Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, November 20, 2013

အမျိုးသားနိုင်ငံတည်ဆောက်ခြင်း စာအုပ်ထွက်ပါပြီ

အမျိုးသားနိုင်ငံ(nation)ကို ယဉ်ကျေးမှုဆိုင်ရာ ရှုထောင့်ဘက်နေကြည့်မယ်ဆိုရင်တော့ ၁၈ရာစုဂျာမန်ဒဿနပညာရှင် ဟားဒါးရဲ့ အရေးအသားတွေကို ခြေရာခံလိုက်ကြည့်လို့ရတယ်။ ဟားဒါးက အမျိုးသားနိုင်ငံကို ဂျာမန်ဝေါဟာရ Volk အဖြစ်မြင်တယ် ။ အင်္ဂလိပ်လိုပြန်ဆိုဖို့ခက်ခဲတယ် ။ သူ့ရဲ့ အဓိပ္ပာယ်က ယဉ်ကျေးမှု ၊ ဘာသာစကား၊ လက်ဆင့်ကမ်းအမွေ အနှစ် ၊ သမိုင်းဆိုင်ရာတွေ့ကြုံခံစားမှု တို့ကိုဆိုလိုတာ ။ Volksgeist ဆိုတာကတော့ အထက်ပါအရာတွေကို ပြည်သူတွေ မျှဝေခံစားတဲ့ သဘောပဲ ။ nation ရဲ့သဘောကိုကြည့်ပြီး အမျိုးသားနိုင်ငံတည်ဆောက်ခြင်းရဲ့သဘောကို အကျဉ်းနားလည်နိုင်တယ်။ အမျိုးသားနိုင်ငံတည်ဆောက်ခြင်းဆိုတာ နိုင်ငံတော်အတွင်းမှာ ရှိနေတဲ့ ယဉ်ကျေးမှု ၊ ဘာသာစကား၊ လက်ဆင့်ကမ်း အမွေအနှစ် သမိုင်းဆိုင်ရာတူနေတဲ့ nation ပေါင်းများစွာကို တည်ဆောက်ပေးတာပဲ။
စာရေးဆရာမင်းခက်ရဲက အမျိုးသားနိုင်ငံတည်ဆောက်ခြင်းစာအုပ်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး အဲဒီလို မှတ်ချက်/ စာမြည်းလေး facebook မှာ ရေးထားပါတယ်။ 

နိုင်ငံရေးဝေါဟာရစာလုံးတွေမြန်မာလိုဖလှယ်တဲ့အခါ ခေါ်ဝေါ်သုံးစွဲနေကြစာလုံးမျိုးတွေနဲ့ကွဲလွဲနေမှာစိုးလို့ စိတ်ပူရတာရယ်၊ ကိုယ်ကပညာရှင်မဟုတ်တော့ ဖတ်လိုက်တာနဲ့ နားမလည်နိုင်ဘဲ​တော်တော်ကြီး ကြိုးစားဖတ်ရပါတယ်။ ဒါပေမဲ့ စိတ်ဝင်စားတဲ့အကြောင်းအရာတွေမို့ ဖတ်ရ/ ရေးရတာ ခေါင်းပူပေမဲ့ စာရေးခွင့်၊ အခွင့်အရေးပေးလာခဲ့တာကိုပဲ ကျေးဇူးတင်ရပါတယ်။ အမျိုးသားနိုင်ငံတည်ဆောက်ခြင်းစာအုပ်မှာ ကျွန်မရေးဖြစ်တဲ့ အပိုင်းက State Building without responsibility ပါ။ Myanmar Knowledge Society (MKS) က စီစဉ်ထုတ်ဝေတဲ့စာအုပ်တစ်အုပ်ပါ။ 

မင်းခက်ရဲ၊ နောင်ချိုသစ်၊ ကျော်စွာ၊ ရန်နိုင်ဝင်း၊ ကိုထွေး၊ ထူးကျော်ဝင်း တို့ ပါဝင်ရေးသားတဲ့ "အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းသမိုင်းနှင့် အငြင်းအခုံ"၊
ဆရာမ ခင်မမမျိုးရဲ့ လွယ်ကူရှင်းလင်းတဲ့ အရေးအသားနဲ့ ရေးသားထားပုံကို မြည်းစမ်းရမယ့် "ဆင်းရဲနွမ်းပါးမှုလျော့ချရေး" စာအုပ်၊
ကိုထွေး၊ ခေးလု၊ တည်တံ့(GBK)၊ နောင်ချိုသစ်၊ မင်းခက်ရဲ၊ ရန်နိုင်ဝင်း တို့ရေးသားထားတဲ့ "လူမှုရေး နှင့် နိုင်ငံရေး လှုပ်ရှားမှုများ" စာအုပ်တွေလည်း အောက်တိုဘာ နဲ့ နိုဝင်ဘာပထမတစ်ပတ်မှာထွက်ရှိခဲ့ပါတယ်။

စာရေးဆရာ မင်းခက်ရဲ ရဲ့ "နိုင်ငံရေးအတွေးအခေါ် ၅၀" စာအုပ်လည်း နိုဝင်ဘာလကုန် ထွက်ရှိမယ်လို့ MKS ရဲ့ facebook page မှာ သတင်းတင်ထားပါတယ်။ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဂျာနယ်လည်း ထွက်ရှိလျှက်ရှိပါတယ်။

******************
State Building without responsibility by Philip Cunliffe  စာမြည်းပါ။

မိတ်ဆက်
စစ်အေးတိုက်ပွဲပြီးပြီးချင်း နိုင်ငံတကာဆက်ဆံရေးတွေထဲမှာ ထူးခြားလှတဲ့လမ်းကြောင်းတစ်ခု မဟုတ်ပေမယ့် သြဇာကြီးတဲ့ကိစ္စရပ်ကတော့ လွတ်လပ်တဲ့ အချုပ်အခြာအာဏာနဲ့ အုပ်ချုပ်နေတဲ့နိုင်ငံတွေရဲ့ နန်းချပွဲတွေပါ။ အဲဒါဟာ နိုင်ငံတကာက နိုင်ငံရေးလှုပ်ရှားမှုတွေရဲ့လုပ်ထုံးလုပ်နည်းလိုဖြစ်နေပါတယ်။ တချို့ဝေဖန်ရေးသမားတွေက အဲဒီလိုအချုပ်အခြာအာဏာဟာ Westphalia လို့ခေါ်တဲ့ ၁၂ ရာစုသမိုင်းထဲက ဂျာမန်ဒေသမှာနေထိုင်ကြသူတွေရဲ့ခေတ်အလွန်မှာ ထွက်ပေါ်လာခဲ့တယ်လို့ ရည်ညွှန်းခဲ့ကြတယ်။ (Westphalia ရိုင်းမြစ်အရှေ့ဘက် ဂျာမန်အနောက်အလယ်ပိုင်းမြို့စားအုပ်စိုးတဲ့ခေတ် သမိုင်းထဲကဒေသတစ်ခုပါ။ ၁၂ရာစုမှာစတင်တည်ဆောက်ခဲ့ပြီး ၁၈၀၇ခုနှစ်မှာ နပိုလီယံဟာ Westphalia ဘုရင်နိုင်ငံတော်အဖြစ် ဖန်တီးတည်ဆောက်ခဲ့တယ်။) 

နိုင်ငံတကာနဲ့ဆက်ဆံရေးလှုပ်လှုပ်ရှားရှားရှိလာတဲ့ရာစုနှစ်တွေရောက်လာတော့ အဲဒီစနစ်ဟာ ရုတ်တရက်ကြီးကျဆုံးသွားပါတယ်။ ကွဲပြားမှုကိုပြောရရင် ၂၁ရာစုအစောပိုင်းကာမှာ နိုင်ငံတကာဆက်ဆံရေးထဲမှာ အလွှမ်းမိုးဆုံးအကြောင်းအရာဟာ ၁၉၉၀ခုနှစ်တွေထဲကအခြေအနေတွေနဲ့ ဆန့်ကျင်ဘက်ခေါက်ချိုးညီနေဟန်ရှိတယ်။ ချက်ချင်းတောင်းဆိုလာကြတာက လက်တွေ့ကျပြီး ကိုယ်ပိုင်အုပ်ချုပ်မှုရှိတဲ့နိုင်ငံမျိုးတွေပါ။ တောင်းဆိုကြတဲ့အတိုင်း ပြောင်းလဲလာသလိုရှိပေမယ့် အချုပ်အခြာအာဏာပိုင်နိုင်ငံတွေရဲ့အုပ်ချုပ်ရေးသမိုင်းထဲက ဟန်ပြလျောကျရုံလေးပါပဲ။ နိုင်ငံတကာနိုင်ငံရေးကိစ္စတွေဟာ အခုဆိုရင် နောက်ပြန်ဆုတ်နေတဲ့ဂီယာနဲ့ သွားနေသလိုပဲ။ နိုင်ငံတွေဟာ နောက်ပြန်လည်ကျနေတယ်။ ကနေဒါနိုင်ငံရဲ့ ဝန်ကြီးချုပ် Paul Martin က ပြောပါတယ်။ အခုလို နောက်ပြန်လှည့်ကုန်ကြတာ - အားနည်းတဲ့နိုင်ငံတွေကို ကျွန်တော်တို့ ဘယ်လိုအကောင်းဆုံးဖြစ်အောင် ကူညီနိုင်ကြပါ့မလဲ။ ကူညီနိုင်မှ သူတို့ရဲ့လူမျိုးနဲ့ တခြားအရေးတွေအတွက် ပိုပြီး တာဝန်ကျေအောင်ဖြည့်ဆည်းနိုင်မယ်လို့ ဆိုတယ်။ တရားဥပဒေစိုးမိုးခြင်း နဲ့ပြည်သူ့အဖွဲ့အစည်းတွေ ပါဝင်လုပ်ကိုင်နိုင်ခြင်း စတာတွေ မရှိတဲ့တိုင်းပြည်တစ်ခုဖြစ်နေရင်တော့ နိုင်ငံတကာက ထောက်ပံ့ကူညီမှုအားလုံးဟာ လေးနက်တဲ့အကျိုးသက်ရောက်မှုဖြစ်လာမှာမဟုတ်ပါဘူး။ ဖွံ့ဖြိုးတိုးတက်မှုဟာ ကောင်းမွန်တဲ့အစိုးရပေါ်မှာမူတည်နေတယ်။ အားကောင်းတဲ့နိုင်ငံအဖြစ်ထိန်းသိမ်းထားနိုင်ငံဖို့က ဒီခေတ်ကြီးထဲဘာကြောင့်အရေးအကြီးဆုံးဖြစ်လာတာလဲဆိုရင် - Fransis Fukuyama က အဲဒါကို ရှင်းလင်းတယ်။ “ကမ္ဘာ့အုပ်စုထဲမှာ နိုင်ငံထူထောင်ရေးဟာ အရေးအကြီးဆုံးကိစ္စတွေထဲကတစ်ခုဖြစ်လာရတာက ဆင်းရဲမွဲတေမှုကနေ AIDS ၊ မူးယစ်ဆေးဝါး၊ အကြမ်းဖက်ဝါဒ ဆိုတဲ့ ကမ္ဘာကြီးရဲ့ စိုးရိမ်ရဆုံးပြဿနာတွေအများကြီးဖြစ်လာနိုင်စေတဲ့ အရင်းအမြစ်က အားနည်း ဒါမှမဟုတ် ကျရှုံးနိုင်ငံတွေပါ” တဲ့။ 
(Yoshihiro Fransis Fukuyama ဟာ အမေရိကန်နိုင်ငံရေးသိပ္ပံပညာရှင်၊ နိုင်ငံရေးစီးပွားရေးပါရဂူ၊ စာရေးဆရာတစ်ဦးပါ။ ၁၉၉၂ က ဖူကူယားမားရေးသားခဲ့တဲ့ The End of History and the Last Man စာအုပ်ကြောင့် ကျော်ကြားခဲ့ပါတယ်။) 

သမ္မတဘုရှ်ကလည်း သူ့ရဲ့ နောက်ထပ်သမ္မတသက်တမ်းရာထူးအပ်အခမ်းအနားမိန့်ခွန်းမှာ ရှေ့အလားအလာအကြောင်းဆိုတယ်။ “ကျွန်တော်တို့ရဲ့ ထိခိုက်ပြိုလဲလွယ်အခြေအနေကိုမြင်နေရပါပြီ။ ပြီးတော့ အနက်နဲဆုံးအကြောင်းရင်းကိုလည်းမြင်နေရပြီ။ အဓမ္မအုပ်စိုးခြင်းနဲ့ မကျေမနပ်ဖြစ်မှုတွေ ကမ္ဘာထဲကဒေသတွေမှာ ပွက်ပွက်ဆူချိန်ကြာရှည်လာလေလေ လူတွေရဲ့အယူဝါဒမှာ မုန်းတီးနာကျည်းမှုတွေနဲ့အတူ သတ်ဖြတ်မှုတွေအတွက် ဆင်ခြေဆင်လက်တွေ ဖြည့်တင်းလာမယ်။ အကြမ်းဖက်မှုတွေစုရုံးလာပြီးတော့ ဥပဒေအာဏာပျက်စီးလိမ့်မယ်။ နယ်နမိတ်ဖြတ်ကျော်ဆန့်ကျင်တာတွေနဲ့ အသေအပျောက်ရှိတဲ့ခြိမ်းခြောက်မှုတွေဆီဦးတည်ကုန်မှာပါပဲ”။ သမ္မတရဲ့ဒုတိယသမ္မတသက်တမ်း အခမ်းအနားမိန့်ခွန်းနဲ့ပတ်သက်ပြီး ဝါရှင်တန်တိုင်းမ်စ်သတင်းစာ အယ်ဒီတာချုပ်ရဲ့ မှတ်ချက်မှာ “လေးနှစ်ကြာပြီးတဲ့နောက် ဂျော့ခ်ျဒဗလျူဘုရှ်ဟာ သံသယတွေနဲ့ ပလုံစီနေရပြီ။ နိုင်ငံတည်ဆောက်ရေးမဖုံးကွယ်ဘဲရှင်းပြသွားတယ်။ ကမ္ဘာကြီး ပြန်လည်တည်ဆောက်ဖို့ သူ မနေ့က ကတိပေးသွားခဲ့တယ်” လို့ သုံးသပ်ခဲ့ပါတယ်။

ဒီအခန်းရဲ့ အဓိကရည်ရွယ်ချက်က လူပြောသူပြောများလာတဲ့အမျိုးသားနိုင်ငံတည်ဆောက်ရေးရဲ့ အရေးပါမှုကို ချင့်တွက်ကြည့်နိုင်ဖို့ပါ။ နိုင်ငံတည်ဆောက်ရေးအတွက် သုတေသနလုပ်ငန်းစဉ်ထဲမှာတော့ အခုရေးသားထားတဲ့အပြောင်းအရွှေ့နည်းလမ်းတွေကို အကြံပြုချင်ပါတယ်။ ပထမပြောင်းလဲမှုက ကိုလိုနီစနစ်၊ အင်ပါယာစနစ်နဲ့ နယ်ချဲ့စနစ်တွေကနေ ရုန်းထွက်မှုပါ။ အဲဒီစနစ်တွေဟာ နိုင်ငံတည်ဆောက်ရေးအတွက် လက်တွေ့ကျတဲ့အချက်တွေကို အဆင်အခြင်မဲ့သုံးစွဲပြစ်လိုက်တာကြောင့်ပါ။ ဒုတိယပြောင်းလဲမှုက နိုင်ငံတည်ဆောက်ရေးအတွက် လက်ရှိသုတေသနလုပ်ငန်းစဉ်မှာတွေ့ရှိတာက သမိုင်းထဲနောက်ပြန်စွဲရှေးရိုစွဲဝါဒဆုပ်ကိုင်ထားတာဟာ ခေတ်ပြိုင်နိုင်ငံတည်ဆောက်ရေးအစီအစဉ်တွေနဲ့ သဟဇာတမဖြစ်နိုင်ပါဘူး။ တိုက်တွန်းချင်တာက ၁၉၉၀ခုနှစ်တွေထဲမှာပေါ်ပေါက်လာတဲ့ နိုင်ငံတကာဆက်ဆံရေးဆင့်ကဲဖြစ်စဉ်တွေနဲ့ အပြည့်အဝလက်တွဲဖို့ပါ။ နိုင်ငံထူထောင်ရေးသမိုင်းမှတ်တမ်းတွေကိုလေ့လာပြီး ဒီနေ့ခေတ်နဲ့ အသင့်တော်ဆုံးလေ့လာသင့်ပါတယ်။ ကျယ်ကျယ်ပြန့်ပြန့်ဆက်ပြီးဆွေးနွေးမယ်ဆိုရင် စစ်အေးတိုက်ပွဲအလွန် နိုင်ငံရေးခြေရှုပ်မှုတွေပြောင်းလဲလာတယ်။ လှုပ်အားကန်အားကောင်းလာတဲ့ပုံစံရှိပေမယ့် အဲဒါနဲ့ပဲ တင်းတိမ်ရောင့်ရဲနေလို့မဖြစ်နိုင်ပါဘူး။ ခေတ်ပြိုင်နိုင်ငံတည်ဆောက်ရေးမှာ အသာစီးရနေတဲ့အခြေခံလမ်းကြောင်းနှစ်ခုဟာ စစ်အေးခေတ်လွန်ကာလနိုင်ငံရေးလှုပ်ရှားမှုတွေမှာ အလွှမ်းမိုးဆုံးလို့ ပြောနိုင်တဲ့ အရေးပေါ်အခြေအနေနိုင်ငံရေးခြေရှုပ်မှုတွေ နဲ့ တာဝန်ယူမှုမလိုအပ်တဲ့ အာဏာပိုင်ဆိုင်ထားမှုတွေပါပဲ။ ဒီအဓိပ္ပါယ်နဲ့ ဂယက်ရိုက်ခတ်မှုအကြောင်းတွေကိုတော့ နောက်ပိုင်းမှာ ရှင်းပါဦးမယ်။

******************
အမျိုးသားနိုင်ငံတည်ဆောက်ခြင်း စာအုပ်မိတ်ဆက်ပါ။
အမျိုးသားနိုင်ငံတည်ဆောက်ရေးနဲ့ပတ်သက်ပြီး လက်တွေ့ရော သီအိုရီပါ အသေးစိတ်စူးစူးစိုက်စိုက်ပြင်ဆင်နိုင်ဖို့ နိုင်ငံတကာတက္ကသိုလ်က ထင်ရှားကျော်ကြားတဲ့ညာရှင်တွေ စုဝေးလေ့လာကြပါတယ်။ အမျိုးသားနိုင်ငံတည်ဆောက်ရေးဆိုတာဟာ ခေတ်ပြိုင်နိုင်ငံတကာဆက်ဆံရေးအစုအဖွဲ့တွေကြားမှာ သြဇာကြီးနေတဲ့အကြောင်းအရာတွေထဲက တစ်ခုပါ။ ဒီစာအုပ်ပါစာသားတွေဟာ နိုင်ငံတည်ဆောက်ရေးနောက်ကွယ်က အယူအဆပိုင်းကျိုးကြောင်းဆင်ခြင်မှု နဲ့ အဲဒီဖြစ်စဉ်တစ်ခုလုံးအတွက် လက်တွေ့သိသာထင်ရှားအောင်လုပ်ဆောင်မှုဆိုပြီး နှစ်ခုလုံးအတွက် ဦးတည်ပါတယ်။ အကောင်းဆုံးအတွေ့အကြုံကိုဖော်ထုတ်ရွေးချယ်ဖို့ “how to” လက်စွဲစာအုပ်မျိုးမဟုတ်ပါဘူး။ ဒီစာအုပ်ဟာ ခေတ်ပြိုင်နိုင်ငံတကာအဖွဲ့အစည်းတွေမှာ နိုင်ငံတည်ဆောက်ရေးကိစ္စအကျိုးသက်ရောက်မှုဘယ်လိုရှိလဲ။ အတွေ့အကြုံ/လုပ်နည်းလုပ်ဟန်တွေကို အဆီအငေါ်တည့်တည့်စံအဖြစ် လက်ခံယူဆနိုင်မယ့်အချက်အလက်တွေ စုစည်းဖော်ထုတ်ပြထားတာပါ။

အမျိုးသားနိုင်ငံတည်ဆောက်ရေးအတွက် “logic ပိုင်း”လေ့လာတဲ့အခါ ဒီဖြစ်စဉ်မှာပါဝင်အထောက်အကူပြုတဲ့ နိုင်ငံတကာဥပဒေ နဲ့ နိုင်ငံတကာအုပ်ချုပ်ရေး စီမံကိုင်တွယ်ပုံကြားက ဆက်သွယ်မှု၊ ပြင်ပနိုင်ငံတွေရဲ့နိုင်ငံရေးသြဇာ ဂယက်ရိုက်ခတ်မှုနဲ့ နိုင်ငံရေးရှုပ်ထွေးခက်ဖြာမှု စတဲ့သမိုင်းကြောင်းအခြေအနေတွေကိုပါ ထဲထဲဝင်ဝင်စူးစမ်းကြတယ်။ လေ့လာသရုပ်ခွဲကြပါတယ်။ “လက်တွေ့ပိုင်း”အခြေအနေ လေ့လာတဲ့အခါမှာတော့ ဘော့စနီးယား၊ ကိုဆိုဗို နဲ့ အရှေ့တီမောအဖြစ်အပျက်တွေက လက်တွေ့သင်ခန်းစာတွေပါ။ အဲဒီနိုင်ငံတွေမှာ နိုင်ငံတည်ဆောက်ရေးဖြစ်စဉ်အတွင်း ဆန့်ကျင်မှုတွေ၊ ဥပဒေအရတာဝန်ရှိ/ တာဝန်ယူမှုပျက်ကွက်တာ၊ ဒီမိုကရေစီနဲ့ လွတ်လပ်တဲ့အမြင်အတွေးမရှိကြတဲ့အကြောင်းရင်းတွေအဓိကလေ့လာဆန်းစစ်ကြတယ်။

တိုး၍တိုး၍အရေးကြီးလာတဲ့ နိုင်ငံတကာပြဿနာတွေကို ကျိုးကြောင်းဆီလျော်စွာ ဝေဖန်စူးစမ်းလေ့လာထားတဲ့အချက်အလက်တွေပါဝင်တဲ့ ဒီအတွဲဟာ နိုင်ငံတကာဆက်ဆံရေး၊ နိုင်ငံရေးသိပ္ပံပညာ နဲ့ နိုင်ငံရေးသီအိုရီ လေ့လာသင်ကြားနေတဲ့ ကျောင်းသားတွေနဲ့ ပညာတော်သင်တွေအတွက် အကိုးအကားပြဆိုနိုင်မယ့်စာတစ်အုပ်ဖြစ်လာပါလိမ့်မယ်။

State-Building Theory and Practice ကို တည်းဖြတ်ရေးသားခဲ့ကြသူတွေက Aidan Hehir နဲ့ Neil Robinson တို့ပါ။ Aidan Hehir ဟာ ယူကေ၊ University of Sheffield နိုင်ငံရေးဌာန၊ နိုင်ငံတကာဆက်ဆံရေး ကထိကတစ်ဦးပါ။ Neil Robinson က တော့ အိုင်ယာလန်၊ University of Limerick နိုင်ငံရေးနှင့် ပြည်သူ့အုပ်ချုပ်ရေးဌာန၊ စီနီယာကထိက တစ်ဦးဖြစ်ပါတယ်။

ဒီစာအုပ်ပါ အခန်းကဏ္ဍတော်တော်များများဟာ ၂၀၀၅ ခုနှစ်က University of Limerick မှာ ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတည်ဆောက်ရေးနှင့် နိုင်ငံတကာနိုင်ငံရေး ဆွေးနွေးပွဲမှာ အကြံပြုဆွေးနွေးခဲ့တဲ့ အချက်အလက်တွေပါ။ အဲဒီညီလာခံကို Department of Politics and Public Administration ၊ Centre for Peace and Development Studies နဲ့ Limerick Humanities Research College တို့ ထောက်ပံ့အားပေးကူညီခဲ့ကြပါတယ်။

အမျိုးသားနိုင်ငံတည်ဆောက်ရေးနဲ့ နိုင်ငံတကာနိုင်ငံရေးခံယူချက်များ
(ပြဿနာ“အသစ်”တစ်ရပ် ပေါ်ထွက်လာခြင်း နဲ့ လုပ်ငန်းစဉ်)
နိဒါန်း

အမျိုးသားနိုင်ငံတည်ဆောက်ရေးနဲ့ နိုင်ငံရေးခံယူချက်တွေနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းစဉ်ဟာ စစ်အေးကာလပြီးဆုံးခဲ့စဉ်ကတည်းက မိရိုးဖလာပညာရပ်(Coventional Wisdom-CW)လိုဖြစ်လာခဲ့တာပါ။ အထူးသဖြင့် 9/11 အလွန် အာဖဂန်နစ္စတန်နဲ့ ပြဿနာတွေဖြစ်လာကြတဲ့အခါ အဲဒီကိစ္စဟာ ကမ္ဘာ့ထိပ်တန်းအာရုံစိုက်စရာကိစ္စဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး နဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်လာတာဟာ နိုင်ငံတွေရဲ့ အာဏာယန္တရားပျက်သုဉ်းပြိုကျလာတာပါပဲ။ မိရိုးဖလာအစဉ်အလာ(CW)ဆိုတာကလည်း ကျယ်ပြန့်တယ်။ ဖယ်ထုတ်ရှင်းလင်းရခက်ပါတယ်။ နိုင်ငံတွေမှာ နိုင်ငံရေးအာဏာပျက်စီးချို့ယွင်းလာတာဟာ ပဋိပက္ခတွေနဲ့ ဆင်နွှဲနေကြတဲ့စစ်ပွဲတွေဖြစ်ပေါ်မှုရဲ့ အဓိကအရင်းအမြစ်ပါ။ ပဋိပက္ခဖြစ်ပွားတဲ့ဒေသတွေကနေ ဒုက္ခသည်တွေပြိုဆင်းလာမှုလို လူသားချင်းစာနာထောက်ထားရမယ့်ပြဿနာတွေလည်း အလုံးအရင်းနဲ့နောက်ကလိုက်လာကြမှာပဲ။ နိုင်ငံ့အာဏာချိနဲ့စေတာဟာ လူမျိုးစု၊ ဘာသာရေး၊ ရာဇဝတ်မှုကျူးလွန်၊ နိုင်ငံရေးအယူအဆကွဲလွဲ/ကိုက်ညီ ဒါမှမဟုတ် တခြားရောနှောနေတဲ့လက်နက်ကိုင်အုပ်စုတွေ အလျှိုလျှိုပေါ်ထွက်လာဖို့ စီစဉ်ပေးလိုက်သလိုပါ။ အာဏာလျော့ရဲချိနဲ့မှု ကာလကြာရှည်လေလေ အဲဒီအဖွဲ့အစည်းတွေဖွဲ့စည်းမှုက ပိုပြီးကျစ်လစ်သိပ်သည်းလာလေလေပါ။ နယ်စပ်အလွန်မှာ သူတို့ရဲ့စစ်ဆင်ရေးတွေချဲ့ထွင်လာနိုင်ပါတယ်။ အကျော်ကြားဆုံးဖြစ်နေတဲ့ အယ်လ်ကေဒါလို အဖွဲ့အစည်းမျိုးကိုကြည့်ပါ။ အဲဒီအဖွဲ့အစည်းရဲ့ တည်ရှိမှုဟာကာလရှည်ကြာလာပြီး၊ တဖြည်းဖြည်းနဲ့ ရှင်းလင်းဖယ်ထုတ်ရခက်ခဲတဲ့ အခြေအနေမျိုးဖြစ်လာတယ်။ ကမ္ဘာအနှံ့အပြားကို ခြိမ်းခြောက်လာတာပါ။ နိုင်ငံဖြစ်တည်မှု နဲ့ ငြိမ်းချမ်းရေးဟာ ဆက်နွယ်နေပါတယ်။ ကြားဝင်မှုနဲ့ အချုပ်အခြာအာဏာ နိုင်ငံတကာကော်မရှင်(ICISS) ရဲ့ The Responsibility to Protect အစီရင်ခံစာမှာ ဖော်ပြထားသလို စည်းလုံးပြီး ငြိမ်းချမ်းတဲ့နိုင်ငံတကာစနစ်တည်ဆောက်ရေးအတွက်ဆိုရင် နိုင်ငံတွေရဲ့ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်မှုအားကောင်းတာ၊ ကမ္ဘာ့အလယ်မှာကိုယ့်နေရာနဲ့ပတ်သက်ပြီး ယုံကြည်ဝံ့ကြွားနိုင်မှုရှိတာက အောင်မြင်မှုရဖို့ ပိုပြီးနီးစပ်ပါတယ်။ အဲဒီလိုမှမဟုတ်ပဲ ကိုယ့်နိုင်ငံအတွင်းအပြင်ဝန်းကျင်မှာ ပြိုကွဲလွယ်၊ ထိရှလွယ်ဖြစ်နေမယ်။ နိုင်ငံထဲမှာ အစိတ်စိတ်အပိုင်းပိုင်းနဲ့ ဖရိုဖရဲဗရမ်းဗတာဖြစ်နေမယ်ဆိုရင် စည်းလုံး/ ငြိမ်းချမ်းပြီး အောင်မြင်တဲ့ နိုင်ငံတကာစနစ်တည်ဆောက်ဖို့ ခက်ခဲမှာပါ။

နိုင်ငံရေးအရကျရှုံးမှုနဲ့  ငြိမ်းချမ်းရေး၊ လုံခြုံရေးကို ခြိမ်းခြောက်မှု ဒီ နှစ်ခုကြားက CW အကြောင်းရင်းကို မီးမောင်းထိုးပြတာက သင့်တော်မှန်ကန်ပါတယ်။ ဒါပေမဲ့ ဒီလေ့လာဆန်းစစ်မှုတွေမှာ တွေ့ရှိလာရတဲ့ တိုင်းပြည်ပြိုကွဲပြိုလဲပြဿနာတွေကို ဖယ်ရှားပစ်ဖို့က “ရှင်းလင်းတဲ့အဖြေ”ရှိမနေပါဘူး။ နိုင်ငံပြိုလဲတယ်ဆိုရင် ပြန်လည်တည်ဆောက်နိုင်ရေးအတွက် အာရုံစိုက်ဖို့ပဲရည်ညွှန်းရတော့မှာပါ။ ဒီစာအုပ်မှာ “အဖြေ”ပေးနိုင်မယ်ဆိုရင် စိတ်ကျေနပ်စရာပါ။ ဒါပေမဲ့ တစ်ကြောင်းဆွဲပုံရေးဆွဲလိုက်နိုင်သလို၊ အချက်အလက်တွေပဲ ဆွဲထုတ်ချပြနိုင်ခဲ့တယ်။ “အဖြေ”တော့ ဒီစာအုပ်မှာ မရှိပါဘူး။ အဲဒီအစား ဆောင်ရွက်စရာနှစ်ခုထဲက တစ်ခုကို ကြိုးစားကြည့်နိုင်ဖို့ ဒီအက်ဆေးတွေမှာရေးထားပါတယ်။ ပထမတစ်ခုက ယေဘူယျပြဿနာတွေကိုကြည့်ကြတာပါ။ နိုင်ငံတကာနိုင်ငံရေးလောက ပင့်မြှောက်မှုတွေကြားက နိုင်ငံတည်ဆောက်ရေးကိစ္စ၊ နိုင်ငံတည်ဆောက်ရေးမှာ နိုင်ငံတကာပူးပေါင်းပါဝင်မှုသဘောသဘာဝ၊ ရည်ရွယ်ချက်၊ ယေဘူယျအလားအလာတွေပေါ်မှာ လူပြောများတဲ့အမျိုးမျိုးသောရှုထောင့်အမြင်တွေပါ။ ဒုတိယတစ်ခုမှာတော့ အသေးစိတ်တိတိကျကျကြည့်ကြတာပါ။ နိုင်ငံတကာအုပ်စုတွေရဲ့ ထူထောင်မှုနဲ့ဖြစ်တည်လာတဲ့ အုပ်ချုပ်ရေးအကူးအပြောင်းကာလမှာ ကူညီထောက်ပံ့မှုတွေ၊ နိုင်ငံတည်ဆောက်ရေးအမည်တပ်ထားတဲ့ ကဏ္ဍတွေကို အသေးစိတ်လေ့လာကြတာပါ။ ယေဘူယျသဘောနဲ့ အသေးစိတ်လေ့လာမှုရဲ့ ကွာခြားချက်အရ ကျွန်တော်တို့ကို သိရှိလာစေတာကတော့ နိုင်ငံတည်ဆောက်ရေးမှာ ပြည်တွင်းနိုင်ငံရေးလှုပ်ရှားမှုတွေရဲ့ စွမ်းရည် နဲ့ လိုအပ်ချက်ကို ဘေးချိတ်မျက်ကွယ်ပြုထားတာ၊ ဒါမှမဟုတ် အစိုးရအဖွဲ့ဝင်တွေရဲ့ နိုင်ငံကို ဖခင်အသွင်အုပ်ချုပ်တဲ့စနစ် paternalism ရဲ့ ပြည်သူတွေအပေါ် ဖိအား/ရိုက်ချက် ပြင်းတာဟာ အဓိက အရင်းအမြစ်ပြဿနာတွေပါ။ ဖခင်အသွင်အုပ်ချုပ်ပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေပေမယ့်လည်း တာဝန်နဲ့ ရွေးချယ်ပိုင်ခွင့်တွေမပေးတဲ့ မူဝါဒမျိုးက ပြဿနာတွေစလာခဲ့တာပါပဲ။ နိုင်ငံတည်ဆောက်ပုံဖော်ကြတဲ့အခါ အကူအညီအထောက်အပံ့ပေးနိုင်တာထက် တချို့အန္တရာယ်တွေကို အတန်အသင့် မီးမောင်းထိုးပြရုံလောက်အချက်အလက်လေးတွေမျှဝေပေးနိုင်လောက်ပဲ ဒီမှာတွေ့နိုင်မှာပါ။ နိုင်ငံတကာနယ်ပယ်က စီမံအုပ်ချုပ်မှု နဲ့ နိုင်ငံတည်ဆောက်ရေးကိစ္စနှစ်ခုကြားက ဆက်သွယ်မှုကို တိတိကျကျအာရုံစိုက်ကြည့်တဲ့အခါ ကာယကံရှင်နိုင်ငံကို နိုင်ငံတကာက မြန်မြန်ဆန်ဆန်ရာထူးသိမ်းယူထားနိုင်အောင် စီစဉ်ညွှန်ကြားမှုဟာ နိုင်ငံထူထောင်ရေးပြဿနာတွေမှာ အပြင်းထန်ဆုံးကိုင်တွယ်စီမံတဲ့ဥပမာတွေပါ။

စာအုပ်ထဲမှာပါတဲ့ နိုင်ငံတည်ဆောက်ရေးအကြောင်း ယေဘူယျအငြင်းပွားမှုတွေနဲ့ အကူးအပြောင်းကာလနိုင်ငံတကာပါဝင်မှုတွေအကြောင်း တိကျတဲ့ဥပမာတွေကို ယှဉ်ကြည့်ရင် အဲဒီနိုင်ငံအတွင်းမှာ အလုပ်တွေဘယ်လောက်လုပ်ရမလဲ။ ဘာတွေတွေးတော စဉ်းစားဖို့လိုအပ်မလဲဆိုတာတွေကို ထင်ရှားစေမှာပါ။ ဒီအခန်းကလွဲလို့ တခြားအခန်းတွေမှာ နိုင်ငံတည်ဆောက်ရေးကဏ္ဍဟာ “ပြဿနာအသစ်တစ်ခု” အဖြစ်ပေါ်ထွက်လာတယ်။ အဲဒီအချိန်မှာဘယ်လိုပေါ်ထွက်လာသလဲ စသဖြင့် ဆွေးနွေးထားတာကို တွေ့နိုင်ပါလိမ့်မယ်။ နိုင်ငံတကာနိုင်ငံရေးလောကမှာ ကမ္ဘာပြုမှု၊ စစ်အေးခေတ်အပြီး ဖွံ့ဖြိုးတိုးတက်မှုအပြောင်းအလဲတွေ၊ ကိုလိုနီနိုင်ငံအဖြစ်ကလွတ်မြောက်ပြီးကတည်းက အားနည်းနေခဲ့တဲ့နိုင်ငံတွေ အများအပြားတည်ရှိနေမှုတွေကို စုပြုံငြင်းခုံစရာဖြစ်လာပါတယ်။ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်ဟာ ရိုးရှင်းပြီး တကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်လို့လာနေပါပြီ။ 

ခေတ်ပြိုင် အမျိုးသားနိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ် ပေါ်ထွက်လာမှု နဲ့ သူ့ရဲ့ လက္ခဏာရပ်
နိုင်ငံတည်ဆောက်ရေးအတွက် ခေတ်ပြိုင်လုပ်ငန်းစဉ်ဆိုတဲ့အသုံးအနှုန်းဟာ ဘာလင်တံတိုင်းကြီးပြိုကျသွားပြီးတဲ့နောက် စစ်အေးကာလအပြီး ဒီကမ္ဘာကြီးမှာ ရှေ့တန်းရောက်လာခဲ့ပါတယ်။ စစ်အေးခေတ်ကာလအပြီး ပြောင်းလဲလာတဲ့နိုင်ငံတကာစနစ်ဟာ နိုင်ငံတည်ဆောက်ရေးအတွက် လိုအပ်ချက်တွေဖန်တီးသလို၊ နိုင်ငံတည်ဆောက်ရေးဟာ အထူးဂရုစိုက်ရမယ့် ရိုးရှင်းတဲ့လက္ခဏာရပ်ဖြစ်တယ်ဆိုတာ ထည့်သွင်းစဉ်းစားစရာဖြစ်အောင်လည်း ဖန်တီးတာပါပဲ။  နိုင်ငံတည်ဆောက်ရေးဟာ သီအိုရီပိုင်းနဲ့ လက်တွေ့မှာ အကုန်လုံးကွဲပြားတာတော့လည်းမဟုတ်ပါဘူး။ အကြမ်းအားဖြင့် နိုင်ငံတည်ဆောက်ရေးလိုအပ်မှုဟာ ပိုပြီးတိုးလာတယ်လိုတော့ပြောနိုင်ပါတယ်။ စစ်အေးခေတ်ကာလအထားအသိုမှာ တချို့နိုင်ငံတွေဟာ တည်ငြိမ်နေတဲ့ပုံသဏ္ဍာန်မျိုးရောက်အောင်ဖန်တီးယူကြတာတော့ရှိနေတယ်။ သူတို့ရဲ့ အားနည်းချက်တွေကို ဖုံးကွယ်ဖို့ဖြစ်လာကြတယ်။ နိုင်ငံတည်ဆောက်ရေးမှာ နိုင်ငံတကာကပါဝင်ထောက်ပံ့မှုဟာ တကမ္ဘာလုံးဆက်နွယ်ထိခိုက်တဲ့ လူသားချင်းစာနာထောက်ထားရေးပြဿနာမျိုးတွေနဲ့ နောက်ဆက်တွဲအပြောင်းအလဲတွေ အတွက်လိုအပ်ပါတယ်။ အဲဒီပြောင်းလဲမှုတွေဟာ တိုင်းပြည်ရဲ့ အကျပ်အတည်းတွေက ဖန်တီးဖြစ်ပေါ်လာစေတာပါ။ အကျပ်အတည်းဟာပိုပြီးနက်ရှိုင်းနေမယ်ဆိုရင်တော့ အဲဒီတိုင်းပြည်တွေကူညီကယ်ဆယ်ဖို့အတွက် ကြားဝင်ရေးဟာ လွန်ခဲ့တဲ့နှစ်ကာလတွေကထက်ပိုပြီး လိုအပ်လာနေပါပြီ။ ကမ္ဘာပြုမူက ပိုပြီးကျယ်ပြန့်လာနေလို့ပါပဲ။ အဲဒီနေရာမှာ ဘယ်လိုနိုင်ငံတည်ဆောက်ရေးမျိုး ကြားဝင်ပေးသင့်သလဲဆိုတာကိုတော့ ရိုးရှင်းတဲ့အတွေးအမြင်နဲ့ ဆုံးဖြတ်/ကူညီရပါမယ်။ နိုင်ငံ့အာဏာပျက်ပြားမှုကြောင့်ဖြစ်ပွားလာတဲ့ မင်းမဲ့စရိုက်ပုံစံလုံခြုံရေးခြိမ်းခြောက်မှုဟာ နိုင်ငံတွင်းက အဲဒီကံမကောင်းတဲ့ဒေသခံနိုင်ငံသားတွေချည်းပဲ ထိခိုက်တာမဟုတ်ပါဘူး။ အဲဒီအခြေအနေတွေကို ကျွန်တော်တို့နားလည်အောင်ကြိုးစားကြည့်မယ်ဆိုရင် ဘယ်လိုနိုင်ငံဟာ အင်အားချိနဲ့နေပါသလဲ။ အင်အားချိနဲ့တဲ့နိုင်ငံတွေမှာ မှီတင်းနေထိုင်သူတွေရဲ့ ဆင်းရဲနွမ်းပါးမှုဟာ ကျွန်တော်တို့နဲ့ အမြဲဘေးချင်းယှဉ်လိုက်နေသလိုပဲ သဘောထားရမှာပါ။ ယေဘူယျသဘောမျိုးနဲ့ မဟုတ်တဲ့နည်းလမ်းနဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ သက်ဆိုင်တဲ့ကြားဝင်မှုမျိုးကို ကမ္ဘာလုံးဆိုင်ရာပြဿနာအဖြစ်သိမှတ်ရပါလိမ့်မယ်။ အဲဒီအရာတွေကို နားလည်ကြဖို့ဆိုရင် သမိုင်းကြောင်းဆိုင်ရာအရ ဘယ်နိုင်ငံတွေဟာ အင်အားနည်းသလဲ/ အင်အားကြီးသလဲ ဆိုတဲ့အကြောင်း စကားလုံးအနည်းငယ် ပထမဆုံးပြောကြည့်ရတော့မှာပါ။ ဘယ်နိုင်ငံတွေဟာ ချိနဲ့တဲ့ပြောင်းလဲမှုပတ်ဝန်းကျင်ထဲမှာရှိနေသလဲ။ အဲဒီပြောင်းလဲနေတဲ့ပတ်ဝန်းကျင်မှာ နိုင်ငံထူထောင်မှုလုပ်ငန်းစဉ်တန်ပြန်ပေါ်ထွက်လာခဲ့ပြီလား ကျွန်တော်တို့ကြည့်ရပါတော့မယ်။

အားနည်းတဲ့နိုင်ငံဆိုတာ
(အဓိကကျတဲ့အခြေခံအချက်အလက်)
အားနည်းချိနဲ့တဲ့နိုင်ငံတစ်နိုင်ငံဆိုတာကတော့ လူအဖွဲ့အစည်းရဲ့ပွင့်လင်းမြင်သာမှု၊ စည်းကမ်းဥပဒေပြည့်ဝတဲ့လူမှုဆက်ဆံရေး၊ အရင်းအမြစ်ထုတ်ယူအသုံးချနိုင်မှုနဲ့ နိုင်ငံရဲ့အရင်းအမြစ်တွေကို မှန်ကန်ပြတ်သားတဲ့နည်းလမ်းတွေနဲ့ ထုတ်ယူသုံးစွဲ/အသုံးပြုနိုင်မှု စတဲ့ “လုပ်နိုင်စွမ်း” တွေရှိမနေတဲ့နိုင်ငံပါပဲ။ အဲဒီ “လုပ်နိုင်စွမ်းတွေမြင့်မားနေတဲ့နိုင်ငံတွေဆိုတာဟာ Mann ရဲ့ စကားလုံးအတိုင်းပြောရမယ်ဆိုရင်တော့ “အခြေခံလူအဆောက်အဦစွမ်းအား(Infrastructural Power)”တွေ ပိုင်ဆိုင်ထားတဲ့နိုင်ငံတွေပါ။ (မှတ်ချက်- Michael Mann ဟာ ကယ်လီဖိုးနီးယားတက္ကသိုလ်က လူမူရေးသိပ္ပံပညာရှင် ပရော်ဖက်ဆာတစ်ဦးပါ။ သက်ဦးဆံပိုင်စနစ် နဲ့ ယနေ့ကမ္ဘာထဲက ခေတ်မှီနိုင်ငံတွေရဲ့ အခြေခံလူအဆောက်အဦရဲ့ အာဏာစွမ်းအားအကြောင်းကို လေ့လာထားတဲ့ စာတစ်ပုဒ်ဖြစ်တဲ့ “နိုင်ငံရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်(ဇစ်မြစ်များ၊ ယန္တရားများ နဲ့ ရလာဒ်များ) အပါအဝင် “လူမှုစွမ်းအားအရင်းအမြစ်များ”၊ “ဒီမိုကရေစီရဲ့ အမှောင်ဘက်ခြမ်း” စတဲ့စာအုပ်တွေဟာ ၂၀ရာစုတစ်ခုလုံးမှာ မှီငြမ်းကိုးကား၊ လေ့လာရတဲ့အထိ ခန့်ညားထည်ဝါခဲ့တဲ့ သုတေသနအချက်အလက်တွေဖြစ်ခဲ့ပါတယ်။)

အဲဒီအာဏာစွမ်းအားပုံစံဟာ နိုင်ငံနဲ့ လူ့အဖွဲ့အစည်းတို့ အပြန်အလှန် နားလည်နားလည်သဘောပေါက်နိုင်စွမ်းရှိတဲ့နေရာမှာ တည်ရှိနိုင်တယ်။ အဲဒီအခါမှာ ဆုံးဖြတ်ချက်ချမှတ်မှုတွေဟာ တစ်ဦးတစ်ယောက်တည်းဆီကလာတာမဟုတ်ပဲ လူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့ သက်ဆိုင်ခွင့်ရှိနိုင်တာမျိုးပါ။ နိုင်ငံရဲ့ အဆုံးအဖြတ်ပြုလုပ်နိုင်တဲ့ အာဏာတွေကို လုပ်ငန်း၊ အခွင့်အရေး နဲ့ တာဝန်တွေပေါ်မှာ ဆွေးနွေးညှိနိုင်းခြင်းအားဖြင့် ဖန်တီးကြပါတယ်။ အဲဒီဆွေးနွေးညှိနှိုင်းမှုဟာ နိုင်ငံရဲ့ အရာရှိပိုင်း နဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ ကိုယ်စားလှယ်တွေဆီကနေ တုံ့ပြန်ထွက်ပေါ်လာတာပါ။ အထီးကျန်လူ့အဖွဲ့အစည်းလည်းမဟုတ်၊ လွှမ်းမိုးခံလည်းမဟုတ်တဲ့ အခြေခံလူ့အဆောက်အဦ စွမ်းအားမြင့်မြင့်မားမားရှိနေတဲ့ နိုင်ငံတစ်နိုင်ငံဟာ တစ်ဦးချင်းစီအတွက် အကျိုးရှိမယ့်လုပ်ငန်း၊ အရင်းအမြစ်တွေကို လူ့အဖွဲ့အစည်းအတွက် သင့်လျော်သလိုထုတ်ယူ သုံးစွဲအလုပ်လုပ်တယ်ဆိုတာအသေအချာဆိုနိုင်ပါတယ်။ အချိန်မှန်/နည်းလမ်းမှန်ပုံသွင်း အလုပ်လုပ်ကြတယ်။ အဲဒီလိုလုပ်ကြတဲ့အခါ ဘဏ္ဍာငွေကို အများကြီးသုံးစွဲစရာမလိုဘဲ လိုအပ်တဲ့ကဏ္ဍအလိုက် အရင်းအမြစ်တွေကိုရသလောက်စုဆောင်းတဲ့နည်းမျိုးနဲ့လုပ်နိုင်ပါတယ်။ အရာရှိအရာခံနဲ့ လူ့အဖွဲ့အစည်း နှစ်ဦးနှစ်ဖက်အချင်းချင်း၊ အချိန်ကာလအပိုင်းအခြားအတွင်း လုပ်ကိုင်နိုင်စွမ်းတွေကိုလည်း ပြန်ပြီးသတ်မှတ်နိုင်တယ်။ နိုင်ငံရဲ့ လုပ်နိုင်စွမ်းဟာ လုံခြုံရေး၊ လူမှုဖူလုံရေးထောက်ပံ့မှု နဲ့ နိုင်ငံတကာကလုပ်ငန်းယှဉ်ပြိုင်မှုပုံစံတွေမှာ တွန်းအားပေးမှုကို မူတည်ကာ အတိုး/အလျော့ရှိနိုင်လာတယ်။ အားကြီး/ အခြေခံလူ့အဆောက်အဦ စွမ်းအားပိုင်ဆိုင်ထားတဲ့နိုင်ငံတွေဆိုတာဟာ လိုက်လျောညီထွေပြုပြင်ပြောင်းလဲနိုင်ပြီး အောက်ခြေကစ အစိတ်အပိုင်းတိုင်းမှာ စုစည်းမှုရှိနေကြတယ်။

အားနည်းတဲ့နိုင်ငံတွေဆိုတာကတော့ အဲဒီအချက်တွေနဲ့ ဆန့်ကျင်ဘက် ဒါမှမဟုတ် အဲဒီအချက်အလက်တွေကင်းမဲ့နေကြတာပါ။ နိုင်ငံတွေမှာ အခြေခံလူ့အဆောက်အဦစွမ်းအားမရှိကြဘဲ လိုက်လျောညီထွေပြုပြင်ပြောင်းလဲမှုမရှိကြဘူး။ သူတို့ဟာ သက်ဦးဆံပိုင်ဝါဒလို အာဏာမျိုးမှာ အခြေခံထားတယ်။ အဲဒါကြောင့် နိုင်ငံရဲ့ဌာနတိုင်းဟာ ဗဟိုကချုပ်ကိုင်ထားတယ်။ ဒါမှမဟုတ် ဗဟိုကချုပ်ကိုင်ဖို့ ကြိုစားတယ်။ လူ့အဖွဲ့အစည်းထက် သူတို့ကပဲ အဆုံးအဖြတ်ပြုလုပ်နိုင်မှုအတွက်ကြိုးစားကြတယ်။ နိုင်ငံ့မူဝါဒ နဲ့ ပုံစံ ကို စေ့စပ်ဆွေးနွေးဖို့ထက် လူတစ်စုကပဲ တင်းကြပ်ထားတယ်။ နိုင်ငံပိုင်ဆိုင်တဲ့ အရင်းအမြစ်တွေကို ယေဘူယျအားဖြင့် လူအဖွဲ့အစည်းက လက်ခံ/ဥပဒေပြုခွင့် ပေးတာထက် ကိုယ်တိုင်ပဲအတည်ပြုလုပ်ကိုင်ကြတယ်။ အဲဒီအာဏာပုံစံမျိုးဟာ အခြေခံလူအဆောက်အဦးစွမ်းအား နဲ့ နှိုင်းယှဉ်ရင် ထိရောက်မှုမရှိအားနည်းသွားကြတယ်။ နိုင်ငံကအရာရှိတွေဟာ လူ့အဖွဲ့အစည်းတွန်းအားကင်းလွတ်ပြီး (အခွန်အခချမှတ်/ နိုင်ငံ့အသုံးစရိတ်ဆုံးဖြတ်)မှုတွေမှာ လွတ်လပ်မှုအမြင့်ဆုံးပမာဏရရှိနေမယ်ဆိုရင် အဲဒီလွတ်လပ်မှုဟာ ယေဘူယျအားဖြင့် လူ့အဖွဲ့အစည်းအကျိုးကျေးဇူးအတွက် ဖြစ်မလာကြပါဘူး။ အဲဒါဟာ ဘာကြောင့်လည်းဆိုတော့ ရာထူးပိုင်ဆိုင်ထားတဲ့တရားဝင်အရာရှိတွေဟာ သူတို့ရဲ့ ပြိုင်ဘက်တွေကြားထဲမှာ သူတို့ရဲ့အာဏာကို ခိုင်ခံ့တည်မြဲအောင်ပြုလုပ်ဖို့ လိုတဲ့အခါ နိုင်ငံ့အရင်းအမြစ်တွေကို သူတို့ကို အထောက်အပံ့ပေးနိုင်မယ့်သူလက်ထဲ လွှဲပြောင်းနိုင်တယ်။ ဒါမှမဟုတ် အတိုက်အခံတွေကို လာဘ်ပေးခြင်းတွေပြုလုပ်လာနိုင်တယ်။ အရာရှိတွေဟာ သူတို့ရဲ့အာဏာနဲ့ သူတို့ရဲ့ အစွမ်းကို အချိန်ရှည်ကြာအောင်ဆုပ်ကိုင်ထားနိုင်ဖို့ မသေချာနိုင်တော့ဘူးဆိုရင် အဲဒီနိုင်ငံအရင်းအမြစ်တွေကို သူတို့ရဲ့ ပင်စင်စီမံကိန်းထဲမှာ သိမ်းဝှက်ထားလိုက်ကြတယ်။ ဘယ်နည်းလမ်းပဲဖြစ်ဖြစ် နိုင်ငံအတွက်အကျိုးသက်ရောက်မှုကတော့ အတူတူပါပဲ။ ရာထူးပိုင်ဆိုင်ထားတာဟာ သီးသန့်တစ်ဦးတည်းအလုပ်မျိုးမဟုတ်သလို ပုဂ္ဂိုလ်စွဲမရှိသင့်ပါဘူး။ အရာရှိတွေမှာ သူတို့ရဲ့ ပိုင်နက်ထဲ “ခြံရံထားရမယ့်လုပ်ငန်း/အကျိုးကျေးဇူး” ဆိုတာမရှိပါဘူး။ ဒါမှမဟုတ် အကျိုးကျေးဇူး ပါးပါးယဲ့ယဲ့သာလျှင်ရှိပါတယ်။ အမေရိကန်စီးပွားရေးပညာရှင်၊ လူမှုသိပ္ပံပညာရှင် Mancur Olson စာတစ်အုပ်မှာ ရေးသားခဲ့သလို မင်းမဲ့စရိုက်အနေအထားနဲ့ဆိုးသွမ်းသူတွေကို ဆန့်ကျင်သလို အဓ္ဓမအုပ်စိုးတဲ့ဆိုးသွမ်းသူတွေကိုလည်း ဆန့်ကျင်သင့်တာဟာ ရေရှည်မှာအကျိုးအမြတ်မရနိုင်ပါဘူး။ အဲဒီလိုအရာရှိတွေဟာ ရာထူးနေရာပျောက်ဆုံးနိုင်တယ်။ ဒါမှမဟုတ် နောက်ကွယ်က သူတို့ရဲ့ ပြိုင်ဘက်တွေဟာ နောက်ပိုင်းမှာ အလွဲသုံးစားလုပ်ခဲ့တဲ့အရာတွေကို ပြန်လည်တိုက်ခိုက်လုယူကြဦးမှာပါ။ အဲဒီအခြေအနေတွေအောက်မှာ ဥပဒေစိုးမိုးမှုနဲ့ တည်ငြိမ်တဲ့ ပိုင်ဆိုင်ခွင့်ဥပဒေအခွင့်အရေး က ဖွံ့ဖြိုးတိုးတက်မှုမရှိပါဘူး။ အာဏာဟာ ဥပဒေကိုလေးစားလိုက်နာမှုမရှိတဲ့ အရာရှိအရာခံတွေရဲ့ လုပ်ဆောင်မှု ဒါမှမဟုတ် တာဝန်ပျက်ကွက်မှုတွေကြားထဲမှာ စနစ်ကျကျနန စုစည်းမှုမရှိတော့ဘူး။ ရာထူးပိုင်ဆိုင်ထားသူတွေအတွက် ပြည်သူတွေရဲ့ကုန်ပစ္စည်းလည်ပတ်ထောက်ပံ့မှုဟာ အရေးမပါတော့ပဲ ပုဂ္ဂလိကပိုင်ပစ္စည်း/ တစ်ကိုရေတိုးတက်မှုတွေကိုပဲ ပိုပြီးအားဖြည့်ဖို့ကအရေးကြီးနေကြတယ်။ အဲဒီအပြင် ပြတ်တောက်ကျိုးပဲ့လွယ်တဲ့အနေအထားတွေကိုပဲ ကိုင်စွဲထားတဲ့ခေါင်းဆောင်တွေကြောင့် အားနည်းတဲ့နိုင်ငံတွေဟာ အလိုက်သင့်ပြောင်းလဲနိုင်မှုမှာ ကြန့်ကြာစေတယ်။ ခေါင်းဆောင်တွေဟာ သူတို့ရဲ့ရာထူးသက်တမ်းအတွင်းမှာ ပြောင်းလဲမှုတွေမှာအကျိုးသက်ရောက်မှုရှိရဲ့လားတွက်ချက်ရပါမယ်။ ဒီပြုပြင်ပြောင်းလဲမှုဟာ သိပ်ပြီးတော့ထိုက်ထန်မှုမရှိဘူး။ ထူးခြားမှုမရှိလာဘူးဆိုရင်တော့ နိုင်ငံရေးအာဏာကို လက်လွတ်ပေးဖို့ဦးတည်ရပါလိမ့်မယ်။ အပြစ်အနာတွေကို ပြောင်းလဲအောင်ကုစားနိုင်မယ့် ပြိုင်ဘက်တွေလက်ထဲ အာဏာကို အပ်နှင်းရပါတော့မယ်။

အားနည်းတဲ့နိုင်ငံတွေရဲ့ ကူးစက်ပျံ့နှံ့မှုတွေ နဲ့ ပြောင်းလဲမှုတွေ
အားနည်းချက်တွေကနေ သန်စွမ်းအားကောင်းဖို့ကူးပြောင်းနေတဲ့နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံရေးဝရုန်းသုန်းကားဖြစ်မှုနဲ့ ခက်ခဲတဲ့ဖြစ်စဉ်ဟာ အဓိကအချက်ပဲဆိုတာ ကျွန်တော်တို့သိမြင်နိုင်ကြပါပြီ။ သမိုင်းကြောင်းများများစားစားက အရေးမကြီးပါဘူး။ သမိုင်းမှာအားကြီးခဲ့တဲ့နိုင်ငံတွေ လက်ရှိကာလမှာအားနည်းနေကြတာက အခြေခံလူအဆောက်အဦးစွမ်းအားကဏ္ဍ ဖွံ့ဖြိုးအောင်မဖန်တီးခဲ့ကြလို့ပါ။ နိုင်ငံတစ်ခုအတွက် အဓိကအရေးတကြီးလိုအပ်တာဟာ တခြားနိုင်ငံတွေကို ရင်ဆိုင်နိုင်ဖို့အတွက် နယ်နမိတ်ဒေသတွေလုံခြုံမှုရှိရမယ်။ အဲဒါကလည်း မင်းအာဏာနဲ့ထိန်းချုပ်မှုပေါ်မှာ မူတည်နေပါတယ်။ အခြေခံလူ့အဆောက်အဦစွမ်းအားမြင့်တဲ့နိုင်ငံတွေမှာ တာဝန်ယူဆောင်ရွက်သလို ငွေကြေးနဲ့ စီမံခန့်ခွဲမှုလုပ်ငန်းတာဝန်တွေ လူမှုဖူလုံရေးထောက်ပံ့ကြေးပမာဏများများ)ကို ဖွဲ့စည်းဆောင်ရွက်ရမှာပါ။ နောက်ဆုံးမှာ သမိုင်းအရဆို အားနည်းတဲ့နိုင်ငံတွေဟာလည်း အခြေခံကစ အစိတ်အပိုင်းအားလုံးစုစည်းတဲ့အခြေအနေမျိုး မျှမျှတတဖြစ်လာနိုင်ပါတယ်။ သူတို့ဟာ လူ့အဖွဲ့အစည်းထဲကို တိုက်ရိုက် ဒါမှမဟုတ် ကျယ်ကျယ်ပြန့်ပြန့် မတိုးဝင်နိုင်ခဲ့ပေမယ့် ဘာသာရေးအစုအဖွဲ့တချို့ဆက်သွယ်ပေါင်းစည်းလာမှု၊ ဒါမှမဟုတ် ဘာသာရေးပြင်းထန်တဲ့အစုအဖွဲ့မရှိခြင်း နဲ့ နိုင်ငံရေးခံယူချက်နဲ့လှုပ်ရှားတဲ့ လူမျိုးစုအဖွဲ့တွေမရှိခြင်းမျိုးဟာ စုစည်းမှုရှိလာတဲ့သဘောပါပဲ။

ဒီအခြေအနေဟာ ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့ကာလမှာ ပြောင်းလဲမှုစတင်ခဲ့တယ်။ ကိုလိုနီနယ်ချဲ့အုပ်ချုပ်မှုစနစ်အောက်ကနေ လွတ်မြောက်ခဲ့ကြစဉ်မှာ နိုင်ငံသစ်တွေတဟုန်ထိုးတိုးပွားလာကြပါတယ်။ အဲဒီပြောင်းလဲမှုဟာ စစ်အေးခေတ်အပြီးမှာ တစ်ခါအရှိန်မြင့်လာပြန်တယ်။ ကိုလိုနီစနစ်ပျက်ပြယ်သွားပြီးတဲ့အခါ တွေ့လာရတာက Jackson သုံးနှုန်းသလို quasi-state ဆိုတဲ့ တကယ်ကျယ်ကျယ်ပြန့်ပြန်မဟုတ်ဘဲ လွတ်လပ်တယ်လို့သာ နာမည်ခံနိုင်ရုံ နိုင်ငံမျိုးတွေပေါ်ထွက်လာတာပါ။ (မှတ်ချက်- Robert Houghwout Jackson(၁၈၉၂-၁၉၄၁) ဟာ ယူအက်စ်တရားရုံးချုပ်ရှေ့နေဖြစ်ပြီး နာဇီဂျာမနီစစ်ရာဇဝတ်သားတွေကို ဒုတိယကမ္ဘာစစ်မဟာမိတ်တပ်တွေဦးဆောင်တရားစွဲဆိုခဲတဲ့ Nuremberg Trial တရားလိုရှေ့နေအကြီးအကဲတစ်ဦးဖြစ်ခဲ့ပါတယ်။) နိုင်ငံတွေဟာ ကိုလိုနီခေတ်ပုံစံနယ်မြေတစ်ခုလို အုတ်မြတ်ချတည်ဆောက်ခံခဲ့ကြရတာပါ။ ကိုလိုနီခေတ်မတိုင်ခင်မှာလည်း အတွေ့အကြုံသိပ်မရှိတဲ့ နိုင်ငံအဖြစ်နဲ့ပဲ ဖြစ်တည်လာခဲ့ကြတယ်။ လူမျိုးစုအဖွဲ့တွေ၊ အိမ်နီးချင်းနိုင်ငံတွေဆီ ပြန့်ကျဲထွက်ခွာခဲ့ကြသူတွေ အရောရောအထွေးထွေးမကြာခဏဖြစ်တတ်ကြတယ်။ အဲဒီနိုင်ငံတွေဟာ ပြင်ပကအားတွေနဲ့ နိုင်ငံတကာသဘောတူညီချက်တွေကို အသုံးပြုပြီး အာဏာရှင်ပုဂ္ဂိုလ်တွေကိုအထောက်အပံ့ပေးခဲ့ကြတယ်။ သူတို့ရဲ့ကိုယ်ပိုင်အရည်အသွေးနဲ့ စုစည်းမှုတွေကိုဆွဲထုတ်မယူကြပါဘူး။ ရလာဒ်ကတော့ သူတို့ရဲ့အခြေခံလူ့အဆောက်အဦစွမ်းအားတွေနဲ့ စုစည်းမှုတွေတိုးတက်ဖွံ့ဖြိုးမှုရှိမလာခဲ့တာပဲပေါ့။ အဲဒီလို quasi-state တွေ ဒုတိယကမ္ဘာစစ်ပြီးပြီးချင်း ချက်ချင်းပဲ ထုနဲ့ထည်နဲ့ အာဖရိကမှာပေါ်ထွက်ခဲ့တယ်။ ဒါပေမဲ့ ၁၉၈၀နောက်ပိုင်း ဆိုဗီယက်အလွန် နဲ့ ယူဂိုဆလာဗ်အလွန်နိုင်ငံတွေ တချို့နဲ့ ပေါင်းစည်းခဲ့ကြတာတော့ရှိပါတယ်။

quasi-state တွေဟာ ကိုလိုနီခေတ်အုပ်ချုပ်မှုမျိုးလွတ်မြောက်လာတဲ့ကာလအတွင်း မကြာခင်မှာပဲ အားနည်းတဲ့လက္ခဏာတွေပေါ်ထွက်လာကြတယ်။ အားနည်းတဲ့လက္ခဏာတွေမြင်လာရပြီးတဲ့နောက် ကျရှုံး ဒါမှမဟုတ် ပြိုလဲတဲ့နိုင်ငံအဖြစ် အရေအတွက်အများကြီးပဲရှိလာကြတယ်။ အဲဒီနေရာမှာ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးငြင်းခုံစရာတစ်ခုကတော့ ကျရှုံးတယ် ပြိုလဲတယ်ဆိုတဲ့နိုင်ငံတွေမှာ ဘယ်လိုကိစ္စတွေရှိနေကြလဲ။ အရေးကြီးတဲ့ သဘောကွဲလွဲမှုပဋိပက္ခတွေဘာတွေရှိမလဲ ဆိုတာကိုကြည့်ပြီးမှ ကျရှုံးတဲ့နိုင်ငံတစ်နိုင်ငံအဖြစ်ခေါ်ဆိုရမှာပါ။ နိုင်ငံရဲ့ကျရှုံးမှုကို ဆွေးနွေးတဲ့အခါ ပထမဆုံးအားနည်းမှုက ကဏ္ဍတိုင်းမှာ ပြည်သူ့အတွက်၊ လူအဖွဲ့အစည်းတစ်ခုလုံးအတွက်လွှဲအပ်ပေးနိုင်ဖို့ ကျရှုံးတာကစတာပါပဲ။ အဲဒီကနေ ပြည်တွင်းမှာသဘောကွဲလွဲမှုပဋိပက္ခတွေပေါ်ထွက်လာမယ်။ ဒါမှမဟုတ် ပြည်တွင်းပဋိပက္ခတွေကနေ နိုင်ငံကိုအားနည်းစေပြန်တယ်။ အားနည်း ဒါမှမဟုတ် ပဋိပက္ခပဲဖြစ်ဖြစ်ရှိနေတဲ့နိုင်ငံရဲ့ သဘာဝမှာ နိုင်ငံတွင်ကဏ္ဍတွေမှာ လုံလုံလောက်လောက်ရှိနေတဲ့ အရေအတွက်ကနေ အရည်အသွေးကဏ္ဍတိုးမြှင့်ပြောင်းလဲတဲ့အခါ ကျရှုံး/ ပြိုလဲဖို့ဖြစ်လာတော့တာပါ။ ပြိုလဲသွားတဲ့နိုင်ငံဟာ ကျရှုံးတဲ့နိုင်ငံရဲ့ အဆုံးစွန်အခြေအနေမျိုးဖြစ်ပြီး ဖွဲ့စည်းပုံတည်ဆောက်ပုံ၊ တရားဝင်အမိန့်အာဏာတည်ခြင်း၊ ဥပဒေ နဲ့ နိုင်ငံရေးသြဇာ ပျက်စီးသွားတော့တယ်။ ပုံစံတမျိုးနဲ့ ပြန်လည်ဖွဲ့စည်းတည်ဆောက်ကြတဲ့အခါ နည်းလမ်းဟောင်း သို့မဟုတ် အသစ် ရွေးချယ်ရမှာပါ။ ဒါပေမဲ့ အားနည်း/ ကျရှုံး ဆိုတဲ့ အနေအထားနှစ်မျိုးကြားမှ နိုင်ငံဟာ ယေဘူယျသိပ်မကွာလှပါဘူး။ ကျရှုံးတဲ့နိုင်ငံမှာဆို အခြေအနေတင်းမာတယ်၊ ပဋိပက္ခတွေနက်နက်ရှိုင်းရှိုင်းရှိတယ်၊ အန္တရာယ်ကြီးတဲ့အနေအထားရှိတယ်၊ အုပ်စုတွေအကွဲကွဲအပြားပြားနဲ့ ခါးခါးသီးသီးတိုက်ခိုက်ကြတယ်။ အားနည်းတဲ့နိုင်ငံရဲ့ လက္ခဏာမှာ နယ်နိမိတ်ကို မထိန်းချုပ်နိုင်တာပါ။ နိုင်ငံရေးအာဏာရှိသူတွေနဲ့ ထိပ်တန်းကလူတစ်စုကြောင့် အခြေခံလူ့အဆောက်အဦးစွမ်းအားယိုယွင်းပြီး စီးပွားရေးနဲ့ ပြည်တွင်းဖွံ့ဖြိုးတိုးတက်မှုအစား အခြေအနေတွေဟာနောက်ပြန်ဆုတ်ယုတ်ကုန်တယ်။ အားနည်းတဲ့နိုင်ငံတွေအများစုမှာ အာဏာရှင်တွေရှိနေကြတယ် ဒါမှမဟုတ် သက်တမ်းနုဒီမိုကရေစီသာရှိနေကြပြီး စီမံအုပ်ချုပ်မှုရှိတဲ့အုပ်စုကနေ စီမံအုပ်ချုပ်မှုမရှိတဲ့အုပ်စုတွေမြန်မြန်ဆန်ဆန်ဖြစ်ကုန်ကြတယ်။ စုစည်းမှုမရှိသလို တရားဥပဒေစိုးမိုးမှုမရှိကြတော့ဘူး။ ခေါင်းဆောင်အတွက် စိန်ခေါ်မှု ဒါမှမဟုတ် ခေါင်းဆောင်ရဲ့ သေဆုံးမှုကြောင့် အားနည်းတဲ့နိုင်ငံဟာ ထိန်းချုပ်မှုမရှိတဲ့အခြေအနေမြန်မြန်ပဲပြောင်းကုန်ကြတယ်။ ဥပမာဆိုရင်တော့ ကာဂျစ်စတန်မှာ ဖြစ်ခဲ့သလိုပါ။

အားနည်းတဲ့နိုင်ငံဟာ ပြိုလဲနေတဲ့နိုင်ငံရဲ့ ပုံစံပါပဲ။ အားနည်း/ ပြိုလဲဆိုတဲ့ ကွာခြားမှု ခွဲခြားရခက်တဲ့နိုင်ငံပုံစံနှစ်မျိုးမှာ အားနည်းတဲ့နိုင်ငံဟာလည်း ပြိုလဲတဲ့နိုင်ငံလိုပဲ ကြားဝင်ဖို့ အကျိုးအကြောင်းသင့် အကူအညီလိုအပ်နိုင်ပါတယ်။ အားနည်းတဲ့နိုင်ငံရဲ့ နိုင်ငံတည်ဆောက်ရေးကာလမှာ ကမ္ဘာအနှံ့လုံခြုံရေးအကျိုးဆက်တွေကြောင့်မို့ ကြားမဝင်တဲ့အခါ စွန့်စားမှုများတဲ့အခြေအနေ မထိန်းချုပ်နိုင်တဲ့အခြေအနေဖြစ်သွားနိုင်တယ်။ အီရတ်ကိစ္စက ညွှန်ပြနေတာပါပဲ။ အီရတ်ဟာ အားနည်းတဲ့နိုင်ငံဖြစ်ခဲ့ပါတယ်။ နိုင်ငံသားတွေအတွက်လူ့အဖွဲ့အစည်းအတွက် ဆောင်ရွက်ပေးမှုမရှိပဲ ဥပဒေနဲ့ အုပ်ချုပ်မှုဆိုတာမရှိဘူး။ ခေါင်းဆောင်တွေဟာ နေရာတိုင်းမှာအဦးဆုံးနေရာဦးထားကြတယ်။ နယ်မြေဒေသဆိုင်ရာပြဿနာတွေပေါ်လာတယ်။ အီရန်တိုင်းရင်းသားမျိုးနွယ်စု ကာဒစ်ရှ်သူပုန်တွေ နိုင်ငံမြောက်ပိုင်းဘက်မှာ ပုန်ကန်မှုတွေဖြစ်ကြတယ်။ ဒါပေမဲ့ ကျရှုံးသွားတဲ့နိုင်ငံတော့မဟုတ်ပါဘူး။ ဆိုမာလီယာ နဲ့ လိုက်ဘေးရီးယားတို့လည်းအတူတူပဲ။ အီရတ်လူထုဟာ အတင်းအကျပ်တွန်းအားပေးပြီး ပြည်သူ့စစ်ထဲဝင်ရတယ်။ အာဏာရှင်တစ်ဦးရဲ့ ထိန်းချုပ်မှုကို ရင်ဆိုင်ဖို့ထက် ပြည်သူ့စစ်အဖွဲ့သားတွေအဖြစ်နဲ့ပဲ လူမျိုးစုသူပုန်တွေနဲ့ သေသေကြေကြေတိုက်ခိုက်နေခဲ့ကြရတယ်။ အီရတ်ဟာ တကမ္ဘာလုံးဆိုင်ရာလုံခြုံရေးကိုခြိမ်းခြောက်နေတယ်လို့ ယူအက်စ် နဲ့ မဟာမိတ်အဖွဲ့တွေကယူဆလာကြတယ်။ ဘာကြောင့်လည်းဆိုတော့ လက်နက်အစီအစဉ်၊ တည်ငြိမ်မှုမရှိ၊ တရားဥပဒေနဲ့မညီဲ၊ လူအခွင့်အရေးကို လေးစားမှုမရှိ စတဲ့အချက်တွေကြောင့်ပါ။ ပြီးတော့ တခြားလုံခြုံရေးပြဿာနာတွေကြောင့် လက်နက်တွေဖျက်ဆီးဖို့အတွက် အစုလိုက်အပြုံလိုက်ဖျက်ဆီးမှုတွေအီရတ်မှာဖြစ်ကြတယ်။ ကြားဝင်မှုဟာ အားနည်းတဲ့နိုင်ငံတွေမှာ ဖြစ်နိုင်ခြေရှိတဲ့ကိစ္စပါ။

ဒုတိယတစ်ခုက အားနည်း/ ကျရှုံးနိုင်ငံတွေဟာ အချက်အလက်အတော်များများမှာ ဆင်တူနေကြတာပဲမို့ ခွဲခြားပြောဖို့တော့ခက်လှတယ်။ ကျရှုံး/ ပြိုလဲနိုင်ငံတစ်နိုင်ငံမှာ နိုင်ငံထူထောင်ဖို့အတွက် ပဏာမအဖြစ် ပြင်ပက စစ်ရေးကြားဝင်မှုဟာ က မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်နေပါတယ်။ စစ်ရေးကြားဝင်မှုအောင်မြင်ခဲ့ရင် ကျရှုံး ပြိုလဲနေတဲ့နိုင်ငံဟာ အားနည်းတဲ့အဆင့်ပြောင်းလဲလာပြီး ဘယ်သူက အာဏာရှင်အဖြစ်အကျပ်ကိုင်နေသလဲဆိုတဲ့အဖြေကိုရှာပြီး အဲဒီအဖြေအတိုင်းဖြေရှင်းဖို့ အထောက်အပံ့ပေးကြရမှာပါ။ အဲဒီအခါ အားနည်းတဲ့နိုင်ငံမှာ အပိုင်းပိုင်းကွဲပြားသွားတဲ့အာဏာရှင်အဖွဲ့သားတွေဟာ အစိုးရတစ်ရပ်ထူထောင်ဖို့ဆိုတာ မတတ်နိုင်ကြတော့ပါဘူး။

အားနည်းတဲ့နိုင်ငံဟာ ပြဿနာတစ်ရပ် ဖြစ်လာပြီလား
အားနည်းတဲ့နိုင်ငံရဲ့နိုင်ငံရဲ့သဘောသဘာဝတွေဟာ အင်မတန်ပြဿနာကြီးပါတယ်။ သရုပ်ခွဲလေ့လာနေရမယ့်ကိစ္စတွေ၊ ပြည်သူတွေပူးပေါင်းပါဝင်နိုင်မယ့်လုပ်ရှားမှုအတွက် လမ်းညွှန်မှုတွေလိုအပ်ပါတယ်။ ကိုလိုနီစနစ်ကျဆုံးပြီး ဖွံ့ဖြိုးဆဲကမ္ဘာထဲ ပထမဆုံးပေါ်ထွက်လာတဲ့အခါ အဲဒီပြဿနာတွေဟာ သိပ်ပြီးတော့ မသိသာ/ အရေးတယူမရှိခဲ့ကြဘူး။ ကိုလိုနီခေတ်အလွန်နိုင်ငံတွေဟာ ကျရှုံး/ ပြိုလဲ လက္ခဏာတွေပြလာပေမယ့် လုံးဝပြိုလဲသွားပြီး ပြန်လည်ထူထောင်ကြတဲ့နိုင်ငံတွေလို အပြည့်အဝ ဖွံ့ဖြိုးတိုးတက်မှုမရှိကြပါဘူး။ ဘာကြောင့်လည်းဆိုတော့ quasi-state တွေရဲ့ ဟန်လုပ်ဖုံးဖိထားတဲ့ သဘောသဘာဝတွေကြောင့်ပါ။ စစ်အေးခေတ်ကာလမှာ အားနည်းတဲ့နိုင်ငံတွေဟာ အားနည်းနေတဲ့အတိုင်းပဲ အေးအေးဆေးဆေးရှိနေခဲ့ကြတယ်။ နိုင်ငံရဲ့ အားနည်းမှုတွေကိုဖြတ်တောက်ဖို့၊ ပြန်လည်တည်ဆောက်ရေးလုပ်ဖို့ကြိုးစားတဲ့အခါ ယူအက်စ် နဲ့ ယူအက်စ်အက်စ်အာ ရဲ့ အာဏာစွမ်းအားဟန်ချက်ကို ခြိမ်းခြောက်တယ်။ ပြည်တွင်းကိုယ်စားလှယ်တွေကိုရွေးချယ်ပြီး အန္တရာယ်ထဲဆွဲသွင်းသလို သဘောကွဲလွဲထဲမှာ ချောင်ပိတ်မိစေကြတယ်။ ယူအက်စ် ဆိုဗီယက်ပြည်ထောင်စုနှစ်ခုလုံးက မြဲမြံနေတဲ့စနစ်ထဲက အစိုးရတွေဟာ quasi-state တွေကို စစ်ရေး နဲ့ စီးပွားရေးအကူအညီတွေပေးကြပါတယ်။ အဲဒါဟာ အကျိုးကျေးဇူးတွေအများကြီးရှိနေလို့ပါ။ အားနည်းတဲ့နိုင်ငံရဲ့ နိုင်ငံဖွံ့ဖြိုးမှု ဖိအားတွေ အတန်အသင့်သက်သာရာရစေပါတယ်။ အဲဒီ quasi-states တွေကတော့ သဘောပေါက်လာကြတယ်။ စစ်အေးခေတ်အတွင်း ယူအက်စ်နဲ့ ဆိုဗီယက်ပြည်ထောင်စုပြိုင်ဆိုင်မှုတလျှောက်လုံး စီးပွား/ လက်နက်ထောက်ပံ့မှုတွေလက်ခံထားကြပြီး သူတို့ကိုယ်ပိုင် ဘုရင့်တစ်ခေတ်ကို မြှင့်တင့်ပေးမယ့် နိုင်ငံအာဏာမျိုးတည်ဆောက်ခွင့်မရှိနိုင်တော့ပါဘူး။ အားနည်းတဲ့နိုင်ငံက အာဏာရှိထားသူတွေဟာ ယူအက်စ်ဆက်နွယ်မှုပြင်ပကပဲ အားနည်းမှုတွေကနေ ကျရှုံး/ ပြိုလဲဆီ ကူးပြောင်းမသွားဖို့ နိုင်ငံမှာရှိတဲ့ အရင်းအမြစ်တွေအသုံးချကြတယ်။ နိုင်ငံကိုချဉ်းကပ်လာတဲ့အထောက်အပံ့၊ စီးပွားရေးအကူအညီတွေနဲ့ နိုင်ငံအတွက် စိန်ခေါ်မှုလို့ဖြစ်လာနိုင်မယ့် ကမ်းလှမ်းချက်မှန်သမျှကို စစ်အာဏာပိုင်တွေကလွှဲဖယ်ကြတယ်။ ရလာဒ်ကတော့ Reno ရေးသားခဲ့သလို ‘shadow states’ လို့ခေါ်တဲ့နိုင်ငံမျိုးတွေဖြစ်လာကြပြီး ဥာဏ်ကြီးတဲ့လူတစ်ဦးက တရားဝင်အာဏာရထားတဲ့အစိုးရတစ်ရပ်ကို အရိပ်သဖွယ်ကာဆီးထားကြတယ်။ (William Reno ဟာ မာဒီစန်၊ University of Wisconsin က ပရော်ဖက်ဆာတစ်ဦးဖြစ်ပြီး ၁၉၉၅ မှာ Corruption and State Politics in Sierra Leone, ၁၉၉၈ မှာ  Politics and African States နဲ့ ၂၀၁၁ မှာ Warfare in Independent Africa စာအုပ်တွေကို ရေးသားခဲ့ပါတယ်။)

စစ်အေးခေတ်ကာလမှာ လှုပ်လှုပ်ရှားရှားမရှိအားနည်းတဲ့နိုင်ငံတွေဟာ စစ်အေးခေတ်ကာလ ကိုလိုနီခေတ်လွန်မှာတော့ shadow states ပုံစံဖြစ်လာကြပြီး သည်းညည်းခံနိုင်မှုတွေ ကျော်လွန်သွားကြပါပြီ။ အားနည်း/ ကျရှုံး/ ပြိုလဲမှုအဆင့်ဆင့်မှာ ဖြစ်စဉ်တွေပြင်းထန်လာကြတယ်။ စစ်အေးတိုက်ပွဲအတွင်းမှာ ဆိုဗီယက်ပြည်ထောင်စုဟာ ပြည်ထောင်စုထဲကနိုင်ငံတွေကို စစ်လက်နက်တွေအထောက်အပံ့ပေးလာခဲ့သလို ယူအက်စ်ကလည်း ကိုယ်နဲ့အပေးအယူမျှမယ့်နိုင်ငံတွေအတွက် စစ်လက်နက်၊ ရိက္ခာတွေအပြိုင်အဆိုင် ထောက်ပံ့ပေးလာကြတာပါ။ စစ်လက်နက်တွေကိုင်ဆောင်ပြီး အချင်းချင်း ရန်မစရဲ မတို့မထိရဲ စစ်အေးကာလလွန်သွားခဲ့တဲ့အခါမှာတော့ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲသွားပြီး နိုင်ငံတွေဟာလည်း လွတ်လပ်တဲ့နိုင်ငံအဖြစ် ကိုယ်တိုင်ရပ်တည်ဖို့ကြိုးစားလာကြတယ်။ အဲဒီကြိုးစားမှုတွေနဲ့ အတူ quasi-state တွေ shadow state တွေအများကြီးပဲ ပေါ်ထွက်လာကြတာပါ။ အဲဒီဖြစ်စဉ်တွေမှာ ဘိုးဘွားစဉ်ဆက်အာဏာလမ်းဆင့်ကမ်းယူလာကြတဲ့သူတွေဟာ ကိုယ့်ရဲ့အာဏာတည်မြဲဖို့အတွက် အရင်းအမြစ်တွေကို အလွန်အကျွံအသုံးချသလို လူမှုဖူလုံရေးထောက်ပံ့ကြေးတွေကိုလည်း ကိုယ်ကျိုးအာဏာဆုပ်ကိုင်နိုင်ရေးတွေမှာသုံးစွဲပြစ်ကြတယ်။ လူမျိုးစုအုပ်စုတွေနဲ့ အတိုက်အခံအုပ်စုမျိုးတွေကလည်း မကျေနပ်ချက်တွေကြောင့် အကြမ်းဖက်မှုတွေပိုပြီးဖြစ်လာကြတော့တယ်။ shadow state တွေမှာရှိနေတဲ့ အာဏာရှိသူတွေဟာ ကိုယ့်ရဲ့အာဏာလုံခြုံစိတ်ချရမှုအတွက် သုံးစွဲစရာ အရင်းအမြစ်/ အထောက်အပံ့ မရှိတော့တာဖြစ်လာပါတယ်။ စစ်အေးခေတ်ကာလပြီးဆုံးသွားတဲ့အချိန်နဲ့ တိုက်ဆိုင်ဖြစ်ပျက်လာတဲ့အဲဒီ ပြဿနာမျိုးတွေကို အားနည်းတဲ့နိုင်ငံတွေက လိုက်လျောညီထွေ မဖြေရှင်းနိုင်ကြတော့ပါဘူး။ စစ်အေးတိုက်ပွဲပြီးဆုံးသွားတဲ့အချိန် ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ် သတ်မှတ်ခံထားရတဲ့နိုင်ငံတွေဟာ ပြင်းထန်တဲ့အခြေအနေ(ပြိုလဲတဲ့အဆင့်)အထိ ရောက်လာကြတယ်။ ဥပမာဆိုရရင်တော့ ဆိုမာလီယာ၊ ဟေတီ၊ ယူဂိုစလားဗီးယား၊ အီသီယိုပီးယား၊ ရဝမ်ဒါ၊ ဇိုင်ရဲ(လက်ရှိ - ကွန်ဂို)၊ အာဖဂန်နစ္စတန်၊ မော်လ်ဒိုဗာ၊ ဆီရာလီယိုန်၊ ဂျော်ဂျီယာ၊ ဆူဒန်၊ ဘူရန်ဒီ နဲ့ တာဂျစ်ကစ်စတန်တို့ပါ။ ပိုပြီးအားနည်း/ တချို့ကိစ္စတွေမှာ ကျရှုံးတဲ့လက္ခဏာစတင်ပြလာတဲ့ နိုင်ငံတွေလည်းရှိလာကြတယ်။  အင်ဒိုနီးရှား၊ ဇင်ဘာဘွေ၊ ကိုလံဘီယာ၊ ရုရှား၊ ချေချင်းညာ၊ ယူဂန်ဒါ နဲ့ တခြား အာရှအလယ်ပိုင်းနိုင်ငံတွေပါ။

နိုင်ငံတစ်နိုင်ငံရဲ့ ကျရှုံးမှုကို တုံ့ပြန်တဲ့အခါ လူသားချင်းစာနာထောာက်ထားမှု ခံစားရတဲ့ပြဿနာတွေကို ပြေလျော့အောင်လုပ်နိုင်တယ်။ လိုအပ်တဲ့နေရာတွေမှာ အုပ်စုအဖွဲ့တွေကို ကွဲပြားသွားအောင် တိုက်ပွဲဆင်နိုင်ကြတယ်။ အဲဒီလိုပုံစံနဲ့ ပြဿနာတွေကို ထိန်းထိန်းသိမ်းသိမ်းဖြေရှင်းတဲ့နည်းလမ်းဟာ စစ်အေးတိုက်ပွဲကာလဝန်းကျင်းမှာ ပေါ်ထွက်လာခဲ့ပေမယ့် အချက် ၃ ချက်ကြောင့် အဲဒီနည်းဟာ ဆွဲဆောင်မှုမရှိသလိုဖြစ်နေပါတယ်။  ပထမအချက်က အားနည်း/ ကျရှုံး နဲ့ ပြိုလဲတွေဟာ သိပ်ပြီးတော့ မကွဲပြားတာမို့ လုံခြံရေးပြဿနာတွေထိခိုက်လာတဲ့ တိုင်းပြည်ကို ကြားဝင်ဖို့လိုအပ်တယ်လို့ ညွှန်းဆိုထားပြီးသားဖြစ်နေတယ်။ ဒုတိယအချက်က နိုင်ငံတကာကြားဝင်မှုအတွက် အခွင့်အလမ်းဟာ  ဆိုဗီယက်ပြည်ထောင်စုပြိုလဲသွားပြီးနောက် ပိုပြီးကျယ်ပြန့်လာတယ။်(ဆိုဗီယက်ပြည်ထောင်စုရှင်သန်နေချိန်မှာတော့ မူဝါဒပိုင်း နဲ့ နိုင်ငံရေးဗျူဟာတွေမှာ ချောင်ပိတ်ထားတာ နှစ်နိုင်ငံ အားမစမ်းရဲတာ စတဲ့အနေအထားမျိုးရှိနေခဲ့ပါတယ်)။ နောက် တတိယအချက်ကတော့ နိုင်ငံတည်ဆောက်ရေးဟာ အရေးကြီးတဲ့ ကိစ္စတစ်ရပ်အဖြစ်ပိုတိုးလာတာဟာ အားနည်း/ ကျရှုံးနိုင်ငံရဲ့ ပြဿနာဟာ စစ်အေးတိုက်ပွဲအဆုံးသတ်တဲ့ကိစ္စလိုပဲ ပြင်ပက ကြားဝင်စွက်ဖက်မှုမပါဘဲ စီမံဆောင်ရွက်ဖို့ခက်ခဲတာ စတဲ့ အချက်တွေကြောင့် နိုင်ငံတကာကြားဝင်မှုကပဲ ပိုပြီးအားသာလာခဲ့တာပါ။ ကမ္ဘာပြုမှုဟာ ထိလွယ်ရှလွယ်ဖြစ်နေတဲ့အားနည်းနိုင်ငံတွေရဲ့ ပေါင်းစည်းမှုကို ဆွပေးသလိုဖြစ်လာပြီး တခြားအပိုင်းတွေမှာ အမှားမှားအယွင်းယွင်းဖြစ်ခဲ့ရင် တချို့နေရာတွေမှာလည်း ငြိကုန်တာပါပဲ ကမ္ဘာ့စီးပွားရေးကိုပါ ရိုက်ခတ်ကုန်တာပါ။ ကမ္ဘာပြုမှုအလယ် နိုင်ငံတွေရဲ့ ယန္တရားပျက်ခြင်း နဲ့ ကမ္ဘာ့စီးပွားရေးဟာ အတူတကွ ချိတ်ဆက်နေပါတယ်။

အားလုံးအတွက်အဖြေရှာခြင်း
အားနည်းတဲ့အာဏာရှင်စနစ်ကို အမြစ်ကနေဖယ်ရှားတဲ့အခါ ကြာရှည်နေမယ်ဆိုရင်တော့ ကမ္ဘာပြုမှုကြောင့် ကမ္ဘာ့စီးပွားရေးနဲ့ နိုင်ငံရဲ့ ခုခံအားတွေမှာ ဆက်သွယ်မှုတွေ၊ ထိခိုက်မှုတွေရှိလာမှာပါ။ အဲဒါကြောင့်ပဲ နိုင်ငံတကာနိုင်ငံရေးလုပ်ငန်းစဉ်ထဲမှာ အမျိုးသားနိုင်ငံတည်ဆောက်ရေးလုပ်ငန်းဟာ တကမ္ဘာလုံးဆိုင်ရာပြဿနာအဖြစ် ပါဝင်လာတယ်။  ကိုယ်တိုင်ပြန်လည်တည်ဆောက်မှု မလုပ်နိုင်တဲ့နိုင်ငံတွေမှာ Helman နဲ့ Ratner တို့ ရေးသားခဲ့တဲ့ Saving Failed States ဆောင်းပါးထဲကသုံးနှုန်းထားသလို ‘ကယ်ဆယ်ပြီး’ ပုံစံရောက်အောင် နိုင်ငံတကာအုပ်စုဝင်ဖြစ်ဖို့ အထောက်အပံ့ပြုရမှာပါ။ အဲဒီအခါ ကပ်ပါလာတဲ့မေးခွန်းက ဘယ်လိုနိုင်ငံအမျိုးအစားကို ပြန်ပြီးတည်ဆောက်သင့်သလဲဆိုတာပါပဲ။ ကမ္ဘာပြုမှုဆိုတဲ့စကားရပ်မှာ ကနဦးအဖြေကတော့ခပ်ရှင်းရှင်းပါ။ အဲဒီရိုးရှင်းတဲ့အဖြေက ကမ္ဘာနဲ့ ဆက်ဆံနိုင်မှုဆိုတာဖြစ်တယ်။ နိုင်ငံတစ်နိုင်ငံဟာ ပျော့ပြောင်းတဲ့သဘောထားရှိနေရမယ်။ လူမှုအရင်းအမြစ်ကိုမူတည် စီမံခန့်ခွဲပြီး အချိန်တိုအတွင်းမှာ ပြောင်းလဲမှုကို ပုံဖော်နိုင်ရမယ်။ နိုင်ငံရဲ့ အစိတ်အပိုင်းကဏ္ဍတွေမှာ အခြေခံလူ့အဆောက်အဦ စွမ်းအားနဲ့အလုပ်လုပ်နိုင်ရပါလိမ့်မယ်။

ကောင်းမွန်တဲ့အစိုးရတစ်ရပ်အတွက် သိမြင်နားလည်ထားရမယ့်အချက် နှစ်ချက်ရှိပါတယ်။ အနည်းငယ် တင်းကျပ်ထားနိုင်တဲ့ နည်းပညာဥပဒေစီမံခန့်ခွဲမှုစနစ်(ဖွံ့ဖြိုးရေးအတွက် တရားဝင်အစုအဖွဲ့တွေ ဖွဲ့စည်းထားတာ) နဲ့ ပွင့်လင်း၊ ကျွမ်းကျင်၊ တာဝန်ယူနိုင်မယ့် ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်နိုင်မယ့်စနစ် စတဲ့အချက်နှစ်ချက်ကို ဖန်တီးကြရမယ်ဆိုတာကိုပါ။ ပြည်သူတွေရဲ့ စနစ်မျိုးမှာ ကြည်လင်ပြတ်သားမယ်၊ တည်ငြိမ်မယ်၊ ပြည်သူတွေရဲ့စီးပွားရေး (ပြည်သူ့ပုဂ္ဂလိကလုပ်ငန်းတွေရဲ့စီးပွားရေး) ကို ကြိုတင်ခန့်မှန်းနိုင်မယ် စတဲ့အချက်တွေ လိုအပ်ပါတယ်။ နည်းပညာစီမံခန့်ခွဲမှုနစ်ပိုင်းမှာတော့ ဒီမိုကရက်တစ်နိုင်ငံရေးပေါင်းထည့်ပေးရပါမယ်။ အဲဒီ ဒီမိုကရက်တစ်နိုင်ငံရေးအစိုးရဟာ တာဝန်ခံမှုရှိဖို့ လိုအပ်ပါတယ်။ ကောင်းမွန်တဲ့အစိုးရအဖြစ်မြှင့်တင်တယ်ဆိုတာဟာ ပြဿနာတွေကို မလွှဲမဖယ်ဘဲ လက်တွဲလိုက်တာပါ။ ဖြေရှင်းဖို့ကြိုးစားတာပါ။ အခွန်စည်းကြပ်မှု၊ ရင်းနှီးမြှုပ်နှံမှုဥပဒေတွေဟာ ကမ္ဘာ့နဲ့ယှဉ်ပြီး သွက်လက်မြန်ဆန်ရပါလိမ့်မယ်။  “ကမ္ဘာ့ဘဏ်ရဲ့ ၁၉၉၇ ဖွံ့ဖြိုးမှုမှတ်တမ်း” မှာဖော်ပြထားသလို နိုင်ငံတစ်နိုင်ငံဟာ “ပြည်တွင်းမှာ ထိရောက်တဲ့မှီခိုအားထားမှုပေးနိုင်တဲ့အဆင့်ရှိခြင်း” ဆိုတဲ့ ဘောင်အတွင်းရှိနေရပါမယ်။ အဲဒီနှစ်ချက်အတွက် ပြည့်စုံနေတဲ့အစိုးရဆိုရင် ကောင်းမွန်တဲ့အစိုးရအဖြစ် ပထမအဆင့် ချီးမွမ်းအားပေးစရာပါ။ ကောင်းမွန်တဲ့အစိုးရဟာ နိုင်ငံကို အားနည်းအောင်လုပ်နေတဲ့ကိစ္စတွေမှာလည်း ဖျက်ဆီးသင့်ပါတယ်။ ဥပမာ အုပ်ချုပ်သူတွေရဲ့ နေရာဦးထားမှု(လက်ရွေးစင်လူတစ်စုကပဲ ထူထောင်လုပ်ကိုင်မှု)တွေကိုပါ။

အဲဒီအနေအထားမှာ ပြဿနာတချို့တော့ သိထားစရာရှိနေပါတယ်။ နိုင်ငံ(ကောင်းမွန်တဲ့အစိုးရ) နဲ့ လူ့အဖွဲ့အစည်းကြားက စီမံအုပ်ချုပ်မှုလုပ်ငန်းတွေမှာ တိုးတက်မှုရှိလာတယ်ဆိုပေမယ့် တခြားဘက်မှာတော့ မူဝါဒပိုင်းအားနည်းတာတွေက ဆက်ဖြစ်နေနိုင်ပါတယ်။ နိုင်ငံ နဲ့ နိုင်ငံသားတွေကြားက ဆက်သွယ်မှုမှာ လူမှုဖူလုံရေးအထောက်အပံ့တွေဖြစ်တဲ့(အစိုးရက တစ်ဦးတစ်ယောက်/ အသင်းအဖွဲ့ တစ်ခုခု အတွက် ထောက်ပံ့ငွေ ဖြတ်တောက်ခြင်း၊ ပုဂ္ဂလိကပိုင်ပြုလုပ်ခွင့်၊   ဘဏာရေးကန့်သတ်ထိန်းချုပ်မှု၊ နိုင်ငံသားတွေအတွက် တာဝန်ခံပေးနိုင်ငံတဲ့ စီးပွားရေးဈေးကွက်ချဲ့ထွင်ပေးမှု အဲဒီအချက်တွေမှာ အားနည်းတာတွေရှိနေနိုင်တယ်။ နိုင်ငံတည်ဆောက်ရေးအနှစ်သာရမှာ ဒီအချက်ဟာ ပြန်ကြည့်စရာပါ။ ၁၉၈၀-၂၀၀၈ ခုနှစ် က G20 နိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေပါဝင်ကာ ရေးဆွဲကြတဲ့ Washington Consensus ဆိုတဲ့ လွတ်လပ်တဲ့ဈေးကွက်စီးပွားရေးမူဝါဒ ဟာ မအောင်မြင်မှုနဲ့အတူ အဲဒီအားနည်းမှုမျိုး ပြန်လည်ထူထောင်ရေးပြုလုပ်တဲ့နိုင်ငံတွေမှာဖြစ်ခဲ့ကြတယ်။

ဥပမာ Washington Consensus ရဲ့ ကျရှုံးမှုမှာ IFIs(International Financial Institutions)အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်ကို ဦးတည်ခဲ့ပါတယ် လို့ ဖူကူယားမားက ပြောဆိုခဲ့ပါတယ်။ ၁၉၉၀ခုနှစ်ထဲက ရုတ်တရက်ထူးခြားတဲ့အကူးအပြောင်းမှာ နိုင်ငံရဲ့ အခန်းကဏ္ဍပိုပြီးတိုးမြှင့်သလိုဖြစ်ခဲ့တယ်လို့ဆိုတယ်။ အဲဒီဥပမာကိုကြည့်ရရင် ‘ကျရှုံးတာ’ ဟာ ‘အဆုံးသတ်သွားတာ’ မဟုတ်ဘူးဆိုတာကို ပြနေတာပါပဲ။ 

Washington Consensus မူဝဒါဒအသစ်(ကောင်းမွန်တဲ့အစိုးရ+ လစ်ဘရယ်စီးပွားရေးပုံဖော်ခြင်း) မှာ နိုင်ငံဟာတရားဝင်အဖွဲ့သားနိုင်ငံဖြစ်နိုင်မယ့်စံနှုန်းတွေညီဖို့နဲ့ တချိန်တည်းမှာ နိုင်ငံနဲ့ နိုင်ငံသားတွေကြားကအကွာအဝေးအားနည်းချက်ကို ပြုပြင်နိုင်မယ့် မူဝါဒမျိုးချမှတ်လုပ်ဆောင်ပါတယ်။ အဲဒီရည်ရွယ်ချက်နဲ့ ကိုက်ညီမယ့် ကောင်းမွန်တဲ့အစိုးရဖြစ်ဖို့ဆိုရင် ဒီမိုကရက်တစ်နိုင်ငံရေးရှိသင့်ပါတယ်။ အဲဒါဟာ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်မှာ ပိုပြီးတော့အရေးပါလာတယ်။ ဒီမိုကရက်တစ်အစိုးရ(ကောင်းမွန်တဲ့အစိုးရပုံစံ)ဟာ  ပြဿနာတွေချိန်ညှိတဲ့ခါ အဲဒီလိုစီးပွားရေးမူဝါဒမျိုးဟာ ရေတိုမှာအခက်အခဲရှိနိုင်ပေမယ့် စီးပွားရေးမူဝါဒ အပြည့်အဝအလုပ်လုပ်လာတဲ့အချိန်မှာ၊ (တိုးတက်ဖြစ်ထွန်းလာမယ့်အချိန်) ရေရှည်မှာတော့ ပြဿနာမရှိနိုင်တော့ပါဘူး။ စောင့်ဆိုင်းကာလမျိုးမှာ တိုင်းသူပြည်သားတွေဟာ နိုင်ငံကို ဒီမိုကရက်တစ်အခွင့်အရေးတွေနဲ့ပဲ ချည်နှောင်ထားနိုင်ရပါမယ်။ 

******************

စိတ်ဝင်စားစရာကောင်းတဲ့စာတစ်အုပ်ပဲမို့ ပြည့်ပြည့်စုံစုံဖတ်ကြည့်ရအောင်စာအုပ်ဝယ်ဖို့ တိုက်တွန်းချင်မိပါတယ်။

မိတ်ဆွေ၊ သူငယ်ချင်းအားလုံးကို ချစ်ခင်လေးစားစွာ
ဖြိုးဖြိုး

No comments: