Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, June 01, 2013

ညွှန်းတဲ့ ရုပ်ရှင်


Iron Man 3
Action, Adventure, Sci-Fi
Walt Disney Studios Motion Pictures
ဒါရိုက်တာ - Shane Black
ထုတ်လုပ်သူ - Kevin Feige
ဇာတ်ညွှန်း - Drew Pearce, Shane Black
ဝတ္ထု - Iron Man by Stan Lee, Larry Lieber, Don Heck, Jack Kirby, Extremis by Warren Ellis, Adi Granov)
သရုပ်ဆောင်များ - Rober Downey Jr.(Tony Stark/ Iron Man), Guy Pearce(Aldrich Killian), Gwyneth Paltrow(Pepper Potts), Don Cheadle(James Rhodes/War Machine)

Iron Man 3 ဟာ Marvel Comics ဇာတ်ကောင် Iron Man ကို ရုပ်ရှင်အဖြစ်ပုံဖော်အသက်သွင်းထားတဲ့ ၂၀၁၃ အမေရိကန်စူပါလူစွမ်းကောင်းရုပ်ရှင်ပါ။ Iron Man နဲ့ Iron Man 2 ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Favreau ကတော့ Iron Man 2 ရိုက်ကူးပြီးတဲ့အချိန် ၂၀၁၀ မေ မှာ နောက်ထပ် Iron Man ရုပ်ရှင်ကားတွေကို သူ မရိုက်တော့ဘူ့း လိုဆုံးဖြတ်ချက်ချခဲ့တာပါ။ ဒီ Iron Man 3 ကို မြောက်ကယ်ရိုလိုင်းနား ဝီလ်မင်တန်မှာ စတင်ရိုက်ကူးပြီး ဖလော်ရီဒါ၊ တရုတ်နိုင်ငံ နဲ့ လောစ့်အင်ဂျယ်လိစ် ဇာတ်ဝင်ခန်းတွေအားဖြည့်ထားတယ်။ ဥာဏ်ကောင်းတဲ့လုပ်ငန်းရှင် တိုနီစတာ့ခ်(Iron Man)ဟာ လက်စားချေသူတွေ(The Avengers) တွေနဲ့ တိုက်ပွဲတွေထန်သွားပြီးတဲ့အခါ ကြောက်ရွံ့ထိတ်လန့်သွားခဲ့သေးတယ်။ ဒါပေမဲ့ သူကသူ့ပုံစံအတိုင်း မထီတရီဟန်နဲ့ပါပဲ။ သူ့ရဲ့စက်ရုံကြီးမှာ Iron Man ဝတ်စုံတွေအများကြီးပဲ ထုတ်လုပ်ဖို့စတင်တော့တယ်။ အဲဒီကိစ္စကြောင့် စတာ့ခ်ရဲ့မိန်းကလေး ပက်ပါပေါ့ထ်စ်(Gwyneth Paltrow) နဲ့ ပဋိပက္ခဖြစ်တော့တာပေါ့။ ပေါ့ထ်စ်က စတာ့ခ်လုပ်ငန်းမှာ အကြီးအကဲအသစ်လေးပါ။ ၁၉၉၉ က နှစ်သစ်ကူးပွဲတော်မှာ စတာ့ခ်နဲ့ သူ့ရဲ့ သိပ္ပံပညာရှင် မာယာဟန်စန် တို့ အလဲလဲအပြိုပြိုဖြစ်နေခဲ့တဲ့ သိပ္ပံပညာရှင် အယ်လ်ဒရစ်ခ်ျ ကီလီရန်ကို ရှောင်တိမ်းခဲ့ကြဖူးတယ်။ ကီလီရန်က စတာ့ခ်ကို သူ့ရဲ့နည်းပညာမြင့်သွက်လက်လှုပ်ရှား အကြမ်းဖက်အဖွဲ့ Advanced Idea Mechanics(A.I.M) မှာ သိမ်းပိုက်ထားဖို့ ဆွဲဆောင်/ ကြိုးပမ်းခဲ့တာကိုး။ အဲဒါက ပြီးခဲ့ပါပြီ။ ဒီနေ့ အမေရိကမှာတော့ အကြမ်းဖက်သမား မန်ဒရင်း(ကြွယ်ဝတဲ့တရုတ်အမျိုးသားဖခင်နဲ့ မင်းမျိုးမင်းနွယ်မဟာဆန်လှတဲ့အင်္ဂလိပ်အမျိုးသမီးတစ်ဦးတို့ရဲ့ သား)ဟာ ဗုံးတွေကို နေရာအနှံ့အပြားကြိုးနဲ့ သီကုံးထားသလိုမျိုးတပ်ဆင်ထားခဲ့ပြီးပြီ။ ခြိမ်းခြောက်နေခဲ့ပြီ။ ဒါဟာ မန်ဒရင်းအတွက် ပထမဆုံးအကြိမ်တော့မဟုတ်သေးဘူး။ အင်မတန်စိတ်ကြီးဝင်နေတဲ့ မန်ဒရင်းဟာ ကမ္ဘာကြီးကိုသူ့လက်အောက်ရောက်ရမယ်၊ ပိုင်ဆိုင်ရမယ်ဆိုတဲ့အကြံအစည်မျိုးနဲ့ အကြမ်းဖက်မှုတွေအကြိမ်ကြိမ်ပြုလုပ်နေခဲ့တာပေါ့။ မန်ဒရင်းရဲ့လုပ်ရပ်မှန်း သိသွားခဲ့သူက စတာ့ခ်လုပ်ငန်းက လုံခြုံရေးမှူး ဟက်ပီးဟိုဂန်ပါ။ တိုက်ခိုက်မှုတစ်ခုမှာ ခြေရာကောက်မိခဲ့တယ်။ မန်ဒရင်းက စတာခ့်ကို အလုံးစုံဖျက်ဆီးဖို့ကြိုးစားတော့တယ်။ လက်နက်တွေအပြည့်တပ်ဆင်ထားတဲ့ ရဟတ်ယာဉ်တွေနဲ့ စတာခ့်အိမ်ကိုရုတ်တရက်ဝင်ရောက်ပစ်ခတ်တယ်။ စတာခ့်ရှင်သန်ခဲ့ပါတယ်။ ဒါပေမဲ့ စတာ့ခ်ရဲ့ ဝတ်စုံမှာ ကယ်လီဖိုးနီးယားကိုသွားရမယ့်ခရီးအတွက်လုံလောက်တဲ့ပါဝါမရှိတော့ဘူး။ ကမ္ဘာကြီးက စတာခ့်သေဆုံးသွားပြီလို့ပဲ ယုံကြည်ထားလိုက်ကြတော့တယ်။ စတာခ့်ဘယ်မှာလဲ။ စတာခ့်ပြောစကားက “ငါဟာ တိုနီစတာခ့်ပါ။ ငါ့မှာသိပ်တော်တဲ့မိန်းကလေးတစ်ဦးရှိတယ်။ ငါ မင်းကို မကြောက်ဘူး။ အပြည့်အဝဝန်ခံရရင်တော့ လက်စားချေဖို့ပဲ။ ကမ္ဘာကြီးကို ကာကွယ်ဖို့ မန်ဒရင်းကို လက်စားချေရမယ်။ ရပ်တန့်ရမယ်” တဲ့။ လက်ကျန်စွမ်းအားနဲ့ပဲ မန်ဒရင်းကို တိုက်ခိုက်ကြရတော့မှာပေါ့။

Before Midnight
Drama
Sony Pictures Classics
ဒါရိုက်တာ - Richard Linklater
ထုတ်လုပ်သူ - Christos V. Konstantakopoulos, Richard Linklater, Sara Woodhatch
ဇာတ်ညွှန်း - Richard Linklater, Ethan Hawke, Julie Delpy
ဝတ္ထု - Richard Linklater, Kim Krizan
သရုပ်ဆောင်များ - Ethan Hawke(Jesse), Julie Delpy(Celine), Seamus Davey-Fitzpatrick(Hank), Ariane Labed(Anna)

Before Midnight ဟာ ဒါရိုက်တာ ရစ်ချတ်ဒ်လင့်ခ်လေတာရဲ့ အောင်မြင်ခဲ့တဲ့ ဆွတ်ပျံ့လွမ်းမောဖွယ် အချစ်ဇာတ်လမ်းတွေ ဖြစ်တဲ့ Before Sunrise(၁၉၉၅)နဲ့ Before Sunset(၂၀၀၄) တို့ရဲ့ အဆက်ပါပဲ။ ဒီဇာတ်လမ်းတွေရဲ့ မူရင်းစာရေးဆရာမကတော့ အမေရိကန်စာရေးဆရာမ ကင်မ်ကရီဇန်ပါ။ ပထမဆုံး Before Sunrise မှာ အသက်ငယ်ငယ်အမေရိကန်အမျိုးသား ဂျက်စီ(Ethan Hawke) နဲ့ ပြင်သစ်အမျိုးသမီးငယ်လေး ဆီလင်း(Julie Delpy) တို့ သြစတြီးယားနိုင်ငံ၊ မြို့တော်ဗီယင်နာအသွား ရထားပေါ်မှာ ဆုံခဲ့ကြတာနဲ့ဇာတ်လမ်းကိုစတင်ခဲ့တယ်။ ဗီယင်နာရဲ့ ညတစ်ညမှာမြို့ထဲအတူတူလမ်းလျှောက်ကြတယ်။ စကားတွေပြောရင်း တစ်ဦးနဲ့ တစ်ဦးရင်းနှီးကျွမ်းဝင်သွားခဲ့ကြပြီ။ ကြီးမားတဲ့ဇာတ်အိမ်မရှိသလို လှုပ်လှုပ်ခတ်ခတ်အဖြစ်အပျက်တွေမပါခဲ့ဘူး။ ဒါပေမဲ့ ဂျက်ဆီ နဲ့ ဆီလင်းတို့ရဲ့ စကားလုံးတွေကြောင့် ရုပ်ရှင်ဟာ လှပသိမ်မွေ့သွားခဲ့တာပါ။ ဂျက်စီက အချစ်ကို သံသယအတွေးနဲ့ပဲမြင်တတ်တယ်။ ပိုပြီးရိုးရိုးသားသားချစ်ခဲ့တာက ဆီလင်းပါပဲ။ ကိုးနှစ်ကြာပြီးတဲ့အခါ ဂျက်စီ နဲ့ ဆီလင်းတို့ ပဲရစ်မှာ ထပ်တွေ့ကြပြန်တယ်။ တကယ်တော့ ပထမဆုံးတွေ့ခဲ့ကြစဉ်ကတည်းက ဂျက်စီ ဝတ္ထုတစ်ပုဒ်ရေးနေခဲ့တာပါ။ နောက်တစ်ကြိမ်ထပ်တွေ့တာကိုတော့ Before Sunset မှာ စထားပါတယ်။ “This Time” ဆိုတဲ့ အဲဒီစာအုပ်ထွက်ခဲ့ပြီးတဲ့အခါမှာတော့ အမေရိကမှာ ဂျက်စီ အောင်မြင်ကျော်ကြားခဲ့ပြီ။ This time ဟာ တကယ်တော့ ဂျက်စီရဲ့ အချိန်ပါပဲ။ ဆီလင်းနဲ့ တွေ့ဖြစ်ခဲ့တဲ့အကြောင်းတွေပါ။ ဥရောပမှာ စာအုပ်အရောင်းမြှင့်တင်ဖို့အတွက် ပဲရစ်ကို ဂျက်စီခရီးထွက်ခဲ့တယ်။ စာအုပ်ဆိုင်တစ်ဆိုင်မှာရှိနေခဲ့တဲ့ စာနယ်ဇင်းသမားသုံးဦးက ဂျက်စီ့ကို လျှပ်တပြက်အမေးအဖြေလုပ်ခဲ့တော့။ သူ အဖြေခက်ရပြီ။ အဖြေစကားလုံးတွေထဲမှာ သူတို့အတူရှိခဲ့ဖူးတဲ့ ဗီယင်နာည အမှတ်တရပုံရိပ်တွေပါဝင်နေခဲ့တယ်။ ပရိတ်သတ်တွေအနားမှာဝိုင်းအုံနေကြတယ်။ ဘေးဘက်ကို အကြည့်လွှဲလိုက်တော့ ဆီလင်းက သူ့ကိုပြုံးမြမြမျက်နှာပေးနဲ့ စိုက်ကြည့်လို့နေပြီ။ ဂျက်စီ မယုံနိုင်လောက်အောင်ပဲ။ Before Midnight မှာတော့ ဂျက်စီ နဲ့ ဆီလင်းတို့ ဂရိက ကျွန်းလေးတစ်ကျွန်းပေါ်မှာဆုံတွေ့ကြပြီ။ ကွာရှင်းထားတဲ့ဇနီးနဲ့အတူနေတဲ့ဆယ်ကျော်သက်သားလေး ဟန့်ခ် နဲ့ ဆက်ဆံရေးအဆင်ပြေပြေရှိဖို့ ဂျက်စီ ကြိုးစားနေရတဲ့အချိန်ပါ။ ဂျက်စီ နဲ့ ဆီလင်းတို့ အတူရှိခဲ့စဉ်တုန်းက ရရှိခဲ့ကြတဲ့ အမွှာသမီးလေးနှစ်ယောက်လည်းရှိသေးတယ်။ သန်းခေါင်ယံမတိုင်ခင်တော့ ဂျက်စီ နဲ့ ဆီလင်းတို့ ထပ်ပြီး တွေ့ဆုံဖြစ်ကြဦးမလားပဲ။

The Great Gatsby
Drama, Romance
Warner Bros. Pictures
ဒါရိုက်တာ - Baz Luhrmann
ထုတ်လုပ်သူ - Baz Luhrmann, Douglas Wick, Lucy Fisher, Catherine Martin, Catherine Knapman
ဇာတ်ညွှန်း - Baz Luhrmann, Craig Pearce
ဝတ္ထု - The Great Gatsby by F. Scott Fitzgerald
သရုပ်ဆောင်များ - Leonardo DiCaprio(Jay Gatsby), Carey Mulligan(Daisy Buchanan), Joel Edgeton(Tom Buchanan), Tobey Maguire(Nick Carraway)

Shakespeare's Romeo + Juliet နဲ့ Moulin Rouge ရုပ်ရှင်ကားတွေရိုက်ကူးခဲ့တဲ့ သြစတြေးလျရုပ်ရှင်ဒါရိုက်တာ ဘာ့ဇ်လာ့ဟာမန်းရဲ့ 3D ကားသစ် The Great Gatsby ကို နောက်နှစ်နွေမှာတောင် ပြသနိုင်မှာမဟုတ်သေးဘူး လို့ ၀ါနာဘရားသားက ကြေညာခဲ့ဖူးပေမယ့် အခု မေလ ထဲမှာ ပြသတော့မှာပါ။ အဲဒီ ရုပ်ရှင်မှာ လီယိုနာဒို ဒီကာပရီယို နဲ့ Pride & Prejudice က အင်္ဂလိပ်ရုပ်ရှင်မင်းသမီးလေး ကယ်ရေးမာလီဂန်တို့ ပါဝင်ထားကြပါတယ်။ အမေရိကန် စာရေးဆရာ ဖရန်စစ်စကော့ထ်ကီးဖစ်ဇ်ဂျဲလ်ဒ် ရဲ့ ၁၉၂၅ ခုနှစ်ကရေးခဲ့တဲ့ဝတ္ထုကို ၀တ္ထုမူရင်းနာမည်နဲ့ပဲ ရိုက်ကူးထားတာပါ။ Leonardo DiCarprio က ဂျေဂက်စ်ဘီ၊ Carey Mulligan က ဒေစီဗျူခန်နန်၊ ပင့်ကူလူသား သရုပ်ဆောင် Tobey Maguire ကတော့ နစ်ခ်ကာရ်ဝေး အဖြစ်သရုပ်ဆောင်ထားပါတယ်။ နစ်ခ်က မြို့ပြင်တစ်နေရာမှာနေထိုင်တဲ့ စတော့ပွဲစားတစ်ဦးပါ။ နစ်ခ် ရဲ့ သူငယ်ချင်း ဂျော်ဒန်က ဒေစီ့ကို နစ်ခ်နဲ့ ချစ်ဇာတ်လမ်းစဖို့ ဖိအားပေးနေတယ်။ တကယ်တော့ ဒေစီ့မှာ ခင်ပွန်းသည် တွမ် ရှိနှင့်နေပြီးသားပဲ။ နောက်တော့ ဂျော်ဒန် သတင်းတစ်ခုယူလာပြန်တယ်။ နစ်ခ်ရဲ့ အိမ်နီးချင်း လူချမ်းသာ၊ ပဟေဌိဆန်ဆန်လှို့ဝှက်တဲ့ ဂက်စ်ဘီ ဆိုတဲ့သူက ဒေစီ့ကို သဘောတွေ့နေခဲ့သတဲ့။ ဂက်စ်ဘီနဲ့ နစ်ခ် သိကျွမ်းလာတဲ့အချိန်မှာ တစ်ဘက်ကလည်း ဂက်စ်ဘီနဲ့ ဒေစီတို့ရဲ့ ချစ်ဇာတ်လမ်းကို အရိပ်တကြည့်ကြည့်နဲ့စောင့်ကြည့်နေရပြန်တယ်။ ပထမကမ္ဘာစစ်မီးစတင်လာတော့ ဂက်စ်ဘီ နဲ့ ဒေစီတို့ ခွဲခွာရတော့မလိုပဲ။  The Great Gatsby ဟာ ပထမကမ္ဘာစစ်ပွဲကာလအတွင်းက ဇာတ်ကောင်စရိုက်တွေနဲ့ ပုံဖော်ထားတဲ့ 3D ကားပါ။ “ရုပ်ရှင်ကြည့်ပရိတ်သတ်တွေအများအပြားကြည့်ကြမယ့် ရုပ်ရှင်ကားဖြစ်လာပါလိ့မ်မယ်။ အသက်အရွယ်မရွေးနှစ်ခြိုက်မယ် လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်”  လို့ ဝါနာဘရားသားက ကြေညာသွားခဲ့ပါတယ်။

Epic
Animation, Adventure, Comedy, Fantasy
20th Century Fox
ဒါရိုက်တာ - Chris Wedge
ထုတ်လုပ်သူ - Lori Forte, Jerry Davis
ဇာတ်ညွှန်း - Tom J. Astle, Matt Ember
ဝတ္ထု - The Leaf Men and the Brave Good Gugs by William Joyce
အသံသရုပ်ဆောင်များ - Amanda Seyfried(Mary Katherine), Josh Hutcherson(Nod), Beyonce Knowles(Queen Tara), Collin Farrell(Ronin)

Ice Age(၂၀၀၂) နဲ့ Robots(၂၀၀၅) ဒါရိုက်တာ ခရစ်ဝက်ခ်ျ ရဲ့ အံ့မခန်းဆန်းပြား၊ သပ်သပ်ရပ်ရပ်အထူးပြုလုပ်ချက်တွေပြည့်နှက်နေတဲ့ ရယ်မောပျော်ရွှင်စရာ၊ fantasy ရုပ်ရှင်ကားပါ။ Pitbull, Steven Tyler နဲ့ Beyonce တို့ကလည်း အသံနဲ့သရုပ်ဆောင်ထားကြတယ်။ ဆယ်ကျော်သက်လေး မေရီကက်သရင်းက ဖခင်ရယ်၊ သူမရဲ့ ခွေးလေးရယ် တောထဲကသစ်သားအိမ်လေးမှာ အတူနေထိုင်ကြတယ်။ ဖခင် ပရော်ဖက်ဆာ ဘွန်ဘာက ဒဏ္ဏာရီလိုလို သစ်တောထဲမှာနေထိုင်ကြတဲ့ စစ်သည်ရဲမက်တွေကို သုတေသနပြုလေ့လာနေတာပါ။ အဲဒီစစ်သည်ရဲမက်တွေဟာ ကောင်းမွန်တဲ့သူတွေကို စောင့်ရှောက်အုပ်ထိန်းကြတယ်။ ဘွန်ဘာကတော့ တောထဲကိုနေ့တိုင်းသွားပြီး စစ်သည်တွေကို ရှာဖွေနေတယ်။ တစ်နေ့တော့ ပရော်ဖက်ဆာဘွန်ဘာ အိမ်ပြန်နောက်ကျခဲ့ပြီ။ မေရီကက်သရင်းက ဖခင်ကိုပူပင်တဲ့စိတ်နဲ့ တောနက်ထဲကို တိုးဝင်တော့တယ်။ တောနက်ထဲက လှို့ဝှက်ကမ္ဘာကို ရှာဖွေတွေ့ရှိသွားခဲ့ပြီ။ သူမရဲ့ ခန္ဓာကိုယ်လေးကလည်း သေးကွေးကျုံလှီသွားလိုက်တာ သစ်ရွက်တစ်ရွက်အရွယ်အစားလေးဖြစ်သွားခဲ့တာပေါ့။ ကက်သရင်းဖခင်ရှာဖွေနေတဲ့ စစ်သည်တွေကို သစ်ရွက်လူသားတွေလို့ခေါ်တွင်ကြသတဲ့။ တောနက်ထဲမှာ ကောင်းမွန်တဲ့အရာတွေနဲ့ မိစ္ဆာတွေရဲ့ အားပြိုင်မှုတွေရှိနေတယ်။ ကက်သရင်းဟာ ချစ်ခင်နှစ်သက်ဖွယ်ရာမိန်းကလေးပါ။ သူက ကောင်းမွန်တဲ့စစ်သည်ရဲမက်တွေကို ကူညီဖို့ အသင့်ရှိနေခဲ့တယ်။ သူတို့ရဲ့ လှို့ဝှက်တောနက်ကမ္ဘာကို ကယ်တင်ကြမှာက တကယ့်ကမ္ဘာစစ်တစ်ခုကတိုက်ပွဲတွေအတိုင်းပါပဲ။ ဘီယွန်စ့်က သစ်တောရဲ့ သဘာဝတရားကိုစောင့်ရှောက်တဲ့မိခင်- ဘုရင်မ တာရာ၊ ပစ်ထ်ဘူးလ်ကတော့ ဖားပြုတ်လေး ဘူဖို၊ စတီဗင်တိုင်လာက ပေါက်ဖတ် နင်မ်ဂါလူး၊ ခရစ်စတိုဖ့်ဝဲလ်ဇ် က မိစ္ဆာ ဘောဂန်တွေရဲ့ ခေါင်းဆောင် မန်းဒရိတ်ခ်၊ ကောလင်းဖာရဲလ်က သစ်ရွက်လူသား စစ်သည်တော် ရိုနင်တဲ့။ အဆိုးနဲ့အကောင်းအားပြိုင်တိုက်ခိုက်ကြတဲ့ တောနက်ထဲက အဲဒီတိုက်ပွဲပြီးရင်တော့ ဖခင်ဘွန်ဘာ နဲ့ မေရီကက်သရင်းလေးတို့ အတူတူပြန်ဆုံနိုင်ကြမှာပါပဲ။        ။
Yati Magazine, June, 2013
ဖြိုးဖြိုး

1 comment:

အမ်တီအန် said...

ဖြိုးရေ...
Epic နဲ့ Before Midnight ကို စိတ်ဝင်စားမိတယ်။ ကြည့်ဦးမှ။ ဇာတ်ကားကောင်းတွေ မျှဝေပေးတာ ကျေးဇူးပါ..။