Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, May 29, 2014

အိမ်ထဲမှာ သရဲတစ်ကောင်ခြောက်နေတယ်

Living Fashion Magazine, March, 2014
Illustration - artist Minthurein, Lay out Design - Zo Myat Lin
“ ဟေး ကို ဒီမှာ လာကြည့်ပါဦး”
ကြယ်ရီလင်းစက်ရဲ့ ခပ်ကျယ်ကျယ်အော်သံကြောင့် ကွန်ပျူတာရှေ့မှာ Real Estate ၀က်ဘ်ဆိုက်တစ်ခုထဲ ၀င်မွှေ ရှာနေတဲ့ တိမ်မင်းစံ လန့်သွားတယ်။ လာကြည့်ပါဦးဆိုသူက သူ့အနားကို ရောက်လာနေပြီ။ ကြယ်ရီ လင်းစက်က လက်ထဲကိုင် ထားတဲ့ မဂ္ဂဇင်းကို တိမ်မင်းစံမျက်နှာရှေ့ လာဖြန့်ပြတယ်။ ရောင်းမည် တဲ့ အဖြူရောင် တိုက်အိမ်တစ်လုံး စာအုပ်ထဲမှာ ကြော်ငြာထားတာတွေ့တယ်။ ဒါဘာဆန်းလဲ၊ ရောင်းမည်ဆိုတဲ့ အိမ်တွေ အများကြီးပဲ၊ ဘယ်တုန်းကမှ မ၀ယ်နိုင်တဲ့ဟာပဲ လို့ တိမ်မင်းစံ တွေးတယ်။
“ ကြည့်ပါဦး ကိုရဲ့ ဒီနေရာ ဒီခြံဝင်း ဒီအိမ်လေးက ဒါလောက်ဈေးနှုန်းနဲ့ ရသတဲ့လား”
ဈေးနှုန်းနေရာကို ကြည့်လိုက်တော့  ကျပ်သိန်း ၅၅၀။
“မဖြစ်နိုင်ဘူး လင်းစက်ရဲ့ ဒါ ကွန်ပျူတာသမား စာမှားစီမိတာဖြစ်မယ်”    ကြယ်ရီလင်းစက်က `မေးကြည့်ရအောင်´ဆိုပြီး အိမ်ခြံမြေ ရောင်းငှား သတင်းအချက်အလက်တွေ ဖော်ပြလေ့ရှိထားတဲ့ Living Fashion မဂ္ဂဇင်းကို ဖုန်းဆက်မေးနေတယ်။အချေအချပြောပြီးတဲ့အခါ ကြယ်ရီ လင်းစက်က စိတ်လှုပ်ရှား တဲ့အသံနဲ့ တိမ်းမင်းစံကို ပြောလိုက်တယ်။
`ဒီတစ်ခါတော့ လင်းစက်တို့ တကယ်ဝယ်နိုင်ပြီကိုရေ…….မနက်ဖြန်သွားကြည့်မယ်´
တိမ်မင်းစံ အံ့သြသွားတယ်။ လမ်း၊ နေရာ၊ အကျယ်အ၀န်း၊ အိမ်ပုံစံ၊ အတွင်းအပြင် အနေအထား၊ အသင့်အတင့် ခမ်းနား နေတဲ့ တိုက်အိမ်တစ်လုံးက…..တိုက်ခန်းတစ်ခန်းစာလောက်ပဲ ဈေးသင့်နေတာ အံ့သြစရာ။ ဘယ်လိုအားနည်းချက်မျိုးများ ရှိနေလို့ပါလိမ့်။ အားနည်းချက်တစ်ခုခုရှိလို့ဖြစ်မယ်လို့ တိမ်မင်းစံ တွေးထားလိုက်တယ်။
xxxxx

            မဂ္ဂဇင်းနဲ့ ချိတ်ဆက်ထားတဲ့ အိမ်ခြံမြေအကျိုးဆောင် နှစ်ဦးက လိုက်ပို့တယ်။ လမ်းမကြီးကနေ ချိုးကွေ့သွားတဲ့ မြေနီလမ်းကလေးရဲ့ တတိယမြောက်အိမ်။ စိမ်းစိုနေတဲ့ ခြံဝင်းကျယ်ကျယ်လေးမှာ အခုမှ ပြန်သုတ်ထားပုံရတဲ့ ဆေးသားအဖြူ ရောင်တွေနဲ့ တိုက်ကလေးက သူတို့နှစ်ဦးကို ချစ်စဖွယ်ဖမ်းစားနေတယ်။
            “  လှလိုက်တာ”ကြယ်ရီလင်းစက် လွှတ်ခနဲပြောမိတယ်။
            “ ကို တော့ အဖြူမကြိုက်ဘူး၊ ညစ်ပတ်လွယ်တယ်။ ၀ယ်ဖြစ်ရင်တော့ တခြားအရောင် ပြောင်း သုတ်မယ်”
`          ခက်တာက အိမ်ဈေးနှုန်းက အံ့သြဖွယ်နည်းနေတဲ့ပြဿနာပါပဲ။ ရေ မီး အပြည့်အစုံ၊ ဂရန်မြေ၊ အရှုပ်အရှင်း ကင်းတယ်။ တယ်လီဖုန်းတစ်လုံး ပါလိုက်သေးတယ်။ အိပ်ခန်းသုံးခန်းမှာ တစ်ခန်းက တစ်ယောက်ခန်း၊ မီးဖိုခန်း၊ နှစ်ယောက်ခန်း နှစ်ခန်းအနက် တစ်ခန်းမှာက ရေချိုးသန့်စင်ခန်းတွဲပြီးသား၊ အခန်းတိုင်း သိပ်အပျံစားကြီး မဟုတ်တောင် အဆင့်မြင့်ပြင်ဆင်မွမ်းမံထားတယ်လို့ ပြောလို့ရတဲ့အနေအထား။ အိမ်ခြံမြေ အကျိုးဆောင်နှစ်ဦးမှာ တစ်ဦးက သဲသဲမဲမဲတိုက်တွန်းတယ်။  အင်းလေ ၀ယ်အောင်ပြောဖို့က သူ့တာဝန်ပဲလို့ တိမ်မင်းစံ တွေးတယ်။ တစ်ဦးကတော့ ခပ်မဆိတ်ပါပဲ။
“ပိုင်ရှင်က နိုင်ငံခြားအပြီးထွက်မှာမို့ နေကို မနေဖြစ်တော့လို့ ဒီလိုဈေးချ ရောင်းတာ၊ မြန်မြန် အရောင်းအ၀ယ်ဖြစ်ဖို့ပဲတဲ့၊ ယူမယ်ဆို ဒီနေ့ပဲငွေချေပေါ့၊ စရန်ချထားခဲ့လို့ ရတာပဲ”
သိန်း ၃၅၀ ဆိုတာ လက်ရှိဝယ်မယ်ဆို ၀ယ်နိုင်တဲ့အနေအထားဖြစ်ပေမဲ့ သူတို့စိတ်ထဲ မတင်မကျ ကြီး ဖြစ်နေတယ်။
“ ကျွန်တော်တို့ ဒီတစ်ညတော့ စဉ်းစားပါရစေ”
“ အချိန်တော့မဆွဲစေချင်ဘူး၊ နေ့စဉ် လာကြည့်သူတဖွဲဖွဲနဲ့ ကျွန်တော့်မျက်စိထဲ ဒီအိမ်လေးက ခင်ဗျားတို့နဲ့ လိုက်ဖက်လို့ ခင်ဗျားတို့ကို ရသွားစေချင်လို့”
အဲဒီလူ ဖုန်းလာလို့ ခပ်လှမ်းလှမ်းမှာ ဖုန်းသွားပြောနေချိန်မှာ ခပ်မဆိတ်လူက သူတို့အနားကပ်ပြီး ခပ်တိုးတိုးပြောတယ်။
“အမှန်ပြောရရင် ဈေးနှုန်းနည်းနေတာ ၀ယ်မယ့်သူမရှိလို့ပဲဗျ ၀ယ်သူမရှိတာက ဒီအိမ်က သရဲခြောက် တယ်လို့ အသံထွက်လို့ပဲ၊ သိတယ်မို့လား၊ မြန်မာပြည်မှာက ဒီလိုအသံထွက်တာနဲ့ ……၊ ခင်ဗျားတို့စိတ်ထဲ မတင်မကျကြီးဖြစ်နေမှာစိုးလို့ အခြေအနေမှန်ကို ပြောပြတာ၊ ကျွန်တော်တော့ မယုံပါဘူးဗျာ၊ ကျွန်တော့် လက်ထဲ ပိုက်ဆံသာရှိကြည့် ကျွန်တော်တော့ ၀ယ်မှာ၊ ဒီခေတ်ထဲ ဒါမျိုးတွေယုံတာ ရူးနေလို့ပဲ ”
ကြယ်ရီလင်းစက်က မိန်းမပီပီ သိချင်စိတ်နဲ့မေးတယ်။
“ ဘယ် ဘယ်လိုများခြောက်လို့လဲရှင်”
“ ဒီလိုလည်း အတိအကျ မရှိပါဘူးဗျာ၊ ပါးစပ်ပြောပါ၊ ပိုင်ရှင်ကို မလိုသူတချို့က အိမ်မရောင်းရအောင် ဈေးကွက်ထဲပစ်တဲ့ အသံတစ်ခုလည်း ဖြစ်နိုင်တာပဲ”
ဖုန်းပြောရာကပြန်လာတဲ့ လူကြောင့် သူတို့စကားပြတ်သွားတယ်။

xxxx

“ ဘယ်လိုလုပ်မလဲ ကိုရယ် ကျမတော့ဒါတွေမယုံပါဘူး ဒါပေမဲ့ ၀ယ်ရမှာစိတ်ထဲ….”
“ ဟာ လင်းစက်ကလည်း ကို လုံးဝမယုံဘူး၊ လင်းစက်သဘောပဲလေ၊ ကိုက ပြဿနာမရှိဘူး၊ ဒီဈေးနှုန်းနဲ့ ဒီလောက်မိုက်တဲ့အိမ်လေးမျိုး နောက်ထပ် ဘယ်မှာမှ မရနိုင်တာတော့ သေချာတယ်”
သိပ္ပံခေတ် အိုင်တီနည်းပညာကလွဲပြီး တခြားဘာကိုမှ မယုံကြည်တဲ့ ခေတ်လူငယ်တွေပီပီ နောက်ဆုံး ၀ယ်မယ်လို့ ဆုံးဖြတ်လိုက်ကြပြီး အိမ်လေးကို မြန်မြန်ဆန်ဆန်ပဲ ရောက်ရှိလာပါပြီ။ ပစ္စည်းတွေ စိတ်ကြိုက် နေရာချကြတယ်။ ရေချိုးခန်း သန့်စင်ခန်းတွဲလျက် အိပ်ခန်းကျယ်ကို သူတို့အတွက် အိပ်ခန်းလုပ်တယ်။ ပိုတဲ့နှစ်ယောက်ခန်းတစ်ခန်းကို တိမ်မင်းစံက လင်းစက် ယူလိုက်တဲ့၊ လင်းစက်ရဲ့ ကွန်ပျူတာနဲ့ အခြား ပစ္စည်းတွေ နေရာချပေးတယ်။ နောက်ထပ်တစ်ယောက်ခန်းမှာ တိမ်မင်းစံက သူ့ကွန်ပျူတာနဲ့ အခြားချိတ်ဆက် ပစ္စည်းတွေ ထားလိုက်တယ်။ လင်းစက်က အ၀တ်အထည် Brand တစ်ခုမှာ ဖက်ရှင်ဒီဇိုင်း တီထွင်ပေးတဲ့ designer၊ တိမ်မင်းစံက Web-Company တစ်ခုမှာ ၀က်ဘ်ဆိုက်တွေရေးတဲ့ web designer ။  အလုပ်ခန်း ထဲမှာ စာအုပ်တွေနဲ့ အလုပ်နဲ့ ဆက်စပ်နေ တဲ့ပစ္စည်းတွေနေရာတကျ ထားသိုတာက ကြာတယ်။ မီးဖိုခန်းမှာ ထမင်းစားစားပွဲ၊ နှစ်ယောက် စာ ပန်းကန်ခွက်ယောက်တချို့၊ rice cooker နဲ့ ကြော်လှော်ချက်ပြုတ်စရာ လျှပ်စစ်ဒယ်အိုး နှစ်လုံး ဒါလောက်ပဲ။ ဧည့်ခန်းမှာလည်း စာအုပ်စင်တစ်ခု၊ ဆက်တီခုံတစ်စုံ က လွဲလို့   အထွေ အထူး နေရာချစရာမရှိဘူး။ သုံး လေးရက် ပစ္စည်းတွေနေရာချ၊ အချောသတ် နေရာချလို့ မပြီးသေးတာတွေ တန်းလန်းထား၊ အလုပ်သွားကြနဲ့  လေးရက်မြောက်နေ့ မနက်အိပ်ရာထမှာ တစ်စုံတစ်ရာကို သတိရမိကြတယ်။
“ လင်းစက် အိပ်ပျော်ရဲ့လား”
“ ပျော်တာပေါ့…ဒါနဲ့ သရဲ ဘယ်မှာလဲ မေ့တောင်မေ့နေတယ်”
“ ဒီနှစ်ယောက် သူတို့အလုပ်နဲ့သူတို့ရှုပ်ယှက်ခတ်နေတာ၊ ငါခြောက်ရင် လှည့်တောင်ကြည့်မှာမဟုတ် ဘူးဆိုပြီး သရဲ အားငယ်လို့ လစ်သွားပြီထင်တယ်”
“ ဒေါက်. . .”‘
“အမလေး ဘာလဲ”
ခုတင်ဘေး ကြမ်းပြင်ပေါ် ပြုတ်ကျလာတဲ့ သတင်းစာခေါက်လို စက္ကူခေါက်တစ်ခု။ တိမ်မင်းစံက ချက်ချင်းပြေး ကောက်တယ်။ ဖွင့်ကြည့်တော့ အိမ်နံရံတွေ အခမဲ့ ဆေးသုတ်ပေးတဲ့ Dream White ရဲ့ ဆေးရောင်စုံလက်ကမ်းကြော်ငြာစာရွက်။
“ ဒါ ဘယ်ကရောက်လာတာလဲ”
“တစ်ယောက်ယောက်လာပစ်ထည့်ရအောင်လည်း ပြတင်းတံခါးမှ ဖွင့်မထားတာ”
“ ပြတင်းတံခါးဖွင့်ထားလည်း ဒီခြံထဲ ဘယ်သူဘယ်လိုဝင်ပေးနိုင်မှာလဲ”
“ အင်းလေ”
ကော်ဖီတစ်ခွက်စီနဲ့ ကိုယ်စီ ကွန်ပျူတာရှေ့ထိုင် အင်တာနက်ဝင်ကြတယ်။ Dream White ရဲ့ Link တွေက တစ်ချိန်လုံး တက်လာနေတာ တွေ့ရတယ်။ ဖတ်ကြည့်တော့လည်း အိမ်သုတ်ဆေးရောင်းချတဲ့ ကုမ္ပဏီဆိုတာကလွဲပြီး အဆန်းမပါ။ သူတို့ဆီက ဆေးဘူးတွေ ၀ယ်ရင် အခမဲ့ဆေးသုတ်ပေးတဲ့ ၀န်ဆောင်မှု ရှိတယ်တဲ့။ တိမ်မင်းစံဆီ လင့်ခ်ပို့ပေးတော့ “ကို့ဆီမှာလည်း လင့်ခ်တွေ ၀င်တယ်”တဲ့။ တစ်အိမ်တည်းနေပြီး တစ်ယောက်တစ်ခန်း ထိုင်၊ အင်တာနက်အသုံးပြုပြီး စကားပြောနေတဲ့အဖြစ်က ရယ်စရာ ကောင်းပေမဲ့ သူတို့ ဒါကို ဘယ်တုန်းကမှ မရယ်မောခဲ့ ကြဘူး။ ဒီပုံစံနဲ့ အသားကျနေခဲ့ပြီးပြီ။
လျှို့ဝှက်ချက်တစ်စုံတစ်ရာကိန်းဝပ်နေတဲ့ အသစ်အဆန်းဆိုရင် စိတ်ဝင်စားတတ်တဲ့လူငယ်ပီပီ “ဆေးသုတ် ကြည့်ရ အောင်၊ အဖြူကို သိပ်မကြိုက်ဘူး”လို့ တိမ်မင်းစံက စလာတယ်။
“ which color”
“ green”
ဖုန်းဆက်လိုက်တော့ လူ ၁၁ ယောက် ရောက်လာတယ်။ ၀န်ဆောင်မှုပေးမယ့်လူတွေ များလှချည့်။ အိမ်ပြင် ၅ယောက်၊ အိမ်ထဲ ၅ယောက်၊ တစ်ယောက်က အတွင်းနဲ့ အပြင် ဆက်စပ်ကြတ်မတ်ညွန်ကြားသူ တဲ့။ တစ်နေ့တည်း အချိန်မကုန်ဘဲ ပြီးစီးသွားမယ် တဲ့။ သူတို့သယ်လာတဲ့ ဆေးသုတ်ရာမှာ အသုံးချမယ့် တန်ဆာပလာကိရိယာတွေကလည်း များလှချည့်။ ခေါက်လှေ ကားတွေနဲ့ ဆေးလှိမ့်တလိမ့်တုံးတွေကလည်း အတို အရှည် အသေးအကြီး အမျိးမျိုးပဲ။ တစ်ရက်တောင်မကြာလိုက်ဘူး။ မွန်းလွဲ ၂နာရီမှာပဲ ပြီးသွားတယ်။ စိမ်းမြမြလေး လှပနေတဲ့ အိမ်ကို တစိမ့်စိမ့် လှည့်ပတ်ကြည့်ပြီး ပျော်နေကြတယ်။ ညအိပ်ကြတော့လည်း အိမ်ခန်းလေးကို နာရီအတော်ကြာ မျက်ကွယ်ပြုပြီး မျက်လုံးပိတ် အိပ်ပစ်ရမှာနှမြောလို့ ကြယ်ရီလင်းစက် တော်တော်နဲ့ မအိပ်နိုင် ဘူး။ မနက်လင်းတော့ အိပ်မက်တစ်ခုထဲ ရောက်နေသလို နှစ်ယောက်လုံးခံစားလိုက်ရတယ်။ မနေ့က စိမ်းမြမြအရောင်တွေ တစ်အိမ်လုံး ရှိမနေကြတော့ဘူး။ မျက်လုံးတွေကို ပွတ်ကြည့်တယ်။ မယုံနိုင်စရာကောင်းလှတယ်။ ဖုန်းဆက်တဲ့အခါ ဒီအဖြစ်မျိုး တစ်ခါမှတော့ မကြုံဖူးဘူးတဲ့။ မပူပါနဲ့၊ ကပ်စတမ်မာစိတ်တိုင်းကျ ထပ်လုပ်ပေးပါမယ်တဲ့။ ၀န်ဆောင်ခလည်းမယူပါဘူးတဲ့၊ ဆေးဖိုးပဲ ပေးပါတဲ့။ အဓိပ္ပာယ်မရှိတာ အစိမ်းသုတ်တာ အစိမ်းမှ ဖြစ်မနေတာ အဖြူရောင်ကြီးပြန်ဖြစ်နေတာ ဆေးဖိုး ထပ်ပေးရဦးမှာ တဲ့လား။ “ကျွန်တော်တို့ မနေ့က အစိမ်း သေချာသုတ်ပေးခဲ့ပါတယ်၊ ကျွန်တော်တို့ဘက်က အမှားအယွင်းမဟုတ်ဘူး”တဲ့။ ဟုတ်တော့လည်း ဟုတ်တယ်၊ ဒီအိမ်ကပဲ တစ်ခုခု မှားယွင်းနေတာလား။ မကျေနပ်ဘူး၊ တိမ်မင်းစံလည်း အဖြေမရှာတတ်ဘူး။ ထားလိုက်ပါတော့ကွာ ကလွဲပြီး ဘာမှမပြောတတ်ဘူး။ နောက်တော့ “ကျွန်တော်တို့အမှားမဟုတ်ပေမဲ့ ကျွန်တော်တို့ ပြန်လုပ်ပေးပါ့မယ် ဆေးဖိုးလည်း တစ်ဝက်ပဲ ပေးပါ ဆိုတဲ့ စကားနဲ့ ကျေနပ်လိုက်ရတယ်။ မနေ့ကအတိုင်း လူအင်အားများများနဲ့ လာသုတ်ပေးတယ်။ နှစ်ယောက် သား ညအိပ်လို့တောင်မပျော်ဘူး။ မှေးခနဲ ပျော်သွားခိုက်မှာ ကြယ်ရီလင်းစက် အိပ်မက်မက်တယ်။ အိပ်မက်ထဲမှာ အိမ်က စကား ပြောတယ်။ “င့ါရဲ့ပင်ကိုလှနေပြီးသားအဖြူရောင်ကို ဘာလို့ အစိမ်းပြောင်းချင်တာလဲ“လို့မေးတယ်။ “အဲဒါ ကျမမဟုတ်ဘူး၊ သူ သူ တိမ်မင်းစံ လုပ်တာပေါ့”ဆိုပြီး ကြယ်ရီလင်းစက်က တိမ်မင်းစံကို လက်ညှိုးတထိုးထိုးနဲ့ ပြန်ပြောတယ်။ အိမ်ဆီက ရယ်သံကြားတယ်။ “ အဲလိုပဲ အဲလိုပဲ ဘယ်လောက်ချစ်ချစ် စိတ်တူကိုယ်တူ လုပ်ထားလည်း အရေးအကြောင်းဆို တစ်ယောက်က တစ်ယောက်ကို အပြစ်လွှဲချတတ်တယ်”တဲ့၊ အမလေး ပမာမခန့် အိမ်ကများ ဆရာလုပ်လို့၊ ကြယ်ရီလင်းစက် စိတ်တွေတိုပြီး လန့်နိုးလာတယ်။ အိပ်မက်ထဲမှာ အိမ် ပြောတဲ့စကား မှန်သားပဲ။ လက်ခံလို့ပဲ အတူတူအစိမ်းရောင်သုတ်ကြပြီး ဘာလို့ အဲဒါ သူ သူ တိမ်မင်းစံ လုပ်တာ လို့ ဘာလို့ လွှဲချမိပါလိမ့်၊ ဒါ ကိုယ့်စိတ်အမှန်ပဲလား။ ကိုယ့်စိတ်ကိုယ် ကြောက်သွားတယ်။ တိမ်မင်းစံ ရော ဘယ်လိုအိပ်မက် မက်နေမှာပါလိမ့်။ အိပ်ပျော်နေတဲ့ ချစ်ရသူခင်ပွန်းသည်ရဲ့မျက်နှာကို ငေးကြည့်ရင်း ဒီလောက်ချစ်ရဲ့သားနဲ့ အရေးကြုံတဲ့အခါ ချစ်သူရှေ့ကနေ စကားလေးတစ်ခွန်းနဲ့တောင် အပြစ်ဝင်ခံပေးဖို့ ဘာလို့ဝန်လေးခဲ့တာလဲ၊ ဒီစိတ်ကို ပြင်မှဖြစ်မယ် လို့ စဉ်းစားမိသွားတယ်။ တိမ်မင်းစံ နိုးလာတော့ သူ့အိပ်မက်ထဲမှာ အိမ်က “လှပြီးသားအဖြူကို မင်းတို့ဘာလို့ အစိမ်းသုတ်တာလဲ၊ ငါစိတ်ဆိုးတယ်” လို့ ပြောတယ်တဲ့။ မြတ်စွာဘုရား။ အိပ်မက်တွေ တူနေပါလား။ စကားလုံးတွေပဲ ကွဲပြားပြီး အဓိပ္ပာယ်လာတူနေ တယ်။ စိတ်လှုပ်ရှားတဲ့အသံနဲ့ မေးလိုက်တယ်။
“ အဲဒီတော့ ကို ကိုက ဘာပြန်ပြောလိုက်လဲဟင်”
“ မင်းတို့ လို့မပြောပါနဲ့ အဲဒါ ကျွန်တော်သုတ်တာ လင်းစက်နဲ့ ဘာမှမဆိုင်ဘူး လို့ အော်ပစ်တာပေါ့၊ အိပ်မက်ထဲမှာ အိမ်ရဲ့ပုံစံက ကြောက်စရာကြီး ဒေါသတွေ ထွက်နေပုံပဲ၊ လင်းစက်ကို တစ်ခုခုလုပ်မှာစိုးလို့ ကို့နောက်မှာ လင်းစက်ကို ၀ှက်ထားရတယ်၊ ကြောက်စရာကောင်းတဲ့အိပ်မက်ပဲ”
ကြယ်ရီလင်းစက် ၀မ်းနည်းသွားတယ်။ အရေးကြုံတဲ့အခါ အိပ်မက်ထဲမှာတောင် ငါ့ကို အကာအကွယ် ပေးပါလား၊ ငါကတော့ အကျင့်မကောင်းဘူး အပြစ်လွှဲချခဲ့တယ်။  ၀မ်းနည်းစိတ်တွေနဲ့ တိမ်မင်းစံရင်ခွင်ထဲ တိုးဝင်ပြီး ငိုပစ်မိတယ်။ ဘာဖြစ်လို့လဲ ဘာဖြစ်လို့လဲ လို့ တိမ်မင်းစံ မေးတော့ အိပ်မက်ကို ပြောပြလိုက်တယ်။
“ အိပ်မက်ထဲမှာ ကို့ကို အပြစ်လွှဲချမိတယ်၊ အားနာလိုက်တာ၊ သနားလိုက်တာ၊ ကိုကတော့ လင်းစက်ကို အကာအကွယ် ပေးခဲ့တယ်”
“ အဲဒါ အရေးမကြီးဘူးထားပါ အိပ်မက်တွေ ဘာလို့တူနေရတာလဲ၊ နေဦး အိပ်မက်ထဲမှာ အိမ်က ပြောသေးတယ်၊ မင်းတို့ လူသားတွေ သိပ်ခက်တာပဲ အဖြူဒီလောက်လှနေတာကို အရောင်အမျိုးမျိုး ဆိုးချင်ကြတယ် အေးပေါ့လေ အရောင်တွေကလည်း sexy ဖြစ်တာကိုး ဒီတော့ တစ်မျိုးပြီးတစ်မျိုး ပြောင်းချင်မှာပဲပေါ့ တဲ့ ”
“ ဟင် အိမ်က အဲလိုပြောတယ် ခေတ်မီတယ်နော်”
ခုမှပဲ နှစ်ယောက်သား ရယ်ရယ်ပြုံးပြုံးဖြစ်သွားကြတယ်။
“ဟုတ်ပါတယ် အဖြူရောင်လေးပဲ ကောင်းပါတယ်”လို့ တိမ်မင်းစံကပြောလိုက်တယ်။ ခုမှ သတိရလို့ နံရံတွေ အိမ့်အပြင် ဘက်တွေ လှည့်ပတ်လိုက်ကြည့်တော့ အိမ်က လိုချင်တဲ့အရောင် အစိမ်းမြမြလေး ဖြစ်နေတာတွေ့တယ်။ ခက်တယ်။ လိုချင်သလို စိတ်တိုင်းကျ ရပြန်တော့လည်း သူတို့ မပျော်တော့ပြန်ဘူး။
“ အစက အဖြူလေးက ပိုလှသလိုပဲနော်”
“ အင်း ဟုတ်တယ်၊ ကိုလည်း ဒီလိုပဲ ခံစားရတယ် အိပ်မက်ကြောင့်လည်း ဖြစ်မှာပါ၊ အိပ်မက်ထဲမှာ အိမ်က သူ့ဒိုင်တွေ ရိုက်သွင်းလိုက်တာကိုး၊ ဒါဖြင့်ရင်လည်း Dream White ကို ဖုန်းဆက်လိုက်မယ်”
“ ဟင် ဘာလုပ်ဖို့”
“ အဖြူ ပြန်သုတ်ပေးဖို့”
“ အမလေး တော်ပါတော့ ကိုရယ်”
နှစ်ယောက်သား ပေါ့ပါးလွတ်လပ်စွာ ရယ်မိကြတယ်။ ဒီအိမ်ရောက်လာတာ ဖြစ်ပျက်တွေ့ကြုံသမျှ တွေက ဆန်းတော့ ဆန်းကြယ်တယ်။ အစိမ်းရောင်သုတ်ပြီး တစ်ညအိပ်အချိန်လေးမှာ အရောင်ပြယ် အဖြူရောင်ပြန်ဖြစ်သွားရတာနဲ့၊ အိပ်မက်တွေတူ နေရတာနဲ့။ ပြတင်းပေါက်မဖွင့်ထားဘဲ ဒေါက်ခနဲ ပြုတ်ကျလာတဲ့ ကြော်ငြာစာရွက်နဲ့။ တစ်ယောက်ယောက်ကို ပြောပြရင် ဘယ်သူမှ လက်ခံယုံကြည်ပေးမှာမဟုတ်ဘူး။ ကြင်စဦးဇနီးမောင်နှံ အပျော်လွန်ပြီး ရူးသွာုးကြပြီ လို့အပြောခံရမှာ သေချာတယ်။
            ဘာပဲဖြစ်ဖြစ် လျှို့ဝှက်ဆန်းကြယ်လိုလိုနဲ့ နည်းပညာခေတ်က ဘ၀နေထိုင်မှုကို လုံခြုံမှု မပေးနိုင်တော့ဘူး လို့ သူတို့ နားလည်လိုက်တယ်။ ကြော်ငြာစာရွက်တစ်ရွက် ပို့သူမရှိဘဲ အိမ်ခန်းထဲ အလိုအလျောက် ဒေါက်ခနဲ ၀င်လာသလိုပေါ့။ ဘယ်အရာ မဆို တံခါးမရှိဓားမရှိ ၀င်ထွက်သွားလာနိုင်အောင် နည်းပညာတွေက အဆင့်မြင့်မြင့် ထိန်းချုပ်ဖမ်းစားထားတယ်။ အဖြေမရှိတဲ့ မနေ့ကကိစ္စတွေကို အတင်းအဓမ္မအဖြေတွက်ထုတ်နေရင် အချိန်ကုန်လူပန်းပြီး မနက်ဖြန်ထဲတိုးဝင်ဖို့ အားအင် ရှိမှာမဟုတ်ဘူး။ ဆန်းပြားတဲ့နည်းပညာနဲ့ ထာဝရထိန်းချုပ်ဖမ်းစားဖို့ တချို့သောအရာဝတ္ထုတွေ ခေါင်းပြူနေချိန်မှာ တစ်ခါသုံးစက္ကူတစ်စလို လွင့်ပျောက်သွားတဲ့ တချို့သော အရာဝတ္ထုတွေလည်း ရှိနေမှာပဲ။
ကြယ်ရီလင်းစက်က စိုးထိတ်တဲ့မျက်ဝန်းလေးတွေနဲ့ တိမ်မင်းစံကို ကြည့်ရင်းပြောတယ်။
“နောက်တစ်ခါ ကြော်ငြာစာရွက်တစ်ရွက် အခန်းထဲဒေါက်ခနဲ ပြုတ်ကျလာဦးမှာလားပဲနော်…”
“ ဘာဖြစ်လဲ၊ သုံးကြည့်တာပေါ့၊ အသုံးမတည့်တော့လည်း လွှင့်ပစ်ရုံပေါ့”
“ ‘အိမ်ထဲမှာ သရဲ ရှိနေတာလား…” ကြယ်ရီလင်းစက်က စိတ်ပူစွာထပ်မေးတယ်။
“ အိမ်ထဲမှာသရဲရှိတယ်ဆိုဦးတော့ ကိုယ်တတ်နိုင်တဲ့ငွေကြေးနဲ့ အပိုင်ဝယ်၊ ကိုယ်ချစ်တဲ့သူနဲ့အတူ နေရတယ်ဆိုတာ အမြတ်ပေါ့ ”
“ အင်း. . . .”
“သရဲတစ်ကောင်ခြောက်နေတယ်လို့ပဲ သဘောထားလိုက်တော့၊ ကြောက်နေလို့တော့မဖြစ်ဘူး၊ ဒီလိုပဲ နပမ်းလုံးပြီး စခန်းသွားရမှာပဲ၊ လင်းစက်ကြောက်လို့လား၊ ကိုတော့ လုံးဝမကြောက်ဘူး၊ အနားမှာ လင်းစက်ရှိနေလို့ ပျော်စရာ တောင် ကောင်းသေး၊ လင်းစက်သာ မရှိရင်တော့ ကြောက်မိမှာပေါ့၊ အခု လင်းစက်ကို အကာအကွယ်ပေးချင်တဲ့ စိတ်တွေနဲ့ အရင်က ထက်ပို ရဲရင့်နေတယ်ဗျ” လို့ တိမ်မင်းစံကပြောတယ်။

xxxxx
အသစ်အဆန်းပေါ်ထွက်လာတိုင်း စိတ်ဝင်စားတတ်တဲ့လူတွေနဲ့ အရောင်အမျိုမျိုးပြောင်းလဲနေတတ်တဲ့ စိတ်တွေကြောင့် ကြော်ငြာစာရွက်တွေဟာ ကမ္ဘာကြီးအနှံ့ ပလူပျံနေကြတယ်။
မနက်ခင်းတစ်ခုမှာ ဒေါက်ခနဲ အသံတစ်သံကြားတယ်။
“ကိုရေ …”
ကြယ်ရီလင်းစက်က တိမ်မင်းစံကို လှုပ်နိုးပြီး ကြမ်းပြင်တစ်နေရာဆီ မျက်စပစ်ပြတယ်။ ခုတင်ပေါ်ကဆင်းပြီး ဖွင့်ဖောက်ဖြန့်ကြည့်လိုက်တော့ ဆိုဖာ ဆက်တီခုံလှလှလေးများ ရမည် Colorful Dream တဲ့။ တစ်လတစ်ခါ ဒါမှမဟုတ် စိတ်ကူးပေါ်လျှင်ပေါ်သလို အမျိုးမျိုးအဖုံဖုံ လဲလှယ် သုံးစွဲနိုင်အောင် ၀န်ဆောင်မှုပေးသွားမည်တဲ့။ ပစ္စည်းအသယ်အပို့အတွက် ၀န်ဆောင်ခပေးရန်မလို၊ အခမဲ့…..။
ကြယ်ရီလင်းစက်က သူ့အလုပ်ခန်းထဲ အပြေးသွားပြီး ကွန်ပျူတာဖွင့်လိုက်တယ်။ Colorful Dream ကို အင်တာနက်ထဲ ရှာနေချိန်မှာ တိမ်မင်းစံက မီးဖိုခန်းထဲဝင်ကာ ရေနွေးကျိုတယ်။ နေ့တိုင်း ဒီကော်ဖီဖျော်သောက်ရတာ ငြီးငွေ့နေသလိုပဲ။
“ဒေါက်”
 မီးဖိုခန်းထဲ ပြုတ်ကျလာတဲ့ ကြော်ငြာခေါက်တစ်ရွက်၊ ဖွင့်ဖောက်ဖတ်လိုက်တယ်။ Dream Coffee..။ သရဲအသစ် တစ်ကောင်။ တံဆိပ်အမှတ်အသား အသစ်အဆန်းတစ်ခုဟာ သရဲတစ်ကောင်လို သူတို့အိမ်ထဲကို ၀င်လာနေလိမ့်ဦးမယ်လို့ သိလိုက်တယ်။ အိမ်တိုင်းမှာ သရဲတွေ ရှိတယ်။

စုမီအောင်