ကမ္ဘာကြီးမှာ ဆန်းကြယ်တဲ့ဖြစ်ရပ်တွေအပုံအပင်ပါ။ ကျွန်မတို့မှီတင်းနေထိုင်ရာ မြေကမ္ဘာမှာလည်း ကျွန်မတို့ရဲ့ အသိဥာဏ်၊ စာဖတ်အား၊ လေ့လာရှာဖွေမှုအားနဲ့ လိုက်လို့မမီလောက်အောင် အံ့ဘနန်းဆန်းပြားတဲ့ဖြစ်ရပ်တွေ ရှိနေတယ်။ ဒီဖြစ်ရပ်တွေအပေါ် လူတချို့က မျက်စိမှိတ်ယုံတယ်၊ လူတချို့က လုံးဝမယုံဘူး၊ လူတချို့က ကိုယ်တိုင်ကြုံဖူးလို့ ယုံသွားကြတယ်။ ဒီလိုကွာဟချက်လေးတွေ တော့ ရှိတတ်တယ်။ တစ်နေ့မှာတော့ မြေကမ္ဘာပေါ်ကို အံ့သြဖွယ်အစွမ်းရှိတဲ့အရာတွေ ပြုတ်ကျလာခဲ့တယ်။ လက်ပတ်နာရီတစ်လုံး၊ သော့တစ်ချောင်း၊ ဘောပင်တစ်ချောင်း၊ ကားလက်မှတ်တစ်ခု…..အပါအ၀င် အရာဝတ္ထုပစ္စည်းတွေ….။ တစ်ရာကျော်လောက်ရှိမယ်။ အဲဒီပစ္စည်းတွေမှာ အံ့သြဖွယ်အစွမ်းသတ္တိတွေ ကိုယ်စီရှိကြတယ်ဆိုတာ မယုံနိုင်စရာ။ ခက်တာက အဲဒီပစ္စည်းတွေဟာ ဟိုတစ်စ သည်တစ်ခု ပြန့်ကျဲနေကြတယ်။ အထူးသဖြင့်အစွမ်းသတ္တိအားအကြီးဆုံး၊ အဆန်းပြားဆုံးလို့ ဆိုနိုင်တဲ့ သော့တံတစ်ချောင်း။ ဒီသော့တံက ပိတ်ထားတဲ့တံခါးတိုင်းကို ဖွင့်နိုင်တယ်။ သော့တံထိုးသွင်းစရာ လက်ကိုင်ဘုတော့ ရှိရမှာပေါ့။ ဒီသော့တံနဲ့ ဖွင့်လိုက်တဲ့အခန်းဟာ မူလအခန်းပုံစံတော့မဟုတ်တော့ဘူး။ မှော်ဆန်တဲ့အခန်း ဖြစ်နေတတ်တယ်။ အခုလည်း ဒီသော့တံကို ရဖို့ လူတစ်စု အချိန်းအချက်ပြုနေကြတယ်။
“ရပြီ အစစ်ပဲ”လို့ သော့တံကို စမ်းသပ်ဖွင့်ကြည့်လိုက်ရင်း လူတစ်ဦးကပြောတယ်။ ချာတိတ်လေး အက်ဒီလည်း ရှိတယ်။ မျက်လုံးကလယ်ကလယ်နဲ့ တွေးတယ်။ ဒီလူတွေဘာတွေပြောနေကြပါလိမ့်.. ဟိုလူ့လက်ထဲကသော့တံက အတော်လေးအစွမ်းရှိပါလား….အံ့သြစရာပဲ၊ ဒီသော့ကို ငါလည်းလိုချင်လိုက်တာ…။ အခြေအနေတွေဒါ့ထက် ရှုပ်ထွေးလာပါစေ၊ ဟိုလူ့လက်ထဲက သော့ကို ရအောင်ယူပြီး ငါဒီကနေလစ်ပြေးမယ်။
“ငွေအရင်ပေး” သူတို့လဲလှယ်ကြတယ်။ ငွေလိုချင်သူက ငွေရရင်၊ သော့လိုချင်သူက သော့ရရင် ပြီးရောပေါ့။ ခုတော့ ဒီလိုမဟုတ်ဘူး။ လောဘကြီးကြတော့ အခြေအနေတွေရှုပ်ထွေးကုန်တယ်။ ဘောပင်နဲ့လူက သေနတ်နဲ့လူကို သူ့လက်ထဲက ဘောပင်နဲ့ထိုးစိုက်လိုက်တယ်။ တစ်ယောက်မကဘူး။ နှစ်ယောက်သုံးယောက်။ ပေါက်ကွဲမြည်ဟီးသံကြီးပေါ်ထွက်လာပြီးနောက် ရဲတွေ ရောက်လာကြတယ်။ အသားကင်နံ့ရတယ်။ ရမှာပေါ့။ မီးကျွမ်းနေတဲ့ လူအလောင်းတွေ၊ တစ်ယောက်ကို ပုံစံတစ်မျိုး။
“ အံ့သြစရာပဲ၊ မီးလောင်ပြီးမှ အကျီပြန်ဝတ်ပေးထားတာလား”
အဲဒီလို ထင်ရင်ထင်ချင်စရာ၊ အလောင်းတွေကိုကြည့်တော့ တစ်ကိုယ်လုံးအသားတွေ ကင်ထားသလို မီးကျွမ်းနေပေမဲ့ အ၀တ်အစားတွေက အကောင်းအတိုင်းပဲ။ လူသားအသိဥာဏ်နဲ့ လိုက်လို့မမီတဲ့ ဖြစ်ရပ်ဆန်းတွေ ဒီနေရာမှာ ဖြစ်ပျက်နေပြီ။ ရဲတွေ ခေါင်းစားသွားတယ်။
ရဲတစ်ဦးဖြစ်တဲ့ ဂျိုးမေလာက ပုံစံမမှန်တဲ့ အက်ဒီ ဆိုတဲ့ချာတိတ်နောက်ကို ပြေးလိုက်တယ်။
“ ဘာတွေဖြစ်ခဲ့သလဲ ငါ့ကိုပြောပြ”
“ မပြောဘူး၊ ပြောလိုက်ရင် ကျွန်တော့်အမေ သေလိမ့်မယ်”
“ ပြောသာပြော မင်းအမေကို ငါကာကွယ်ပေးမယ်”
“ ခင်ဗျားအမေကို ဘယ်သူ ကာကွယ်မှုပေးမလဲ”
ချာတိတ်အက်ဒီစကားကြောင့် ဂျိုးတစ်ချက်ငိုင်တွေသွားတယ်။ ဒါကိုအခွင့်ကောင်းယူပြီး အက်ဒီက လစ်ပြေးတယ်။ မျက်စိရှေ့တင်မှာပဲ လမ်းကြားထဲက အိမ်ခန်းတံခါးပေါက်ဆီ ၀င်ပြေးသွားတယ်။ အဲဒီအိမ်တံခါးကို ဒီချာတိတ်ဘယ်လိုဖွင့်လိုက် ပါလိမ့်။ အထဲကတစ်ယောက်ယောက်များ ဖွင့်ပေးလိုက်သလား။ ဂျိုးတံခါးခေါက်တော့ အိမ်ရှင်ဖြစ်ပုံရတဲ့ သူတွေတွေ့တယ်။ ရဲပီပီ ဂျိုးနဲ့ ဂျိုးရဲ့ပါတနာ လူးတို့ တစ်အိမ်လုံး ပိုက်စိတ်တိုက်ရှာတယ်။ မတွေ့ဘူး။ ဘယ်တွေ့မလဲ၊ အမှန်က အက်ဒီက မှော်ဝင်သော့နဲ့ ဖွင့်ပြီး မှော်ဆန်ဆန် ထွက်ပြေး ပျောက်ဆုံးသွားတာ။ ဂျိုးနဲ့လူးတို့ ဘယ်သိပါ့မလဲ။ ဂျိုးတစ်ယောက်တည်း တီဗီကင်မရာကနေ အလိုအလျောက်ဖမ်းထားခဲ့တဲ့ အခွေကို ဖွင့်ကြည့်တယ်။ သေချာတယ်။ တံခါးကိုဖွင့်ပေးသူမရှိဘဲ၊ အက်ဒီသူ့ဘာသာသူ ၀င်သွားခဲ့တာ၊ နောက်ပြန် ပြန်ရစ်ကြည့်တယ်။ အသေးစိတ်အနှေးပြကွက်နဲ့ ပြန်ကြည့်တယ်။ အခါခါ။ သေချာတာတစ်ခုက ဖွင့်ပေးသူမရှိဘဲ ပွင့်သွားတဲ့ အခန်းတံခါးကနေ အက်ဒီ ပျောက်ချင်းမလှပျောက်သွားတယ်ဆိုတာပဲ။
သမီးလေး အန်နာမေလာ နဲ့ ဂျိုးမေလာ ညစာစားနေခိုက် အက်ဒီရောက်လာတယ်။ သေနတ်ဒဏ်ရာနဲ့။ ဆေးရုံကား ခေါ်ဖို့တောင်အချိန်မရလိုက်ဘူး။ ဂျိုးကို သော့တစ်ချောင်း ထိုးပေးပြီး တုန်တုန်ရီရီပြောပြတယ်။
“ ဒါ..ဒါ..နဲ့ အခန်းတိုင်းကို ဖွင့်နိုင်တယ်” ဒါပဲပြောပြီး အက်ဒီသေသွားပြီ။ သော့တစ်ချောင်း ဂျိုးလက်ထဲမှာ..။ ဂျိုးစမ်းကြည့်တယ်။ တံခါးကို အဲဒီသော့မသုံးဘဲ ဒီတိုင်းဖွင့်ကြည့်တယ်။ သာမန်အခန်းပဲ။ ပြန်ပိတ်၊ အဲဒီသော့နဲ့ တစ်ခါထပ်ဖွင့်ကြည့်တယ်။ အလင်းတွေဖြာထွက်နေတဲ့ အခန်းတစ်ခန်း၊ ဂျိုး ၀င်ကြည့်လိုက်တယ်။ ဟိုတယ်အခန်းဖြစ်ပုံရတယ်။ အခန်းတွေလည်း အများကြီးပဲ။ ခန်းဆီးလိုက်ကာကိုလှပ်လို့ လှမ်းကြည့်မိတော့ MOTELဆိုတဲ့စာလုံးကို နောက်ကနေ ပြောင်းပြန် လှမ်းမြင်နေရတယ်။ သေချာတာပေါ့။ မိုတယ်အခန်းတစ်ခုတည်း သူရောက်နေပြီ။အခန်းရဲ့ တစ်ဖက် ထွက်ကြည့်လိုက်တယ်။ ကမ်းခြေတစ်ခု ရောက်သွားပြန်တယ်။ ဘယ်လိုသဘောနဲ့ ဘယ်လိုနေရာကို သူရောက်နေတာလဲ။ မဟုတ်ဘူး။ သူ့နေရာ သူ့အိမ်ကို ဒီမိုတယ်အခန်းက လာပတ်သက်တာ။ နောက်ထပ်ဘာတွေ ကြုံရဦးမှာလဲ…ရဲပီပီ မကြောက်မလန့် ရှေ့တိုးဝင်ချင်ပေမဲ့ သူပြန်မရောက်လာနိုင်ခဲ့ရင် သမီးလေးတစ်ယောက်တည်း ကိုယ်ကျိုးနည်းရချည့်။ မဖြစ်ဘူး။ မဖြစ်ဘူး။ မြန်မြန်ဆန်ဆန် ဒီအခန်းထဲကနေ ပြန်ထွက်လိုက်တယ်။ ပြန်ထွက်လိုက်တော့လည်း သူ့အိမ်သူ့နေရာပဲ။
၈နှစ်အရွယ်သမီးလေး အင်နာကလည်း အထူးအဆန်းတွေကို ကလေးပီပီစိတ်ဝင်စားတယ်။ ဒါပေမဲ့ သူ့ပစ္စည်းလေးတွေ အရုပ်လေးတွေ အခန်းထဲမှာကျန်ခဲ့ရင် နောက်တစ်ခေါက်ပြန်ဖွင့်ကြည့် မရှိတော့ဘူးဆိုတော့ ဘ၀င်မကျဘူး။ အခန်းအပေါက်ဝမှာ ဂျိုးနဲ့ အင်နာတို့ စမ်းသပ်ကြည့်တယ်။ ပစ္စည်းတွေပျောက်ကုန်တာသေချာပေမဲ့ ဘယ်သူလာယူသွားလို့ ဒီလောက်မြန်မြန်ဆန်ဆန်ကြီး ပျောက်ပျက်သွားရတာလဲ။ အဖြေမရှိဘူး။ အကြိုက်ဆုံးအရုပ်လေးလည်း မတွေ့တော့ဘူး။ မကျေနပ်တဲ့ စိတ်တွေနဲ့ အင်နာက အခန်းထဲကို မြန်မြန်ဆန်ဆန်ကြီး ပြေးဝင်သွားတယ်။
“ အန်နာ မသွားနဲ့”
အန်နာက သူ့အရုပ်လေးကို လိုက်ရှာတယ်၊ ခုတင်ပေါ်ခုတင်အောက် စောင်တွေကို ဆွဲချ၊ မရှိဘူး။ ဂျိုးက အတင်းပြန်ခေါ်ရတယ်။ တံခါးပိတ်လိုက်၊ အပြင်ဘက်ပြန်ထွက်။ တံခါးကို ပြန်ဖွင့်ကြည့်တော့ စောစောက အန်နာ အရုပ်ရှာရင်း ဗြောင်းဆန်အောင် ရှုပ်ဖွလိုက်တဲ့အခန်းက စက္ကန့်ပိုင်းလေးအတွင်းမှာပဲ နဂိုအတိုင်း သပ်ရပ်လှပလို့..။ သားအဖ နှစ်ယောက်လုံး အံ့သြသွားတယ်။
“ သမီးလေး အန်နာ..ဒါတွေ ဘယ်သူ့ကိုမှ သွားမပြောပါဘူးလို့ အဖေ့ကို ကတိပေးစမ်း ”
အန်နာခေါင်းညိတ်လိုက်တယ်။
နောက်တစ်နေ့မှာ ဂျိုးက သူ့ပါတနာ လူး ကို ခေါ်ပြတယ်။ မှော်သော့နဲ့ဖွင့်ဝင်လိုက်တဲ့အခန်းအကြောင်း။ သူတို့နှစ်ယောက် ၀င်ကြည့်ကြတယ်။ ဒီလောက်ထူးဆန်းတဲ့ ဖြစ်ရပ်တွေ ကမ္ဘာကြီးမှာ ရှိသတဲ့လား။ တခြားသူတွေသိသွားခဲ့ရင် ပြဿနာပဲ။ ဒီသော့ဟာ အန္တရာယ်ဖြစ်နိုင်တယ်။ ဒါကို အန္တရာယ်မဖြစ်အောင် ဘယ်လိုနေရာမျိုးမှာ ဘယ်လို အသုံးချရရင်ကောင်းမလဲ။ ဒါပေမဲ့ အဖြေမရှိပါဘူး။
လူးက ပြောတယ်။
“ ဒီသော့ကြောင့် လူသုံးယောက် သေခဲ့ပြီးပြီ။ ဒါကို ငါတို့အကျိုးရှိအောင် သုံးကြရအောင်၊ ဒါမျိုးအခွင့်အရေး ဘယ်တော့ ရမယ်တော့ မဆိုနိုင်ဘူးပေါ့”
“ ဟုတ်တယ်” လို့ ဂျိုး ကထောက်ခံတယ်။
တစ်နေ့ သမီးအန်နာကို ကျန်းမာရေးစစ်ဆေးမှုခံယူဖို့ ဆေးရုံသွားရင်းနဲ့ အရူးဝီလီ နဲ့တွေ့တယ်။ ဒီလူက သူ့ကိုယ်သူ လူဖြစ်နေတာကိုမေ့နေတဲ့သူ၊ အမှန်တော့ ဒီလူက ၀ိညာဉ်တစ်ကောင်။ သူနေရမယ့်နေရာမှာ မနေဘဲ၊ သူ့ရထားတဲ့ မှော်ဝင်ပစ္စည်း၊ သွားချင်ရာသွားလို့ရတဲ့ ကားလက်မှတ်နဲ့ ဆေးရုံမှာလာနေနေတာ။ ၀ီလီရှင်းပြလို့ သူ့လက်ထဲ ရှိနေတဲ့ သော့တစ်ချောင်းလိုပဲ တခြား အံ့သြဖွယ်အစွမ်းနဲ့ပစ္စည်းတွေ ရှိနေကြတယ်ဆိုတာ ၈ျိုးသိလိုက်ရတယ်။
“ဒီလိုပစ္စည်းတွေ ရာနဲ့ချီရှိနေတယ်”
“သူတို့ဘယ်က ရောက်လာတာလဲ”
“မိုတယ်အခန်းထဲကပေါ့ ဒီပစ္စည်းတွေအားလုံး မိုတယ်အခန်းထဲက လာတာ၊ မင်း သော့သုံးတာပဲ သိမှာပေါ့။ သူတို့အားလုံးထူးဆန်းတာမှန်သမျှလုပ်နိုင်ကြတယ်၊ တချို့က အသုံးဝင်ပြီး တချိုကျတော့လည်း အသုံးမ၀င်ဘူး၊ ခဲတံ ရထားတဲ့ လူတစ်ယောက်ကို ငါတွေ့ဖူးတယ်။ အဲဒီခဲတံအစွမ်းက ထိုင်ပြီးခေါက်နေရုံနဲ့ အကြွေစေ့တွေ ထွက်ကျလာတာပဲ၊ ခုံပေါ်မှာ ခေါက်နေရုံပဲ။ တစ်နေ့ ၅၀၀လောက်ရတယ်။ ခြောက်လလောက်ကြာတော့ ဦးနှောက်ပေါက်ထွက်ပြီး ရှောသွားတယ်။ ပြီးတော့ ထီးတစ်ချောင်း ရှိတဲ့လူ…”
ဝီလီပြောပြတာတွေ ဂျိုးမှာတအံ့တသြနားထောင်နေရတယ်။ ကားလက်မှတ်ကတော့ သိပ်အသုံးမ၀င်ဘူးလို့ ၀ီလီကပြောတယ်။ ဘယ်ဟုတ်ပါ့မလဲ။ ဒါလဲအသုံးဝင်တာပဲ။ တစ်နေရာကနေ တစ်နေရာခဏလေး ရောက်ချင်ရင် အသုံးဝင်တာပေါ့။ အဲဒီလို ဂျိုးကတွေးတယ်။
ဒီကြားထဲ အမျိုးသမီးတစ်ဦးကတစ်မှောင့်။ သူ့ကိုယ်သူ သေသွားတဲ့ အက်ဒီရဲ့ အစ်မပါတဲ့။ မဟုတ်ဘူး လာညာတာ။ ရဲလုပ်နေတဲ့ ငါ့ကိုများ ခပ်တည်တည်လာညာနေသေးတယ်လို့ ဂျိုး စိတ်တိုသွားတယ်။ တကယ်တော့ အဲဒီမိန်းမ လီနာက ဂျိုးဆီမှာ သော့ ရှိမှန်းသိလို့ တမင်သက်သက်လာချဉ်းကပ်တာ။ ဒီမိန်းမက တစ်ယောက်တည်းသမားတော့ ဖြစ်ပုံမ၇ဘူး။ သူ့နောက်မှာ အဖွဲ့အစည်းအုပ်စု တစ်ခုခု ၇ှိနေပုံရတယ်။ အခု ပြန်သွားတာနဲ့ ဂျိုးမီလာဆီမှာ သော့တစ်ချောင်း ရှိတယ်ဆိုတာ ကြေညာမောင်းခတ်တော့မှာ သေချာတယ်။ ဒါဆို သူ့အတွက် အန္တရယ်က လက်တစ်ကမ်းမှာ ရှိနေပြီလို့ ဂျိုးရိပ်စားမိလိုက်တယ်။
ဝီလီကတော့ ဂျိုးကို ဖိအားပေးနေတုန်းပဲ။
“ ဒီမှာ စုံထောက်မီလာ၊ ခင်ဗျားစိတ်ထဲ တစ်ခါတလေ စကြ၀ဠာကြီးဟာ တစ်ခုခုမှားနေတယ်လို့များ မထင်မိဘူးလား”
“ ထင်တာပေါ့၊ မှားနေတယ်။ ဒါမျိုးတွေမဖြစ်သင့်ဘူး၊ ဒါပေမဲ့အဲဒီမိုတယ်အခန်းထဲမှာ အံ့ဘနန်းအဖြစ်အပျက်တွေ ဖြစ်ဖြစ်နေခဲ့တယ်၊ ပြီးတော့လည်း အဲဒီအခန်းထဲ ဘာဖြစ်လို့ဖြစ်ခဲ့တယ်ဆိုတာ ဘယ်သူမှ မသိကြတော့ဘူး၊ အားလုံး အစအန ကိုပျောက်သွားတော့တာ ဆိုးပါတယ်ကွာ”
“ ဟုတ်တယ် ဆိုးတယ် အန္တရာယ်က အကြိးကြီးပဲ။ လူတချို့က မင်းဆီက သော့အပါအ၀င် အဲဒီပစ္စည်းတွေကို အာသာငမ်းငမ်းနဲ့ လိုက်လံရှာဖွေနေကြတယ်၊ ရှေးဟောင်းဓာတ်တော်မွေတော်တွေ ရှာဖွေကြသလိုမျိုးပဲပေါ့”
“ အရေးကြီးတာက တန်ဖိုးပဲ၊ အဲဒီပစ္စည်းတွေကို သုံးတဲ့အတွက် တာဝန်ကြီးတယ်၊ အဖိုးအခတစ်ခုခုတော့ ပြန်လည် ပေးဆပ်ရမှာပဲ”
“ သိပ်ဟုတ်တာပေါ့၊ ခုချိန်ဆို ခင်ဗျားဗီရိုတွေကို ပြဿနာကောင်တွေ ဖွင့်ရှာနေလောက်ပြီ၊ မင်းမှာ ဒီသော့တစ်ချောင်း ရှိနေရင် မင်းမိသားစုမှာလည်း အန္တရာယ်ရှိမှာ အသေအချာပဲ”
“ အန်နာ….သမီး”
ဝီလီ့စကားကြောင့် ဂျိုး အလန့်တကြားအော်ရင်း ထရပ်လိုက်မိတယ်။ သမီးအန်နာ…ဆေးရုံမှာ ။ ဂျိုးက မိန်းမနဲ့ကွဲနေတာ။ သမီးမှာက သူပဲအဖေ သူပဲအမေ၊ ဒီသမီးလေးသာ အန္တရာယ်ကြုံလို့ကတော့ ရင်ကျိုးရပါပြီ။ ဂျိုး ဆေးရုံကို အပြေးသွားတယ်။ ဒါပေမဲ့ နောက်ကျသွားပြီ။ ပြဿနာကောင်တွေက ဆေးရုံကနေ ညာခေါ်သွားကြပြီ။
“မင်းပိုင်တာနဲ့လဲမယ်”လို့ ဖုန်းဝင်လာတယ်။ ပြဿနာကောင်တွေချိန်းတဲ့နေရာ ဂျိုးလိုက်သွားတယ်။ အလဲအလှယ်ကို သစ္စာရှိရှိမလုပ်ကြဘူး။ ဂျိုးကို ဖမ်းဖို့ပြင်တယ်။ ရုန်းရင်းဆန်ခတ်အခြေအနေတွေကြားမှာ သမီးက သော့ယူပြီး အခန်းတစ်ခန်းကို ဖွင့်ဝင်သွားတယ်။ ဂျိုး လိုက်ပေမဲ့နောက်ကျသွားပြီ။ ဂျိုးအခန်းထဲမရောက်ခင်မှာပဲ တံခါးကို လူတစ်ယောက်က ပိတ်ပစ်လိုက်တယ်။
သွားပြီ။ ဒီသော့နဲ့ဖွင့်လိုက်တိုင်း အခန်းထဲရှိရှိသမျှ အကုန်အစအနမကျန်အောင် ပျောက်ဆုံးကုန်တာ။ ဂျိုး ပူဆွေးသောက ရောက်ရပါပြီ။ သမီးအန်နာ့ကို ပြန်ခေါ်နိုင်ဖို့နည်းလမ်းတော့ရှိတယ်လို့ ၀ီလီကပြောတယ်။ အခြားလူတွေ လက်ထဲရှိနေတဲ့ မှော်ပစ္စည်း တချို့နဲ့ အတူပူးပေါင်းပြီး ပြန်ရအောင် လုပ်လို့တော့ရတယ်ပြောတယ်။ လောလောဆယ် သမီးပျောက်သွားတဲ့ အခန်းထဲမှာပဲ ဂျိုး နေနေ တယ်။ အန်နာ့ကို အတူရှာကြမယ်လို့ လူးကတော့ပြောပါတယ်။ ဖြစ်ချင်တော့ ဒီပစ္စည်းတွေက အန္တရာယ်ရှိမှန်းသိတော့ ဖျက်ဆီး ပစ်ချင် တဲ့ လူအုပ်စုကလည်းရှိနေတယ်။ အစွမ်းရှိမှန်းသိတော့ မကောင်းတဲ့နေရာမှာ ပါဝါတစ်ခုအဖြစ် အသုံးပြုချင်တဲ့ အုပ်စုတွေလည်း ရှိနေတယ်။ ဖြစ်ချင်တော့ ပြဿနာကောင်တွေ ဂျိုးဆီကို ရောက်လာပြီး သောင်းကျန်းတယ်။ ဂျိုးရဲ့ပါတနာ လူးကို ပစ်သတ်လိုက်ကြတယ်။ ဂျိုး လည်းသတိမေ့သွားတော့တယ်။ သတိရလာတော့ သေနေတဲ့ လူး၊ သေနတ်တစ်လက်နဲ့ အနားမှာ ရှိတာ ဂျိုး။ ရဲစခန်းကို သတင်းဝင်လာတာက ဂျိုးဟာ သူ့ပါတနာ လူးကို သတ်ပစ်လိုက်တယ်ဆိုတဲ့သတင်း။
မိန်းမနဲ့က ကွဲခဲ့တယ်။ အချစ်ဆုံးသမီးလေးအန်နာက သူကိုင်မိတဲ့ သော့တစ်ချောင်းကြောင့် သူ့အနားကနေ ပျောက်ဆုံးသွားပြီ။ ရဲဝန်ထမ်း လုပ်ဖော်ကိုင်ဖက် လူးကို မသတ်ရပါဘဲနဲ့ သတ်တယ် ဆိုတဲ့ စွဲချက်တစ်ခုကို အကြိတ်အနှယ် ဖြေရှင်းရတော့မယ်။ အခြေအနေတွေက အဆုံးစွန်အထိ ရှုပ်ထွေးကုန်ပြီ။ ဂျိုးရဲ့အနာဂတ်ဟာ ပိန်းပိတ်အောင်မှောင်သွားတယ်။ ဘာလုပ်ရမလဲ၊ မသိဘူး။ ဘာလုပ်လို့ကော ရမှာလဲ၊ မသိဘူး။ သေမထူး နေမထူး ရှုပ်ထွေးပွေလီတဲ့ ဘ၀မှာ သမီးရှိရာဆီ ခြေလှမ်းတွေပြင်လိုက်တယ်။ အလင်းတစ်စ ရလိုရငြား အခန်းတံခါးကို သော့ဖွင့် ၀င်လိုက်တယ်။
“ သမီးအန်နာရေ…ဖေဖေလာခဲ့ပြီ”
ဒီအခန်းထဲကနေ ဘယ်တော့မှ ပြန်မထွက်တော့ဘူးလို့ သံန္နိဌာန်ချလိုက်တယ်။
xxxxxx
အလင်းရောင်တွေဖြာနေတဲ့အခန်းထဲ တရွေ့ရွေ့တိုးဝင်သွားတဲ့ ဂျိုးမေလာရဲ့ နောက်ကျောကို ငေးကြည့်ရင်း ကျွန်မ တစ်ကိုယ်လုံး ပျောက်ဆုံးသွားသလို ခံစားလိုက်ရတယ်။ ဒီလိုအံ့သြဖွယ်အစွမ်းသတ္တိရှိတဲ့ ပစ္စည်းတွေ မြေကမ္ဘာကို တကယ်ပဲပြုတ်ကျ လာခဲ့ရင်…ဆိုတဲ့ အတွေးနဲ့ ကျွန်မ ထိတ်လန့်တုန်လှုပ်သွားတယ်။ လူတချို့ကတော့ ဂျိုးမေလာ ရထားတဲ့သော့ အပါအ၀င် အဲဒီ့ပစ္စည်း တွေကို ဘုရားသခင်နဲ့ ချိတ်ဆက်ပေးတဲ့နည်းလမ်းတွေလို့ ထင်ကောင်းထင်လိမ့်မယ်။ လူတချို့ကတော့ အဲဒီပစ္စည်းတွေဟာ ဘုရားသခင်ကိုယ်တိုင်ပါပဲတဲ့။ တကယ်ကြီးလား။ ဟုတ်များဟုတ်နေမလား။ အဲဒီလို ဘ၀တွေကို မထင်မှတ်တဲ့ အဆန်းအပြား နည်းလမ်းနဲ့ အစအန ဖျောက်ပစ်ပြီး အလင်းတွေဖြာနေတဲ့ အခန်းကတစ်ဆင့် ကျွန်မတို့ကို ဘုရားသခင်က တစ်ယောက်ပြီးတစ်ယောက် အသံတိတ် ခေါ်ဆောင်နေတော့မှာလား။ ကျွန်မရော အဲဒီအခန်းထဲ ဘယ်အချိန် ၀င်ရောက်သွားနိုင်သလဲ…..၊ ပျောက်ဆုံးသွားတဲ့ အန်နာလေးနဲ့ ဂျိုးမေလာ ရော အဲဒီအခန်းရဲ့တစ်ဖက်မှာ ပြန်တွေ့ကြမှာလား။ အခန်းရဲ့တစ်ဖက်မှာ ကောင်းကင်ရွှေပြည်ရှိနေမှာလား။ ကျွန်မရဲ့ဘ၀ရော ဘယ်တော့ ပျောက်ဆုံးသွားမလဲ……..။
Film – The Lost Room (Science Fiction Drama)
Cast- Peter Krause(Joe Miller), Elle Fanning(Anna Miller)
No comments:
Post a Comment