Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, June 26, 2013

ညွှန်းတဲ့ ရုပ်ရှင်


The Lone Ranger
Action / Adventure / Western
Walt Disney Studios, Motion Pictures
ဒါရိုက်တာ - Gore Verbinski
ထုတ်လုပ်သူ - Jerry Bruckheimer, Gore Verbinski
ဇာတ်ညွှန်း - Justin Haythe, Ted Elliott, Terry Rossio
ဝတ္ထု - Ted Elliott, Terry Rossio, Justin Haythe, Lone Ranger by Fran Striker
သရုပ်ဆောင်များ - Johnny Depp, Armie Hammer, Tom Wilkinson, William Fichtner

Walt Disney ရဲ့ ကောင်းဘွိုင်စွန့်စားခန်းတွေနဲ့ သွက်သွက်လက်လက်ရိုက်ကူးထားတဲ့ရုပ်ရှင်ပါ။ ၁၉၃၃ ခုနှစ်က ရေဒီ ယိုဇာတ်လမ်း Lone Ranger ကို ပုံဖော်ထားတယ်။ မျက်နှာဖုံးတပ် ကောင်းဘွိုင်စိတ်ကူးယဉ်ဇာတ်ကောင် တက္ကဆက်နယ်သား ဂျွန်ရိဒ် (Armie Hammer)နဲ့ သူ့ရဲ့ အမေရိကန်အင်ဒီယန်းမိတ်ဆွေ တွန်တို(Jonny Depp)တို့ နှစ်ဦးသားလက်တွဲပြီး အကျင့်ပျက်ခြစားမှုနဲ့ အတ္တကြီးသူတွေကို ချေမှုန်းတိုက်ခိုက်ကြတယ်။ တွန်တိုဟာ သေနတ်ပြစ်ကျွမ်းကျင်တယ်။ ပစ်မှတ်ကိုမလွဲတဲ့ လက်ဖြောင့်သေနတ်သမားမျိုး။ တွန်တိုကို “လူရိုင်းလူကြမ်း” လို့ ခေါ်နေကြတယ်။ မြင်းစီးလည်းအင်မတန်ကျွမ်းကျင်သေးတဲ့သူပါ။ တွန်တိုရဲ့ မြင်းရဲ့ အမည်က အဖြူလွလွလေးမို့ “ဝှိုက်ဖဲလာ” တဲ့။ ရိဒ် ရဲ့ ဖက်ရှင်ကိုပြောရရင်တော့ မျက်နှာဖုံးအမြဲတပ်ထားတတ်တာပဲပေါ့။ ကောင်းဘွိုင်တွေ မြူးတူးသောက်စားကြတဲ့ အရက်ဘားတွေမှာ ရိဒ်ကို တွေ့နိုင်တယ်။ ဒါပေမဲ့ ရိဒ်ဟာ ဘယ်တော့မှ အရက်သေစာမသောက်သူ၊ ဆေးလိပ်မသောက်တတ်တဲ့သူ၊ အင်္ဂလိပ်စကားကိုတောင် ဗန်းစကားဘယ်တော့မှမသုံးဘူး။ သဒ္ဒါနည်းကျကျပြောဖို့ဂရုစိုက်တဲ့သူလည်းဖြစ်နေသေးတယ်။ ကောင်းဘွိုင်တွေနဲ့ ဘယ်တော့မှာကင်းကွာလို့မရတဲ့ သေနတ်တွေလည်း ရိဒ် အသုံးပြုတာပါပဲ။ ဒါပေမဲ့ သူ့ရဲ့ ကျည်တစ်တောင့်နဲ့ ဘယ်တုံးကမှ၊ ဘယ်သူ့ကိုမှ သတ်ဖြတ်ခြင်းမရှိခဲ့ဘူး။ တကယ့် လူကြီးလူကောင်းအဖြစ် နာမည်ကြီးတယ်။ ရိဒ်က လူရိုင်းလူကြမ်း တွန်တို ကိုတော့ အင်မတန်ယုံကြည်တယ်။ နှစ်နှစ်ကာကာခင်မင်ရင်းနှီးနေတယ်။ ကောင်းဘွိုင်တွေကို သဘောကျတတ်တဲ့ ပရိတ်သတ်တွေ၊ ဂျွန်နီဒက်ပ်ရဲ့ သရုပ်ဆောင်ဟန်ပန်တွေနှစ်ခြိုက်တဲ့ ပရိတ်သတ်တွေအတွက် လက်မလွှတ်ချင်စရာ ရုပ်ရှင်ဖြစ်ဦးမှာပါပဲ။ ဝင်ငွေအကောင်းဆုံးသရုပ်ဆောင်အဖြစ် ၂၀၁၂ က ဂင်းနစ်ကမ္ဘာ့မှတ်တမ်းစာအုပ်မှာ သတ်မှတ်ခံထားခဲ့ရတဲ့ ဒက်ပ်အတွက် ကြမ်းကြမ်းရမ်းရမ်း “တွန်တို” ဇာတ်ကောင်စရိုက်နဲ့ ငွေတွေသိမ်းယူနိုင်ဦးမှာလားဆိုတာကလည်း စိတ်ဝင်စားစရာပါ။

Red 2
Action / Comedy / Crime
Summit Entertainment
ဒါရိုက်တာ - Dean Parisot
ထုတ်လုပ်သူ - Lorenzo di Bonaventura
ဇာတ်ညွှန်း - Jon Hoeber, Erich Hoeber
ဝတ္ထု - Red by Warren Ellis, Cully Hamner
သရုပ်ဆောင်များ - Bruce Willis, John Malkovich, Mary-Louise Parker, Catherine Zeta-Jones, Lee Byung-hun, Anthony Hopkins, Helen Mirren

အငြိမ်းစားစီအိုင်အေအေးဂျင့် ဖရန့်ခ်မိုးစက်(Bruce Willis) ဟာ စတိုးဆိုင်မှာလိုအပ်တာတွေဝယ်ခြမ်းနေချိန် ချောင်းမြောင်းလိုက်လာသူတစ်ဦးနဲ့တွေ့တယ်။ အဲဒီလူက “ဖရန့်ခ်” လို့ လေသံတိုးတိုးနဲ့ အသံပြုတယ်။ “မင်း ဒီနေရာဘာလာလုပ်တာလဲ”  “ငါ မင်း အကူအညီလိုနေပြီ ဖရန့်ခ်”  “ငါ အခုအနားယူလိုက်ပြီလေကွာ”။ ဖရန့်ခ်တို့ အပြန်အလှန်ပြောကြတယ်။ ဖရန့်ခ် တိုက်ခိုက်သတ်ဖြတ်ရမယ့်အလုပ်တွေမလုပ်ချင်တော့ပါဘူး။ ဖရန့်ခ် မိတ်ဆွေကြီးက “မင်းမှ ဘယ်သူ့ကိုမှအပြတ်မရှင်းနိုင်ခဲ့ပဲ ကွ” လို့ ထပ်ပြောပြန်တယ်။ တကယ်ဆို အပြတ်ရှင်းတဲ့ကိစ္စက အသတ်ဝိညာဉ်တွေပျက်စီးကုန်တာပဲ။ အပြတ်မရှင်းနိုင်ခဲ့ဘူးပဲထား။ အဲဒါ ကောင်းတဲ့အရာပဲမဟုတ်ဘူးလား။ “မဟုတ်ဘူး၊ ခု သူတို့ပြန်လာနေပြီ။ ငါ ခံစားလို့ရနေတယ်”  ဖရန့်ခ် မခိုးမခန့် ရယ်ပြစ်လိုက်တယ်။ သူတို့ဟာ စီအိုင်အေ အေးဂျင့်ဟောင်းတွေပါ။ ဒီလိုနဲ့ပဲ ဖရန့်ခ်နဲ့ သူ့ရဲ့မိတ်ဆွေကြီး ပြေးပြေးလွှားလွှား လှုပ်ရှားတိုက်ခိုက်မှုတွေထဲ ပြန်ရောက်လာကြပြန်တယ်။ သူတို့ရဲ့ အနက်ရောင်စစ်ဆင်ရေးကို တစ်ခါပြန်စကြတယ်။ သူတို့ရဲ့ဦးတည်ချက်က ရွှေ့ပြောင်းနိုင်တဲ့နျူကလီးယားလက်နက်ပျောက်ဆုံးနေတာကို ရှာဖွေကြရတော့မယ်။ အောင်မြင်ဖို့ဆိုတာကတော့ သနားညှာတာမှုမရှိတဲ့လုပ်ကြံသူတွေ၊ ရက်စက်လှတဲ့ အကြမ်းဖက်သမားတွေ၊ အာဏာမှာယစ်မူးနေကြတဲ့ အစိုးရအရာရှိတွေကြိုးပမ်းမှု၊ နျူကလီးယားလက်နက်နဲ့ခြိမ်းခြောက်မှု၊ အဲဒါကို ရပ်တန့်နိုင်မှဖြစ်မှာ။ ဖရန့်ခ် နဲ့ စွယ်စုံရ မိတ်ဆွေကြီးရဲ့ လှုပ်ရှားရမယ့်မစ်ရှင်က ပဲရစ်၊ လန်ဒန် နဲ့ မော်စကိုမြို့တွေဆီမှာ။ အင်အားသာလွန်သလို၊ ပရိယာယ်လည်းများလှတဲ့သူတွေကြားထဲမှာ ဖရန့်တို့ပိုင်ဆိုင်တာက ဥာဏ်နီဥာဏ်နက်များလှတဲ့ ဦးနှောက်နဲ့ သူတို့ရဲ့ စီအိုင်အေကျောင်းအိုကြီးကသင်ပေးလိုက်တဲ့ ကျွမ်းကျင်မှုတွေပဲရှိမယ်။ မစ်ရှင် အောင်မြင်အောင်၊ သူတို့ရဲ့ အသက်ရှုသံတွေ ဆက်လက်တည်တံ့နိုင်အောင်ကြိုးစားကြမှာပါပဲ။ ကိုးရီးယားမင်းသား Lee Byung-hun ရဲ့ ခပ်သွက်သွက်အက်ရှင်ပြကွက်တွေလည်း ကြည့်ရဦးမှာပါ။  ၂၀၁၀ က ရုပ်ရှင် Red ပထမပိုင်းမှာ ပါဝင်ခဲ့တဲ့ အင်္ဂလိပ်မင်းသမီး Helen Mirren လည်း ဗစ်တိုးရီးယားအဖြစ် ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ 

Despicable Me 2
Animation / Comedy / Family
Universal Pictures
ဒါရိုက်တာ - Pierre Coffin, Chris Renaud
ထုတ်လုပ်သူ - Chris Meledandri, Janet Healy
ဇာတ်ညွှန်း - Cinco Paul, Ken Daurio
အသံသရုပ်ဆောင်များ - Steve Carell as Gru, Russell Brand as Dr.Nefario, Kristen Wiig as Lucy Wilde, Benjamin Bratt as Eduardo, Steve Coogan as Silas Ramsbottom, Ken Jeong as TBA, Miranda Cosgrove as Margo, Moises Arias as Antonio

Despicable Me ပထမပိုင်း မှာတုန်းက စူပါဗီလိန်ကြီးဖြစ်ခဲ့တဲ့ ဂရူး(Steve Carell)ဟာ ဂရူးလိုပဲ စူပါဗီလိန်တစ်ဦးဖြစ်တဲ့ ပြိုင်ဘက် ဗက်တာ ဆီကနေ မိဘမဲ့ကလေးလေးသုံးယောက်ကို ကယ်ဆယ်ပြီး မွေးစားခဲ့တယ်။ အဲဒီအချိန်ကတည်းက ကလေးတွေကို သိပ်ချစ်သွားတဲ့ ဂရူးဟာ မဆိုး/ မမိုက်တော့ဘူး။ ဗီလိန်တစ်ဦးအဖြစ် မနေလိုတော့ဘူး။ ပြီးတော့ ဗီလိန်ဆန့်ကျင်ရေးလိဂ်အသင်းကိုတောင် ဖွဲ့စည်းလိုက်တော့တယ်။ အသင်းသားတွေစုစည်းတယ်။ ဂရူးရဲ့ဘဝသစ်ဟာ အေးအေးလူလူပဲ။ မမျှော်လင့်ပဲပေါ်လာတတ်တဲ့ထူးထူးခြားခြားအဖြစ်အပျက်တွေလည်း မရှိတော့ဘူး။ ဒါပေမဲ့ ဂရူး စုဆောင်းလိုက်တဲ့ လူစီဝိုင်းလ်(Kristen Wiig) နဲ့ ဆီလာ့စ် ရမ်စ်ဘောတွန်(Steve Coogan)တို့ကို ဗီလိန်ဆန့်ကျင်ရေးလိဂ်ရဲ့ ရုံးချုပ်ကိုခေါ်ဆောင်သွားတဲ့အခါ တိုက်ကြခိုက်ကြရမယ့် ပြစ်မှုတစ်ခုနဲ့ကြုံလိုက်ရတယ်။ အဲဒီပြစ်မှုဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ခြိမ်းခြောက်နေပြီ။ အက်ဒွာဒိုး (Benjamin Bratt) ဆိုတဲ့ဗီလိန်ဟာ ဂရူးကို ရှုံးနိမ့်မှာပါပဲ။ တချိန်တုန်းက ဂရူးကိုယ်တိုင် ဗီလိန်တစ်ဦးဖြစ်ခဲ့ဖူးတော့ ဗီလိန်တွေ ဘာတွေတွေး/ ဘယ်လိုခြေလှမ်းပြင်နေသလဲ၊ ဒါတွေ ဂရူးက ကြိုပြီး သိနေတော့တာပေါ့။ လိဂ်ရဲ့ ခေါင်းဆောင် စီလာ့စ်က ဗီလိန် အက်ဒွာဒိုးကိုတိုက်ခိုက်တဲ့အခါ ဂရူးကို အကူအညီတောင်းချင်တယ်။ ဂရူးရဲ့ လက်ထောက် နက်ဖားရီးယိုး(Russel Brand)ဟာ သူ့ရဲ့နောက်ကအမြဲရှိနေတယ်။ ပြီးတော့ မာဂိုး၊ အီဒို့သ်၊ အက်ဂ်နက်စ် တို့ရှိနေကြတယ်။ ဂရူး မိတ်ဆွေတွေရဲ့ အင်အားနဲ့ ကမ္ဘာကြီးကို နောက်တစ်ကြိမ် ကယ်ဆယ်ရတော့မယ်။ 3D ကွန်ပျူတာအထူးပြုလုပ်ချက်တွေနဲ့ ဖန်တီးထားတဲ့စွန့်စားခန်း၊ ဇာတ်မြူးဖြစ်ပြီး ကလေးငယ်တွေပါ ရယ်မောပျော်ရွှင်စွာကြည့်ရှုနိုင်ကြမှာပါ။

R.I.P.D
Action / Comedy / Crime
Universal Pictures
ဒါရိုက်တာ - Robert Schwentke
ထုတ်လုပ်သူ - Keith Goldberg, Peter M. Lenkov, Ori Marmur, Jonathon Komack Martin, Neal H. Moritz, Mike Richardson, David Dobkin
ဇာတ်ညွှန်း - Phil Hay, Matt Manfredi
ဝတ္ထု - Rest in Peace Department by Peter M. Lenkov 
သရုပ်ဆောင်များ - Jeff Bridges, Ryan Reynolds, Kevin Bacon, Mary-Louise Parker

R.I.P.D ဟာ နစ်ခ်ခရုဇ်ဝေါ့ကာ(Ryan Reynolds) နဲ့ ရွိုင် ပိုလ်စီဖာ(Jeff Bridges) တို့ ဦးဆောင်ပါဝင်သရုပ်ဆောင်ထားတဲ့ 3D သဘာဝလွန်အက်ရှင်-စွန့်စားခန်းရုပ်ရှင်ပါ။ S.W.A.T ရဲအရာရှိ နစ်ခ်ဟာ တာဝန်ချိန်ပြေးရင်းလွှားရင်း၊ လူဆိုးပစ်ခတ်ဖမ်းဆီးရင်းနဲ့ သေနတ်မှန်ကာ အမြင့်ကနေအရှိန်နဲ့ပြုတ်ကျသွားခဲ့တယ်။ သူ သတိရလာတော့ မီးလောင်ကျွမ်းနေတဲ့အဆောက်အဦးထဲကနေ တလှမ်းချင်းလျှောက်လာခဲ့တယ်။ အားလုံးဟာအနှေးပြကွက်ရုပ်ရှင်တစ်ကားလိုပဲ။ အပြင်ဘက်ကောင်းကင်ကြီးကိုမော့အကြည့်မှာ နစ်ခ်ကို အားကြီးတဲ့တစ်စုံတစ်ရာကဆွဲယူသွားတော့တယ်။ နစ်ခ် ရုံးခန်းတစ်ခုထဲမှာရောက်နေပါပြီ။ ခုံမှာ အကျအနထိုင်လျှက်သား။ အရှေ့မှာကြီးကြပ်ရေးမှူးတဲ့ အမျိုသမီး(Mary-Louise Parker)ရှိနေတယ်။ နစ်ခ်က မေးရတော့တယ်။ “ငါ အခု ဘယ်ကိုရောက်နေတာလဲ” “ကျွန်မတို့ရှင့်ကိုအလိုရှိနေတယ်ဆိုတာ ရှင်မြင်ပြီမလား။ ရှင် ကျွန်မတို့ရဲ့ R.I.P.D မှာ အလုပ်လုပ်ရမယ်” “ဘာလဲ R.I.P.D” နစ်ခ်ရဲ့မေးခွန်းကို ပြန်ဖြေလိုက်ပုံက ထိတ်လန့်စရာ။ “Rest in Peace Department လေ” တဲ့။ နစ်ခ် ကြောက်အားလန့်အားငြင်းဆန်လိုက်တယ်။ နစ်ခ် ရင်ဘတ်ကအရေပြားတွေ လောင်ကျွမ်းကုန်တော့တယ်။ R.I.P.D ဆိုတဲ့ တံဆိပ်က အသားမှာခပ်နှိပ်ပြီးသားဖြစ်လို့နေပြီ။ “ရှင့် ရဲ့ အလုပ်က” ..... R.I.P.D ဌာနထဲ ကြီးကြပ်ရေးမှူးအမျိုးသမီးက လိုက်ပြတယ်။ နစ်ခ် နဲ့ အတူ အလုပ်တွဲလုပ်ရမယ့်သူ စစ်ပြန်ကြီးတစ်ဦး ရွိုင် ပိုလ်စီဖာ နဲ့လည်း မိတ်ဆက်ပေးတယ်။ Rest in Peace Department ဟာ သေဆုံးပြီးသားရဲတပ်ဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ဌာနဖြစ်ပြီး သက်ရှိလူသားတွေကို ကာကွယ် စောင့်ရှောက်ပေးနေကြတယ်။ တမလွန်ဘဝကို ပြောင်းရွှေ့ဖို့ငြင်းဆန်နေတဲ့ ကြမ်းတမ်းဆိုးသွမ်း/ သွေးဆာသူ မိစ္ဆာဝိညာဉ်တွေ သက်ရှိလူသားတွေကို အနှောင့်အယှက်မပြုနိုင်အောင် တားဆီးကြရမှာပါတဲ့။ နစ်ခ် အလုပ်သစ်မှာလည်း ရဲအရာရှိအဖြစ် တာဝန်ထမ်းရဦးတော့မယ်။

ဖြိုးဖြိုး
(Yati Magazine, July, 2013)

No comments: