Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, October 07, 2013

♫ ပါရီကို လိုက်ကြမလား ♫

ကျွန်မတို့ငယ်ငယ်က စာရေးဆရာ ကိုကိုမောင်ရေးတဲ့ 'ပါရီတွင် သောင်တင်ခဲ့စဉ်က' အခန်းဆက်ဆောင်းပါးကိုဖတ်ရင်း ပါရီနဲ့ ကျွန်မကျွမ်းဝင်ခဲ့ပါတယ်။ ပါရီက သိပ်လှသတဲ့။
အိပ်မက်ဆန်ပြီး အပျော်အပါးလည်း သိပ်များသတဲ့။ 'သူရဲကောင်းသုံးယောက်' ၊'ခါးကုန်းကြီး'၊'ပြင်သစ်တော်လှန်ရေး'စတဲ့ ဘာသာပြန်တွေ တော်တော်လေးအဖတ်များခဲ့တော့' လူဝီဘုရင်'၊ '(Guillotine) ဂဲလော့တင်းခေါင်းဖြတ် စက်' ၊'ဘတ်စတီး အကျဉ်းထောင်'၊'ဗာဆိုင်းနန်းတော်၊' 'လူထုခေါင်း ဆောင် ဘရောက်ဆယ်လ်' ဆိုတာတွေ ကျွန်မ ခေါင်း ထဲ စွဲနေတာပေါ့။

ပြင်သစ်ဆိုတာနဲ့ အဲဒါတွေ တန်းစီပေါ်လာပြီး မျက်ဝါးထင်ထင်မြင် လိုက်ရသလိုအာရုံခံစားမိတယ်။ ခါးကုန်းကြီးဒေါသနဲ့လှုပ်ခတ်လိုက်တဲ့ ခေါင်းလောင်းသံဟာ ပါရီတစ်မြို့လုံးကို သိမ်သိမ့်တုန်ခါစေတာပါ။

Paris ကို ပြင်သစ်တွေက ပါရီလို့ခေါ်ပေမယ့် အမေရိကန်တွေကတော့ ပဲရစ်(စ်)လို့ခေါ်ကြတယ်။ ပါရီဟာ ပြင်သစ်ရဲ့ မင်းနေမြို့တော်ပါ။ မြို့ပြဧရိယာထဲ မှာကို ၁၂သန်းနီးနီး ရှိသတဲ့။ လူဦးရေ ထူထပ်သိပ်သည်းပြီး ကမ္ဘာအရပ်ရပ်က လူတွေ စုဝေးရောက်ရှိနေထိုင်ကြတယ်။ဥရောပမြို့တွေ ထဲမှာ အများဆုံးလို့ ဆိုရမှာပါ။ ပန်းချီ ပန်းပု အနုပညာ၊ ဖက်ရှင်ဒီဇိုင်းကအစ အစာရေစာမှာလည်း ဆန်းဆန်း ပြားပြားစားသောက်နိုင်တဲ့ မြို့တော်ပါရီပါ။ပြင်သစ်တွေ က စကားလည်းကြွယ်၊ ဟန်လည်းများသတဲ့။ ပါရီကို ဖက်ရှင်မြို့တော်လို့တောင် ခေါ်ဆိုရမှာ ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်အတန်းမီ အလှကုန်ပစ္စည်း မျိုးစုံ(ဥပမာ Chanel No.5,Lorial,Clarins စတဲ့)ထုတ်လုပ်ရာ မြို့တော်လည်းဖြစ်ပါတယ်။

မြို့တော်ကို လှပစွာ ဖြတ်သန်းစီးဆင်းနေတဲ့ Seain မြစ်ဟာ ယူနက်စကို အဖွဲ့က ကမ္ဘာ့အမွေအနှစ် အဖြစ် သတ်မှတ်စံထားရတာပါ။ အီဖယ်မျှော်စင်ဆိုရင်လည်း ကမ္ဘာ့အံ့ဖွယ် အဆောက်အဦဖြစ်ပါတယ်။ ချားလ်ဒီဂေါလ်နိုင်ငံတကာလေဆိပ်နဲ့ ဥမူပနိုင်ငံတကာလေဆိပ်တို့ဟာ ကမ္ဘာအရပ်ရပ်က လေယာဉ်တွေအတက်အဆင်း အများဆုံးပါ။ 

ခရီးသွားဧည့်သည်တွေအနေနဲ့ Eiffel မျှော်စင်၊ Arc de Tromphe အဆောက်အဦ၊ Notre Dame ဘုရားဝတ်ကျောင်း၊ LouVre ပြတိုက်၊ Moulin Rouge ရေခဲပြင်စတာတွေကို စိတ်တိုင်းကျ လေ့လာနိုင်မှာဖြစ်တဲ့အပြင် အမျိုးအမည် ပေါင်းများစွာ ကိုယ်သွားနိုင်ရင် သွားနိုင်သလောက် ကြည့်ရှုစရာတွေက တမေ့တမော တန်းစီနေတာပါ။ နှစ်စဉ် ခရီးသွားဧည့်သည်ပေါင်း ၄၅သန်းရှိပါသတဲ့။ ပါရီရဲ့ သမိုင်းအစကို နည်းနည်းပြောရရင် နောင်အခါ ဂဲလို စဲလ်တစ်(Gallo Celtic ) မျိုးနွယ်စုလို့ ခေါ်တွင် မယ့် စဲလ်တို-ရိုမင် (Celto-Roman) တို့ဟာ စိန်းမြစ် ပေါ်က အီလီဒီလာစီတီ( Eli-De_La_Site )ကျွန်း Lutetia မှာ အခြေချ နေထိုင်ကြတယ်။ 52BCE ခန့်မှာအဲဒီ စိန်းမြစ်လက်ဝဲဘက်ကမ်းက Lutetia အရပ်ကို မြို့ရွာကလေးတစ်ခုအဖြစ် တည်ထောင်လာ ကြတယ်။

အခု အခါမှာတာ့ အဲဒီနေရာကလေးဟာ '၅ ဆက်မြောက် လက်တင်ရပ်ကွက်' ဖြစ်နေပါပြီ။ရောမလူမျိုးတွေဟာ အနောက်တိုင်းအင်ပါယာ တစ်ခုအသွင် ပျိုးထောင်ခဲ့ကြပြီး 508 CE မှာတော့ သူတို့ ထွက်ခွာသွားခဲ့ကြတယ်။ တစ်ဖန် Clovis မျိုးနွယ် တို့က Clovis of the Franks မင်းဆက်ကို စတင်တည် ထောင်ခဲ့တယ်။ စစ်ပြုလိုသူ ဗိုက်ကင်းတွေ(Viking) ဖျက်ဆီးလာတာကြောင့် ပြိုကွဲ ပျက်ပြားပြီးနောက်မှာမှ ဆဲတစ်ရွာကလေးမှာ ပြန်လည်စုစည်းနေထိုင်ကြပြီး (France Kingdom) ပြင်သစ်ဘုရင့် နိုင်ငံတော်ရယ် လို့ အောင်မြင်စွာစိုက်ထူတည်ထောင်နိုင်ခဲ့ကြတယ်။

တဖြည်းဖြည်းစိန်းမြစ်လက်ျာဘက်ကမ်းကိုပါ ချဲ့ထွင် လိုက်တဲ့အခါ နှစ်တွေ ကြာညောင်းလာတာနဲ့အမျှ ယနေ့ မြင်တွေ့နေရတဲ့ ပါရီမြို့တော် ပြင်သစ်နိုင်ငံ ရယ်လို့ဖြစ်ထွန်းလာခဲ့တယ်လို့ ဆိုရမှာပါ။ နိုင်ငံတစ် နိုင်ငံ ဖြစ်ထွန်းပေါ်ပေါက်ဖို့ဆိုတာ တစ်နေ့တစ်ရက် တည်းနဲ့မရနိုင်ပါဘူး။ တစ်လ၊ တစ်နှစ်တည်းနဲ့လည်း မရနိုင်၊ နှစ်ပေါင်း ရာနဲ့ ထောင်နဲ့ချီ ပြုစုပျိုးထောင်ရတာ ပါ။

၁၈ရာစုနှစ်တွေမှာတော့ ဥရောပနဲ့ ပြင်သစ်မှာ နိုင်ငံရေးအုံကြွမှုတွေဖြစ်ပေါ်ခဲ့တယ်။ ဘုရင်စနစ်၊ ကံကြွေးချစနစ်တွေ ဘုရင်ဂျီဘုန်းတော်ကြီးတွေရဲ့ လွှမ်း မိုးချုပ်ကိုင်မှုတွေကို လူထုက လက်မခံ၊ ငြင်းပယ်လာ တယ်။ သက်ဦးဆံပိုင်ဘုရင်တွေကို ပြန်လည် ခေါင်းဖြတ် သုတ်သင်ခဲ့ကြတယ်။ ပြင်သစ်လူမျိုးတို့ရဲ့ ဘုန်းတန်ခိုး အာနုဘော်ကြီးမြတ်တော်မူသော နပိုလီယန်မင်းမြတ် ကိုယ်တိုင် အရှုံးကြီးရှုံးလို့ ဗုန်းဗုန်းလဲ ကျဆုံးခဲ့ရတယ်။ဘယ်လိုပဲဖြစ်ပါစေ၊ သမိုင်းအမွေအနှစ်အဖြစ်နဲ့တော့ ဧကန်မလွဲ ကျန်ရစ်ခဲ့တာပါ။

ယနေ့ ပါရီမှာ Louvre ပြတိုက် နဲ့ Palais Royal တော်ဝင်နန်းတော်တွေကို တော့ အမှတ်တရ ချန်ထား ခဲ့ရစ်ကြတယ်။ လှပသေသပ်တဲ့ လူနေအိမ်ခြေ တိုက် တာ ဆင်တူကလေးတွေ ခေတ်နဲ့အညီ ပေါ်ပေါက်လာ တယ်။ တကယ်တော့ ပါရီဟာ ပြင်သစ်ရဲ့အသည်းနှလုံး အဖိုးအနဂ္ဃထိုက်တန်တဲ့ မြို့တော်ကြီးပါ။ ပြတိုက်တွေ၊ ရှေးဟောင်းအမွေအနှစ် အဆောက်အဦကြီးတွေ၊ အော်ပရာ ဇာတ်ရုံကြီးတွေ မွစာကြဲနေတယ်လို့ ပြောရ ပေလိမ့်မယ်။ 

ရက်စက်တဲ့နေရာမှာလည်း ကမ်းကုန် ပါရဲ့။ ရာဇဝတ်သားတွေ ကို ခေါင်းဖြတ်စက်ကြီးတွေနဲ့ ဖြတ်ပြီးသတ်သတဲ့။ ဒါပေမဲ့ဘာမှ ကြောက်စရာမရှိပါ ဘူး။ ခေတ်တွေ စနစ်တွေ ပြောင်းခဲ့ပါပြီ။ ပါလီမန်စနစ်နဲ့ အုပ်ချုပ်တာပါ။ လွတ်လပ်စွာ သွားလာလည်ပတ်နိုင် တဲ့အတွက် ခရီးသွားဧည့်သည်တွေနဲ့ စည်ကားပြီး အံ့ဘနန်းလှုပ်ရှားသက်ဝင်နေတဲ့ အထင်ကရ ပါရီပါ။

Florist
Living Fashion Magazine, 2013

No comments: