Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, June 28, 2013

ဟိုသတင်း ဒီသတင်း

၁. စီးကရက်ကုမ္ပဏီမှာရင်းနှီးမြှုပ်နှံမယ့် ဘရူနိုမားစ်

ရက်ဂေး၊ ဟာဝိုင်ယီကျွန်းသားတို့ရဲ့ ဂီတမျိုးပေါင်းစပ်ထားတဲ့ ချစ်စရာသီချင်းချိုချိုThe Lazy Song ကို သီဆိုခဲ့တဲ့ ဘရူနိုမားစ်ရဲ့ ဟန်ပါပါစီးကရက်ခဲထားတဲ့ပုံနဲ့အတူ မားစ် ရင်းနှီးမြှုပ်နှံမယ့်လုပ်ငန်းသစ်အကြောင်း သတင်းတွေမှာဖော်ပြလာပါတယ်။ Grenade ဆိုတဲ့လွမ်းစရာသီချင်းအဆိုတော်လေးဟာ သူ ရင်းနှီးမြှပ်နှံမယ့် ပုဂ္ဂလိကကုမ္ပဏီအကြောင်းကြေညာလိုက်တယ်။ ဆေးရွက်ကြီးနဲ့ထုတ်လုပ်တဲ့ တကယ့်စီးကရက်တော့မဟုတ်ပါဘူး။ အီလက်ထရောနစ် စီးကရက်(e-cigarette) ကုမ္ပဏီ NJOY မှာ ငွေကြေးထည့်ဝင်မှာပါ။ အဲဒီ NJOY က ထုတ်လုပ်တဲ့ အီး-စီးကရက်အရသာကို မြည်းစမ်းပြီးတဲ့အခါ သူ လက်တွဲအလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ဆိုတယ်။ NJOY စီးကရက်ဟာ နီကိုတင်းဓာတ်မြင့်တက်မှုကို မပါသလောက်ထိန်းချုပ်နိုင်တယ်။ စီးကရက်အခိုးအငွေ့တွေရဲ့ရန်က ကင်းဝေးစေပါတယ်တဲ့။ ယူအက်စ် FDA က NJOY နဲ့ Smoking Everywhere ကုမ္ပဏီနှစ်ခုကထုတ်လုပ်တဲ့ အီလက်ထရောနစ်စီးကရက်အမျိုးအစား ၁၉ မျိုးခန့်ကို စစ်ဆေးကြည့်ခဲ့ကြတယ်။ Smoking Everywhere က ထုတ်လုပ်တဲ့ စီးကရက်တွေရဲ့ cartridge အိမ်ထဲမှာတော့  ဒီသိုင်လင်းဂလိုင်ဂေါ၊ အဆိပ်အတောက်ဖြစ်စေတဲ့ ဟိုက်ဂရိုစကော့ပစ် အရည်တစ်မျိုးထည့်သွင်း အသုံးပြုထားတာတွေ့ရှိခဲ့တယ်။ အီး-စီးကရက်တွေကို နီကိုတင်းအစားထိုးကုထုံးအဖြစ်၊ ဆေးတစ်မျိုးအဖြစ်အသုံးပြုဖို့ FDA က ထောက်ခံထားခြင်းတော့မရှိသေးပါဘူး။ ဘော်စတွန်တက္ကသိုလ် ပြည်သူ့ကျန်းမာရေးသုတေသနအဖွဲ့ရဲ့ ၂၀၁၂ စစ်တမ်းအရ အီး-စီးကရက်တွေဟာ သမားရိုးကျစီးကရက်တွေထက်ပိုပြီး ကျန်းမာရေးအတွက် စိတ်ချရတယ်၊ ဆေးလိပ်သောက်ခြင်းစွဲလမ်းနေတဲ့အကျင့်ကို ရပ်တန့်စေနိုင်မယ့် အလေ့အကျင့်ဖြစ်လာမယ်လို့တော့ ဆိုတယ်။ အီး-စီးကရက်ရဲ့ ကင်ဆာဖြစ်နိုင်ခြေနှုန်းအဆင့်ဟာ ပုံမှန်စီးကရက်တွေထက် အကြိမ် ၁၀၀၀ လျော့နည်းပါတယ် တဲ့။ အီး-စီးကရက်မှာ အသုံးပြုတဲ့ အရည်မှာ အသီးအရွက်အလှဆီ(VG) ဒါမှမဟုတ် ပရိုပိုင်လင်းဂလိုင်ဂေါ(PG) နဲ့ ပုံမှန်ဆေးရွက်ကြီး၊ ပရုပ်၊ ဗီနီလာ၊ ကော်ဖီ၊ ကိုလာ နဲ့ တခြား အသီးအနံ့အရသာအရောအနှော ပါဝင်တယ်။ ဘရူနိုမားစ်က ပြောပါတယ်။ “ကျွန်တော် ဒီရက်တွေမှာ NJOY ကို သမားရိုးကျစီးကရက်တွေအစား အသုံးပြုနေပါပြီ။ အဲဒါကို သဘောကျနေပြီ။ ဒီပစ္စည်းနဲ့ ကုမ္ပဏီရဲ့ ရည်ရွယ်ချက်ကို ယုံကြည်ပါတယ်” တဲ့။ Twitter မှာလည်း “ပထမဆုံးနေ့ အီး-စီးကရက်ပါ။ ဒါကို အသုံးပြုရမယ်။ ခင်ဗျားရဲ့ မိခင်အတွက်” လို့ ဟိုနိုလူလူဖွား ဟာဝိုင်အီကျွန်းသားအဆိုတော်လေးက ရေးသားခဲ့တယ်။

၂. မျက်နှာထားဆိုးပေမယ့် ဟောလိဝုဒ်ရုပ်ရှင်စတားဖြစ်နိုင်ပါတယ်
အရင်ကတော့ တာဒါဆော့စ် လို့ အမည်ရှိခဲ့ပြီး အခုနာမည်သစ်“မျက်နှာထားဆိုးတဲ့ကြောင်(Grumpy Cat)”နဲ့ နာမည်ကြီးနေတဲ့ ကြောင်မလေးဟာ အနီးကပ်ရိုက်ချက်တွေအတွက် အသင့်ဖြစ်လို့နေပါပြီ။ တာဒါဟာ လူမှုကွန်ယက်ဆိုက်တွေဖြစ်တဲ့ Instagram ၊ Twitter ၊ YouTube နဲ့ TV အစီအစဉ်တွေမှာ နာမည်ကြီးနေခဲ့တာကြာပါပြီ။ ဒါပေမဲ့ အနီးကပ်ရိုက်ချက်တွေတော့ မဟုတ်သေးဘူးပေါ့။ အခု တာဒါလေးကို အနီးကပ်ပိုပြီး ကြီးကြီးမားမားမြင်ရပါတော့မယ်။ မျက်နှာထားခပ်ဆိုးဆိုး တာဒါ ကို ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းလာခဲ့တာကြောင့်ပါ။ International Academy of Digital Arts and Sciences ကစီစဉ်တဲ့ The Webby Awards ရဲ့ ၂၀၁၃ Meme of the Year ဆုကို ရရှိခဲ့ပါသေးတယ်။ Garfield လို ရုပ်ရှင်မျိုးမှာ ပါဝင်သရုပ်ဆောင်ဖြစ်ပါလိမ့်မယ်။ Broken Road ထုတ်လုပ်ရေးက ရိုက်ကူးမှာပါ။ တာဒါအတွက် စီစဉ်ထားကြတဲ့ ဇာတ်လမ်းတချို့ရှိနေပါတယ်။ အာကာသစကြာဝဌာအဖွဲ့အစည်း က ငယ်ရွယ်တဲ့ စစ်သမီးလေး တာဒါဟာ အာကာသမင်းသားလေး မာရူးနဲ့ ချစ်ကျွမ်းဝင်တဲ့ဇာတ်လမ်းမျိုး၊ A Buddy-Cop မှာ စစ်ပြန်ရဲကြီးအဖြစ်၊ A Grinch who stole Christmas Remake မှာ အမြဲမှုံတေတေ၊ အလိုမကျဖြစ်နေတဲ့ကြောင်မလေး၊ အဖွားက စွန့်ပစ်သွားလည်း ဂရုမစိုက်တဲ့စရိုက်မျိုး၊ suburban drama ရုပ်ရှင်တစ်ကားမှာတော့ ရိုးအီနေတဲ့နောင်တတွေနဲ့ မကျေမနမ်းနိုင်ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်မုန်းတီးနေတဲ့ကြောင်မလေးအဖြစ်၊ စတားဝါးဇာတ်လမ်းတွဲ Dark side လို ဇာတ်လမ်းမျိုး၊ အာကာစွန့်စားခန်းတွေနဲ့ အာကာသယာဉ်မှုးလို ဇာတ်ဝင်ခန်းတွေရိုက်ကူးကြဖို့ အကြံပြုထားကြတယ်။ Here Comes the Boom နဲ့ Zookeeper သရုပ်ဆောင် ကီဗင်ဂျိမ်းစ်ကလည်း တာဒါ နဲ့ အတူတွဲဖက်သရုပ်ဆောင်ပါလိမ့်မယ်။

၃. အိပ်မက်ထဲက ဘဝကိုပြန်ပေးလိုတဲ့ ဂီတညထဲကဂီတသမားတွေ
မေလ ၂၀ ရက်နေ့က ယူနိုက်တက်စတိတ်၊ အိုကလားဟိုးမားမှာ ပြင်းပြင်းထန်ထန်ရိုက်ခတ်ခဲ့တဲ့ လေဆင်နှာမောင်းကြောင့် အိုးအိမ်ပျက်စီး ဒုက္ခရောက်ခဲ့ရသူတွေကို ကယ်ဆယ်လှူတန်းနိုင်မယ့် ဂီတဖျော်ဖြေပွဲတစ်ခု မေလ ၂၉ ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။ အိုကလားဟိုးမား ဇာတိ အမေရိကန် ကန်းထရီးအဆိုတော် ဘလိတ်ခ်ရှဲလ်တန်ကဦးဆောင်ပြီး စတားတွေ ခပ်များများပါဝင်သီဆိုခဲ့ကြတယ်။ ဂီတပွဲကို “Healing in the Heartland” လို့နာမည်ပေးထားတယ်။ အိုကလားဟိုးမားစီတီးရဲ့ Chesapeake Energy ကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။ NBC ကနေလည်း ထုတ်လွှင့်ပေးခဲ့တယ်။ The Voice သီချင်းဆိုပြိုင်ပွဲရဲ့ နည်းပြလည်းဖြစ်တဲ့ ရှဲလ်တန် နဲ့ အတူ အိုကီးစ်ဗင်စ့်ဂေးလ်၊ ရီဘာမက်အန်တိုင်းရား နဲ့ အမေရိကန် ပေါပ့် ရောခ့်အဖွဲ့ OneRepublic အဖွဲ့သား ရိုင်ယန်တက်ဒါ၊ အာရှာ၊ လုခ်ဘရိုင်ယန်၊ ဒရိုင်းယပ်စ်ရာ့ခ်ကာ၊ ရာစ့်စကဲလ်ဖလက်ထ်စ် နဲ့ ရှဲလ်တန်ရဲ့ ဇနီးသည် ကန်းထရီးအဆိုတော် မရန်းဒါလမ်းဘတ်ထ် တို့ ဖျော်ဖြေခဲ့ကြတယ်။ အားလုံး ကိုယ်စီစိတ်နှလုံးနှစ်မြှုပ်သီဆိုခဲ့ကြသလို The House that built Me သီချင်းကို သီဆိုနေခဲ့တဲ့ လမ်းဘတ်ထ်ဟာ သီချင်းတစ်ဝက်လောက်မှာ လှိုက်လှိုက်လှဲလှဲ ဆို့နင့်လာခဲ့တယ်။ ပရိတ်သတ်တွေပါ ထပ်တူခံစားခဲ့မိတဲ့ ဂီတညပါပဲ။ “အစီအစဉ်တွေတော့ ရေးဆွဲထားခဲ့ပါပြီ။ ကွန်ကရစ်တွေ လောင်းချခဲ့ပြီ၊ သံတွေတစ်ချောင်းစီ တစ်ချောင်းချင်းစီရိုက်သွင်း၊ နံရံတွေ တစ်ချပ်ချင်းစီ၊ ဒက်ဒီ က မာမီ့အိမ်မက်ထဲက ဘဝကို ပေးခဲ့ပါပြီ” ဆိုတဲ့ သီချင်းစာသားတွေမှာ ပရိတ်သတ်တွေ အားလုံး သီချင်းနဲ့အတူ စီးမြောပါဝင်ခဲ့ကြတယ်။ လေဆင်နှာမောင်းကြောင့်သေဆုံးခဲ့တဲ့ ကလေးငယ်တွေ၊ ဒုက္ခရောက်ခဲ့ရသူတွေကို ဂရုဏာသက်စွာငြိမ်သက်သွားကြတယ်။ ရှဲလ်တန်ကပြောပါတယ်။ “အိုကလာဟိုးမားနဲ့ တခြားနေရာက အရင်းနှီးဆုံးမိတ်ဆွေတွေ ဒီည ဒီနေရာကိုရောက်ရှိနေကြတာက ဘေးဒုက္ခအလွန်ပြဿနာတွေနဲ့ လက်တွဲဖို့ပါ။ အိုးအိမ်တွေပြန်လည်တည်ဆောက်ပေးဖို့ နဲ့ ဒီနေရာဒေသ ပြန်လည်ထူထောင်ရေးအတွက်ဖြစ်ပါတယ်။ အဲဒါဟာ ကျွန်တော့်အတွက်အဓိပ္ပါယ်အများကြီး ပြည့်ဝသွားစေပါတယ်” တဲ့။ ရှဲလ်တန်ရဲ့ ဂီတပွဲဟာ အလှူငွေ ဒေါ်လာ ၆ သန်းစုဆောင်းနိုင်ခဲ့တာကြောင့် ဘလိတ်ခ်ရှဲလ်တန်ဟာ ဒေါ်လာ ၆ သန်းတန်လူသားဖြစ်သွားခဲ့ပါပြီ လို့ မိတ်ဆွေတွေက ချစ်ခင်စွာ စနောက်ခဲ့ကြတယ်။ အိုကလားဟိုးမားစီးတီးမှာ တိုက်ခတ်ခဲ့တဲ့  လေဆင်နှာမောင်းဟာ တစ်နာရီကို မိုင် ၂၁၀ နှုန်းရှိခဲ့ပြီး ကလေးငယ် ၉ ဦးအပါအဝင် လူပေါင်း ၂၄ ဦးသေဆုံးခဲ့ပါတယ်။ ၃၇၇ ဦး ဒဏ်ရာရရှိခဲ့ကြတယ်။

၎. ပန်းသွေးရောင်လည်ရှည်ဖိနပ်နဲ့ ထူးခြားတဲ့ ဂျနီဗာလိုပက်ဇ်ရဲ့ဖက်ရှင်
ဂျနီဖာလိုပက်ဇ်ဟာ ရက်ပ်ဂီတသမား “Pitbull” feature ပါဝင်သီဆိုထားတဲ့ စင်ဂဲလ်သီချင်းသစ် Live it Up ကြော်ငြာအတွက် လန်ဒန် ဘီဘီစီရေဒီယိုဝမ်း စတူဒီယိုကို ရောက်ရှိလာခဲ့တယ်။ ရွှင်မြူးသွက်လက်ပေါ့ပါးလှတဲ့ဟန်ပန်နဲ့ပါ။ ဂျေလိုဝတ်ဆင်ထားတာက J brand အသားကပ်ဂျင်းအပြာနုနုအသွေး၊ Stark  အိတ်ကို ခပ်တင်းတင်းဆုပ်ကိုင်ကာ၊ လိုက်ဖက်လှတဲ့ Beck & Bridge အဖြူလွလွ ဘလေဇာကုတ်လေး ဝတ်ဆင်ထားတာကြောင့် သူမရဲ့ နွေရာသီစတိုင်လ်ဟာ ပြည့်စုံလှပသွားစေတယ်။ ချစ်စဖွယ် ထူးထူးခြားခြားလှပသွားစေတာက Christian Louboutins တံဆိပ် ပန်းရောင်အသွေးနုနု လည်ရှည်ဖိနပ်ကြောင့်ပါပဲ။ ခြေချောင်းတွေဖွင့်ထားတဲ့ ဒီဇိုင်းဖြစ်ပြီး ငွေရောင်သံမှိုတွေ အပြည့်ပါရှိတယ်။ အဲဒီနေ့က ဓါတ်ပုံတွေမှာ နှင်းဆီသွေးအနီအသွင်အပြင် တောက်တောက်ပပတွေ့မြင်ခဲ့ရပေမယ့် တကယ်က ပန်းရောင်ပါလို့ ဂျေလိုရဲ့ ဒီဇိုင်းဖန်တီးပေးသူ ရော့ဒ်ဇန်ဂါဒီက ပြောပါတယ်။ နှုတ်ခမ်းအရောင်ကိုလည်း ပန်းနုရောင်အသွေးတူဆိုးထားခဲ့တာရယ်၊ ရွှေရောင်ဆံနွယ်တွေကို လွတ်လပ်ပေါ့ပါးစွာဖြန့်ချထားတာကလည်း ပိုပြီး နုပျိုသွားစေတဲ့နွေရာသီစတိုင်လ်လေးပါပဲ။ အဲဒီ Christian Louboutins ဘုဒ်ဟာ ဒေါ်လာ ၁၉၉၅ခန့် တန်ကြေးရှိပါတယ်။ လတ်တလော Britain’s Got Talent မှာ ဂျေလို ဝတ်ဆင်ခဲ့တဲ့ အနက်ရောင်ဝတ်စုံနဲ့ပတ်သက်ပြီး ဒီဇိုင်းဟာမိသားစုအစီအစဉ်အတွက် မသင့်တော်ဘူး။ အနည်းငယ် တိုကပ်လွန်းတယ်ဆိုတဲ့ ဝေဖန်မှုတွေရှိခဲ့တယ်။ ရုပ်သံလွှင့်ပိုင်းဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်တဲ့ဥပဒေပြုအဖွဲ့အစည်း Ofcom ရဲ့ အာရုံစိုက်မှုခံခဲ့ရပါသေးတယ်။ 

၅. နည်းပညာထဲက အနုပညာ အာရုံထွေပြားဖို့ မဟုတ်ပါ

ဒေါ်လာ သန်း ၃၅၀ သုံးစွဲလိုက်တဲ့ Cleveland Museum of Art ရဲ့အနုပညာ နဲ့ နည်းပညာ အရောအနှောပြပွဲဟာ ပရိတ်အမျိုးအစားအသစ်တွေကိုပါ ဆွဲဆောင်လိုက်တာပါ။ နည်းပညာကို အသုံးချပြီး ဖန်တီးထားပေမယ့် ရိုးရာပြခန်းအဆောင်အယောင်၊ ရိုးရာအနုပညာရသ ဆုတ်ယုတ်သွားတာမျိုးတော့မဟုတ်ပါဘူး။ “ပြတိုက်တိုင်းက ဒီလို နည်းပညာနဲ့ အနုပညာအရောအနှောကို ရှာဖွေလာကြပါလိမ့်မယ်” လို့ ယူနိုက်တက်စတိတ်၊ အိုဟိုင်းယိုးဒေသက ကလိဗ်လန်းဒ်အနုပညာပြတိုက် ရဲ့ ဒါရိုက်တာ ဒေးဗစ် ဖရန်ကလင်ကပြောပါတယ်။ ပြတိုက်ရဲ့ မြေညီထပ်ပြခန်းမှာ touch screen တွေတပ်ဆင်ထားပြီး ပန်းချီကားတွေနဲ့ ပန်းပုရုပ်တွေကို interactive အရသာနဲ့ ခံစားနိုင်အောင် ဖန်တီးထားတယ်။ ပြတိုက်ရဲ့ ဒါရိုက်တာက ပြိုင်ဘက်ပြတိုက်တွေက အမှုဆောင်ကိုယ်စားလှယ်တွေပါ အလည်အပတ်ကြည့်ရှုနိုင်အောင် ဖိတ်ခေါ်ပါတယ်။  “ပုံတူကူးချ/ အတုယူ ဒါတွေပြုလုပ်နိုင်ဖို့လည်းကြိုဆိုပါတယ်” လို့ ဒါရိုက်တာက ဆိုတယ်။ သူပြောခဲ့တဲ့အတိုင်းပါပဲ ပြတိုက်ကမ္ဘာထဲမှာတော့ ပြတိုက်တိုင်း ကလိဗ်လန်းဒ်ရဲ့ ပြပွဲကို ကြည့်ရှုနေကြပါတယ်။ J.Paul Getty Museum နဲ့ Metropolitan Museum of Art ပြတိုက်နှစ်ခုလုံးရဲ့ အကြံပေး အဲရင်ကိုဘန်က “တခြားပြတိုက်တွေလည်း interactive နည်းပညာတွေနဲ့ အနုပညာပြပွဲတွေပြုလုပ်ပြသကြတာတွေရှိပါတယ်။ ဒါပေမဲ့ ကလိဗ်လန်းဒ် ရဲ့ အစီအစဉ်ကတော့ တကယ့်မကြုံစဖုးပဲ” လို့ ဆိုတယ်။ မစ္စတာ ဖရန်ကလင်ဟာ ပေ ၄၀ ကျယ်တဲ့ touch screen ရှေ့မှာ ရပ်နေတယ်။ အဲဒီ screen မှာ ဖိတ်စာကတ်အရွယ်အစားပုံရိပ်ပေါင်း ၃၀၀၀ ရှိနေပါတယ်။ ကြည့်ရှုသူက ပုံရိပ်တစ်ခုကို ထိကိုင်လိုက်တာနဲ့၊ စကရင်ဟာ ပုံကြီးချဲ့ပေါ်လာပြီး ဘေးမှာတော့ အမျိုးအစားတူပုံရိပ်တွေက အသီးသီးနေရာဝင်ယူလိုက်ကြမှာပါ။ အဲဒီ ပုံရိပ်ရဲ့ တကယ့်ပန်းချီကားနေရာ၊ အရွယ်အစားအချက်အလက်တွေ အားလုံးဖတ်ရှုနိုင်ပါမယ်။ အဲဒီကမှ ပုံရိပ်တစ်ခုရဲ့ ထောင့်နားမှာရှိတဲ့ အသည်းပုံသဏ္ဍန် icon လေးကို ထိလိုက်တာနဲ့ ကြည့်ရှုသူဟာ နံရံပေါ်က ရွေးလိုက်တဲ့ပန်းချီကားကို ကိုယ့်ရဲ့ လက်ထဲမှာကိုင်ထားတဲ့ iPad မှာ ပြောင်းရွှေ့ကြည့်ရှုနိုင်မှာပါ။ ပြတိုက်မှာ iPad ကို တစ်ရက်စာ ၅ ဒေါ်လာနဲ့ ဌားရမ်းနိုင်သလို ကိုယ့်ရဲ့ ကိုယ်ပိုင် iPad နဲ့လည်း ကြည့်ရှုနိုင်ကြတယ်။ အဲဒီနည်းနဲ့ ပြတိုက်အတွင်းလှည့်လည်ကြည့်ရှုမယ့် ခရီးအစီအစဉ်ကို ကိုယ်တိုင်ရေးဆွဲနိုင်ပါတယ်။ ကိုယ်ပိုင်နာမည်ဆန်းဆန်းပေးထားနိုင်ပြီး ကိုယ့်ရဲ့ ခရီးစဉ်အတိုင်း တခြားဧည့်သည်တွေကလည်း လိုက်ကြည့်နိုင်ကြသေးတယ်။ ဧည့်သည် အယောက် ၂၀၀ ကျော်ခန့်ဟာ ကိုယ်ပိုင် ခရီးစဉ်ရေးဆွဲပြီး လှည့်လည်ကြည့်ရှုကြတယ်လို့ မစ္စတာ ဖရန်ကလင်က ပြောပါတယ်။ ကြည့်ရှုသူတွေအတွက် ပြခန်းအညွှန်းစာအုပ်တကိုင်ကိုင်နဲ့ လျှောက်ကြည့်စရာမလိုကြတော့ဘူးပေါ့။ Turner Prize ဆုရ land artist လို့ နာမည်ကျော်တဲ့ Richar Long ရဲ့ ပန်းပု Cornwall Circle ကို စိတ်ဝင်စားတာနဲ့ iPad မှာ ကြည့်လိုက်တာနဲ့ တစ်မိနစ်စာ အဲဒီပန်းပုရဲ့ အချက်အလက် အားလုံးဘက်ပေါင်းစုံကပုံတွေပါ ပြသသွားမှာပါ။ ပန်းချီကားတစ်ချပ်ရှေ့ကို ရောက်တဲ့အခါ၊ အဲဒီပန်းချီကားကို iPad နဲ့ ဖမ်းယူကြည့်ရှုလိုက်တာနဲ့လည်း ပန်းချီကားမှာပါဝင်တဲ့ အချက်အလက် ရုပ်ပုံ၊ ဆေးအမျိုးအစား၊ အားလုံးကို iPad မှာ ဖော်ပြပေးသွားမှာပါ။ Cleveland Museum of Art မှာ ပြသထားတဲ့ ပြပွဲတွေထဲက Tantra in Buddhist Art ပြပွဲကို မေလ ၅ ရက် နေ့ကနေ စက်တင်ဘာ ၁၅ ရက်နေ့အထိ၊ The Last Days of Pompeii: Decadence, Apocalypse, Resurrection ပြပွဲကို ဖေဖေါ်ဝါရီ ၂၄ ရက်ကနေ ဇူလိုင် ၇ ရက်နေ့အထိ ကြည့်ရှုနိုင်ကြမှာပါ။

၆. အိုလံပစ် ဆုတံဆိပ်ဒီဇိုင်းသစ် ကို ၂၀၁၄ ဆောင်းရာသီပွဲတွေမှာ စတင်အသုံးပြုလိမ့်မယ်
နိုင်ငံတကာအိုလံပစ်ကော်မတီဟာ ရုရှားနိုင်ငံ စိန့်ပီတာစဘာ့ဂ်မြို့မှာ အစည်းအဝေးပြုလုပ်တွေ့ဆုံခဲ့ကြပြီး လာမယ့် ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲတွေမှာ စတင်အသုံးပြုမယ့် ဆုတံဆိပ်အသစ်တွေကို ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအားကစားပွဲတွေကို ရုရှားနိုင်ငံ Krasnodar Krai ပြည်နယ်၊ မြို့တော် Sochi မှာ အိမ်ရှင်အဖြစ်လက်ခံကျင်းပမှာပါ။ လည်ဆွဲအသစ်အတွက် အဆောင်အယောင် ဆုတံဆိပ်ဒီဇိုင်းကိုတော့ ရုရှားနိုင်ငံဒေသတွေရဲ့ ယဉ်ကျေးမှုအမျိုးမျိုးကို ကိုယ်စားပြုဒီဇိုင်းထုတ်ခဲ့တာပါ။ အိမ်ရှင်နိုင်ငံရဲ့ ရေမြေတောတောင်သဘာဝအမျိုးမျိုး၊ တောင်တန်းတွေ၊ ကမ်းခြေတွေကို ထုပုံ(ပရစ်ဇင်)ပုံနဲ့ ပုံဖော်ထားပါတယ်။ လာမယ့်နှစ်အိုလံပစ်ပြိုင်ပွဲတွေအတွက် ဒီဇိုင်းအသစ်နဲ့ ဆုတံဆိပ်ပေါင်း ၁၃၀၀ ပြုလုပ်ထားတယ်။ ကစားနည်း ၁၂ မျိုးခန့် အသစ်ပါဝင်လိမ့်မယ်လို့ ဆိုတယ်။ ၂၀၁၄ အိုလံပစ်ပြိုင်ပွဲရဲ့ တရားဝင်အမည်ကို ဆုတံဆိပ်တွေရဲ့ အနားသပ်လိုင်းမှာ အင်္ဂလိပ်၊ ရုရှား နဲ့ ပြင်သစ်ဘာသာသုံးမျိုးနဲ့ ရေးသားထားပါတယ်။ ကျောဘက်မှာ ပြိုင်ပွဲကို အင်္ဂလိပ်လိုရေးထားပြီး Sochi မြို့တံဆိပ်ပုံ ပါရှိတယ်။ ဆုတံဆိပ်တွေရဲ့ ဒီဇိုင်းကို Leo Burnett ကြော်ငြာအေဂျင်စီက ရုရှားဒီဇိုင်းသမားတွေ ဖန်တီးရေးဆွဲခဲ့ကြတယ်။ ပထမဆုံး ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲတွေကို ပြင်သစ်နိုင်ငံ Chamonix မြို့မှာ ကျင်းပခဲ့ပြီး ဒီဇိုင်းက Raoul Bernar ရဲ့ လက်ရာပါ။ နှင်းလျှောစီးသူတစ်ဦးက ရေခဲပြင်စကိတ်ကို ကိုင်ဆောင်ထားတဲ့ပုံပါ။ ပထမဆုံး နွေရာသီ အိုလံပစ်ပြိုင်ပွဲကိုတော့ ၁၈၉၆ က ဂရိနိုင်ငံ၊ အေသင်မြို့မှာ ကျင်းပခဲ့ကြတယ်။ နှင်တံကို ကိုင်ဆောင်ထားတဲ့ ဇုနတ်မင်းကြီးပုံဖြစ်ပြီး ကျောဘက်မှာတော့ အေသင်က အေခရိုပိုလစ်ခံတပ်အဆောက်အဦးပုံပါ။ ဒီဇိုင်းပညာရှင်က Jules-Clément Chaplain ဖြစ်ပါတယ်။

ဖြိုးဖြိုး
(ရတီမဂ္ဂဇင်း၊ ဇူလိုင်၊ ၂၀၁၃)

No comments: