*********
“ရှင် … ဒီဝတ်စုံကို လဲလိုက်၊ မြန်မြန်လေးနော်”
နက်ပြာရောင် ကျောကွဲ၊ ဇစ်တပ်ဘလောက်စ်နဲ့ဒူးအထက်ခပ်တိုတိုစကပ်လေးဝတ်ထားတဲ့ နာစ့်မလေးကမ်းပေးလာတဲ့ ဆေးရုံကဝတ်စုံကို လက်လှမ်းယူရင်း ရင်မှာ ထိတ်ခနဲ လှိုက်ခုန်မိပြီ။
“အတွင်းခံတွေ အကုန်ချွတ်ထားခဲ့ရမယ်”
အဖြူပေါ်မှာ အပြာကွက်ခပ်ဖျော့ဖျော့လေးတွေပါတဲ့ဂျာစီပုံစံဝတ်စုံကို ခပ်မြန်မြန် စွပ်ချလိုက်ရင်း နတ်စ်မလေးခေါ်ဆောင်ရာဆီ ခြေလှမ်းတွေပြင်ရပြီ။ အခန်းတံခါးဝနားမှာ သူမလို ဂျာစီဒူးအထက်တဝဲဝဲ ခပ်ပွပွဝတ်ထားတဲ့မိန်းကလေးတစ်ဦး စောင့်နေတာတွေ့လိုက်ရတယ်။ သူမတို့နှစ်ဦးရဲ့ ဆေးမှတ်တမ်းဖိုင်တွေ ပိုက်ပွေ့ကိုင်ယူလာခဲ့တဲ့ နတ်စ်မလေးရဲ့ခြေလှမ်းတွေက သွက်လက်မြန်ဆန်စွာ ရှေ့ကဦးဆောင်တယ်။ ဓာတ်လှေကားရှိရာဆီ။ နတ်စ်မလေးရဲ့ လက်က နံပါတ်တစ်ခုဆီကိုလက်လှမ်းလိုက်မှာပေါ့။ ဘယ်နံပါတ်၊ ဘယ်အထပ်လည်း စိတ်တွေဝေဝါးနေလို့ သူမ မသိလိုက်ပါ။ အနည်းငယ် တုန်လှုပ်ထိတ်လန့်နေခဲ့ပြီ။
“minor operation ပါ။ မနာမကျင်၊ ၅ မိနစ်လောက်ပဲ၊ ခင်ဗျား သတိရလာရင် အားလုံးပြီးပြီ”
မနေ့က ward မှာ တာဝန်ကျတဲ့ဆရာဝန်ပြောသွားခဲ့တဲ့စကားတွေကနားထဲ ဝင်ချီထွက်ချီ၊ ဝရုန်းသုန်းကာနဲ့။
ဟော ဓာတ်လှေကားပွင့်၊အပေါ်ထပ်ကို ….
သူမနဲ့အတူတူ operation ဝင်ကြမယ့်မိန်းကလေး၊ သူမလိုပဲ (spontaneous abortion) အလိုအလျောက်ကိုယ်ဝန်ပျက်ကျတာပဲလား။ နွမ်းလျရီဝေမိန်းကလေးရဲ့ မျက်နှာဖြူဖျော့ဖျော့လေးက သနားစဖွယ်။ သူမကရော …
ဓာတ်လှေကားရပ် …
တံခါးတစ်ခုကို တွန်းဖွင့်ဝင်တော့။
အိုး … အတွင်းမှာ သိပ္ပံစမ်းသပ်ခန်းမကျယ်ကြီးတစ်ခုလို မီးအလင်းရောင်ထိန်လင်းနေလိုက်တာ။ နံရံတွေဟာ အရောင်စိုစို တောက်ပြောင်နေတာပဲ။ ဆရာဝန်တွေ သူနာပြုတွေ ပျားပမ်းခတ်မျှ တလှုပ်လှုပ်တရွရွနဲ့။ တချို့က မြန်မြန်သွက်သွက်၊ တချို့က ဆန့်ဆန့်မတ်မတ်ရပ်တန့် စကားစမြည်ပြောဆွေးနွေး၊ တချို့က mask တွေတပ်လျှက် အလုပ်လုပ်။ သူတို့ဘာတွေလုပ်နေကြပါသလဲ။ ဝမ်းနည်းကြောက်ရွံ့စိတ်ကကျောရိုးဆီက တွန်းထိုးကျဉ်ခနဲတက်လာခဲ့ပြီ။
ညာဘက်ကို မျက်စိ စွေအကြည့်။ ခွဲစိတ်ခုံတစ်ခုပေါ်မှာ ဖြူစွတ်စွတ် ခြေထောက်အစုံက ပြန့်ကားစွာ အမျိုးသမီးတစ်ဦး။ အဲဒါခွဲစိတ်ခုံလား။ သာမန် case လား။ serious case လား။ သူမ မသိနိုင်ပါ။ သူမလည်း အဲဒီခုံပေါ်ကို ရောက်ရတော့မယ်။ အဲဒီလိုပုံစံမျိုးနဲ့ပဲမဟုတ်လား။
“သားအိမ်ကို သန့်ရှင်းရုံပဲ၊ ပြီးရင်တော့သွေးအနည်းငယ် ဆင်းနေနိုင်သေးတယ်။ အဲဒါ ပုံမှန်ပဲ၊ ခင်ဗျား ဆေးရုံကဆင်းပြီး နောက်နှစ်ပတ်လောက်အထိသွေးဆင်းနေနိုင်တယ်။ spot လောက်ပဲ၊ bleeding ပုံစံမျိုးတော့မဟုတ်တော့ဘူး။”
Round လှည့်ရင်းပြောသွားခဲ့တဲ့ဆရာဝန်ရဲ့ စကားတွေပြန်ကြားယောင်မိပြန်ပြီ။
“ရှင်တို့ ဒီမှာ ခဏစောင့်နေပါ”
သူမတို့နှစ်ယောက်ကို အခန်းကျဉ်းတစ်ခုမှာစာင့်နေဖို့ နတ်စ်မလေးက မှာတယ်။ ဘေးက မိန်းကလေးကို ငဲ့စောင်းကြည့်မိတော့ မိန်းကလေးကသူ့နှလုံးသားနေရာလေးကို လက်သီးဆုပ်လေးနဲ့ ခပ်ဆဆပုတ်ပြတယ်။ သူ ရင်ခုန်ထိတ်လန့်နေတယ်ပေါ့။
သူမလည်း ခေါင်းကိုဆတ်ခနဲညိတ်ပြမိသလားပဲ။
“အတူတူပဲ” ခပ်ဖွဖွပြောမိ။
“ကဲ … တစ်ယောက်လာပါ” အခန်းတံခါးဝက နတ်စ်မလေးတစ်ယောက်ပေါ်လာတယ်။ သူမ ဘေးကမိန်းကလေးပါသွားပြီ။ ခဏနေ နတ်စ်မလေးပြန်ဝင်လာတော့
“ရှင့်အလှည့်ပဲ”
တဒိတ်ဒိတ် မြန်မြန်ဆန်ဆန်ခုန်လာတဲ့ရင်ဘတ်ကိုအသာဖိရင်း တချက်တချက် ဆစ်ခနဲ နာလာတတ်တဲ့ ဝမ်းဗိုက်ဆီ ငုံ့လျှိုးကြည့်ရင်း …
နွေးထွေးနူးညံ့တဲ့အမည်လေးကို တီးတိုးရွတ်မိ။ “မီမီ …”
*********
နတ်စ်မလေးခေါ်သွားတဲ့ အခန်းထဲကိုရောက်တော့ခွဲစိတ်ခုံရဲ့ အောက်ဘက်ကြမ်းပြင်ပေါ်မှာ ဆေးဝါဝါအရောင်တွေ၊ အစက်အစက်တွေပြန့်ကြဲနေတာမြင်ဖြစ်အောင်မြင်လိုက်မိသေး။ ခပ်ညစ်ညစ်အဝါ .. ဘုရား .. သွေးစက်တွေများလား။ သူမအရင်မိန်းကလေးရဲ့ …. ဘုရားရေ.. နတ်စ်မလေးညွှန်ပြတဲ့အတိုင်း ခွဲစိတ်ခုံပေါ်တက်။ ခြေတစ်ဘက်က ခုံပေါ်က ကွင်းတစ်ဘက်ထဲကိုထည့် ..နောက်တစ်ဘက်ကိုလည်းပြန့်ကားစွာ လှဲအိပ်လိုက်.. အချိန်တိုင်း၊ မိနစ်တိုင်း၊ အစီအစဉ်တိုင်းဟာ ခပ်မြန်မြန်အစီအစဉ်ကျနလွန်းစွာ တစ်ခုချင်းဆီ လုပ်ကိုလုပ်ရတော့တယ်။ လက်တစ်ဘက်ကို ခုံမှာတုပ်နှောင်လိုက်တယ်။ နောက်တစ်ဘက်ကတော့ ရင်ဘတ်ဆီမှာအုပ်မိုးထားရမယ်တဲ့။ အဲ့ဒီလက်မှာ မေ့ဆေးထိုးသွင်းရမယ့်အပ်ရှိနေတယ်။ မေ့ဆေးထိုးမယ့်အပ်က အကြီးကြီးပဲ။ သူမ လက်ခုံပေါ်က အပ်ပေါက်ထဲဆီကို။ တကယ်ဆိုဆေးရုံရောက်ရောက်ချင်း အခန်းထဲနေရာပေးပြီးတာနဲ့ အဲဒီအပ်ကြီးကို လက်ခုံပေါ်စွပ်ခနဲထိုးထည့်ထားလိုက်တော့တာ။ အပ်တစ်ချောင်းလုံးအဆုံးထိ ထိုးစိုက်…၊ သူမ လက်သေးသေးလေးနဲ့ လက်ကောက်ဝတ်အရိုးထဲထိတော့မလားကြောက်ခဲ့မိသေးတယ်။ တစ်ညလုံးလက်ခုံက အပ်ကြီးကို အသည်းတယားယားနဲ့၊ နာလည်းနာ အိပ်လို့လည်းမရနိုင်ခဲ့ပါဘူး။
ဆရာဝန်မထင်ပါရဲ့၊ “အပ်ထိုးထားတာ နာနေလား” ပလာစတာကို ပြင်ကပ်ပေးရင်းမေးတယ်။
အခု မေ့ဆေးထိုးပေးတော့မယ်။ ဘယ်အချိန်သတိလစ် မေ့မြောသွားမလဲ ကြောက်လန့်နေတဲ့ကြားက စူးစမ်းချင်မိသေးတယ်။ စိတ်အာရုံကိုစုစည်းထားပြီးထူးထူးခြားခြားပေါ်လာမယ့်ခံစားမှုတစ်ခုခုကို သိနိုင်ဖို့ တစ်ကိုယ်လုံး ဖြန့်ကျက်စောင့်ကြည့်နေလိုက်တယ်။ မေမေ .. မေမေပြောခဲ့ဖူးတဲ့စကား ပြန်ကြားယောင်မိလိုက်တော့ ...
“မေမေက ဆရာဝန်စကားဆို သိပ်နားထောင်တာ၊ ဆေးရုံများတက်ရရင်လေ မေမေကတော့ ကိုယ့်အသက်ကို ဆရာဝန်တွေလက် ယုံယုံကြည်ကြည်အပ်နှံလိုက်တာပဲ။ယုံကြည်ကိုးစားမှုအပြည့်ထားလိုက်တယ်။ ဘုရားကို အာရုံပြုတယ်။ ဆရာဝန်တွေကို မေတ္တာပို့နေလိုက်တယ်” တဲ့။
မေမေ့သမီးပဲ မေမေ့လိုပဲသတ္တိကောင်းရမှာပေါ့။ မေမေဆို ကလေးကိုးယောက်ကို လိုလိုချင်ချင်မွေးလာခဲ့တာပဲ။
သွေးကြောထဲအိပ်ဆေးတွေထိုးသွင်းလိုက်တဲ့အခါ…
သတိထားနေရင်းကပဲ မျက်လုံးတွေပြာဝေလာခဲ့ပြီ။ .. သွေးကြောထဲစီးဝင်သွားတဲ့မေ့ဆေးတွေက နှာခေါင်းထဲခပ်ပြင်းပြင်းအနံ့တစ်ခုတိုးဝင်လာခဲ့သလိုလို စိမ်းရွှေရွှေအနံ့မျိုးပဲ ….
*********
သူမ သတိရလာခဲ့တော့ လူနာတင်တွန်းလှည်းပေါ်မှာ၊တွန်းလှည်းဘေးကနေ အပြေးလိုက်လာတဲ့ သူ့ကို တွေ့လိုက်ရတယ်။ အခန်းကိုပြန်ရောက်လာတော့ ရင်ထဲမှာနာနာကျင်ကျင်ခံစားရမိတော့တယ်။ ဝမ်းနည်းအားငယ်စိတ်က ပြင်းပြလွန်းလှစွာ မျက်ရည်တွေဆီဦးတည်လို့နေပြီ။ သူမရဲ့ကိုယ်ဝန်ဟာ 6 weeks မှာပဲ ပျက်စီးသွားခဲ့ပြီ။ အခုဆို သူမရဲ့ သားအိမ်ကို ဆေးကြောရှင်းလင်းပြီးကြပြီ။ သူမနဲ့ သူ အရူးအမူးမျှော်လင့်ခဲ့ကြတာ။ သားလား သမီးလား မသိနိုင်ခဲ့သေးပဲနဲ့ သူမက သမီးလေးလိုချင်တာကြောင့် “မီမီ” လို့ နာမည်လေးကြိုတင်ပေးထားခဲ့ကြသေးတယ်။ အားလုံးဟာ အိပ်မက်တွေလိုပါပဲ။ ဘယ်တော့မှ နောက်တစ်ကြိမ်ပြန်မရနိုင်တဲ့အချိန်တစ်ခဏလေးဖြစ်သွားခဲ့ပြီ။ မီမီ့ကို ပိုင်ဆိုင်ခဲ့ဖူးတာ တစ်ခဏလေးဖြစ်သွားပြီ။ ဒါပေမဲ့ အမြဲတမ်း အမှတ်ရနေမှာပါ။ ကျွန်မတို့ရဲ့ ကြည်နူးပျော်ရွှင်မှုတွေဟာ မြူမှုန်လေးတွေလိုပဲ။ ကျွန်မတို့ရဲ့ မြူတွေဟာလူးလိမ့်ခွေခေါက်လို့ ဝရုန်းသုန်းကားဖွာလန်ကြဲကုန်တယ်။ မြူမှုန်လေးတွေ နေရဲ့အပူလာတော့အငွေ့ပြန်ပြီးအရပ်မျက်နှာတိုင်းကို လွင့်စင်ပျံ့နှံ့သွားသလိုမျိုးပဲ။ ကျွန်မတို့ရဲ့မြူမှုန်လေးတွေ ထာဝရလွင့်မျောထွက်ပြေးမသွားဖို့တော့ မျှော်လင့်နေကြဦးမယ်။ မြူမှုန်လေးတွေစုဖွဲ့ပြီးကျွန်မတို့ဆီပြန်လာမယ့်နေ့ကို ကျွန်မတို့ စောင့်ဆိုင်းနေကြဦးမယ်။ နေလိုအပူတွေရောက်လာနိုင်တဲ့အရာမှန်သမျှကျွန်မတို့ ကာဆီးထားရင်း ကျွန်မတို့ရဲ့ လက်တွေမြဲမြဲတွဲရင်း မြူမှုန်လေး “မီမီ” ပြန်လာမယ့်နေ့တွေဆီ ခရီးတွေဆက်နေကြဦးမှာပေါ့။ မြူမှုန်လေး ခရီးလွန်နေခဲ့ပြီး ကျွန်မတို့ဆီရောက်မလာနိုင်တော့ဘူးဆိုရင်တောင် ချစ်ခြင်းမေတ္တာတရားကိုတော့ ကျွန်မတို့ ပိုင်ဆိုင်ထားကြတာပါပဲ။ အဲဒီ ချစ်ခြင်းမေတ္တာကို ကျွန်မတို့ အပြန်အလှန်မွေးမြူစောင့်ရှောက်ရင်း၊ ငြိမ်းချမ်းပျော်ရွှင်တဲ့အချိန်လေးတွေနဲ့ ခရီးတွေဆက်ကြမှာပေါ့။ စိတ်ပူမနေ့နဲ့ဦးနော် မြူမှုန်လေး ရေ။ ။
*********
အစ်မ မပန်
ကျွန်မ misscarrage ဖြစ်ပြီး၊ Mother’s Day မရောက်ခင်တစ်ရက်မှာ စာရွက်တွေပေါ်ချရေးထားဖြစ်တာပါ။ အခုအဲဒါလေးပဲ နည်းနည်းပြင်ပြီး ပြန်တင်ပေးလိုက်တယ်နော်။ သားသမီးလိုချင်တဲ့ အကြောင်းပြချက်ပေးရရင်တော့ ...
ကလေးတွေကိုချစ်လို့ပါ။ ဆိုးဆိုးကောင်းကောင်း လက်ခံချင်တယ်။
ကလေးတွေကို လက်ကမ်းချင်တယ်။ ကလေးလေးတွေကမ်းလာတဲ့လက်လေးတွေဖမ်းဆုပ်ပြီး ခရီးတွေ အားယူဆက်ကြည့်ချင်တယ်။ (ကလေးတွေက လူကြီးတွေထက် ပိုပြီးသန်မာကြလို့)
ကလေးလေးတွေကို ပုံတွေပြောချင်တယ်။ ကလေးတွေပြောမယ့်စကားလုံးလေးတွေ နားထောင်ချင်တယ်။ ကလေးတွေကို စာ(ဘဝသင်ခန်းစာတွေ)သင်ပေးချင်တယ်။ ကလေးတွေသင်ပေးမယ့် သင်ခန်းစာတွေကိုလည်းသင်ယူချင်တယ်။ (ကလေးတွေကလူကြီးတွေထက် ပိုပြီးထက်မြက်ကြလို့)
ကလေးလေးတွေကိုလည်း အဆုံးစွန်ချစ်နိုင်၊ စောင့်ရှောက်နိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မိလို့ပါပဲ။ ဘဝကိုချစ်ခြင်း၊ သဘာဝကိုချစ်ခြင်း၊ မိတ်ဆွေ အပေါင်းအသင်းတွေကိုချစ်ခြင်း၊ အလုပ်ကိုချစ်ခြင်း၊ ဒီလိုချစ်ခင်ခြင်းတွေရှိတဲ့ကမ္ဘာကြီး (မပန်ပြောသလို ဂြိုဟ်ပြာကြီးဆီ) ကလေးအသစ်လေးတွေခေါ်ချင်လို့ပါ။ကလေးရနိုင်၊ မရနိုင်ဆိုတဲ့ကြုံလာမယ့်ကံတရားကိုတော့ မပိုင်ပေမယ့် ချစ်ခြင်းကိုတော့ လူတိုင်းပိုင်ဆိုင်နိုင်ပါတယ်။
မိခင်တိုင်း၊ မိန်းကလေးတိုင်းကို ချစ်ခင်စွာ၊ မပန်ကို ချစ်ခင်လေးစားစွာရေးပါတယ်။
ဖြိုးဖြိုး
*********
မပန်ဒိုရာရဲ့ သားသမီးလိုချင်ရခြင်းအတွက် ကျွန်မရဲ့အကြောင်းပြချက် (၁၀) ချက်က မိခင်စိတ်အပြည့်နဲ့ စိတ်ဝင်စားစရာကောင်းလွန်းလို့ ဒီမှာလည်း ပြန်တင်ထားလိုက်ပါတယ်။
Credit to : Pandora Blogopoet (Facebook account )
Credit to : Pandora Blogopoet (Facebook account )
My 10 reasons for wanting a kid
သားသမီးလိုချင်ရခြင်းအတွက် ကျွန်မရဲ့အကြောင်းပြချက် (၁၀) ချက်
1. I love kids. I really want to raise my own child, give her/him all my support and see how she/he will grow and stand on own feet. (my goodwill)
၁။ ကလေးတွေကိုချစ်တယ်။ ကိုယ့်ကလေးကို ပျိုးထောင်ချင်တယ်။ ပံ့ပိုးမှုတွေအားလုံး ပေးချင်တယ်။ ပြီးတော့ သူဘယ်လိုကြီးပြင်းပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်လာမလဲဆိုတာ ကြည့်ချင်တယ်။ (ကျွန်မရဲ့စေတနာ)
2. I don’t want to miss the experience/advantage that only women can have. (my greed)
၂။ မိန်းမတွေသာလျှင် ရရှိနိုင်တဲ့ အဲဒီ အတွေ့အကြုံ/အခွင့်အရေးကို လက်မလွတ်ချင်ဘူး။ (ကျွန်မရဲ့လောဘ)
3. I am very interested in going through by myself the human-making process provided by our mother nature. (my curiosity)
၃။ သဘာဝမိခင်ကြီးက ဖန်တီးပေးထားတဲ့ လူပြုလုပ်ခြင်း ဖြစ်စဉ်ကို ကိုယ်တိုင်ဖြတ်သန်းဖို့ ကျွန်မ အလွန်စိတ်ဝင်စားတယ်။ (ကျွန်မရဲ့စူးစမ်းမှု)
4. I feel like I have done all I wanted so far and I am bored. I need the change of life. (my craziness)
၎။ အခုအချိန်အထိ ကျွန်မလုပ်ချင်တာတွေ အားလုံး လုပ်ပြီးသွားပြီလို့ ခံစားရတယ်။ ကျွန်မငြီးငွေ့လာပြီ။ ဘဝအပြောင်းအလဲ လိုအပ်တယ်။ (ကျွန်မရဲ့ရူးသွပ်မှု)
5. With the change of life, I think I will also have new challenges to polish my abilities (as well as new subjects to create my literary work). (my ego)
၅။ အဲဒီဘဝအပြောင်းအလဲမှာ ကျွန်မရဲ့ အရည်အသွေးတွေကို အရောင်တင်ပေးဖို့ စိန်ခေါ်မှုအသစ်တွေ ရလာမယ်လို့ထင်တယ်။ (စာပေလက်ရာတွေ ဖန်တီးဖို့ ကုန်ကြမ်းတွေလည်း ရလာမှာပေါ့)။ (ကျွန်မရဲ့အတ္တ)
6. I don’t want to run away from the ordinary ways of life that many other people are encountering. (my stubbornness)
၆။ အများသူငါ ကြုံတွေ့နေကြရတဲ့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် လူ့ဘဝမျိုးကနေ ကျွန်မ ထွက်မပြေးချင်ဘူး။ (ကျွန်မရဲ့ခေါင်းမာမှု)
7. I want to prove that, while not trying to escape from the ordinary ways of human life and entering motherhood, a woman can still manage some other things which not everyone can achieve. (my esteem)
၇။ အဲဒီလို လူတိုင်းရဲ့သာမန်ဖြစ်စဉ်တွေကနေ ရုန်းထွက်ဖို့ မကြိုးစားနေတုန်း၊ ပြီးတော့ မိခင်ဘဝကို ခံယူလိုက်တုန်းမှာပဲ မိန်းမတစ်ယောက်ဟာ လူတိုင်းမဆောင်ရွက်နိုင်တဲ့ တခြားကိစ္စတချို့ကိုလည်း စီမံနိုင်သေးတယ်ဆိုတာ ကျွန်မက သက်သေပြကြည့်ချင်တယ်။ (ကျွန်မရဲ့ဂုဏ်သိက္ခာ)
8. It is my gift that can make my beloved ones happy. I believe in all sorts of love. I believe in happiness. I have witnessed happy families. I think I can enjoy my life better with my devotion to family. (my hope)
၈။ ဒါဟာ ကိုယ်ချစ်တဲ့လူတွေကို ပျော်ရွှင်အောင်လုပ်ပေးနိုင်မဲ့ ကျွန်မရဲ့လက်ဆောင်တစ်ခု ဖြစ်တယ်။ ကျွန်မက ချစ်ခြင်းမေတ္တာ အမျိုးမျိုးကို ယုံကြည်ပါတယ်။ ပျော်ရွှင်မှုကိုလည်း ယုံကြည်တယ်။ ပျော်ရွှင်တဲ့ မိသားစုတွေကိုလည်း ကြုံတွေ့ဖူးခဲ့တယ်။ မိသားစုအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာနဲ့ ကျွန်မရဲ့ဘဝကို ပိုပြီး နှစ်ခြိုက်ပျော်ရွှင် ခံစားနိုင်မယ်လို့ ထင်မိတယ်။ (ကျွန်မရဲ့မျှော်လင့်ချက်)
9. Some people believe that this ruined blue planet is not worthy of bringing in innocent babies. But I would like to try my best to generate a good person (at least not a destructive one) to this crazy world with a hope that he/she will provide a helping hand. (my ambition)
၉။ တချို့လူတွေကတော့ ပျက်စီးနေတဲ့ ဒီဂြိုဟ်ပြာကြီးကို အပြစ်ကင်းစင်တဲ့ ကလေးငယ်တွေကို ထပ်ခေါ်မလာသင့်တော့ဘူးလို့ ယုံကြည်ကြတယ်။ ကျွန်မကတော့ အဲဒီ ရူးသွပ်နေတဲ့ ကမ္ဘာကြီးအတွက် လူကောင်းတစ်ယောက် (အနည်းဆုံးတော့ ဖျက်လိုဖျက်ဆီးမလုပ်မဲ့ လူတစ်ယောက်) မွေးထုတ်ကြည့်ချင်တယ်။ သူက ကူညီပေးနိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တစ်ခုနဲ့ပေါ့။ (ကျွန်မရဲ့ရည်မှန်းချက်)
10. I think all pros and cons about having a kid will make me more like a human, bring me to a more mature level and help me to find out interesting perspectives on the essence and meaning of life. (my willingness to learn)
၁၀။ သားသမီးရှိခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေ အားလုံးဟာ ကျွန်မကို လူသားတစ်ယောက် ပိုဆန်လာအောင် လုပ်ပေးနိုင်မယ်၊ ပိုပြီးရင့်ကျက်တဲ့ အဆင့်တစ်ခုကို ခေါ်ဆောင်သွားနိုင်မယ်၊ ဘဝရဲ့အနှစ်သာရနဲ့ အဓိပ္ပာယ်အပေါ် စိတ်ဝင်စားစရာ အမြင်တွေကို ရှာဖွေတွေ့ရှိဖို့ ကူညီပေးနိုင်မယ် လို့ ကျွန်မ ထင်မိတယ်။ (ကျွန်မရဲ့သင်ယူလိုမှု)
Pandora
24.10.2013
ပန်ဒိုရာ
၂၄.၁၀.၂၀၁၃
(I am also curious to hear from my friends, especially from ladies, about their reasons for wanting/not wanting a kid regardless of your status- already a parent or not, single or married. Whoever sees this status can take it as you are tagged.
မိတ်ဆွေသူငယ်ချင်းတွေဆီက အထူးသဖြင့် အမျိုးသမီးတွေဆီက သားသမီးလိုချင်ရခြင်း၊ မလိုချင်ရခြင်း အကြောင်းလေးတွေလည်း သိဖို့စိတ်ဝင်စားပါတယ်။ မိဘဖြစ်ပြီးသားဖြစ်ဖြစ်၊ မဖြစ်ရသေးတာဖြစ်ဖြစ်၊ လူလွတ်ဖြစ်ဖြစ်၊ အိမ်ထောင်သည်ဖြစ်ဖြစ် ပေါ့။ ဖတ်မိသူတိုင်းကို တက်ဂ်တယ်လို့ သဘောထားပါနော်။)
2 comments:
ကျေးဇူးပါ မဖြိုးဖြိုး
မြူမှုန်လေးပြန်လာပါစေလို့ ဆုတောင်းနေပါတယ်။ ပြန်လာမှာပါ။
ကျေးဇူးပါ မဖြိုးဖြိုး
မြူမှုန်လေးပြန်လာမှာပါ ပြန်လာပါစေလို့ဆုတောင်းနေပါတယ်။
Post a Comment