Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, November 14, 2013

အိမ်အပြန်ညနက်နက် လျှို့ဝှက်ခြင်းဂီတ

စုမီအောင်
Idol Magazine, November, 2013
ကျမ သဘောကျတဲ့ ဂီတမိန်းကလေး ပိုပို
The Trees Band နဲ့ ဆယ်တန်းတုန်းက (ဂစ်တာတီးလို့ first prize ရတာပါလို့ အပြောခံရတဲ့အချိန်လေးတွေပေါ့)
ပိုပို့ဆီ သူ့အင်တာဗျူးပါတဲ့နေ့ က မဂ္ဂဇင်းစာအုပ်သွားပေးတော့ ပိုပိုက ငါးပေါင်းဟင်း ကိုယ်တိုင်ချက်ကျွေးခဲ့တယ် သူ့အခန်းထဲက စားပွဲလေးမှာ ထိုင်စားကြတယ်။


ပိုပို က ဂစ်တာချစ်တယ် ကျမလည်း ဂစ်တာချစ်တယ် ပိုပိုက tattooထိုးရဲတယ် ကျမက tattoo မထိုးရဲဘူး
အိမ်အပြန် ညနက်နက် လျှို့ဝှက်ခြင်းဂီတ အဖွင့်ဒီဇိုင်းလေး(ကျမစိတ်ထဲ ကလောင်နာမည်ကို သေးပြီး title ကိုစာလုံးကြီးပေးရင်ကောင်းမယ်လို့ ထင်မိတယ်၊ ဒါပေမဲ့ Idol ရဲ့အခင်းအကျင်းကို စောဒကတက်ဖို့မရှိပါ)။ စာအုပ်ထဲမှာ သတ်ပုံတွေတော့ အမှားများတယ်။
 *********
အိမ်တံခါးသော့ကိုဖွင့်ကာ စုသည် ခြေကိုဖွလျက် ၀င်လိုက်သည်။ အိမ်ပေါ်ထပ် အခန်းရှိရာသို့ တစ်ဆစ်ချိုး လှေကားကျယ်ကြီးမှတစ်ဆင့်  အသာတက်လာခဲ့သည်။

ညီလင်းနိုင်နှင့် အိမ်ထောင်ကျကတည်းက သည် အိမ်မှာ သူ့ အဖေ၊ အမေ၊ ညီမတို့နှင့် အတူ ပေါင်းကာ နေထိုင်ကြသည်။ အိမ်ကြီး၏ ၀ဲဘက်အစွန်းတွင် ညီလင်းနိုင် နှင့် စု တို့၏ သီးသန့်အိမ်ခန်းရှိ သည်။ အိပ်ခန်းသက်သက် တော့မဟုတ်။ ဒါသည်ပင် စာရေး စာဖတ်အလုပ်ခန်း၊ ဒါ သည်ပင် ထမင်းစားခန်း၊ ဒါသည်ပင် တွေးတောခန်း၊ ဒါသည် ပင် အိပ်မက်ခန်း။
ဒါသည်ပင် မိမိ၏ အနာဂတ်လား ဟုတွေးမိသည့် အခါမျိုးမှာတော့ စုသည် တုန်လှုပ် ချောက်ချားကာ ငိုချင် သလိုလို ဖြစ်နေတတ်သည်။


လက်ကိုင်ဘုလုံးလေးကို လှည့်ဖွင့်ကာ အခန်း တွင်းသို့ ၀င်လိုက်သည်နှင့် စောင့်ဟန်ဆောင်နေသော မျက် လုံးတစ်စုံနှင့်တည့်တည့်တိုးသည်။ ညီလင်းနိုင်၏ စိမ်းဖန့်ဖန့် သည်မျက်လုံးတွေက စုကိုမြင်လျှင်မြင်ချင်း နံရံထက်က နာရီဆီ အကြည့်ကူးသည်။ အသံတိတ်မေးခွန်းတစ်စုံ ကြမ်း ပြင်ပေါ် ဒေါက်ခနဲ ထွက်ကျလာသည်ကို စု မြင်လိုက်သည်။ နာရီပတ်လေ့မရှိသော စုသည် ၈နာရီ ၄၅ကို တိတိ ကျကျ ညွှန်ပြနေသည့် နာရီလက်တံများကို တအံ့တသြ ကြည့် လိုက်မိရင်း စိတ်တွင် စနိုးစနောင့်ဖြစ်သွားသည်။ တော်တော် နောက်ကျသွားတာပဲ။ မိမိ၏ အိမ်ပြန်ချိန်များ တစ်နေ့ထက် တစ်နေ့ ပိုပို နောက်ကျနေခဲ့လေပြီကော။ နောက်ကျမိခြင်း၏ ဆင်ခြေစကားများသည်လည်း အပ်ကြောင်းထပ်ကာနေခဲ့ပြီ။ မည်သို့ ပြောရပါ့။

“ဇာဂလေးတို့၊ စိမ်းကြာလှိုင်တို့နဲ့ ဆီချက် ၀င်စား နေလို့၊ ခုတလော ဘတ်စ်ကားတွေကလည်း တစ်နေ့ထက် တစ်နေ့ ပို ကြာလာတယ်”

ညီလင်းနိုင် ယုံမှာလား၊ မယုံဘူးလား ဆိုတာ စု ဆက်ကာ မတွေးချင်တော့ပြီ။ တစ်နေ့တစ်မျိုး မရိုးအောင် လိမ့်ဆင်းကျလာသမျှ ဆင်ခြေစကားတွေထဲမှာ စိမ်းကြာ လှိုင်၊ ဇာဂလေး၊ ပိုပို၊ နွယ်ဦး၊ မိုင်လို၊ ဇင်းနစ် ..ရှိရှိသမျှ အလုပ်ထဲက သူငယ်ချင်းများအား ဇာတ်လိုက်ပြုကာ အမည်နာမ ထည့်ထည့်သုံး နေရသည်ကို စုသည် အားနာလှ ၏။ မုသားတွေ အလီလီ ချွေမိခဲ့ရပြီ။
ဝရန်တာဆီသို့ထွက်ကာ လက်ထဲက အိတ်၊ ထီး တို့ကို ပစ်ချလျက် ကလေးတွေပူဖောင်းမှုတ်သလို သက်ပြင်း များစွာ ဆက်ကာဆက်ကာ မှုတ်ထုတ်နေမိသည်။ စုသည် တစ်နေ့တခြား ညီလင်းနိုင်အပေါ် လိမ်ညာ ပြောဆိုနေရ သည့် မိမိဘ၀ကိုမိမိ ခါးသည်းစက်ဆုပ်နေမိပြန်သည်။ မိမိ ဘယ်သူနှင့် ဘယ်သွားခဲ့သည် ဘာလုပ်ခဲ့သည်ကို ညီလင်း နိုင်အား အမှန်အတိုင်း ဖွင့်ဟလိုက်ရ ကောင်းမလား.. တွေဝေဒွိဟဖြစ်ကာ အိပ်မရညတွေ များထွေ ခဲ့ရလေပြီ။

xxxxxxx

ထိုစဉ်က စုသည် မြို့ကလေးသိရုံ သီချင်းသည် မလေး တစ်ယောက်ဖြစ်ခဲ့ဖူးသည်။ ဂီတကို ယုံကြည် သက် ၀င်သလို ဂစ်တာကို ထပ်မျှ ချစ်မြတ်နိုးသည်။ သို့သော် မြို့ကလေးသည် ကျဥ်းမြောင်းသည့်မျက်လုံးတွေနှင့် ၀ိုင်းပြုံ မြင်ကြည့်စေရန် လူတချို့အား ဖြားယောင်းသွန်သင်သည်။ စုသည် တွေးမိလေတိုင်း အသည်းဆတ်ဆတ်ခါ နာကျင် လျက် မြို့ကလေးကို မုန်းတီး စွန့်ပစ်ချင်စိတ်များ တဖွားဖွား ပေါ်လာဖူးသည်။ မိန်းမလေးတစ်ယောက်ဟာ ယောက်ျား လေးတွေနဲ့ ရင်ပေါင်တန်း လုပ်ကိုင် ဆောင်ရွက်ခွင့် ဘာလို့ များ မရှိခဲ့ရတာပါလိမ့်။
စု ရင်ပေါင်တန်းလိုသည့်ကိစ္စက ရပ်ကွက်ထဲက ယောက်ျားလေးများနှင့်အပြိုင် ခါးတောင်းမြျှောင်အောင် ကျိုက်ပြီး ထန်းပင်တက် ထန်းသီးခူး၊ ထန်းရည်မူးရန်မဟုတ် ပါ။ ယောက်ျားလေးများနှင့်အပြိုင် ဆိုင်ကယ်ပြိုင်မောင်း အစွမ်းပြ စိန်ခေါ်ရန် မဟုတ်ပါ။ ယောက်ျားလေးများနှင့် အပြိုင် ဘီယာဆိုင်ထိုင် ဘီယာအသောက်ပြိုင်ရန်လည်း မဟုတ်ပါ။ ယောက်ျားလေးများနှင့်အပြိုင် အုပ်စုဖွဲ့ စိန်ခေါ် ရန်ပွဲနွှဲရန်လည်း မဟုတ်ပါ။ ယောက်ျားများနှင့်အပြိုင် စစ် တိုက်ရန် သေနတ်ပစ်လေ့ကျင့်ချင်တာမျိုးလည်း မဟုတ်။ သာယာညင်းပျောင်း သိမ်မွေ့လှပ အနုပညာ၊ ဂီတ။ ဒီဂီတ ကို ဖန်တီးချင်ခဲ့တာပဲ ဖြစ်သည်။

ယောက်ျားလေးများနှင့် အပြိုင် ဂစ်တာကိုင်သည့် စုကို မြို့ကလေးက မျက်လုံးကျဉ်းကျဉ်းနှင့် ခိုးခိုးကြည့်ရင်း တီးတိုး တီးတိုး လုပ်သည်။ အံ့သြဖွယ်ဂီတစွမ်းအားများ စုမှာ ထူးကဲစွာကိန်းခိုနေသည်ကို မြို့ကလေးက ကောင်းစွာသိ နေပါသည်။ သန်းကောင်ယံည လေညင်း အေးမြတွေက တစ်ဆင့်၊ မွှေးပျံ့ပျံ့ ဇွန်ပန်းရုံကတစ်ဆင့်၊ ဇွန်ပန်းရုံ အနား ပြေးလွှားဆော့ကစားနေသည့် ပိုးစုန်းကြူးတွေကတစ်ဆင့်  နှင်းရည်စွတ်သည့် လရောင်ချိုချိုကတစ်ဆင့် စုနှင့် စုဂီတ အကြောင်း ကောင်းစွာ သိနှင့်ခဲ့ပါပြီ။ သို့သော် အရွယ် မရောက်သေးသည့်မြို့ကလေးက အသည်းနုနုနှင့် အများ စကားကို ယုံစားချင်ခဲ့သည်။ အများခါးလျှင် လိုက်ခါးသည်။ ဘယ်လောက်ပဲ အားထုတ်ဖန်တီးစေဦးတော့ မြို့က လေးက စုဂီတကို နားခါးသည်။ မြို့ကလေး၏နားထဲမှာ စု ဂီတက ချိုမြဖွယ်ရာလမ်း ဒီတစ်သက်မမြင်ရချေတော့ဘူးလား။ စုကတော့ တစ်နေ့တစ်နေ့ လက်အံသေမတတ် နာရီများစွာ၊ သေသပ်စွာလေ့ကျင့်အားထုတ်နေမြဲ။

ပထမဆုံးအကြိမ်စင်မြင့်ဖျော်ဖြေပွဲဝင်နွှဲမည့် စုကို မြို့ကလေးသည် ခွင့်မပြုခဲ့ပါ။ မိမိနှင့်မသက်ဆိုင်သည့် အကြောင်းပြချက်ဖြင့် မိမိအားသီဆိုခွင့် တားမြစ်ခဲ့ခြင်း အပေါ် စုသည် အသည်းနာလှသလို ရယ်လည်း ရယ်ချင်လှ ပါသည်။ စုပိုင်ဆိုင်သည့်အမည်နာမကို လူသိရှင်ကြား ကြေ ညာ သုံးစွဲခွင့်မပြုဟု သိရလျှင် စုသည် ဘာကြောင့်လဲ ဟု မေးခွန်းမထုတ်လိုတော့ပါ၊ ကြောက်အားပိုသည့် ထိုလူစုကို ရယ်ရခက်ခက် ငိုရခက်ခက်မျက်နှာဖြင့်ကြည့်ကာ ဒေါသ တွေလည်း ထွက်ရပါသည်။ ဖခင်အမည်ကိုရှေ့မှာ ဦးဦးဖျား ဖျား စွဲပြု မှည့်ခေါ်ထားသည့် ဒီမူလ အမည်နာမကို ပြောင်း ပေးနိုင်မှသာ Music Talents Show ကို ပါဝင်ခွင့်ပြု နိုင်မည်တဲ့။ စုသည် ထိုနေ့က မိမိကိုယ်မိမိမှန်သားပြင်တွင် ပြူးကြောင်ကြည့်လျက် မိမိ၏ နာမည်ကို တစ်ယောက်တည်း အခါခါရေရွတ်ကာ ဟားတိုက်ရယ်မော ပစ်လိုက်တော့သည်။ “အောင်သန်းစုမီ ” “အောင်သန်းစုမီ”..“အောင်သန်းစုမီ….” အလို ဘုရားသခင်…မိမိ၏အမည်က မြို့ကလေး၏ ဂုဏ်ရှိန် ပါဝါကို နိမ့်ကျ လျှောဆင်းအောင် ကျိန်စာတိုက် လိမ့်မည်ဟု တွေးထင် လန့်ထိတ်နေကြသည်လား။ မိမိဘာပြစ်မှုမှ ကျူး လွန်ခြင်း မရှိပါဘဲလျက် ယခုကဲ့သို့ တားမြစ်ပိတ်ပင်ခံရ ခြင်းကို စုသည် အလွန်အမင်း စိတ်ပျက်နာကျင်သွားသည်။ ကျဉ်းမြောင်း ပိတ်မှောင်နေသည့် ၀ါးလုံးခေါင်းရှည်ကြီးထဲ လင်းပစေဖို့အရေး ရှိရင်းစွဲအမည်နာမလေးကို အလွယ်တကူ ပြောင်း မပေးနိုင်ပါ။ ကြောက်တတ်သည့် လူတစ်စုသည် စုနှင့် စု ဂီတကို ရက်ရက်စက်စက် ကန့်ကွက်ခဲ့သည်။

မည်သို့ပင် ကန့်ကွက်စေဦးတော့ မဖြစ်မနေ သဟဇာတပြုရမည့် အချိန်ရှိတတ်သည်ကို မြို့ကလေးသည် ကျေညက်ခဲ့ပြန်သည်။ တစ်ချိန်မှာတော့ မြို့ကလေးသည် ကျဉ်း မြောင်းပိတ်မှောင်သည့် ၀ါးလုံးခေါင်းရှည်ကြီးထဲကနေ နည်း နည်းတော့ ပြူထွက်စ ပြုလာခဲ့လေပြီ။ စင်မြင့်ပေါ်မှာ ဂစ်တာတစ်လက်နှင့် ရဲဝင့် ဟစ်ကြွေးနေသည့် အထက်တန်း ကျောင်းသူမလေး စုကို မြို့ကလေးက အောက်မေးရိုးများ ပြုတ်ကျကာ ငေးမော ကြည့်နေခဲ့ပါသည်။ ဂီတအပေါ် ယုံကြည်ခြင်းအားက စုကို အောင်မြင်ခြင်းဆီ တစ်ရှိန်ထိုး ပို့လွှတ်လိုက်သည်။ ပထမဆု ဆိုသည့် ဆုတံဆိပ်က စုကို ရယ်ပြုံးအောင် မြှူဆွယ်နေသည့်ကြားက စုသည် ရယ်မော ပျော်ရွှင်လိုက်ဖို့ မေ့လျော့သွားခဲ့ရပြန်သည်။ လက်ညှိုးပေါင်း တစ်ထောင်၊ မျက်လုံးပေါင်းတစ်သိန်းတို့သည် စုတစ်ကိုယ် လုံးကို မြားအစင်းစင်းဖွဲ့ကာ စုပြုံထိုးစိုက်ကျလာသည်။

“ဒီပြိုင်ပွဲမှာ ဂစ်တာတီးဆိုသူ ဒီတစ်ယောက်ပဲရှိမှ တော့ ဒီတစ်ယောက်ပဲ ဆုရတော့မပေါ့၊ အဆိုက ဒါလောက် လည်း မဟုတ်ပါဘူး”

“အင်းလေ ဂစ်တာတီးတိုင်းသာ ပထမရမယ်ဆို ရင် ငါတို့ ဘာလို့ ၀င်ပြိုင်နေတော့မလဲ..”

စကားလုံးတို့သည် လက်ညှိုးများနှင့်အတူ ၀ဲပျံ လာကြသည်။ စုသည်နားနှစ်ဖက်ကို တင်းတင်းပိတ်ကာ ဒီအခိုက်အတန့်လေးမှာပင် အသက်ထွက်ကာ မိမိသေသွား ခဲ့လျှင်ကောင်းမည်ဟု တစစ်စစ် နာကျင်မြည်တမ်းချင် တော့သည်။ ဆုတံဆိပ်ဆိုသည့် အရာကိုလည်း ပထမဆုံး အကြိမ်အဖြစ် စက်ဆုပ်ရွံရှာ သွားခဲ့သည်။ စု ဒယ်ဒီသည် စုဝါသနာကို မြေတောင်မြှောက်ပေးချင်ပုံရသည်။ အလုံပိတ် အခန်းငယ် လေးထဲတွင် စုနည်းစုဟန်ဖြင့် လူလားမြောက် နေခဲ့သည့် စုဂီတကို ပါဝါမြှင့်ပေးသည့်သဘော၊ စုအား ဂီတနုတ်စ်များ တတ်မြောက်ကျွမ်းကျင်စေရန် ထို Music Talents Show မှ အကဲဖြတ်ဒိုင်တစ်ဦးဖြစ်သည့် ဂီတဆရာ ထံ သူကိုယ်တိုင် ပို့/ကြို လုပ်ပေးခြင်းဖြင့် စေလွှတ်သင်ကြား ခိုင်းခဲ့သည်။ သုံးရက်မြောက်နေ့တွင် ဂီတဆရာထံ မသွားလို တော့ဟု စုက ပြတ်သားစွာဆိုလျှင် စုဒယ်ဒီသည် စုအား တအံ့တသြကြည့်နေခဲ့သည်။ အကြောင်းရင်းမှန်ကို စုသည် မည်သူ့မျှ ပြောမပြချင်ခဲ့ပါ။ ဒိုရေမီဖာဆိုလာတီ သံစဉ်များ အချက်ကျကျ ဆိုနိုင်ရန် လက်ချောင်းတွေက စည်းချက် လိုက်ကာ ပံ့ပိုး လိုက်မှတ်ရသည်ကို စု လက်ခံပါသည်။ သို့သော် မိမိဘာသာ လေ့ကျင့်နိုင်သည်ဟု အပြည့်အ၀ ယုံကြည်သည်။ စုသည် မိမိလက်ချောင်းတွေကို စည်းချက် အလိုက် လှုပ်ရှားတတ်စေရန် ကိုယ်တွယ်တို့ဖိလာသည့် ဂီတဆရာ၏ လက်ကို ခပ်ပြင်းပြင်းတန်ပြန်ရိုက်ဖယ်ပစ်ကာ စကားတစ်ခွန်း ဆတ်ဆတ်ခါခါ ပြောခဲ့သေးသည်။

“ ဒိုရေမီဖာ..က ဒီလိုလုပ်မှ တတ်မယ့်အရာဆိုရင် ကျွန်မတော့ မသင်နိုင်တော့ဘူး”

အရယ်အပြုံးမပျက် ကျန်ခဲ့သည့် ထိုဂီတဆရာကို နောက်တစ်နေ့ညနေမှာ အိမ့်ဧည့်ခန်းတွင် အမြိုင့်သား လာထိုင်နေသည်ကိုမြင်လျှင် စုသည် ဒေါသငယ် ထိပ် တက် သွားတော့သည်။ ဂီတနုတ်စ်များ ရေးတတ်ဖတ် တတ်စေရန် အခကြေးငွေပေးစရာ မလိုဘဲ အိမ်တိုင်ရာ ရောက် လာသင် ပေးသည့် ဂီတဆရာကို မျက်နှာထား တင်းတင်းဖြင့် ငြင်းဆန် လွှတ်သည့် စုကို စုဒယ်ဒီသည် နားမလည်နိုင်ဖြစ် ရတော့သည်။ တယ်မိုက်တဲ့သူငယ်မ ဟု ဆိုချင်ပုံလည်း ရပါသည်။ အတင်းအကျပ် တိုက်တွန်းခြင်းတော့ မပြုပါချေ။ သို့နှင့် စုသည် ဆုတံဆိပ်ကို မုန်းတီးသလိုမျိုး ဆတူနှုန်း ထားဖြင့် အနုပညာကိုဘန်းပြလျက် ထွေလီ ကာလီပြုချင် သော ယောက်ျားသားများကိုပါ မုန်းတီး စိတ်ပျက်တတ်ခဲ့ တော့သည်။

စုသည် လူယောက်ျားများကို အယုံအကြည် နည်းရလေလေ ဂီတအတွင်းသားထဲကို ပိုမို တိုးဝင်မိရ လေလေ။ စုအတွက် ဂီတသည် ကောင်းကင်၊၊ ဂီတသည် အသက်မုန့်၊ ဂီတသည် ၀ိုင်တစ်ခွက်၊ ဂီတသည် နံနက် အရုဏ်၊ ဂီတသည် ညဉ့်၊ ဂီတသည် အလင်း၊ ဂီတသည် အမှောင်၊ ဂီတသည် ပျော်ရွှင်ခြင်းအ၀ါ၊ ဂီတသည် ငိုကြွေး ခြင်းအပြာ၊ ဂီတသည်စမ်းရေ၊ ဂီတသည် ပင်လယ်၊ ဂီတသည် နတ်ဆိုး၊ ဂီတသည် နတ်ဘုရား…. ထိုသို့ ဆန့်ကျင်ဘက်အရာတွေ ကိန်းဝပ်တွန်းတိုက်ကာ ဂီတဆို သည့်အရာက စုကို ၀ါးမျိုသွားခဲ့ပြီ။ ဂစ်တာတစ်လက်သည် စု၏ အမြဲတမ်းအဖော်။ တစ်နေ့မှာ ဂစ်တာတစ်လက်နှင့် တူသည့် လူတစ်ဦး စုဘ၀ထဲ ၀င်လာခဲ့ သည်။ ညီလင်းနိုင်။

ညီလင်းနိုင်ကို မြင်လျှင် စုသည် ဂစ်တာနှင့် ခွဲမရ အောင်တူသည့်လူဟု တင်စားမိသည်။ ညီလင်းနိုင်သည် သူကိုယ်တိုင်က ဂစ်တာဖြစ်နေသည့်လူ။ နှစ်ဦးသား ဂစ်တာ ကိုယ်စီကိုင်စွဲလျက် ဂီတကောင်းကင်ဆီ ပျံသန်းလိုက်ကြ သည်။ သို့သော် ဘ၀က ပဉ္စလက်ဆန်သည်။ အတောင် မညောင်းပါဘဲ ဆက်လက်ပျံသန်းနိုင်စွမ်း မရှိသည်က စုပင် ဖြစ်နေပြန်သည်။

`သားရဲ့မိန်းကလေးက ကော်ဖီဆိုင်မှာ သားနဲ့ အတူ ဂစ်တာတီးတယ်၊ သီချင်းဆိုတယ်´ ဟု သူ့မိတ်ဆွေ အပေါင်းကို ဖြေရမှာ ၀န်လေးရုံမက သူ့မှာရှိသည့် ဂုဏ်ရှိန် ပါဝါများကျဆင်းသည်ဟု ညီလင်းနိုင်၏ဖခင်က ထင်မှတ် လာသည့်အခါ စုသည် ငြိမ်းချမ်းသည့် မိသားစုဘ၀ကို ရည်မျှော်လျက် ဂီတကောင်းကင်အောက် ဆက်လက် ပျံသန်းခြင်းငှာ မပြုတော့ရန် ဆုံးဖြတ်ရတော့သည်။ ဂီတ သည် အရာရာ ဟုထင်မှတ်ခဲ့သမျှ ပျက်ပြယ် သွားတော့ သည်။

*********

ဆယ်နှစ်ဆယ်မိုးအချိန်ကာလသည် လူတစ်ဦးကို မေ့လျော့ရန် လုံလောက်သော်ငြား ဂီတကို မေ့လျော့ရန် တော့ စုအတွက်မလုံလောက်ခဲ့ပါ။ ဂစ်တာကို လွှတ်ချကာ ကလောင်ကိုကိုင်စွဲခဲ့သည့် နှစ်ကာလများအတွင်း စု အမှန်တကယ် ပျော်ရွှင်ခဲ့ပါသလား၊ ဒါမှမဟုတ် ပျော်ရွှင်ဟန် ဆောင်ပြီး နေထိုင်ခဲ့လေသလား..စုကိုယ်စု မသေချာလှ။

 ပန်းချီဆောင်းပါးတစ်ပုဒ် ရေးသားရန် တကောင်း ပန်းချီပြခန်းကို ရောက်ခဲ့သည့်နေ့က စုသည် မိမိ၏ ပျောက် ဆုံးနေသည့် ဘ၀ကို ဘွားခနဲ မြင်တွေ့ လိုက်ရသကဲ့သို့ လန့်ထိတ်တုန်လှုပ်သွားသည်။ ဂစ်တာ တစ်လက်ကို ဟန်ကျပန်ကျ ပွေ့ပိုက်ကာ Zombie သီချင်းကို အားပါးတရ ဟစ်ဆိုနေသည့် မိန်းကလေးတစ်ဦးကို မြင်လျှင် ပန်းချီကား များကြည့်ရန်နှင့် ပန်းချီဆောင်းပါးရေးရန် လာရင်းကိစ္စကို စု အမှန်ပင် မေ့လျော့သွားသည်။ ဆံနွယ်တွန့်တွန့်လေးတွေ ကျောပေါ်ဖြာကျနေပြီး အ၀ါရောင်ဘောင်းဘီနှင့် အကျီ အနက်ရောင်ဝတ် မိန်းကလေးကို ငေးကြည့်ရင်း စု အသွေး အသားထဲ နက်ရှိုင်းစွာ ခိုတွယ်နေခဲ့သည့် ဂီတပိုးများက ဆူပွက်ရုန်းကြွလာသည်။ တိုက်တိုက်ဆိုင်ဆိုင် မစ္စတာ ဂစ်တာကဖေး မှာ professional သီချင်းသည်မလေးအဖြစ် အလုပ်လုပ်ခဲ့စဉ်က စုကိုယ်တိုင်မကြာခဏဆိုခဲ့သည့်သီချင်း၊ ထိုသီချင်းကို ဂစ်တာနှင့်သီဆိုလေတိုင်း ဧည့် ပရိသတ် အပေါင်း၏ စိတ်ဝင်စားနှစ်ခြိုက်မှုကို အထူးခံစားရ သည်သာ မက စုကိုယ်တိုင် Lyrics ကအစ အင်မတန် နှစ်ခြိုက်လွန်းခဲ့ သည့်သီချင်း။ ဒီZombie.. သီချင်းကို ဂစ်တာနှင့် အမိအရ သီဆိုနေသည့် မိန်းကလေးကိုကြည့်ကာ စုသည် မိမိကိုယ် ကိုယ် ပြန်တွေ့လိုက်ရသလို ငိုချင်ချင်၊ ရယ်ချင်ချင် ဖြစ်နေခဲ့သည်။ နိုနို ဟုခေါ်သည့် ထိုမိန်းကလေးကို မြင်လျှင် မြင်ချင်း စိတ်ဝင်စားကာ စုသည် ပန်းချီကားတွေကိုမေ့သည်။ ပန်းချီဆောင်းပါးရေးချင်စိတ်လည်း မရှိတော့ဘဲ ဂီတ ဆောင်းပါး ရေးချင်စိတ်က ပင်လယ်မှာ ဒီလှိုင်းတွေ တလိပ် လိပ် တက်လာသလို ကြွတက်မို့မောက်လာတော့သည်။

            အပြန်အလှန်စကားလုံးများဖလှယ်ရင်း နိုနိုသည် စု ငယ်ငယ်ကလို ဂီတကို အလွန်အမင်း ခုံမင်သော မိန်း ကလေး ဖြစ်နေကြောင်း စုသိလိုက်ရသည်။ ဒီ အမေးအဖြေ အချိန်ပိုင်းလေးအတွင်း တစ်ယောက်က တစ်ယောက်ကို သိရန် မလုံလောက်သော်လည်း ဂီတ ဆိုသည့် အရာက စုတို့အကြား တံတားပမာ အားကောင်းစွာ ချိတ်ဆက် ပေးခဲ့ သည့်အခါ တစ်ခဏအတွင်းမှာ နိုနိုက စုကို၊ စုက နိုနို့ကို အကုန်အစင်သိသွားတော့သည်။

နိုနိုနှင့်တွေ့အပြီး ထိုညမှာ စုသည် နှစ်ကာလ ကြာရှည်စွာ လွှတ်ချထားခဲ့သည့် ဂစ်တာကို ပထမဆုံး အကြိမ် ပွေ့ယူတီးခတ်မိတော့သည်။ ညီလင်းနိုင် အိမ်မှာရှိမနေဘဲ စတူဒီယိုသို့ recording သွားနေခြင်းက ဂစ်တာကို လွတ်လပ်ပေါ့ပါးစွာ ကောက်ယူနိုင်ရန် အခွင့် ကောင်းတစ်ခုပဲ ဖြစ်နေခဲ့သည်။ ညီလင်းနိုင်လက်ထဲ နေ့နေ့ ညည ကခုန် ပျော်ပါးနေခဲ့သည့် စုဂစ်တာလေးသည် အကောင်းဆုံးအသံထွက်ကို ပေးစွမ်းနိုင်ခဲ့သည်။ မတီးတာ ကြာသည့်အတွက် လက်ထိပ်လေးများ အနည်းငယ်နာ ကျင်သည်က လွဲလို့ ဂစ်တာသည် စုအား နွေးထွေးရင်းနှီး မှုကို အရင်လို ပေးစွမ်းနိုင်ဆဲပင်။
ထိုညက ညီလင်းနိုင် အိမ်ပြန်မလာခဲ့ပါ။ စုသည် ယခင်ညတွေက ညီလင်းနိုင် စတူဒီယိုမှာအိပ်လျှင် တစ် ယောက်တည်း မအိပ်ရဲသလိုလို၊ သူ့အား စိတ်ပူသလိုလို တစ်ခုခု လိုနေသည့်ခံစားချက်ဖြင့် ညကို ပင်ပန်းစွာဖြတ် ကျော်ရတတ်သည်။ ယခုမူ ထိုသို့မဟုတ်၊ ဂစ်တာက စုကို အရာရာ ပြီးပြည့်စုံစေခဲ့သည်။ စုသည် တစ်ညလုံး မအိပ်ဘဲ ၀ရန်တာထွက်ကာ ဂစ်တာ ထိုင်တီးနေခဲ့သည်။ ငယ်ငယ် တုန်းကလိုတော့ ခပ်ကျယ်ကျယ် အော်မဆိုဖြစ်ပါ။ တစ် ကိုယ်စာကြားရုံလေး သီချင်းညည်းဆိုဖြစ်သည်။ အလွတ် ရခဲ့ဖူးပြီးသား သီချင်းတွေကို စာသား၊ ကော့ဒ်များ ဘာမှ တိမ်းချော်မေ့လျော့ခြင်း မရှိဘဲ ယခင်လို ပေါ့ပေါ့ပါးပါး တီးနိုင်ဆိုနိုင်ဆဲဟု သိလိုက်ရလျှင် စုသည် မိမိကိုယ်မိမိ အံ့သြမဆုံးနိုင်အောင် ဖြစ်ရတော့သည်။ သူ့ကို မကိုင်မတွယ် မတို့မထိ လွှတ်ချခဲ့ချိန် ၁၀နှစ် ကြာခဲ့တာတောင် ဂစ်တာက မိမိနှင့် ဝေးမသွားခဲ့ဘဲ အရင်လို တစ်သားတည်း ရှိနေဆဲဟု သိလိုက်ရလျှင် စုသည် ရင်ထဲတစ်ဆို့ဆို့ဖြစ်ကာ အဆုံးမှာ သည်းသည်းထန်ထန် ငိုကြွေးမိရတော့သည်။ သီချင်းတစ်ပုဒ် တီးပြီးတိုင်းမှာ စုသည် ဂစ်တာကို တင်းတင်း ပွေ့ကာ မျက် ရည်တစ်ခါကျသည်။ စုသည် သီချင်း ဘယ်နှပုဒ် တီးဆိုမိမှန်း မသိသလို မျက်ရည်ဘယ်နှကြိမ် ကျမိမှန်းလည်း မသိခဲ့ တော့ပါချေ။

            ဂစ်တာကို ယခုလို ပြန်လည်ကောက်ကိုင်မိခြင်း အတွက် သီချင်းသည်မလေး နိုနို့အား ကျေးဇူးတင်ရမည် လား၊ အပြစ်တင်ရမည်လား စု မသိတော့ပါ။ ထိုနေ့မှ စကာ စုသည် အိမ်မှာ တစ်ဦးတည်းရှိစေမည့် အခွင့်အခါကို ချောင်း မြောင်းနေသည့် ကျားရိုင်းမလေးတစ်ကောင် ဖြစ် သွားလေ ပြီ။ စုသည် ညီလင်းနိုင်အိမ်ပြန်မလာမည့် ညများကို မျှော် တတ်လာသည်။
“ စုရေ ဒီည ပြန်မလာတော့ဘူး၊ ညီ စတူဒီယိုမှာ ပဲ အိပ်လိုက်တော့မယ်”ဟု ဖုန်းဆက်လာလျှင် စုသည် လှောင်ချိုင့်ထဲကလွတ်သွားသည့် ငှက်တစ်ကောင်လို စွေ့ စွေ့ခုန်ခုန် ပျော်လျက် ဂစ်တာကို အငမ်းမရ ကောက်ကိုင် တော့သည်။ ရက်ကြာလာလျှင် အနေအထားပျက်ယွင်းနေ သည့်ဂစ်တာကို ရိပ်စားမိကာ ညီလင်းနိုင်က စုအား မေးလာ သည်။

“ ဂစ်တာတီးနေခဲ့တာလား စု”

စုသည် မဟုတ်ပါဘူးဟု လိမ်ပြောရကောင်းမလား တစ်ချက်ကလေးတုံ့ဆိုင်းသွားသေးသော်လည်း လွှတ်ခနဲ ပြောလိုက်မိသည်။

“ ဟုတ်တယ် တီးခဲ့တယ်၊ တီးတယ်၊ တီးတယ် အဲဒါ ဘာဖြစ်လဲ”

ကျားရိုင်းမလေးတစ်ကောင်လို ချက်ချင်းပြောင်း လဲသွားသည့် စုကို ညီလင်းနိုင်သည် တအံ့တသြကြည့်နေခဲ့ သည်။ စုခံစားချက်ကို နားလည်ပေးရန် စဉ်းစားချိန်လည်း မရှိတော့ချေ။ စုထံမှ မာထန်နေသည့် တုံ့ပြန်သံကြောင့် ညီလင်းနိုင် ရုတ်တရက် ဒေါသထွက်သွားသည်။

“ အရူးထ မနေစမ်းနဲ့တော့…”

စုသည် ညီလင်းနိုင်ကို မကြည့်စဖူး စိန်းစိန်းကြီး လုပ်ကာ ကြည့်မိသွားသည်။ အလကား လူ၊ အတ္တကြီးတဲ့လူ။ ငါ့ကို ဂီတနဲ့ သွေးခွဲခဲ့တဲ့လူ။ စိတ်ထဲ တိတ်တခိုးကျိန်ဆဲရင်း စုသည် ဘ၀ကို စိတ်အပျက်ကြီးပျက်သွားသည်။
ဂီတကို မင်းချစ်သလို ငါလည်းပဲ ချစ်တာပဲ။ နှစ်ယောက်စလုံး အသက်မက ချစ်ပါလျက်
ငါတို့ချစ်တဲ့ဂီတက..ငါတို့နှစ်ယောက်ကြားမှာ ခေါင်းစဉ်ပဲ တူခဲ့တယ်….
စုသည် မျက်ရည်နှင့်အတူလိမ့်ဆင်းထွက်ကျလာသည့် ခံစား ချက် အစုစုတို့ကို..Lyrics လုပ်ပစ်လိုက်သည်။ melody ရှာ ထည့်သည်။ ညီလင်းနိုင်ပြောသလို ဒါဟာ အရူးထနေတာ လား…ဟု တွေးကာ ကြည့်မြင်လေရာ အမှောင်ထုပိန်းပိတ် နေသလို စိတ်တွေကျဉ်းကျပ်အုံခဲလျက်က အသံထွက် အောင် ရယ်မောမိသည်အထိ ၀မ်းမြောက်ပျော်ရွှင်နေ ခဲ့သည်။

*********

            စုသည် Idol မဂ္ဂဇင်းထဲ ပါလာသည့် မိမိရေးခဲ့ သော နိုနို့အင်တာဗျူးဆောင်းပါးကို အခါခါ ပြန်ဖတ်ရင်း မျက်ရည်သီသီဝေလာသည်။ အမှန်က မိမိကို ဒီလို interviewer တစ်ယောက်က လာမေးမြန်းရမှာ၊ အခု စု စိတ် ထဲ ပြောင်းပြန် ဖြစ်နေသည်ဟု ခံစားရသည်။ face book မှာ notes မှာ စု တင်ပေးလိုက်သည့် ထိုဆောင်းပါးကို ဖတ်ပြီး ပြီးချင်း အရေးအသားက မိုက်တယ်ဟု နိုနို က comment ပေးခဲ့သော်လည်း သူ့ comment ကို ပြန်ပြီး like မလုပ်နိုင် တော့ဘဲ မျက်ရည်တွေသာ ကျနေခဲ့သည်။ ဘ၀ပုံရိပ်ချင်း ထပ်တူကျပြီး ဂီတချစ်စိတ်ချင်း ဖလှယ်၊ ၁၀နှစ်တာ လျှို့ဝှက် ခံစားချက်တွေ အရင်းအနှီးပြုကာ စိတ်နှစ် ရေးခဲ့သည့် ဆောင်းပါးပဲ ကောင်းတော့ မပေါ့ဟု နာနာကျင်ကျင် တွေး သည်။ စုသည် Idolမဂ္ဂဇင်း တစ်အုပ်ယူကာ နိုနို့အား ပေးရန် ထွက်လာခဲ့သည်။ သာမန်ရပ်ကွက်တစ်ခုထဲက သာမန် တိုက်ခန်းတစ်ခန်းမှာ နိုနိုက သူငယ်ချင်း တစ်ယောက်နှင့် နေသည်။

5B အခန်းတံခါးကိုခေါက်လျှင် တစ်ပြင်လုံး tattoo များ ထိုးထားသည့် လက်ကလေးတစ်ဖက်က သံပန်းတံခါး ကနေ လျှိုပြူထွက်လာကာ သော့ဖွင့်ပေးသည်။ နိုနိုက ပြုံး ရယ်လျက် “အဖေဆုံးတာ ၁၀နှစ်ပြည့်တဲ့နေ့ အတော်ပဲ အစ်မစုကို ကျွေးဖို့ ငါးပေါင်း ပေါင်းထားတယ်”ဟုဆိုလျှင် စုသည် မျက်ခုံးတွေအမြင့်ကြီးမြင့်တက်သွားကာ အံ့အားသင့် ရတော့သည်။ ဧည့်သည်ထိုင်ရမည့်နေရာမှာ မထိုင်ဖြစ်ဘဲ မယုံမရဲစိတ်နှင့် စုသည် နိုနိုရှိရာမီးဖိုခန်းထဲ တိုက်ရိုက် ၀င်လိုက်သွားသည်။ ဘုရားသခင်…စုသည် မောဟိုက် လာ ခြင်းအတွက် ရေတစ်ခွက် အရင်ဦးစွာ တောင်းသောက် ရန်ပင် မေ့လျော့ကာ နိုနို့ကျောပြင်ကို ငေးကြည့်နေမိသည်။

နိုနိုသည် ကျောလည်ထိ ရှည်လျားသည့် အနီ ရောင်လှိုင်းတွန့်ဆံပင်တွေကို ဖဲကြိုးနှစ်ဖက် ခွဲစည်း ထား သည်။ တီရှပ်အပျော့သားနှင့် ဂျင်းသား ဘောင်းဘီ တိုတို ပြတ်ပြတ်လေး ၀တ်ထားသည်။ လည်ကုပ်သားပေါ်မှာ သူ့ တေးအယ်လ်ဘမ် title ကို tattooစာလုံး တွေထိုးထား သည်။

“ ငါးပေါင်းက ရပြီ၊ ငရုတ်သီးနဲ့အချဉ်လုပ်ဖို့ပဲကျန် တော့တယ်၊ ပူဒီနာကြိုက်လားအစ်မစု”

စုသည် “အင်းအင်းအကုန်ကြိုက်တယ်”ဟု နိုနို့ အနား ဘေးချင်းယှဉ်ရပ်ရင်း ကပျာကယာဖြေလိုက်ရသည်။
ကိုယ်ပေါ်မှာ tattoo တွေထိုးထားပြီး၊ ခေတ်ပေါ် အ၀တ် အစား အတို အပြတ်တွေ ၀တ်စားထားသည့် သီချင်းသည်မ လေးတစ်ယောက် မီးဖိုချောင်ထဲမှာ ကျွမ်းကျင်စွာ ချက်ပြုတ် လုပ်ကိုင်နေသည့် မြင်ကွင်းက စုအား ကြောက်ခမန်းလိလိ ဖမ်းစားထားတော့သည်။ နိုနိုသည် ငရုတ်သီးစိမ်းတောင့်ရှည် တွေကို အလောတော်ပိုင်းကာ blenderထဲထည့်၊ ကြက် သွန်ဖြူ၊ ဆားနည်းနည်းထည့်၊ ပူဒီနာရွက်လေးတွေဖြတ် ထည့်၊ အားလုံး ရောကာကြိတ်မွှေသည်။ ပြီးလျှင် သံပရာ ရည်ညှစ်သည်။ `အမြဲတမ်းချက်စားတာလား၊ ဈေးဘယ်မှာ ၀ယ်လဲ´ ဟုမေးလျှင် နိုနိုက `ဟုတ် ချက်စားတယ် ၊ ဘူတာ ရုံလမ်းဈေးမှာ သွားဝယ်တယ်၊ ဆိုက်ကားစီးသွား တယ်´ ဟု ပြောသည်။ စု သည် မိမိထက် အသက်များစွာငယ်ရွယ်လှ သည့် နိုနို့အပေါ် မနာလိုစိတ်တွေ ဖရိုဖရဲဝင်သွားတော့၏။ မိမိဘ၀မှာ ဂီတအရာကိုလည်း ဖြစ်ဖြစ်မြောက်မြောက် ပြုလုပ်နိုင်ခဲ့ခြင်းမရှိ၊  အချက်အပြုတ်ရေးရာမှာလည်း ဖြစ် မြောက်ခြင်းလည်းမရှိ။ တော်တော်လူဖြစ်ရှုံးတဲ့ငါဟု တိတ် တခိုး ရေရွတ် ကျိန်ဆဲလျက် သိမ်ငယ်မှုများ သွေးကြောအနှံ့ စီးဖြာ သွားကာ နိုနို့အနားမှာ တိတ်တဆိတ်လေး မှေးမှိန် ရှက်ရွံ့နေခဲ့သည်။

            “ မီးဖိုထဲမှာပူတယ်၊ အိမ်ခန်းထဲသွားနေလေ အစ်မစု၊ အဲဒီမှာ အဲကွန်းဖွင့်ထားတယ်”ဟုဆိုလျှင် စုသည် အသက်ရှူချောင်သွားကာ နိုနို့အိပ်ခန်းတွင်းမှာ ၀င်ထိုင် စောင့်နေလိုက်ရသည်။ သုံးလေးမိနစ်အတွင်းမှာ နိုနိုက ငါးပေါင်း၊ အသီးအရွက်၊ အချဉ် တစ်ပန်းကန်ပြီး တစ်ပန်း ကန် သယ်လာကာ ကျွေးသည်။ အလုပ်ကအပြန် ဘာမှ မစားရသေးသည့် စုသည် ငါးပေါင်းကို ခက်ရင်းနှင့်ထိုးဖဲ့ကာ ဟန်မဆောင်နိုင်ဘဲ အားပါးတရ စားပစ်လိုက်သည်။

“အင်း သီချင်းတွေက အကုန်ရိုက်ပြီးသွားပြီ၊ ဗီစီဒီ က မထွက်နိုင်သေးဘူး၊ ပိုက်ဆံမရှိသေးလို့”ဟု နိုနိုပြောလျှင် စုသည် ချက်ချင်းလက်ငင်း ထီထိုးချင်စိတ်၊ ထီပေါက်ချင်စိတ် များ ပြင်းပြင်းပြပြကြီး ပေါ်လာသည်။ စုသည် နိုနိုလိုသမျှ ပုံအောထုတ်ပေးချင်မိသည့်အထိ နိုနို့အား ဒါ့ထက် ရှေ့ကို အများကြီးရောက်စေချင်စိတ်များ ထူးထူးဆန်းဆန်း ခံစား ဖြစ်ပျက်လာသည်။ ဒါဘာဖြစ်တာလဲ။ နိုနိုသည် မိမိငယ်ငယ် ကနှင့် အလွန်တူလှ၏။ မိမိ၏ပုံရိပ်ကလေးပဲလား။ မိမိ လွတ်ကျဆုံးရှုံးခဲ့ရသည့်ဘ၀မျိုး  ပုံရိပ်ချင်း ထပ်မျှတူသည့် နိုနို့မှာ နောက်ထပ် လွဲချော်ဆုံးရှုံးတာ မကြုံစေချင်ပါ။ တကယ်လို့များပေါ့.။ ဂီတကို ရူးသွပ်သည့် မိန်းကလေး တစ်ယောက်က ထိုဂီတကို အကောင်အထည်ဖော်ရန် အတွက် လုံလောက်သည့်ငွေကြေးမရှိခဲ့လျှင် …သူ့ဂီတကို လျှို့ဝှက်သိမ်းဆည်းရပ်တန့်ပစ်လိုက်ရမှာလား၊ ဒါမှမဟုတ် ဂီတတွေ ရုပ်လုံးကြွစေဖို့ ငွေကြေးကို တခြားနည်းလမ်းနဲ့ ရှာ ဖွေပစ်လိုက်ရမှာလား။ စုသည် ထိုသို့တွေးရင်းက နိုနို့ အတွက် ပူပန်စိတ်ဝင်ရပြန်သည်။ နိုနိုလျှောက်သမျှ လမ်း များကို မည်မျှကြမ်းတမ်းစေဦးတော့ အဖြောင့်အတိုင်းသာ ရှိနေစေချင်မိသည်။ ကွေ့ကွေ့ကောက်ကောက်တွေ မကြုံ စေချင်သည်မှာ စုဆန္ဒအမှန်ဖြစ်တော့သည်။

စားပြီးလျှင် နိုနိုက ဂစ်တာတီးကာ သူရေးထား သည့် သီချင်းအသစ် တစ်ပုဒ် ဆိုပြသည်။ နိုနိုဆိုပြီးသွားလျှင် သူချထားသည့် ဂစ်တာကို ကောက်ကိုင်ကာ စုသည် သီချင်း တစ်ပုဒ် ကောက်ခါငင်ကာ ဆိုလိုက်သည်။ Lisa Loeb ၏ You Stay,I Miss You …။ အဲဒီသီချင်း နိုနိုရတယ် ဆိုကာ နိုနိုက လိုက်ဆိုပေးသည်။
You said that I was naïve. And I thouhgt that I was strong.. I thought, "hey, I can leave, I can leave."Oh but now I know that I was wrong, 'cause I missed you…နိုနိုနှင့်အတူ သီချင်းတွေ အော်ဆိုရင်း စုသည် မပျော်စဖူး ထူးကဲစွာ ပျော်မြူးလျက်က ကမ္ဘာလောကကြီးတစ်ခုလုံးကို မေ့သွားတော့သည်။

            “အစ်မစု အိတ်ထဲမှာဖုန်းလာနေတယ် ထင်တယ်”

            နိုနိုပြောမှ ဖုန်းမြည်သံကို ကြားမိသည်။ တခြားသူ မဟုတ်။ ညီလင်းနိုင်။ နောက်ကျလို့၊ စိတ်ပူနေတယ်၊ ဘယ်သွားနေလဲ…။ မဂ္ဂဇင်းစာအုပ် သွားပို့နေတာ အခု ပြန်လာနေပြီ။ စုသည် ပျော်ရွှင်ခြင်းဂီတကမ္ဘာထဲကနေ အလန့်တကြား ရုန်းထကာ အိမ်ပြန်ရန် ပြင်ရတော့သည်။

            “ အစ်မစု နောက်နေ့တွေလည်း လာခဲ့နော်၊ နိုနိုတို့ သီချင်းတွေဆိုမယ်၊ ဂစ်တာအတူတီးကြမယ်၊ နိုနိုရေးထားတဲ့ သီချင်းတွေလည်း အများကြီး ပြရဦးမယ်၊ အစ်မက မြူးဇစ် နားလည်တော့ လိုတာတွေ ပြောပြပေါ့”

            စုသည် ထူးထူးကဲကဲပျော်ရွှင်မြူးထူးလျက် ခေါင်း ကို တွင်တွင် ညိတ်ပြလိုက်သည်။

*********

အိမ်တံခါးသော့ကိုဖွင့်ကာ စုသည် ခြေကိုဖွလျက် ၀င်လိုက်သည်။ အိမ်ပေါ်ထပ် မိမိအခန်းရှိရာသို့ တစ်ဆစ်ချိုး လှေကားကျယ်ကြီးမှတစ်ဆင့် အသာတက်လာခဲ့သည်။ လက်ကိုင်ဘုလုံးလေးကို လှည့်ဖွင့်ကာ အခန်းတွင်းသို့ ၀င် လိုက်သည်နှင့် စောင့်ဟန်ဆောင်နေသော မျက်လုံးတစ်စုံ နှင့် တည့်တည့်တိုးသည်။ ညီလင်းနိုင်၏ စိမ်းဖန့်ဖန့် မျက်လုံး တွေက စုကိုမြင်လျှင်မြင်ချင်း နံရံထက်က နာရီဆီ အကြည့် ကူးသည်။ မိမိ၏ အိမ်ပြန်ချိန်များ တစ်နေ့ထက် တစ်နေ့ ပိုပို နောက်ကျနေခဲ့လေပြီ။ နောက်ကျမိခြင်း၏ ဆင်ခြေစကား တွေက အပ်ကြောင်း ထပ်နေခဲ့ပြီ။ မည်သို့ ပြောရပါ့။

စုသည် တစ်နေ့တခြား ညီလင်းနိုင်အပေါ် လိမ် ညာ ပြောဆိုနေရသည့် မိမိဘ၀ကိုမိမိ ခါးသည်း စက်ဆုပ် နေမိပြန်သည်။ မိမိ ဘယ်သူနှင့် ဘယ်သွားခဲ့သည်၊ ဘာ လုပ်ခဲ့သည်ကို ညီလင်းနိုင်အား အမှန်အတိုင်း ဖွင့်ဟလိုက် ရ ကောင်းမလား….တွေဝေဒွိဟဖြစ်ကာ အိပ်မရ ညတွေ များထွေခဲ့ရလေပြီ။
special thanks and confession: 
(၁) ပိုပို့ကိုသူ့အင်တာဗျူးပါတဲ့စာအုပ်သွားပေးပြီးအပြန် အဲဒီညက တကယ်ဖြစ်ခဲ့တဲ့စိတ်နဲ့ ချက်ချင်းကောက်ရေးခဲ့တာမို့ ဒီစာဖြစ်လာအောင် စေ့ဆော်ပေးခဲ့သူ ပိုပို့ကို ကျေးဇူးတင်ပါတယ်။ (စားခဲ့ရတဲ့ငါးပေါင်းကအရသာသိပ်ကောင်းသလို`မိုးတွေညိုလို့လာပြီအလွမ်းတွေအေးစက်လို့လာပြီ.....ငါ့မှာငါ့မှာအသက်မရှင်ချင်တော့ဘူးကွယ်...ဆိုတဲ့ ကို်ယ်တိုင်ရေးတဲ့သီချင်းအသစ်နားထောင်ရတာလည်း  အရသာရှိလှပါတယ်) 
(၂) စိမ်းကြာလှိုင်၊ ဇာဂလေး၊ ပိုပို၊ နွယ်ဦး၊ မိုင်လို၊ ဇင်းနစ်- စတဲ့ အလုပ်ထဲက သူငယ်ချင်းတွေရဲ့အမည်ကို သုံးခွင့်ရခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ 
(၃) ၀တ္ထုထဲက ဇာတ်ကောင် စု ရဲ့ အမျိုးသားနေရာမှာ`ညီလင်းနိုင်´အမည်ကို အသုံးပြုခွင့်ပေးတဲ့အတွက် ကဗျာဆရာ ကိုညီလင်းနိုင်ကိုလည်း အထူးကျေးဇူးတင်ပါတယ်။
စုမီအောင်

No comments: