Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, November 30, 2013

သတင်းကောင်း နဲ့ သတင်းဆိုး ပြောဖို့ရှိနေသူ……….. လင်းနစ်

`ဂီတလောကသားများဖတ်ရန်´ဆိုသည့် စာတစ်ပုဒ်ကို facebook က သူ့page မှာ ဖတ်ရစဉ်က ဒါသူရေးတာမှဟုတ်ရဲ့လားလို့ သံသယ၀င်မိသွားသည်။ ဂီတအစည်းအရုံးမှာ ပြဿနာတချို့ဖြစ်ချိန် ဂီတလောကသားတွေ စိတ်နှလုံး မသာမယာဖြစ်ချိန်မှာ ပေါ့ပေါ့ပါးပါးဖြစ်စေချင်တဲ့သဘောနဲ့ ရယ်စရာဟာသ စာလေးတစ်ပုဒ် စတင်ကာ သူရေးခဲ့သည်တဲ့။ ဖတ်ရသူတိုင်း သဘောကျရာက စာရေးပါစာရေးပါ တောင်းဆို၊ တိုက်တွန်းသံတွေကြောင့် အားတက်ပြီး စာတွေလည်း သူရေးဖြစ်နေသည်။ Sunday Journal မှာ သူရေးသည့် `တစ်နှစ်တာအတွက် အကောင်းဆုံးပရိသတ်´ကို ဖော်ပြခံခဲ့သည်။ ဒီစာမူနှင့်ပတ်သက်ပြီး သူ့status မှာ ဒီလိုသူရေးခဲ့တာ တွေ့ဖူးသည်။ 

“ကဲ..ဒါကတော့ ပထမဆုံးရတဲ့ စာမူခလေးပါ။ကျွန်တော်ရဲ့ သီချင်းရေးခနဲ့ ယှဉ်ရင် (25:1) လောက်ကွာပေမယ့် ဒီစာမူခ လေးကိုတော့ တန်ဖိုးထားပါတယ်။ မြန်မာပြည်က စာရေးဆရာတွေ ကဗျာဆရာတွေရဲ့ ဘဝကို ကိုယ်ချင်းစာခံစားရလို့ စိတ်မကောင်း ပါဘူး။ လောလောဆယ် သီချင်းတစ်ပုဒ်ရေးစရာ ရှိနေသေးလို့ ပြီးရင် စာတွေထပ်ရေးပါဦးမယ်”

ခုတော့ စာရေးခြင်းက သီချင်းရေးခြင်းလို သူ့အာရုံကို ရစ်ပတ်နှောင်ဖွဲ့ခဲ့ပြီပေါ့။ ဒီလူငယ်လေးက လင်းနစ်လို့မဖြစ်ခင် အခြားလူငယ် အများစုလို သီချင်းတွေအော်ဆိုခဲ့ဖူးသည်။ 20 years before သီချင်းတွေက သူ့ပါးစပ်ဖျားမှာ မင်းမူခဲ့ဖူးသည်။ စည်သူလွင်၊ လေးဖြူတို့ရဲ့သီချင်းတွေလည်း မမီမကမ်း ကလေးသံတစ်ဝက်နဲ့ သူအော်ဆိုခဲ့ရာကနေ ဂစ်တာကို ကိုင်မှ ဖြစ်တော့မည်လို့ သူဆုံးဖြတ်ကာ ၁၅နှစ်အရွယ်လောက်မှာ သူငယ်ချင်းတစ်ယောက်ကို သင်ခိုင်းသည်။

“သူငယ်ချင်းက ကော့ဒ်တစ်ခု စပြတယ်၊ ထုံးစံအတိုင်း C ပေါ့၊ ပြီးတော့ Am၊ အဲ နောက်တော့ ဘာစိတ်ကူးပေါက်တယ် မသိဘူး၊ `ဟေ့ကောင် မေ့လုယိက်တော့ကွ၊ ငါမင်းကိုအလကားနောက်နေတာ၊ အဲဒါတွေက ဘာမှမဟုတ်ဘူး၊ မင်းသင်ချင်ရင် သင်တန်း တစ်ခုမှာ စနစ်တကျသွားသင်၊ နို့မို့ဆို ငါတို့လို လမ်းဘေးတဒေါင်ဒေါင်ပဲဖြစ်နေမှာ၊ မင်းက ငါတို့နဲ့မတူဘူး၊ မင်းကဒါနဲ့ပတ်သက်ပြီး တကယ်လုပ်မှာလို့စဉ်းစားထားတဲ့ကောင်၊ ငါခုနက ပြထားတာတွေမေ့လိုက်တော့´ဆိုပြီး ကျွန်တော့်လက်ထဲက ဂစ်တာကို ပြန်ယူသွား တယ်ဗျ။ သူ့တိုက်တွန်းချက်နဲ့ နောက်တော့ သင်တန်းတက်ဖြစ်သွားတယ်။ ဂစ်တာကိုပေါက်က ကျွန်တော့် လက်ဦးဆရာပေါ့။ ဒါပေမဲ့ ကံမကောင်းစွာပဲ နှစ်လပဲတက်ခွင့်ရလိုက်တယ်။ သိချင်တာတွေ ဒီလိုပဲ အပြင်မှာပဲစမ်းတ၀ါးဝါးနဲ့ လေ့လာခဲ့ရတယ်ဗျ”

သူ့ကို သင်တန်းတက်ဖို့တိုက်တွန်းတဲ့သူငယ်ချင်းက `သီဟ´၊ ခုထိလည်း အချစ်ဆုံးသူငယ်ချင်းတွေထဲကတစ်ယောက်သည်၊ သီဟကို ကျေးဇူးတင်နေမိကြောင်း မမေ့မလျော့သူပြောပြခဲ့သေးသည်။ လွယ်လွယ်ကူကူသီချင်းတွေ ရှာဖွေတီးခဲ့ရာကနေ သိပ်မကြာခင်မှာပဲ သူ သီချင်းစရေးသည်။ နာရီလက်တံ အယ်လ်ဘမ်ထဲမှာ ပါသည့် `ဂစ်တာမတီးတော့တဲ့ညတွေ´သီချင်းက သူ ၁၇နှစ်လောက်က ရေးခဲ့သည့် သီချင်း။ ငယ်ငယ်တုန်းကတော့ သူအဆိုတော်ဖြစ်ချင်၊ နာမည်ကြီးချင်၊ အောင်မြင်ချင်ရုံ။ လက်တစ်ဖက်မြျှောက်ပြီး နှုတ်ဆက် လိုက်သည့်အပေါ်မှာ ပရိသတ်ဆီက `ဟေး´ခနဲအော်လိုက်သည့် တုံ့ပြန်မှုကို ခံစားချင်ရုံထက်မပိုခဲ့။ တဖြည်းဖြည်း ပြောင်းလဲလာသည့် အချိန်တစ်ခုက သူ့ကို ရင့်ကျက်စေခဲ့သည်။

“making music, ဂီတ တစ်ခုဖန်တီးတယ်ဆိုတာ အဲဒါတွေထက်ပိုတဲ့ အဓိပ္ပာယ်တစ်ခုရှိတယ် လို့ ကိုယ်တိုင်ခံစား နားလည်လာခဲ့တယ်ဗျ။ အခက်အဲတွေကတော့ များတယ်။ ငွေကြေး၊ အဆက်အသွယ်၊ ပတ်ဝန်းကျင်ရဲ့ဝေဖန်မှု အများကြီးပဲ၊ အပြုသဘောဝေဖန်တာတွေက အကျိုးရှိနိုင်ပေမယ့် အဲ..မဆီမဆိုင် ဆရာကြီးဝင်လုပ်ကြတာကတော့ အတော်ဆိုးတယ်ဗျာ။ ကျွန်တော်ကျောင်းပြီးလို့ အဆိုတော်လုပ်မယ်ဆိုတော့ ၀ိုင်းပြောလိုက်ကြတာ ခုထိမမေ့သေးဘူး၊ ဘာတဲ့.. `ပညာတွေမှိုတက် ကုန်ပြီ´တဲ့ဗျ၊ အလုပ်မလုပ်ဘဲ သီချင်းရေးလို့နေလို့လေ၊ နောက်တစ်ခုရယ်စရာထပ်ပြောပြရဦးမယ်။ `ငါတို့တုန်းကလည်း ချစ်စမ်းမောင်နဲ့အတူ တွဲတီးဖူးတာပဲကွ၊ ဒီလမ်းကြောင်းကမလွယ်ပါဘူးကွာ´တဲ့။ သူ့စကားထဲမှာတင် အဖြေကရှင်းနေပြီ။ အတူလုပ်ခဲ့တာချင်းအတူတူ ကိုချစ်စမ်းမောင်က ဘာလို့အောင်မြင်ပြီး သူက ဘာမှမဖြစ်သလဲ ဆိုတာ…ရှင်းပါတယ်၊ လူတစ်ယောက်နဲ့တစ်ယောက် ထူးချွန်တဲ့နေရာ တစ်နည်းပြောရရင် ပါရမီကွာလို့ပါ”

သူ့မှာတော့ အဲဒီပါရမီပါသည်လို့ သူ့ကိုယ်သူယုံကြည်သလို သူ့သီချင်းဖန်တီးမှုတွေကို ကြည့်ချင်းအားဖြင့် ဂီတချစ်သူတိုင်းကလည်း သူ့ကို ယုံကြည်မှုတစ်ခုရှိမှာသေချာသည်။ အဲသည်ယုံကြည်မှုနဲ့ အရာအားလုံးကို သူကျော်လွှားခဲ့သည်။ သူက ကျိုးကြောင်းရင်းမြစ် မခိုင်လုံသည့် ဝေဖန်မှုတွေကို ဂရုစိုက်ပုံမရ။ ဂရုသာစိုက်ခဲ့လျှင်လည်း ယခုနေ့လို တွေ့ဆုံမေးမြန်းခန်းကဏ္ဍတွေ ရှိလာမည်မဟုတ်။ ဝေဖန်မှုတွေကို ငြင်းဆန်လို့ရလောက်အောင် သူ့တာက လုံသည်။ သူ့ကိုယ်သူယုံကြည်စိတ်ချစွာဖြင့် demo albumလေး လုပ်ခဲ့သည်။ အဲသည်အကြမ်းထည်ကို ပြကြည့်ရာက Ezy က ကိုကျော်ဇင်သိန်းသူ့ကို ကမ်းလှမ်းလာသည်။ ၂၀၀၆၊ ဒီဇင်ဘ ၂၃ရက်နေ့မှာ ပွဲဦးထွက်တေးအယ်လ်ဘမ်`ရင်ဘတ်ထဲကအိပ်မက်ဟောင်း´ထွက်ခဲ့သည်။ ဒုတိယအယ်လ်ဘမ်ကတော့ ၂၀၁၀ မှာ။ title က `နာရီလက်တံ´။

“ဒီအယ်လ်ဘမ်ကိုလုပ်တော့ ကျွန်တော်အရမ်းကိုစိတ်လှုပ်ရှားခဲ့ရတယ်။ ကျွန်တော်အရမ်းကို ယုံကြည်ထားတဲ့ သီချင်းတွေ လုပ်ခွင့်ရခဲ့တယ်လေ။ ဒီ`နာရီလက်တံ´အတွက် Proက ကိုကျော်ဇေယျနဲ့ ကိုအောင်မင်းသိဏ်းတို့ကို ကျေးဇူးတင်မိတယ်။ ပထမ အယ်လ်ဘမ်နဲ့စာရင်`နာရီလက်တံ´ကိုတော့ ပိုအားရလာတယ်။ ဒါပေမဲ့ ပထမအယ်လ်ဘမ်မှာ အပြည့်အ၀ကိန်းဝပ်ခဲ့တဲ့ အနုပညာရိုး သားမှုလေးတော့ နောက်ဘယ်တော့မှ ပြန်မရနိုင်တော့ဘူးဗျ”

သီချင်းအများကြီးရှိတဲ့အထဲမှာ`ဒီဇင်ဘာည´က လူငယ်ထုကြားမှာ စွာထွက်ကာ ရေပန်းစားခဲ့သည်။ ဒီခံစားချက်က ပီတိဖြစ်စရာ။

“ဟုတ်တယ်ဗျ။ ဒီဇင်ဘာညက လူတော်တော်သိသွားတယ်။ ကျွန်တော်ပျော်တာပေါ့..ကိုယ်တိုင်ရေးဆိုထားတဲ့ သီချင်းလေး တစ်ပုဒ်ဟာ တစ်နိုင်ငံလုံးက ဂီတပရိသတ်တွေသိသွားတယ်ဆိုတဲ့ ခံစားချက်က နည်းနည်းနောနောမှမဟုတ်တာ။ အဲဒီတုန်းက ဗီစီဒီ ခေတ်လေ။ အရုပ်မှမပါရင် သီချင်းသိပ်နားမထောင်တဲ့အချိန်ကိုး၊ `ရင်ဘတ်ထဲကအိပ်မက်ဟောင်း´က Audio CD ပဲ ထွက်သေး တဲ့အချိန်မှာ City FM5 အခွေထဲမှာ `ဒီဇင်ဘာည´သီချင်းက အရုပ်ရောအသံပါ ထွက်လာခဲ့တယ်လေ၊ အဲဒီအချက်က လူပိုသိသွားစေတဲ့အချက်ပါပဲ။ ကျွန်တော်ပြောတာကို `ရင်ဘတ်ထဲကအိပ်မက်ဟောင်းနားထောင်ဖူးတဲ့ပရိသတ်တွေသိပါလိမ့်မယ်၊ နှမြောစရာကောင်းတာက `ရင်ဘတ်ထဲကအိပ်မက်ဟောင်း´ဟာ music video အဖြစ် အရုပ်နဲ့ထွက်မလာခဲ့ဘူး”

လူတိုင်းမှာအကြိုက်ဆုံးတွေရှိသလို သူ့မှာလည်း အကြိုက်ဆုံးတွေရှိသည်။ ဒါပေမဲ့ သိပ်တော့များများစားစားမဟုတ်ခဲ့။

“တေးရေးထဲမှာ ကိုအယ်လ်ဖြူကြိုက်သလို အဆိုထဲမှာတော့ ကိုစည်သူလွင်နဲ့ မတင်ဇာမော် ကြိုက်တယ်ဗျ။ ဂစ်တာသမားထဲမှာ ကျွန်တော့်အကြိုက်က ကိုရန်နိုင်ပေါ့။ Band ကိုပြောရရင် ကျွန်တော့်သီချင်းတွေကို အမြဲတီးခတ်ပေးနေတဲ့ SoUndSqUare Band ပေါ့ဗျာ၊ ကျွန်တော့်ကို စိတ်ရှည်တာ ဒီလူတွေပဲ ရှိမယ်ထင်တယ်ဗျ”

Maroon 5, Cold Play, Keane , Travis, Muse, The Rasmus Bruno Mars စသဖြင့် သူအကြိုက်တွေကို ပြောပြခဲ့သေးသည်။ အကြိုက်နှင့်လေးစားမှုက မတူ။ ထူးအိမ်သင်ကတော့ သူ့အတွက်အမြဲလေးစားသမှုရှိရသည့်ပုဂ္ဂိုလ်။ ဒါကြောင့်ပဲ ထူးအိမ်သင်ချစ်သူတွေဝိုင်းဝန်းပြုလုပ်ကြသည့် အမှတ်တရနေ့မှာ သူ့ကို ဂစ်တာတစ်လက်နှင့်တွေ့ရဖူးသည်။ music အတွက် ဘယ်လို အချိန်သီးသန့်ပေးထားသလဲ မေးမိလို့ သူသဘောကျကာ ရယ်သည်။

“ဗျာ..သီးသန့်အချိန်…နောက်သလိုဖြစ်နေတယ်ဗျာ…ကျွန်တော့်ခေါင်းထဲမှာ အချိန်ပြည့် musicအကြောင်းပဲ စဉ်းစားနေတာ၊ လမ်းလျှောက်ရင်းလည်း သီချင်းဆိုရင်ဆိုနေမိတတ်တယ်၊ ညာလက်ကို ဂစ်တာfretတံလုပ် ဘယ်လက်က chordsတွေကိုင်ပြီးလည်း တီးရင်တီးနေတတ်တာ၊ ဒရမ်ပုံစံစဉ်းစားရင်းနဲ့လည်း လက်ဟန်ခြေဟန်တွေ လုပ်လုပ်နေမိရတာနဲ့ အဲဒီလို အချိန်ပြည့် သီချင်းဂီတက ကျွန်တော့်ကိုလွှမ်းမိုးနေတာ၊ သီးသန့်အချိန်ထားစရာမလိုတော့တဲ့အထိပါပဲဗျာ။ ဂီတဆိုတဲ့အရာက ကျွန်တော့်ဘ၀မှာ အဓိကအရေးပါတယ်ဆိုတာထက် ကျွန်တော့်ဘ၀ကိုက ဂီတနဲ့တစ်ထပ်တည်းပဲလို့ ပြောရတော့မယ်ဗျ၊ ကျွန်တော့်အချိန်တွေအားလုံး ဂီတအတွက်ပဲ ပေးဆပ်ထားတယ်” 

မြန်မာပြည်က Underground Band တွေကို အားလုံးမဟုတ်တောင် တချို့Band တွေ သူသဘောကျသည်။ သူငယ်ငယ်က Underground Show တွေအမြဲသွားသည်။ စာသားသဲသဲကွဲကွဲမရှိ၊ အော်ဟစ်ဆူညံပေါက်ကွဲနေသည့် သီချင်းတွေနဲ့ပတ်သက်ပြီး သူ့အမြင်ကရှင်းသည်။ ခုနောက်ပိုင်း Underground Band တွေဟာ သူကြည့်ခဲ့ရတုန်းကလောက် မမိုက်တော့ဘူးလို့ သူက ကောက် ချက် ချသည်။ `ဒီလို စာသားသဲသဲကွဲကွဲမရှိတဲ့ ဆူညံပေါက်ကွဲနေတဲ့ ဆိုဟန်တွေ ကျွန်တော်ဆိုတတ်တယ်ဆိုရင် ခင်ဗျား ဘယ်လိုမြင် မလဲ၊ တစ်ခါလောက်တော့ဆိုပြချင်သေးတယ်ဗျ´လို့ သူက ရယ်ရယ်မောမောပြောပြခဲ့သည်။ လက်ရှိဂီတလောကအပေါ် သူ့အမြင်က ပိုလို့တောင်ရှင်းနေသည်။

“စိတ်ပျက်စရာအကောင်းဆုံးအခြေအနေတွေပေါ့ဗျာ၊ ကျွန်တော်အပါအ၀င် ခေတ်ပျက်နေတယ်လို့ ဂီတသမား တော်တော် များများက လက်ခံထားကြတယ်ဗျ”

သူက duet သီချင်းဆိုရမည်ကိုမကြိုက်ခဲ့။ ဆိုဖို့ဝေးလို့ နားပင်ထောင်ချင်သူမဟုတ်။ နောက်ပိုင်းမှာ ဂရေဟမ် နှင့် တင်ဇာမော် ဆိုထား သည့် အချစ်စွမ်းအား ( တေးရေး - ထွဏ်းခမ်)သီချင်းလေးကို စငြိသွားရာကနေ duetသီချင်းတွေကို အာရုံရလာပြီး ၀ိုင်းစုခိုင်သိန်း၊ ချန်းချန်းတို့နှင့် ဆိုဖူးသည်။ နောက်ထပ်အခွင့်အရေး ရလျှင်လည်း duet သီချင်းလေးတွေ ဆိုမည်တဲ့။ တကယ်လို့များ တကယ်လို့များပေါ့။ သူသာ တန်ခိုးရှင်ဖြစ်မည်ဆိုလျှင် ဂီတလောကထဲ က ဘာတွေကို ဖယ်ထုတ်ပြီး ဘာတွေကို ထပ်ပေါင်း ထည့်ချင်မှာလဲ ဆိုတာ နည်းနည်းတော့ စိတ်ဝင်စားစရာကောင်းလှသည်။

“ ကျွန်တော်သာ တန်ခိုးရှင်ဖြစ်လို့ကတော့ ဂီတလောကကို ဒုက္ခလှလှပေးနေတဲ့ ခိုးကူးခွေတွေကို ဖယ်ထုတ်ပစ်မှာပေါ့။ နောက်ပြီး ပရိသတ်တွေရဲ့ ရင်ထဲကို ကျွန်တော်တို့ ကြိုးစားထားသမျှကို တန်ဖိုးထားတဲ့စိတ်ကလေးထည့်ပေးချင်တယ်။ ဒါဆို ကျွန်တော်တို့ရဲ့ ဖန်တီးမှုတွေကို အသိအမှတ်ပြုပြီး မူရင်းခွေတွေ အားပေးကြလိမ့်မယ်။ ပြောသာပြောနေရတာ၊ ယုတ္တိဗေဒအရကြည့်ရင် ဒီတန်ခိုးရှင်သာဖြစ်မယ်ဆိုရင် …ဆိုတာကြီးက တော်တော်ကြောင်တာပဲဗျ။ ကျွန်တော်ကလည်း ဘယ်တော့မှ တန်ခိုးရှင်ဖြစ်မလာနိုင်သလို ခိုးကူးတွေကိုလည်း တားဆီးနိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ မေးသူရှိတော့လည်း လူမုန်းခံပြီးဖြေနေရတာပေါ့၊ ဒါလောက်ပါပဲဗျာ”

သူအကျင့်က အရှေ့ကို အများကြီးကြိုတင်တွေးထားလေ့မရှိ၊ ရှိလျှင်လည်း ဘယ်သူ့ကိုမှ သူပြောပြလိမ့်မည်မဟုတ်။ လောလောဆယ် သူ့မှာ သတင်းကောင်းတစ်ခု နှင့် သတင်းဆိုးတစ်ခု ပြောဖို့ရှိနေပါသည်။ 

“သတင်းကောင်းက ကျွန်တော့်ရဲ့အမာခံပရိသတ်တွေ စောင့်ရကျိုးနပ်အောင် နောက်အယ်လ်ဘမ်သစ်ကို အကောင်းဆုံးဖြစ်အောင် လုပ်နေပါတယ်၊ အဲ…သတင်းဆိုးကတော့ အဲဒီအယ်လ်ဘမ်ဟာ ကျွန်တော့်ရဲ့ နောက်ဆုံး solo album လည်း ဖြစ်ရင်ဖြစ်သွားနိုင်ပါတယ်ဗျာ”
Zigzag
(Yati Magazine, December, 2013)

No comments: