Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, October 27, 2013

ကမ္ဘာကြီးလှပဖို့ ချစ်ဖူးခဲ့သမျှ အချစ်တွေမျှဝေကြစို့………………..

ပိုပို
အချစ်တွေမျှဝေကြစို့..ကမ္ဘာကြီးလည်း လှပဖို့…တို့ရဲ့လက်တွေနဲ့ တွဲလို့လှမ်းခေါ်မယ်၊ မေတ္တာအလင်းရောင်များ ဖြန့်ဝေကြစို့…
ဟော်လိုဂစ်တာတစ်လက်ကိုအကျအနပွေ့ပိုက်ကာ သီဆိုနေသည့်မိန်းကလေးတစ်ယောက်။ အသံက ပျောင်း နွဲ့မနေ၊ ဒါပေမဲ့ ကရုဏာက အားကြီးစွာ ရစ်ခွေစီးဝင်နေသည်။ ကိုယ့်ခြေလှမ်းတွေ ရပ်တန့်သွားသည်။ အောက်မေးရိုး ပြုတ်ကျသွားသည်။ ခေါင်းပေါ်က ဦးထုပ် ဖတ်ခနဲ ကျွတ်ကျသွားသည်၊ ကျောမှာလွယ်ပိုးလာ သည့် ကျောပိုး အိတ်က လျှောခနဲပြုတ်ကျသွားသည်။ ကိုယ်ဆောင်ကြဉ်းခဲ့ သမျှ အရာအားလုံး ကိုယ့်ဆီက အကုန်အစင်ပြုတ်ကျကုန်သည်။ နောက်ဆုံး ချိုမြိန်ဖွယ်အရသာအပြည့်နဲ့ပန်းသီးတစ်လုံး ဘာထူးလဲ ……..။ အဲသည်နေ့က ပိုပို နဲ့အတွေ့မှာ ပန်းသီးတစ်လုံးစားသုံးဖို့ ကိုယ် မေ့လျော့သွားခဲ့သည်။

Xxxxxxxx

- သီချင်းဆိုသူအဆိုတော်တွေ ကိုယ်တိုင်ကိုယ်ကျ သီချင်းရေးဖွဲ့ဖူးကြလိမ့်မည်။ ဒါ အံ့သြစရာအကြောင်းမရှိ။ မိမိ ဆိုမည့်album တစ်ခုလုံးစာ သီချင်းတွေကို တစ်ယောက်တည်းဒိုင်ခံရေးပြီဆိုလျှင်တော့ အံ့သြဖွယ်ရာ…
“ပို ပထမဆုံးတွေးမိတာက တစ်ခွေလုံးစာ ငါတစ်ယောက်တည်း ရေးရင် ပရိသတ် နားထောင်တဲ့အခါ မရိုးစေဖို့၊ ငြီးငွေ့မသွားရ စေဖို့ လိုတယ်ဆိုတာပါပဲ၊ အဲဒီတော့ ပုံစံအမျိုးမျိုး ရေးထားလိုက်တယ်။ ကိုယ်ဆိုချင်တာတွေရော၊ ပရိသတ်ကြိုက်နိုင်မယ့်ပုံစံလေး တွေ ရော ကိုယ့်ဘာသာပဲ ရွေးတယ်။ ဒီလို ပြန်ပြီး ရွေးနိုင်ဖို့ကို ပို လေးနှစ်လုံးလုံး သီချင်းတွေချည်းပဲ ထိုင်ရေးနေဖြစ်ခဲ့တယ်။ တစ်လမှ နှစ်ပုဒ် လောက်ပဲ ရေးဖြစ်တော့ အချိန်တွေကြာခဲ့တယ်။ နောက်ပိုင်းကျတော့ တစ်ပုဒ်ရေးရင် တစ်ပုဒ်ကောင်းရမယ်လို့ခံယူပြီး ရေးတယ်။ ခုချိန် ထိပဲ၊ ဘယ်လိုစတိုင် ဘယ်လိုအထာလေးရေးရမယ်ဆိုတာ စိတ်ကူးတွေပွင့်ထွက်ဖို့တော့ နိုင်ငံခြားသီချင်း တွေ အတော်များများ နား ထောင်တယ်။ စာသားတွေကတော့ ကိုယ့်ခံစားချက်နဲ့ရော၊ သူများတွေရဲ့ခံစားချက်နဲ့ရော တိုက်ဆိုင်မယ့်စကားလုံးတွေ ထည့်ခဲ့တယ်”

- သူတစ်ယောက်တည်းရေးသည့် ချစ်ဖူးခဲ့သမျှ albumမှာ အတီးပိုင်းကို Heaven Born ၊ ဆောင်းဦးလှိုင်၊ JJ. T3m တို့က အားဖြည့်ကူညီပေးခဲ့ကြသည်။ သူ့အသံက မလိုအပ်ဘဲ ချိုမနေ၊ မလိုအပ်ဘဲ မာဆတ်မနေ၊ သီချင်းတစ်ပုဒ်ရဲ့bodyထဲ ကျကျ နန ရစ်ခွေစီးပိုးနေသည့် lyric စကားလုံးတွေနှင့်အတူ တစ်သားတည်း ပူးကပ်နေလျက် ဒီစကားလုံးစာသားတွေရဲ့ ဆိုလိုရင်း အဓိပ္ပာယ်ကို တိတိကျကျ ပံ့ပိုးနိုင်ပြန်သည်။ ဒီအသံ အပျော့ အမာ၊ အထူအပါး လိုအပ်ချက်တွေကို သူဘယ်လိုပိုင်းဆစိတ်မြွှာ သိနေခဲ့တာပါလိမ့်။
“သီချင်းဆိုတဲ့ပညာက နက်နဲပါတယ်၊ တကယ်ဆို ပို က အဆိုပိုင်းမှာ တစ်ဖက်ကမ်းခတ်တော်နေတဲ့ အဆိုတော်တစ်ယောက် မဟုတ်ပါဘူး၊ ဒါပေမဲ့ ပိုရေးထားတဲ့ သီချင်းတွေကို ပို ဘယ်လိုဆိုလိုက်ရမယ်ဆိုတာတော့ သိပ်များများတွေးနေစရာမလိုခဲ့ဘူး။ ကိုယ်တိုင် ရေးတဲ့သီချင်းတွေမို့ သူတို့ကိုပိုပြီး ရင်းနှီးကျွမ်းဝင်နေ တာလည်း ပါပါတယ်။ သီချင်းတစ်ပုဒ်ရေးပြီးတိုင်းမှာ သွားသွားလာလာ အမြဲ ခေါင်း ထဲတွေးတယ်၊ ဘယ်နေရာလေးကို မယ်ဒီလို အပြောင်းအလဲလုပ်မလဲ၊ အတီးပိုင်းကိုရော ဘယ်လို arrange လုပ်မလဲ အမြဲစဉ်းစားနေ တယ်၊ ကိုယ်တကယ်ခံစားရတဲ့ သီချင်းတွေ၊ ကိုယ်တိုင်ကိုယ်ကျ ရေးရေးနေခဲ့တဲ့ သီချင်းတွေမို့ ဒီသီချင်းတွေကို ထဲထဲဝင်ဝင်သိနေပြီး ဘယ်လိုဆိုလိုက်ရမယ်၊ ဘယ်လို moodထည့်ရမယ်ဆိုတာ သိနေတဲ့သဘောပါပဲ။ ဆရာဦးစောနုကတော့ ဘယ်သီချင်းဆိုဆို နှလုံးသား နဲ့ဆိုလို့ အမြဲပြောတယ်၊ အဲဒီစိတ်အတိုင်း မမေ့မလျော့နဲ့ ဆိုတယ်”

- ချစ်ဖူးခဲ့သမျှ တေးalbumထဲမှာတော့ သီချင်းတွေက သိမ်မွေ့နုညက်ခြင်း၊ မာထန်ပြင်းရှခြင်းတို့ ရောရောမွှေမွှေ ရှိနေခဲ့သည်။ အမှန်တကယ် သူ့အကြိုက်က soft music လား၊ hard musicလား သိချင်သေးသည်။ 
“softဖြစ်ဖြစ် hardဖြစ်ဖြစ် melodicဖြစ်နေဖို့ အဓိကပါပဲ။ ဆိုရဖို့တော့ အကုန်ကြိုက်တယ်။ နားထောင်ဖို့ကတော့ မြန်မာပြည် ကအဆိုတော်တွေရဲ့သီချင်းနားထောင်မယ်ဆိုရင် Rockတွေကိုပဲ `ပို´ နားထောင်တယ်။ ပြီးတော့show ကြည့်ဖြစ်ရင်လည်း Metel Showတွေပဲ သွားကြည့်ဖြစ်တယ်။ `ပို´ရေးတဲ့သီချင်း၊ `ပို´ဆိုတဲ့သီချင်းမှာတော့ အေးချင်အေးမယ်၊ မြူးချင်မြူးမယ် melodic ဖြစ်ရင် နှစ်သက်စွာနဲ့ ရေးပါတယ်၊ ဆိုပါတယ် ရှင်”
- ဂီတလောကထဲ ထင်ရှားတဲ့အဆိုသမားတွေ အများအပြား၊ သူ ဘယ်သူ့ကို အရူးအမူးကြိုက်ပါလိမ့် မေးကြည့်ချင်သေးသည်။
“ စိတ်ထဲရှိတဲ့အတိုင်း `ပို´အခုပြောလိုက်တာ လေးဖြူတို့ သျှီတို့ဟုတ်ချင်မှဟုတ်မယ်၊ ဒါပေမဲ့ မြူးဇစ် စတိုင်ကို နှစ်သက်ပြီး ကြိုက်တာကတော့ ကျားပေါက် ပဲ။ သူ့ကို `ပို´အရမ်းcrazy ဖြစ်တယ်။ ပြီးရင် ဆုန်သင်းပါရ် ပေါ့။ ပြည်ပမှာတော့ Advenge Sevenfold ,Maron 5, Pink..Demi Lavato,Taylor Swift, Nicki Manij, Avril Largvie, Paramore မိန်းမအဆိုတော်တွေကို `ပို´ကြိုက်ပါ တယ်ရှင်”

- အသက်အရွယ်အလိုက်အကြိုက်တွေက ပြောင်းလဲတတ်သည်။ သူငယ်ငယ်တုန်းကတော့ Westlife ကို အသည်းစွဲဖြစ်ခဲ့ဖူး သည်တဲ့။ ငယ်ဘ၀ ဂီတပုံရိပ်ကောက်ကြောင်းတွေဆီ ပြန်ပြောင်းဦးတည်မိကြသည်။
“ရပ်ကွက်ပွဲတွေမှာ ငယ်ငယ်ကတည်းက ရှေ့ဆုံးကအမြဲ ၀င်ဆိုခဲ့တယ်။ အဲဒီတုန်းက မဆုန်သင်းပါရ်သီချင်းတွေ တက်ဟဲ တာပေါ့။ ဆယ်တန်းမှာ ပြိုင်ပွဲတွေတောင် ၀င်ခဲ့သေးတယ်။ ဆုမရခဲ့ပါဘူး။ အဲဒီကတည်းကငါ တစ်နေ့အဆိုတော်ဖြစ်ရမယ်ဆိုတဲ့စိတ်ကို အပီအပြင် ထားခဲ့တယ်။ ကက်ဆက်လေးကို မုန့်ဖိုးစုဝယ်ခဲ့ရတယ်၊ သီချင်းတွေအော်အော်ဆိုရတာကြိုက်တယ်။ ဂစ်တာတစ်လက် နဲ့သီချင်းတွေအော်အော်ဆိုလို့ ရပ်ကွက်ထဲ တိုင်မယ်တောမယ်ဆိုပြီး ခြိမ်းခြောက်ခံရဖူးတယ်။ သီချင်းအော်ဆိုတာ အပြစ်တစ်ခုလား။ ၀မ်းနည်းစိတ်နဲ့အတူ လသာသာညတွေမှာ ကောင်းကင်ထက်က ကြယ်လေးတွေကို မော့မော့ကြည့်ရင်း ငါလည်း ဂီတလောကမှာ အဲဒီလို ကြယ်လေးတစ်ပွင့် ဖြစ်ကိုဖြစ်ရမယ်၊ အတောက်ပဆုံးဖြစ်အောင်လုပ်မယ်ဆိုပြီး မျှော်လင့်ချက်တွေ သိမ်းထားခဲ့တယ်၊ Westlife Live Show တွေကြည့်ပြီးလည်း ရူးခဲ့ရတယ်၊ ငါလည်း တစ်နေ့အဲဒီလိုမျိုး ပရိသတ်တွေအများကြီးနဲ့ စင်ပေါ်မှာ ဖျော်ဖြေချင်တယ် ဆိုပြီး တော့ပေါ့”

- ၇တန်းအရွယ် show တွေမှာ ဆုန်သင်းပါရ်ရဲ့သီချင်းတွေကို အရူးအမူးဆိုခဲ့သူ။ တစ်ဖက်ကလည်း ဂစ်တာတစ်လက်နှင့် သံစဉ် တွေရှာ၊ ခံစားချက်တွေကို စကားလုံးတွေအဖြစ် တိတ်တဆိတ်လေး ပုံဖော်အသက်သွင်း။ ဒီလိုနဲ့ ၁၉ နှစ်အရွယ်မှာ ကိုယ်ပိုင် သီချင်းကို ကိုယ်တိုင်ဂစ်တာတီးလို့ Promotion Show တစ်ခုမှာ သူ စဆိုဖြစ်ခဲ့သည်။ သိမ်းထုပ်ထားသည့်အိပ်မက်တွေကို တစ်စချင်းတစ်လွှာချင်း သူ့ခန္ဓာကိုယ်ပေါ် လွှမ်းခြုံဆင်မြန်းနိုင်ခဲ့ချိန်မှာ အခက်အခဲတွေက ဒုနဲ့ဒေးပေါ့။ဒါပေမဲ့ ဒီအခက်အခဲတွေ အကြောင်း အချိန်ကုန်ခံပြီး သူပြန်ပြောင်းပြောချင်ပုံမရ။ ငယ်နုစဉ်က show အတွေ့အကြုံတချို့ကို ရယ်ရယ်မောမောသာ သူပြန်ပြောပြသည်။
“ ကိုယ့်သီချင်းနဲ့ကိုယ် စင်ပေါ်စတက်တာ၊ မျှော်စင်ကျွန်းမှာ။ Valentine ‘s Day ပေါ့။ Rock United,Hip Hop United အခွေ ပရိုမိုးရှင်းလုပ်တာ ၀င်ဆိုဖြစ်တယ်။ လုံးဝမကြောက်ဘူး။ ကိုယ့်သီချင်းကိုယ် ပထမဆုံး စင်ပေါ်မှာ စဆိုဖြစ်တဲ့အဒီ show ကို ဘယ်တော့ မှ မမေ့တော့ဘူး၊ တကယ်အမှတ်တရပါပဲ၊ အဲ နောက်ပိုင်းတော့ နယ်ပွဲတွေလည်း လိုက်ဆိုဖြစ်ခဲ့တယ်။ မကွေးသစ်ရွာကောက် ကျေးရွာ မှာ ဆိုတုန်းက၊ အဲဒီတုန်းက `ပို´တို့အထဲက အဆိုတော်တစ်ယောက်က Punk Style အဆန်းအပြားနဲ့ဆိုတော့ ကြည့်လို့မရဘူးထင် တယ်၊ ခဲနဲ့ အပေါက်ခံရတယ်ရှင့်။ ပွဲထိန်းပြီးရပ်ပစ်လိုက်ရတယ်။ ဆက်ပြီးမဆိုရတော့ဘူး။ အဲဒါလည်း အမှတ်တရတစ်ခုပါပဲ။ ချမ်းလည်း ချမ်းနေတဲ့အချိန်၊ ဒီဇင်ဘာကိုး၊ ပြီးတော့ အိမ်ကိုလည်း မပြောရဲလို့ ခိုးထွက်ပြီးဆိုရတာ၊ အရမ်းဆိုချင်နေတဲ့အချိန်မှာ အားပါးတရဆိုချ ပစ်လိုက်မယ်စိတ်ကူးထားပြီး မဆိုဖြစ်တဲ့ show လေးပေါ့”

- မြန်မာပြည်မှာက အဆိုသမားအမျိုးသားလေးတွေက ဂစ်တာကို အများစုတီးခတ်နိုင်ကြပေမဲ့ အမျိုးသမီးလေးတွေမှာ ဂစ်တာ ကို စနစ် တကျတီးခတ်နိုင်သူ ရှားလှသည်။ တချို့တီးသည်ဆိုပေမဲ့ ဟုတ်ဟုတ်ငြားငြားမရှိလှ။ C, Am, D, G ကော့ဒ်သုံးလေး ခုလောက်သာ အလွယ်ကိုင်ကာ ဂစ်တာကို လူရှေ့ဟန်ပြရုံလေးသာ၊ အသံက ထွက်မလာ၊ ဒါမှမဟုတ် မထွက်တစ်ချက် ထွက်တစ်ချက်။ သီချင်းတစ်ပုဒ်လုံး စ - ဆုံး rhythm အပြည့်ခတ်ပေးမည့် backing player အကူမပါဘဲ မတီးနိုင်ရဲကြ။ သူကတော့ ဒီလိုမဟုတ်၊ အခြားplayerအကူမပါဘဲလည်း သူ့ဂစ်တာကိုသူ့ရင်မှာ ပွေ့ကာ သူ့ကိုယ်ပိုင်သီချင်းတွေကို သူ့ခံစားချက်နှင့် စ-လယ်-ဆုံး ရဲရင့်ယုံကြည် တီးခတ်သီဆိုသည်။ စနစ်တကျ သင်ပေးသူ ဆရာသမားကောင်း ရှိခဲ့လို့လား၊ 
“ အရမ်းခင်တဲ့ ဘေ့ဂစ်တာသမား တစ်ယောက်ဆီက အခြေခံကော့ဒ်လေးတွေကို သင်ယူခဲ့ရုံပါပဲ။ နောက်ပိုင်း ပို့ဘာသာပို ဆက်ကျင့်တယ်။ တစ်ချိန်လုံးတီးနေတာပဲ။ ပြီးရင် တွေ့တဲ့လူတွေဆီက ဂစ်တာကော့ဒ်တွေ ထပ်ထပ်မေးတယ်။ ထပ်ထပ်ကျင့်တယ်။ ဆရာဦးစောနုဆီမှာလည်း နည်းနည်းတော့သင်ခဲ့တယ်၊ အိမ်နဲ့ဝေးလို့ လနဲ့ချီပြီး အသေအချာမသင်ခဲ့ရဘူး။ အိမ်မှာ နိုင်ငံခြားက အဆို တော်တွေ တီးဆိုကြတဲ့အခွေတွေကြည့်တယ်၊ guitar lessonခွေတွေကြည့်တယ်။ ခုထိလည်း ကျင့်ကျင့်နေရတုန်းပါပဲ။ စစချင်းတုန်းက ဆို တတ်ချင်ဇောနဲ့ အလေ့ကျင့်လွန်ပြီး လက်တွေ စုတ်ပြတ်ကုန်တာ မခံနိုင်တော့တဲ့အထိပဲ၊ ခုတော့ အသားကျ သွားပါပြီ။ ကိုယ့်ကိုယ် ကိုယ်တော့ အားနည်းတယ်လို့ပဲ ထင်တယ်။ ငါဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ အရာရာကို ကြိုးစားနေရတုန်းပဲ ”

- ဂီတလောကထဲဝင် သီချင်းဆိုတော့မည့်အဆိုတော်တိုင်း တူရိယာတစ်ခုခု တီးခတ်နိုင်စွမ်းရှိရမည်/ ရှိဖို့ မလို…ဒါနှင့်ပတ်သက် ပြီး စကားဆက်ပြောဖြစ်ကြပြန်သည်။
“တော်တော်များများကတော့ ဘာမှမတီးတတ်လည်းပဲ ဆိုနေကြတာပါပဲ။ တချို့ကလည်း အသံနဲ့ပတ်သက်ပြီး ထူးခြားတဲ့ ပါရ မီရှိတယ်၊ တူရိယာမတီးနိုင်ဘဲ ဆိုနေကြတဲ့ အဆိုတော်တွေအများကြီးပါ။ ပို ဘာမှမပြောချင်ပါဘူး။ နောက်ထပ် ဖြစ်လာမယ့် မျိုးဆက် သစ်တွေကိုတော့ ဂီတလောကထဲဝင်မယ်ဆိုရင် တူရိယာတစ်ခုခုတော့ တီးတတ်အောင် အားထုတ်ကြစေချင်ပါတယ်။ အသံနဲ့ပတ်သက် ပြီးလည်း ပိုပိုပြီး ကြိုးစားအားထုတ်နေစေချင်တယ်။ show ရှိမှ ထကျင့်ကြတာမျိုးလည်း မဖြစ်စေချင်ဘူး။ နေ့စဉ် အချိန်ပေးပြီး ဂီတ အလုပ်တွေ လုပ်နေစေချင်တယ်။ ဘာလို့လဲဆို ဂီတလောကကြီးကို အခုထက်ပိုပြီး တစ်နေ့ပြီးတစ်နေ့ muinus sign ပြသွားမှကို မလိုလားလို့ပါ”

- မည်သည့်အလုပ်မဆို ခံယူချက်က အရေးကြီးသည်။ သူ့မှာ ဘယ်လို ခံယူချက်တွေရှိလိမ့်မလဲ။ ထင်ပေါ်ကျော်ကြားမှု နှင့် ဂီတ ဆိုင်ရာ အရည်အသွေး ဒါတွေက ရှုပ်ထွေးသည်၊ နက်ရှိုင်းသည်၊ ကျယ်ဝန်းသည်။ သူ့အမြင်တချို့သိချင်မိသည်။
“ အင်း..အဆိုတော်တာနဲ့ အဆိုကျော်တာ မတူဘူးလို့…ဆရာဦးစောနုပြောပြောနေကျစကားလေးကို ပြောရရင်တော့ …..ခုခေတ်မှာက ၀ါသနာလေးပါရုံ၊ ပိုက်ဆံရှိရုံနဲ့ အဆိုတော်လုပ်လို့ရတဲ့ခေတ်ဖြစ်နေတာကိုး၊ ဒါပေမဲ့ အဲဒါက အဆိုကျော်ပါ။ အဲဒီတော့ အဆိုတော် အစစ်ဖြစ်အောင်လုပ်ရမယ်လို့ `ပို´ခံယူထားတယ်။ ကိုယ့်ကိုယ်ကိုယ်အရည်အချင်း ဘယ်လောက်ရှိလဲ၊ ငါအရည်အချင်းရှိတဲ့ အဆိုတော် ဖြစ်ရမယ်လို့ ခံယူချက်ရှိဖို့လိုပါတယ်။ ခံယူချက်အတိုင်းလည်း ကြိုးစားစေချင်တယ်။ တချို့အပိုင်းတွေတော့ `ပို´သိပ်နားမ လည်လို့ ပြီးတော့ အမှားပါသွားမှာစိုးလို့ မဝေဖန်ချင်ပါဘူး။ `ပို´ခံယူထားတာကိုပဲ ပြောပြမယ်။ `ပို´ခံယူထားတာက ငါဟာ အရည် အချင်းရှိပြီး လူအများလေးစားတဲ့အဆိုတော်တစ်ယောက်ဖြစ်ရမယ် ဆိုတာပါပဲ”

- ခုခေတ်မှာ အမျိုးသမီးလေးတွေtattooကို တမြတ်တနိုးဖြင့် မိမိခန္ဓာပေါ်အလှဆင်လာကြသည်။ အသားနာမှာကို စိုးကြောက် ခြင်းမရှိတော့။ သူကလည်း ဒီခေတ်ထဲက မိန်းကလေး တစ်ယောက်။ ဒါပေမဲ့ အလှဆင်ချင်ရုံသက်သက်တော့မဟုတ်၊ tattoo ရဲ့နောက်ကွယ်မှာ ယုံကြည်ချက်တချို့ကိန်းဝပ်နေပြန်သည်။
“ဒါက `ပို´ရဲ့ပထမဆုံးအယ်လ်ဘမ် လုပ်ဖြစ်ခဲ့တဲ့အထိမ်းအမှတ်၊ အမှတ်တရတစ်ခုအဖြစ် ဘ၀မှာ ကြွင်းကျန်နေစေချင်တဲ့ သဘောနဲ့ title စာလုံး ချစ်ဖူးခဲ့သမျှ လို့ လည်ကုပ်မှာ tattoo ထိုးခဲ့တာ။ ဂီတအပေါ်မြတ်နိုးတဲ့စိတ်ရယ်၊ tattoo ဟာ အနုပညာ တစ်ရပ်ဆိုတာကို လက်ခံသဘောကျပြီး တန်ဖိုးထားတဲ့စိတ်ရယ်၊ ဒီစိတ်တွေပေါင်းပြီး tattoo ကို ယုံယုံကြည်ကြည်နဲ့ ခန္ဓာကိုယ်ပေါ် ထွင်းထုခဲ့တာ။ အခုလောလောဆယ်တော့ `ပို´အရမ်းချစ်တဲ့ ဂစ်တာပုံရယ်၊ စာတန်းတွေရယ် များနေတယ်။ နောက် ထပ်ထိုးဖို့တော့ ဘာကို ထိုးဖြစ်မယ်ဆိုတာမသိသေးဘူး။ တစ်ခုတော့ရှိတယ်ရှင့်၊ ဘ၀မှာ အဓိပ္ပာယ်ရှိတဲ့အရာတွေကိုပဲ အရေပြားပေါ် တင်သွားမှာပါ”

- မြင့်မြတ်အပါအ၀င် သရုပ်ဆောင်တွေနှင့်တွဲကာ ချစ်ဖူးခဲ့သမျှ ကို ဗီစီဒီထုတ်ဖို့သူကြိုးစားနေသည်။ BoBo Entertainment အတွဲခွေမှာ ပါဝင်သီဆိုမည်။ မော်ဒယ်နန်းသီရိမောင်အခွေကိုလည်း သူကြိုးစားပြီးစီစဉ်ပေးနေပြန်သည်။ သူ့ရဲ့activities တွေကို face book နံရံတွေမှာ အရိပ်အမြွက်မြင်တွေ့နေရသည်။
“ `ပို´က face book ကို ကိုယ်တိုင်သုံးတာပါ၊ သုံးရတာကြိုက်တယ်၊ ဗီစီဒီရိုက်တာ၊ recording လုပ်တာ၊ တစ်နေရာရာသွား တာ၊ လှုပ်လှုပ်ရှားရှား စစနောက်နောက်ဓာတ်ပုံလေးတွေ တင်ရတာလည်းကြိုက်တယ်။ သူငယ်ချင်းတွေနဲ့ ရင်းနှီးခွင့်ရတာ၊ ပရိသတ်တွေ နဲ့ သီချင်းအကြောင်းတွေ အမြင်ချင်းဖလှယ်ခွင့်ရတာ `ပို´သဘောကျတယ်။ ၀န်ခံရရင် face book က friend တွေနဲ့ ပရိသတ်တွေကို `ပို´ကိုယ့်မိသားစုလို တကယ်ပဲချစ်မိတယ်။ `ပို့´မှာက မိသားစု မရှိဘူးလေ။ ငယ်ငယ်ကတည်းက အဘွားနဲ့နေခဲ့ရတာ။ အဖေနဲ့အမေနဲ့ ကွဲသွားပြီးကတည်းက `ပို´့ကို အဘွားကပဲ မွေးထားခဲ့တာ။ အဖေရော၊ အဘွားရော ဆုံးသွားတော့ တစ်ယောက်တည်းပဲ နေဖြစ်ခဲ့တယ်။ အရမ်းလည်း အထီးကျန်တယ်။ အမြဲ အဘွားကို လွမ်းတယ်။ အထီးကျန်စိတ်၊ အလွမ်းစိတ်တွေက သီချင်းတွေ ရေးအားကောင်းဖို့ ပံ့ပိုးခဲ့ တယ်လို့ ခံစားရတယ်။ သီချင်းတွေပဲ ဖိဖိရေးခဲ့တယ်။ အမေ့ကိုတော့ ဒီတစ်သက် မမျှော်လင့်တော့ပါဘူး၊ ရက်စက်တယ်လို့လည်း မဆို ချင်ပါဘူး၊ `ပို´နားလည်ပေးပါတယ်။ သူ့မှာလည်း သူ့အကြောင်းနဲ့သူ ရှိမှာပါ။ ဒီအဖြစ်ကို `ပို´အဆိုးလို့ မတွေးဘဲ အကောင်းဘက် ဆွဲယူပြီး သင်ခန်းစာယူပါတယ်။ တစ်နေ့ `ပို့´မှာ မိသားစုရှိလာရင် ဘယ်တော့မှ ပြိုကွဲအောင် မလုပ်ဘူးလို့ ခုကတည်းက အသေအချာ တွေးထားတယ်”

- ကြေကွဲစရာ ဘ၀အပိုင်းအစတွေကို စာနာစွာ နားထောင်နေခိုက် ကိုယ့်နားထဲ သီချင်းသံတစ်စ တိုးဝင်လာသည်။ 
ရက်စက်လွန်းတဲ့ ကံကြမ္မာရယ်၊ မိသားစုလေးများတွေ့ရင်ကွယ်၊ ရင်မှာကျိတ်ပြီး အား ကျရတယ်…ဒါကို ဘယ်သူသိမလဲကွယ်.. လေမုန်တိုင်းတွေတိုက်တဲ့အခါ ဘယ်ရင်ခွင်မှာ ခိုနားမလဲ….ကိုယ်ထူကိုယ်ထ ကိုယ့်တစ်ယောက်တည်းသာ အသက်ရှင်နေရင်းနဲ့… ငိုသံများစွာနဲ့ မနေချင်ပါဘူးကွယ် အေးစက်လွန်းတယ်…..အဖေ အမေ…ရှိချင်တယ်…ကြမ်းတမ်းလွန်းတဲ့ ဘ၀ခရီးထဲ… တစ်ယောက် တည်းမို့…အားငယ်နေမိတယ်…..
ကျောင်းသွားကျောင်းပြန်တစ်ယောက်တည်းပဲ တိတ်တဆိတ်ကျိတ်ငိုခဲ့သူမယ်..မသိစိတ်ထဲမှာ လိုက်ရှာတယ်…ဘယ်သူလာကြိုမလဲ ကွယ်…ဆုတောင်းတိုင်းပြည့်မယ်ဆိုရင်ကွယ်…မိသားစုလေးပဲ ရချင်တယ်….အကြင်နာတွေပဲ တောင့်တမိတယ်… မေတ္တာငတ်လွန်း တယ်… ဒဏ်ရာများစွာရတဲ့အခါ…အဖေရယ် ကူဦးကွယ်…ပစ်ထားခဲ့တဲ့အမေ့ကို စိတ်နာရမလားကွယ်…၀ဋ်ကြွေးများရှိရင် ကုန်ချင်ပါပြီ ကွယ်… နောက်ဘ၀ဆက်တိုင်းမှာ…ဒီအဖြစ်တွေလွဲပါရစေ….နေမင်းကြိးနဲ့လမင်းကြီးလို လင်းပေးတတ်တဲ့ ခွန်အားများ ချစ်ခြင်းများ အမြဲလိုချင်မိတယ်….
သူများနဲ့ရန်ဖြစ်တဲ့အခါ ..အနိုင်အမြဲကျင့်ခံရတယ်…သူတို့သားသမီးအမှားကို ဖုံးကွယ်ရင်း တစ်ဖက်သတ်အဖြေထုတ်ကြတယ်….. ခိုနားဖို့ရာမဲ့ …မိဘမဲ့ ကလေးများ ….မဖြစ်ပါစေနဲ့ကွယ်…

- လက်တွေ့ဘ၀၊ ဒဏ်ရာဒဏ်ချက် ခံစားမှုအစုစုတို့ကို နာကြည်းမုန်းတီးနေမည့်အစား တေးစာသားlyricsအဖြစ် ဖွဲ့သီ၊ melody ထဲ မျှောချ၊ စိတ်နှလုံးမြှုပ်နှံ သီဆိုကျူးရင့်လိုက်သည့်အခါ သူ့သီချင်းတွေက အရသာစုံလင်စွာ မို့မောက်ပြည့်လျှမ်းလျက် ရွှမ်းမှည့်လာခဲ့ပြီ။ ပန်းသီးတစ်လုံး စားသုံးနေဖို့ ခင်ဗျားတို့ လိုပါဦးမလား……။

Zigzag
(ရတီမှာ သုံးမျက်နှာပဲပေးနိုင်တယ်ဆိုလို့ edit ပြန်လုပ်လိုက်ရတယ်။ ဒါက စာရေးသူ သူ့စိတ်အလျဉ်အတိုင်း စီးဆင်းရေးသားခဲ့တဲ့မူရင်းဆောင်းပါးပါ။)

No comments: