Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, November 03, 2013

“OFFICE” လေးမှာ အချိန်ကြာကြာ

ရုံးခန်းအခန်းလေးထဲမှာ ရက်သတ္တတစ်ပတ် နာရီ ၄၀ ဒါမှမဟုတ် အဲဒီထက်ပိုအောင် အချိန်ပေးနေကြရတာပါ။ ဒါဆိုရင် ရုံးခန်းကို အိမ်ခန်းလေးလို၊ ကိုယ့်စိတ်ကြိုက်လေးဖြစ်အောင် ပြုပြင်နေထိုင်ဖို့ ဘာကြောင့်မဖြစ်နိုင်ရမှာလဲ။ ပထမတော့ ကိုယ့်ရုံးရဲ့ သဘာဝအနေအထားကို လေ့လာရမှာပေါ့။ ရှေးဆန်ဆန်အပြင်အဆင်ကြိုက်တတ်လား။ ရိုးရိုးရှင်းရှင်း ဒီဇိုင်းအတွက် အလှဆင်ရင်လွယ်ကူနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ ကုမ္ပဏီက ခေတ်မီ၊ ခေတ်ရှေ့ပြေးနည်းပညာ၊ ဒီဇိုင်း၊ ဖက်ရှင်ကုမ္ပဏီဆိုရင်တော့ အလုပ်ရဲ့သဘာဝကိုမြင်သာမယ့် အခန်းအပြင်အဆင်လေးတွေ ပိုပြီးလိုအပ်လာပါပြီ။ အဲဒီအတွက် ငြီးငွေ့ဖွယ်ရုံးခန်းလေးကို အသွင်ပြောင်းနိုင်မယ့် အခြေခံကျကျနည်းလမ်းလေးတွေက ...

နံရံတွေကစကြည့်ပါ
မီးခိုးရောင်ဖြူဖတ်ဖြူရော်နံရံအသွေးအရောင်များရှိနေရင် ပျင်းရိစရာပါ။ နံရံကပ်စက္ကူ၊ ဆေးရေးစက္ကူ(craft paper)၊ အရောင်စုံရက်ထည် ဒါမှမဟုတ် AstroTurf မြက်ခင်းတုလို ပစ္စည်းမျိုးလိုအပ်ရင်တောင် ပြောင်းလဲသုံးစွဲကြည့်လိုက်ပါ။

ပြူတင်းတံခါးလည်း ဖန်တီးနိုင်ပါတယ်
ကိုယ်ကြိုက်နှစ်သက်တဲ့ ရှုမျှော်ခင်းမြင်ကွင်းကျယ် ပန်းချီကားကြီးကြီးဖြစ်ဖြစ် ချိတ်ဆွဲပါ။ ပင်လယ်ပြာပြာမြင်ကွင်း၊ သစ်တောစိမ်းစိမ်းမြင်ကွင်းတွေကို ဘောင်ပေါ့ပေါ့ပါးပါးအသားမျိုးနဲ့ သုံးပါ။ ကိုယ်ရလာတဲ့ပြူတင်းတံခါးဟာ အတုအယောင်ပေမယ့် ထူးခြားတဲ့ခံစားမှုတော့ရရှိစေမှာ အသေအချာပါ။

သက်ရှိလေးတွေရှင်သန်ပါစေ
သက်ရှိအပင်လေးတစ်ပင်ဟာ ကိုယ့်တို့ရဲ့စိတ် အေးငြိမ်းဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။ အခန်းထဲက လေရဲ့ အရည်အသွေးကိုလည်း မွမ်းမံပေးတယ်။ အပင်လေးတွေဟာ လေထဲက ညစ်ညမ်းတဲ့အရာလေးတွေကို စုတ်ယူစိမ့်ဝင်ပြီး ရှင်းသန့်တဲ့အောက်စီဂျင်ကို ပေးနိုင်တာကြောင့် အမြင်အေးချမ်းရုံတင်မဟုတ်ဘဲ ကျန်းမာရေးကိုအတွက်ပါ အရေးကြီးနေတာပေါ့။ ရက်သတ္တတစ်ပတ် တစ်ခါလောက် လန်းဆန်းတဲ့ပန်းစည်းတွေလည်း အခန်းထဲယူထားပေးပါ။ ဒါမှမဟုတ် ရွှေငါးလှလှလေးတွေကူးခတ်နေတဲ့ငါးကန်လေးလည်းထားပေးနိုင်ပါတယ်။ ငါးကန်လေးရှိထားမယ်ဆိုရင်တော့ အစာကျွေးရမှာတော့ မမေ့သင့်ဘူးနော်။

အသုံးအဆောင်တွဲဖက်ပစ္စည်းလှလှလေးတွေ
ဘောင်ကွပ်ထားတဲ့ ဓာတ်ပုံတွေ၊ ပန်းအိုး၊ ပန်းပုရုပ်သေးသေး၊လေးတွေထားပါ။ တခြားဥာဏ်ကွန့်မြူးစေတဲ့ မှတ်သားစရာအဆိုအမိန့်စာသားလေးတွေကို bulletin board မှာ မှတ်သားထားနိုင်ပါတယ်။ 

အလင်းအမှောင်အပြောင်းအလဲ
အပြောင်းအလဲဖြစ်အောင် စားပွဲတင်မီးဒီဇိုင်းလှလှ၊ သဘာဝအလင်းရောင်နွေးနွေးရရှိနိုင်တဲ့မီးလုံး အသုံးပြုတာဟာ ရုံးခန်းထဲက စူးရှတဲ့မီးချောင်းအလင်းကို ဟန့်တားစေတယ်။ 

စုစုစည်းစည်းဖြစ်အောင်
အလုပ်လုပ်တဲ့နေရာလေးကို စုစုစည်းစည်းနဲ့ သပ်ရပ်အောင်ရှင်းလင်းထားတာဟာ ကိုယ်ဟာ ပရော်ဖက်ရှင်နယ်ဖြစ်တယ်ဆိုတာကိုပြသတာပါပဲတဲ့။ အလုပ်စားပွဲရှုပ်ထွေးနေမှ အလုပ်လုပ်နေတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့များပြားလှတဲ့အလုပ်၊ စာရွက်စာတမ်းတွေကို စတိုင်လ်ကျကျ ဗီရိုအကန့်လေးတွေ၊ linen သား အဖုံးအကာ ပစ္စည်းထည့်သေတ္တာ၊ စားပွဲတင်သေတ္တာလှလှလေးတွေနဲ့ သိမ်းဆည်းပါ။ အဲဒီပစ္စည်းလေးတွေကို အခန်းနံရံ၊ ကောဇောအခင်းအရောင်တွေနဲ့ လိုက်ဖက်တာရွေးချယ်သင့်ပါတယ်။

ကြိုဆိုပါတယ် ကော်ဖီ၊ သကြားလုံးပေါ့
ကိုယ့်ရဲ့ရုံးခန်းကို ရောက်လာကြတဲ့ဧည့်သည်တွေကို နွေးနွေးထွေးထွေးကြိုဆိုတဲ့သဘောခံစားမိစေဖို့က mini coffee machine လေး ရယ်၊ သကြားလုံးရောင်စုံလေးတွေလှလှပပထည့်ထားတဲ့ ပန်းကန်ပြားလေးနဲ့ ဧည့်ခံထားပေးပါတဲ့။

ပေါ့ပါးရှင်းလင်းပါစေ
ကိုယ့်ရဲ့ စားပွဲကို အသုံးအဆောင်ပစ္စည်းတွေပြည့်စုံတာထက်ပိုလွန်ပြီး၊ ရှုပ်ပွနေအောင်လည်း မထားသင့်ပါဘူး။ 
ရုံးခန်းမှာ ဒီလိုနည်းလမ်းလေးတွေအတိုင်း အားလုံးပြင်ဆင်ပြီးသွားခဲ့ပြီဆိုရင်တောင် လုပ်စရာအလုပ်တွေကတော့ အများကြီးပဲရှိနေဦးမှာပါ။ ကိုယ့်ရဲ့စိတ်ကြိုက်တွေ့မယ့် အပြင်အဆင်လေးတွေပေါင်းစပ်ပြီးတော့ စိတ်ကြိက် Office လေး ဖန်တီးယူနိုင်ပါတယ်။

ကမ္ဘာတစ်ဝှမ်းက ခေတ်မီမီ ထီထွင်ဆန်းသစ်မှုအပြည့်နဲ့ ရုံးခန်းဒီဇိုင်းတွေ
Facebook Office
 *********
Der Tank (Tallin, Estonia)

 *********
Google office Zurich

*********
Many google offices around the world
*********
JWT Offices, Amsterdam
*********
Selgas Cano Architecture Office

*********
Pons+Huot Offices Paris

လုပ်ငန်းခွင်ဝန်းကျင် သက်တောင်သက်သာဖြစ်ဖို့၊ ကျန်းမာရေးနဲ့ညီပြီး သန့်ရှင်းတဲ့နေရာလေးဖြစ်ဖို့ ရုံးခန်းသန့်ရှင်းရေးဟာ အရေးကြီးပါတယ်။ အဆင့်လေးတွေနဲ့ခွဲပြီး သတ်မှတ်ထားမယ်ဆိုရင် ပထမအဆင့်မှာ ရုံးခန်းဧရိယာအတွက် ကြိုတင်စီမံထားတာပါ။ လိုအပ်တဲ့ ဆေးကြောသန့်စင်ဓာတုပစ္စည်း၊ ပစ္စည်းကိရိယာနဲ့ သန့်ရှင်းရေးအလုပ်အတွက်လိုအပ်မယ့် အသုံးအဆောင်ပစ္စည်းတွေပါ။ အဲဒီပစ္စည်းကိရိယာတွေသိမ်းဆည်းတင်ဆောင်ထားမယ့် တွန်းလှည်းနဲ့ ဆေးကြောရမယ့်နေရာဆီသွားရမယ်။ ဆေးကြောသန့်စင်တဲ့အချိန်မှာ မြန်မြန်ဆန်ဆန်ပြီးမြောက်ဖို့အတွက် အဲဒီဧရိယာကို ခဏတာ ပိတ်ထားတာ၊ closed sign board မျိုး မှန်ကန်တဲ့သတိပေးချက်ရေးထားပါ။ ဥပမာ- ကြမ်းပြင်စိုနေတဲ့သင်္ကေတ ထင်ထင်ရှားရှားပြထားပေးပါ။ ရုံးခန်းဆေးကြောသန့်ရှင်းတဲ့အခါ နေ့စဉ်နဲ့ အပတ်စဉ်နည်းလမ်းတွေရှိပြီး၊ တစ်ခါတစ်ရံ နေ့စဉ်နဲ့ အပတ်စဉ်နည်းလမ်းတွေပေါင်းပြီး သန့်ရှင်းနိုင်ပါတယ်တဲ့။

နေ့စဉ်သန့်ရှင်းရေးအတွက်
A.) မျက်စိနဲ့ မြင်နိုင်တဲ့ အမှိုက်သရိုက်၊ စက္ကူစာရွက်တွေကို စစ်ဆေးပါ။ ကောက်ယူသိမ်းဆည်း၊ ရှင်းလင်းပြီး သင့်တော်တော်နေရာချပါ။ 
B.) ဖုန်၊ အမှုန်အစအနတွေကို vaccum cleaner (backpack vacuum) နဲ့ မြန်မြန်ဆန်ဆန်ရှင်းနိုင်ပါတယ်။
C.) ကော်ဇော၊ ကြမ်းပြင်၊ နံရံ၊ ပရိဘောဂပစ္စည်းတွေပေါ်မှာ အစွန်းအထင်း၊ အစက်ပြောက်တွေရှိနေခဲ့ရင် ချက်ချင်းသုတ်ပစ်ရပါမယ်။ အစွန်းအထင်းဖျက်ဆေးပါတဲ့စက်မျိုး (Carpet Spotter Stain Removing Machine) အသုံးပြုနိုင်ပါတယ်။

တစ်ပတ်မှာ သန့်ရှင်းစရာ
A.) မျက်နှာပြင်တိုင်း - စားပွဲခုံ၊ ဖိုင်အံဆွဲ၊ ဗီရို နဲ့ စင်တွေမှာ ဖုန်ခါပါ။
B.) အမှိုက်ပုံးတွေကို ရှင်းထုတ်သွန်ပစ်ပါ။ အမှိုက်အိတ်ပြန်လဲပါ။ လူသုံးများတဲ့အရွယ်အစားကတော့ ရုံးတစ်ရုံးချင်းအတွက် high density ၁၀-၁၅ ဂါလံဆံ့ အမှိုက်အိတ်မျိုးပါပဲ။ အမှိုက်ပုံးနဲ့ (လိုအပ်ရင်) ပတ်ဝန်းကျင်နေရာကိုဆေးကြောပါ။
C.) စားပွဲ၊ ဖုန်း၊ ဂဏန်းပေါင်းစက် နဲ့ ကွန်ပျူတာကီးဘုတ်တွေကို ပိုးသတ်ဆေးဘူးနဲ့ ဖျန်းပြီး သုတ်ပစ်ပါ။ ဥပမာ- germicidal disinfecting wipes (ပုံပါ) ဆေးမျိုးအသုံးပြုပါ။
D.)  အပူပေးလေဝင်လေထွက်ပေါက်၊ လှေကားအထစ်၊ အဆင့်၊ တံခါးပြတင်းပေါင်၊ ပြတင်းပေါက်ထောင့်စွန်း လက်လှမ်းမှီနိုင်သမျှ ဖုန်ခါပါ။
E.) လက်ကိုင်ရှည်ပါ အမှိုက်သိမ်းကိရိယာနဲ့ ကြမ်းပြင်၊ ကြမ်းခင်းအကွက်၊ အကြိုအကြားအားလုံးက အမှိုက်အမှုန်အမွှားတွေကို သိမ်းဆည်းလှည်းကျင်းပါ။
F.) အဝတ်စိုပါကိရိယာနဲ့ ကြမ်းပြင်(ကြွေသား၊ ကျောက်ပြားစသည်) တို့ကို ပွတ်တိုက်ဆေးကြောပါ။ ကြမ်းပြင်စိုနေချိန်မှာ သတိပေးစာတမ်းချိတ်ထားဖို့ အရေးကြီးပါတယ်။ မြန်မြန်ဆန်ဆန်ခြောက်သွေ့စေချင်တယ်ဆိုရင်တော့ air mover သုံးနိုင်ပါတယ်။
G. ကောဇောရှိတဲ့ကြမ်းပြင်တိုင်းကို ဖုန်စုပ်စက်ဖြင့်စုပ်ပါ။

လစဉ် သန့်ရှင်းရေးအတွက်
A.) နံရံတွေမှာ တပ်ထားကြတဲ့ စက္ကူထည့်တဲ့ဗူး၊ သေတ္တာ၊ လက်အခြောက်ခံစက် စသည်တို့ကို ပိုးသတ်ဆေးနဲ့ ဖျန်းပါ၊ သုတ်ပါ။ အဓိကအားဖြင့် နားနေခန်း၊(ရေချိုးခန်း/ အိမ်သာစသည်)တို့ကို အထူးဂရုစိုက်ရပါမယ်။
B.) နံရံတွေအားလုံးကို သန့်ရှင်းဆေးကြောတဲ့နည်းအပြည့်အစုံ(cleaner သုံးပြီး) အထက်ကနေ အောက်ကို သုတ်ပြီးဆေးပါ။
C.) ကြမ်းပြင်မျက်နှာပြင်ပြောင်လက်တောက်ပစေတဲ့ ဖျန်းဆေးသုံးပြီး အရောင်တင်ပါ။ ပထမအရောင်တင်ဆေးဖျန်းတဲ့အခါ 20” low speed floor buffer polisher ကို သုံးပြီး အရောင်တက်အောင် Bunisher ကိုတော့ high speed burnisher သုံးနိုင်ပါတယ်။ 
D.) စာရေးစာပွဲ၊ စားပွဲခုံ၊ ထိုင်ခုံ နဲ့ တခြား သစ်သားအသုံးအဆောင်ပစ္စည်းတွေကို ပရိဘောဂအရောင်တင်ဆေးသုံးပြီး တောက်ပပြောင်လက်မှုရှိအောင် ထိန်းသိမ်းပါ။
E.) ပန်ကာ၊ လေဝင်လေထွက်ပေါက် နဲ့ အဲဒီအနောက်ပိုင်းလက်လှမ်းမမှီနိုင်တဲ့နေရာမျိုးတွေမှာလည်း ဖုန်ခါ၊ ဖုန်စုပ်စက်နဲ့ စုပ်ပါ။
F.) ပြူတင်းပေါက်တွေက မှန်တွေမှာရှိနေနိုင်တဲ့ လက်ဗွေတွေ၊ အစွန်းအထင်းအားလုံးကို glass cleaner နဲ့ ဆေးကြောပါ။

နှစ်ဝက် သန့်ရှင်းထိန်းသိမ်းရေးမှာ
A.) အစင်း၊ ပွန်းပဲ့၊ ခြစ်ရာတွေထင်နေနိုင်တဲ့ကြမ်းပြင်၊ မလှမပဖြစ်နေနိုင်တဲ့နေရာတွေကို ပြုပြင်မွမ်းမံရမှာပါ။ 
B.) ကောဇော၊ ဖျာ နဲ့ ကူရှင်အဖုံးတွေကို နည်းစနစ်တကျ ကြေးညှောင်စစ်ထုတ်ကင်းစင်စေရပါမယ်။
C.) ပြီးရင်တော့ spray buff ဒါမှမဟုတ် burnish သုံးပြီး ကြမ်းပြင်ကိုချက်ချင်းပြောင်လက်တောက်ပအောင်ထိန်းသိမ်းတဲ့နည်းပြုလုပ်ရမှာပါ။ 
D.) အဲဒီအရောင်တင်တဲ့အဆင့်ဟာ ကြမ်းပြင်ရဲ့ သက်တမ်းကို ပိုပြီးဆွဲဆန့်ထားနိုင်သလို၊ တစ်နှစ်လုံး အမြင်အားဖြင့်လည်း သန့်စင်တောက်ပနေအောင်ထိန်းသိမ်းနိုင်တာကြောင့်အရေးကြီးတဲ့အဆင့်ပါပဲ။ 
E.) နောက်တစ်ဆင့်ကတော့ အားလုံးကို သိမ်းဆည်းရှင်းလင်းတာပါ။ သန့်စင်ရှင်းလင်းတဲ့ကိရိယာအားလုံး၊ ကြမ်းတိုက်အဝတ်၊ ဆွဲပုံး နဲ့ တခြားပစ္စည်းအားလုံးကို တစ်နေရာတည်း စုပုံပစ်ထည့်မထားဘဲ ခြောက်သွေ့အောင် ချိတ်ဆွဲထားပါ။ ပစ္စည်းအားလုံးကို မူလသိမ်းဆည်းတဲ့နေရာကို နေသားတကျပြန်ထားပါ။ အမှိုက်သရိုက်အားလုံးကို အမှိုက်အိတ်နဲ့စနစ်တကျထည့်ပြီး သင့်တော်တဲ့နေရာကိုစွန့်ပစ်ပါ။ ကြမ်းပြင်တွေအသေအချာ ခြောက်သွေ့သွားခဲ့ပြီဆိုရင်တော့ ကောဇောအခြောက်ခံစက်၊ သတိပေးစာတမ်းboard တွေ အဲဒီနေရာက ဖယ်ရှားပါ။ ပရိဘောဂတွေ မူလနေရာကို ပြန်လည်ရွှေ့ထားလိုက်ပြီးရင်တော့ ကိုယ့်ရဲ့ ပြောင်လက်တောက်ပတဲ့ ရုံးခန်းလေးမှာ စိတ်ကြည်နူးပျော်ရွှင်စွာ အလုပ်တွေလုပ်နိုင်ပြီပေါ့။
Ref : Creative Ways to Personalize Your Workspace By Reader's Digest Editors
Office Cleaning by CleanFreak.com

ဖြိုးဖြိုး
Living Fashion Magazine, November, 2013

No comments: