Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, November 28, 2013

ညွှန်းတဲ့ ရုပ်ရှင်

The Hunger Games : Catching Fire
Action / Adventure / Sci-Fi
Lionsgate
ဒါရိုက်တာ - Francis Lawrence
ထုတ်လုပ်သူ - Nina Jacobson, Jon Kilik
ဇာတ်ညွှန်း - Simon Beaufoy, Michael Arndt
ဝတ္ထု - Catching Fire by Suzanne Collins
သရုပ်ဆောင်များ - Jennifer Lawrence, Josh Hutcherson, Liam Hemsworth

Catching Fire ဟာ Lionsgate ကထုတ်လုပ် ဖြန့်ချိခဲ့တဲ့ The Hunger Games ဇာတ်လမ်းတွဲတွေထဲက ဒုတိယတစ်ပိုင်းပါ။ ၂၀၁၂ စက်တင်ဘာကစတင်ရိုက်ကူးခဲ့ပြီး ဟာဝိုင်အီဘက်မရွေ့ခင်ဇာတ်ဝင်ခန်းတွေကို အတ္တလန်တာ၊ ဂျော်ဂျီယာ နဲ့ နယူးဂျာစီ တို့မှာလည်း ရိုက်ကူးခဲ့ပါတယ်။ ဒါရိုက်တာက ဂီတလောကအကျော်အမော်တွေရဲ့ music video တွေရိုက်ကူးရာမှာ နာမည်ကြီးလှတဲ့ ထုတ်ဝေသူ၊ ဒါရိုက်တာ Franics Lawrence ပါ။ Constantine, I Am Legend တို့ကိုရိုက်ကူးခဲ့ပြီး Hunger Games နောက်ထပ်အပိုင်းတွေဖြစ်တဲ့ Mockingjay အပိုင်း ၁ နဲ့ ၂ တို့ကို၂၀၁၄ နဲ့ ၂၀၁၅ မှာပြသဦးမှာပါ။ ၇၄ ကြိမ်မြောက် Hunger Games မှာ ကက်ထ်နစ်အဲဗားဂရင်း(Jennifer Lawrence) နဲ့ Game မှာအောင်မြင်ခဲ့သူ ပီးတာမဲလာ့ခ် အတူတူပဲ District 12 ဆိုတဲ့ သူတို့ရဲ့အိမ်ကိုပြန်လာခဲ့ကြတယ်။ အိမ်ကိုပြန်လာခဲ့ကြတဲ့လမ်းခရီးတစ်လျှောက်မှာ “အောင်ပွဲခရီး” အဖြစ် district တွေမှာ လှည့်လည်ကြရဦးမယ်။ အဲဒီခရီးစဉ်ရက်တွေမှာ သမ္မတ စနိုး (Donald Sutherland) ဟာ ကက်ထ်နစ်ရဲ့သူငယ်ချင်းကောင်းကို ခြိမ်းခြောက်တယ်။ cousin ဂဲလ်ဟောသွန်းအဖြစ်ဟန်ဆောင်ပြီး ကြမ်းကြမ်းတမ်းတမ်းကြိုဆိုတယ်။ ကက်ထ်နစ် နဲ့ ပီးတာတို့ဟာ ၇၄ ကြိမ်မြောက် Hunger Games မှာ ၂ ဦးတွဲအောင်မြင်လိုက်တာကိုး။ ၂ ဦးယှဉ်တွဲဆုပေးတယ်ဆိုတာ Hunger Games ရာဇဝင်မှာ မရှိခဲ့ဖူးဘူး။ အဲဒီ အောင်ပွဲခရီးစဉ်မှာ ဒေသတစ်ခုက ပုန်ကန်ထကြွမှုအစပျိုးဖို့နေတယ်။ တအုံနွေးနွေးဖြစ်နေတယ်ဆိုတာ ကထ်ထ်နစ် အာရုံထဲမှာခံစားမိလိုက်တယ်။ စနိုးက ထိန်းချုပ်မှုတွေအသေအချာလုပ်ထားပြီး ၇၅ ကြိမ်မြောက် Hunger Games “Quarter Quell” အဖြစ်နေရာရွေးကျင်းပဖို့ ပြင်ဆင်နေတယ်။ အဲဒီနေရာဟာ District 12 ခုအတွင်း မှာ Panem ဆိုတဲ့ “District တွေအားလုံးရဲ့မြို့တော်” အဖြစ် ထာဝရ ပြောင်းလဲခွင့်ရှိသတဲ့။ အဲဒီ Hunger Games မှာ ပွဲစဉ်တွေဟာ အင်မတန်လွယ်ကူလှတဲ့ပွဲတွေဖြစ်ခဲ့ပြီး၊ ပြီးခဲ့တဲ့နှစ်က အောင်နိုင်သူတွေ ကထ်စ်နစ် နဲ့ ပီးတာတို့အတွက် ပွဲစဉ်ကိုတော့ အခက်တကာ့အခက်ခဲဆုံးဖြစ်အောင်ပြင်ဆင်ထားတယ်။ ကက်ထ်နစ်ယုံကြည်ထားတာက “မျှော်လင့်ခြင်းဟာ ကြောက်ရွံ့တုန်လှုပ်ခြင်းထက် ပိုပြီးသန်မာအားကြီးတယ်" တဲ့။ ကက်စ်နစ် နဲ့ ပီးတာတို့  စနိုးပြင်ဆင်ထားတဲ့ သေသေကြေကြေပြိုင်ပွဲတွေမှာ ရင်ဆိုင်နိုင်လောက်အောင် သန်မာကြပါ့မလားပဲ။

The Black Nativity
Drama / Musical
Fox Searchlight Picture
ဒါရိုက်တာ - Kasi Lemmons
ဇာတ်ညွှန်း - Kasi Lemmons
သရုပ်ဆောင်များ - Forest Whitaker, Angela Bassett, Tyrese Gibson, Jennifer Hudson, Mary J. Blige, Vondie Curtis-Hall, Nas, Jacob Latimore 

၁၉၂၅ ခုနှစ်လောက်က New Negro movement လို့ နာမည်တွင်ခဲ့တဲ့ အာဖရိကန်-အမေရိကန် ယဉ်ကျေးမှုပြောင်းလဲလှုပ်ရှားမှုတစ်ခုမှာ ဦးဆောင်ခဲ့တဲ့ ကဗျာဆရာ၊ လူမှုရေးတက်ကြွလှုပ်ရှားသူ Langston Hughes ကို ရည်ညွှန်းပြီးရိုက်ကူးတဲ့ အမှတ်တရအခမ်းအနားပြဇာတ်မျိုးပါ။ Huges ဟာ ဂျက်ဇ်ကဗျာစာပေ လို့ ခေါ်လာကြတဲ့ စာပေအနုပညာသစ်တစ်မျိုး ဆန်းသစ်ပြောင်းလဲပေးခဲ့သူ ခေတ်ဦး ကဗျာဆရာတစ်ဦးဖြစ်ပါတယ်။ Black Nativity ကို ဒီဘက်ခေတ်နဲ့လျော်ညီအောင်ပြုပြင် ရိုက်ကူးထားတယ်။ ဒီဇင်ဘာအားလပ်ရက်ဂီတဒရာမာ ရုပ်ရှင်ပါပဲ။ single mother နိုင်မာ (Jennifer Hudson) ရဲ့ ဥာဏ်ကောင်းတဲ့ဆယ်ကျော်သက်လေး၊ ဘယ်လ်တီမိုးဇာတိလူငယ်လေး လန်ဂ်စတန် (Jacob Latimore) ဟာ ခပ်တန်းတန်းနေခဲ့ကြတဲ့ဆွေမျိုး ရီဗားရန်းကော်နယ် (Forest Whitaker) နဲ့ အရီသာကော့ဘ်စ် (Angela Bassett) တို့ဆီမှာ ခရစ်စမတ်အားလပ်ရက်တွေကုန်ဆုံးစေဖို့ နယူးယောက်စီတီးကိုရောက်လာခဲ့တယ်။ လန်ဂ်စတန်က ရီးဗားရန်းရဲ့ တင်းကျပ်တဲ့စည်းကမ်းတွေလိုက်နာဖို့ စိတ်မပါလှဘူး။ စိတ်ရှုပ်ထွေး၊ စိတ်ပျက်လာတဲ့ လန်ဂ်စတန်က မိခင် နိုင်မာ ရှိရာအိမ်ကို ပြန်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ သူငယ်ချင်းအသစ်တွေနဲ့တော့ စိတ်ကျေနပ်ကြည်နူးရတဲ့အချိန်တွေပိုင်ဆိုင်ရတယ်။ အံ့သြစရာပဲ၊ လန်ဂ်စတန်နည်းနည်းတော့ တွန့်ဆုတ်နှောင့်နှေးနေပြီ။ အဲဒီနောက် … သစ္စာတရား၊ စိတ်ဒဏ်ရာပျောက်ကင်းစေမှု နဲ့ ဖခင်၊ မိခင် စုံလင်တဲ့မိသားစုဆိုတဲ့ အဓိပ္ပါယ်အစစ်ကို လန်ဂ်စတန် ရှာဖွေတွေ့ရှိသွားတယ်။ “Silent Night … Holy Night” ဂျနီဖာဟတ်ဒ်ဆန် ရဲ့ အသံချိုချို သီချင်းသံနဲ့ စဖွင့်ထားတဲ့ trailer ကိုကြည့်ပြီး Black Nativity ကို ကြည့်ရဖို့ အလွန်အမင်းစိတ်စောနေပါပြီလို့ သီချင်းချစ်သူတွေကမှတ်ချက်ပေးနေကြပါတယ်။ ပျော်ရွှင်ဖွယ်ခရစ်စမတ်ကာလထဲက ဒရာမာ ဂီတရုပ်ရှင်ကိုကြည့်ရင်း၊ အလှပဆုံးခရစ်စမတ်သီချင်းတွေကို မြင်ကြားခံစားရင်း၊ မိသားစုအရသာကို ခံစားနားလည်နိုင်ကြစေဖို့ Black Nativity ဖန်တီးသူတွေက ရည်ရွယ်ထားကြပါတယ်တဲ့။

Saving Mr. Banks
Biography / Comedy / Drama
Walt Disney Studios Motion Pitcures
ဒါရိုက်တာ - John Lee Hancock
ထုတ်လုပ်သူ - Alison Owen, Ian Collie, Philip Steuer
ဇာတ်ညွှန်း - Kelly Marcel, Sue Smith
သရုပ်ဆောင်များ - Emma Thompson, Tom Hanks, Paul Giamatti, Jason Schwartzman, Bradley Whitford, Colin Farrel

ကလေးတွေ အလွန်ချစ်ခင်နှစ်သက်ခဲ့ကြတဲ့ စာအုပ်တစ်အုပ်နောက်ကွယ်က ဖုံးကွယ်တိမ်မြုပ်နေတဲ့ ဘဝဇာတ်ကြောင်းကို ပုံဖော်လိုက်တဲ့ အတ္ထုပတ္တိရုပ်ရှင်ပါ။ ၁၉၃၄ ခုနှစ် Mary Poppins ဆိုတဲ့ ကလေးများဖတ်ဖို့စာအုပ်ရေးသားခဲ့သူ၊ သြစတြေးလျဖွား အင်္ဂလိပ်စာရေးဆရာမ၊ သရုပ်ဆောင်၊ ဂျာနယ်လစ်အလုပ်လည်းလုပ်ခဲ့တဲ့ Pamela Lyndon Travers  ရဲ့ ဘဝဇာတ်ကြောင်းပါ။ ကလောင်အမည်ကို P.L. Travers နဲ့ ရေးပါတယ်။ Mary Poppins စာအုပ်ဟာ ဆွဲဆောင်မှုရှိပြီး မျက်လှည့်အတတ် တတ်ကျွမ်းနေတဲ့ ထီးတစ်လက်နဲ့ ပျံသန်းနိုင်သူ၊ အင်္ဂလိပ်ကလေးထိန်း အမျိုးသမီး နန်နီ Mary Poppins ကို အဓိကဇာတ်ကောင်ထားရေးခဲ့တယ်။ နန်နီ မေရီပေါပ့်ပင်းစ် လန်ဒန်မြို့၊ ချယ်ရီပင်လမ်းသွယ်လေးက အိမ်အမှတ် ၁၇၊ မစ္စတာဘန့်ခ်စ် အိမ်ကိုရောက်သွားတယ်။ ဘန့်ခ်စ်ရဲ့ ကလေးတွေကိုထိန်းဖို့ပါ။ အဲဒီ Mary Poppins ကလေးစာအုပ်ဟာ အဲဒီခေတ်ကကျော်ကြားလှတဲ့စာအုပ်ပါ။ Saving Mr.Banks ရုပ်ရှင်မှာတော့ ဝေါ့ထ်ဒစ်စနေး သမီးလေးတွေက သူတို့ရဲ့ စိတ်ကြိုက်ကလေးစာအုပ်ဖြစ်တဲ့ Mary Poppins ကို ရုပ်ရှင်အဖြစ်ဖန်တီးဖို့ ဖခင်ကို ပူဆာကြတယ်။ ဒစ်စနေးက ကတိပေးတာပေါ့။ ဒါပေမဲ့ ရုပ်ရှင်ဖန်တီးဖို့ နှစ်ပေါင်းများစွာကြာမြင့်မယ်လို့ ဒစ်စနေးကြိုတင်မသိနိုင်ခဲ့ဘူး။ သူမဖန်တီးထားတဲ့ မှော်ဆန်ဆန် နန်နီကို အချစ်ကြီးချစ်လှတဲ့ စာရေးဆရာမ ပမ်မလာဟာ အင်မတန်ခေါင်းမာတယ်။ ဘာကိုမှအလျှော့မပေးလိုဘူး။ ဒစ်စနေးက ဟောလိဝုဒ်ရုပ်ရှင်လောကမှာ ထူးခြားနိုင်မယ့် ကွန်ပျူတာအထူးပြုလုပ်ချက်တွေ ဖောဖောသီသီသုံးပြထားတယ်။ ပမ်မလာက လက်မခံပါဘူး။ အစမ်းပြပွဲလုပ်တဲ့နေ့မှာ ဒစ်စနေးကပြောလိုက်တယ်။ “ပမ်မလာရေ၊ သင်္ဘောရွက်လွှင့်ပြီးနေပြီ” တဲ့။ ယုံကြည်ရာကိုအလျှော့မပေးတတ်တဲ့ စာရေးဆရာမ ပမ်မလာ အဖြစ် အမ်မာသော်မဆန်က သရုပ်ဆောင်ထားပြီး ဒစ်စနေးအဖြစ် တွမ်ဟန့်ခ် သရုပ်ဆောင်ပါတယ်။ တွမ်ဟန့်ခ်က မစ်ကီမောက်စ်၊ ပမ်မလာက ထီးတစ်လက်နဲ့ မှော်မျက်လှည့်ပြနေမယ့် နန်နီအမျိုးသမီးကိုယ်တိုင်ဖြစ်သွားကြမလား။ Walt Disney Studio Motion Pictures ရဲ့ ဇာတ်မြူးရုပ်ရှင် Saving Mr.Banks က စိတ်ဝင်စားစရာပါ။

American Hustle
Crime / Drama
Columbia Pictures
ဒါရိုက်တာ - David O. Russell
ထုတ်လုပ်သူ - Charles Roven, Richard Suckle, Megan Ellison
ဇာတ်ညွှန်း - Eric Warren Singer, David O. Russell
သရုပ်ဆောင်များ - Christian Bale, Bradley Cooper, Amy Adams, Jeremy Renner, Jennifer Lawrence

ကလိမ်ဥာဏ်ဆင်ရာမှာ ကျွမ်းကျင်လှတဲ့ အာဗင်ရိုဆန်ဖီးလ်ဒ်(Christian Bale) ဟာ လုပ်ဖော်ကိုင်ဖက်၊ လက်တွဲဖော်ချစ်သူရှိထားသားပဲ။ ဒါပေမဲ့ သူ့ရဲ့ အရှုပ်အထွေးတစ်ခုထဲမှာ အသစ်ကလေးရှိတယ်။ အဲဒီ စွဲမက်စရာမိန်းကလေး ဆစ်ဒနီပရော့စာ (Amy Adams)ကို အထိတ်တလန့်ဖြစ်နေရတယ်။ ခပ်ကြမ်းကြမ်းခပ်ရမ်းရမ်း FBI အေးဂျင့် ရီချီ ဒီမာဆို(Bradley Cooper)အတွက် အလုပ်လုပ်ပေးဖို့ ဆစ်ဒနီက အတင်းအကျပ်ခိုင်းနေတာကြောင့်ပေါ့။ ဒီမာဆို ကိုင်နေတဲ့အမှုက ဂျာစီ နိုင်ငံရေး/ စီးပွားရေးအာဏာ လှို့ဝှက်ထိန်းချုပ်ဖို့ အားထုတ်ကြိုးပမ်းနေတဲ့လူတစ်စုနဲ့ မာဖီးယားအုပ်စုတွေရဲ့အရှုပ်အထွေးတွေ၊ အင်မတန်အန္တရာယ်ကြီးလှတဲ့အနေအထားဖြစ်နေတယ်။ အဲဒီစစ်ဆင်ရေးအစဖော်လိုက်တော့ ပါဝင်နေတဲ့သူက နယူးဂျာစီ Camden မြို့တော်ဝန် ကာမိုင်းပေါ်လီတို (Jeremy Renner) တဲ့။ အာဗင်ရဲ့ ဇနီး ရိုစလင်း (Jennifer Lawrence)ဟာ  အဲဒီအန္တရာယ်ကြီးတဲ့ အရှုပ်အထွေးထဲက အပ်ချည်မျှင်တစ်စကို ဆုပ်ကိုင်ဆွဲယူမိသူ ဖြစ်သွားပြီ။ ကမ္ဘာကြီးတစ်ခုလုံး ပြိုလဲကွဲကျသလိုဖြစ်ရပြီ။ တချို့ အပူတပြင်းတိုက်တွန်းမှုတွေက လေးစားမှုအတွက်၊ တချို့အပူတပြင်းတွေက အချစ်အတွက်၊ တခြားသော အပူတပြင်းတွေက အမှန်တရားအတွက်တဲ့။ ဒါပေမဲ့ ကျွန်တော်၊ ခင်ဗျားတို့အားလုံး အပူတပြင်းဖြစ်နေကြတာက ရှင်သန်ဖို့အတွက်ပဲမဟုတ်လား

ဖြိုးဖြိုး
(Yati Magazine, December, 2013)

No comments: