Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, November 08, 2013

လှုပ်ရှားမြဲ အလုပ်များဆဲ ဘရုစ်ဝီလစ်

ဘရုစ်ဝီလစ် လို့ပဲ လူသိများကြတဲ့ ဝေါ်လ်တာဘရုစ်ဝီလစ်ဟာ အသက် ၅၈ နှစ်အရွယ်ရှိနေတာတောင်မှ ထုတ်လုပ်သူ၊ ဂီတသမား၊ အထူးသဖြင့် သရုပ်ဆောင်စတဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ အလုပ်များရင်း ကျော်ကြားမှုကို ထိန်းသိမ်းထားနိုင်တုန်းပါပဲ။ ဘရုစ်ကို လူသိများသွားအောင် ဂယက်ရိုက်စေခဲ့တဲ့ သရုပ်ဆောင်မှုက ၁၉၈၅ ခုနှစ်ကနေ ၁၉၈၉ အထိပြသခဲ့တဲ့ တီဗီဇာတ်လမ်းတွဲ Moonlighting ပါ။ Moonlighting မှာ နတ်သမီးတိုင်းပြည်က ထောက်လှမ်းရေးအေဂျင်စီတစ်ခုရဲ့ ပြောင်နောက်နောက်၊ ချစ်ခင်ဖွယ်ရာ စုံထောက် ဒေးဗစ်အက်ဒီဆန်အဖြစ် သရုပ်ဆောင်ခဲ့တာပါ။

ဘရုစ်ရဲ့ဇာတ်ကောင်စရိုက်ဟာ Die Hard ဇာတ်လမ်းတွဲတွေမှာလည်း စုံထောက် ဂျွန်မက်ကလိန်းအဖြစ် အက်ရှင်ပရိတ်သတ်စိတ်ကြိုက်ဖြစ်ခဲ့တယ်။ Die Hard ဇာတ်လမ်းတွဲတွေဟာ ဘရုစ်ရဲ့လူပြောအများဆုံးရုပ်ရှင်တွေဖြစ်ခဲ့သလို အဲဒီဇာတ်လမ်းတွဲတွေအားလုံး ငွေကြေးအရလည်း အောင်မြင်ခဲ့ကြတာပါ။ စုံထောက်၊ အက်ရှင်လှုပ်ရှားမှုအသားပေးရုပ်ရှင်တွေ Pulp Fiction, Armageddon, Unbreakable, Sin City နဲ့ ၂၀၁၃ မှာဆိုရင်လည်း G.I. Joe: Retaliation စသည် အများကြီးပဲ၊ အမြဲ လှုပ်လှုပ်ရှားရှားရိုက်ကူးနိုင်ခဲ့တယ်။ ဒီနေ့အထိ အလုပ်များနိုင်ဆဲမင်းသားကြီး ဘရုစ်ရဲ့ ကြွယ်ဝမှုကလည်း ဒေါ်လာ၁၅၀ မီလီယံရှိနေခဲ့ပါပြီ။ ဒမ်မီမိုးနဲ့ မကွဲကွာခင် ၂၀၀၀ မှာ ရူးမားဝီလစ်၊ စကောက်ထ်လာရုဝီလစ် နဲ့ တဲလူလာဘဲလီဝီလစ် စတဲ့ သမီးလေးသုံးယောက်ရဲ့ ဖခင်ဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ မိုဒယ် အမ်မာဟမ်းမင်းန် နဲ့ လက်ထပ်ထားပြီး မာဘဲလ်ရေးဝီလစ် ဆိုတဲ့ သမီးတစ်ယောက်ရှိကြတယ်။ သမီးလေးတွေရဲ့ ဖခင် ဘရုစ်ပါ။
အနောက်ဂျာမနီကမြို့လေး Idar-Oberstein မှာ ဘရုစ်ကို မွေးဖွားခဲ့တယ်။ ဖခင်က အမေရိကန်စစ်သားတစ်ဦး၊ မိခင်က ဂျာမန်အမျိုးသမီးဖြစ်ပြီး ဖခင်စစ်တပ်ကထွက်တဲ့အခါမှာ ဖခင်က မိခင်နဲ့အတူ မိသားစုအားလုံး နယူးဂျာစီကိုခေါ်လာခဲ့တာပါ။ အဲဒီမှာပဲ မိခင်က ဘဏ်မှာအလုပ်ဝင်ခဲ့ပြီး ဖခင်က ဂဟေဆက်သမားအဖြစ်အလုပ်လုပ်ခဲ့ကြပါတယ်။ ဘရုစ်က “ကော်လာပြာလူတွေရဲ့ လမ်းကြောင်းရှည်ကြီးထဲကလာသူ” လို့ သူ့ကိုယ်သူ ရည်ညွှန်းဖွဲ့ဆိုလေ့ရှိတယ်။ အထက်တန်းကျောင်းသားဘဝမှာ သူငယ်ချင်းတွေက Buck-Buck လို့ ခေါ်ကြသတဲ့။ အဆင်မချောမှုတွေနဲ့ ဘရုစ်ရဲ့ငယ် ဘဝဟာ ထုံ့ပိုင်းထုံ့ပိုင်းသွားနေခဲ့ရတယ်။ အဲဒီဘဝမျိုးမှာပဲ သူဝါသနာပါတဲ့ သရုပ်ဆောင်အလုပ်တွေလုပ်နိုင်အောင် ကျောင်းကောင်စီက ပြုလုပ်တဲ့ ဒရာမာကလပ်မျိုးတွေမှာ စတင် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အထက်တန်းပြီးတော့ ကာယလုပ်သားမိသားစုကလာခဲ့သူ ဘရုစ်ကိုယ်တိုင်လည်း အလုပ်မရွေး လှုပ်ရှား အလုပ်များခဲ့တာပါပဲ။ Salem နျူကလီးယားလျှပ်စစ်စက်ရုံမှာ လုံခြုံရေးဝန်ထမ်း၊ နယူးဂျာစီက Deepwater ကုမ္ပဏီမှာ သယ်ယူပို့ဆောင်ရေးလုပ်သားအဖြစ်လည်း အလုပ်လုပ်ခဲ့ပါတယ်။ ၁၉၈၀ အစောပိုင်းကာလတွေမှာ ကျောင်းကထွက်ပြီးတော့ နယူးယောက်စီးတီးကို ပြောင်းရွှေ့ခဲ့တယ်။ အဲဒီမှာတော့ Kamikaze ဘားမှာ စားပွဲထိုးအဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့ပြီး သူဝါသနာကြီးတဲ့ သရုပ်ဆောင်၊ အဆိုအနုပညာအလုပ်တွေ ဆက်တိုက်လှုပ်ရှားလာခဲ့တယ်။
Bruce Willis plays harmonica before a concert in the Taal Afar airfield, 280 miles north of Baghdad, Sept. 25.
photo credit
Actor Bruce Willis, right, wearing a U.S. Air Force flight suit, belts out a song along with The Accelerator's guitarist Doug Hamblin.
photo credit
အမေရိကန်စစ်သားတစ်ဦးရဲ့ သားဖြစ်ခဲ့သလို ဘရုစ်ရဲ့ သရုပ်ဆောင်ဘဝမှာ The Siege, Hart’s War, Tears of the Sun, Grindhouse နဲ့ G.I Joe: Retaliation စတဲ့ရုပ်ရှင်တွေအပါအဝင်  စစ်ကားဇာတ်ကောင်တွေနဲ့ အင်မတန်အကျွမ်းတဝင်ရှိခဲ့သူပါ။ ၂၀၀၃ ခုနှစ်မှာ NGO အဖွဲ့ USO ရဲ့ခရီးအဖြစ် အီရတ်ကိုသွားခဲ့တယ်။ အီရတ်ကို သူ့ရဲ့ ဂီတအဖွဲ့ The Accelerators နဲ့ သီချင်းသီဆိုဖျော်ဖြေဖို့သွားခဲ့တာပါ။ နောက်ပိုင်း ဒုတိယအီရတ်စစ်ပွဲမှာ ပါဝင်တိုက်ခိုက်ဖို့ သူဆုံးဖြတ်ခဲ့လိုက်သေးတယ်။ ဒါပေမဲ့ ဘရုစ်ရဲ့အသက်က အတားအဆီးဖြစ်နေတာကြောင့် ဝင်ခွင့်မရခဲ့ပါဘူး။ လက်နက်ကိုင်ဆောင်ခွင့် ကိုလည်း ထောက်ခံသူဖြစ်နေပါသေးတယ်။ “လူတိုင်းမှာ လက်နက်ပိုင်ဆိုင်ကိုင်ဆောင်ခွင့်ရှိတယ်။ တရားဥပဒေနဲ့အညီတရားဝင်လက်နက်ပိုင်ဆိုင်ထားသူဆီက လက်နက်ကို ခင်ဗျားသိမ်းယူသွားမယ်ဆိုရင်၊ သေနတ်ရှိနေတဲ့သူတွေကပဲ လူဆိုးတွေဖြစ်နေတော့မယ်။ စစ်ဆန့်ကျင်တဲ့သူတစ်ဦးဖြစ်နေရင်တောင် တစ်စုံတစ်ဦးကသူ့ကို သတ်ဖြတ်ဖို့ကြိုးစားလာရင် အကြမ်းဖက်မှုခံရနိုင်တာပဲ။ ခင်ဗျားရဲ့ ဘဝအတွက် ခင်ဗျား တိုက်ခိုက်ရလိမ့်မယ်” တဲ့။ လက်နက်ကိုင်ဆောင်ခွင့်နဲ့ပတ်သက်တဲ့ ဘရုစ်ရဲ့အယူအဆပါ။
ဘရုစ်ရဲ့ အိမ်တွေ
ယူအက်စ်အနောက်မြောက်ပိုင်းက Idaho ပြည်နယ် Sun Valley မှာရှိတဲ့ ထည်ထည်ဝါဝါသစ်သားအိမ်ဟာ
ဒေါ်လာ၁၅သန်းတန်ကြေးရှိတယ်။ ၁၉၈၄ ခုနှစ်က ဝယ်ယူခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ ရေကူးကန်ပါတွဲဖက်တည်ဆောက်ခဲ့ပါတယ်။ ဒီသစ်သားစံအိမ်ဟာခမ်းနားထည်ဝါပေမယ့် ဘရုစ်အဲဒီမှာ ကြာကြာအချိန်မဖြုန်းနိုင်တာကြောင့်ရောင်းချဖို့ပြင်ဆင်ထားခဲ့ပါပြီ။ ၈၄၀၃ စတုန်းရန်းပေကျော်ကျယ်ဝန်းပြီး အိပ်ခန်း ၈ ခန်း၊ ရေချိုးခန်း ၇ ခန်း၊ ဂိမ်းအခန်း တစ်ခန်း၊ ဧည့်ဆောင်၊ အားကစားခန်းမ၊ ရေနွေးကန်၊ ရေတံခွန်၊ ရေတွင်းနှစ်တွင်းနဲ့ လှပစွာဖန်တီးထားတဲ့ ရေကန်လေးတွေရှိနေပါတယ်။ အဲဒီစံအိမ်ရဲ့ အိမ်တွင်းအပြင်အဆင်ထဲမှာ စိတ်ဝင်စားစရာကောင်းတာက ကျောက်သားမီးလင်းဖိုတွေ အများကြီးရှိနေတာပါပဲ။

ဝင်းလက်တောက်ပနေတဲ့သစ်သားကြမ်းပြင်တွေရယ်၊ အမိုးခုံးမျက်နှာကြက်နဲ့ ထူးခြားလှပတဲ့မီးဖိုခန်းရယ် တင်းကျပ်တဲ့လုံခြုံရေးစနစ်၊ ပတ်ဝန်းကျင်ကလည်းအေးငြိမ်းလှတဲ့နေရာအနေအထားမှာရှိနေတဲ့ သစ်သားစံအိမ်ပါ။
Beverly Hills စံအိမ်ဟာ ဒေါ်လာ ၄.၆ သန်း ခန့်မှန်းတန်ဘိုးရှိတဲ့ မက်မောစွဲလမ်းစရာ ခမ်းနားထည်ဝါလှတဲ့နောက်ထပ်စံအိမ်ပါ။ အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၉ ခန်း၊ တင်းနစ်ကွင်း၊ ဧည့်သည်ခန်း နဲ့ ရေကူးကန်တွေရှိပါတယ်။ Beverly Hills နေရာဟာ နေထိုင်ဖို့ကောင်းလှတဲ့သက်တောင့်သက်သာရှိလှတဲ့နေရာပါ။ ဒီစံအိမ်ကို ဘရက်ပစ်နဲ့ ဂျနီဖာအန်နစ္စတန်တို့ ပိုင်ဆိုင်ခဲ့ဖူးကြတယ်။
Parrot Cay ကျွန်းအိမ်
ဘရုစ်ရဲ့ Parrot Cay အိမ်ကတော့ ကရစ်ဘီယံဗိသုကာစတိုင်လ်နဲ့တည်ဆောက်ထားတာပါ။ ဒီအိမ်လေးမှာ အမ်မာဟမ်းမင်းန်နဲ့ အေးချမ်းငြိမ်ဆိမ်တဲ့ မင်္ဂလာပွဲပြုလုပ်ခဲ့ကြတယ်။ ဘရုစ်ရဲ့ အပမ်းဖြေစံအိမ်ဟာ ကရစ်ဘီယံပင်လယ်ထဲက ဧက ၁၀၀၀ ရှိတဲ့ ကျွန်းလေးမှာပါ။ သပ်သပ်ရပ်ရပ်အိပ်ခန်း ၇ခန်း၊ ရေချိုးခန်း ၉ ခန်း၊ တင်းနစ်ကစားကွင်း၊ ဧည့်ဆောင်၊ ဧည့်သည်နားခိုအပမ်းဖြေတဲ့အဆောင်တွေနဲ့ ရေကူးကန်ရှိနေပါတယ်။ သစ်သားအဆောက်အဦးလေးထဲမှာ လှပကြော့ရှင်းတဲ့အဖြူရောင် ပရိဘောဂတွေနဲ့မို့ ကြော့ကြော့မော့မော့စံအိမ်လေးပါပဲ။ ဘရစ်တနီစပီးယာစ်၊ ဒမ်မီမိုး၊ ဂျူလီယာရောဘတ်စ်၊ ဘာဘရာစရိုက်စန်း၊ ပေါမက်ကာနေး နဲ့ ဒေါ်နာကာရန်တို့လည်း အဲဒီကျွန်းလေးမှာ အပမ်းဖြေစံအိမ်တွေပိုင်ဆိုင်ထားကြပြီး အားလပ်ရက်တိုင်းအရောက်သွားလေ့ရှိကြတယ်။

Log Cabin အဆောက်အဦ
ယူအက်စ်အေ Idaho က Sun Valley မှာ ရှိတဲ့ အိမ်ပါ။ လှပတဲ့ သစ်သားအိမ်လေးပါပဲ။ ၉၀ခုနှစ်မှာတည်ဆောက်ထာခဲ့တာပါ။ အလုပ်များလွန်းတဲ့ဘရုစ် အလည်အပတ်မရောက်နိုင်တဲ့အိမ်လေးဖြစ်နေပါတယ်။ လောလောဆယ်မှာတော့ ဒေါ်လာ ၄ သန်းနဲ့ ရောင်းချဖို့ဈေးကွက်တင်ထားတာပါ။ အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၆ ခန်းနဲ့ ဧည့်ခန်းကျယ်ကြီးရယ်၊ stainless steel မီးဖိုခန်းပါရှိတယ်။ ဧည့်ခန်းထဲက ထူးခြားတဲ့ပရိဘောဂတွေမှာဆိုရင် သစ်သားစားပွဲကြီးရှိပြီး ကျယ်ပြန့်တဲ့မှန်တံခါးတွေကြောင့် အပြင်ဘက်ကရှုမောဖွယ်ရာမြင်ကွင်းကို ပြည့်ပြည့်ဝဝခံစားနိုင်သေးတယ်။ အိပ်ခန်းထဲက သစ်သားအိပ်ရာတွေ ချစ်စရာပြူတင်းပေါက်ငယ်ငယ်လေးတွေဟာလည်း အပြင်ဘက်ကို ချောင်းကြည့်ငေးမောချင်စရာပါပဲတဲ့။ အိမ်ခန်းတိုင်းက ကြမ်းပြင်မှာ အဆင်အသွေးလှလှကောဇောတွေအပြည့်ခင်းထားတာကတော့ ဒီအဆောက်အဦးရဲ့ အလှအပကို ပိုပြီးအားပြည့်စေခဲ့တာပါ။

El Dorado တိုက်ခန်း
နယူးယောက်စီးတီး၊ မက်ဟန်တန်ရပ်ကွက်အနီးက နာမည်ကျော် El Dorado အဆောက်အဦမှာ ဘရုစ်ရဲ့ အခန်းနံပါတ်က 4D ပါ။ ဒေါ်လာ ၈.၆၉၅ သန်းနဲ့ လတ်တလောဝယ်ယူခဲ့ပြီး ဒမ်မီမိုးရဲ့တိုက်ခန်းလည်း အနီးအနားမှာရှိနေတယ်လို့ ဆိုတယ်။ ကျော်ကြားတဲ့ဗိသုကာပညာရှင် အီမိုရီရိုသ့်ရဲ့ ဒီဇိုင်းပါ။ ဒီတိုက်ခန်းရဲ့ ထူးခြားချက်က ပေ ၄၀ နီးပါး ကျယ်ပြန့်ရှည်လျားတဲ့ စင်္ကြန်လမ်းပါရှိနေတာပါ။ ဧည့်ခန်းဟာ ၅၅၀ စတုရန်းပေကျယ်ဝန်းပြီး သစ်သား၊ မှန် နဲ့ စတီလ်းတံခါးတွေပေါင်းစပ် ဒီဇိုင်းလုပ်ထားပါတယ်။ အဲဒီ တိုက်ခန်းရဲ့ မျက်နှာစာတံခါးကဝင်လိုက်တာနဲ့ တွေ့လိုက်ရတဲ့ ပေ ၄၀ စင်္ကြန်လမ်းပြခန်းဟာ ကင်းခြေများသဏ္ဍာန်ပုံစံကွက်ဖေါ်ထားတဲ့သစ်သားကြမ်းပြင်ပါရှိတယ်။ အဲဒီစင်္ကြန်ပြခန်းကနေ ထမင်းစားခန်း၊ ဧည့်ခန်းတွေကို တိုက်ရိုက်ဝင်ထွက်နိုင်တဲ့ဒီဇိုင်းမျိုးပါ။ ဘရုစ်ရဲ့ El Dorado တိုက်ခန်းက မြင်ကွင်းကတော့ Central Park ကို ကျယ်ပြန့်စွာမြင်တွေ့နိုင်တယ်။ ဘရုစ်ရဲ့ နာမည်ကျော်အိမ်နီးချင်းတွေက အယ်ပါစီနို၊ ဒန်ဇဲလ်ဝါရှင်တန်၊ စတီဗင်စပီးလ်ဘာဂ့်၊ မက်ဒေမွန်၊ အန်တိုနီယိုဘန်ဒါးရပ်စ် နဲ့ မယ်လာနီးဂရစ်ဖ်တို့ပါ။

စွယ်စုံရ အနုပညာရှင်ကြီးဘရုစ်ဟာ ကားတွေကို အလွန်ချစ်မက်လွန်းသူတစ်ဦးပါ။ ဘရုစ်ရဲ့ ဇိမ်ခံကား ၁၉၆၇ Chevrolet Corvette convertible ရယ်၊ ၁၉၆၈ Pontiac Firebird 400 နဲ့ ၁၉၈၈ ခုနှစ်ထုတ် Lincoln Limousine ကားတွေဟာ စိတ်ကြိုက်စုဆောင်းထားတဲ့ကားတွေပါ။ 
1957 Chevrolet Corvette Convertible 
Die Hard သရုပ်ဆောင်ဘရုစ်ပိုင်ဆိုင်တဲ့ ဒီကားက ဇနီးဟောင်း ဒမ်မီမိုးက လက်ဆောင်ပေးခဲ့တာပါ။ အခုတော့ ဒေါ်လာ ၇၀၀၀၀-၉၀၀၀၀ နဲ့ လေလံတင်ထားပါတယ်။ 

1967 Chevrolet Corvette Roadster ကတော့ ဘရုစ်အလွန်ချစ်ခင်တဲ့ကားတွေထဲက တစ်စီးပါ။ ကားရဲ့ ဈေးနှုန်းက ဒေါ်လာ ၁၁၀၀၀၀-၁၅၀၀၀၀ ဝန်းကျင်ပါ။
1968 Pontiac Firebird 400 Convertible
1968 Shelby Mustang GT 500 Covertible 
1969 Dodge Charger
1955 Chevrolet Bel Air Nomad
Bentley Continental GTC

ဘရုစ်ရဲ့ အားလပ်ရက်တွေမှာ အပမ်းဖြေချင်တဲ့နေရာက အီတလီမြောက်ပိုင်း မြေထဲပင်လယ်တဲက အီတလီကျွန်း Sardinia ပါ။ 

ဘရုစ်ရဲ့ အလှူအတန်းတွေမှာဆိုရင် ယူအက်စ်စစ်တပ် မိသားစုဝင်တွေကို အထောက်အပံ့ပေးတဲ့ Fisher House Foundation အတွက် Vodka Company Sobieski Vodka နဲ့အတူ ဒေါ်လာ ၂၅၀၀၀၀ အနည်းဆုံးလှူဒါန်းခဲ့တာပါ။ Fisher Houses တွေဟာ စတုရန်းပေ ၅၀၀၀ နဲ့ ၁၆၈၀၀ စတုရန်းပေရှိတဲ့ အနားယူနိုင်တဲ့အိမ်တွေဖြစ်ပြီး ယူအက်စ်စစ်တပ်စစ်သားတစ်ဦးဒဏ်ရာအနာတရဖြစ်လို့ ကုသအနားယူချိန်မှာ မိသားစုတွေပါ အတူနေထိုင်စောင့်ရှောက်နိုင်တဲ့ အဆင့်မြင့်အိမ်လေးတွေပါ။

ဘရုစ်ထူထောင်ထားတဲ့ Children’s Hospice & Palliative Care Coalition ဟာ ကလေးငယ်တွေအတွက်လိုအပ်တဲ့ ဆေးဝါးကုသမှု၊ စိတ်ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဝေဒနာခံစားနေရတဲ့ကလေးငယ်နဲ့ မိသားစုလိုအပ်ချက်တွေအထောက်အပံ့ပေးတဲ့ အဖွဲ့ါ။ ဘရုစ်ဟာ ကလေးငယ်တွေကို အင်မတန်ချစ်ခင်မြတ်နိုးတတ်သူမို့ ဒီအဖွဲ့အစည်းရဲ့အလုပ်တွေကိုတိုးတက်အောင် အလေးထားပြီး ဆောင်ရွက်နေပါတယ်။

Screen Actors Guild Foundation
ဘရုစ်အပါအဝင် နာမည်ကျော် ၂၁ ပါဝင်တဲ့ ပညာရေး၊ လူသားချင်းစာနာထောက်ထားမှု နဲ့ ပရဟိတအဖွဲ့အစည်းတစ်ခုပါ။ ဒီအဖွဲ့အစည်းကနေ သရုပ်ဆောင်အလုပ်ကိုစိတ်ပါဝင်စားသူတွေအတွက် သရုပ်ဆောင်အနုပညာကျွမ်းကျင်သူအဖြစ် အသက်မွေးဝမ်းကျောင်းပြုလာနိုင်အောင် တွန်းအားပေးတာပါ။ လိုအပ်တဲ့ သင်တန်း၊ ဆွေးနွေးပွဲတွေတက်ရောက်စေတယ်။ သရုပ်ဆောင်ခြင်းကိုအမှန်တကယ်ရူးသွပ်စွဲလမ်းသူတွေကို အောင်မြင်အောင်မြေတောင်မြှောက်ပေးတဲ့အဖွဲ့အစည်းလို့ ဆိုတယ်။
source : www.bornrich.com
ဖြိုးဖြိုး
(Living Fashion Magazine, November, 2013)

No comments: