Pastel on paper by artist Nenad Vuckovic |
Su Mie Aungမြေကြီးတွေဘယ်ရောက်ကုန်လဲတပြန့်တပြော စိမ်းစိုဝေဖြာနေတဲ့ မိသားစုဥယျာဉ်မြေမှာ
ငါ့ကို မွေးဖွားခဲ့တယ်။
အရာရာသင်ယူကျက်မှတ်ချိန်
ကလေးဘ၀ငါ့နှုတ်ဖျားက ဦးဆုံးပထမထွက်ကျလာတဲ့
စကားတစ်လုံးးက အများတကာ ကလေးတွေလို
`ဖေ´`မေ´`Dad´ `Mom´မဟုတ်
`အစိမ်း´ `green´ဆိုတဲ့စကားလုံးသာ။
မထူးဆန်းလိုက်ပါနဲ့၊ မအံ့သြလိုက်ကြပါနဲ့။
အမေ ငါ့ကိုချောမြှူချီပိုးထားတဲ့အချိန်ကာလပတ်လုံး
ပြတင်းဝကနေ ငါလှမ်းမြင်ဖူးတာ `အစိမ်း´ ပါ။
ငါတောက်တိတောက်တက် ပြေးလွှားတတ်ချိန်မှာ
အရင်ဆုံး တိုးဝင်ချဉ်းကပ် ရင်းနှီးကျွမ်းဝင်ရတာက
စိမ်းစိုလတ်ဆတ်တဲ့ အဖေ့ရဲ့ဥယျာဉ်မြေ။
အဖေ့ရဲ့ ချွေးတွေ၊ အချိန်တွေ၊ စိတ်ကူးတွေပေါ်မှာ
သူ့ရဲ့ ကြမ်းရှလှတဲ့လက်တွေနဲ့
ရောမွှေထုဆစ်လိုက်တဲ့အခါ အဲဒီဥယျာဉ်ဟာ
ကမ္ဘာမှာ တုနှိုင်းမမီတဲ့ ဥယျာဉ်ခြံမြေကြီးပေါ့။
ကမ္ဘာဦးအစ ဧဒင်ဥယျာဉ်ထက် သာတယ်လို့ ငါပြောရဲတယ်။
အဲဒီဥယျာဉ်မှာ အမေက အဖေ့ရဲ့ ချွေးတွေကို သုတ်ပေးခဲ့တယ်။
အဖေ့ရဲ့အချိန်တွေ တိုးပွားအောင် အမေက သူ့ဘ၀ကို ဖဲ့ချွေပေးတယ်။
အဖေ့ရဲ့စိတ်ကူးတွေ ကွန့်မြူးဆန်းကြယ်အောင်
အမေက သူ့လိုအင်ဆန္ဒတွေဝှက်သိုလို့ အဖေ့အနား ဖေးမ ကူတယ်။
မြေကြီးစော်နံနေတဲ့ အဖေ့ရဲ့ လက်တစ်စုံကို အမေက နေ့စဉ် တမက်တမောပွေ့ယူနမ်းရှိုက်နေခဲ့တာပေါ့။
ဒါကြောင့်ပဲ အဖေက လျှို့ဝှက်တဲ့စွမ်းအားတွေနဲ့ အလှဆုံးဥယျာဉ်ကို ဖန်တီးနိုင်တယ်။
အဖေဟာ တကယ့်ပါရမီရှင်ပေါ့။ ဧဒင်ကို ဖန်ဆင်းတဲ့ ဘုရားသခင်ထက် သာတယ် လို့ ငါပြောရဲတယ်။
အဖေ့ရဲ့ဥယျာဉ်စိမ်းစိမ်းမှာ တောက်တက်တောက်တက်ပြေးလွှားရင်း ငါကြီးပြင်းခဲ့တယ်။
အမေက နာမည်ပေးတော်တယ်။ ငါတို့ မောင်နှမတွေမှာ လှပတဲ့နာမည်တွေ ကိုယ်စီ ရှိသလို ငါတို့ခြံမှာ လှပတဲ့နာမည်ရှိတယ်။
ခရမ်းပြာ…တဲ့။
အဖေ့ရဲ့ စိမ်းမြမြဥယျာဉ်မှာ နေထိုင်ကြီးပြင်းခဲ့တဲ့ ငါတို့ဟာ အစိမ်းရောင်ကို ကောင်းကောင်းသိသလို သူ့အပေါ် ချစ်မက်ရကောင်းမှန်းလည်း ကောင်းကောင်းသိခဲ့ကြတယ်။
အခုဆို
ငါ့အသက် လေးဆယ်ကျော်၊ အဖေက ရှစ်ဆယ်ကျော်၊ အမေက ခုနစ်ဆယ်ကျော်။
ဘ၀တွေ ပြိုးပြိုးပြက်ပြက်ဆိုသလို ကျော်လွန်ခဲ့ပြီ။ မေမေက မြေကြီးပေါ် မဆင်းနိုင်တော့ဘူး၊ အချိန်ပြည့် အွန်လိုင်းပေါ်မှာ။ မြေကြီးတွေထိုးဆွလို့ သစ်တစ်ပင်စိုက်ပျိုးဖို့ကိုလည်း မေမေမေ့ခဲ့ပါပြီ။
မေ့ဆို မေမေ့မှာ ထိုးဆွစရာ၊ စိုက်ပျိုးစရာ မြေကြီးတွေမှ မရှိတော့တာ။
ညနေညနေတွေဆို ဖေဖေက ခါးကလေး ကိုင်းကိုင်းကိုင်းကိုင်းနဲ့ လှုပ်စိလှုပ်စိ ရွေ့ရွေ့သွားရင်း
ပြတင်းမှာရပ်လို့ ဝေေ၀သီသီ မှုန်မှုန်ရီရီ မျက်လုံးတွေနဲ့ အပြင်ကို ငေးငေးကြည့်တယ်။
ဖေဖေ့မြင်ကွင်းထဲ ပေါ်လာတာက ကားဂိုဒေါင်တစ်လုံး၊ ရေကူးကန်တစ်ကန်၊ သုံးထပ်တိုက်တစ်လုံး၊ ခြံဝင်းအနှံ့ နေရာလွတ်မကျန်အောင် ခြယ်လှယ်ထားတဲ့ တမံသလင်းအခင်းအကျင်းတွေ၊ ပြီးတော့ ရေလောင်းစရာမလိုတဲ့ ပလတ်စတစ်ပန်းပင်တချို့…၊
ဖေဖေ့စိတ်ထဲ တွေးးတွေးနေမှာ သေချာတယ်။
မြေကြီးတွေ ဘယ်ရောက်ကုန်ပါလိမ့်ပေါ့။
ခမ်းခမ်းနားနား မြင့်မြင့်မားမား နေရပေမဲ့ ငါ လန့်မိနေတတ်တယ်။
အထူးသဖြင့် ဟော့ဒီ ၀ရန်တာထက်ကနေ ငုံ့ငုံ့ကြည့်မိလေတိုင်းပေါ့။
ငါဟာ ဖေဖေ့မြေကြီးတွေကို ခိုးယူခဲ့သူလား …..။
ပြီးတော့ ငါ့သားသမီးတွေကို စိမ်းမြမြဥယျာဉ်တစ်လုံး ဖန်ဆင်းပေးနိုင်ပါဦးမလား။
ငါကသာ စိုးထိတ်နေတာပါ ။
ငါ့ကလေးတွေက ကိန်းခန်းကြီးကြီးနဲ့ အ၀ါရောင်ပျော်ရွှင်မှုတွေကြားမှာ ငါချစ်ဖူးတဲ့ အစိမ်းရောင်ကို အမေ့ကြီးမေ့လို့……..။
1:45 am, 02-06-2013
No comments:
Post a Comment