Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, May 21, 2014

နောက်တစ်ကြိမ် အိမ်ပြန်လာခွင့်ရတဲ့အခါ

Living Fashion Magazine,
June, 2014
သင်္ကြန်အားလပ်ရက်တွေ မွေးရပ်ဇာတိက အိမ်ကို သင်းသင်း အလည်ပြန်ရောက်ဖြစ်တော့ အိမ်မှာ မေမေ နဲ့ အတူနေထိုင်တဲ့ မမကြီးရယ်၊ သူ့သားလေးရယ် မြူးထူးပျော်ရွှင်စွာဆီးကြိုကြလေတယ်။ သင်းသင်း မွေးဖွားခဲ့ရာအိမ်ကြီးကလည်း လှလှပပ ခန့်ထည်စွာပဲ ကြိုဆိုနေတာပါပဲ။ အပြင်ဘက်အုတ်နံရံ က ဝင်ဝင်ချင်း ညာဘက်မှာ အမိုးအကာလေးရှိနေတယ်။ အိမ်မကြီးရယ်၊ ဘေးက အဆောင်၊ အောက်ထပ်က မီးဖိုခန်း အပေါ်မှာတော့ မေမေနေတဲ့အခန်း၊ အိမ်မကြီး အပေါ်ထပ်မှာ ဘုရားခန်း ဧည့်ခန်းကျယ်ကျယ်ရယ်၊ အိပ်ခန်းကျယ်တစ်ခန်း၊ အိပ်ခန်းငယ်တစ်ခန်း၊ အိမ်အောက်ထပ်မှာတော့ ဧည့်ခန်းရယ် အိပ်ခန်းကျယ်တစ်ခန်း၊ နောက်ဘက်မှာ အခန်းလေးတွေ ရှိနေသေးတယ်။ မေမေ့အခန်းကထွက်ရင် မေမေ့တစ်ယောက်သုံးရေချိုးခန်း နဲ့ ရေစင်ရှိလေတယ်။ အောက်မှာတော့ သန့်စင်ခန်း ရေချိုးခန်းတို့ပေါ့။ ခမ်းနားကြီးကျယ်လွန်းတဲ့အိမ်မဟုတ်ပေမဲ့လည်း မေမေ နဲ့ မမကြီးတို့ အတွက်တော့ လုံလောက်ကျယ်ပြန့်စွာရှိနေတဲ့အိမ်ပေါ့။ 


သင်းသင်းအိမ်ကို ပြန်မရောက်တာကြာပဲကြာလှပြီ။ အဲဒီနံနက်ခင်း စောစောလေးမှာ သင်းသင်းတော့ မီးဖိုခန်းထဲ ရောက်နေပြီ။ မေမေ ချက်ပြုတ်ပေးထားတဲ့ ဆီထမင်းအိအိလေး မမကြီးဖွယ်ဖွယ်ရာရာပြင်ထားပေးတဲ့ မနက်စာ၊ စားစရာတွေများ မသေးလှတဲ့ စားပွဲပေါ်မှာဖြင့် ပြည့်နှက်လို့နေတာကိုကြည့်ပြီး ဘာကို ဆွဲယူစားလိုက်ရမှန်းကို မသိနိုင်အောင်ပဲ။ 

"မမကြီးရာ ဟင်းတွေက များလှချည့်၊ သင်းသင်းတော့ ဘာစားရမှန်းမသိတော့ဘူး၊ ရှမ်းခေါက်ဆွဲလည်းစားချင်တာပဲ၊ မေမေ့ ဆီထမင်းအိအိလေးလည်း စားချင်ပြန်ရော၊ ဒီမှာ ငါးပိချက်လည်းရှိသေးတယ်။ ဟယ် အတို့အမြှုပ်တွေလည်း စုံလို့ပဲတော့။ ပိန္နဲသီးပြုတ်လေးကို သုပ်ထားတာရော၊ ကော်ဖီလည်းသောက်ချင်သေးတာ၊ လုပ်ကြပါဦး သင်းသင်းတော့ ဝလာတော့မှာပဲ"

"သင်းသင်းရေ စားချင်တာသာ စားနိုင်သလောက်သာစားပါ၊ မေမေကလေ သူ့သမီး သင်းသင်းအတွက်တဲ့ ဆီထမင်း မနက်အစောကြီးထဲက ချက်နေတာ။ မမကြီးကလည်း ရွှေပဲရွက်လေးတွေရှိနေတော့ ရှမ်းခေါက်ဆွဲလေးကျွေးချင်တာနဲ့၊ ထလုပ်လိုက်တာ။ အစပ်အဟပ်မတည့်တော့ဖြစ်နေမှာပဲ။ မနက်က အကြော်သည်ဆီက အကြော်စုံလေးရယ်၊ ပဲပြုတ်လေးရယ်လည်း ဝယ်ထားလိုက်သေးတယ်။ သူ့အကြော်ကကောင်းလို့လေ၊ ပဲပြုတ်လေးကလည်း အိနေတာပဲ၊ စား စား၊ စားနိုင်သလောက်စား။ နေ့လည် မုန့်လက်ဆောင်းလည်းလုပ်ဖို့ ထန်းလျက်ရည်ကြိုထားနှင့်ပြီ"

မမကြီးစကားမဆုံးခင် သင်းသင်းကတော့ စားနှင့်လေပြီ။ စားရင်းနဲ့ပဲ စကားတွေ တွတ်တီတွတ်တီ တွတ်ထိုး ရယ်မောပြောဆိုတာပေါ့။ မီးဖိုခန်းထဲကနေ အိမ်မကြီးဘက်လည်း လှမ်းကြည့်၊ အပြင်ဘက်က လှမ်းမြင်နေရတဲ့ ပုန်းညက်ပင်၊ သင်္ဘောပင်ပေါက်လေးတွေ ဟိုး အိမ်ရှေ့ဝင်ပေါက်ဘေးက အရိပ်ရလှတဲ့ ဗာဒံပင်ကြီးရယ် မျက်စိထဲ ဝင်သမျှကြည့်မိနေသေး။ မွေးရပ်ဇာတိအိမ်ဆိုတာမျိုးက ငယ်ငယ်လေးကတည်းက ဆော့ကစားကြီးပြင်းလာခဲ့တာမဟုတ်လား။ ဘယ်နေရာကြည့်ကြည့် အရာအားလုံးဟာ ရင်းနှီးကျွမ်းဝင်နေတော့တာပဲ။ ချစ်ခင်နှစ်သက်စရာပေပဲ။ အိမ်ကြီးမှာ မမကြီးပြင်ဆင်မွမ်းမံထားတာတွေလည်း တွေ့ရပါရဲ့။ နံရံတွေမှာ သုတ်ထားတဲ့ နို့စိမ်းရောင်လေးတွေနဲ့ ကြည်ကြည်စင်စင် ရှိနေသား။ ဒါပေမဲ့ တချို့နေရာတွေမှာတော့ ဆေးသားတွေ ကွာကျနေကြပြီ၊ ဆေးသားကွာကျနေတဲ့နေရာလေးတွေမှာ ပေါ်လာတဲ့အတွင်းသားတွေဟာ ဆေးမှုန်ဆေးသား ထုံးအင်္ဂတေသားတွေ အလိပ်အလိပ်ကွာကျ၊ ခပ်မွမွပြန့်ကျဲလို့နေတာပေါ့။

"မမကြီး နို့စိမ်းရောင်လေးသုတ်ထားတာ လှသားပဲ။ ဟိုမှာ ကြည့်ပါဦး ကွာကျနေတဲ့ နေရာတွေကတော့ ရုပ်သိပ်မလှတော့ဘူး ခစ်ခစ်။ ဆေးပြန်သုတ်ရရင်ကောင်းမှာပဲ"

"အမလေး မိသင်းသင်းရေ မမကြီး ပြီးခဲ့တဲ့နှစ်က ဆေးသုတ်ထားတာပါနော်။ ကွာကျတဲ့နေရာတွေက မသုတ်ဘဲ ကျန်နေသေးတဲ့ နေရာတွေလေ။ ဆေးသုတ်ခကလည်း လုပ်အားခအပါအဝင်ကို တသိန်းခွဲလောက်ယူတယ်ကွယ်။ မမကြီးကလည်း ဆေးတွေအကြောင်း သိပ်သိလှတာမဟုတ်တော့ သူတို့ လိုသလောက် ဟိုဟာလိုမယ်ဆို ဝယ်၊ ဒီဟာလိုမယ်ဆို ဝယ် ပိုက်ဆံ ထုတ်ပေးရ၊ အလုပ်သမားလည်း သုံးယောက်လောက်ခေါ်လာတာ၊ ဆေးသုတ်လိုက် စကားတွေထိုင်ပြောလိုက်၊ မမကြီးက ရေနွေးကြမ်းအမြည်းလေးချပေးရနဲ့ ဟုတ်နေတာပဲ။ ဒီနှစ်တော့ မသုတ်နိုင်သေးဘူး သင်းသင်းရေ၊ အိမ်ရှေ့မှာ အုန်းပင်ကြီး ပြိုလဲပါရောလား၊ အုတ်တံတိုင်းတောင် ပဲ့ကျသွားလို့ အသစ်ပြန်လုပ်ထားရသေးတာ၊ အဲဒီအပိုင်းတောင် ဆေးမသုတ်ရသေးဘူး။ အိမ်တောင်ဘက်နံရံကလည်း ဗြောင်ကြီးပဲ မသုတ်ရသေးပါဘူး၊ သင်းသင်း တွေ့တယ်မဟုတ်လား"

"ဟုတ်လား၊ သင်းသင်း သွားကြည့်ဦးမယ်"
သင်းသင်းလည်း ဗိုက်ထဲ အစားတော်တော်ပြည့်သွားတာမို့ ကော်ဖီခွက်လေးကိုင်ပြီး အိမ်တောင်ဘက်ကို ထွက်ခဲ့တာပေါ့။ သင်္ဘောပွင့်လေးခက်လက်ဝေဖြာနေတဲ့ သင်္ဘောပင်ခပ်ရွယ်ရွယ်လေးတွေ၊ အပွင့်ဖြူဖြူ အဖူးအငုံတွေဝေဝေဆာဆာနဲ့ စံပယ်ပင်လေးတွေ၊ ငှက်ပျောပင်ပျိုလေးတွေတောင်တွေ့ရသေးရဲ့။ သင်းသင်း သဘောအကျဆုံးကတော့ အရိပ်ကောင်းကောင်းလွှမ်းခြုံမိုးထားပေးနိုင်တဲ့ ဗာဒံပင်လေး အိမ်ရှေ့အုတ်နံရံအပြင်ဘက်ဘယ်ဘက်ခြမ်းမှာရှိနေတယ်။ ဗာဒံပင်တွေရဲ့ အရွက်အခက်တွေဟာအထပ်အလွှာလိုက်လေးတွေ၊ အရွက်တွေပြည့်ကျပ်နေပြီး အရိပ်ရလှတယ်။ ဒီဗာဒံပင်လေးကတော့ အလွှာသုံးလွှာလောက်ရှိနေတယ်။ အဝင်ဂိတ်သံတံခါးမှာ အနက်နဲ့ ရွှေရောင်လေးစပ်ထားလို့ အရောင်လိုက်ဖက်မှုရှိသား။ ဆေးတချို့ကတော့ ကွာလွင့်နေကြပြီ။ အဲဒီနေရာလေး ဆေးပြန်သုတ်ရရင်ကောင်းမှာပဲ။ 

ဟော တွေ့ပြီပေါ့ မမကြီးပြောတဲ့ အုန်းပင်လဲကျတုန်းက အုတ်နံရံပြိုထားတယ်ဆိုတဲ့နေရာ၊ အင်္ဂတေသားအရောင်အတိုင်း ဆေးမသုတ်ရသေးတော့ ဘေးအုတ်နံရံ အကန့်တွေနဲ့ အစပ်အဟပ်မတည့်လှတဲ့ အပိုင်းလေးဖြစ်နေတော့တာပေါ့။ ပြီးတော့ တောင်ဘက်ပိုင်း နံရံအပြည့်ကြီးကလည်း လုံခြုံပေမယ့် တောက်တောက်ပပမရှိတဲ့ နံရံတစ်ခုဖြစ်နေသေးတယ်။ ဒီနံရံလည်း ဆေးသုတ်ရမှာပဲ။ ပြီးတော့ သင်းသင်းသဘောကျလှတဲ့ စွယ်တော်ပင်ပျိုလေး။ ပင်ပျိုလေးတော့မဟုတ်လောက်တော့ဘူး။ အခက်အလက်အရွက်ဝေဆာစွာနဲ့ နုနွဲ့ကိုင်းဖြာလို့နေပြီ။ သူလေးကတော့ သနားစရာရယ်။ မြေနေရာတွေအကုန်လုံးကို တမံသလင်းခင်းလိုက်လေတော့ စွယ်တော်ပင်လေးဟာ ခင်းထားတဲ့အုတ်ကွက်ကြားလေးထဲကနေ တိုးထွက်ရှင်သန်နေရရှာတာကိုး။ အရင်ကတော့ အပင်သေးသေးလေး၊ အုတ်အကွက်အကြားလေးကနေ လုံလုံလောက်လောက် တွန်းကန်ထွက်နေခဲ့မှာပေါ့။ အခုတော့ အပင်က ကြီးထွားလာခဲ့ပြီ။ သူ့ရဲ့ပင်စည်ဟာ အုတ်ကွက်လေးနဲ့ကွက်တိ။ သူလေးရဲ့ အမြစ်ဖြာဖြာလေးတွေ ပိတ်လှောင်မွန်းကျပ်နေရှာမှာပဲ။ အဲဒီအုတ်တွေကို ဆောက်(ချွန်း)နဲ့ ခွဲထုတ်လိုက်ပြီး မြေကြီးသားလေးတွေဖော်ထားပေးလိုက်မယ်။ ပြီးရင် အုတ်သားတွေနဲ့ ဘောင်ခတ်လို့ မြေသြဇာလေးဖြည့်ထားပေးလိုက်မယ်။ ဒါဆိုရင် သူလေး ပိုပြီးနေသာမှာပဲ လို့ သင်းသင်း တွေးလိုက်သေးတယ်။ မမကြီးကို လုပ်ရမလားမေးရမယ်။ မေမေ့ကိုလည်းပြောလိုက်မှာပေါ့။ 

"ဟိတ် သင်းသင်း ကလေးမ ဘာတွေငေး" 
အနောက်ကနေ မေမေ အသံပြုမှပဲ သင်းသင်း ငေးလက်စ၊ တွေးလက်စတွေ ရပ်တန့်သွားတော့တယ်။ သင်းသင်းကတော့ ဆေးရောင်လေးတွေသုတ်ချင်¬လှပြီ။ မမကြီးကလည်း အနားမှာရောက်လာတယ်။ သင်းသင်း ဆေးသုတ်ချင်တာ ပြီးတော့ စွယ်တော်ပင်ခြေလေးမှာရော အုတ်သားလေးတွေခွဲပြီး မြေကြီးသားဖော်ချင်တာရော အလောတကြီးပဲပြောလိုက်တော့တာပေါ့။

"မမကြီး သင်းသင်းတော့လေ၊ ဆေးသုတ်ချင်လှပါပြီ။ ဆေးဝယ်ပေးပါလား။ သင်းသင်း ဆေး အမျိုးအစားတို့ ဘယ်လိုတွေစပ်ရတယ် သိပ်တော့မသိဘူးပေါ့။ လိုတဲ့နေရာလေးတွေ ဆေးရောင်ဖြည့်ချင်တာပဲ သိတာ။ အိမ်က စိုးစိုးကိုလည်း ကူခိုင်းမှာပေါ့"

" မမကြီး အရင်ဆေးသုတ်တုန်းက ထွန်းထွန်းဆိုတဲ့ကောင်လေးကိုဖုန်းဆက်မေးရင်တော့ ဘာဆေး ဘယ်လောက်ဝယ်ရတယ်ဆိုတာ သိမှာပဲ။ ဒါပေမဲ့ဟယ် သင်းသင်းရယ် ပင်ပမ်းပါတယ်။ နောက်တော့ မမကြီး သုတ်ခိုင်းလိုက်ပါမယ်"

မေမေကလည်းပြောရှာတယ်။
"စိုးစိုးကို ကူခိုင်းတာတော့ဟုတ်ပါတယ်။ သူက ခိုင်းလိုက်ရင် သိပ်ကိုပေါ့တာပါပဲ။ ဒါပေမဲ့ သင်းသင်း အားလပ်ရက် နားနားနေနေနေပါလားဟယ်။ အမေတို့ လူခေါ်သုတ်ခိုင်းမှာပေါ့"  

"လန်းဆန်းသစ်လွင်တဲ့ ဆေးသုတ်ခြင်းဟာ အချိန်နည်းနည်းလေးနဲ့ အိမ်ရဲ့ အသွင်အပြင်ကို လုံးဝပြောင်းလဲသွားစေနိုင်တဲ့ စွမ်းအင်ရှိတယ်တဲ့။ တခြား ပြုပြင်တည်ဆောက်မှုတွေထက် အကုန်အကျနည်းတယ်။ ရိုးရှင်းတယ်။ ဒါပေမဲ့ သင်းသင်းတို့ မြင်ကွင်းထဲမှာ ရှင်သန်တက်ကြွလာစေတယ်။ အဲဒီ ရောင်ခြယ်ဆေးရောင်ပါးပါးလေးဟာ အိမ်ကြီးကို နေဒဏ်၊ လေဒဏ် ပြီးတော့ မိုး။ အဲဒီ အရာတွေနဲ့ မထိတွေ့နိုင်အောင်အကာအရံဖြစ်စေတယ်။ ဆေးရောင်တွေမှာ အက်ကြောင်းတွေမထင်ခင်အထိ၊ ဆေးသားတွေ အလိပ်လိုက်လေးတွေ မကွာလာခင်အထိ အကာအကွယ်ပေးတယ် မေမေရဲ့"

"အမလေး သင်းသင်းရယ် အမေတို့ မသိဘဲနေပါ့မလားတော်။ သင်းသင်း ပင်ပမ်းမှာစိုးလို့ ပြောနေတာပါ"
မေမေတို့ မမကြီးတို့ ဘယ်လောက်ပဲ တားနေကြပါစေတော့ သင်းသင်းကတော့ ဟန်တပြင်ပြင်ဖြစ်နေပြီ။ အိမ်တောင်ဘက်နံရံကို ကြေးတွေဆေးကြောဖို့ သံ brush ရယ်၊ နှာခေါင်းကာ(mask)ရယ် ရှာနေပြီပေါ့။ ငယ်ငယ်လေးထဲက ဆေးရောင်တွေနဲ့ ဆော့ကစားရမယ် ပုံဆွဲရမယ်ဆိုရင် သင်းသင်း အမြဲမြူးထူးပျော်ရွှင်နေခဲ့မြဲ။ တေဇ၊ မိုးသောက်ပန်းတို့လို ကလေးကာတွန်းစာအုပ်တွေဖတ်ရင် အဲဒီစာအုပ်တွေမှာပါတတ်တဲ့ ဆေးရောင်ခြယ်စရာ စာမျက်နှာလေးတွေကို အရင်ဆုံးရှာတတ်ခဲ့တာလေ။ ပြီးတော့ ဆေးရောင်စုံခဲတံလေးတွေနဲ့ အရောင်လေးတွေ ကြိုက်သလိုခြယ်၊ ပုံလေးတွေတစ်ခုစီအရောင်လေးတွေဖြည့်ဆွဲ၊ ပြီးသွားရင်တော့ ပြီးပြည့်စုံတဲ့ပျော်ရွှင်မှုကို ရရှိခဲ့မြဲပေါ့။ သိပ်ပျော်စရာကောင်းတာပဲ။

ဆေးသုတ်မယ်ဆိုရင်တော့ အရေးအကြီးဆုံးက ဆေးသုတ်မယ့်မျက်နှာပြင်တိုင်းကို ဆေးကြောဖို့ပါ။ သဲမှုန်တွေ အညစ်အကြေးတွေမရှိမှ ဆေးသားကြာကြာခိုင်မယ်။ ကွာကျနေတဲ့ ဆေးသားအလိပ်အလိပ်တွေ ပြောင်စင်ပြီး မျက်နှာပြင်ချောနေဖို့ အရေးကြီးလှတယ်။ အဲဒီအတွက်တော့ သံနဲ့လုပ်ထားတဲ့ brush ခပ်ကြမ်းကြမ်းလိုမှာပေါ့။ ဒီအတိုင်း သံ brush နဲ့ တိုက်ချလိုက်ရင် အမှုန်တွေက သင်းသင်းနှာခေါင်းထဲ ပါးစပ်ထဲ၊ မျက်လုံးထဲ အကုန်ပြေးဝင်ကြမှာ။ အဲဒါနဲ့ပဲ နံရံကို ရေပိုက်နဲ့ အရင် ဖြန်းထားလိုက်တယ်။ ဒါဆိုရင် အမှုန်တွေ သိပ်သိပ်သည်းသည်းဖြစ်သွားကြပြီ။ ဆေးတဲ့အခါ အမှုန်အမွှားရန်က သက်သာနိုင်မှာပဲ။ သင်းသင်းကို တားမရနိုင်တဲ့ မမကြီးလည်း အရင်တစ်ခါဆေးသုတ်ဖူးတဲ့ ထွန်းထွန်းဆိုလား။ ဖုန်းဆက်မေးပြီး ဆေးဝယ်ခိုင်းနေပြီ။

"မမကြီးရေ paint roller ဆေးသုတ်တံရော လိုတယ်နော်။ ဒီနံရံက မျက်နှာပြင်ကျယ်တယ်၊ roller နဲ့ ပိုမြန်တယ်။ စုတ်တံအပြားကြီးကြီး၊ အခု အိမ်မှာရှိတဲ့ စုတ်တံထက် နှစ်ဆကြီးတဲ့ဟာလောက် လိုချင်သေးတယ်။ နှစ်ချောင်းဝယ်ပေးနော် စိုးစိုးလည်း ကူသုတ်မယ်ဆိုတော့ သူ့အတွက်။ သူ့ကိုလည်း မပျက်မကွက်ခိုင်းရမယ် ဟိဟိ"
နောက် သိပ်မကြာပါဘူး။ မမကြီး ဆေးဝယ်ခိုင်းလိုက်တဲ့ထွန်းထွန်းရောက်လာပြီ။ မမကြီးက ဆေးတွေကို စစ်ကြည့်ဖို့ ခေါ်လို့ သင်းသင်းလည်း ဆေးဗူးတွေကြည့်ရတာပေါ့။ အဲဒီမှာ တွေ့လိုက်တာ သင်းသင်းတို့က အိမ်အပြင်ဘက် နံရံတွေ သုတ်မယ့်ဟာကို ဆေးတွေက EMULSION PAINT for interior use တဲ့။ 

"ဟင် ဒီဆေးက interior use တဲ့။ သင်းသင်းတို့ အပြင်ဘက်သုတ်ကြမှာလေ" 

"ဟုတ်တယ်၊ ကျွန်တော် သေချာမေးခဲ့တယ်။ အပြင်ဘက် နံရံတွေ သုတ်မှာ။ ဒီဆေးတွေပဲ သုတ်ကြတယ်။ သုတ်လို့ရတယ်ပြောတယ်။ ကျွန်တော်တို့လည်း ဒီဆေးတွေပဲ အပြင်ဘက် နံရံတွေ သုတ်လာကြတာ" ထွန်းထွန်းက ဖြေတယ်။

"ဟင် အဲဒါဆို သိပ်ပြီးတော့ ရေရှည်ခံမှာ မဟုတ်ဘူး။ exterior ဆေးကောင်းကောင်းဆို၊ ဆေးတကယ်ကောင်းရင် ၁၅ နှစ်လောက်ခံတယ်တဲ့။ မမကြီး ဆိုင်ကိုမေးကြည့်ပါဦး"

မမကြီး က ချက်ချင်းပဲ ဖုန်းဆက်မေးတော့တယ်။ အိမ်သုတ်ဆေးတွေချည်းပဲ ရောင်းတဲ့ဆိုင်ကြီးတစ်ဆိုင်ပါပဲ။ ဆိုင်က ဖုန်းကိုင်တဲ့ အမျိုးသမီးလေးက "အပြင်ဘက်သုတ်လို့ရပါတယ်ရှင်။ ဒီဆေးတွေပဲ သုတ်ကြပါတယ်"လို့ ဖြေသတဲ့။ မမကြီးက  အတင်းမေးတော့မှ high performance exterior paint တွေလည်း ရှိပါတယ်ဆိုပြီး ဈေးပြောတယ်။ ဒါပေမဲ့ အဲဒီဆေးဗူးမှာတော့ သင်းသင်းတို့ လိုသလောက်မရှိဘဲ အဲဒီထက်နှစ်ဆကြီးတဲ့ ဆေးပုံးပဲ ရှိနေပြန်တယ်တဲ့။ အဲဒါနဲ့ သင်းသင်းတို့လည်း ဆေးဗူးတွေပြန်လဲမနေတော့ဘဲ ဝယ်ထားပြီးသားတွေနဲ့ပဲ သုတ်တော့မယ် ဆုံးဖြတ်လိုက်ကြတော့တာပေါ့။

ပထမတစ်ရက် ဆေးသုတ်မယ့် နေရာတွေ သန့်စင်ပြီးတာနဲ့ နောက်နေ့တွေမှာ သင်းသင်းရော၊ စိုးစိုးရော၊ မမကြီးလည်း မနေရပါဘူး ဝင်တံခါးသံပန်းလေးကို ရွှေရောင်နဲ့ အနက်ရောင်လေးတွေ ကူသုတ်ပေးကြတယ်။ သင်းသင်းကတော့ ဝင်းတံခါးသံပန်းမှာတပ်ထားတဲ့ လူခေါ်ခေါင်းလေင်းလေးကိုပါ ရွှေရောင်လေးသုတ်ပစ်လိုက်တယ်။ ခေါင်းလောင်းလေးက ရွှေရောင်လေး တဝင်းဝင်းနဲ့ ချစ်စရာလေးရယ်။

နံရံတစ်ခု၊ နေရာတစ်ခုဆေးသုတ်ပြီးသွားတိုင်းမမကြီးကပြောရှာတယ်။ သင်းသင်းက မဆိုးဘူးတဲ့။ အရင် ထွန်းထွန်းတို့ သုတ်ကြတာများ ဆေးလည်းသုတ်ပြီးရော အောက်မှာ ဆေးစက်တွေပွလန်ကျဲနေတာပဲ။ သူတို့ပြီးတာနဲ့ နောက်က လိုက်သိမ်းရတဲ့သူမှာ မောလိုက်တာများ မပြောချင်ပါဘူး လို့ ညည်းညူလေတယ်။ သင်းသင်းကတော့ ဆေးမသုတ်ခင် အောက်မှာ သတင်းစာအဟောင်းတွေ ဖြန့်ခင်းထားလိုက်တာကိုး။ တစ်နေရာပြီးတာနဲ့ သတင်းစာတွေ နောက်ထပ်တစ်နေရာ၊ တစ်ပိုင်းစီရွှေ့ပြီး သုတ်သွားလိုက်တော့ အချိန်လည်းသိပ်မကုန်လှပါဘူး။ နောက်ကပြန်ရှင်းရတာလည်း သက်သာတာပေါ့။ ဆေးသုတ်မယ့်လူမခေါ်ရတော့ ငွေလည်းသိပ်မကုန်ခဲ့ပါဘူး။ 

ဒီလိုနဲ့ ဆေးရောင်ကြည်ကြည်လင်လင်နဲ့ လန်းဆန်းနေတဲ့အိမ်လေးတစ်လုံးဟာ ပြန်လည်လှုပ်ရှားသက်ဝင်လာရပြန်ပါပြီ။ အိမ်လေးအတွက် အကာအရံရောင်ခြယ်လေး ခြယ်မှုန်းပေးလိုက်တာနဲ့ အိမ်လေးက ပြန်ပေးတဲ့ သစ်လွင်တောက်ပမှုတွေဟာ သင်းသင်းတို့ နှလုံးသားထိတိုင် တို့ထိလင်းလက်စေခဲ့ပါတယ်။

မေမေကပြောတယ်
"သမီး သင်းသင်း က အိမ်လေးကို ဆေးရောင်လှလှခြယ်ပြီး သူက ပြန်ရဦးတော့မယ်။ အိမ်လေးကို ချန်ရစ်ထားခဲ့ဦးမယ်" တဲ့။
"သင်းသင်းက အရောင်ထင်ကျန်ရစ်စေချင်တာပါလေ။ အဲ အရာထင်ကျန်ရစ်စေချင်တာပါလေ။ အဲဒါကြောင့် ဆေးရောင်လှလှခြယ်ထားခဲ့တာပေါ့" သင်းသင်း ခပ်သောသောလေး ပြောလိုက်တယ်။ ရင်ထဲမှာတော့ တစ်ဆို့ဆို့နဲ့ ဝမ်းနည်းနေသလိုပဲ။ အဲဒီခံစားချက်ကို သင်းသင်း မသိကျိုးကျွံပြုလိုက်ရတယ်။ ဟုတ်တယ်လေ။ သင်းသင်းက ဒီအိမ်ကို ချန်ရစ်ထားပစ်ခဲ့ပြီး အဝေးကြီးကိုပြန်သွားရဦးမှာပဲ။ အခု ကိုယ်တိုင်ကိုယ်ကျဆေးရောင်လှလှခြယ်မှုန်းထားတဲ့အိမ်ကို အမှတ်တရဓာတ်ပုံလေးတွေ ရိုက်ယူသွားခဲ့ရုံပေါ့။ သင်းသင်း ဝမ်းနည်းမနေချင်ပါဘူး။ မျှော်လင့်ထားပါတယ်။ နောက်တစ်ကြိမ် အိမ်ပြန်လာခွင့်ရတဲ့အခါ အခုလိုလေးပဲ ဆေးရောင်လှလှခြယ်မယ်။ အပင်လေးတွေရယ် ပြီးတော့ အဲဒီအိမ်လေးထဲမှာ ရှိနေကြတဲ့ သင်းသင်းချစ်တဲ့သူတွေကိုရော ဂရုစိုက်ပေးရဦးမယ်။ 

ဆေးသားအသစ် ကြည်ကြည်လင်လင် နဲ့ အိမ်လေးရဲ့အရှေ့က၊ မေမေ့ မျက်ဝန်းလေးတွေမှာတော့ ငေးငေးရီရီ အရောင်လေးတွေပါ အလိုအလျောက် သီဖွဲ့လို့နေခဲ့ပြီ။

ဖြိုးဖြိုး

No comments: