Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, July 20, 2014

မြေပြင်နဲ့လွတ်ရုံသာ ပျံသန်းနေတဲ့ငှက်တစ်ကောင်

စုမီအောင်
(ဗောဓိရိပ်၊ သြဂုတ်)

 စာပေလောကထဲကို ဘယ်နှခုနှစ်က စတင်ဝင်ရောက်ခဲ့လဲ လို့ ကျမကို မေးရင် ကျမစိတ်နည်းနည်းညစ်ချင်တယ်။ “ပိုင်ရှင်” ဆိုတဲ့ ပထမဆုံးဝတ္ထုတိုလေး စပါလာတဲ့ “ရောင်စုံ” မဂ္ဂဇင်းကို ပြန်ကြည့်ရင် ၁၉၉၂ လို့တော့ တွေ့ရတာပဲ။ ပထမဆုံးဝတ္ထုလေး ပါလာတဲ့ အဲဒီ ရောင်စုံမဂ္ဂဇင်းကို တကိုင်ကိုင်နဲ့ မြောက်ကြွ မြောက်ကြွဖြစ် နေခဲ့ဖူးတယ်။ ဖြစ်မှာပေါ့။ စာအုပ်စာမူခတွေနဲ့အတူ အဲဒီ ရောင်စုံ မဂ္ဂဇင်းက အယ်ဒီတာဆီက “ စာရေးလက် ရှိသူတစ်ဦးဟု ယူဆမိပါသည်၊ စာများ ဆက်လက်ရေးသားပေးပို့ပါရန် အထူးတိုက်တွန်း လိုက်ပါသည်”လို့ ရေးထားတဲ့ စာတိုတစ်စောင်ပါ ပူးတွဲပါလာခဲ့တာကိုး။

ဒါပေမဲ့ တစိုက်မတ်မတ် မရေးဖြစ်သေးဘူး။ စိတ်ကူးရမှပဲ ရေးဖြစ်ပို့ဖြစ်တာ။ အဲဒီတုန်းက ကျမရဲ့အဓိက၀ါသနာက သီချင်းရေးဖို့/ဆိုဖို့၊ ဂစ်တာတီးဖို့၊ တစ်နေ့မှာ ကိုယ်တိုင်ရေး/ဆို/တီးတဲ့ musicianတစ်ဦးဖြစ်ဖို့။ အဲဒီ အိပ်မက်တွေနဲ့ ဂီတလောက ထဲကို ပဲ ၀င်ဖို့ ဆန္ဒတွေ ပြင်းပြနေခဲ့တာပါ။ မမျှော်လင့်ဘဲ အဲဒီဂီတအိပ်မက်တွေ တစ်စစီပြိုကွဲလွင့်စဉ် ပျောက်ရှသွားတဲ့နောက်ပိုင်းကျမှ လွင့်စဉ် သွားတဲ့ဂီတအိပ်မက်တွေအကြောင်းကစလို့ ခံစားဖြစ်ပျက်သမျှ စိတ်မင်ရည်တွေကို စာရွက်ဖြူဖြူပေါ် မခြွင်းမချန် မှောက်သွန်ကြဲပက်မိ ရာကနေ စာပေလောကထဲကို ခြေစုံပစ်ရုံမက တစ်ကိုယ်လုံးပစ်ဝင်ပြီး ၀င်ရောက်သွားတော့တာ။ အဲဒီခုနှစ်ကို ပြောမယ်ဆိုရင်တော့ ၁၉၉၇ ခုနှစ်ပေါ့။ အစပိုင်းတုန်းက စုမီအောင်(ပျဉ်းမနား)ဆိုတဲ့ကလောင်နဲ့။ နောက်ပိုင်းမှာ ပျဉ်းမနား ပြုတ်သွားပြီး စုမီအောင်လို့ပဲ ရေးခဲ့တယ်။ ခရစ်ယာန်စာပေတွေမှာ ရေးတဲ့ ကလောင်အမည်က“ဂျူနီယို”။

`          ကျွန်မတို့ခေတ်တုန်းက ခုခေတ်လိုမဟုတ်ဘူး။ စာမူတွေအိတ်ထဲထည့်ပြီး တစ်တိုက်ဝင်တစ်တိုက်ထွက် နဲ့ ခြေတိုအောင် လိုက်လှည့်ပေးရတာ။ ရန်ကုန်မရောက်ခင် ပျဥ်းမနားမှာ ရှိစဉ်ကဆိုရင် စာတိုက်ကနေ လှမ်းပို့ရတာ။ စာမူ တစ်ပုဒ် ပါဖို့ သိပ်ခက်ခဲတယ်။ အဆင့်တွေ အများကြီးဖြတ်သန်းရတယ်။ အယ်ဒီတာတွေလည်း အမျိုးမျိုး ကြုံရတယ်။ “စားပွဲပေါ်ကလူတွေ”ဆိုပြီး ကြုံရတဲ့ အယ်ဒီတာ တွေအကြောင်း ၀တ္ထုရေးဖူးတယ်။ ကျွန်မရဲ့ အရေးအသားပုံစံက များသောအားဖြင့်“ဟန်သစ်”နဲ့ keyကိုက်တယ် ထင်ပါရဲ့။ ရေးသမျှတွေ ဟန်သစ်မှာ ဆက်တိုက်ဆက်တိုက်ပါခဲ့တယ်။ မြားနတ်မောင်၊ ကလျာ၊ ဖူးပွင့်ဝေေ၀၊ ဖက်ရှင်၊ မြင်ကွင်း၊ အပျိုစင်၊ မဟေသီ၊ ထွက်သမျှ မဂ္ဂဇင်းတွေ အကုန်လျှောက်ပို့တာပဲ။ ကျွန်မက ကိုယ်တိုင်ကြုံရတာကို အခြေခံပြီး ရေးလေ့ရှိတယ်၊ အိပ်မက်အဆန်းတွေ လည်း မက်လေ့ရှိတော့ အဲဒါတွေကို ရေးမိပြီဆိုရင် လျှို့ဝှက်ဆန်းကြယ် လို မဂ္ဂဇင်းမျိုးမှာ ပါခဲ့တယ်။ ပို့သမျှ ၀တ္ထုတွေ ပယ်ခံရတာ မကြုံဖူးဘူး။ မြန်မြန်တာနဲ့ ကြာတာပဲ ကွာခြားပါတယ်။ ဆင်ဆာခွင့်မပြုလို့ ဖြုတ်ခံရတဲ့ဝတ္ထုဆိုရင်လည်း လနည်းနည်းခြားပြီး တခြားမဂ္ဂဇင်း ပြောင်းပို့လိုက်တော့ သုံးလေးခါ ပြောင်းပြီးရင် ပါလာတော့တာပါပဲ။ ငယ်ငယ်ကတည်းက လက်တွဲခဲ့ တဲ့ အပျိုစင်ကတော့ ခုထိလည်း တွဲမိနေတုန်းပဲ။ ထူးခြားတဲ့ ရေစက်ပေါ့။ ခု လောလောဆယ်ထိ ကျွန်မရဲ့ ဒုတိယမြောက်အခန်းဆက် ၀တ္ထုရှည် အပျိုစင်မှာ ပါနေတုန်းပဲ။

အယ်ဒီတာဘ၀ဖြတ်သန်းမှုကို စဉ်းစားရင် ခုထိတွေးမိတိုင်းရယ်စရာဖြစ်နေတဲ့ကိစ္စတစ်ခု ရှိတယ်။ “ရုပ်ရှင်သစ္စာ”မဂ္ဂဇင်းမှာ အယ်ဒီတာ စလုပ်ခါစကပေါ့။ အယ်ဒီတာချုပ်က တစ်မနက်မှာ ဖုန်းဆက်တယ်။ “စောစောလာပါ။ ဆောင်း--ကို အင်တာဗျူးလုပ်ရမယ် ”လို့ ပြောတာကို အိပ်ချင်မူးတူးနဲ့ ဖုန်းထဲမှာ ကြားတာက ဆောင်းဦးလှိုင်ကို လုပ်ရမယ်လို့ကြားတာ။ အေးဆေးပဲပေါ့။ ကိုယ်ကျွမ်း ကျင်တဲ့ဘာသာရပ်ပဲဆိုပြီး။ မဂ္ဂဇင်းတိုက်လည်းရောက်ရော ဧည့်ခန်းမှာ မမြင်ဖူးတဲ့စာရေးဆရာတစ်ယောက်၊ ဘုရားသခင်၊ ဆောင်းဝင်း လတ် တဲ့။ စာပေဆုရထားတဲ့ ဆရာကြီး။ သေတာပဲ။ ခြေဖျားလက်ဖျားတွေအေးစက် နှလုံးခုန်သံတွေ တဒိုင်းဒိုင်းနဲ့။ နောက်မှ စိတ်ငြိမ် ငြိမ်ထားပြီး စကားစမြည်ဆိုရတယ်။ “သူများတွေတော့ အင်တာဗျူးဘယ်လိုလုပ်လဲမသိဘူး ကျွန်မကတော့ မသိသေးတာ လေးတွေ သိချင်လို့ မေးကြည့်ချင်တာပါ” လို့ ခပ်တည်တည် အစပျိုးပြောရတယ်။ အကြောင်းအရာတစ်ခုစီ ဦးတည်ပြီး ဆွေးနွေးဖလှယ်ပြောဆိုရ တော့တယ်။ ရောက်တတ်ရာရာတွေပြောတာဆိုတော့ အများကြီးပဲ။ အိမ်ရောက်တော့ အကုန်ပြောခဲ့သမျှ ပြန်ချရေးတဲ့အခါ A4စာရွက် တွေမှ အများကြီးပဲ။ စာရွက်တွေ ဗုံတီးသလို ပတ်ပတ်လည်ဝိုင်းချ၊ တူရာတူရာတွေ ပေါင်း၊ ခေါင်းစဉ်တွေ အခွဲတပ်၊ အရှေ့အနောက် အထားအသို အစီအစဉ်ကျအောင် ပြန်စီ၊ မင်နီတွေ မင်စိမ်းတွေ အရောင်စုံနဲ့၊ အ၀ိုင်းတွေ လေးထောင့်တွေ ခရေပွင့်အမှတ်အသားတွေ ရှုပ်ပွလို့။ ဒါတွေကို ကောက်နုတ်၊ ကျစ်နေအောင် တည်းဖြတ်ရေး၊ အချောသတ်ပြန်ရေး။ အဲဒီဆောင်းပါး ပါလာတော့ စာရေးဆရာ မြဆင့်ချယ် ဆိုသူက “စုမီအောင်မေးထားတဲ့ ဆောင်းဝင်းလတ်အင်တာဗျူးကို ဖတ်ကြည့်ဖို့ ”လို့ညွှန်းလို့ အလဲ့ တယ်ဟုတ်တဲ့ငါပါလား လို့ သွေးနားထင် ရောက်သွားသေးတာပေါ့။ စာပေသမားတွေ၊ ဂီတသမားတွေကို အင်တာဗျူးလုပ်ပြီး feature writing ဆောင်းပါးတွေ ရေးတယ်။ နောက် Family မ၈္ဂဇင်းလုပ်ဖြစ်တော့ “ကဗျာထဲကမိသားစု”လို့ ကိုယ့်ဘာသာ ကဏ္ဍသစ်ဖွင့်ပြီး ကဗျာသမားတွေရဲ့ family life ကို ဆောင်းပါးတွေ ရေးခဲ့တယ်။ တို့တို့ထိထိဝေဖန်ရေးတာလည်း ၀ါသနာပါတယ်။ တစ်ခါ ရေပန်းစားနေတဲ့ မင်းသီးတစ်ယောက်ကို တို့ထိရေးဖူးတယ်။ တီဗီဖန်သားပြင်မှာ အံသွားပေါ်အောင်ပြုံးရယ်လေ့ရှိတဲ့မင်းသမီးက အပြင်မှာ ပရိသတ်တွေကို စူစူအောင့်အောင့် ဆက်ဆံနေတာ မြင်မိလို့ “ အပြုံးကို ချွေတာသူမင်းသမီး”လို့ ရေးမိလိုက်တာ အဲဒီမင်းသမီးကစိတ်ဆိုးပြီး စာမူပါတဲ့ဂျာနယ်တိုက်ကို `ဇိုယာ´ဆိုတာ ဘယ်သူလဲ၊ ထုတ်ပေး၊ ဘာညာကွိကွ ပြဿနာလာလုပ်လို့ စိတ်ရှုပ်ပြီး “ဇိုယာ”ဆိုတဲ့ကလောင်ခွဲနဲ့ ရေးတာတွေ  ရပ်ပစ်လိုက်တော့တယ်။ ၀တ္ထုတွေရေးရတာ လွတ်လပ်သလို စာပေသမား၊ ဂီတသမားတွေနဲ့ အင်တာဗျုးဆောင်းပါးတွေ တွေ့မေး၊ ပြန်ရေးရတာလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကျွန်မက ဘာစာရေးရေး ကိုယ့်စာကိုယ် ပထမအကြိမ် စုမီအောင် side ကနေ စုမီအောင်မျက်လုံးနဲ့ အရင်ဆုံးဖတ် တယ်။ ဒုတိယ အယ်ဒီတာside ကနေ အယ်ဒီတာမျက်လုံးနဲ့ဖတ်တယ်။ တတိယ ဘာမှမသိတဲ့ စာဖတ်ပရိသတ်မျက်လုံးနဲ့ ဖတ်တယ်။ ရှုထောင့် သုံးဖက်လုံးကနေ ဖတ်ရတာ အဆင်ပြေမှ အဲဒီစာကို ပို့ပါတယ်။ အဲဒါ ခုထိပဲ။

ကျွန်မရဲ့စာပေဖြတ်သန်းမှုမှာ စာရေးဆရာဘ၀နဲ့ အယ်ဒီတာဘ၀ နှစ်ပိုင်းရှိတယ်။ စာရေးဆရာဘ၀က ကိုယ့်စိတ်ခံစားမှုပုံစံ အတိုင်းသွားရလို့ လွတ်လပ်မှုအပြည့်ရှိပြီး အယ်ဒီတာဘ၀က သက်ဆိုင်ရာမဂ္ဂဇင်းရဲ့trendအောက်မှာ သူ့ပုံစံအတိုင်း သွားရတာမို့ လွတ်လပ်မှုမရှိ ကျဉ်းကျပ်ပါတယ်။ အယ်ဒီတာဘ၀ဖြတ်သန်းရာမှာ အကြီးစားအားသာချက်တစ်ခုတော့ရှိတယ်၊ အဲဒါက စာမူတွေ သတ်ပုံမှန် ပြင်ဆင်ပေးရင်းနဲ့ မြန်မာစာလုံးတွေကို ပိုပြီးချစ်မြတ်နိုးလာတယ်။ မြန်မာစာလုံးတွေရဲ့ အတိမ်အနက်နဲ့ ဝေါဟာရကြွယ်ဝမှုကို အထူးတလည် စိတ်ဝင်စားလာတယ်။

            “ဆရာမရဲ့စာရေးဆရာဘ၀ဖြတ်သန်းမှုအစပိုင်းမှာ ဘာစာအုပ်တွေဖတ်ခဲ့လဲ”ဆိုတဲ့အမေးမျိုး မေးခဲ့ရင် ကျွန်မမှာ တိကျရေရာ တဲ့ အဖြေမရှိနိုင်ဘူး။ “ အဖေနဲ့ ဆိုင်ကယ်စီးရင်း လမ်းဘေးဝဲယာ မြင်မြင်သမျှ ဆိုင်းဘုတ်တွေလိုက်ဖတ်တယ်”လို့ပဲ ရိုးစင်းစွာဖြေရ လိမ့်မယ်၊ ပြီးတော့ “စာအုပ်တွေက ဈေးကြီးလွန်းလို့ အလကားရနေတဲ့ လူမျက်နှာတွေပဲ လိုက်ဖတ်ပါတယ်”လို့ဖြေရင် ဘယ်သူယုံမှာလဲ။

            စာရေးဆရာဖြစ်ခါစကတော့ ငါစာရေးဆရာ၊ စာများများဖတ်ရမယ်လို့ ယုံကြည်ပြီး ကျွန်မ စာအုပ်တွေ များပြားစွာ ၀ယ်ယူစု ဆောင်းနေမိပါသေးတယ်။ အပြင်ထွက်တိုင်းလည်း လက်ထဲမှာ ဖတ်လက်စ စာအုပ်တစ်အုပ်ဆွဲ ယူလာပြီး ဘတ်စ်ကားစီးရင်း၊ လက်ဖက် ရည်ဆိုင်ထိုင်ရင်း အမြဲဖတ်လေ့ရှိတယ်။ နောက်ပိုင်းတော့ ဒါဟာ မှားယွင်းတယ်လို့ ကျွန်မ သိမြင်လာတယ်။ ဘာလို့ဆို စာအုပ်ထဲ ခေါင်းစိုက်နစ်ဝင်နေတာနဲ့ ၀န်းကျင်ကလူတွေနဲ့ ကျွန်မဟာ ကင်းကွာလာတယ်လို့ ခံစားရလို့ပါပဲ။ စာအုပ်ထဲပါတာတွေက တကယ်ဆို တစ်ဆင့်ခံအကြောင်းအရာတွေပါ၊ တကယ့်ပြင်ပကလူတွေကမှ မူရင်းအစစ်အမှန်တွေ။ ဒီတော့ နောက်ပိုင်းမှာ အလကား ရနေတဲ့ လူမျက်နှာတွေကိုပဲ လိုက်ဖတ်ဖြစ်တယ်။ သူတို့မျက်နှာမှာ ထင်ဟပ်နေတဲ့ အရိပ်အယောင်တွေနဲ့ သူတို့ပုံပန်းသဏ္ထာန်တွေကို မှတ်သား တယ်။ အမူအကျင့်၊ လှုပ်ရှားသွားလာပုံတွေကတစ်ဆင့် သူတို့ရဲ့အတွင်းသန္တာန်ထဲကို တိုးဝင်ကြည့်တယ်။ အဲဒီမှာ တစ်ကြိမ်နဲ့တစ်ကြိမ် ၊ တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှမတူတဲ့ ထူးခြားဆန်းပြားနေတဲ့ စိတ်ဝင်စားဖွယ် မူရင်းဘ၀တွေကို ကျွန်မဖမ်းဆုပ်မိလိုက်တယ်။ လူတိုင်းမှာ ပြောပြစရာပုံပြင်တွေ တစ်ပုဒ်ထက်မက ရှိနေကြတယ် လို့ ကျွန်မ ရှာဖွေတွေ့ရှိသွားတယ်။ စာအုပ်တွေကို ဖတ်တာထက် အခုလို လူတွေရဲ့ ဘ၀အစစ်တွေကို လိုက်ဖတ်တာကမှ စာရေးဖို့အတွက် အကောင်းဆုံး အထောက်အကူတစ်ခုလို့ ကျွန်မယုံကြည် သွားတဲ့အခါ စာအုပ်ဖတ်ချင်ရင် အိမ်မှာပဲ ထိုင်ဖတ်တယ်၊ အိပ်ဖတ်တယ်။ အပြင်ထွက်တာနဲ့ လူတွေကိုပဲ သဲကြီးမဲကြီး လိုက်လိုက်ကြည့် တော့တာပဲ။ မျက်စိနဲ့ မြင်တွေ့လာတဲ့ ပုံရိပ်စစ်တွေ၊ နားနဲ့ကြားသိလာတဲ့ စကားလုံးအမှန်တွေ အားလုံးကို မှတ်သားထားပြီး ကျွန်မအသွေးအသားထဲက စာနာမှုတရားနဲ့ ဖြည့်စွက်ကာ စာတွေကို ရေးပါတယ်။

“ငယ်ငယ်ကတည်းက စာရေးဆရာလုပ်ဖို့ ဆုံးဖြတ်ခဲ့တာ၊ အဖေက ဘာစာအုပ်တွေ ၀ယ်ပေးလို့ ဘယ်အရွယ်ကတည်းက ဘယ်လိုဂန္ထ၀င်စာအုပ်ကြီးတွေ ဖတ်ပြီးပြီ”ဆိုပြီး ခမ်းခမ်းနားနား ဖြေလေ့ရှိတဲ့ စာရေးဆရာတွေရဲ့မျက်လုံးထဲမှာတော့ ကျွန်မက ပိစိကွေး ရယ်စရာ နှံပြည်စုတ်လေး ဖြစ်နေမှာပေါ့။ ကျွန်မရဲ့လက်ရှိစာပေဘ၀ဖြတ်သန်းမှုကလည်း သိပ်ကို ရိုးစင်းလှပါတယ်။ အခု ကျွန်မလက်ရှိ ရောက်နေတဲ့ ခေတ်ကိုပဲ စူးစမ်းလေ့လာတယ်၊ သဘာဝထဲကို တိုးဝင်တယ်။ လူတွေရဲ့မျက်နှာကို လိုက်ဖတ်တယ်။ လူတွေရဲ့ အသံကို နားစွင့်တယ်။ လူတွေရဲ့ခံစားချက်ကို ရှာဖွေတယ်။ ပြီးတော့ အတူလိုက်ပြီး ခံစားတယ်။ ပြီးတော့ စာနာနားလည်နိုင်အောင်လုပ်တယ်။ ပြီးတော့ တစ်ဆင့် မျှဝေပြောပြချင်စိတ်နဲ့ စာအဖြစ် ဖွဲ့သီ ချရေးတယ် ဒီလောက်ပါပဲ။ စာရေးပြီဆိုရင် သဘာဝက ပြောပြနေတဲ့ အဖြစ်အပျက်တွေနဲ့ မျက်မြင်တွေ့ရှိခံစားရမှုတွေကသာ စာရေးဖို့အတွက် အကောင်းဆုံး ဇာတ်လမ်းဇာတ်ကွက်တွေပဲဖြစ်တယ်လို့ ကျွန်မ ယုံကြည်သလို အဲဒီယုံကြည်ချက်အတိုင်းပဲ ဖြတ်သန်းနေပါတယ်။

စာပေဖြတ်သန်းမှုကို စာရင်းနဲ့ အတိအကျတွက်ဆပြရမယ်ဆိုရင်လည်း သိပ်လောက်လောက်လားလား မရှိသေးပါဘူး။ မဂ္ဂဇင်းဝတ္ထုတိုတွေ ပုဒ်ရေ ၆၀၀ ကျော်၊ ဆောင်းပါး ၁၀၀ကျော်၊ ကဗျာ နည်းနည်း ဒီလောက်ပါပဲ။ လုံးချင်းအရှည်တွေရေးပေမဲ့ မထုတ်ဖြစ်ဘူး။ အတိုပေါင်းချုပ်အဖြစ် အစိမ်းရောင်ကန့်လန့်ကာ(၂၀၀၄)၊ မိန်းမနှင့်အခြားဝတ္ထုတိုများ(၂၀၀၈)၊ ပြတိုက်ထဲက လူ(၂၀၁၂)၊ အမေ ခင်မေသစ်၊ ညီမဖြိုးဖြိုးတို့နဲ့ ပေါင်းထုတ်တဲ့ ၀တ္ထုတိုသုံးယောက်(၂၀၁၃)ထွက်ခဲ့တယ်။ ကလောင်စုံအနေနဲ့ ပါဝင်ရေးသားတာ တွေတော့ မမှတ်မိဘူး။

            အခု နောက်ပိုင်း ကျွန်မရဲ့စာပေဖြတ်သန်းမှုပုံစံကို ပြောရရင် နည်းနည်းတော့ ကြီးကျယ်လာမလားပဲ။ အရင်က ကျွန်မဟာ ကိုယ့်ကမ္ဘာသေးသေးလေးထဲမှာ ကွက်ကွက်ကလေးပဲ ဖြတ်သန်းနေထိုင်ခဲ့တယ်။ အခုတော့ ကမ္ဘာကြီးတစ်ခုလုံး ကျွန်မနဲ့ သက်ဆိုင် တယ်လို့ ယုံကြည်ပြီး အသေးစိတ် လေ့လာစူးစမ်းရင်း ဖြတ်သန်းနေတာပါ။ ၀န်းကျင်မှာ ရှိတဲ့ သက်ရှိသက်မဲ့ အရာ ခပ်သိမ်းကို မျက်ခြည် မပြတ် စောင့်ကြည့်ဖြစ်တယ်။ ပြီး ရင်အားလုံးကို ကျွန်မရဲ့အတွင်းသားထဲထိ ရေမြှုပ်တစ်ခုလို စုပ်ယူထည့်သို လိုက်တယ်။ တစ်သက်လုံး တော့ ထည့်သို ၀ှက်သိမ်းထားမှာမဟုတ်ဘူးပေါ့။ သူတို့နဲ့ လျော်ကန်သင့်မြတ်တဲ့ အခြေအနေအချိန်အခါ တစ်ခု ပေါ်ပေါက် လာတဲ့ အခါတိုင်း အခါတိုင်းမှာ အားလုံးကို အစီအစဉ်တကျ ပြန်လည် ညှစ်ထုတ် စီးဆင်းစေမှာပဲ ဖြစ်ပါတယ်။ အဲဒီလို စီးဆင်းစေတဲ့အခါ သူတို့ အမှန်တကယ် ဖြစ်တည်ခဲ့တဲ့ ပကတိအရှိအတိုင်း ဆက်လက်စီးဆင်းသွားစေဖို့ကို ကျွန်မသတိကြီးစွာ ထားရမှာပါ။ ဘာလို့ဆို ဒီကမ္ဘာ မြေမှာ အမှန်တရားတွေ ပုန်းလျှိုးကွယ်လျှိုး ဖြစ်နေမှာ ကျွန်မ မလိုလားသလို အရှိတရားတွေဟာလည်း အမေ့အလျော့ ခံရာကနေ တဖြည်းဖြည်း မှုန်ဝါးသွားပြီး တစ်နေ့မှာ လုံးဝကွယ်ပျောက်သွားမှာ ကျွန်မ စိုးကြောက်လို့ပါပဲ။

စာရေးဆရာတိုင်းဟာ ကိုယ့်နိုင်ငံကို ကိုယ် ဘယ်တော့မှ မမေ့ဖို့၊ ကိုယ်ဘယ်သူလဲ  ဆိုတာကို ကိုယ် ဘယ်တော့မှ မမေ့ဖို့၊ ကိုယ်ရေးသင့်တဲ့စာတွေကို ကိုယ်ဘယ်တော့မှ မမေ့ဖို့ ကျွန်မအပါဝင် အခြားစာရေးဆရာအားလုံးကို သိစေချင်ပါတယ်။ ကျွန်မ ဟာ ခုချိန်မှာ ကျိကျိတက်ချမ်းသာတဲ့ အရောင်းရဆုံးစာရင်းဝင် နိုင်ငံကျော်/ကမ္ဘာကျော် စာရေးဆရာမတစ်ဦးမဟုတ်ပါဘူး၊ နောင် ဘယ်တော့မှလည်း အဲဒီလို ကျော်ကြားလာမှာ မဟုတ်ပါဘူး။ ဘာလို့ဆို လူကြိုက်များစေမယ့်စာမျိုး ကျွန်မရဲ့စာပေဖြတ်သန်းမှုမှာ ဘယ် တော့မှ အရာထင်ကျန်အောင် လုပ်မှာ မဟုတ်လို့ပါပဲ။ ကျွန်မက ကိုယ်ရေးချင်တာကိုပဲ ရေးတဲ့သူ၊ ဟိုလိုရေးပေးပါ ဒီလိုလေးရေးပေးပါ စာမူတောင်းခံလာရင် မရေးတတ်ဘူး။ ဒါကြောင့် ဂျာနယ်တွေ၊ daily newspaperတွေ များပြားစွာထွက်ပေါ်နေပေမဲ့ ကျွန်မ မရေးဖြစ်ဘူး။ အများအမြင်မှာလည်း မြေပြင်နဲ့လွတ်ရုံသာ ပျံနိုင်တဲ့ ငှက်ကလေးတစ်ကောင်ပါ။ စာပေဟာ the truth အမှန်တရားဖြစ်တယ်၊ the way လမ်းခရီးဖြစ်တယ်၊ the light အလင်းရောင်ဖြစ်တယ်၊ the life အသက်ဘ၀ဖြစ်တယ်လို့ ခံယူပြီး ကျွန်မ ဖြတ်သန်းနေပါတယ်။

စုမီအောင်

No comments: