်တယ်။ ပရောဂတွေ။ အန္တရယ်တွေ ခုပဲကြည့်လေ။ လူမြင် သူမြင် လမ်းမှာ လိုက် အနှောင့်အယှက်ပေးတယ်။ မုန်းစရာ။ ဆူးညှောင့်ခလုပ်တွေ ။
ဒီအကောင်တွေ ဘယ်လို နှိမ်နင်းရမလဲ မသိ။
ခင်လေး ဒီကျောင်းရောက်မှ စာပေးခံနေရသည်။ အရွယ်လေးရလာလို့ ထင်ပါရဲ့။ ခင်လေးက Wesley ကျောင်းကနေ ၂နှစ်နားပြီး ဗုဒ္ဓဘာသာ အစိုးရကျောင်း ပြန်နေတော့  ရှစ်တန်းမှာ နေရသည်။
ကိုးတန်းဆယ်တန်း ကျောင်းသားကြီးတွေက  သိပ်ကို ဆိုးသည်။ ကျောင်းသူအသစ်ကလေးတယောက် မရောက်လိုက်နှင့် ရောက်တယ်ဆိုရင်ပဲ ကော်ရစ်ဒါကနေ ရှေ့ ရှောက် နောက်ရှောက် အခေါက်ခေါက် ပေစောင်းပေစောင်း  ကြည့်သည်။
တည့်တည်လည်းကြည့်သည်။ ရစ်သီရစ်သီ လုပ်သည်။ 
ခေါင်းလောင်းထိုးကာနီးမှ ကပ်လာတာတောင် အခန်းရှေ့မှာ ရှိနေကြသည်။ recess အချိန်ဆိုခင်လေးအခန်းရှေ့  မယောင်မလည် ရောက်လာကြပြန်ရော။
 ခက်တယ်။ စာသင်ချင်တဲ့ ခင်လေးစိတ်တွေကိုေ၀၀ါးလှုပ်ရှားစေတာတော့ အမှန်။
ဒါ မေမေပြောသလိုပါပဲ။ ခင်လေးကို အနှောင့်အယှက် ပေးနေတာ။ ဒီအထဲ ခင်လေးကို လာချောင်းကြည့်နေတာလို့ အရိုးခံနဲ့ ပြောသူ ကျောင်းသူတချို့ ရှိသလို ခင်လေးကို မလိုတမာ လာပြန်ပီဟေ့နော် တအုပ်ကြီး ဆိုပြီး ခပ်စွာစွာ ကျောင်းသူတချို့ကလည်း မကြားတကြား  ဟားချင် နောက်ချင်ကြသေးသည်။အမျိုးမျိုးပါပဲ။

သူတို့ဘာသာ သူတို့ စာလိုက်ပေးနေတာကိုပဲ ခင်လေးက ရည်းစားများပြန်သတဲ့။ မလိုတဲ့ ကျောင်းသူတချို့က ကွယ်ရာမှာ အတင်းပြောတတ်ချင်ကြသေး။ခက်သည်။ခင်လေးက စကားများများမပြောချင်။မပြောတော့ မာနကြီးသည် ဘ၀င်မြင့်သည်ဟု စွပ်စွဲချင်ကြပြန်ပါရော။ 
 ကျောင်းသူ ဘ၀ လူဖြစ်ရသည်မှာ  မလွယ်ပါလား ဟု ခင်လေး ငြီးမိတော့သည်။
ခင်လေး ကျောင်းစာကိုပဲ ကျက်မှတ်ချင်ပါသည်။ ဘာ့ကြောင့်များ ဘေးကလူတွေ တယောက်တပုံစံ လိုက် နှောင့်ယှက် နေကြပါလိမ့်။
ခင်လေး အသည်းက နုနုငယ်ငယ် မို့ မခိုင့်တခိုင် ခိုင့်တခိုင်။ သူတို့ကြောင့် 
စိတ် အရမ်းရှုပ်ရသည်။ ဘယ်လို လုပ်ရပါ့။ ခင်လေး တနေ့ ၀တ္ထုတပုဒ် ဖတ်မိသည်။ ကျားမင်းသမီး တဲ့။
ဒါနဲ့ ခင်လေးအကြံတခုရပြီး သူငယ်ချင်းလေးယောက် ရဲလေးဖေါ်  ၀ိုင်းဖွဲ့ တိုင်ပင်ကြသည်။ ခင်လေးရဲ့ အဖွားနဲ့ အမေက ခန္တီးရှမ်း။ ထမံသီ မျိုးဆက်။ သမန်းမြက်ကိုက် လူကနေ ကျားဘ၀ပြောင်းပြီး  တောထဲဝင် သားကောင်းတွေ စား။ လူကိုလည်းကိုက်စားတတ်တယ်လို့ သတင်းလွှင့် အဲဒါဆိုရင် ခင်လေးအနား ဘယ်သူမှ မကပ်ရဲ။ ခင်လေးလည်း ပညာတတ်တယ်ပေါ့။ကျားမင်းသမီးပေါ့။ကောင်းတယ် ဒီအကြံ။
မကြာပါ။ ဒီသတင်း ကျောင်းမှာ ပြန့်နှံ့လာသည်။

တချို့က မယုံသော်လည်း ဟုတ်သော်ရှိ မဟုတ်သော်ရှိ  ရှောင်ကြသည်။တချို့က ယုံသည်။ ဟုတ်တယ်။ကြားဖူးတယ်ပေါ့။ခပ်ဝေးဝေးက ရှောင်ကြသည်။တချိုကတော့ မဖြစ်နိုင်တာ လို့ ငြင်းပယ်တဲ့သူလည်းရှိသည်။
ခါတိုင်း ခင်လေးမို့ ကျောင်ဝင်းထဲ မ၀င်လိုက်နှင့် ။ ၀င်လိုက်သည်နှင့် ရစ်သီရစ်သီ လာလုပ်သူ ကိုးတန်း ဆယ်တန်းသမားကြီးတွေ ဘာကြားသလဲ မသိ။ အနားမသီတော့။ ဟန်ကျသွားသည်။
အဆင်သင့်ချင်တော့ ဆုတောင်းပြည့်ဘုရားပွဲဈေးတန်းက ကျားနက်ကလေး နှစ်ကောင် ၀ယ်ရလာသည်။ မုန်းတဲ့သူကို ကျားနက် ပေးပြီး ကိုက်သတ်သတဲ့။ ကျားမင်းသမီးက။သတင်းက လွှင့်ပြီးသား။လိုရ မယ်ရ ဆောင်ထားမှ။ ကျားရုပ်က သစ်သားနှင့် လုပ်ထားသည်။အနက်စင်းကလေးတွေချယ်ထားသည်။ချစ်စရာတောင်ကောင်းနေသေး။

တနေ့ ခင်လေး ကျောင်းဆင်းတော့ ကိုစည်သူရယ်ခင်လေးနောက်ကလိုက်လာပြီး စက်ဘီးချင်း ယှဉ် စီးတော့သည်။
ဒါဆို ခင်လေးက သိပြီ။ ခင်လေး ကုပ်အကျီအိပ်ကပ်ထဲ သူ စာထည့်တော့မည်။သူထည့်တာ ၆စောင်ရှိနေပြီ။ ဇွဲက ခပ်ကောင်းကောင်း။ဇွဲရှိမှ အောင်နိုင်မည် ဆို မဟုတ်လား ။
ဟော .ပြောရင်းဆိုရင်း သူ့လက်က ခင်လေး အိပ်ထဲ ရောက်လာပြီ။ခဏပဲ။ ချက်ခြင်းပဲ လက် ပြန်နှုတ်သွားသည်။ ခင်လေးသိသည်။စာတစောင်ကျန်ရစ်သည်။ပြီးတော့ သူနောက်ရင်းပြန်လှည့် စက်ဘီးအပြေးနင်း ထွက်သွားရန်ပြင်သည်။
"ကို စည်သူ  ခဏ ခဏ"
"ဗျာ"
"ခဏ ခဏ  ခင်လေး ပြောစရာရှိလို့" သူ စက်ဘီးပေါ်က ဆင်းလာသည်။ ခင်လေးရှေ့ရောက်တော့.ပြုံးဖြီးဖြီးနဲ့ .
"ခင်လေး ကိုစည်သူ့ ကို စကားစပြောပြီနော်"
"ဟုတ်  ဟုတ်  ဒီမှာ လေ ကိုစည်သူ့ကို ခင်လေး ပေးစရာရှိလို့ "
ပြောပြောဆိုဆို  ခင်လေးလက်က လွယ်အိပ်ထဲ ပါလာတဲ့ ကျားအနက်လေးကို ထုတ်ယူပြီး စည်သူ့ 
ကုပ်အင်္ကျီအိပ်ကပ်ထဲထည့်ပေးလိုက်ရာ….
"အမလေးဗျ  ကြောက်ပါပီဗျ"
တခွန်းသာ အော်နိုင်ပြီး ကျားရုပ်ကလေးကို မကိုင်ရဲ မထိရဲလို့ပဲလားမသိ အင်္ကျီကိုပါ ချွတ်ချထားခဲ့ပြီး တချိုးတည်း စက်ဘီးနင်း လစ်ပြေးလေတော့သတည်း။
ကုပ်အင်္ကျီနှင့် ကျားရုပ်ကလေးသတင်းလည်း နောက် မကြားရတော့ပါ။ ဘယ်သူကောက်သွားသလဲ မသိချေ။ နောက်နေ့ ထိုကျောင်းသား ကျောင်းမလာပါ။ ခွင့်လည်းမတိုင်ပါ။ သူ့အဖေနှင့် ခရီးထွက်သွားသည်ဟု သာ ခင်လေးတို့ ကြားသိရသည်။

အတန်ကြာသည့်တိုင် ကျောင်းလာသည်ကို မမြင်ရလို့ မောင်မောင်တို့ စုံစမ်းကြည့်တော့   မန္တလေးကျောင်း ပြောင်းသွားသည်လို့ သတင်းကြားရသည်။ အသည်းငယ်ပုံများ။ မပြောချင်တော့ပါဘူး။ အားတောင်နာရမလို ဖြစ်ပြီ။ ဒါပေမဲ့လည်း..ဒါပေမဲ့ ပေါ့လေ..
ခင်လေးရယ် အုံးအုံးရယ် သန်းထွန်းရယ် မောင်မောင်ရယ် ကတော့ အစင်းသိ အတွင်းသိ ဆိုတော့…ဆုံတွေ့ကြသည့်အခါတိုင်းမှာ ရယ်ပွဲ ဖွဲ့ခဲ့ကြသည်။

ခင်မေသစ် 

No comments: