Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, October 01, 2012

မျက်နှာစိမ်းများရဲ့ အလယ်

Saved by strangers (By John Pekkanen)

အသက် (၃၅) နှစ်သာရှိသေးတဲ့ အမေရိကန်ပြည်ထောင်စု ကယ်လီအခြေစိုက် လေတပ်စခန်းအရာရှိ ဗိုလ်ကြီး မစ္စက် မာဂရက်ဟာရင်းဟာ မိသားစုဘ၀ကို ခင်တွယ် မြတ်နိုးသူ စိတ်ထားဖြူစင်သူ လှပ ချောမွေ့သူ လို့ သူမ ၀န်းကျင်တ၀ိုက် ထင်ရှားသူဖြစ်တယ်။

၁၉၉၅ ခုနှစ် မေလ ၁၁ရက် ကြာသပတေးနေ့  ။

လှပတဲ့ညနေခင်းလေးတခုမှာ သူမဟာ ကယ်လီ အခြေစိုက်စခန်းမှသည်  နေအိမ်သို့ ဟိုက်ဝေး ၁၆၀၄ လမ်းမကြီးတစ်လျှောက် အေးအေးဆေးဆေးကားမောင်းပြန်လာနေတယ်။ သူမဟာ စခန်းက ၀န်ထမ်းများအတွက် ပြုလုပ်တဲ့  ပညာပေးဟောပြောမှုတခုကို ကွပ်ကဲ အုပ်ချုပ်အပြီး ပြန်လာခြင်းဖြစ်တယ်။ အချိန်ကတော့ ညနေစောင်း ၅နာရီ မထိုးမီကလေးပါ။ အေးမြတဲ့ လေချိုကလေးသွေးနေခိုက် ၀င်တော့မယ့်နေခြည်နုနုအောက်က ညနေခင်းလေးဟာ ကြည်နူးစရာ ပါဘဲ။ နေလုံးနီနီရဲ့ ရွှေရည်သွန်းချမှုကြောင့် လယ်ကွင်းတွေမှာလဲ  ပယင်းရောင် တောက်ပြီး ချစ်စရာကောင်းနေတယ်။ လမ်းမှာလည်း ကွေ့ကောက်ခြင်းမရှိ ဖြောင့်ဖြူးညီညာလို့။ ခါးလယ်လောက်မြင့်တဲ့ မြက်ခင်းစိမ်းစိမ်းတွေဟာ ဟိုဘက် ဒီဘက် ပေတရာလမ်းတလျှောက် အနားကွပ်ထားသလို ဒီကနေ့မှ ညနေခင်းလေးဟာ ထူးထူးခြားခြား ပိုလှနေသလိုပါဘဲ။

သူမရဲ့ အိမ်မှာတော့ သူမခင်ပွန်း မိုက်ခ် အသက် (၄၀) နှင့် (၄)နှစ်သားကလေး မတ်ခ် (၂) နှစ်သမီးကလေး ကယ်မီတို့က  ညနေစာအတွက် သူမကို စောင့်စားနေကြရော့မယ်။ သူမဟာ ညနေစာအမှီ အလွန်ဆုံးအိမ်ကို (၅) နာရီ (၁၅)မိနစ် အရောက် ပြန်လေ့ရှိတာပါ။

သူမဟာ အပြာရောင် ဟွန်ဒါကားကလေးကို တနာရီ (၄၅) မိုင်နှုံးထက်တော့ ကျော်လွန်မောင်းလေ့မရှိဘူး။
ဒီအချိန်မှာဘဲ ရှေ့တူရှူ မျက်နှာချင်းဆိုင် မှာ ၀န်အပြည့်တင်ပြီး  မောင်းနှင်လာတဲ့ ထရပ်ကားတစင်းကို သူမ  သတိပြုမိတယ်။ အေးဆေးပါဘဲ။ သူမရှောင်လိုက်ပါတယ်။ ဒါပေမဲ့ ထရပ်ကားပေါ်က သခွားမွေးအရွယ် ကျောက်တုံးတတုံးက ရုတ်တရက် ဂျွမ်းထိုးမှောက်ခုံထွက်ကျလာပြီး လမ်းပေါ်မှာ ခုန်နေရာက သူမကားရဲ့ လေကာမှန်ကို တိုက်ရိုက် ၀င်ဆောင့်မိတယ်။ ကားက ၀င်တိုးမိတာလည်းဖြစ်နိုင်ပါတယ်။ ဒီ့နောက်မှာတော့ ကွဲအက်ကြေမွသွားတဲ့ မှန်စ မှန်နတွေနှင့်အတူ သခွားမွှေးကျောက်တုံးဟာ မစ္စက်ဟာရင်းရဲ့ ၀ဲဘက်ဦးခေါင်းနဘေး အရှိန်အဟုန်ကြီးစွာ ထိမှန်သွားခဲ့တယ်။ ထရပ်ကားမောင်းသူကတော့ သူ့ကားပေါ်က ဘာပြုတ်ကျခဲ့တယ် ဆိုတာ ဘာမှ မသိဘဲ ပုံမှန်အတိုင်း  တိမ်းရှောင်  မောင်းနှင်ထွက်ခွာသွားခဲ့ပြီ။

(၅)နာရီ (၆)မိနစ် ရှိပါပြီ။

ညနေ (၄)နာရီ (၄၅)မိနစ် မှာ စတင်ထွက်ခွာလာတဲ့ နိုအီလီယာ ဂွာဂျာဒို မူလတန်း ကျောင်းသားကလေးများးနှင့် အုပ်ချုပ်သူ ဆရာ မိဘများ စီးနင်းလိုက်ပါလာတဲ့ ကားဟာ ယခု ဟိုက်ဝေး (၁၆၀၄) လမ်းအကြီးပေါ် ရောက်ရှိလာပါပြီ။  သူတို့ဟာ ဆန်အန်ထော်နီယို ပင်လယ်ရှုခင်းကမ္ဘာမှာ ခလေးတွေ လေ့လာရေးကွင်းဆင်းခဲ့ကြတာဖြစ်တယ်။ ဂွာဂျာဒိုရဲ့ မိတ်ဆွေ လက်နှိပ်ကုထုံးပညာရှင်မက်ကယ်လစ်စတာဟာလဲ သူ့ ကားလေးနှင့် နောက်ကလိုက်လာတယ်။
ရုတ်တရက် လမ်းပေါ်မှာ ကျောက်တုံးတတုံးခုန်ပြီး ဟွန်ဒါကားရဲ့လေကာမှန်ကို ရိုက်ခွဲလိုက်ပုံ  ဂွာဂျာဒိုက မြင်လိုက်ပေမဲ့ ခပ်လှမ်းလှမ်းကမို့ မသဲ မကွဲ ဖြစ်နေတယ်။ ဟွန်ဒါကားလေး လမ်းဘေးလူးလှိမ့်ယိမ်းထိုးသွားမှ သတိနဲ့ကြည့်ရှုရာမှာ ထိုင်ခုံကနေ အရုပ်ကြိုးပြတ် လျောကျနေတဲ့ ကားမောင်းလာသူ အမျိုးသမီးကို တွေ့လိုက်ရတယ်။ ဒီတော့မှ စိတ်ပူပြီး “အမျိုးသမီး ဒါဏ်ရာ ရသွားတယ်ဗျို" လို့  ကြုံး အော်တော့တယ်။ တချိန်တည်းမှာဘဲမက်ကယ် လစ်စတာ ကပါ “ကားရပ်  ကားရပ် “လို့ စိုးရိမ်တကြီးသံကုန်အော်တော့တယ်။ သူတို့ဟာ ကားစက်မသတ်ခင်မှာဘဲ ခုန်ဆင်းလိုက်ကြပြီး ဟွန်ဒါကားအပြာလေးဆီ တဟုန်ထိုး  ပြေးသွားကြတယ်။ မြင်ကွင်းက မလှပဘူး။ သွေးစီးကြောင်းတွေက အမျိုးသမီးရဲ့ ဦးခေါင်းမှနေ ဖြာစီးနေတယ်။ ဦးခေါင်းဟာ လှိုဏ်ဂူလို ပေါက်ထွက် သွားပြီး ၀ဲဘက်နားမှနေ ၀ဲဘက် မျက်လုံးအကြား ဒါဏ်ရာ ပြင်းပြင်းထန်ထန် ရသွားခဲ့တာပါ။ သူက ခါးမှ တီရှပ်ချွတ်ပြီး ဒါဏ်ရာကို ပိတ်ဆို့  ပေးတယ်။

ဒီအခိုက်မှာဘဲ အမျိုးသားသူနာပြု ဂျိုးကော်ကိုရန်က အိမ်ပြန်ဖို့ ဟိုက်ဝေး (၁၆၀၄) လမ်းမကြီးပေါ် ရောက်လာပြန်တယ်။ သူက ဒီလမ်းကြောင်းကို ခါတိုင်းမသုံးတတ်ပေမဲ့ ဒီကနေ့မှ စိတ်ကူးပေါက်ပြီး ရောက်လာသူပါ။ ရုတ်တရက် သူ့ပစ်ကပ်ကားရှေ့ မိန်းမတစ်ယာက် ပေါ်လာပြီး “ကျွန်မတို့  အကူအညီ လိုနေပါတယ်။ ဒီမှာ မိန်းခလေးတယောက် ဒါဏ်ရာ ရထားလို့ ပါ " တဲ့။ အပြေးအလွှား  သူနာပြုက တီရှပ်ကို ခွာကြည့်လိုက်တော့ “အလိုလေး  လေး.. ကျုပ် ဦးနှောက်ကြီးကို မြင်နေရတယ်ဗျ" လို့ အလန့် တကြားအော်တယ်။ ဂျိုးဟာ ကားပေါ်ဝင်ထိုင်ပြီး အမျိုးသမီးရဲ့ ကိုယ်မှာ သိုင်းထားတဲ့  ခါးပတ်ကို အိပ်ဆောင် ဒါးနှင့် ဖြတ်တောက်လိုက်တယ်။ တယောက်က ဦးခေါင်းနှင့် လည်ပင်းကို လှုပ်ခါမှု မရှိရန် မတ်မတ်ထူထား တယောက်က ခန္ဒာကိုယ်ကို ထိန်းကွပ် စသည် ၀ိုင်း ၀န်းပြုစု ကြတယ်။

 မစ္စက်ဟ်ာရင်းဟာ အနည်းငယ် ငြီးတွာားရင်း အသံပေးလိုက်တဲ့အခါ သူတို့ အားလုံး က "ဘာမှ အားမငယ်နှင့်နော် ကျုပ်တို့  ခင်ဗျားကို ပြုစုနေတယ်" စသဖြင့် အားပေးကြတယ်။ ဒါပေမဲ့ သူမဟာ “ကျွန်မခေါင်းထဲက၊ ကျွန်မခေါင်းထဲက နာ လိုက်တာ" လို့  ပြောရင်းမေ့မျောသွားတော့တယ်။
ဂျိုးထင်တဲ့ အတိုင်းဘဲ။ မစ္စက် ဟာရင်း ဟာ ဦးနှောက်ကို ထိခိုက်သွားတဲ့ အတွက် အကြောတွေဆန့် ငင် ဆန့်ငင် ဖြစ်လာတယ်။ ကြာပွတ်နှင့် ရိုက်ခံရသလို  ကိုယ်တွေ တွန့် တွန့်သွားတယ်။ ၀ိုင်းဝန်းထိန်းချုပ်  ကြရပေယ့် သူမအတွက် မလုံလောက်သေးပါဘူး။

 ဂျိုးတခါတုံး က ဒီလိုဘဲ လမ်းမကြီးပေါ်မှာ လူငယ်တယောက် ဒါဏ်ရာပြင်းထန်ခဲ့စဉ် သူက လုပ်ပေးနိုင်တာ အားလုံး မချွင်းမချန် လုပ်ပေးခဲ့ပေမဲ့ဆေးဝါးအကူအညီ အဆက်အသွယ် အချိန်မှီ ရောက်မလာလို့ သူ့ လက်ထဲမှာ ဇီဝိန်ချုပ်သွားရတဲ့ ဖြစ်စဉ်မျိုး ကြုံ ခဲ့ရပြီးပြီမို့ ဒီအမျိုးသမီးကိုတော့ ဒီလိုမျိုး အဆုံးပါးမခံချင်ဘူး။ သူမကို အမြန်ဆုံး ဆေးရုံပို့နိုင်ဖို့  နည်းလမ်းရှာ တယ်။

ဒီအချိန်မှာဘဲ (၅)နာရီ ထိုးပြီမို့ မိခင်ကို စောင့်ရင်း   ညနေစာကို ဖြည်းဖြည်းစားနှင့်ကြဖို့မိုက် ခ် ဟာရင်းက ခလေးတွေကို နိုးဆော်နေပြီ။မာဂရက်ဟာရင်း ဟာ ခါတိုင်း အိမ်ကို အလွန်ဆုံး (၅) နာရီ (၁၅)မိနစ်ထက် နောက်မကျဘဲ  သားသမီး ခင်ပွန်းနှင့် ညနေစာ အတူစားနိုင်ဖို့ အရေးထား လာရောက်လေ့ ရှိတာကိုး။ ဒီနေ့တော့ မာဂရက် ကလဲ လာခဲလိုက်တာ လို့ သူ တစိမ့်စိမ့် မျှော်နေရပြီ။ နေ၀င်ချိန် စောခဲ့ပြီမို့  မှောင်မဲလာပြီ။သူ လည်တဆန့် ဆန့် နှင့်။

“ မာဂရက် ဘာဖြစ်လို့ ပါလိမ့်"

သူတို့  ဇနီးမောင်နှံဟာ ၁၉၈၈ခုနှစ် ကိုးရီးယား အိုဆန်အခြေစိုက် လေတပ်စခန်းမှာ  တွေ့ ဆုံ ချစ်ကြိုက် လက်ထပ်ခဲ့ကြပြီး မှု ထမ်းသက် နှစ်နှစ်ဆယ်အကြာမှာ မိုက်ခ်က အနားယူခဲ့တယ်။ မာဂရက် ကလည်း ကယ်လီ လေတပ် အခြေစိုက်စခန်းကို ပြောင်းရွှေ့အမှု ထမ်းရတယ်။ မိုက် ခ်   ကတော့ တက္ကဆက် ပြည်နယ် တက္ကသိုလ်တခုမှာ အချိန်ပိုင်း လေ့ကျင့် သင်ကြားရေးဋ္ဌာနမှာ နားနားနေနေ ၀င်ရောက် လုပ်ကိုင် နေတယ်။ သူတို့ရဲ့ဘ၀ တလျှောက်လုံး အခက်အခဲမရှိ ဖြတ်သန်းခဲ့ရတာမို့  သူတို့  နှစ်ဦးစလုံး ကျေနပ် အားရ နေကြသူများပါ။

ဒီအချိန်မှာဘဲ မြို့ နယ် တရားသူကြီး ဖရန်စစ် ဂွန်ဇာလက် စ် ဟာ ဟိုက်ဝေး (၁၆၀၄) ကို  ၅နာရီ မှာဘဲ ကားမောင်းရောက်လာပြန်တယ်။ သူသတိထားမိတာက ပြဿနာဖြစ်နေပုံရတဲ့ လမ်းမကြီးပေါ်က ကားတန်းကြီးကိုပါ။ ဂျိုး က ဒီမှာ အမျိုးသမီးတယောက် ဒါဏ်ရာရထားလို့  ဆေးရုံပို့ ဖို့  အကူအညီလိုတယ်" တဲ့ ။

အခြေအနေအမှန်ကို မြင်ရတဲ့ အခါ .
"အို ..ဘုရားသခင် ဒါ အသက်အန္တရယ်ဘဲ"
ဂွန်ဇာလက်က သူဘာလုပ်ပေးနိုင်မလဲ သိတယ်။ ချက်ခြင်း ကယ်ဆယ်ရေး ရဟတ်ယာဉ်တစင်း ခေါ်ပေးပါတယ်။ရဟဟ်ယဉ် ဆေးဝန်ထမ်း ဂျင်မ်ကက်ဒရစ်နှင့် အဆက်အသွယ်ရရှိခဲ့တယ်။ သူက လည်း  (၅)နာရီ (၃၀)မိနစ်ထက် နောက်မကျဘဲ အရောက်လာမယ် တဲ့။ အကြောင်းပြန်ကြားလိုက်တယ်။

ဂျိုးဆက်သွယ်ထားတဲ့ ဆေးရုံသူနာတင်ကားလဲ ရောက်လာတယ်။

“ကျုပ်တို့  သူ့ ကို ကားပြင် ထုတ်ယူရအောင်”
 ဆေးဝန်ထမ်း ကွန်ရက်ဒ် ဂွန်ဇာလက်စ်နဲ့  ..
သူတို့ အားလုံးဝိုင်းဝန်းကာ ဦးခေါင်း လည်ပင်းစသည် ကော်လံနဲ့ ပူးတွဲ ထိန်းချုပ်ပြီး သတိထား ပွေ့ ယူလိုက်ချိန်မှာ သူမဟာ တချက်ကလေး သတိလည်လာပြီး “ကျွန်မသမီးလေး ကော ဟင် ကျွန်မသမီးကလေး" တိုးတိတ်ညင်သာပြီး မပွင့်တပွင့် ပြောရင်းက ဟာရင်းမျောသွားပြန်တယ်။  ဂွန်ဇာလက်စ် ဟာ ဒီမျှ ဒါဏ်ရာ ရထားတဲ့ကြားက လူနာအမျိုးသမီး မိခင်တယောက်ရဲ့ စွဲလန်းပြင်းထန်တဲ့ မှတ်ဥာဏ်ကို အထူးအံ့သြသွားတယ်။ ဟာရင်း ကို လူနာတင်တွန်းလှည်းပေါ် အရောက် နေရာချ ပို့ ဆောင်ပြီးချိန်မှာဘဲ  အသက်ကယ်ရဟတ်ယာဉ်တစင်း ကောင်းကင်ယံမှာ ၀ဲပျံလာနေသံ အားလုံး ကြားကြရပါပြီ။ ဖြူဖတ်ဖြူရော် ဖြစ်ပြီး ဆန့်ငင် ဆန့်ငင်ဖြစ်စပြုလာတဲ့ လူနာကို ယာယီဖြစ်ပေါ်ခံစားရမှု အကြောများတုန်ခါဆွဲငင်မှု စသည် ပြေပျောက်စေဖို့ succinylcholine ဆေးရည်ကို လည်ချောင်းမှ အဆုတ်ထဲ ပို့ပေးကြတယ်။ ဒီလိုပြုလုပ်ပေးနိုင်ခြင်းကြောင့် ဦးနှောက်ပြန်လည်ဖွံ့  ဖြိုးရှင်သန်လာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပါဘဲ။

ကယ်ဆယ်ရေးရဟတ်ယာဉ် မြေပြင်ကို ဆင်းသက် ရောက်ရှိလာပါပြီ။                  
အချိန်ကတော့ (၅)နာရီ (၂၇)မိနစ် (၂၁) စက္ကန့် ဖြစ်ပါတယ်။ ဂျင်မ် နဲ့  ဖလိုက်နာ့စ်  ဒိုင်ယာနာ မွီန်တက်ဇ် တို့ အပြေးကလေးလူနာကို ကြည့်ရှုကြတယ်။ succinylcholine ထိုးဆေးသွင်းပေးပါတယ်။ သူတို့ ဟာ တယောက်က ဦးခေါင်းကို တည့်မတ် ထိန်းချုပ်ပြီး တယောက်က အသက်ရှူ ပိုက်ကို လည်ချောင်းအတွင်း ထိုးသွင်းကြတယ်။အောက်ဆီဂျင် ၀င်သွားတဲ့အခါ သိသိသာသာ သူမရဲ့ အသားအရေ ၀င်းပလာတယ်။ ဒီနောက်မှာတော့ သူမကို အားလုံးဝိုင်းဝန်းပြီး ရဟတ်ယာဉ်ပေါ်အရောက် ပို့ဆောင်နိုင်ကြပါတယ်။ ဒါ့အပြင်  အနီးဆုံးဆေးရုံဖြစ်တဲ့ အမျိုးသား အဆင့်မြင့် လေတပ်စစ်ဆေးရုံ ( Wilford Hall Mcdical Center )  အထိ ပို့ ဆောင်ပေးနိုင်ခဲ့ပါပြီ။

အသက် (၃၃)နှစ် သာ ရှိသေးတဲ့ ဂျွန်ရှနီဒါ ဟာ အာရုံကြော အထူးကု ခွဲစိတ်ပါရဂူကြီးဖြစ်ပါတယ်။ မေလ (၁၁)ရက်နေ့ ညနေခင်းလေးမှာ မိသားစုနဲ့  ကြည်ကြည်နူးနူး ရှိနေချိန်ပါ။ သူ့ ရင်ခွင်ထဲမှာ (၈)လ အရွယ် သမီးကလေးရှန်နွန် က ယိမ်းထိုးလူးလွန့်နေတယ်။ စိတ်ရှည်တဲ့ ပါရဂူကြီးက သူ့ သမီးကလေးကို ခြေအိပ်စွပ်ပေးနေတာပါ။ သူ့ ဇနီးမီရှဲလီ ကတော့ တနှစ်ခွဲ သားကလေး ဘရန်ဒွန်ကို အလားတူ ခြေအိပ်စွပ်ပေးနေတယ်။
     
အချိန်က (၅)နာရီ (၄၀) မိနစ်။
သူ့ နဘေးခုံ မှာ ချထားတဲ့ ပေဂျာ အချက်ပြ အသံ ထွက်ပေါ်လာတယ်။ သူကောက်ကိုင်လိုက်တော့ ..” ကျွန်တော်တို့ ဦးခေါင်းခွဲစိတ်ကုသဖို့ ကျွမ်းကျင် ပါရဂူ တယောက် အရေးပေါ် လိုအပ်နေပါတယ်။ အဲ ဖလိုက်ဖ်က (၅) နာရီ (၄၅)မိနစ်မှာ ဆိုက်ရောက်မှာပါ တဲ့။

"ဟာ အချိန်မရှိဘူး (၅) မိနစ်ဘဲ"
ပါရဂူကြီး ခလေးကို သူ့ အမေပေးပြီး “အရေးပေါ် ခွဲ စိတ်စရာ ရှိတယ်ဟေ့" တဲ့။
အပြေးအလွှားကားမောင်း ထွက်ခွာလာရပြီ။ (၁၀)မိုင်ခရီးကို “၁၀” မိနစ်နဲ့   အရောက်မောင်းနှင်လာတာပါ။ ဒါ သူ့ အတွက် စိန်ခေါ်မှု တခုဖြစ်လာနိုင်ပါတယ်။ ဆေးရုံကွန်ပြူတာ အထောက်အကူပြု စကင်နာ ( CAT scanner) က ဖေါ်ပြရာမှာလူနာရဲ့(ကွဲ ထွက်ခဲ့တဲ့) ဦးးခေါင်းခွံ အစနှစ်စဟာ ကြမ်းရှ စူးချွန်စွာ ဦးနှောက်ရဲ့ ဘယ်ဘက်နားထင်အပိုင်းမှာ ခပ်နက်နက် စိုက်ဝင်နေသတဲ့။ ဒါ့အပြင် စိုးရိမ် ဖို့ကောင်းတာက ဦးနှောက်ကို သွေးအစိုင်အခဲကြီးတခု ပိတ်ဆို့နေခြင်းပါဘဲ။ ဒါဟာ ဦးနှောက်တစ်ရှူးတွေ ပျက်စီးပြီး ရောင်ရမ်းလာနိုင်ပါတယ်။ လူနာရဲ့ အသက်အန္တရယ်ကိုလည်း အကြီးအကျယ် ခြိမ်းခြောက်နေခြင်းဖြစ်တယ်။

ယခု လူနာကို တင်ဆောင်လာတဲ့ လှည်းဟာ ခွဲစိတ်ခန်းအတွင်းဆိုက်ရောက်ခဲ့ပါပြီ။  ခွဲစိတ်ဆရာဝန်လည်း အသင့်အနေအထားပါ။  ရုတ်တရက် လူနာရဲ့ သွေးပေါင်ချိန်ဟာမြင့်တက်သွားတယ်။ ဦးနှောက်ဟာ ကျောက်ကပ် နှလုံး  အဆုပ် လူ့ ခန္ဒာကိုယ်က အရေး ပါတဲ့ အစိတ်အပိုင်းတေါအားလုံး ကို ထိန်းချုပ်ထားတဲ့ ဗဟို အလုပ်ရုံကြီးပါ။ သွေးပေါင်ချိန် အတက်အကျ အသက်ရှူနှုံး နှလုံးခုန်နှုံး အတွက်လည်း အရေးပါတယ်။ သူမဟာ ခုအခါမှာ ခေါက်ကနဲ အသက်ထွက်နိုင်တဲ့ အနေအထားမှာ ရောက်နေပြီ။ ခွဲစိတ်ဆရာဝန်အဖို့ လည်း စဉ်းစားရန် အချိန်မရှိပြီ။ လက်အိပ်တွေ စွပ်ချပြီး မြန်နိုင်သရွေ့ မြန်မြန် အကောင်းဆုံးလုပ်နိုင်ဖို့ ပြင်ဆင်တယ်။ ခွဲ စိတ်ဆရာဝန်ဟာ ရင့်ကျက်တည်ငြိမ်လှတယ်။ လူနာအပေါ်မှာဘဲ အာရုံ စူးစိုက်ထားတယ်။ပထမ ဦးနှောက်မှာ ပိတ်ဆို့နေတဲ့အစိုင်အခဲကို စုပ်ထုတ်နိုင်တယ်။ လူနာရဲ့ နှလုံးခုန်နှုံးနဲ့ သွေးပေါင်ချိန် ပုံမှန် အနေအထားကို ဖြေးဖြေးချင်း ပုံမှန် ရောက်နေပြီလို့  သူကျေနပ်အားရလိုက်တယ်။

မိုက်ခ်ဟာရင်းခမြာမတော့ မာဂရက် လာခဲ လာခဲ နဲ့ မျှော်နေတုံးပါ။ (၆) နာရီ ထိုးချိန်မှာတော့ သူတော်တော် စိုးရိမ်သောက ရှိလာပြီ။ ညနေစာပြီးသွားတဲ့ ခလေးတွေ ဘယ်ရောက်ကုန်ပါလိမ့်။ ဖုန်းဆက်ဖို့ စိတ်ကူးနေဆဲ ဖုန်းဝင်လာတယ်။ ဂျိုးထံကပါ။

“ဟလို၊ ကျွန်တော်က ဟိုက်ဝေး ၁၆၀၄ မှာ ဖြစ်ခဲ့တဲ့ မတော်တဆမှုကို ကူညီခဲ့သူပါ။ ဟွန်ဒါအပြာလေးနဲ့ မာဂရက်ဟာရင်းကို သိပါသလား။"

“ဗျာ..ကျွန့်တော့ ဇနီးပါ မာဂရက် ဘာဖြစ်သွားလဲ  မြန်မြန်လေး"
“ခု  ဆေးရုံမှာ ဆရာဝန်တွေ ပြုစုကုသ နေပါတယ်" တဲ့။

မိုက်ခ် ဟာ မူးမေ့မတတ် ခံစားမိရင်း ခလေးတွေကို အိမ်နီးချင်းနဲ့အပ်နှံပြီး ဆေးရုံကို ပြေးရာလမ်းမှာ့  မာဂရက် ကားအပြာလေးကို တွေ့လိုက်ေ၇ာ သူ ဆင်းကြည့်ပါတယ်။ မှန်ကွဲတွေ ပြန့်ကျဲ နေပုံ သွေးစ သွေးနတွေ လမ်းပေါ် စီးကျနေပုံ မြင်ရတဲ့အခါ သူ့ တကိုယ်လုံး တောင့်ခဲ အေးကျင်လာပြီး အသက်ရှူ ရန်ပင် မ၀ံ့မရဲ ဖြစ်သွားတယ်။ သူ့ ရင်ထဲမှာလည်း “မာဂရက်ကို မဆုံးရှုံး ပါရစေနှင့်" ဆိုတာ တဖွဖွ ရေရွတ်နေတယ်။

မာဂရက် ရဲ့ ဦးခေါင်းခွံ ဟာ တကယ်တော့ အာလူးသီးကို တူနဲ့ ထုချေထားသလိုပါ။ ကွဲ အက်ကြေမွပြီးအရိုးအစအနတွေ ဖွာကြဲနေတယ်။သုံးလက်မပိုပို စက်ဝန်းပြတ်ပုံ ဒါဏ်ရာက သူမရဲ့  ဦးနှောက်ကို အပေါက်ဖြစ် ဖွင့်လိုက်တာပါဘဲ။ ခွဲစိတ်ဆရာဝန်ဂျွန်ရှနီဒါဟာ ဦးနှောက်ကို စိုက်ဝင်နေတဲ့ အခွန်မာတွေ ဆွဲ နှုတ်ယူဖို့ ဦးခေါင်ခွံ ကို အနည်းငယ်ချဲ့ထွင်ပြီးသိမ်မွေ နူးညံ့စွာ ဆွဲထုတ်နိုင်ခဲ့တယ်။ ဒါမှလည်း ဦးနှောက်တစ်ရှူးတွေ ပြန်လည် ကောင်းမွန်နိုင်မှာပါ။ ဦးနှောက်တစ်ရှူးတွေကို ပျက်စီးစေမဲ့  အရာခပ်သိမ်း ကို ဖြတ်တောက်ဖယ်ရှားလိုက်နိုင်ခြင်းပါ။

ခွဲစိတ်ဆရာဝန်ခမြာ အစုအပုံတွေကြားမှာ ပုဝင်နေပြီလို့ ပြောရမတတ်ပါဘဲ။ အရိုးစတွေက တောင်လို ပုံနေတာပါ။နှုတ်ယူလိုက်တဲ့ အရိုးစတွေကို တွက်ကြည့်လိုက်တော့ အခု (၅၀) ကျော်ပါတယ်။ပြန်လည်တည်ဆောက်အသုံးချလို့ ရနိုင်မဲ့ အရိုးစုက (၂၂) ခုဘဲ ရှိပါတယ်။ မာဂရက် ရဲ့လက်ဝဲဘက် မျက်စေ့တ၀ိုက် မျက်ခွံရိုးဟာလည်း တခုခုနဲ့ ကြေမွအောင် ထုခွဲ ထားသလိုမျိုးပါဘဲ။ အဲဒါကို ပြည့်ဝအောင် တွဲစပ်ဖြည့်ဆီးပေးဖို့ လုံလောက်သင့်တော်တဲ့ အစမရတဲ့အတွက်  သူမရဲ့ ဦီးခွံ စကိုဘဲ ပြန်လည်အသုံးချရပါတယ်။ ကွာဟနေတဲ့ ဦးခွံ အပေါက်ကို ထိစပ်ပြည့်ဖြိုးသွားစေဖို့ ကွေးကောက်တိုက်ယူနိုင်တဲ့လွှကို အသုံးပြုထားတယ်။ဒါတောင် ဦးခွန်ပေါက်ကို လုံအောင်ဖုံးအုပ်ဖို့ အရိုးစတွေ လုံလောက်သေးတာမဟုတ်လို့ တိုက်တေးနီယမ် ပလိပ်ပြားစတွေကို ဖြည့်စွက်ဆက်စပ်တွဲယှက်ပြီး ၀က်အူများဖြင့်စုပ်ယူ ပေးတယ်။ ခွဲစိတ်ဆရာဝန်ဟာ လုပ်ငန်းသုံး စူးဆောက် လွှစသည် ပစ္စည်းကရိယာများ ကိုင်တွယ် အသုံးချရာမှာ အလွန်ကျွမ်းကျင်သိမ်မွေ့သူလို့ ထင်ရှားပါတယ်။ အစအနများဆက်စပ် ယှဉ်တွဲရာမှာ အတွင်းဦးခွန်ပိုင်း အပြင်ဦးခွန်ပိုင်း မျက်နှာပြင်ချင်း မှန်ကန်တူညီဖို့လိုပါတယ်။ ဒါဟာ လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ပါဘူး။ ဦးခေါင်းရှိ ဆံပင်များကိုလည်း လိုအပ်သလို ရိတ်ဖြတ်ရတယ်။

ယခု ခွဲစိတ်ချိန် (၆) နာရီ ကြာမြင့်ခဲ့ပြီမို့  သန်းခေါင်ကျော် (၁)နာရီ ရှိပါပြီ။ “မာဂရက်" ကိုလည်း ခွဲခန်းမှသည်..အထူးကြပ်မတ်ဆောင် သို့  ချောမောစွာ ပို့ ပေးနိုင်ခဲ့ပါပြီ။

စိတ်တိုင်းကျ ခွဲစိတ်ကုသနိုင်ခဲ့တဲ့ ဒေါက်တာ ဂျွန်ရှနီဒ”ါ ဟာ ကျေနပ်အားရနွမ်းနယ်စွာ ခွဲခန်းထဲက ထွက်အလာ..ပထမဥိးဆုံး တွေ့ မြင်ရသူ က  မိုက်ခ်ဟာရင်း လည်တဆန့်ဆန့်နဲ့ ကဏှာမငြိမ်ဖြစ်နေတဲ့  မိုက်ခ် ရဲ့အမူအရာက လူနာ မိန်းခလေးနဲ့ ပတ်သက်နေလိမ့်မယ်ဆိုတာ ဆရာဝန်က သိနေပါတယ်။ သူတို့ ချင်း လက်ဆွဲ နှုတ်ဆက်ပြီး
“မာဂရက် ရဲ့  ဦးခေါင်းခွံကို ကျုပ် တည်ဆောက်နိုင်ခဲ့ပါတယ်" တဲ့။

 မိုက် ခ် က “ဘယ်လောက်များဆိုးဝါးခဲ့ ပါလိမ့်" လို့ မျက်နှာငယ်နဲ့ မေးလိုက်တဲ့မိုက်ခ်ကို ဒေါက်တာ ဂျွန်က ပွေ့ ဖက် အားပေးရင်း “ဘာဘဲ ဖြစ်ဖြစ် သူမကံကောင်းပါတယ်" တဲ့ ။

ဒါဟာ အချိန်တိုင်း အချိန်တိုင်း ပြောစမှတ်ပြု စံတင်ရမယ့်ဖြစ်စဉ်တခုပါဘဲ။ မိုက်ခ် ဟာရင်း ကတော့ “တကယ်ကို မယုံ နိုင်စရာပါဘဲ" တဲ့။

ဘုရားသခင် ကျေးဇူးတော်ကို ချီးကျူးရင်း မိသားစု မရှိ သူငယ်ချင်းမိတ်ဆွေ မပါ  မျက်နှာစိမ်းတွေရဲ့  အလယ်မှာ .နည်းနည်းကလေးမှ .အားမငယ်ခဲ့ရတာ ကို  သူတစိမ့်စိမ့်တွေး ကြည်နူးနေတယ်။ ICU(Intensive Care Unit)မှာ သူ မာဂရက်ကို ၀င်တွေ့  ခွင့်ရတော့ ..

တခြားစကားတွေ ဖွယ်ဖွယ်ရာရာ မပြောနိုင်ဘူး။ မာဂရက်ကိုယ်ပေါ် ညင်ညင်သာသာ ကိုင်းညွှတ်ပြီး  တိုးတိုးတိတ်တိတ်လေး ပြောလိုက်တာက  “ချစ်တယ် မာဂရက်ရယ်  သိပ်ချစ်တယ်။
မင်းပြန်လာတာ ကျေးဇူးတင်ပါတယ်" တဲ့။

နောက်တပတ်ကုန် ကြာသပတေးနေ့ အလွန် မာဂရက် စတင် လှုပ်ရှားလာတော့တယ်။ ဒေါက်တာဂျွန်ဟာ မာဂရက် အနားမှာ မခွာဘဲ အနီးကပ် စောင့်ကြည့်ခဲ့တယ်။ သူမရဲ့ ခြေလက်အင်္ဂါ လှုပ်ရှားမှု ။ အသက်ရှူနှုံး ၊သွေးပေါင်ချိန် ၊ စကားပြောနိုင် မပြောနိုင် စသည် အချိန်တိုင်း ဂရုတစိုက် စောင့်ကြည့်နေတာပါ။ စနေနေ့ မှာတော့မိုက်ခ် ကို ကောင်းကောင်း မှတ်မိလာပြီး ခလးတွေကို မေးချင်ဟန် ရှိတယ်။
မိုက်ခ် က မာဂရက်၊ မင်းစာရေးပြမလားဆိုတော့ သူမ ခေါင်းငြိမ့်တယ်။

"ကျွန်မ ဒက်ဒီနဲ့  မာမီ နေကောင်းကြလား။ သားသားနဲ့  မီးမီး မပါဘူးလား" စသည် ရေးပြတယ်။  သူမ စာကောင်းကောင်းရေးပြနိုင်တာဘဲ။ လို့  မိုက် ခ် ၀မ်းသာနေတယ်။

“မိုက်ခ် ရယ်၊ ကျွန်မကို နမ်းပါအုံး၊ ကျွန်မကို ချစ်မှ .ချစ်သေးရဲ့လား"တဲ့ ။သူမက စာတွေ ဆက်ရေးရာမှာတော့ မိုက်ခ်တယောက် အံ့သြရပါပြီ။ ဒါ ငါ့ရဲ့  မာဂရက်အစစ်ဘဲ လို့ ကျေနပ်သွားတယ်။ သူက စိတ်ထဲမှာ သူ မာဂရက်မှ ဟုတ်သေးရဲ့လား လို့ တိတ်တိတ်ကလေး သိုဝှက် မေးမြန်းပြီး မချိတင်ကဲ ဖြစ် နေခဲ့တာလေ။
ခု သူ သိပ်ကျေနပ်သွားပါပြီ။ မိုက်ခ်ဟာ အားရ၀မ်းသာမာဂရက်ပါးပေါ် အနမ်းပန်းမျာစွာ ဆက်တိုက်  ချွေချနေတော့တယ်။

Florist

(၂၀၀၈ ဖေဖေါ်ဝါရီလထုတ်၊ အမှတ် ၁၅၇ ဇီဝက ဆေးပညာမဂ္ဂဇင်းမှ ဆောင်းပါးကို  ပြန်လည် ဝေငှခြင်းဖြစ်ပါသည်။ ဗိုလ်ကြီး မာဂရက်ဟာရင်းဟာ ခွဲစိတ်ခံရပီးနောက် လေးလအကြာမှာ အလုပ်တာဝန်များကို ပြည့်ဝစွာ ပြန်လည် ထမ်းဆောင်နိုင်ခဲ့ပါတယ်။ တကယ့်ဖြစ်စဉ်ကလေးပါ။)

2 comments:

SHWE ZIN U said...

အင်း ဖတ်လိုက်ရတာ အသဲတုန်အူတုန်ပါဘဲ... လူတယောက်ရဲ့ အသက်ကို တန်ဖိုးထားလိုက်ကြတာ .. စိတ်ချမ်းသာစရာကောင်းတယ်.. ကျေးဇူး

ချစ်တဲ့
အမရွှေစင်

mstint said...

ဆေးပညာတွေရဲ့ တိုးတက်မှုဟာ အံ့မခန်းပါပဲ ဖြိုးဖြိုးရေ။ မာဂရက်ဟန်ရင်း ကံကောင်းလိုက်တာနော်။
လွတ်သွားတဲ့ ပို့စ်တွေပြန်ဖတ်သွားတယ် ကျေးဇူးနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်