Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, October 30, 2013

ဟိုသတင်း ဒီသတင်း

၁. အမျိုးသားကဗျာနေ့မှာကဗျာရွတ်ခဲ့တဲ့ ချားလ်စ်မင်းသားကြီး
အင်္ဂလိပ်ကဗျာဆရာ ဒိုင်လန်သောမတ်စ်(၂၇ အောက်တိုဘာ ၁၉၁၄ - ၉ နိုဝင်ဘာ ၁၉၅၃) ကို အမြဲလေးစားခဲ့တဲ့ မင်းသားချားလ်စ်ဟာ သူအကြိုက်ဆုံး ဒိုင်လန်သောက်မတ်စ်ရဲ့ ကဗျာတစ်ပုဒ်ကို အိမ်မှာရွတ်ပြီး အသံသွင်းမှတ်တမ်းထင်ထားပါတယ်။ National Poetry Day မှာ လွှင့်ဖို့အတွက်ပါ။ မင်းသားကြီးချားလ်စ် ရွေးချယ်ခဲ့တဲ့ကဗျာက Fern Hill ပါ။ အဲဒီ ကဗျာဟာ ဝေလကဗျာဆရာဒိုင်လန်ရဲ့ ကမာသန်ရှီးယားနယ်က အဒေါ်ရဲ့စိုက်ပျိုးရေးခြံထဲကိုသွားလည်ဖြစ်တဲ့ ကလေးဘဝကအဖြစ်အပျက်လေးတွေကို သတိတရခံစားပြီးရေးဖွဲ့ခဲ့တဲ့ကဗျာလို့ဆိုတယ်။ “ကရုဏာသက်မိအောင် ထိမိလွန်းတယ်။ ဆွတ်ပျံ့ဖွယ်ကောင်းတယ်။ စိတ်ထိခိုက်စရာလည်းကောင်းလှတယ်” လို့ ကဗျာနဲ့ပတ်သက်တဲ့ သူ့ရဲ့ ခံစားချက်ကို မင်းသားကြီးချားလ်စ်က ပြောပါတယ်။
လာမယ့် ၂၀၁၄ မှာ ကျင်းပပြုလုပ်ကြမယ့် ဒိုင်လန်သောမတ်ရဲ့ နှစ်တစ်ရာပြည့်ပွဲတော်မှာလည်း တော်ဝင်ပရိတ်သတ်အဖြစ် တက်ရောက်ပါလိမ့်မယ်။ “အမျိုးသားကဗျာနေ့ အတွက် ကျွန်တော် ကျွန်တော် ကဗျာရွတ်ခွင့်ရတာ အင်မတန်ဝမ်းမြောက်ရပါတယ်။ ကျွန်တော့်ကဗျာရွတ်သံက သောမတ်စ်ရဲ့ကဗျာတွေထဲက ထူးကဲလှတဲ့အမွေအနှစ် ကဗျာတစ်ပုဒ်ရဲ့ ခံစားမှုတွေကို ကူညီပြောမပြနိုင်ခဲ့ပါဘူး။ ကဗျာမှာ ဝေလနယ်ရဲ့ ပြိုင်ဘက်ကင်းတဲ့နယ်မြေရှုခင်းအလှအပအရသာ ခံစားမြည်းစမ်းမိစေဖို့ စေ့ဆော်ပေးထားတယ်” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက မင်းသားကြီးဟာ ကဗျာဆရာရဲ့ Swansea က နေအိမ်ဆီအလည်အပတ်သွားခဲ့တယ်။ ဒီနှစ်မှာလည်း ဒိုင်လန်ရဲ့ ကမာသန်ရှီးယား၊ Laugharne က လှေအိမ်လေးဆီလည်းသွားရောက်ခဲ့တယ်။ ဒိုင်လန်သောမတ်စ်ရဲ့ မြေး ဟန်းနားအဲလစ်ကတော့ ချားလ်စ်မင်းသားကြီးအလည်ရောက်လာခဲ့တာကို အထူးအဆန်းဖြစ်နေခဲ့ပါတယ်။ ရာပြည့်ပွဲတော်မှာ မင်းသားချားလ်စ် ကဗျာရွတ်မှာကို အဘွားကလည်း သိပ်သဘောကျမှာပါပဲ။ ကဗျာတစ်ပုဒ်ဟာ အဘိုးအတွက်၊ ကျွန်မတို့ မိသားစုအတွက် အဓိပ္ပါယ်တွေအများကြီးရှိတယ် လို့ ဆိုတယ်။ ရာပြည့်ပွဲတော်ကို ဝေလအစိုးရ ပထမဝန်ကြီး ကာဝိုင်န်ဂျုံးစ် က ဦးဆောင်ကျင်းပမှာပါ။ မင်းသားချားလ်စ်ရဲ့ Fern Hill ကဗျာရွတ်သံကို အပြည့်အစုံနားထောင်ချင်တယ်ဆိုရင် ဒိုင်လန်သောမတ်စ် နှစ် ၁၀၀ website မှာ (http://www.dylanthomas100.org/english/multimedia/prince-charles-reads-fern-hill/) နားထောင်နိုင်ကြပါတယ်။ National Poetry Day ကို ၁၉၉၄ ခုနှစ်ကနေ့ စတင်ခဲ့ပါတယ်။ ၁၉၉၄ ကနေ ၁၉၉၉ ခုနှစ်အထိမှာတော့ ကဗျာရေး/ ဖတ် ရွတ်ကြတဲ့workshopေးလးတွေပြုလုပ်ခဲ့ပြီး ၂၀၀၀ ကနေ ၂၀၁ ၃ အထိ Theme တစ်ခုရွေးချယ်ပြီး အဲဒီခေါင်းစဉ်အောက်မှာ ကဗျာတွေရေးကြ ရွတ်ကြပါတယ်။ ခုနှစ်အလိုက်ဆိုရင် 
2013 : Water
2012: Stars
2011: Games
2010: Home
2009: Heroes and Heroines
2008: Work
2007: Dreams
2006: Identity
2005: The Future
2004: Food
2003: Britain
2002: Celebration
2001: Journeys
2000: Fresh Voices ဆိုတဲ့ Theme တစ်ခုစီနဲ့ပါ။

၂. အင်္ဂါဂြိုဟ်ကို အရောက်သွားရဖို့ မလွယ်နိုင်တော့ဘူးလား
ယူအက်စ်အစိုးရယန္တရားတချို့ ရပ်ဆိုင်လိုက်တာကြောင့် အာကာလလုပ်ငန်းစဉ်တွေ ဂယက်ရိုတ်ခတ်နေခဲ့ပါပြီ။ နာဆာရဲ့ နောက်လမှာ စတင်ပစ်လွှတ်တော့မယ့် အင်္ဂါဂြိုဟ်ခရီးစဉ်မှာ နှောင့်နှေးတဲ့အန္တရာယ်ကျရောက်နေပါတယ်။ “အာကာသယာဉ်လွှတ်တင်ဖို့  ရက်သတ္တ ၇ ပတ်ပဲ လိုတော့တဲ့အချိန်မှာ ကျွန်တော်တို့ လုပ်ငန်းရပ်ဆိုင်းလိုက်ရတယ်” လို့ မစ်ရှင်အကြီးအကဲ ဘရုစ်ဂျာကိုစကီ က ပြောပါတယ်။ အဲဒီစီမံကိန်း ကို Mars Atmosphere and Volatile Evolution Mission (MAVEN) လို့ အမည်ပေးထားတာပါ။ MAVEN လုပ်ငန်းစဉ်ကတော့ အနီရောင်ဂြိုဟ် ကိုဝန်းပတ်လျက် ဂြိုဟ်ပတ်လမ်းထဲ အာကာသယာဉ်ကိုလွှတ်တင်ထားပြီး အင်္ဂ်ါဂြိုဟ်ကိုလွှမ်းခြုံထားတဲ့လေထု ဘယ်လောက်ဆုံးရှုံးနေပြီလဲဆိုတာ လေ့လာဖို့ပါ။ အဲဒီသိရှိရမယ့်အတိုင်းအတာဟာ ကမ္ဘာကြီးဘယ်လောက်/ ဘယ်လို ပျက်စီးခြောက်ကပ်ခဲ့ပြီလဲဆိုတာ သိနိုင်မယ့်အခြေအနေလို့ဆိုတယ်။ MAVEN ဟာ ဖလော်ရီဒါ၊ ကနေဒီအာကာသစခန်းကနေ လာမယ့် နိုဝင်ဘာ ၁၈ ရက်နေ့မှာ ဖယ်ရှားမှာပါ။ ပြီးတော့ ရက် ၂၀ ပြသထားမယ့်အစီအစဉ်ရှိပါတယ်။ ဒီအစီအစဉ်အတွက် အခွင့်အရေးလွဲချော်သွားစေခဲ့ရင်တော့ အဖွဲ့သားတွေဟာ နောက်ထပ် အခွင့်အရေးရဖို့ ၂ နှစ်ကျော်ကြာစောင့်ရပါလိမ့်မယ် လို့ Boulder ကော်လိုရာဒိုတက္ကသိုလ်က အာကာသသိပ္ပံပညာရှင် ဂျာကိုစကီက ရှင်းပြပါတယ်။ အစိုးရလုပ်ငန်းတွေရပ်ဆိုင်းမှုကြောင့် ဒီတစ်ပတ်မှာ ဝတ်စုံပြည့်အစမ်းလေ့ကျင့်ပွဲနဲ့ မစ်ရှင်အတွက်ပြန်လှန်ဆွေးနွေးလေကျင့်မှု ဖျက်သိမ်းခဲ့ရတယ်။ ကျွန်တော်တို့အတွက် နေ့တိုင်းဟာ ရွှေလိုတန်ဖိုးကြီးလှတယ်။ ဒီလို အရေးကြီးတဲ့နောက်ဆုံးနေ့ရက်တွေရောက်မှာ လက်လျှော့လိုက်ရမှာ ကျွန်တော်တို့ မုန်းတီးတယ် လို့ ဂျာကိုစကီ က ထပ်ပြီးပြောပါတယ်။

၃. ကလေးဆေးရုံအတွက် ဂရိုမစ်ထ် ခွေးရုပ်လေးတွေ
အင်္ဂလန်အနောက်တောင်ပိုင်း ဘရစ်စတိုလ် ကလေးဆေးရုံရံပုံငွေအတွက် ဂရိုမစ်ထ်(Gromit)ခွေးရုပ်လေးတွေကို  လေလံတင်ရောင်းချပွဲပြုလုပ်ခဲ့ပါတယ်။ ဂရိုမစ်ထ် ခွေးရုပ်ဒါဇင်ပေါင်းများစွာ ရောင်းချနိုင်ခဲ့ပြီး ပေါင် ၂.၃သန်းကျော် ရံပုံငွေရရှိခဲ့ကြပါပြီ။ အဲဒီ ခွေးပန်းပုရုပ် ၈၁ ရုပ်ဟာ Wallace & Gromit ရဲ့ Grand Appeal ရံပုံငွေပွဲအတွက်ပါ။ ဘရစ်စတိုလ်တော်ဝေင်ကလေးဆေးရုံ တိုးချဲ့လုပ်ငန်းအတွက် ပေါင် ၃.၅သန်း စုဆောင်းနိုင်ခဲ့ပါတယ်။ Animation စတူဒီယို Pixar ဒီဇိုင်းဆွဲထားတဲ့ Gromit Lightyear ခွေးရုပ်တစ်စုံလုံးကို ပေါင် ၆၅၀၀၀ နဲ့ ရောင်းချနိုင်ခဲ့တယ်။ Gromit ဟာ Wallace and Gromit clay animation comedy ဇာတ်လမ်းတွဲတွေထဲက ကာတွန်းသရုပ်ဆောင်ခွေးလေးပါ။ သခင် Wallace ထက် ဥာဏ်ပိုကြီးတဲ့ ခွေးဇာတ်ကောင်လေးဖြစ်ပါတယ်။ အဲဒီ ဂရိုမစ်ထ်ဇာတ်ကောင်စရိုက်ကို ဖန်တီးတဲ့ နစ်ပါ့ခ်က ဂရိုမစ်ထ်ဟာ အံ့ဘနန်းခွေးလေးဖြစ်တယ်ဆိုတာကို ရှာဖွေစုဆောင်းနိုင်ခဲ့တဲ့ရံပုံငွေတွေကို ကြည့်ရင်သိနိုင်မှာပဲ လို့ ဆိုတယ်။ ကလေးဆေးရုံအတွက်ရံပုံငွေအတွက်ဆိုတာကိုသိခဲ့ကြလို့လည်း လူတိုင်းက ရက်ရက်ရောရောဝယ်ယူခဲ့ကြပါတယ်။ ပြီးခဲ့တဲ့လက လေလံပွဲအကြို ဂရိုမစ်ထ်ပန်းပုရုပ်ပြပွဲ “The Greatest Dog show on Earth” ကို ဘရစ်စတိုလ်လမ်းမတစ်လျှောက်နဲ့ အနီးပတ်ဝန်းဒေသတွေမှာ ပြသခဲ့ပါတယ်။ ဂရိုမစ်ထ် ပန်းပုရုပ်ပေါင်း ၈ဝ ပါရှိတယ်။ နွေရာသီအတွင်းပြသခဲ့ပြီး ကမ္ဘာလှည့်ခရီးသည်အများအပြားကိုပါ လျင်လျင်မြန်မြန်ဆွဲဆောင်နိုင်ခဲ့တဲ့ပြပွဲပါ။ လာခဲ့ကြတဲ့ခရီးသွားတွေက ဥရောပခရီးသွား၊ အမေရိကန် နဲ့ အာရှသားတွေအများစုပါ။

၎. SOLO ဆိုတဲ့ ဂျိမ်းစ်ဘွန်းဒ်
အင်္ဂလိပ်စာရေးဆရာ William Boyd ရဲ့ James Bond ဝတ္ထုစာအုပ်အသစ် “Solo” မိတ်ဆက်ပွဲအခမ်းအနားကို  ပြီးခဲ့တဲ့စက်တင်ဘာလက လန်ဒန် Dorchester ဟိုတယ်မှာပြုလုပ်ခဲ့ပါတယ်။ ဘွိုက်ဒ်က သူဖန်တီးခဲ့တဲ့ 007 အဖြစ်သရုပ်ဆောင်ဖို့ ဒန်နီရယ်ဒေးလူးဝစ်က  အပြည့်စုံဆုံးပဲလို့ ဆိုတယ်။ ဘာကြောင့်လည်းဆိုတော့ ဘွန်းဒ်ဟာ အမေရိကန်အဆိုတော် ဟိုဂီကာမိုက်ကယ်လ်ပုံစံမျိုးလို့ ဘွန်းဒ်ဖခင်ကြီး (ဘွန်းဒ်စာအုပ်တွေ ပထမဆုံးရေးသားခဲ့တဲ့စာရေးဆရာ) အီရန်ဖလမ်းမင်းန် ပုံဖော်ညွှန်းဆိုခဲ့ဖူးပါတယ်တဲ့။ ဒေးလူးဝစ်ဟာ ကာမိုက်ကယ်လ်နဲ့ အတော်ကြီးဆင်တူပါတယ် လို့ ဘွိုက်ဒ်က ပြောတာပါ။ Solo စာအုပ်မှာ စပိုင်ဘွန်းဒ်ဟာ အသက် ၄၅ နှစ်ရှိပါပြီ။ စာအုပ်မိတ်ဆက်ပွဲအခမ်းအနားမှာ ဘွိုက်ဒ်ရဲ့ ခြေလှမ်းတွေရဲ့နောက်ကနေပြီး ဘွန်းဒ် စာအုပ်တွေရေးခဲ့ကြတဲ့ ကင်းစလေအမစ် နဲ့ ဆက်ဘက်စတီရန်ဖော့်ခ်စ် တို့လည်းထပ်ချပ်မကွာလျှောက်လှမ်ြး့ပီး အခမ်းအနားကို ရောက်လာခဲ့ကြပါတယ်။ ဒီနှစ်ဟာ ဖလမ်းမင်းရဲ့ ပထမဆုံး ဘွန်းဒ်စာအုပ်Casino Royale ရေးသားဖြန့်ချိခဲ့တာ နှစ်ခြောက်ဆယ်မြောက်ရှိပါပြီ။ ဖလမ်းမင်း ဘွန်းဒ် စာအုပ်ပေါင်း ၁၄ အုပ်ရေးခဲ့ပြီး ၁၉၆၄ ခုနှစ်သေဆုံးချိန်အထိ စာအုပ်ပေါင်း သန်း ၁၀၀ ကျော်ရောင်းချခဲ့ရတယ်။ Skyfall ရဲ့ ဒါရိုက်တာ ဆမ်မန်းဒက်စ်ကပဲ ၂၄ ကြိမ်မြောက် ဘွန်းဒ် ရုပ်ရှင်ကိုလည်း သူပဲ ရိုက်ကူးဖို့စိတ်ဝင်စားနေပါတယ်။ ၂၀၁၅ ခုနှစ်မှာပြသနိုင်ပါလိမ့်မယ်။ “Solo” ဘွန်းဒ်ဟာ သူ့ရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ ဆိုးဆိုးပေပေအကျင့်တွေရှိနေဆဲပါ။ သူ အသောက်အစားရှိတယ်။ ဆေးလိပ်သောက်တယ်။ ရှေးမူမပျက်ဘွန်းဒ်အဖြစ် ကျွန်တော်တို့ မျှော်လင့်ထားတဲ့အတိုင်းပါပဲ” တဲ့ ဘွိုက်ဒ်က ဆိုတယ်။

၅. ပါကစ္စတန်ကငလျင်ကြောင့် ပေါ်လာတဲ့ကျွန်း
စက်တင်ဘာလ ၂၄ ရက်နေ့က ပါကစ္စတန်တောင်းမှာ ဖြစ်ပွားခဲ့တဲ့ ပြင်းအား ၇.၇ ပမာဏရှိတဲ့ ငလျင်ကြောင့် ဘာလူချီစတန်နယ်တစ်ဝိုက် Khuzdar မြို့အနီးအနားသေဆုံးသူပေါင်း ၅၀၀ ကျော်ခဲ့ပါတယ်။ မြေသားတွေတုန်ခါမှုကြောင့် ကမ္ဘာကြီးကမှော်မျက်လှည့်အတတ်နဲ့ performance ပြသလိုက်သလိုပါပဲ။ ဂွာဒါမြို့လေးအနီး ကမ်းခြေကနေ ၆၅၀ ပေ အကွာမှာ စက်ဝိုင်းပုံကျွန်းတစ်ကျွန်ပေါ်ထွက်ခဲ့ပါတယ်။ ပြင်သစ် Pleiades ဂြိုဟ်တုကနေ ရိုက်ကူးထုတ်ပြန်ခဲ့တဲ့ပုံတွေအရ ရွှံသားထူထူ အဲဒီ တောင်ကုန်းဟာ ၅၇၆.၄ ပေ(၁၇၅.၇ မီတာ) ရှည်ပြီး ၅၂၄.၉ပေ(၁၆၀ မီတာ) ကျယ်ဝန်းပါတယ်။ Pakistan’s National Institute of Oceanography  ရဲ့ ဓာတ်ပုံအရ မီးခိုးရောင်ရှိတဲ့တောင်ပူစာဟာ ပေ ၆၀ ကနေ ပေ ၇၀(၁၈ ကနေ ၂၁မီတာ)မြင့်တယ်လို့ ခန့်မှန်းကြတယ်။ ဂွာဒါဟာ ငလျင်ဗဟိုချက်မ နေရာကနေ မိုင်း ၂၃၀ (၃၈၀ ကီလိုမီတာ)ကွာဝေးပါတယ်။ ဘူမိဗေဒပညာရှင်တွေကတော့ ကျွန်းအသစ်ကို Zalzala Koh လို့ အမည်ပေးလိုက်ကြတယ်။ ကျွန်းရဲ့ အောက်ခြေရေမျက်နှာပြင်ထဲ ဓာတ်ငွေ့တွေ ပိတ်မိနေဟန်တူတယ်။ မျက်နှာပြင်မှာလည်း ရေခိုးရွှံ့ရည်တွေ ပြင်းပြင်ထန်ထန်မှုတ်ထုတ်နေပါတယ် တဲ့။ ကျွန်းအသစ်ဟာ ငလျင်ကြောင့် အောက်ခြေက ရေပူတွေဟာ အနည်အနှစ်တွေ၊ မီသိန်း/ ကာဗွန်ဒိုင်အောက်ဆိုက် လို ဓာတ်ငွေ့တွေနဲ့ ရောနှောပေါင်းစပ်သွားပြီး ရွှံ့မီးတောင်ပုံစံဖြစ်ပေါ်လာခဲ့တာပါ။ ၁၉၄၅ နဲ့ ၂၀၀၁ တုန်းက ပြင်းထန်တဲ့ငလျင်တွေကြောင့်လည်း ဒီလိုကျွန်းတွေ ပါကစ္စတန်ကမ်းခြေတွေမှာ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ကျွန်းတွေကတော့ မုတ်သုံရာသီမုန်တိုင်းကြောင့်ဖြစ်လာတဲ့ရေလှိုင်းတွေနဲ့အတူ ပျောက်ဆုံးသွားခဲ့တယ်။ Zalzala Koh ကျွန်းအသစ်ကို ကမ္ဘာလှည့်ခရီးသည်တွေ ဆွဲဆောင်စရာနေရာဖြစ်နေပါတယ်။ မတည်မငြိမ်အခြေအနေနဲ့ ရွှံ့ခိုးရွှံ့ရည်တွေ ဝေနေဆဲအချိန်မှာတောင် ခရီးသည်အများအပြား လာရောက်ကြည့်ရှုနေကြတယ်။ 

၆. အဲလ်ဘတ်အိုင်းစတိုင်းရဲ့ သမ္မာကျမ်းစာအုပ်
အဲလ်ဘတ်အိုင်းစတိုင်းလက်ရေးလက်မှတ်ပါတဲ့ ၁၉၃၂ ခုနှစ်က သမ္မာကျမ်းစာအုပ်ကို New York City လေလံပွဲတစ်ခုမှာ ဒေါ်လာ ၆၈၅၀၀ နဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ ဂျာမန်လူမျိုးရူပဗေဒပညာရှင်ကြီးနဲ့ ဇနီးသည် ရဲ့ လက်မှတ်တွေပါရှိပြီး အမေရိကန်သူငယ်ချင်း ဟာရီရက်ထ်ဟာမီလ်တန်ကို လက်ဆောင်အဖြစ်ပေးခဲ့တာပါ။ လေလံအဖွဲ့တာဝန်ရှိသူတွေ ပြောတာကတော့ အိုင်းစတိုင်းဟာ စာအုပ်မှာ“ကျမ်းစာအုပ်ဟာ အသိဥာဏ်ပညာနဲ့ ဖြေသိမ့်စရာရှာဖွေတွေ့ရှိနိုင်တဲ့ ကြီးမြတ်လှတဲ့ဇာစ်မြစ်ပါ။ မကြာခဏဖတ်သင့်ပါတယ်” လို့ ဂျာမန်လိုရေးသားထားပါတယ် တဲ့။ သမ္မာကျမ်းစာအုပ်ရဲ့ နောက်ဆုံးဈေးနှုန်းဟာ မူလခန့်မှန်းခြေဈေနှုန်း $1500 နဲ့ ဒေါ်လာ၂၅၀၀ ကြားထက် အများကြီးပဲ မြင့်တက်သွားခဲ့တာပါ။ နောက်ဆုံးရရှိတဲ့ဈေးမှာ လေလံအဖွဲ့ရဲ့ ကော်မရှင်လည်းပါဝင်တယ်။ လေလံအဖွဲ့က သမ္မာကျမ်းစာအုပ်ကို ဘယ်သူက ဝယ်ယူခဲ့တယ်ဆိုတာပြောမထားပါဘူး။ အိုင်းစတိုင်းဟာ Relativity Theory နဲ့ ရူပဗေဒဆိုင်ရာနိုဘယ်လ်ဆုရရှိခဲ့ပြီး ၁၉၅၅ မှာ ဆုံးပါးခဲ့ပါတယ်။
ဖြိုးဖြိုး
Yati Magazine, November, 2013

1 comment:

Han Kyi said...

အဆင်ပြေလိုက်တာ...တစ်ထိုင်တည်းနဲ့ သတင်းပေါင်းစုံကို စုံတကာစေ့နေအောင် သိသွားရော...သူရို့လူမျိုးတွေ ကဗျာလင်္ကာ မြတ်နိုးတာ မြင်ရတော့ ကိုယ့်လူမျိုးကို သနားမိတာတစ်ခုပဲ ရင်နာသွားတယ်...