Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, November 05, 2013

ညတစ်ဝက်

အဲဒီညက လပြည့်ဖို့ တစ်ဝက်သာလိုခဲ့တယ်။ တိုက်ခန်းတွေရဲ့အရေးပေါ်လှေကားလို့ဆိုရမယ့် သံနဲ့လုပ်တဲ့နောက်ဖေး လှေကားမှာ မိန်းကလေးနဲ့ သူ ဘေးချင်းယှဉ်ပြီး ထိုင်နေကြတယ်။ သူ ဘီယာသောက်တာ တစ်ပုလင်းကုန်တော့မယ်။ မိန်းကလေး လက်ထဲမှာ တစ်စက်ကလေးမှ မသောက်ရသေးတဲ့ ၀ိုင်အနီတစ်ခွက် ကိုင်ထားတယ်။ မိန်းကလေးက ကောင်းကင်ဆီ ငေးကြည့်ရင်း သူ့ကို ဖွဖွကလေးပြောတယ်။

“အဖြူပိတ်ပိတ်တိမ်တွေက မြေကြီးပပ်ကြားအက်တွေလိုပဲ”


သူဘာမှ စကားတုံ့လှယ် မဆိုဖြစ်ဘူး။ ကောင်းကင်ဆီကိုလည်း ကြည့်မနေဘူး။ သူ့မျက်လုံးတွေက တခြား တစ်နေရာမှာ။ အတန်ကြာတိတ်ဆိတ်နေပြီးနောက် မိန်းကလေးက ၀ိုင်ခွက်ကို သောက်မယ့်ဟန်ပြင်တယ်။ စိတ်ပြောင်းသွားတယ်။ မသောက် တော့ပြန်ဘဲ ကွေးထိုင်နေတဲ့ ဒူးပေါ်ပြန်တင်ရင်း ကောင်းကင်ကို တကြည့်ကြည့်နဲ့ ကြည့်လို့ သူ့ကို ပြောလာပြန်တယ်။ 

“ပပ်ကြားအက်တိမ်တွေ မရှိတော့ပြန်ဘူး။ ဟိုးမှာ အဖြူပိတ်ပိတ်တိမ်တွေ ရွေ့ဟသွားတဲ့အလယ်မှာ တွင်းနက်ကြီးလိုပဲ ကောင်းကင်ကြီးပေါက်နေတယ်ရှင့်”

သူ ဘာမှ စကားတုံ့လှယ်မဆိုဘူး။ ကောင်းကင်ဆီကိုလည်း ကြည့်မနေဖြစ်ဘူး။ သူ့မျက်လုံးတွေက တခြားတစ်နေရာမှာ။ မိန်းကလေးက ကောင်းကင်ဆီ မျက်တောင်မခတ်ကြည့်နေပြန်တယ်။ 

“ကောင်းကင်ကို ဒီလိုအေးအေးလူလူစောင့်ကြည့်နိုင်ဖို့ ဘ၀တစ်ဝက်လုံးလုံး ကျွန်မ စောင့်ခဲ့ရတယ်၊ အင်း..တိမ်တွေ ရွေ့နေပုံက ကျွန်မစိတ်တွေ လိုက်လို့မမီအောင်ပဲ မြန်လွန်းလိုက်တာ”

`ကျွတ်´ခနဲအသံထွက်လိုက်ရင်း နေရာကနေ သူ ရုတ်တရက်ထရပ်လိုက်တယ်။ မိန်းကလေးက သူ့ကို ခေါင်းမော့ ကြည့် တယ်။ ဒါပေမဲ့ သူ့မျက်နှာကို မမြင်မိဘဲ မျက်လုံးတွေက သူ့ပခုံးကနေ ကျော်လွန်ပြီး ကောင်းကင်ဆီ ရောက်သွားလို့ပဲ။

“ ဒီဘက်ကို လာထိုင်”
“ အယ်..ဒါ ဘာဖြစ်ရပြန်တာလဲ၊ ဒီဘက်ကမှ ကောင်းကင်ကို ကောင်းကောင်းမြင်ရတာရှင့်”
“ လာဆို လာထိုင်စမ်းပါကွာ”

မိန်းကလေးက အလိုက်သင့်ထရပ် နေရာပြောင်းထိုင်လိုက်ပေမဲ့ မကျေနပ်သံနဲ့ မေးခွန်းထုတ်လိုက်သေးတယ်။
“ ဘာဖြစ်လို့လဲ”
“ ဟိုဘက်အောက်အိမ်ထဲမှာ လူတစ်ယောက် အိပ်ရင်းကနေ မင်းကို လှမ်းလှမ်းကြည့်နေတယ် မသိဘူးလား၊ လဲဆို မြန်မြန် နေရာလဲလိုက်မယ်မရှိဘူး၊ အခု ကိုယ်မြင်မိလိုက်လို့ ၊ ဒါတောင် ဘယ်အချိန်ကတည်းက ကြည့်နေခဲ့သလဲမသိ၊ ကြာတောင် ကြာလောက်ပြီ”
“ အယ်၊ ဘယ်သိမှာလဲရှင့်၊ ကျွန်မက ကောင်းကင်ကိုပဲ ကြည့်နေတာပဲဟာ၊ ဘယ်မှာလဲ ရှင်ပြောတဲ့လူ..”
“ ဟိုးမှာ ဟိုးမှာ ဟိုအိမ်ထဲက ပြတင်းပေါက်မှာ”

သူက စိတ်မရှည်တော့တဲ့ဟန်နဲ့ မိန်းကလေးရဲ့ဦးခေါင်းကို လက်နှစ်ဖက်နဲ့ ပူးညှပ်ကိုင်ပြီး ညွှန်ပြလိုက်တယ်။ မိန်းကလေး က မျက်လုံးကို ပြူးကြည့်တယ်။ မျက်ခုံးကို ပင့်ကြည့်တယ်။ မျက်မှောင်ကို ကုပ်ကြည့်တယ်။ ကြည့်ပုံ အမျိုးမျိုးနဲ့ ကြည့်တယ်။ ပြီး ခေါင်းယမ်းတယ်။ 

“ မမြင်ပါဘူးရှင်၊ မိန်းမတစ်ယောက် ခေါင်းဖြီးနေတာပဲ မြင်တယ်”
“ မဟုတ်ဘူး၊ ဒီဘက် ဒုတိယ ပြတင်းပေါက်မှာ…”
မိန်းကလေးက စိတ်လုံးဝမပါပေမဲ့ သူ့အကြိုက်လိုက်တဲ့သဘောနဲ့ ကြိုးစားပြီးကြည့်ပေးနေတယ်။ ဖြစ်နိုင်ရင် ဘာမဟုတ် တဲ့ကိစ္စတစ်ခုနဲ့ပတ်သက်ပြီး မြင်တယ်/မမြင်ဘူး၊ သိတယ်/မသိဘူး၊ ဟုတ်တယ်/မဟုတ်ဘူး ဘာဆိုဘာမှ သူနဲ့အငြင်းအခုံ ပြု မနေချင်ဘူး။ တကယ်ဆို ခုည ဒီအချိန်လေးက သာသာယာယာလေး ချစ်တင်းနှီးနှောနေရမယ့်အချိန်။ ဘ၀တစ်ဝက်လုံးလုံး အငြင်း အခုံပြုရတာတွေနဲ့ ပင်ပန်းဖူးခဲ့ပြီးပြီ။ နောက်ထပ် မပင်ပန်းချင်ဘူး။ နောက်ထပ်လောဘမကြီးချင်ဘူး။ မိန်းကလေးဖြစ်ချင်တာက ခုည မသောက်ဖူးတဲ့ ၀ိုင်တစ်ခွက် တို့ထိ တို့ထိလေး စိမ်သောက်မယ်၊ အဆာပြေရုံလေး ပဲ ပေါင်မုန့်တစ်ချပ်စားမယ်၊ သူ့နှလုံးသားက ကြားရုံကလေး `နွေရာသီဝိုင်´သီချင်းတစ်ပုဒ်လောက် ညည်းမယ်၊ သူနဲ့အတူ ခုည တစ်ညလုံး ရှိမယ်။ ဒါပဲ။ ရိုးရိုးလေးပဲ စဉ်းစား ထားခဲ့တာပါ။ ခုတော့ ဘာမဟုတ်တဲ့ကိစ္စနဲ့ မလိမ်ချင်ဘဲ လိမ်ညာပြောဆိုရတော့မယ်။ မတွေ့ပါဘူး ဆက်ပြောမိရင် တစ်ကိုယ်လုံး ကို ပွေ့ပြီး အဲဒီအိမ်ဘက် တွန်းလွှတ်ပစ်ချ ကြည့်ခိုင်းဦးမှာလား ဆိုတာလည်း တွေးကြောက်တယ်။ သူက သူ့ကို ဆန့်ကျင်ပြုမိလိုက် ရင် အင်မတန် ရမ်းကားတတ်တဲ့လူ။ မမြင်ဘဲ မြင်လေဟန်နဲ့ အပိုတွေ လျှောက်ပြောရတော့တယ်။ 

“အော်..အင်း..အယ်ဟုတ်ပါရဲ့ တွေ့ပြီတွေ့ပြီ၊ အဲ့ဒီလူက ကျွန်မကို ကြည့်နေတာလား၊ ကြည့် ပတိ၊ ဒါလောက် အဝေးကြီးဟာ။ လှမ်းကြည့်ရုံနဲ့ ရှင့်အနားမှာထိုင်နေတဲ့ ကျွန်မကို အဲဒီလူက ဘာလုပ်လို့ရမှာတဲ့လဲ၊ ရှင်ကလည်း၊ အူတိုစရာမရှိ တိုရန်ကော ခစ်ခစ်ခစ်”

မိန်းကလေးက ပေါ့စေလိုတဲ့သဘောနဲ့ အသံလွင်လွင်ကလေး ခိုးခိုးခစ်ခစ် ရယ်ပြောပြောလိုက်တယ်။ သူ့ ရင်ခွင်ထဲ ခေါင်းတိုးဝင်လိုက်တယ်။ သူအသည်းယားလာပြီး မိန်းကလေးကို ပွေ့ဖက်လိုက်တယ်။

“ အိုး…၀ိုင်တွေ ဖိတ်ကုန်ပါ့မယ်ရှင် ရှင်ကလည်း”

ဝိုင်ခွက်ကလေးကို ဘေးမှာ အသာချလိုက်တယ်။ သူ့မျက်နှာကို ပြုံးပြုံးချိုချိုကလေး မော့ကြည့်လိုက်ရင်း နှုတ်ခမ်းလေး တွေကို စူတူတူလုပ်လိုက်တယ်။ သူက မိန်းကလေးရဲ့နှုတ်ခမ်းလေးကို သူ့နှုတ်ခမ်းနဲ့ မွမွကလေး နမ်းလိုက်တယ်။ 
“ ဘီယာစော်နံတယ်”
သူမမှုဘူး။ ဘာလို့မှုရမှာလဲ။ ယောက်ျားပဲဟာ။ ယောက်ျားတစ်ယောက်ရဲ့ပါးစပ်က ဘီယာနံ့ရတာ အဆန်းလား။ သူ့ အသက်ရှူသံက သာမန် မဟုတ်တော့ဘူး။ ရင်တွေ ကပြောင်းကပြန် ခုန်လှုပ်နေတယ်။ ဆယ်ကျော်သက်လေးတစ်ယောက်လို။ တကယ်ဆို သူ့ရင်ခုန်နှုန်းတွေ နောက်ထပ် ခုန်လှုပ်စရာအကြောင်းမရှိတော့အောင် ရင့်ကျက်တည်ငြိမ်ခဲ့ပြီလို့ သူ့ကိုယ်သူ ထင်မှတ် ထားခဲ့တာ။ ဒီမိန်းကလေးကို တွေ့တိုင်း သူ ဘယ်လိုဖြစ်ရတာပါလိမ့်။ သူ့ကိုယ်သူလည်း နားမလည်နိုင်တော့ဘူး။ အချစ်ဆိုတာ ဘယ်လိုဟာကြီးလဲ။ ဘ၀တစ်ဝက် အချိန်ပိုင်းကျမှ ပေါ်ထွန်းလာတဲ့ နေတစ်စင်းလို ဒီမိန်းကလေးက သူ့ရင်မှာ ဖိတ်လျှံတောက်ပ ခဲ့ပြီ။ ခုချိန်ကျမှ ဒါဟာ အချစ်လို့ ၀င့်ဝင့်စားစား ကြေညာဖော်ထုတ်လို့ ရကောင်းပါဦးမလား။ ဘယ်သူတွေကရော ဒါကို ယုံကြည် လက်ခံနိုင်ပါ့မလဲ။ သူ့ သွေးသားတွေ တပွက်ပွက် ဆူဝေလာတယ်။ အဝေးကြီးကနေ အမောတကောကြီး ပြေးလာပြီး ပန်းတိုင်ကို လှမ်းကိုင်လိုက်မိသလို မောဟိုက်နွမ်းလျခြင်းတစ်ဝက်၊ ကြည်နူးပျော်ရွှင်ခြင်းတစ်ဝက်ကယ်နဲ့။ သူ့လေအရှူအရှိုက်တွေက နွေးနွေးပူပူ နဲ့။ သူ့တစ်ကိုယ်လုံး ဖျပ်ဖျပ်ခါခါနဲ့။ သူ့ကိုယ်သူ ဘာတွေဖြစ်လို့ဖြစ်နေမှန်း မသိအောင်ကို  ဖြစ်ပျက်ခံစားနေရတယ်။ 
တစ်ဝက်ပဲသာနေတဲ့ လရောင်ပြေပြေလေးအောက်မှာ သူ့မျက်လုံးအစုံက စူးစူးရှရှနဲ့၊ မိန်းကလေးကို သိမ်းကျုံးပြီး ရွှန်းရွှန်းစားစားကြီး ကြည့်တယ်။ 

“ချစ်တယ်၊ သိပ်ချစ်တာပဲ။ မင်းကို တကယ်ချစ်တယ်...ကွဲ့”

မိန်းကလေးရဲ့ရင်ထဲမှာလည်း တသိမ့်သိမ့်နဲ့ လှိုက်ဖိုတုန်ယင်လာတယ်။ ဒါ ဘာဖြစ်ရတာလဲ။ နားမလည်ဘူး။ ၉တန်း ၁၀တန်း ကျောင်းသူလေး မဟုတ်ရပါဘဲနဲ့။ ကျောင်းသူလေးတစ်ယောက် ကျောင်းဝတ်စုံ အဖြူ အစိမ်းဝတ်ရင်း ကျောင်းလစ်ပြီး ရည်းစားနဲ့ချိန်းတွေ့မိသလိုမျိုး ရင်တွေဆတ်ဆတ်တုန် ခုန်လှုပ်လွန်းလှတယ်။ ဘ၀တစ်ဝက်မှာ အချစ်စိတ်က နွေဦးရာသီအစကို လတ်လတ်ဆတ်ဆတ် ပြန်ရောက်သွားတယ်။ သစ်ရွက်ကလေးတွေ လှုပ်နေသလား၊ လေပြည်ကလေး ဝှေ့တိုက်နေသလား၊ မိန်း ကလေးစိတ်ထဲ ခိုးခိုးခစ်ခစ်အသံကလေးနဲ့ ရယ်ပဲရယ်ချင်နေတော့တယ်။ တကယ်ဆို ဘ၀တစ်ဝက်လုံးလုံး ခိုးခိုးခစ်ခစ် ကလေး တစ်ခါမှ မရယ်ခဲ့ဖူးဘူး။ မိန်းကလေးက အရင်က မရယ်ခဲ့ဖူးတဲ့ အသံနဲ့ တခစ်ခစ်လေးရယ်နေရင်း တစ်ပြိုင်နက်တည်းမှာပဲ တီရှပ်ရဲ့ လက်အနားစအောက်က သူ့လက်မောင်းသားဆီ နှုတ်ခမ်းနဲ့ကပ်လို့ ရယ်သံနဲ့အမျှ ဆတူ နမ်းရှိုက်နေတယ်။

“ အံ့သြစရာ….အိပ်မက်ကြီးကျနေတာပဲ၊ ကျွန်မပါးကို ဆိတ်ကြည့်စမ်းပါဦး”

သူက မိန်းကလေးရဲ့ပါးကို သွားတွေနဲ့ အသာကလေး တစ်ချက် ကိုက်လိုက်တယ်။ 

“အ…တကယ်နာတယ်ရှင့်၊ နာတယ်နာတယ်၊ ခစ်ခစ်…ဒါဆို အိပ်မက်မဟုတ်ဘူးပေါ့၊ ဒါ တကယ်ပေါ့၊ အခုည ဒီလို ရှင်နဲ့အတူ ရှိနေတာ တကယ်ကြီးလား၊ ကျွန်မတော့ ခုည ဒီအချိန်လေးကို ရှေ့ဆက်မသွားနိုင်တော့အောင် ရပ်ကိုရပ်ထား လိုက်ချင်တော့တာပဲ”
“ ဒါပေါ့ဒါပေါ့ ရပ်ထားရမှာပေါ့”

ရုတ်တရက်ကြီး တိုးဝင်လာတဲ့ တုန်ခါသံတစ်ခုက သူတို့နှစ်ယောက်ကို အစွန်းနှစ်ဖက်ရောက်အောင် ခွဲခြားပစ်လိုက် တယ်။ မိန်းကလေးကို သူ ဆတ်ခနဲ တွန်းခွာလိုက်ပြီး ဗြုန်းခနဲ ထရပ်လိုက်တယ်။ အသံတိတ်(ဆိုင်းလင့်)လုပ်ထားပြီး တုန်ခါမှုကို သာ လွှတ်ထားတဲ့ ဖုန်းအခေါ်ကို သူလက်ခံနားထောင်လိုက်တယ်။ ဟဲလို ဆိုတဲ့အသံကို တိုးနိုင်သမျှတိုးအောင်ထူးရင်း မိန်းကလေး နဲ့ခပ်ဝေးဝေးကို ခြေထောက်တွေ နေရာရွှေ့တယ်။ အခန်းတွေရဲ့ဝင်ပေါက် လျှောက်လမ်းစင်္ကြံ တစ်လျှောက် ဘယ်ပြန်ညာပြန် လျှောက်ရင်း ဖုန်းပြောနေတဲ့ သူ့ကို လှမ်းကြည့်နေတဲ့ မိန်းကလေးရဲ့မျက်လုံးတွေဆီက ရုတ်ခြည်း အစိမ်းရောင်တွေ ဖိတ်လျှံ တောက်ပလာတယ်။ 
အဲဒီဖုန်းသံပေါ့။ စောစောက ကောင်းကင်မှာ တိမ်တွေ ရွေ့ဟပြီး တွင်းပေါက်ကြီးဖြစ်သလိုမျိုး၊ ထူကျစ်ပြည့်ခဲနေတဲ့ အချစ်တွေကို ရွေ့ဟစေပြီး ငါ့ရင်အုံမှာ တွင်းပေါက်ကြီးထင်ကျန်အောင်  မှော်အတတ်နဲ့ပြုစားလိုက်သလို။ ငါ့ အသည်းဟာ အနက် ရောင်တွင်းပေါက်ကြီးလုံးလုံး ဖြစ်သွားတော့တာ။ အဲဒီဖုန်းလာတိုင်း ငါ့ကမ္ဘာမှာလှုပ်ခတ်နေတဲ့ သစ်ရွက်တွေအားလုံး ကြောက်လန့် တကြား ငြိမ်ဝပ်သွားကြတယ်၊ အဲဒီဖုန်းလာတိုင်း စောစောက ငါ့ကမ္ဘာမှာတိုက်ခတ်နေတဲ့ လေပြည်တွေလည်း ချောက်ချောက်ချား ချား ရပ်တန့်သွားတော့တယ်။ ခိုးခိုးခစ်ခစ် ငါ့ရယ်သံတွေကိုရော ဘယ်နတ်ဆိုး ခိုးယူသွားသလဲ။ နွေဦးရာသီအစ လတ်ဆတ် မွှေးပျံ့တဲ့ ပန်းပွင့်အစုံစုံဟာလည်း အဆိပ်လူးမြားနဲ့ပစ်လိုက်သလို ညိုးရော်ငိုက်ကျသွားတော့တယ်။ A နဲ့စပြီး O နဲ့ဆုံးတဲ့ contacts ထဲက နာမည်တစ်လုံးကို ငါမုန်းတယ်… ။ အဲဒီနာမည်နဲ့ဖုန်းလာတိုင်း ငါတို့နှစ်ဦး အစွန်းနှစ်ဖက်ကို တွန်းကန်လွင့်စဉ်သွားတော့ တာပဲ…အဲဒီလို အဲဒီလို မိန်းကလေးက တွေးနေတယ်။ ဖုန်းတစ်ခေါ်စာဟာ ငါ့ပင်လယ်မှာ ရာစုနှစ်တစ်နှစ်စာလောက် ကြာရှည် သောင်ထွန်းတယ်လို့ မိန်းကလေးက နာနာကျင်ကျင် ထပ်တွေးတယ်။ အဲဒီနာမည်နဲ့ မြည်မြည်လာတဲ့ ဖုန်းသံကို တစ်သက်စာ ပျောက်ရှတိမ်ကောသွားအောင် ဘာနဲ့ တိုက်စား ဖျက်ဖြိုပစ်ရပါ့။ 
ဘီယာနံ့ရတယ်။ အနားမှာပြန်လာထိုင်တဲ့ သူ့ကို မိန်းကလေးက အေးတိအေးစက်ကြီးလုပ်နေတယ်။ ဘီယာနံ့ပိုရ လာသလို သက်ပြင်းချသံတွေက ပိုကျယ်လာတယ်။ ဒီနေရာကို လာဖို့ ဘယ်သူကစတင်ချိန်းဆိုခဲ့တာလဲ။ ဒီနေရာကို ဒီလို ရောက် လာဖို့ မိန်းကလေးမှာ ဘာမှ အလွယ်တကူမရှိခဲ့ဘူး။ ပင်လယ်တစ်စင်းကိုဖြတ်သန်းရင်း လာတယ်။ တောင်အထပ်ထပ်ကို ကျော် လွှားရင်း လာတယ်။ မပြောဖူးတာတွေ ပြောပြီးလာတယ်။ မစွန့်ဖူးတာတွေ စွန့်စားပြီး လာတယ်။ မဖြတ်ဖူးတာတွေ ဖြတ်ပြီး လာတယ်။ မရုန်းဖူးတာတွေ ရုန်းပြီးလာတယ်။ မညာဖူးတာတွေ ညာပြီး လာတယ်။ မစောင့်ဖူးတာတွေ စောင့်ပြီး လာတယ်။ လာတယ်။ လာတယ်။ လာတယ်။ လာတယ်။
ခုည ဒီအချိန်ကိုရဖို့ ဘ၀တစ်ဝက်လုံး မိန်းကလေးစောင့်ခဲ့ရတယ်။ အစောင့်ကြီးစောင့်ပြီးမှ ရလာတဲ့ ခုညကို သာယာကြည်နူးဖွယ် ပြီး တစ်သက်မမေ့နိုင်စရာ အချိန်အခိုက်အတံ့ဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်မှဖြစ်မယ်။ ၀ိုင်ခွက်လေးကို ကောက်ယူပြီး လျှာဖျားလေးနဲ့ တို့ရုံကလေး တို့စုပ်လိုက်တယ်။ ၀ိုင်တစ်ခွက်။ တစ်ညလုံးစာ လောက်ငှဖို့ ခပ်တို့တို့လေးပဲ သောက်ရမယ် လို့ မိန်းကလေးက ခံယူထားတယ်။ 

“ မနက်စောစော ထပြန်ရမယ်”

သူ့အသံက မပြောချင်ပြောချင်လေသံနဲ့။ ဘာဖြစ်လဲ။ ပြန်လေ၊ ပြန်ပေါ့။ ဘယ်လောက်စောစော မနက်ဆိုမှတော့ ညမှ မဟုတ်တော့တာပဲ။ ဘာကို တွန့်တိုနေရဦးမှာလဲ။ သစ်ရွက်ကလေးတွေ လှုပ်ခတ်ဖို့၊ လေပြည်လေးတွေ တိုက်ခတ်ဖို့၊ နွေဦးရာသီ အစ သရဖီပန်းတွေပွင့်အာဖို့ ဘ၀တစ်ဝက်လုံးလုံး အစောင့်ကြီး စောင့်ခဲ့ရပေမဲ့ တစ်ညတာဆို ဖူလုံပြီပဲ လို့ မိန်းကလေးက ယုံကြည်တယ်။ ရမယ်ဆိုရင်တောင်မှ ခုည တစ်ညထက် ဘာကိုမှ နောက်ထပ်မရချင်မိဘူး။ ဒီတစ်ညပဲ။ ခုည တစ်ညပဲ။ ပြီးရင် ညကို တို့အတူ ရပ်ထားမယ်။ ၀ိုင် နှစ်ကျိုက်ပြည့်အောင် မသောက်ရသေးခင်၊ အနမ်းတွေ နှုတ်ခမ်းထိအောင် မနမ်းရသေးခင်၊ အသံတိတ်တုန်ခါမှုတစ်ခု ရိုက်ခတ်လာပြန်တယ်။ စောစောကလိုပဲ သူက မိန်းကလေးနဲ့ ခပ်လှမ်းလှမ်းကို ထသွားတယ်။ စောစော ကလိုပဲ စင်္ကြံလမ်းမှာ လျှောက်ရင်း ဖုန်းကိုလက်ခံပြောဆိုတယ်။ စောစောကလို သူ့အသံက မနူးညံ့တော့ဘူး။ နည်းနည်းကျယ် ပြီးတော့ နည်းနည်းမာလာတယ်။ 

“ပြန်လာပါမယ်ဆိုကွာ၊ စိတ်ဖြောင့်လက်ဖြောင့် အိပ်နေစမ်းပါ” 

အတိုင်းသားကြီး ကြားနေရတဲ့သူ့အသံ။ ဘယ်ကိုပြန်မှာလဲ။ ဘယ်သူ့ကို စိတ်ဖြောင့်လက်ဖြောင့်အိပ်ခိုင်းနေတာလဲ။ ဟုတ်လား၊ သူပြန်သွားမှာလား၊ သူပြန်သွားရမှာလား။ ကိုယ့်အိပ်ရာထဲကိုယ် စိတ်ဖြောင့်လက်ဖြောင့် မအိပ်နိုင်လောက်အောင် ဘယ်အရပ်ဘယ်ဆီကနေ ဖုန်းခေါ်သံက တစ်တိတိနဲ့ လာလာနေရတာလဲ။ ဖုန်းခေါ်သံရဲ့အသံလှိုင်းအစွန်းတစ်ဖက်ဆီကို သူ စိတ်တွေ ပြန်လည်သွားမှာလား။ မိန်းကလေးရဲ့စိတ်တွေ ဒယိမ်းဒယိုင် ယိမ်းထိုးတုန်ခါသွားတယ်။ မဟုတ်သေးပါဘူး။ အဲဒါ တစ်ဖက်သားစိတ် ကျေနပ်အောင် ဖြေပေးလိုက်တာပါ။ သူ့သဘောထား အစစ်အမှန်မဟုတ်နိုင်ပါဘူး။ မိန်းကလေးက ဆောင့်တက် လာတဲ့ သောကအပူလှိုင်းတွေ လျော့လိုလျော့ငြား ၀ိုင်ခွက်ကို ယူ နှုတ်ခမ်းသားနဲ့ဖန်ခွက်အနားတေ့ပြီး တိတိကျကျ တစ်ကျိုက် စုပ်သောက်လိုက်တယ်။ ဒါဘာကြီးလဲ။ ခါးတာလား၊ ချိုတာလား ဒီဝိုင်ရဲ့အရသာက ဘယ်လိုဖြစ်သွားတာလဲ။ စောစောကနဲ့ မတူတော့ဘူး။ ဘယ်တုန်းက အရသာပျက်ပြယ်သွားခဲ့တာလဲ။ မိန်းကလေး မသိတော့ဘူး။
“ အထဲ ၀င်ရအောင်၊ အေးလာပြီ”

ပြောပြောဆိုဆို သူက ခြေလှမ်းတွေ အခန်းဆီ ရွှေ့လိုက်တယ်။ 
အရသာမစူးစမ်းအားတော့ဘဲ ၀ိုက်ခွက်တန်းလန်းနဲ့ မိန်းကလေးက သူ့နောက်ကနေ လိုက်ဝင်တယ်။ အရိပ်ရောလူပါ အတွင်းကို ရောက်တာနဲ့ ချက်ချင်းပဲ တံခါးတွေအကုန် သော့ပိတ်လိုက်တယ်။ ဒီသော့တံတွေအားလုံး ငယ်ငယ်တုန်းက ကြည့်ရတဲ့ ကိုယ်ပျောက် မှော်ကားထဲကလို အစအန ပြန်ရှာမရအောင် ပျောက်ဆုံးကုန်ရင် သိပ်ကောင်းမှာပဲ၊ ဒီတံခါးကို ဒီတစ်သက် ပြန်ဖွင့်လို့ မရတော့တဲ့အထိ။ ပြီးရင် ညကို ဒီနေရာမှာ ရပ်ထားလိုက်မယ်။ မိန်းကလေးရဲ့အတွေးက အတွေးပီပီ အတွေးထဲမှာတော့ သိပ်ကို လှနေတယ်။ 
မီးခလုတ်တွေကို ဘယ်သူပိတ်လိုက်တာလဲ။ အခန်းတစ်ခုလုံး အလင်းပျောက်သွားတယ်။ ပိန်းပိတ်အောင်တော့ မှောင် မနေဘူး။ တစ်ဝက်တစ်ပျက် အလင်းတစ်စက ဘယ်ဆီက ၀င်လာတယ်မသိ။ မျက်လုံးချင်း၊ နှုတ်ခမ်းချင်း၊ နှလုံးသားချင်း အချင်းချင်း၊ အချင်းချင်း။ အချင်းချင်း အကုန်အစင်မြင်နေရတယ်။ ကြားခံမီဒီယမ်တစ်စုံတစ်ရာမလိုတော့တဲ့အထိ အချင်းချင်း တိုးလျှိုပေါက် မြင်နေရတယ်။ အချိန်ခဏလေးအတွင်းမှာ တစ်ယောက်ကတစ်ယောက်ကို စ၊လယ်၊ ဆုံး သိသွားတယ်။ အချစ်ဆိုတာ ဘာလဲ။ စောစောတုန်းကလို တဖွဖွ ပြောနေဖို့တောင် မလိုအပ်တော့ဘူး။ စကားလုံးတွေ မလိုတော့ဘူး။ ဘာဆိုဘာမှ မလိုတော့ဘူး။ လိုနေတာ ဘာမှ မရှိတော့ဘူး။ နောက်ထပ် ဘာဆိုဘာမှ မလိုတော့အောင် အရာရာဟာ အချင်းချင်း တိုက်ရိုက်ဆက်သွယ်မှုအောက်မှာ ပြည့်စုံကုံလုံသွားတယ်။
အဲဒီမှာပဲ အသံတိတ်တုန်ခါမှုတစ်ခု ကြမ်းပြင်ကို ရှပ်တိုက်ပြေးဝင်လာတယ်။ `ဘုရားသခင်…´မိန်းကလေးက အလန့်တကြားအော်လိုက်မိတယ်။ ဒီဖုန်းက ဒီလို ရမ်းကားတဲ့တုန်ခါမှုတွေကို ဆောင်ကြဉ်းလာပြီး တစ်ညလုံးပဲ ဒီလိုပဲ လာလာနေတော့မှာလား။ အသံတိတ် silent လုပ်မနေဘဲ၊ တစ်သက်စာ turn off လုပ်လိုက်လို့ မရဘူးလား။ လာနေစေဦးတော့၊ ဖြေသံပြုမနေဘဲ သူ့အတိုင်း ပစ်ထားလိုက်လို့ရော မရပေဘူးလား။ 
“ လာပြီကွာ…ပြန်လာနေပြီဆိုကွာ”
တိတ်ဆိတ်အခန်းငယ်ထဲမှာ စိတ်ရှည်သည်းခံနိုင်စွမ်းကင်းမဲ့နေတဲ့ သူ့အသံက အကျယ်ကြီးထွက်ပေါ်လာတယ်။ 
အလကားပါ၊ အဲဒါ လျှောက်ပြီး နှစ်သိမ့်နေတာ၊ တကယ်တော့ သူ မပြန်ပါဘူး။ စောစောက အခန်းအပြင်မှာ ပြောထားခဲ့သလို၊ မိုးလင်းမှ သူ ပြန်မှာပါ လို့ မိန်းကလေးက သူ့အစား ခိုင်ခိုင်ကျည်ကျည် တွက်ဆထားလိုက်တယ်။ လင်းတစ်ဝက် မှောင်တစ်ဝက် အခန်းငယ်ထဲမှာ သူ့မျက်နှာကိုကြည့်ရတာ ရှုပ်ထွေးထွေးကြီးဖြစ်နေတယ်။ တစ်လောကလုံးက ရှုပ်ယှက်ခတ်နေတဲ့ အရှုပ်အထွေး အမျှင်တန်းတွေ ဒီမျက်နှာပေါ် လာပြီး စုပြုံပတ်ရစ်နေသလိုပဲ။ 
သူက ဖုန်းကို ကြမ်းပြင်ပေါ် ပစ်ချလိုက်တယ်။ ဒါပဲလေ၊ ဒီလိုပဲဖြစ်ရမှာပေါ့။ ခုညကို ဒီမှာပဲ ကုန်ဆုံးရမှာပေါ့။ မိန်းကလေးက ခုညကို တစ်ညလုံးလုံး သူပိုင်ဆိုင်လိမ့်မယ်လို့ ရဲရဲယုံထားတယ်။ ဒီယုံကြည်စိတ်ကို ခိုင်ခိုင်မာမာအားပြုပြီး ပြောလိုက်တယ်။
“ ပြန်ရင် ပြန်လေ”
xxxx
ဝိုင်တစ်ဝက်၊ 
ပေါင်မုန့်တစ်ဝက်နဲ့ 
ငါ့အသက်ကို 
ပွဲတော်ရက်မှာ တစ်ဝက်ပူဇော်
ပြီး..
ညတစ်ဝက်မှာ ငါ့ကို  
ရက်ရက်စက်စက် သူ ဖွက်(၀ှက်)ထားခဲ့။
ညတစ်ဝက်မှာ နာကျင်ခြင်းတစ်ဝက်နဲ့ အထက်ပါစာစုတစ်ဝက်ကို မိန်းကလေးက ထိုင်ရေးတယ်။ ဆွဲထားရင် ထွက်သွား ချင်တတ်တယ်၊ သွားခိုင်းရင် နေပေးချင်စိတ်လေး ၀င်လာမှာလား..အဲဒီလို၊ အဲဒီလို။ ယောက်ျားတွေရဲ့ ဖီလာပြုတတ်တဲ့ စိတ်သဘောကို မိန်းကလေးက ကြိုတင်မှန်းဆတဲ့သဘောနဲ့ အဖြေတစ်ခု တွက်ထုတ်ကြည့်တာ တက်တက်စင်အောင် မှားသွား တယ်။`ပြန်ရင်ပြန်လေ´ လို့ မရဲတရဲ ပြောကြည့်လိုက်တာ။ ဖြစ်ချင်တော့ ဒီစကားအတိုင်းပဲ သူက ဗြုန်းစားဒိုင်းစားကြီး ထပြန်သွားခဲ့ တယ်။ ဘာဖြစ်လို့လဲ၊ အဲဒီလို မလုပ်လို့ ရကို မရဘူးလား။ ဖီလာမပြုဘဲ ပြောစကားအတိုင်း လက်ခံလုပ်ဆောင် မယ်ဆိုရင် အစကတည်းက `ခုည ရှင် ကျွန်မကို ထားမသွားနဲ့´လို့ ပြောပစ်လိုက်မှာပေါ့။ နောင်အခါ ဘယ်တော့မှ ကိုယ့်အားနဲ့ကိုယ် အဖြေတစ်ခု ကြိုမထုတ်တော့ဖို့ သင်ခန်းစာရလိုက်တယ်။ မိန်းကလေးက နောင်တ အကြီးအကျယ် ရသွားတယ်။ တကယ်လို့များ၊ တကယ်လို့များ…ပေါ့။ တွေးကြည့်တာပါ။ မသွားပါနဲ့ ဆိုရင်ကော သူက မသွားဘဲ နေပေးမှာတဲ့လား။ ဟင့်အင်း၊ မသိတော့ဘူး။ မသိဘူး။ မသိဘူး။ နားနှစ်ဖက်ကို ယောင်ရမ်းပိတ်ပစ်လိုက်တယ်။ ဘာမှ မသိချင်တော့ဘူး။ သိလိုက်ရတာက ညတစ်ဝက်ထဲမှာ မိန်းကလေးကို ရက်ရက်စက်စက်ကြီး သူ ချန်ထားရစ်ခဲ့တယ်ဆိုတာပဲ။
မိန်းကလေးတစ်ယောက်ဟာ အချစ်တစ်ဝက် အမုန်းတစ်ဝက်၊ ကြည်နူးခြင်းတစ်ဝက် ကြေကွဲခြင်းတစ်ဝက် နဲ့ အဲဒီ ညတစ်ဝက်ထဲမှာ ထာဝရ ကျန်ခဲ့တယ်။ မိန်းကလေးက နှလုံးသွေး စက်စက်ကျရင်း သစ္စာစကား ဆိုထားခဲ့တယ်။

“ ညတစ်ညကို ပိုင်ဆိုင်ကြည့်ဖို့ နောက်ထပ် ဘယ်တော့မှ မမိုက်မဲစေရ”
စုမီအောင်
(New Style Magazine, November, 2013)

No comments: