Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, June 04, 2013

ဟိုသတင်း ဒီသတင်း,

၁. ဦးတည်ရာတစ်ခုတည်းဆီ ရှေးရှုကြသူများ 
၂၀၁၀ The X Factor သီချင်းပြိုင်ပွဲကနေ လူသိများလာခဲ့တဲ့ အင်္ဂလိပ်-အိုင်းရစ် ပေါပ့်လူငယ်အဖွဲ့ One Direction ရဲ့ အမာခံပရိတ်သတ်တွေအကြောင်းမှတ်တမ်းရုပ်ရှင်ကားကို ဗြိတိသျှရုပ်သံလိုင်းChannel 4 အတွက် ရိုက်ကူးပါတော့မယ်။ မိနစ် ၆၀ စာ မှတ်တမ်းကားကို I Heart One Direction လို့ နာမည်ပေးထားပြီး social media တွေဖြစ်တဲ့ Twitter နဲ့ Facebook က အုပ်စုပရိတ်သတ်အဖွဲ့လေးတွေ၊ အထူးသဖြင့် Directioners ဆိုတဲ့ One Direction fan group ကို အခြေခံထားပါတယ်။ Cutting Edge film ကအထောက်အပံ့ပေးပြီး ဆုရဒါရိုက်တာ ဒေစီအက်စ်ကွစ်သ် က ရိုက်ကူးနေပါတယ်။ နွေရာသီအကုန်မှာ Channel 4 ကပြသမှာပါ။ Channel 4 ဒါရိုက်တာ အဲမာကူးပါက “Cutting Edge ရုပ်ရှင်ကားကြောင့် အင်မတန်စိတ်လှုပ်ရှားမိတယ်။ ကိုယ်တိုင်လည်း Directoner ရဲ့ အဖွဲ့သားတစ်ဦးအဖြစ်သတ်မှတ်ရတာ ဂုဏ်ယူမိတယ်” လို့ ပြောပါတယ်။ One Direction အဖွဲ့သား ဟယ်ရီစတိုင်လ်စ် ပဲရစ်ကိုရောက်ရှိချိန်မှာ အဲဒီ ၁၉နှစ်သားလူငယ်လေး ဟိုတယ်တံခါးဝကနေ ကားဆီအသွား ပရိတ်သတ်ရာပေါင်းများစွာအပြေးအလွှားအုံနဲ့ကျင်းနဲ့ဝိုင်းလာခဲ့ကြသေးတယ်။ One Direction ရဲ့အောင်မြင်မှုတွေက လတ်တလောမြင့်မားနေတာကြောင့် I Heart One Direction မှတ်တမ်းကားကလည်း စိတ်ဝင်စားမှုရရှိကြဦးမှာပါ။ ရုပ်ရှင်ဒါရိုက်တာ မော်ဂန်စပါးလော့ခ် က လည်း One Direction ဂီတဖျော်ဖြေပွဲတစ်ခုအကြောင်း ရိုက်ကူးနေပြီး ယူကေမှာ သြဂုတ် ၂၉ ရက် နဲ့ ယူအက်စ်မှာနောက်တစ်ရက် 3D ကားအဖြစ် ရုပ်ရှင်ရုံတွေမှာ ကြည့်ရှုနိုင်ဦးမှာပါ။ Niall Horan, Zayn Malik, Liam Payne, Harry Styles နဲ့ Louis Tomlinson တို့ ပါဝင်တဲ့ One Direction အဖွဲ့ဟာ ၂၀၁၁ နဲ့ ၂၀၁၂ မှာ Up All Night နဲ့ Take me Home အယ်လ်ဘမ်တွေထွက်ရှိခဲ့ပြီး အခွေသန်းပေါင်းများစွာရောင်းချနိုင်ခဲ့ပါတယ်။ စင်ဂဲလ် What Makes You Beautiful နဲ့ Live While We’re Young တို့ဟာလည်း ပရိတ်သတ်အနှစ်သက်ဆုံးသီချင်းတွေပါ။

၂. ဂျပ်စတင်ဘီဘာ ရဲ့ အိပ်မက်ထဲက လင်းနို့လူသားကားတစ်စီးအတွက်ဆိုရင်
အသက် ၁၉ နှစ်အရွယ်မှာ နာမည်ကျော်ကြားနေခဲ့ဖြစ်တဲ့ ပေါပ့်အဆိုတော်ဂျပ်စတင်ဘီဘာဟာ သူအကြိုက်နှစ်သက်ဆုံးကားကုမ္ပဏီတစ်ခုမှာ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက လင်းနို့လူသားစီးတဲ့ ကားပုံစံမျိုးပိုင်ဆိုင်ချင်လို့ပါတဲ့။ ဂျပ်စတင်နှစ်သက်တဲ့ကားက Fisker Karma လျှပ်စစ်ကားပါ။ သူ့ရဲ့ ၁၈နှစ်မြောက်မွေးနေ့ပွဲမှာ မန်နေဂျာ စကူတာဘရောန်က လက်ဆောင်ပေးခဲ့ဖူးပါတယ်။ သူကြားခဲ့တဲ့သတင်းတစ်ခုက အဲဒီကားကုမ္ပဏီမှာ ဘဏ္ဍာရေးအခက်အခဲတွေရှိနေတာကြောင့် ကုမ္ပဏီပိတ်ပြစ်ရတော့မယ့်အခြေအနေမျိုးရှိနေတယ်။ ကုမ္ပဏီက နောက်ထပ်ထုတ်လုပ်မယ့်မော်ဒယ်ဟာ ဂျပ်စတင်အိပ်မက်အမြဲမက်နေခဲ့ရတဲ့ လင်းနို့လူသားစီးတဲ့ကားပုံစံပါပဲ။ ဂျပ်စတင်က သူ့ရဲ့လက်ထောက်တွေကို ကုမ္ပဏီရဲ့ သတင်းအသစ်တွေပေးဖို့အသိပေးထားလိုက်တယ်။ ဂျပ်စတင့်အဖွဲ့ကတော့ မတွေးမဆ၊ ရင်းနှီးမြှုပ်နှံဖို့ ခွင့်မပြုချင်ကြဘူး။ ပြီးခဲ့တဲ့နွေရာသီတုန်းက Boyfriend အဆိုတော်လေးဟာ သူ့ရဲ့ Fisker Karma ကားနဲ့ ကယ်လီဖိုးနီးယား၊ ကာလာဘာဆာ့ 101 Southland freeway မှာ တစ်နာရီမိုင် ၁၀၀ ကျော်အောင် မောင်းနှင်ခဲ့တယ်။ ရဲ  က အပြစ်ပေးတားမြစ်တာခံရသေးတာပေါ့။ ဂျပ်စတင်ရဲ့ Fisker Karma ဟာ hybrid ပါဝါပြိုင်ကားမျိုးဖြစ်ပြီး ဖင်လန်နိုင်ငံမှာထုတ်လုပ်တယ်။ ဒေါ်လာ ၁၀၀ ၀၀၀ တန်ကြေးရှိပါတယ်။ ငွေရောင်တောက်တောက်ပပ ခရုမ်းသတ္ထုသားနဲ့ပြုလုပ်ထားတဲ့ကားဖြစ်ပြီး တစ်နာရီအမြင့်ဆုံး ၁၂၅မိုင် မောင်းနှင်နိုင်တယ်။ ၂၀၁၁မှာ ဂျပ်စတင်ဟာ သူ့စိတ်ကြိုက် ပေါင် ၁၀၀ ၀၀၀ တန်တဲ့ Range Rover ကားတစ်စီးဝယ်ခဲ့ပါသေးတယ်။ အဲဒီကားမှာတော့ အသံစနစ်အတွက်ကိုပဲ ပေါင် ၅၀ ၀၀၀တန်ကြေးရှိတယ်။ အတွင်းမှာ သားရေသားနဲ့ဖြစ်ပြီး ပန်းချီဆေးရေးခြယ်မှုန်းထားပါတယ်။ Cosworth အင်ဂျင်နဲ့ ကားပါ။ တကယ်ဆို Batman စတိုင်လ် Cadillac နဲ့ Ferrari ကားတွေလည်း ပိုင်ဆိုင်ထားပါသေးတယ်။ လင်းနို့လူသားစတိုင်လ်ကားတွေကို မဆုံးနိုင်အောင်ကြိုက်နှစ်သက်လှတဲ့ ဂျပ်စတင်ဘီဘာပါပဲ။

၃. နန်းတော်ပန်းခြံထဲမှာ ဂီတသံစဉ်အမျိုးစုံလင်စွာ ခံစားနိုင်ဦးမယ်

ဒီနှစ်နွေရာသီမှာ အင်္ဂလန်နိုင်ငံက ဘာကင်ဟမ်နန်းတော်ပန်းခြံထဲတွေထဲမှာပြုလုပ်မယ့် ပွဲတော်မှာ ထိပ်တန်းအဆိုတော်တွေဖြစ်တဲ့ ဝေလ mezza-soprano အဆိုတော်မလေး ကက်သရင်းဂျန်ကင်စ်၊ classical, pop rock အဆိုတော် ရပ်ဆဲဝပ်စန်၊ blues, jazz, folk-pop အဆိုတော် ဂျော်ဂျီယန်ဖွား ကေတီမဲလူဝါ နဲ့ power pop, soft rock အဖွဲ့ Brit Award ဆုရ The Feeling တို့အပါအဝင် ဂီတဖျော်ဖြေမှုတွေရှိနေပါမယ်။ ဘုရင်မကြီးရဲ့ နန်းတက်ပွဲအထိမ်းအမှတ်ဖျော်ဖြေမှုတွေပါ။ ဆေလ်ဗီယာလူငယ်ကဇာတ်ကျောင်း၊ Dame Kiri Te Kanawa ဖောင်ဒေးရှင်းက အော်ပရာအဆိုတော်တွေ၊ အမျိုးသားလူငယ်သံစုံတီးတိုင်းအဖွဲ့သားတွေ၊ ဝေလဓမ္မတေးသံစုံကျူးအဖွဲ့Only Boy Aloud အဖွဲ့တွေကလည်း ဂျူလိုင်လမှာ ဆက်တိုက်သီဆိုကြဦးမှာပါ။ ထရမ်းပက်တီးမှုတ်သူတွေနဲ့ ဖွင့်ပွဲတွေကို ဖွင့်လှစ်ကြမှာဖြစ်ပြီး ၁၉၆၀ခုနှစ် ဗြိတိန်မှာ ခေတ်စားခဲ့တဲ့ ပေါ့ပ်ဂီတဖျော်ဖြေပွဲတွေလည်းပါဝင်ကြတယ်။ ဘဲလေးကပွဲတွေလည်းကပြကြဦးမှာပါ။ လက်မှတ်တွေကို ညပိုင်းဖျော်ဖြေပွဲတွေအတွက် ရောင်းပြီးသလောက်ရှိနေပေမယ့် နေ့ပိုင်းဂီတပွဲတွေအတွက်တွေအတွက် ပရိတ်သတ်တွေဝယ်ယူနိုင်ကြဦးမှာပါတဲ့။ ဧည့်သည်တွေဟာ ပန်းခြံတွေထဲလှည့်လည်ကြည်ရှုပြီး ဈေးဝယ်နိုင်ကြမယ်။ လက်တွေ့ချက်ပြုတ်ရောင်းချနေတဲ့ အစားအစာတွေကိုလည်းမြည်းစမ်းနိုင်မယ်။ ထိုင်ခုံ ၄၀၀ စာအရေအတွက်ရှိတဲ့ မော်ဒယ်လမ်းလျှောက်ပွဲလည်းရှိနေပါတယ်။ အဲဒီ ပွဲတော်ကို ဇူလိုင် ၁၂ ကနေ ၁၄ ရက်နေ့အထိ ပြုလုပ်မှာပါ။ ဇူလိုင် ၁၁ ရက်နေ့ကတော့ တော်ဝင်မိသားစု၊ ကုသိုလ်ဖြစ်အဖွဲ့တွေနဲ့ တော်ဝင်စစ်တပ်တပ်ဖွဲ့ဝင်တွေနဲ့ အထူးဧည့်သည်တော်တွေဧည့်ခံကြမယ့်နေ့ပါပဲ။ ဂီတ၊ အနုပညာဖျော်ဖြေမှုတွေ စုံစုံလင်လင်ကြည့်ရှုကြရမှာမို့ ဂီတပရိတ်သတ်တွေကတော့ ပွဲတော်လက်မှတ်တွေအလုအယက်ဝယ်ယူနေကြပါပြီ။ ပွဲတော်နေ့ဖျော်ဖြေပွဲတွေကြည့်ရှုဖို့ စောင့်မျှော်လို့နေကြပါပြီ။

၎. ဂျေဇီ နဲ့ လီယိုနာဒိုဒီကာပရီယို ရဲ့ လက်တွဲမှု
ဟစ်ဟော့ပ်အဆိုတော် ဂျေဇီကို လီယိုနာဒိုဒီကာပရီယိုရဲ့ Gatsby အစမ်းပြပွဲမှာတွေ့လိုက်ကြရတယ်။ နယူးယောက်လင်ကွန်းစင်တာက အစမ်းပြပွဲနေ့မှာ အဓိကဇာတ်ကောင် ဂျေဂက်စ်ဘီအဖြစ်သရုပ်ဆောင်တဲ့ လီယိုနာဒို ဒီကာပရီယိုဟာ ပြောင်လက်တောက်ပအောင်အရောင်တင်ထားတဲ့ နက်ပြာရောင်ဝတ်စုံနဲ့တက်ရောက်ခဲ့ပါတယ်။ “ဒီရုပ်ရှင်ဟာ အလွန်အမင်းစိတ်လှုပ်ရှားစရာကောင်းနေပါတယ်” လို့ သတင်းထောက်တွေကိုပြောပါတယ်။ စာရေးဆရာ ဖရန်စစ်စကော့ထ်ကီးဖစ်ဇ်ဂျဲလ်ဒ်ရဲ့ ၁၉၂၀ ခုနှစ်က ဝတ္ထုကို ဒါရိုက်တာ လာ့ဟာမန်းက ၂၁ရာစုထဲခေါ်ဆောင်ဖန်တီးယူလိုက်တဲ့အခါ ရုပ်ရှင်ဟာ 3D ဖြစ်သွားတယ်။ ပိုပြီးထူးခြားတာက ရုပ်ရှင်သီချင်းတွေပါ။ ခေတ်မှီ သီချင်းတွေပါဝင်အားဖြည့်နိုင်ဖို့အတွက် ဂျေဇီက ပရိုဂျူဆာအဖြစ်တာဝန်ယူထားပါတယ်လို့ ဒါရိုက်တာကပြောပါတယ်။ “ဖစ်ဇ်ဂျဲလ်ဒ် က ဂျက်ဇ်သီချင်းတွေကို သူ့ရဲ့ စာအုပ်မှာထည့်ထားတယ်။ ကျွန်တော့်ရဲ့ နောက်ထပ် ဂျေ က ဂျက်ဇ် နဲ့ ဟစ်ပ်ဟော့ပ်ကို အရောအနှောလုပ်ပြီးထည့်ပေးတယ်။ ဒါ ကျွန်တော်လိုချင်တဲ့စိတ်လှုပ်ရှားစရာ ခံစားမှုပါ” တဲ့။ ဒေစီဗျူခန်နန်အဖြစ်သရုပ်ဆောင်မယ့် မင်းသမီး မာလီဂန်ကတော့ ဂျေဇီ နဲ့ ကောဇောနက်ပေါ်မှာဆုံတွေ့ရမှာစိတ်ဝင်စားစရာပဲ လို့ဆိုတယ်။ “ဂျေဇီ ဒီပွဲကိုလာမယ်လို့ သိထားပါတယ်။ ကျွန်မလည်းတွေ့ဆုံဖို့ရှိနေပေမယ့် သူနဲ့တွေ့ရင်ဘာပြောရမယ်ခုထိမသိနိုင်သေးပါဘူး။ ကျွန်မ ဂျေဇီကို တစ်ခါမှ မဆုံဖူးသေးဘူး။ ဘာ့ဇ်လာ့ဟာမန်းရဲ့ ရုပ်ရှင်မှာ လီယိုနာဒို ဒီကာပရီယိုနဲ့ သရုပ်ဆောင်ရတယ်။ သီချင်းတွေမှာ ဂျေဇီနဲ့ တွေ့ဆုံရတယ်။ အဲဒါ တော်တော်လေးအံ့အားသင့်စရာပါပဲ”လို့ သူမကပြောပါတယ်။ Gatsby မှာ ဂျေဇီ ဆိုတဲ့သီချင်း $100 Bill, ဘီယွန့်စ် နဲ့ Andre 3000 တို့ဆိုထားတဲ့ Back to Blank , Will.i.am ရဲ့ Bang Bang သီချင်းအပါအဝင် မြူးကြွသွက်လက်နေတဲ့သီချင်းတွေကြောင့် ၂၁ ရာစုထဲက ခေတ်ဆန်ဆန်Gatsby ရုပ်ရှင်ဟာ ပိုလို့ စိတ်ဝင်စားစရာဖြစ်နေပါတယ်။

၅. အင်္ဂါဂြိုဟ်ကိုပေးပို့မယ့် ဟိုက္ကူကဗျာတွေ
နာဆာအာကာသစခန်းဟာ “message for Mars” ဆိုတဲ့ပုံစံနဲ့ ဟိုက္ကူကဗျာတိုလေးတွေရေးပေးဖို့ ဖိတ်ခေါ်ထားပါတယ်။ အဲဒီသတင်းစကားဟိုက္ကူကဗျာတွေကိုလာမယ့် နိုင်္ဝဘာလမှာ စတင်မယ့် Maven မစ်ရှင်/ ခရီးစဉ်မှာ ထည့်သွင်းယူဆောင်သွားကြမှာပါ။ ဂါးဒီးယန်းသတင်းစာက သတင်းစာဆရာမ အဲလစ်ဆန်ဖလာ့ဒ်က ရေးထားပါတယ်။ “အသက် ၁၁ နှစ်အရွယ်ကတည်းက စာပေပြိုင်ပွဲတွေဝင်မပြိုင်ဖြစ်ခဲ့တော့ပါဘူး။ အဲဒီတုန်းက ကျွန်မကဗျာဟာ လုံးလုံးလျားလျား အနိုင်ရတော့မလိုပဲ။ ဒါပေမဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ကျွန်မရဲ့ ကဗျာရေးနည်း/ ကျွမ်းကျင်မှုကို ပြန်ပြီး အရောင်တင်ရဦးမယ်။ ပြန်ပြီးကြိုးစားရဦးမယ်လို့ တွေးခဲ့တယ်။ အခု “မားစ့်အတွက် သတင်းစကား” အတွက် နာဆာက ဟိုက္ကူကဗျာတွေ ရေးပို့ကြဖို့ ဖိတ်ခေါ်နေပါပြီ။ အကောင်းဆုံး ကဗျာ ၃ ပုဒ်ကို ရွေးချယ်ပြီး DVD နဲ့ Maven အာကာသယာဉ်ကနေ ယူဆောင်သွားမှာပါ။ မားစ်စူးစမ်းရှာဖွေမှုတွေ/ မားစ်စာပေတွေ ရေးသားခဲ့သူတွေဖြစ်တဲ့ Kim Stanley Robinson, Ray Bradbury, Philip K Dick, Robert A Heinlein တို့ရဲ့ စာတွေတော့ ကျွန်မစိတ်ထဲစွဲမြဲနေအောင်ဖတ်ဖူးသားပဲ။ အဲဒီထဲက ရော်ဘင်ဆန်ရဲ့ မားစ်အကြောင်းရေးထားထားအင်မတန်စိတ်ဝင်စားဖို့ကောင်းပါတယ်။ “ကောင်းကင်ကြီးက ပန်းရောင်တွေပြေးလို့ ကြေးနီရောင်သဲမှုန်တွေလည်းပြည့်လို့၊ ကြွယ်ဝတဲ့အရောင်အသွေး၊ တွေ့ဖူးသမျှဓါတ်ပုံတွေထဲကထက် ပိုပြီး သိမ်မွေ့နေသေး” စသဖြင့်ပေါ့။ အဲဒီ ပြိုင်ပွဲအတွက် ဟိုက္ကူကဗျာတွေကို လာမယ့် ဇူလိုင်လ၁ ရက်နေ့အထိ ပေးပို့နိုင်မှာပါ။ ၁၅ ဇူလိုင်မှာ မဲပေးရွေးချယ်သွားကြပါမယ်။ ဟိုက္ကူကဗျာတွေချစ်တဲ့ ဘယ်သူမဆို ပေးပို့နိုင်ကြတယ်။ ရှင်တို့ရဲ့ “မားစ်အတွက် သတင်းစကား” ဟိုက္ကူကဗျာလေးတွေ ရွတ်ပြနိုင်မယ်ဆိုရင် ကျွန်မရေးထားတဲ့ ကဗျာလည်းရွတ်ပြမှာပေါ့” လို့ သူမကဆိုတယ်။ www.nasa.gov ရဲ့ News Releases စာမျက်နှာမှာ ပြိုင်ပွဲအကြောင်း အသေးစိတ်ဖတ်ကြည့်နိုင်ပါတယ်။

၆. Lady Antebellum ရဲ့ ရွှေရောင်သမ်းတဲ့ ကမ်းထရီးအယ်လ်ဘမ်သစ်
၂၀၁၂ ဂရမ်မီဆု အတွက် Own the Night နဲ့ အကောင်းဆုံးကန်းထရီးအယ်လ်ဘမ်ဆုရှိခဲ့တဲ့ အမေရိကန် ကန်းထရီးပေါပ့်ဂီတအဖွဲ့ Lady Antebellum ရဲ့ စတုတ္ထမြောက်အယ်လ်ဘမ် Golden ကို မေလ ၇ ရက်နေ့က ထွက်ရှိခဲ့ပါပြီ။ အဲဒီအခွေထဲမှာ “honey-soaked love letter” က နောက်ဆုံးသီချင်းဖြစ်ပြီး သီချင်းတွေကို အဖွဲ့သားသုံးဦးဖြစ်တဲ့ ချားလ်စ်ကယ်လီ၊ ဟီလာရီစကော့ထ် နဲ့ ဒေ့ဗ်ဟေးဝုဒ်တို့ကပဲ ရေးထားကြပါတယ်။ မိတ်ဆွေဖြစ်တဲ့ သီချင်းရေးဆရာ အဲရစ်ပါစ့်လေကိုတော့ ဖိတ်ခေါ်ခဲ့ပြီး ကယ်လီရဲ့ အိမ်မှာသီချင်းတွေရေးကြတယ်။ ဝိုင်သောက်ရင်း ပီဇာစားရင်း သီချင်းတွေရေးခဲ့ကြတယ်။  သီချင်းကောင်းတွေဟာ တစ်ခါတစ်လေ မြန်မြန်ပဲရေးနိုင်ခဲ့ကြတယ်။။ ဥပမာ “Need You Now” လိုသီချင်းဆို မြန်မြန်ဆန်ဆန်ကြီးရေးနိုင်ခဲ့ကြတာပါလို့ ကယ်လီကပြောပါတယ်။ “Golden” ကို အယ်လ်ဘမ်ခေါင်းစဉ်အဖြစ်ရွေးချယ်လိုက်တာကတော့ အယ်လ်ဘမ်တစ်ခုလုံးအတွက် အဓိပ္ပါယ်ဖမ်းယူနိုင်တဲ့ စကားလုံးဖြစ်နေလို့ပါ။ လေပြေလေညင်းတိုက်ခတ်နေတဲ့လမ်းမပေါ်က ခရီးတစ်ခုဟာ စိတ်နှလုံးကိုနွေးထွေးစေတယ်။ အဲဒါ ရွှေရောင်သမ်းနေတဲ့ အဓိပ္ပါယ်ပါပဲလို့ ဆိုတယ်။ Lady Antebellum အဖွဲ့ဟာ ၂၀၀၈ မှာ အဖွဲ့နာမည်နဲ့အယ်လ်ဘမ် Lady Antebellum, ၂၀၁၀ မှာ Need You Now, ၂၀၁၁ မှာ Own the Night, နဲ့ ၂၀၁၂ မှာ ခရစ်စမတ်အယ်လ်ဘမ် On This Winter’s Night နဲ့ အခု Golden အယ်လ်ဘမ်တွေထွက်ရှိခဲ့ပြီးပါပြီ။ ၂၀၁၂ ဇန်နဝါရီလကစလို့ ဟေတီက မသန်းစွမ်းမိဘမဲ့ကလေးငယ်တွေကို ပြုစုစောင့်ရှောက်၊ ထောက်ပံ့တဲ့ အဖွဲ့ myLifepeaks မှာ ပါဝင်ဆောင်ရွက်နေကြပါတယ်။ ကန်းထရီးဂီတကို ချစ်မက်မြတ်နိုးတဲ့ဂီတပရိတ်သတ်အတွက်တော့ လက်မလွှတ်တမ်းဝယ်ယူနားထောင်ကြဦးမယ့် အယ်လ်ဘမ်တစ်ခုပါပဲ။

ဖြိုးဖြိုး

(ရတီမဂ္ဂဇင်း၊ ဇွန်လ၊ ၂၀၁၃)

No comments: