Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, June 01, 2013

အိပ်မက်ကြီးကြီး အချစ်ကြီးကြီး

ဘတ်စ်ကားကြီးပေါ်မှာ မိန်းကလေးတစ်ယောက်၊ ဂစ်တာတစ်လက်၊ အိပ်မက်ကြီးကြီးတစ်ခု သယ်ဆောင်ကာ Nashavilleဂီတမြို့တော်ကို ဦးတည် လာနေသည်။  BlueBird Café(BBcafe)ရဲ့ စနေနေ့ည ဂီတ အစီအစဉ်မှာ ပါဝင်ခွင့်ရဖို့က အိပ်မက်ကြီးကြီးထဲက ရှေ့ပြေးရောင်ခြည် တစ်မျှင်တစ်စ။ ဂီတအိပ်မက် ကြီးကြီး မက်သူတွေအတွက်တော့BlueBird Cafeက အခွင့်အရေးကြီးကြီး ပေးနိုင်တဲ့နေရာ။ သည်တော့လည်း အရည်အသွေး အစစ်ဆေးခံယူဖို့ ဂစ်တာကိုယ်စီ လွယ်ပိုး၊ ကိုယ်တိုင်ဖန်တီးတဲ့သီချင်းတွေဆောင်ကြဉ်းလို့ တန်းစီ စောင့်ဆိုင်းနေ သူတွေက အပုံအပင်။Bluebird Cafeမှာ အသံစစ်ဆေးခံယူဖို့ သူမ လျှောက်လွှာတင်ထားခဲ့သည်။ ဘတ်စ်ကားကြီးပေါ်က ဆင်း၊ တက်္ကစီ တစ်စီးငှားကာ ကသုတ်ကရိုက်လာခဲ့သည့်ကြားက audition ၀င်ခွင့် မရ။ သူမလိုပဲ အချိန်မီမရောက်လို့ ၀င်ခွင့်မရသူ ဂီတသမားကောင်လေး တစ်ယောက်လည်းရှိသည်။ နောက်တစ်ပတ်ကိုသာ စောင့်ရတော့မည်။ တည်းခိုစရာ နေရာရှာ၊ BB Cafeနဲ့အနီးဆုံးDrake Motelမှာ။ နေ့ခင်းဘက် ဂစ်တာကိုလွယ် လျှောက်သွား၊ မာစတာ ကီးလေးမှုတ် အသံအစအနဖော်၊ သံစဉ် ရှာဖွေစုဆောင်း၊ ညဉ့်နက်နက်ထိ ကော်ဖီဆိုင်ထိုင်ရင်းသီချင်းချရေး။  နောက်တစ်ပတ်ပြည့်တော့ BBcafe သူမ ထပ်ရောက် ခဲ့ပြီ။ ကြီးကြပ်သူအမျိုးသမီး “လူစီ” က သူမကို ကောင်းစွာမှတ်မိခဲ့သည်။

            “မရင်ဒါပရက်စလေ၊ ဆွေမရှိ မျိုးမရှိ ဟုတ်တယ်မို့လား” လို့ ခပ်ပြုံးပြုံးနှုတ်ဆက် ကြိုသည်။

                                              xxxx

            auditionစောင့်ကြပ်သူ “လူစီ”က “လင်ဒါလူးလင်ဒန်”လို့ နာမည်ခေါ်လိုက်သည်နှင့် ခပ်ချောချောမိန်းကလေးတစ်ဦး ဂစ်တာ ဆွဲရင်း ဗရုတ်သုတ်ခ နိုင်စွာ စင်ပေါ်တက်လာသည်။ သီချင်းကို စဆို လိုက်ကတည်းက ဂစ်တာကော့ဒ်လက်ကွက်က အလွဲလွဲအမှားမှား။ အသံက သိပ်မတည့်။ နောက် တစ်ယောက်။“ကားလ် ဒေးဗစ်ဆန်”။ ကန်းထရီးစတိုင်အမိုက်စားနဲ့လူချောလေးက “I can't  understand”  သီချင်းဆိုသည်။ “မရင်ဒါပရက်စလေ” အလှည့်။ ကိုယ်တိုင် ဖန်တီး ထားတဲ့ သီချင်းတွေထဲက စိတ်တိုင်းအကျဆုံး ကန်းထရီး သီချင်း Big Bar Hair ကိုဆိုသည်။ နောက်တစ်ယောက်  “ဂျိမ်းစ်ရိုက်”။ ပြီးခဲ့တဲ့ တစ်ပတ်က မရင်ဒါပရက်စလေနဲ့အတူ audition ၀င်ခွင့်မရလို့ တံခါးဝကနေ လှည့်ပြန်ရတဲ့သူ။ ရုပ်က အချောစား မဟုတ်၊ feeling, mood, action တွေအပြည့်နဲ့ သူ့ဆိုပုံဆိုပေါက်က စိတ်ဝင်စားစရာ။ backing ဖြည့်ပေးတဲ့ ဂစ်တာသမားကပါ  ဟာမိုနီ လိုက်ပေးတော့ သီချင်းက သွက်လက်မြူးကြွ ရုပ်လုံးလှနေသည်။ လူကုန်ဆိုအပြီးမှာ စနေနေ့ညဂီတ အစီအစဉ်မှာ ပါဝင်ခွင့်ရသူတွေရဲ့ နာမည်တွေကြေညာသည်။ ဂျိမ်းစ်ရိုက် အရွေးခံရသည်။ မရင်ဒါ နာမည်မပါ။ စိတ်ဓာတ်မကျ။ အခွင့်အလမ်းတံခါးပေါက်တွေ မပွင့်မချင်း ခေါက်သွားဖို့က သူမတာဝန်။ လက်တွေပွန်းပဲ့ကျိုးကြေပစေ၊ ဂီတစွမ်းအားနဲ့ ခေါက်ရဦးမည်။
            သူတို့လေးယောက် အပြင်မှာ ဆုံကြသည်။ ဂျိမ်းစ်၊ ကားလ်၊ လင်ဒါလူးနဲ့ မရင်ဒါ။ ဂျိမ်းစ်ရဲ့အောင်မြင်မှုအတွက် လက်ဆွဲနှုတ်ဆက်ကြသည်။ ကားလ်က“မင်းသီချင်း သိပ်ကောင်းတယ်”လို့ချီးမွမ်းတော့ မရင်ဒါက သွားလေးပေါ်အောင်ပြုံးပျော်သွားပြီး “အဟုတ်လား၊ ကျွန်မလည်း ရှင့်သီချင်းကို သိပ်ကြိုက်တယ် . . .ဘာတဲ့ . .. .. .ဒီလို . . .”
            ကားလ်ရဲ့စောစောကသီချင်းကို စာသားကွက်တိ အဆွဲအငင် ကောင်းကောင်းနဲ့ ချက်ချင်းဆိုပြလိုက်တော့ အားလုံး အံ့အားသင့်ကြ ရသည်။ ကားလ်က တုန်ယင် လှိုက်လှဲတဲ့အသံနဲ့ “အိုး မင်းမှာအံ့သြဖွယ် နားတစ်စုံရှိတာပဲ၊ မင်းရဲ့အကြားအာရုံကောင်းလှချည့်လား”လို့ ချီးမွမ်းခဲ့သည်။

                                                           xxxx

မြင်းစီးရင်း မြင်းပေါ်ကပြုတ်ကျတဲ့ ကားလ်ကို ဆေးရုံပို့၊ ဆေးကုသမှုခံနေစဉ် မိန်းကလေးနှစ်ယောက် စကားဆိုနေကြသည်။ “ဘယ်မှာတည်းလဲ” လင်ဒါလူးက မေးတော့ “ဒရိတ်ခ်မိုတယ်မှာ”လို့ မရင်ဒါဖြေသည်။ “အို ငါလည်း အဲဒီမှာပဲ၊ မင်း ဘယ်အခန်းမှာလဲ” “အခန်း ၁၀၈”“အဲဒါ ငါ ကောင်းကောင်း သိတယ်၊ ကြောက်မက်ဖွယ် ဒစ္စကိုခန်းလေ”။ ဒစ္စကိုမီးပြောက်တွေနဲ့ တစ်ခန်းလုံးမျက်စိနောက်ဖွယ် အလှဆင်ထားတဲ့အခန်းမှာ မရင်ဒါနေသည်။ လင်ဒါလူးက ကုန်ကျစရိတ်သက်သာအောင် နှစ်ယောက်တစ်ခန်း ပေါင်းနေဖို့ ကမ်းလှမ်းတာကို မရင်ဒါ လက်ခံလိုက်သည်။ စိတ်မသက်သာစရာ ဆေးရုံထဲကမြင်ကွင်းတွေကြောင့် မရင်ဒါ အပြင်ထွက်သွားတော့ အရိပ်လိုလိုက်ကြည့်နေတဲ့ ဂျိမ်းစ်က နောက်ကလိုက်လာသည်။  မျက်စိမျက်နှာပျက်စွာ မရင်ဒါပြောပြသည်။ 
                                          
“ကျွန်မအဖေက အဲဒီလို ဆေးရုံရဲ့အရေးပေါ်ခန်းထဲပို့လိုက်ရပြီးကတည်းက သူ့ကို နောက်ထပ် ဘယ်တော့မှ မတွေ့ရတော့တာ”

            ဆယ်နှစ်သမီးအရွယ်က အဖေပေးခဲ့တဲ့ဆွဲကြိုးလေးကို ထုတ်ပြလိုက်သည်။ ဆွဲပြားလေးကို နှစ်ခြမ်းဖွင့်လိုက်တော့ အဖေ့ပုံတစ်ဖက်၊ အဲလ်ဗစ်စ် ပရက်စလေပုံကတစ်ဖက်။ “မင်းအဖေက အဲလ်ဗစ်နဲ့တူ တယ်”လို့မြှောက်တော့ မရင်ဒါရယ်သည်။ အဖေက ပရက်စလေကို သဘောကျသည်။ သူမလည်း ကြိုက်သည်။

“ရှင်သိလား၊ ဒါကြောင့် ကျွန်မရဲ့နာမည်အလယ်စာလုံးက ပရက်စလေဖြစ်နေတာ”

            မရင်ဒါရဲ့ဘ၀တစ်စွန်းတစ်စကို ဂျိမ်းစ်သိလိုက်ရသည်။ တင်း ကျပ်မှုတွေဖြေဖျောက်ဖို့ တိုက်ခေါင်မိုးအမြင့်ပေါ် သူတို့ပြေးတက်ကြ သည်။ မရင်ဒါက အကျယ်ကြီးအော်သည်။

            “ကြည့်ထား . .ဂီတမြို့တော်ရေ . . ငါဘယ်တော့မှ ဒီနေရာက ထွက်ခွာမသွားဘူး”

ဂျိမ်းစ်ကိုအော်ခိုင်းတော့ ပထမအသံမထွက်၊ နောက်တော့ မိန်းကလေးတန်မဲ့ ထပ်ကာထပ်ကာ အကျယ်ကြိး အော်နေသည့် မရင်ဒါကိုကြည့်ကာ သူပါ အကျယ်ကြီးလိုက်အော်သည်။ ဂီတမြို့တော်ကို ဘယ်တော့မှ မစွန့်ခွာ လိုကြောင်း သူတို့နှစ်ဦး အသံကုန် တိုင်တည်အော်ဟစ်ခဲ့ကြသည်။     
     
                                                  xxxxx

လူစီကို မရင်ဒါက သွားမေးသည်။ ဘာလို့ မိမိကိုမရွေးတာလဲ။ လူစီက စိတ်ရှည်စွာရှင်းပြသည်။
           
 “မင်းရဲ့သီချင်းမှာ သံစဉ်ကလှပါရဲ့။ ဂစ်တာတီးဟန်ကလည်း သေသပ်ကျနပါရဲ့။ ဒါပေမဲ့ စိတ်ကူးဆန်းလွန်းတယ်။ ငါ့အထင် မင်းရဲ့ခံစားချက်တွေ လူသားဆန်ဆန်ဖြစ်ဖို့ နက်နက်ရှိုင်းရှိုင်း တူးဆွဖို့လိုသေးတယ်”
            လူစီက နံရံမှာကပ်ထားသည့်အမည်စာရင်းတွေကိုပြသည်။ သူတို့အားလုံး တကယ့်ဂရိတ်သီချင်းတွေကို ဖန်တီးနိုင်တဲ့သူတွေ ဖြစ်နေကြပြီ။
            “တချို့က သီချင်းတစ်ပုဒ်ကို ၁၀မိနစ်နဲ့ဖန်တီးနိုင်ကြတယ်၊ တချို့ကတော့သီချင်းတစ်ပုဒ်ရဖို့ ၁၀နှစ်တောင်ကြာတတ်တယ်။ မင်းသိလား၊ ကန်းထရီးမြူးဇစ်က သူ့အထဲမှာကိုက ရိုးသားမှုအပြည့်။ ၀မ်းနည်းတဲ့အခါ ၀မ်းနည်းတာကို ရိုးရိုးလေးပဲဖော်ပြရတယ်၊ သိပ်ပြီး ဆန်းသစ်မှုတွေမလိုဘူး၊ အစစ်အမှန်ခံစားချက်ဖြစ်ဖို့ပဲလိုတယ်”

                                                                    xxxxx

BB café မှာ မရင်ဒါ အလုပ်လုပ်ခွင့်ရသည်။ ဂီတသမား အဖြစ် မဟုတ်။ စားပွဲထိုးမလေးအဖြစ်။ လူစီက တစ်စုံတစ်ရာကို မပြုလုပ်ဖို့ တင်းကျပ်စွာတားမြစ် သည်။

“မင်းရဲ့ မူကြမ်းတိတ်ခွေကို ဧည့်သည်တွေကို မပြရဘူး”တဲ့။ ကိစ္စမရှိ။ လောလောဆယ် ဂီတသံတွေလွှမ်းနေသည့် အသိုက်အ၀န်း လေးထဲမှာ နေရတာ မရင်ဒါ ပျော်သည်။ အထူးသဖြင့်တော့စနေနေ့ည အစီအစဉ်တွေမှာ ၈ျိမ်းစ်ရဲ့ဖျော်ဖြေမှုကို အနီးကပ် ငေးမောအားကျ ခွင့်ရသည်။ အငေးမော လွန်မိတဲ့အခါ ကြီးကြပ်သူတွေရဲ့ လက်တို့သတိပေးခြင်းကိုတော့ ခံရတတ်တာပေါ့။
            အားလပ်ချိန်တွေမှာ ကန်းထရီးသီချင်းတွေ အတူဆို၊ အတူဖန် တီးရာက ဂျိမ်းစ်နဲ့ချစ်ကြိုက်မိပြီ။ သည်အချိန်မှာ လှပတဲ့ ရုပ်သွင်နဲ့ ဖက်ရှင်ကျကျ ၀တ်စားတတ်တဲ့ လင်ဒါလူးက Miss Nashavilleရွေးပွဲမှာ ၀င်ပြိုင်ရာက မိုဒယ်လ်ဖြစ်သွားပြီ။ ရုပ်ရှင်စတားဘ၀ကို ရောက်အောင်တက်လှမ်းဦးမည်လို့ လင်ဒါလူး ဆုံးဖြတ်ထားသည်။

                                     xxxx

            မရင်ဒါကို ကားလ်က စတူဒီယိုခေါ်သွားသည်။ အသံလုံခန်းထဲ မှာ ဆူဆူညံညံ ရော့ခ်သီချင်းတစ်ပုဒ်သွင်းနေတဲ့ ဂျိမ်းစ်ကိုမြင်တော့ မရင်ဒါဝမ်း နည်းမိသည်။ “အဖေက ကန်းထရီးသီချင်းတွေ သိပ်ကြိုက်တာ၊ ဒါကြောင့်ကျွန်မ ဒီနေရာကိုရောက်နေတာပေါ့၊ ကျွန်မတို့ ကန်းထရီး သီချင်းတွေအတူရေး ကြစို့၊ အနုပညာတွေ အတူဖန်တီးလိုက်ကြစို့”လို့ ဂျိမ်းစ်ကို ပြောခဲ့ဖူးသည်။ ပရိုဂျူဆာ တွေအကြိုက် ဂီတလမ်းကြောင်းသစ်ထဲ လိမ့်ချင်တိုင်းလိမ့်နေပုံရတဲ့ ဂျိမ်းပုံစံကိုမမြင်လို။ စတူဒီယိုထဲက ၀မ်းနည်းပက်လက်ထွက်လာတဲ့ မရင်ဒါကို ကားလ်က သီချင်းတစ်ပုဒ်နဲ့အတူ သူ့ဘ၀တံခါးတစ်ချပ် လှပ်ဟပြရင်းအဖော် ပြုပေးသည်။ 
            ကားလ်ကBB café မှာ အရွေးမခံရပေမယ့် ယုံကြည်မှုအပြည့်ရှိသူ လူငယ်ပီပီ သူ့ရဲ့သီချင်းမူကြမ်းခွေကို ကန်းထရီး အဆို တော် ထရစ်ရှာရီးယား ၀ုဒ် ဆိုသည့်အမျိုးသမီးအား သွားပြချင်သည်။ ထရစ်ရှာရီးယားဝုဒ်က နာမည်ကြီးဖြစ်လေတေmh ဘယ်နည်းဘယ်ပုံ ချဉ်းကပ်ရမည်မသိ။ ကြောက်တတ်တဲ့ ကားလ်ကို ဆွဲခေါ်ကာ မရင်ဒါက ထရစ်ရှာရီးယားဝုဒ်ရဲ့ကားထဲမှာ ကားလ်ရဲ့အခွေကြမ်းကို ခိုးကြောင်ခိုးဝှက်သွားထည့်ပေးသည်။ အချက်ပေးခေါင်းလောင်း မြည်သံတွေ ဆူညံလာပြီး ရဲစခန်းရောက်ရသည်။ သူတို့ ဘာပစ်္စည်းမှ မခိုးကြောင်း အဖြစ်မှန် ရှင်းပြရသည်။ ရဲစခန်းသို့ ထရစ်ရှာရီးယားဝုဒ် ကိုယ်တိုင် ရောက်လာကာ ဂီတရူးလေး နှစ်ယောက်ရဲ့ ချဉ်းကပ်နည်းအသစ်ကို သဘောကျ ကာ ကားလ်ရဲ့သီချင်းခွေကို မြည်းစမ်းဖို့ လက်ခံယူသွားသည်။ 
            တက်္ကဆတ်မှာလုပ်တဲ့ကန်းထရီးဂီတပွဲကို ကားလ်နဲ့မရင်ဒါ သွားအကြည့်မှာ ဂျိမ်းစ်ကိုစင်မြင့်ပေါ်မှာတွေ့ရသည်။ မရင်ဒါ ထင်သလို မဟုတ်၊ ကျေးလက်ဂီတကို သူမစွန့်လွှတ်သေး။ ကားလ်နဲ့တူတွဲက နေရင်းက ကန်းထရီးသီချင်းတွေ စတိုင်လ်အပြည့်နဲ့ဆိုနေတဲ့ ဂျိမ်းစ် ကိုကြည့်ပြီး မရင်ဒါရင်ခုန်သံ မြန်သည်။ ဒီကြားထဲ ဂျိမ်းက စင်ပေါ်ကနေ မရင်ဒါနာမည်ကို ကြေညာလိုက်သည်။ ကန်းထရီးသီချင်းတစ်ပုဒ် သူနဲ့အတူduet ဆိုပေးဖို့။ ဂျိမ်းစ်ရဲ့ဂစ်တာသမား တစ်ဦးက စာရွက်တစ်ရွက် ထုတ်ပြလျက်“စာသား ရှိပြီးသား”တဲ့။ မရင်ဒါ ငြင်းမရ။ မငြင်းချင်။ ဂျိမ်းစ်နဲ့အတူ သီချင်းဆိုသည်။ အဲဒီနောက် ဂျိမ်းစ်နဲ့ ပဲပြန်မယ်ပြောတော့ ကားလ်က မကျေနပ်ပေမယ့် အသာတကြည် ခွင့်ပြုသည်။
            BB café မှာ ကားလ်နဲ့ဂျိမ်းစ် စကားများသည်။ ထိုးကြကြိတ် ကြ။ ကားလ်က ဒေါသတကြီး ကားမောင်းပြန်လာသည်။ သူ့ကားထဲ က ရေဒီယိုကို ဖွင့်မိတော့အံ့အားသင့်သွားသည်။ ထရစ်ရှာရီးယားဝုဒ်ရဲ့ အသံနဲ့ သူ့သီချင်း။ သီချင်းထဲ အာရုံငိုက်ကျသွားကာ ကားတစ်စီးကို ဇောင့်ခနဲဝင်ကျုံးမိသည်။ အသားလွတ်ဝင်တိုက်ခံရတဲ့ ရှေ့ကားထဲက လူကြီးဆင်းချလာကာ ဒေါသစိတ်နဲ့ သူ့အနားကပ်လာပြီ။ ကားလ် မမှု၊ ရေဒီယိုကို ညွှန်ပြရင်း “ဒါကျွန်တော့်သီချင်း ဒါကျွန်တော့် သီချင်း”လို့ တုန်တုန်ခိုက်ခိုက်ပြောနေမိသည်။ ၀ိုင်းအုံလာတဲ့ လမ်းမ ပေါ်က လူတွေကိုပါ “ဒါကျွန်တော့်သီချင်း”လို့ အခါခါပြောမိတဲ့အထိ အပျော်စိတ်က မျက်နှာပိုးသတ်မရ။ ရန်ပြုဖို့အနားကပ်လာတဲ့ လူကြီးကပါ “ဟေ ဒါမင်းသီချင်းလား”တဲ့။ “ဟုတ်တယ် ကျွန်တော့် သီချင်း ကျွန်တော်ရေးတာ” လို့ ကားလ်က တဖွဖွအော်ပြောနေသည်။ သီချင်းတစ်ပုဒ် အပျော်တစ်ခုက လူအားလံုးကို ကူးစက်ကာ လက်ရှိ ပြဿနာကို အားလုံးမေ့သွားကြသည်။

                                                                    xxxx

အဲလ်ဗစ်ပရက်စလေ ပြတိုက်ရှိရာ Memphic ကိုသွားရင်း ဂျိမ်းစ်က လက်ထပ်ခွင့်တောင်းတော့ မရင်ဒါလက်ခံလိုက်သည်။ အချစ်ကြီးကြီး အိပ်မက်ကြီးကြီးနဲ့ ဘ၀တစ်ခုကို အတူတကွတည် ဆောက်ကြမည်။ ဒါပေမယဲ့ ထင်သလိုမဟုတ်ဘဲ တကယ့်ဘ၀က အိပ်မက်တွေ အချစ်တွေကို သေးငယ် သွားစေတော့မှာလားလို့ စိုးထိတ်ရမယ့်ကိန်းဆိုက်ပြီ။ တစ်ကိုယ်တည်း အခန်းသုံးရက်အောင်းကာ ဂျိမ်းစ်က သီချင်းတွေဖန်တီးနေရက်သည်။ အခန်းထဲက ထွက်လာတော့လည်း သူ့ရှပ်အင်္ကျီအပြာလေးဘယ်မှာလဲ၊ ဘာဖြစ်လို့လျှော် မထားတာလဲဆိုကာ ဆူဆူပူပူလုပ်သည်။

 “ကျွန်မက ရှင့်ရဲ့အစေခံမဟုတ်ဘူး”လို့ မရင်ဒါ ပြောမိသွားသည်။ နောက်တစ်ကြိမ် BB cafeမှာ audition သွားဝင်တာလည်း မရင်ဒါနာမည် မပါသေး။ ခုထိ စားပွဲထိုးလုပ်နေရတုန်း။ ဘာမဆို အတူတကွလို့စဉ်းစားခဲ့ပြီးမှ အတူတကွဖြစ်ခွင့်မရတာကို မရင်ဒါခံစားရသည်။ ဒါ့ထက်ဆိုးတာက ဂျိမ်းစ်က သီချင်း အယ်လ်ဘမ် ရီကော့ဒင်းလုပ်ဖို့ကိစ်္စနဲ့ သူမကို နှစ်လခန့်ခွဲခွာဦးမည်တဲ့။ မရင်ဒါ ပေါက်ကွဲပြီ။

“ကျွန်မကို လိုက်မလားလို့ဘာလို့မမေးတာလဲ” “ကျွန်မ ဘယ်လိုနေခဲ့ရမှာလဲ” မေးခွန်းတွေ တရစပ် ထုတ်သည်။
“မင့်အလုပ်က ရှိသေးတဲ့ဟာ၊ အိမ်ထဲမှာပဲ အခြေကျအောင် နေခဲ့ပေါ့” ဆိုတဲ့ စကားက မရင်ဒါအတွက်ခါးသီးလှသည်။ တကယ်ဆို သီချင်းသွင်းတဲ့ကိစ္စသွားတာပဲ၊ ခေါ်သွားနိုင်ရမှာပေါ့။ ဂီတ၀ါသနာချင်းအတူတူ လိုက်ခွင့်မရတာဆိုးလှသည်။
“ကျွန်မကို အိမ်ထဲမှာပဲ နေရမယ်ဆိုတဲ့သဘောလား၊ မဟုတ်သေးဘူး။ ကျွန်မမှာလည်း ကျွန်မလုပ်ချင်တဲ့ ၀ါသနာရှိတယ်ရှင့်”
လက်ထပ်စာချုပ်ကို စိတ်လိုက်မာန်ပါ ဆုတ်ဖြဲပစ်လိုက်သည်။
ဂျိမ်းစ်က မထီမဲ့မြင်မျက်လုံးတွေနဲ့ မရင်ဒါကိုကြည့်သည်။ ဖြဲလေ၊ ဖြဲပေါ့။ ငါ့အတွက်တော့ ဘ၀မှာ ဂီတအိပ်မက်တွေကြီးဖို့က အဓိက၊ အချစ်က ဒုတိယပဲ။ သွားစမ်းပါ။
 ဂျိမ်းက သူ့ဂစ်တာသူဆွဲကာ ရီကော့ဒင်း ထွက်သွားသည်။ မရင်ဒါကလည်း ဂစ်တာနဲ့အ၀တ်သေတ်္တာဆွဲကာထွက်ခဲ့ပြီ။ BB Café ကိုထွက်လာခဲ့သည်။

“အလုပ်ထွက်ခွင့်ပြုပါ၊ ဂီတမြို့တော်မှာနေရတာ အဓိပ်္ပာယ်မရှိ တော့ဘူး၊ အိမ်ပြန်ဖို့ပဲ ကျွန်မ စဉ်းစားလိုက်ပြီ”။
လူစီက အံ့သြပေမဲ့ မတားပါ။ ဘယ်သူမှ ကလေးတွေမဟုတ်တော့။ လက်ထပ်ပြီးသား မိန်းကလေးတစ်ယောက် ကိုယ့်ဘ၀ကိုယ် မောင်းနှင်နိုင် လိမ့်မည်လို့ လူစီယုံသည်။

                                                            xxxxx

ဘတ်စ်ကားကြီးပေါ်မှာ။ ဂစ်တာတစ်လက်၊ဦးထုပ်တစ်လုံးနဲ့မိန်းကလေးတစ်ယောက်။ အလာတုန်းကလိုတော့ မဟုတ်။ မျက်ရည်နဲ့ဝေဒနာတွေက အပိုအဆစ် ပါလာခဲ့ပြီ။ ဂီတမြို့တော်ကအထွက် ကားခဏနားခိုက် ဆိုင်တစ်ဆိုင်မှာထိုင်ကာ လိပ်ခဲ ဆို့ကျပ်နေတဲ့ ရင်ထဲကဝေဒနာတွေကို စာရွက်တစ်ရွက်ပေါ် တရစပ် သွန်မှောက်ရေးခြစ်မိသည်။ ရေးချသမျှ ပြန်ကြည့်ကာ မျက်စိလည်သွားသည်။
ဒါ သီချင်းတစ်ပုဒ်လား။ ဒီလောက်မြန်မြန် ရေးနိုင်တာသီချင်းတစ်ပုဒ်ဟုတ်ပါ့မလား။ အချိန်ခဏလေးအတွင်း ရေးချခဲ့တယ်ဆိုပေမယ့် တစ်သက်စာ တစ်ဘ၀လုံး ဒီအထဲမှာပျော်ဝင်နေခဲ့တဲ့အဖြစ်သနစ်တွေကို အခြေခံခဲ့တာပါ။ ဒါ သီချင်းပေါ့။ ဟုတ်တယ်။ အစစ်ပဲ။အသေအချာပြောရရင် မျက်ရည်တွေ လူးလဲပေကျံနေတဲ့သီချင်း။ သီချင်းနာမည်ကို Big Dream “အိပ်မက်ကြီးကြီး”လို့ ရိုးရိုးလေးပဲပေးလိုက်သည်။ သီချင်းထဲ ဈာန်ဝင်နေခိုက် ဘတ်စ်ကားက ထွက်သွားခဲ့ပြီ။ မထူးတော့။ သီချင်းစာရွက်ကို အိတ်ကပ်ထဲထည့်ကာ BB cafe ကို နောက်တစ်ခေါက်ထွက်ခဲ့သည်။

            သည်အချိန် ဂျိမ်းစ်မှာ အသံသာသွင်းနေရသည်၊ စိတ်တွေက မူမမှန်။ ဘယ်တော့မဆို သီချင်းနဲ့ပတ်သက်လာရင် အမြဲတမ်း အကောင်းဆုံးလုပ်နိုင် တဲ့ကောင်လို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ခဲ့တာ မှားပြီ။ ငါ့ဝါသနာ ငါ့ဂီတကသာ အဓိကလို့ ထင်မိတာမှားပြီ။ ဂီတနဲ့ထပ်တူ မိန်းကလေးတစ်ယောက်ကလည်း အဓိက ကျနေပါ့လား။ ဘောက်ဘက်ခတ် နေတဲ့စိတ်ကြောင့် သီချင်းတစ်ပုဒ်ကို အကောင်းဆုံးဖြစ်အောင် မလုပ်နိုင်မှန်း ဂျိမ်းစ်နားလည်ရပြီ။ ရီကော့ဒင်းကိစ်္စ တိုးလိုးတန်းလန်း ထားကာ အိမ်သို့ပြန်လာသည်။ မရှိမှန်းသိတဲ့ကြားက“မရင်ဒါ”ကို အော်ခေါ်မိသည်။ စိတ်ထွေထွေနဲ့ ချစ်သူ့အရိပ်တွေလွှမ်းခြုံရာ BB Café ကိုထွက်လာကာ အရက် ထိုင်သောက်နေမိသည်။ အော်ဒစ်ရှင်တစ်ခေါက်ပြန်ဝင်ဖို့ရောက်လာတဲ့ ကားလ်ကိုမြင်တော့ ရင်ဖွင့်မိလိုက်သည်။

            “မရင်ဒါ ငါ့ကို ထားသွားပြီ”

                                                                        xxxxxxx

ဆိုင်တံခါးကို တွန်းဖွင့်၊ ဂစ်တာတစ်လက်နဲ့ဝင်လာတဲ့ မိန်းကလေးကိုမြင်တော့ အိမ်ပြန်ပြီဆို ဘယ်လိုဘယ့်နှယ် . . .လူစီမျက်ခုံး ပင့်သည်။ ဘားကောင်တာဆီ မျက်စပစ်ပြကာ ပြောသည်။
            “မင်းရဲ့လူ ဟိုမှာ . . ”
            မရင်ဒါက ယောင်လို့မှ လှည့်မကြည့်။ လူစီ့မျက်ဝန်းတွေထဲ တည်ငြိမ်စွာ စိုက်ကြည့်လျက် ပြတ်သားစွာပြောလိုက်သည်။

            “မဟုတ်ဘူး၊ သူ့ဆီလာတာမဟုတ်ဘူး။ သီချင်းအတွက် ကျွန်မဘာသာ ကျွန်မပြန်လာတာ၊ ကျွန်မရဲ့ဝါသနာ၊ ကျွန်မရဲ့ ဂီတအတွက် ပြန်လာတာ။ ကျွန်မကိုအခွင့်အရေးပေးပါ၊ ကျွန်မမှာ သီချင်းတစ်ပုဒ် ပါလာတယ်”
            လူစီက ဆိုခွင့်ပြုလိုက်သည်။ သီချင်းဆိုအပြီးမှာ ဂျိမ်းစ်က “ခဏလောက် စကားပြောရအောင်”တဲ့။ ပြောလေ၊ ပြောပေါ့။ 
            “ငါမင်းကို သတိရတာ၊ သိပ်ဆိုးတာပဲ”                
            “ရှင့်အယ်လ်ဘမ် ဘယ်လိုလဲ၊ အဆင်ပြေလား”
            “ငါတကယ်တမ်းကြောက်တာက မင်းကို နောက်ထပ်မမြင်ရတော့မှာပဲ . .”
            “ဘာမဆို အသံတွေက သီချင်းတစ်ပုဒ်ပါပဲ“
            “မင်းရဲ့ခင်ပွန်းအဖြစ်နဲ့ မင်းအနားမှာ သီချင်းတွေအတူရေးမယ်”
            ကားလ်နဲ့ မရင်ဒါတို့နာမည်ကို လူစီက ကြေညာချက်ထုတ်ပြန်သည်။ ဘ၀နဲ့ရင်း၊ ဝေဒနာနဲ့ရေး၊ မျက်ရည်နဲ့ သီဆိုလိုက်တဲ့သီချင်းတစ်ပုဒ်က မရင်ဒါကို အောင်မြင်စေခဲ့လေပြီ။ BlueBird Café မှာ စိတ်ကြိုက်သီချင်းဆိုခွင့် ရသွားခဲ့ပြီ။
လူစီက လက်ဆွဲနှုတ်ဆက်ပြီးပြောသည်။
            “ဒါပန်းတိုင်မဟုတ်သေးဘူး၊ အခုမှ ကောင်းကောင်း စတင် ရမှာ”
            မရင်ဒါခေါင်းညိတ်သည်။ ရုပ်ရှင်ရိုက်ဖို့  ဟောလိဝုဒ်ကိုသွားမယ့်လင်ဒါလူးကို သူမ ဆောင်းနေကျဦးထုပ်လေးပေးရင်း မရင်ဒါနှုတ်ဆက်ခဲ့သည်။ ဂျိမ်းစ်က ကားမောင်းသည်။ မရင်ဒါက အလယ်က၊ ကားလ်က အစွန်မှာ။ ကားလ်က ပြောသည်။
            “သီချင်းတစ်ပုဒ်ရေးဖို့ ငါစိတ်ကူးရပြန်ပြီ”
            “ကောင်းပြီ၊ မင်းကရေး၊ ငါကတီးမယ်၊ မရင်ဒါက ဆိုပေါ့”လို့ ဂျိမ်းစ်ကပြောတော့ မရင်ဒါက “အို ကျွန်မက ဘာလို့ မရေးစပ်နိုင်ရမှာလဲ၊ သီချင်းကို ကျွန်မပဲ ရေးမယ်၊ ရှင်တို့နှစ်ယောက်က အဆိုနဲ့ အတီး တာဝန်ယူ”
ဖြူစင်တဲ့ရယ်သံတွေ လမ်းမပေါ် အကြာကြီး လွင့်ပျံ့နေခဲ့တော့သည်။

                                    xxxx

            အိပ်မက်ကြီးကြီးထားရှိဖို့လိုသလို အချစ်တွေလည်း ကြီးမားစွာ ထားရှိဖို့လိုသည်။ တစ်ခါတစ်ရံ အတ္တစွက်သည့် အိပ်မက်ကို အကောင်အထည် ဖော်လိုစိတ် ပြင်းပြလွန်းသွားသည့်အခါ ဘ၀စွက်သည့်အချစ်က သေးကျုံ့ သွားတတ်သည်။ အိပ်မက်နှင့်အချစ်ကို မျှတစွာပေါင်းစပ်လျက် အနာဂတ်တစ်ခု ဖန်တီးမည့် မရင်ဒါပရက်စလေကို အားကျမိရင်း ငယ်စဉ်ဘ၀က မက်ခဲ့ဖူးသည့် ဂီတအိပ်မက်လေးတစ်ခုကို နင့်နင့်စူးစူး ကျွန်မ လွမ်းမိနေပါသည်။

ဂျူနီယို
Family Magazine - June
Movie            - The Thing Called Love(American Drama)
Cast              - James Wright (River Phoenix)
                       Kyle Davidson (Dermot Mulroney) 
                       Miranda Presley (Samantha Mathis)
                       Linda Lue Linden (Sandra Bullock) 
                       Trisha Yearwood (herself)
Director          - Peter Bogdanovich

No comments: