Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, May 29, 2014

ညွှန်းတဲ့ ရုပ်ရှင်


Edge of Tomorrow
Action / Sci-Fi 
Warner Bros. Pictures, Roadshow Entertainment (Australia & New Zealand)
ဒါရိုက်တာ - Doug Liman
ထုတ်လုပ်သူ - Erwin Stoff, Tom Lassally, Jason Hoffs, Gregory Jacobs, Jeffrey Silver
ဇာတ်ညွှန်း - Christopher McQuarrie, Jez Butterworth, John-Henry Butterworth
ဝတ္ထု - All You Need Is Kill by Hiroshi Sakurazaka
သရုပ်ဆောင်များ - Tom Cruise, Emily Blun

"ရှင် နိုးထပြီဆိုရင် ကျွန်မကို လာရှာနိုင်မလား" တိုက်ပွဲတစ်ခုမှာ ကေ့ခ်ျ (Tom Cruise) တစ်ခါသေဆုံးသွားတိုင်း ရီတာ (Emily Blunt) စိုးရိမ်ပူပန်စွာ မှာတတ်ခဲ့မြဲ။ ကေ့ခ်ျဆိုတဲ့ အရာရှိလေးဟာ အရင့်အရင်ကတိုက်ပွဲဆိုတာ မကြုံခဲ့စဖူး။ တစ်နေ့ လေယာဉ်ပေါ်မှာ ကေ့ခ်ျနဲ့အတူ တပ်သားတွေအစီအရီပါလာတဲ့နေ့မှာ ဗြုန်းစားဒိုင်းစားကြီးပဲ အချိန်လှည့်ပတ်နေတဲ့တိုက်ပွဲတစ်ခုထဲ ပစ်သွင်းခံလိုက်ရတယ်။ ပြေးဝင်လာတဲ့ရန်သူ၊ ဘယ်သူတွေလဲ ဆန်းစစ်မနေအားဘူး။ မိနစ်ပိုင်းအတွင်း တိုက်ခိုက်သတ်ဖြတ်လိုက်ရတယ်။ အဲဒီတိုက်ပွဲဟာ အင်မတန်ကြမ်းတမ်းရက်စက်တယ်။ အခါခါတိုက်ခိုက်ရတယ်၊ ထပ်ခါထပ်ခါ သေအံ့ဆဲဆဲအခြေအနေမျိုးကြုံဆုံစေတယ်။ ကေ့ခ်ျပြန်နိုးထရပြန်တယ်။ ပြီးရင်တော့ တိုက်ပွဲက လာပြန်ဦးတော့မယ်။ ဒါပေမဲ့ တိုက်ပွဲတစ်ခုစီမှာ ကေ့ခ်ျရဲ့ တိုက်ခိုက်စွမ်းရည်တိုးတက်လာတယ်။ ပြိုင်ဘက်ရန်သူကို ဘယ်လိုထိန်းကျောင်းသုတ်သင်ရမလဲ ပိုပြီးသိလာတယ်ပြောရမယ်။ ကေ့ခ်ျကို သင်ကြားပေးနေတာက အထူးတပ်ဖွဲ့စစ်သည်မိန်းကလေး ရီတာဗရာတာစကီပါ။ ရီတာက အချိန်ပတ်လမ်း တိုက်ပွဲအကြောင်းကို နားလည်သဘောပေါက်နေသူလေး၊ ဘယ်လိုတိုက်ခိုက်ရမယ်ဆိုတာ ကေ့ခ်ျကိုလမ်းပြနိုင်သူလေးပေါ့။ ကေ့ခ်ျ နဲ့ ရီတာတို့ ဂြိုဟ်သားတွေကို တိုက်ခိုက်ကြတဲ့အခါ တိုက်ပွဲတစ်ပွဲ ပက်ပင်းကြုံတိုင်း ရန်သူကိုကျရှုံးဖို့ တစ်ဆင့်ပို ပြီး နီးကပ်သွားစေတယ်တဲ့။ အဲဒီ အချိန်ပတ်လမ်းတိုက်ပွဲကို ဆင်နွှဲစေသူက ဂြိုဟ်သားတွေပဲလား။ နောက်ထပ်တကယ့်ရန်သူရှိနေသေးလား။ ရီတာကတော့ သူမကို မပြတ်လာရှာဖို့ မှာနေခဲ့တာပါ။ Edge of Tomorrow ရဲ့ ဇာတ်ကောင်ကေ့ခ်ျအဖြစ် မူလက ဘရက်ပစ်ထ်ကို ရည်မှန်းထားခဲ့ကြတယ်။ ဇာတ်ဝင်ခန်းတွေအားလုံးဟာ Harry Potter ဇာတ်လမ်းတွဲတွေထဲက အပြင်အဆင်တွေနဲ့ အားလုံးနီးပါးတူနေပါတယ်လို့လည်းဆိုကြတယ်။ ရုပ်ရှင်ထဲက ပရိသတ်တွေစိတ်ဝင်စားကြမယ့် ဖုန်အလိမ်းလိမ်းညစ်ထပ်ထပ်ကားအိုကားဟောင်းဟာ Citroën CX ပြင်သစ်လုပ်ကားဖြစ်နေပါသတဲ့။

