တကောင်းရာဇ၀င်မှာ သူမပါမပြီးတဲ့ ပုဂ္ဂိုလ်ကတော့ အိမ်တွင်းမင်းမဟာဂီရိအမည်ခံ ပန်းပဲဆရာကြီး ဦးတင့်တယ်ပါဘဲ။ အမေပြောတဲ့ပုံပြင်တွေမှာ သူ့အကြောင်းလဲ ပါပါတယ်။ အလွန်ကြေကွဲစရာကောင်းတဲ့ ပုံပြင်ကလေးပါဘဲ။
ကျွန်မတို့ အမေက ပုံပြောကောင်းတယ်။ လူက ဖြူဖြူနုနု ပိန်ပိန်ပါးပါး ပုပုပြတ်ပြတ်လေး။ သနပ်ခါးခြေဆုံးခေါင်းဆုံးလိမ်းထားရင် သိပ်ကျက်သရေရှိတာဘဲ။ မျက်စိကောင်း နားကောင်း သွားကောင်း သေတာတောင် ဆံပင် မဖြူပါဘူး။ ကျွန်မတို့ အမေများခေတ်က မိန်းကလေးဆို ၄တန်းလောက်နဲ့ ကျောင်းနှုတ်ကြသတဲ့။ ဒါပေမဲ့ ဘုန်းတော်ကြီးကျောင်း နေကြသူဆိုတော့ ပါဠိဘာသာ တတ်ကျွမ်းကြပါတယ်။ ယက္ကန်းအတတ်လဲ တတ်ကြရပါတယ်။ ကျွန်မတို့ အမေဆို ဇာထိုးပန်းထိုး လဲ တတ်တယ်။ တက်တင်းဇာလဲ ထိုးတတ်တယ်။ အိပ်ယာခင်း ခေါင်းအုံးစွပ် ကုလားထိုင်စွပ် စားပွဲခင်းတွေဆိုရင် အမေက အဖြူရောင်ဘဲသုံးပြီး တက်တင်းဇာနားကွပ်ထားတာပါ။
အမေက ပါဠိဘာသာ တတ်ကျွမ်းတော့ ရှေးဟောင်းစာပေတွေကိုပါ အခက်အခဲမရှိဖတ်နိုင်မှတ်နိုင်လို့ ဗဟုသုတပိုကြွယ်ဝပါတယ်။ ကျွန်မက အမေ့ကို မမှီပါဘူး။ ဒီတော့ဗုဒ္မ၀င် ပုံပြင်ဒဏ္ဍာရီ စသည် နှံ့နှံ့ စပ်စပ် ပြောတတ်တာပေါ့။ ခုပုံပြင်ကလဲ အမေပြောတာတွေထဲက တခုပါ။ ဖြိုးဖြိုးတို့မောင်နှမတတွေကို ကျွန်မ မပြောပြခဲ့ရသေးဘူး။ ဒါဟာ ကျွန်မရဲ့ အားနည်းချက်ပါဘဲ။ ဒီအားနည်းချက်ကို ဖြည့်စွမ်းတဲ့အနေနဲ့ ခု ဖြိုးဖြိုး ဖတ်ဖို့ ဆိုပြီး ရေးပြနေခြင်းဖြစ်ပါတယ်။

“သနား..စရာ ကောင်းတဲ့..ပုံပြင်ဝယ် ….. လွမ်းစရာ ..ဆွေးစရာ တွေနဲ့ အိမ်တွင်း ..မှာ ..ချိတ်ကိုး ပါ…သည်…ဦးတင့်တယ်တဲ့ အိမ်တွင်း မင်းမဟာ ဂီရီ…။ တကောင်း..ပြည်…ဦးတင့်တယ် အမည် …ဆင်ပြောင် စွယ်ကို ချိုး နိုင်အောင်သာ..ခွန်အား ရှိပေသည်..အများသိပေသည်….”
ဟိုရှေးရှေးတုံးက တကောင်းပြည်မှာ ဆင်ပြောင်စွယ်ကို အလွယ်တကူ ချိုးယူနိုင်တဲ့ ပန်းပဲဆရာကြီး ဦးတင့်တယ် ဆိုတာ ရှိသတဲ့။ သူ့မှာ့ ညီမနှစ်ယောက်လည်း ရှိသတဲ့။ မိဘတွေ မရှိကြတဲ့နောက် အိုးအိမ်မထူထောင်ဘဲ ညီမနှစ်ယောက်ကိုဘခင်ပမာ ကြွေးမွေးစောင့်ရှောက်နေရှာတာဖြစ်တယ်။ ဦးတင့်တယ်က ခွန်အားကြီးတဲ့သူဆိုတော့ တခါတရံ သူတူထုတဲ့အသံက တတိုင်းတပြည်လုံး သိမ့်သိမ့်တုန်သွားကရော ဆိုဘဲ။ ဒါနဲ့ တကောင်းဘုရင် က မကြာမကြာ ကြားနေရတဲ့တူသံကို ဘာသံလဲ လို့ မူးကြီးမတ်ကြီးတွေကို မေးသတဲ့။ အမတ်ကြီးတွေထဲမှာ တချို့က အကောင်းဘက်က လျှောက်တင်သလို အဆိုးဘက်က လျှောက်တင်တတ်တဲ့ သူလဲ ရှိတာကိုး။ တတိုင်းတပြည်လုံး တုန်ခါသွားအောင် တူထုနိုင်တဲသူဖြစ်လို့ နောင်တနေ့ မိမိထီးနန်းကို လုယူသိမ်းပိုက်မှာ စိုးရွံ့ တဲ့ တကောင်းဘုရင်က အမတ်ဆိုးဆိုးတွေနဲ့ တိုင်ပင်ပြီးအကောက်ကြံပါလေရော တဲ့။
“ပန်းပဲဆရာ..ဘာသာ ဘာဝ .၀မ်းစာတွေ ရှာဖွေ ..လာကြ ..ဆိုးတဲ့ ကံကြမ္မာ..ညှိုးဖွဲ့  ကြုံလာသည်..သူရသတ္တိဂုဏ်ရည်..တာမရှည် အောင်ဘဲ..မင်းမြတ်ရာဇာ..လည်ဆည်ဥာဏ်နဲ့ နှမ ကေသီ…မဟာဒေ၀ီ …မြှောက်စားလို့ . ကြောက်အားနဲ့ ...ဖမ်းဆီး ကြတော့..သည်။”
အကောက်ကြံပုံက ယဉ်ယဉ်ပဲ။ နှမကို တော်ကောက်ပြီး မောင်ကို သုတ်သင်ရှင်းလင်းမယ်ပေါ့လေ.။ တစ်နေ့ မောင်တင့်တယ်က မီးသွေးဖုတ်ဖို့ တောထဲအသွား အမတ်ကြီးတွေက ဘုရင့်အမိန့်ပါတဲ့စာချွန်တော်ကိုဖတ်ကြားပြီး အိမ်ကို ရာဇမတ်ကွက်ကာ သဲဖြူခင်းလို့ ညီမ အကြီး မြတ်လှကို ဘုရင်က မိဖုရားမြှောက်ဖို့ ကောက်ယူတယ် ဆိုပြီး တချီထဲ ခေါ်သွားတာပေါ့။ အကိုဖြစ်သူက ပန်းဘဲဆရာဆိုတော့ ထင်းမီးသွေးလိုတယ်လေ။ မီးသွေးကျက်အောင်နေရတော့ နှစ်ရက် သုံးရက် တန်သည် တောထဲမှာရှိနေတာမို့ မသိရှာဘူး။ မီးသွေးကျက်လို့ မီးသွေးအိပ်ကြီးထမ်း ပြန်အလာ ညီမအငယ်လေးက ဆီးပြီးငိုယိုတိုင်တော့တာပေါ့။ မောင်တင့်တယ်က ဒေါသူပုန်ထ အရမ်းစိတ်ဆိုးပြီး တူကို နာနာထုပါလေရော။ တကယ်ဆို အကိုကြီးအဘအရာ တောင်းရမ်းပြောဆိုသင့်တာပေါ့။ ငါဘုရင်ဆိုပြီး လုပ်ချင်တိုင်းလုပ်ရမလားဆိုပြီး စိတ်ဆိုးတာပေါ့နော်။ သူမလွန်ပါဘူး။
သူက တူကို နာနာထုလေ ဘုရင်က ကြောက်လေ။ ကြောက်လေ အကောက်ကြံလေ။ ဒါပေမဲ့ ဘုရင်ကလဲ အကြံသမား။ အမတ်ကြီးတွေလွှတ်ပြီး စိတ်မဆိုးပါနှင့် မောင်ကြီးကိုလဲ မြို့စားနယ်စားအရာချီမြှင့်ပါ့မယ် လို့ ဥာဏ်ဆင်ပြီး ဝေါနဲ့များတောင် ထမ်းခေါ်သွားသတဲ့။ မြတ်လှကိုလဲ နားသွင်းပြီး အကြည်အသာ လိုက်လာဖို့ ဖြားယောင်းခိုင်းတာပေါ့လေ။ နှမအငယ်လေးကိုလဲ အခြွေအရံပေး အဆောင်ပေး မွေးမယ်ပေါ့လေ။ မောင်တင့်တယ်တို့ မြတ်လှ တို့ ဆိုတာက တောသူ တောင်သား ရိုးလွန်း အလွန်းတော့ တဘက်ကလဲ ရှင်ဘုရင်လဲ ဖြစ်နေတော့ မလွန်ဆန်သာဘူး နှမလေးတွေ ကောင်းစားဖို့ဘဲလို့ တွေးပြီး ယုံစားပြီးအကြည်အသာ လိုက်လာခဲ့တာပေါ့။
နန်းတော်ရောက်တော့ ဘုရင်က အတွေ့တောင်မခံပါဘူး။ တခါတည်း စကားပင်မှာမီးဖိုကျင်တင် ထိုး သတ်တော့တာပဲ။ အဆင်သင့်ပြင်ထားတာလေ။လူသူအင်အားမျာစွာနဲ့ ၀ိုင်းဖမ်းတော့ မောင်တင့်တယ်လဲ ဘယ်လောက် ခွန်အားကြီးကြီး မခံနိုင်ရှာဘူးပေါ့။

“လည်ဆည်ဥာဏ်နဲ့ မင်းရယ် ..မင်းငယ်..မင်းရယ်လေး…..×စကားပင်..ကားစင်တင်၍ ရက်စက်စွာ ကြမ်းကြုတ်စွာ…မင်းယုတ်ရယ် ..ပြုရက် လေတယ်…။”
ဒီအကြောင်း မြတ်လှက ကြားတဲ့အခါ ရင်ကွဲနာကျရှာတာပေါ့။ သူ့မောင်ကြီးဟာ သူ့ကြောင့် မီးရှို့အသတ်ခံရတယ်လို့ စိတ်နှလုံး ညှိုးခြုံး ပူလောင်ပြီး အရူးတပိုင်းဖြစ်လို့ သူပါ..တခါထဲ မီးဖိုအတွင်း ခုန်အဆင်း ဘုရင်ကလဲ လှမ်းအဆွဲ လိုက် မျက်နှာကိုပဲ ဆွဲမိတော့တယ် လို့ ဆိုပါတယ်။
“စကားပင်..မီးဖိုကျင် တင်ကာ ထိုး….မြတ်မျိုးရဲ့ အမိမောင် …မချိအောင် ခင့်မှာ ရူး… လျင်စွာပြု ..မင်းမသမာ… ရင်သာထုလို့ ရတက်ပွေ ရှာ အသက်သေစရာပ ခုဝယ်များ…မီးစလို့ လောင်…”
မီးလောင်ကျွမ်းပြီးသေဆုံးသွားတဲ့အခါ နတ်မောင်နှမရယ်လို ဖြစ်လာပါတယ်။ ညီမအငယ်လေးကိုလည်း လိပ်ပြာနှုတ်ခေါ်ယူပြီး အတူထားပါသတဲ့။ အဲလိုနဲ့ သူတို့မောင်နှမ သေဆုံးခဲ့ရတော့ နတ်ဖြစ်သွားကြတဲ့ မောင်နှမ နှစ်ယောက်ဟာ သူတို့ရဲ့ နစ်နာမှု မကျေနပ်မှုကို ဖေါ်ပြတဲ့အနေနဲ့ စကားပင်အောက် ရောက်လာသူတိုင်း မူးရူးသွားအောင်ဖမ်းစားကြပါသတဲ့။ ကြာတော့ လူပြောသူပြောများလာတဲ့အခါ ဘုရင်က စကားပင်ကို အမြစ်ကတူး ခုတ်လှဲပြီး ဧရာကြောမျောလိုက်ပါတော့တယ်။
အဲဒီ စကားပင်ဟာ အနော်ရထာ စိုးစံနေတဲ့ ပုဂံပြည်ကို ရောက်သွားပါတယ်။ တိုင်းသူပြည်သားတွေကို ရင်ဝယ်သားလို ချစ်ခင်ကြင်နာ သနားတတ်တဲ့ အနော်ရထားမင်းကြီးဟာ ခိုကိုးရာမဲ့နေတဲ့ မောင်နှမကိုပုပ္ပါးအရပ်ဒေသမှာ မင်းမဟာဂီရိ ဘွဲ့အမည်နဲ့ နေရာထိုင်ခင်းအဆောင်အယောင်တခု အပိုင်စားပေးသနားပြီး ကောင်းစွာထားပါသတဲ့။ မောင်တင့်တယ်ဟာ ညီမတွေကို မိဘသဖွယ် ကြင်နာစွာ ကြွေးမွေးစောင့်ရှောက်ခဲ့လို့ အိမ်ထောင်ဦးစီးကောင်းဖြစ်လို့မိမိတို့ အိမ်အသီးသီးမှာလဲ အစစ အဆင်ပြေ ရန် အကြီးအကဲအဖြစ် အိမ်တိုင်းအိမ်တိုင်းက အုံးငှက်ပျောနဲ့ အသိအမှတ်ပြု ချိတ်ဆွဲကြတာ ပုဂံခေတ်ကတည်းကပါပဲ။ ရိုးရာအနေနဲ့ လက်ဆင့်ကမ်းလို့ ယနေ့တိုင် အိမ်တိုင်းချိတ်ကိုးကြပါတယ်။
ဗုဒ္မအလိုအရ အတွင်း၃၇မင်း အပြင်၃၇မင်းစတဲ့နတ်များဟာ သာသနာအပမှာ တည်ရှိနေတဲ့အတွက် သာသနာတွင်းက လူများဟာ အသိအမှတ်ပြုရုံကလွဲလို့ ကိုးကွယ်ဆည်းကပ်ခြင်းမပြုရဘူးလို့ ဆိုပါတယ်။ ကျွန်မတို့ မိဘများကလဲလယ်တီဆရာတော်ဘုရားရဲ့ တပည့်သားမြေးများဖြစ်လို့ လယ်တီဆရာတော်ဘုရား ရဲ့ အဆုံးအမကိုဘဲ ခံယူပါတယ်။ ဂေါတမဗုဒ္မမှလွဲ၍ အခြား ကိုးကွယ်ရာမရှိ လို့ အမြဲခံယူထားပါတယ်။ တချို့ကလဲ ကိုးကွယ်ခြင်းဆိုတဲ့အဆင့်မှာ မရောက်စေဘဲ အသိအမှတ်ပြုတဲ့အနေနဲ့ ၀ါဝင် ၀ါထွက် အုန်းလဲပေးကြတာမျိုးရှိပါတယ်။

“စိတ်နှလုံးဖြင့် မသာမကြည်…ရှင်ဘုရင် မုန်းးလို့ …ဆုံးရရှာသည်…တအိမ်လုံးဖြင့် ရိုသေပါသည်..နတ်ကွန်းစင် ပန်းပဲ မောင်တင့်တယ်..မမေ့ဖို့ ကိုးကြ သည်။”
ဒီတေးသီချင်းကို ဂျူဗလီစိန်က ရေးသားပြီး ပြည်လှဖေက သီဆိုထားပါတယ်။ ဖြိုးဖြိုးပြောသလိုပါပဲ ကမ္ဘာကြီးဟာ ရေးစရာတွေနဲ့ ပြည့်လျှံနေတော့ ရေးရပါလိမ့်အုံးမယ်။
ခင်မေသစ်
ခင်မေသစ်
4 comments:
ကျွန်တော့်မှတ်ချက်ဘယ်ရောက်သွားလဲမဖြိုး။မတင်ရသေးတာလားမသိဘူး။
တင်ပလိုက်ပါပြီ။
ကျွန်တော်ပြောတာဒီမှတ်ချက်မဟုတ်ဘူးမဖြိုး။အဲဒီမင်းမဟာဂီရိနဲ့ပတ်သက်ပြီးတင်ထားတာ။
အမမှာရှိတာ အကုန်တင်လိုက်ပီ။ ဘာမှလက်ကျန်မရှိတော့ပါဘူး
Post a Comment