Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, May 29, 2014

လွိုင်ကော်မြို့နဲ့ ထူးဆန်းတဲ့ကြတ်ဂူ

Living Fashion Magazine, June, 2014
သဘာဝအလှပသာဒပြည့်စုံလှတဲ့ တောင်ပူစာပေါ်မှာ တည်ထားကိုးကွယ်ထားကြတဲ့ သီရိမင်္ဂလာတောင်ကွဲစေတီဟာ ကယားပြည်နယ်မြို့တော် လွိုင်ကော်မြို့ရဲ့ ဘာသာရေးအထင်ကရအမှတ်အသားအဖြစ် တည်ရှိနေပါတယ်။ ဘုရားတည်ထားတဲ့ တောင်ပေါ်မှ လှမ်းကြည့်လိုက်ရင်တော့ လွိုင်ကော်မြို့ဝန်းကျင်ကို ပြန့်ပြူးကျယ်ပြောလှတဲ့မြင်ကွင်းအဖြစ်မြင်တွေရမှာပါ။ လွိုင်ကော်မြို့တစ်ဝိုက် ဖူးမြှော်နိုင်တဲ့ ဘုရားတချို့မှာ ရွှေရင်အေးစေတီ၊ ကျောက်သမ္ဗာန်စေတီ၊ အောင်တော်မူစေတီ၊ ဆုတောင်းပြည့်စေတီ၊ ပြည်လုံးချမ်းသာစေတီ၊ အောက်ကျိုက်ထီးရိုးစေတီ၊ အထက်ကျိုက်ထီးရိုးစေတီ နဲ့ ရွှေပြည်အေးစေတီတို့ဖြစ်ကြတယ်။ ဒေသခံတွေယုံကြည်ကြတဲ့ ဗျာဒိတ်စကားတစ်ခုက တစ်နေ့မှာ အဲဒီ ဘုရားကိုးဆူဟာ ဗုဒ္ဓရဲ့သစ္စာတရား တည်တံ့တိုးပွားလာခြင်းအဖြစ် သဗ္ဗညုတဘုရားအဖြစ်ပေါင်းစည်းသွားမယ် လို့ဆိုတယ်။ အထွတ်အမြတ်ထားကိုးကွယ်ကြတဲ့ တောင်ကွဲစေတီတည်ထားတဲ့ တောင်ပူစာကို ၁၉၇၀ မှာ သီရိမင်္ဂလာတောင်ကုန်းလို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ကြပါတယ်။ 


နောက်ထပ်စိတ်ဝင်စားဖွယ်ကောင်းလှတဲ့နေရာက ထီးပွင့်ကန်တော်ပါ။ ဒီမောဆိုးမြို့နယ်ထဲက 
လယ်ယာမြေရှုခင်းတွေရဲ့အသည်းနှလုံးနေရာမှာ တည်ရှိနေတယ်။ ကယားလူမျိုး ဒေသခံတွေယုံကြည်ကြတာက ကျွဲဖြူရဲ့ အကူအညီရယူပြီး မိကျောင်းက တူးဆွခဲ့တဲ့ကန်ငယ်အဖြစ်ပါ။ လွိုင်ကော်မြို့မှာ လှည့်လည်ရှုကြည့်ချင်စဖွယ်နေရာတွေလည်း ရှိနေပါသေးတယ်။ လွယ်တမူလိုဏ်ဂူအတွင်းမှာဆိုရင်လည်း ထူးခြားလှပတဲ့ ကျောက်စက်ပန်းဆွဲတွေ လိုဏ်ဂူအမိုးကနေ တွဲရရွဲပြိုဆင်းနေပုံဟာ သဘာဝအတိုင်းမပျက်မယွင်းရှိနေဆဲဖြစ်ပြီး လိုဏ်ဂူအတွင်းမှာ ဘုရားရုပ်ပွားတော်တွေ အဆူဆူထုလုပ်ပူဇော်ထားကြတာလည်း တင့်တယ်သပ္ပါယ်လှပါတယ်။ ရေပူစမ်းဘက်ကိုလည်း အရောက်သွားလို့ ရေဆော့ကြတဲ့သူတွေရှိပေမယ့် ရေစီးအနည်းငယ်သန်တာကြောင့် ဒေသခံမပါဘဲ သွားလေ့မရှိကြဘူးလို့ ဆိုတယ်။

လွိုင်ကော်ကို ဘုရားဖူး အပမ်းဖြေခရီးထွက်လာကြသူတွေ မရောက်မဖြစ်သွားချင်လှတဲ့ နေရာတစ်ခုက အခုနောက်ပိုင်းကာလတွေမှာ ပိုပြီး လူသိများလာတဲ့ ကြတ်ဂူပါပဲ။ လွိုင်ကော် နဲ့ ရှားတောအကြားမှာ တည်ရှိပါတယ်။ လွိုင်ကနေ ရှားတော အသွားလမ်း ၁၀ မိုင်လောက်မှာ လမ်းမရဲ့ ဘယ်ဘက်မှာ  ကြတ်ဂူ၊ သဘာဝကာကွယ်တောနယ်မြေ ဆိုတဲ့ ဆိုင်းဘုတ်နီနီကို တွေ့ရှိရမှာပါ။ ခရီးသွား အသွားအလာအများပြီး ကျော်ကြားတဲ့နေရာဖြစ်လာတာကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ သစ်တောဝန်ကြီးဌာနက သဘာဝကာကွယ်တောနယ်မြေအဖြစ် ကြေညာခဲ့ပါတယ်။ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ အဝန်းအဝိုင်းနယ်မြေက ကြတ်ဂူအပါအဝင်၊ စုစုပေါင်း ၁၆၆ ဧက ဝန်းကျင်ရှိပါတယ်။ ပေ ၁၇၀၀ အနက်ရှိနေတဲ့ ကြတ်ဂူအတွင်းမှာ ရှေးနှစ်ပေါင်းများစွာက ကျွန်းသစ်နဲ့ ပြုလုပ်ထွင်းထုထားတဲ့ ခေါင်းတလားနဲ့ အတူ အရိုးစုတွေလည်း တွေ့ရှိကြတာကြောင့် အဲဒီဂူမှာ ကြတ်၊ တစ္ဆေတွေ မှီတင်းနေထိုင်ကြတယ် လို့ ယုံကြည်ခဲ့ကြပြီး ကြတ်ဂူဆိုတဲ့ နာမည်ကိုပေးခဲ့ကြတယ်။  ကြတ်ဂူနာမည်အပြင် "ယာစုကု" လို့လည်း ခေါ်ကြသေးတယ်။ "ယာစု" ဆိုတာကတော့ ယမ်းမှုန့်ကို ခေါ်ပြီး "ကု" ကတော့ ဂူပေါက်ပါ။ ပြည်တွင်းစစ်တွေနဲ့ မတည်ငြိမ်ခဲ့တဲ့အရင်နှစ်များစွာက ကယားဒေသခံတွေဟာ လူတိုင်းလို တူမီးသေနတ်ဆွဲကိုင်ထားကြရတယ်။ လိုအပ်တဲ့ ယမ်းမှုန့်ကို လင်းနို့ချေးကနေထုတ်လုပ်ရယူပြီး ခဲယမ်းလက်နက်အဖြစ် အသုံးပြုခဲ့ကြတာကြောင့်ပါ။ ဂူထဲမှာ လင်းနို့တွေ အင်မတန်ပေါများစွာခိုအောင်းနေထိုင်ကြပါတယ်။

ကြတ်ဂူဆီကိုသွားတဲ့ အုတ်လှေကားထစ် လျှောက်လမ်းလေးဟာ အတော်အတန်မြင့်မားရှည်လျားနေကြတယ်။ လျှောက်လမ်းလေးကနေမတက်ခင် အောက်ခြေမှာ ဒေသထွက်ရိုးရာမုန့်နဲ့ အသုံးအဆောင်ပစ္စည်းလေးတွေ ရောင်းချနေတဲ့ ဈေးဆိုင်ငယ်လေးရှိပါတယ်။ လျှောက်လမ်းတစ်လျှောက်တက်လာခဲ့ပြီး ဂူ အဝင်ဝ ညာဘက်ဘေးမှာ သီတင်းသုံးနေတဲ့ ဆရာတော် ဦးဝါယမရဲ့ ကျောင်းသင်္ကန်းလေးကို တွေ့ရမှာပါ။ ဂူထဲကို မဝင်ခင် ဆရာတော်ကို အရင်ဆုံးဖူးမြှော်လျှောက်ထားရမယ် လို့ သတိပေးစာတမ်းရေးသားထားတာလည်း တွေ့ရပါလိမ့်မယ်။ ဆရာတော်ဝါယမဟာ မျက်နှာတော်အေးချမ်းလှပြီး ရောက်လာသမျှခရီးသွားတွေကို ပြုံးချိုစွာနဲ့ ဧည့်ခံပါတယ်။ ကြတ်ဂူသမိုင်းကြောင်းကိုလည်း ရှင်းလင်းမိန့်ကြားပါလိမ့်မယ်။ အဲဒီနေရာတစ်ဝိုက်မှာ သောက်သုံးရေအင်မတန်ရှားပါးနေပါတယ် လို့ ဆရာတော်က မိန့်ပါတယ်။ ဒါပေမဲ့လည်း ရောက်လာကြတဲ့ ဒကာ၊ ဒကာမတွေကိုတော့ ရှမ်းပြည်လဘက်ခြောက်စစ်စစ် ဆိမ့်ဆိမ့်မွှေးမွှေရေနွေးကြမ်းကို တည်ခင်းပါသေးတယ်။ ခရီးသွားတွေရောက်လာပြီဆိုရင် ဆရာတော်က မီးစက်နိုးပြီး ဂူအတွင်းမှာ တပ်ဆင်ထားတဲ့ မီးကြိုးက မီးလုံးတွေကို လင်းစေတယ်။ မီးကြိုးတစ်ခုမှာ ခပ်ကွာကွာ မီးလုံးလေးတွေ တပ်ဆပ်ထားတာကြောင့် ဂူအတွင်းမှာတော့ အလင်းရောင် သိပ်မရလှပါဘူး။ ခရီးသွားတချို့က ဖိနပ်စီးကြပေမယ့် မစီးဖို့ တားဖြစ်ထားတယ်လို့ ဒေသခံတွေကဆိုတယ်။ 
အရင်ကတော့ ပြည်တွင်းစစ်ဖြစ်ပွားနေခဲ့တဲ့နေရာတွေဖြစ်နေတော့ သွားလာသူမရှိသလောက်ဖြစ်နေခဲ့တာပါ။ ကရင်နီတွေနဲ့ အပစ်အခတ်ရပ်စဲသဘောတူလိုက်ပြီးနောက်ပိုင်းမှာတော့ အေးအေးချမ်းချမ်းသွားလာနိုင်ကြတာမို့ ကြတ်ဂူကို ခရီးသွားတွေ အများအပြားလာရောက်နေကြပါတယ်။ အထူးခြားဆုံးဖြစ်နေတာက အခုထက်ထိဘယ်သူမှ အတိအကျမသိနိုင်ကြသေးတဲ့ ကျွန်းခေါင်းတလားတွေအကြောင်းပါ။ ခေါင်းတလားတွေဟာ ရှစ်ပေခန့် ရှည်လျားတာကြောင့် အဲဒီခေတ်က လူမျိုးတမျိုးဟာ ရှစ်ပေခန့်အရပ် အနည်းဆုံးရှိနေကြမယ်လို့ လည်း အရပ်စကားနဲ့ ပြောဆိုကြလေ့ရှိတယ်။ ခေါင်းတလားထုလုပ်ထားပုံ၊ မြင့်မားလှတဲ့ ကျောက်ကမ်းပါးယံအပေါ်မှာ တင်ထာားကြပုံတွေဟာ သာမန်လူသားတွေဖန်တီးပြုလုပ်ထားပုံနဲ့ နည်းနည်းမှ မတူဘူးလို့ ဆရာတော်ကလည်း မိန့်ပါတယ်။ ဂူရဲ့ အဆုံးထိသွားဖို့ ကြိုးစားကြသူတွေပြောတာက ဂူအဆုံးမှာ ချောက်ကမ်းပါးစောက်နက်နက်ကြီးရှိနေတယ်လို့ လည်းဆိုကြတယ်။ ပေပေါင်း ၂၀၀၀ လောက်ထိ ဂူအတွင်းဝင်လို့ရတယ်လို့ ဆိုကြပေမဲ့ ထွန်းညှိယူဆောင်သွားတဲ့ ဖယောင်းတိုင်က ငြိမ်းသွားခဲ့တာကြောင့် အောက်စီဂျင်မရှိနိုင်ဘူးဆိုကာ ဂူအဆုံးထိ မရောက်နိုင်ဘဲ လှည့်ပြန်ခဲ့ကြရသူတွေလည်းရှိပါတယ်။ အမြင့်ထက် အစွန်းထွက်လေးမြင်နေကြရတဲ့ ခေါင်းတလားရဲ့ မျက်နှာချင်းဆိုင်မှာ အရိုးစုတွေပုံလျှက်ရှိနေတာကိုလည်း ဓာတ်ပုံရိုက်ယူထားသူတွေရှိကြပါတယ်။ စိတ်ဝင်းစားစရာတွေပြည့်နှက်နေပြီး ခရီးသွားလာဖို့လည်း လွယ်ကူချောမွေ့နေတာကြောင့် လွိုင်ကော်မြို့ကို အလည်အပတ်ရောက်သူတွေအရောက်သွားချင်တဲ့ ထူးဆန်းတဲ့ကြတ်ဂူ ဖြစ်လို့နေပါတယ်။
ဖြိုးဖြိုး