Planes : Fire & Rescue
Animation / Adventure / Comedy 
Walt Disney Studios, Motion Pictures
ဒါရိုက်တာ - Bobs Gannaway
ထုတ်လုပ်သူ - Ferrell Barron
သရုပ်ဆောင်များ - Dane Cook as Dusty Crophopper, Julie Bowen as Lil' Dipper, a Super Scooper, Curtis Armstrong as Maru, a forklift, Ed Harris as Blade Ranger, a veteran fire-and-rescue helicopter, Wes Studi as Windlifter, a heavy-lift helicopter, Dale Dye as Cabbie, an ex-military transport plane, Regina King as Dynamite, a member of The Smokejumpers, Corri English as Pinecone, a member of The Smokejumpers, Bryan Callen as Avalanche, a member of The Smokejumpers, Danny Pardo as Blackout, a member of The Smokejumpers, Matt Jones as Drip, a member of The Smokejumpers

Planes: Fire & Rescue ဟာ သေသပ်ထူးခြားတဲ့ 3D ကွန်ပျူတာဖန်တီးမှုအရသာပြည့်ပြည့်ဝဝ ခံစားနိုင်မယ့် ဇာတ်မြူးစွန့်စားခန်းအမေရိကန်ရုပ်ရှင်ပါ။ ၂၀၁၃ ခုနှစ်က ပြသခဲ့တဲ့ Planes ရဲ့ နောက်ဆက်တွဲရုပ်ရှင်ဖြစ်ဖြစ်ပြီး Pixar animation studios ရဲ့ အောင်မြင်ခဲ့တဲ့ Cars ရုပ်ရှင်ပုံစံဖန်တီးခဲ့ကြပါတယ်။ လူထူထူရှေ့မှာ ရယ်မောပျော်ရွှင်ဖွယ်ရာသရုပ်ဆောင်ရတာနှစ်သက်လေ့ရှိတဲ့ Dan Cook က ကမ္ဘာ့ကျော်ပြိုင်ပွဲဝင်လေယာဉ် ဒတ်စ်တီခရော့ပ်ဟော့ပါ အဖြစ် အသံသရုပ်ဆောင်ထားပါတယ်။ ဒတ်စ်တီရဲ့ အင်ဂျင်ဟာ ထိခိုက်ပျက်စီးနေပြီ။ သူ ဘယ်တော့မှ ထပ်ပြီးယဉ်ပြိုင်နိုင်မှာမဟုတ်တော့ဘူး။ အဲဒီအချိန် ဒတ်စ်တီ ဂီယာအရှိန်အပြောင်းအလဲပြုလုပ်ရင်းနဲ့ တောမီးလောင်ကျွမ်းနေတဲ့နေရာကို ရောက်ရှိသွားခဲ့တယ်။ မီးသတ်ကယ်ဆယ်ရေးရဟတ်ယာဉ်စစ်ပြန်ကြီး ဘလိတ်ဒ်ရိန်းဂျား (Ed Harris) နဲ့အတူ ကယ်ဆယ်ရေးအတွက် ဒတ်စ်တီပူးပေါင်းလိုက်တယ်။ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံလှတဲ့ ဘလိတ်ဒ်ရဲ့ အဖွဲ့ထဲမှာ လီတဲလ်ဒစ်ပ်ပါ (Julie Bower)၊ လေးလံတဲ့ပစ္စည်းတွေကို သယ်ပိုးယူဆောင်ရတဲ့ ရဟတ်ယာဉ် ဝင်ဒီဖစ်ထ်ထာ (Wes Studi) ၊ စစ်တပ်သယ်ယူပို့ဆောင်ရေးဟောင်း ကက်ဘီး (Dale Dye) နဲ့ အမြဲဖျတ်လတ်တက်ကြွနေကြတဲ့ မြေပြင်ကားတပ်သားတွေဖြစ်တဲ့ စမုတ်ကီဂျန့်ပ်ပါး တွေပါဝင်နေကြတယ်။ ပြင်းထန်လှတဲ့ အလျှံညီးညီးမီးတောက်တွေကြားတဲ့ ကြောက်ရွံ့ခြင်းကင်းမဲ့ကြတဲ့ တပ်သားတွေအတူတကွတိုက်ပွဲဝင်ရင်း ဒတ်စ်တီ သင်ယူလေ့လာနိုင်ခဲ့တာက စစ်မှန်တဲ့သူရဲကောင်းတစ်ဦးရဲ့ ဖြစ်တည်မှုကိုပါ။ ကလေးငယ်လေးတွေနဲ့အတူ မိသားစုကြည့်ရှုနိုင်ကြမယ့် ချစ်ခင်နှစ်သက်စရာရုပ်ရှင်လေးပါ။

Transformers: Age of Extinction
Action / Adventure / Sci-Fi 
Paramount Pictures
ဒါရိုက်တာ - Michael Bay
ထုတ်လုပ်သူ - Don Murphy, Tom DeSanto, Lorenzo di Bonaventura, Ian Bryce
ဇာတ်ညွှန်း - Ehren Kruger
ဝတ္ထု - Based on Transformers  by Hasbro
သရုပ်ဆောင်များ - Mark Wahlberg, Nicola Peltz, Jack Reynor
အကုန်အကျကြီးမားလှတဲ့ရုပ်ရှင်တွေ ဖန်တီးရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာလို့ နာမည်ကျော်တဲ့ Michael Bay ရဲ့ Transformers ဇာတ်လမ်းတွဲတွေမှာ လေးကားမြောက်ရုပ်ရှင်ပါ။ အဓိကဇာတ်ကောင် မော်တော်ကားမက္ကင်းနစ် ကိတ်ဒ်ရီးဂါ အဖြစ် Mark Wahlberg က သရုပ်ဆောင်ထားပါတယ်။ ချီကာဂိုကို ကျူးကျော်တိုက်ခိုက်ပြီး လေးနှစ်ကြာတဲ့အခါ အဲဒီအချိန်နဲ့စထားတယ်။ အရင် Transformers တွေလိုပဲ ဒါရိုက်တာရဲ့အစွမ်းပြထားတဲ့ရိုက်ချက်တွေမရပ်မနားတမ်းမို့ ရင်တထိတ်ထိတ်ကြည့်ရှုရဦးမယ့် ရုပ်ရှင်ပါပဲ။ စတီဗင်စပီးဘာ့ဂ်ကလည်း ထုတ်ဝေသူအဖြစ်ပါဝင်ထားပါတယ်။ ကိတ်ဒ် နဲ့ သမီးငယ် တက်စာ (Nicola Peltz) တို့ ရှာဖွေတွေ့ရှိသွားခဲ့တဲ့ တီထွင်မှုနောက်ပိုင်း ထွက်ပေါ်လာတဲ့အော်တိုဘော့ထ်တွေကို သင်္ကာမကင်းဖြစ်ခဲ့တဲ့အစိုးရအရာရှိတွေက သေသေကြေကြေတားဆီးကြတော့တယ်။ အဲဒီတော့ လူသားတွေရယ် အော်တိုဘော့ထ်တွေ၊ ပြီးတော့ ကြီးမားကြမ်းတမ်းလှတဲ့ ဒိုင်နိုဘော့ထ်တွေ ပစ်ခတ်တိုက်ခိုက်ကြတဲ့အထူးပြုလုပ်ချက်တွေဟာ မရိုးနိုင်အောင်ဆန်းပြားနေဆဲပါ။ Transformers ပရိတ်သတ်တွေကို စွဲဆောင်နေဦးမှာပါ။ Age of Extinction မှာ ဇာတ်ကောင်အသစ်စက်စက်တွေဖြစ်တဲ့ Dinobot တွေကို ထူးထူးခြားခြား ဖန်တီးထားပါတယ်။ လူသားတွေအဖြစ် ကိတ်ဒ်၊ ကိတ်ဒ်ရဲ့ သမီးလေး တက်စာ၊ တက်စာရဲ့ ချစ်သူ ရှိန်းဒိုင်စန် (Jack Reynor)၊ ကိုယ်ပိုင်ရိုဘော့ထ်တွေတည်ဆောက်ချင်တဲ့ ဂျော့ရှုဝါ (Jack Reynor) ဂျော့ရှုဝါရဲ့ လက်ထောက်ဘူမိဗေဒပညာရှင် ဒါဆီ (Sophia Myles) နဲ့ အစိုးရအရာရှိအဖြစ် ဟာရိုးလ်ဒ်အက်တင်ဂျာ (Kelsey Grammer) ၊ ကိတ်ဒ်ရဲ့ သိပ်ချစ်တဲ့သူငယ်ချင်း လူးကပ်စ် နဲ့ အစိုးရအရာရှိအဖွဲ့သားတွေရယ်၊ Autobot တွေရယ်၊ Dinobot တွေရယ်၊ ရန်ဘက် transformer တွေဖြစ်တဲ့ ဂဲလ်ဗာထရွန်၊ လော့ခ်ဒေါင်း၊ စတင်ဂျာ နဲ့ ဂျန့်ခ်ဟိပ် တို့လည်း ပါဝင်ကြတယ်။ လူသားနဲ့ ရိုဘော့တွေရဲ့ အမျိုးမျိုးပြောင်းလဲတိုက်ခိုက်ကြဦးမယ့် Transformer အသစ်က စိတ်ဝင်စားစရာပါ။

The Fault in Our Stars
Drama / Romance 
20th Century Fox
ဒါရိုက်တာ - Josh Boone
ထုတ်လုပ်သူ - Wyck Godfrey, Marty Bowen
ဇာတ်ညွှန်း - Scott Neustadter, Michael H. Weber
ဝတ္ထု - Based on The Fault in Our Stars by John Green
သရုပ်ဆောင်များ - Shailene Woodley, Ansel Elgort
ဟေဇယ်ဂရေစ့် (Shailene Woodley) နဲ့ သြဂတ်စ်စတပ် (Ansel Elgort) တို့နှစ်ယောက်ရဲ့မျှော်လင့်ခြင်းကြယ်ပွင့်လေးတွေဟာ အမှားအယွင်းတွေရှိနေတဲ့ဘဝနှစ်ခုကြားထဲမှာ လင်းလက်နိုင်ဖို့လူးလူးလွန့်လွန့် အားယူကြိုးစားနေကြရှာတယ်။ မာရေကျောရေနိုင်လှတဲ့ရယ်မောမှုနဲ့ နေ့တိုင်းကို မထီမဲ့မြင်ပြုလို့ မျှော်လင့်ခြင်းမဲ့လျှောက်လမ်းနေကြတယ်။ ဟေဇယ်က ကျူမာသေးကျုံ့သွားဖို့ဆေးကုသမှုခံယူထားရတဲ့ ကင်ဆာဝေဒနာရှင်လေး။ ရောဂါစစ်တမ်းအရဆိုရင်တော့ နောက်ဆုံးအဆင့်အဖြစ်သတ်မှတ်ထားကြတယ်။ အမြဲတမ်းအဖော်အပေါင်းအဖြစ် အောက်စီဂျင်ပိုက်လေးကိုဆောင်ထားရတယ်။ သြဂတ်စ်စတပ်ကတော့ ထူးခြားခမ်းနားလွန်းတယ်။ သူ့ရဲ့ ခြေထောက်အတုကို ဟာသတစ်ခုအဖြစ် ရယ်ကာမောကာသတ်မှတ်နိုင်သူ၊ ကောင်းမွန်စွာအသုံးချနိုင်သူ ဘတ်စ်ကက်ဘောကစားသမားတစ်ဦး ဖြစ်နေတယ်။ သူတို့နှစ်ဦးလုံး ကင်ဆာထောက်ပံ့ရေးအသင်းအဖွဲ့တစ်ခုမှာ တွေ့ဆုံခဲ့ကြတယ်။ သူတို့နှစ်ဦးရဲ့ ကြယ်လေးတွေ လူးလွန့်လင်းလက်ရာက တောက်ပရွှန်းလဲ့လာကြပြီ။ သူတို့ တစ်ဦးကိုတစ်ဦးအထောက်အပံ့ပေးခဲ့ကြပြီ။ The Fault in Our Stars ဝတ္ထုဟာ YouTube Video blogger အမေရိကန်စာရေးဆရာ လူငယ်တစ်ဦးဖြစ်တဲ့ Michael Green ရဲ့ လေးအုပ်မြောက်ဝတ္ထုဖြစ်ပြီး ၂၀၁၂ ဇန်နဝါရီလ The New York Times ရဲ့ အရောင်းရဆုံးနံပါတ် ၁ အဖြစ်ရွေးချယ်ခံရပါတယ်။ Green ဟာ ၂၀၁၄ မှာ Time မဂ္ဂဇင်းရဲ့ ကမ္ဘာ့အလွှမ်းမိုးနိုင်ဆုံးပုဂ္ဂိလ် ၁၀၀ ထဲက တစ်ဦးဖြစ်ခဲ့သူပါ။
ဖြိုးဖြိုး
(Yati Magazine, June, 2014)