Movenpick Hotels & Resorts ရဲ့ခံယူချက်က ပိုပြီးကောင်းမွန်တဲ့အနာဂတ်တစ်ခုဖန်တီးရန်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေ Movenpick Resort Bangtao ဟာ ပတ်ဝန်းကျင်ကို အကောင်းဆုံးထိန်းသိမ်းထားနိုင်ခဲ့တဲ့ ဟိုတယ်ဖြစ်ခဲ့ပါတယ်။ အဲဒီ သန့်ရှင်းသပ်ရပ်ကာခမ်းနားလှတဲ့ အဆင့်မြင့် အထပ်မြင့်ဟိုတယ်ခန်းတွေဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအကျိုးသက်ရောက်မှုအလွန်နည်းပါးလှတယ်လို့ Green Building ဆောက်လုပ်ရေးအထူးတိုက်တွန်းအားပေးနေတဲ့ Green Globe အဖွဲ့အစည်းက စာရင်းထုတ်ပြန်ခဲ့တယ်။ CSR Program (Corporate Social Responsibility) ရဲ့ အချက်အလက်တွေအားလုံးနဲ့လည်း ကိုက်ညီနေတယ်လို့ ဆိုတယ်။ Movenpick Resor Bangtao Beach ဟိုတယ်မန်နေဂျာ မိုက်ကယ်လ်ဝမ့်ခ်က "နိုင်ငံတကာအသိအမှတ်ပြုမှုရရှိခဲ့တဲ့ ကျွန်တော်တို့ရဲ့အောင်မြင်မှုကို အင်မတန်ဝမ်းသားဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ Green Globe စံနှုန်းလိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် အမြဲပဲ တိုက်တွန်းအားပေးနေခဲ့ပါတယ်။ ပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချနိုင်မယ့် နည်းလမ်းအသစ်၊ နည်းပညာအသစ်တွေကိုလည်း အမြဲသုတေသနပြုခဲ့ကြတယ်။ နိုင်ငံတကာအသိအမှတ်ပြုမှုအတွက် ကျွန်တော်တို့ရဲ့ ဟိုတယ်အဖွဲ့သားအားလုံးကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ဒီလိုလှပတဲ့ ကျွန်းရဲ့ အလှအပတွေ အရင်အတိုင်းကျန်ရှိနေစေချင်တယ်။ ကျွန်တော်တို့ရဲ့ဧည့်သည်တွေကို အကောင်းဆုံးဝန်ဆောင်မှုပေးနေတဲ့အချိန် တပြိုင်နက်တည်းမှာပဲ ကျွန်တော်တို့ရဲ့ ကျွန်းလေးကိုလည်း အကောင်းဆုံးဝန်ဆောင်မှုပေးချင်ပါတယ်" လို့ ပြောသွားပါတယ်။ eco-friendly ဖြစ်ရမယ့်အချက်အလက်တွေမှာ စွမ်းအင်၊ ရေ သုံးစွဲမှုပမာဏလျှော့ချပြီး စွန့်ပစ်ပစ္စည်းတွေနဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုမဖြစ်စေခြင်း စတာတွေကို အထူးဂရုပြုဆောင်ရွက်ကြတာပါ။
Source : CNN Travel
ထုထည်ကြီးကြီးမားမားအဆောက်အဦထဲမှာ ဘိုရင်းလေယာဉ် အပိုင်းအစတွေ၊ အပိုင်းအစတွေအကုန်တပ်ဆင်ပြီးတဲ့ လေယာဉ်ကြီးတွေ ခြေပစ်လက်ပစ်ပြန့်ကျဲနေပါတယ်။ အဲဒီလိုမြင်ကွင်းမျိုးကို ကြည့်ရှုနိုင်ဖို့က ရှားပါးလှတဲ့အခွင့်အရေးပါ။ အခုတော့ "လေယာဉ်ဖြစ်တည်လာမယ့်အစိတ်အပိုင်းတွေကို လိုက်ကြည့်ရအောင်ပါ" လို့ ဘိုရင်း VIP ခရီးသွားလမ်းညွှန်တစ်ဦးက ဖိတ်ခေါ်နေပါပြီ။ ဘိုရင်းကုမ္ပဏီဟာ Seattle မြောက်ပိုင်းမှာတည်ရှိတဲ့ သူတို့ရဲ့ ၉၈.၃ ဧကရှိ လေယာဉ်ထုတ်လုပ်တပ်ဆင်တဲ့စက်ရုံဆီ ခရီးသွားဧည့်သည်တွေ နေ့စဉ်လက်ခံနေပါတယ်။ အဲဒါ တကယ့်ကိုပဲ စိတ်ဝင်စားစရာပါ။ လေယာဉ်ဝါသနားအိုးအဖွဲ့တစ်ခုရဲ့ တွေ့ဆုံပွဲ Aviation Geek Fest ရဲ့ အစီအစဉ်တစ်ခုအဖြစ် ဘိုရင်းစက်ရုံဆီအလည်အပတ်ရောက်သွားခဲ့ကြတယ်။ စက်ရုံရဲ့ မြေညီထပ်ကို ကြည့်ရှုနိုင်အောင် စီစဉ်ထားပေမယ့် အပေါ်ထပ်တွေကိုတော့ ကန့်သက်ချက်တွေရှိနေပါတယ်။ ဥရောပတိုက်နဲ့ အချင်းချင်း ဆက်သွယ်သွားလာတဲ့ 747-8 အပါအဝင်၊ 777 Worldliner နဲ့ 787 Dreamliner လေယာဉ်တွေမွေးဖွားတဲ့နေရာကြီးရဲ့ စွဲဆောင်မှုဟာ ပြင်းလွန်းလှတယ်လို့ လေယာဉ်ချစ်သူတွေက ဆိုကြတယ်။ စက်ရုံထဲမှာ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ယူခွင့်မရှိဘဲ မွေးရာပါမျက်စိနဲ့သာ မှတ်တမ်းတင်နိုင်မှာပါလို့ သတင်းပေးကြသေးတယ်။ S-1 လို့ အမှတ်အသားပြုထားတဲ့ တံခါးပေါက်သေးသေးလေးကို ဖွင့်ဝင်လိုက်တဲ့အခါ ရုတ်တရက်ကြီးမားကျယ်ပြန့်လွန်းလှတဲ့အခန်းကြီးထဲက မွေးဖွားလုဆဲ လေယာဉ်ကြီးတွေ ဝန်းရံနေပြီး ကိုယ်တိုင်သေးငယ်ပျောက်ဆုံးသွားခဲ့သလို ခံစားရတယ်လို့ ဆိုကြတယ်။ Boeing ဟာ လေယာဉ်ချစ်သူတွေကို February ညီလာခံအတွင်း စက်ရုံထဲ စတင်လေ့လာလည်ပတ်ခွင့်ပြုခဲ့ပါတယ်။ Avgeeks tour မှာ 737 , 747 , 777 နဲ့ 787 Dreamliner လေယာဉ်တွေပါရှိကြတယ်။
Source : CNN Travel
စင်္ကာပူဟာ ခရီးသွားလုပ်ငန်းကိုပိုပြီးကြီးမားအောင်နှစ်စဉ်ကြိုးစားနေကြတာပါ။ ကမ္ဘာ့ခရီးသွားလုပ်ငန်းအနေအထားနဲ့ယှဉ်ရင် အပြိုင်အဆိုင်တွေပိုလို့ များပြားနေပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေဟာ သူတို့ရဲ့ စိတ်ဝင်စားမှုမှာ အရသာ အပြောင်းအလဲသဘောတွေ့တတ်ကြသူတွေပါ။ ပြိုင်ဘက်တွေရဲ့ခရီးပန်းတိုင်တွေဟာ ခြေလှမ်းကျဲကျဲရှေ့ဆက်လှမ်းနိုင်နေကြတယ်။ စင်္ကာပူဟာလည်း သူတို့ရဲ့ ကမ်းခြေတွေမှာ မမေ့နိုင်တဲ့အမှတ်တရတွေနဲ့ ခရီးသွားတွေကို စွဲဆောင်နိုင်ဖို့ နှစ်နှစ်စီမံကိန်းရေးဆွဲကြိုးစားနေပါပြီ။ ဝန်ကြီးချုပ် Lee Hsien Loong ဟာ သူ့ရဲ့ အကြံပြုချက်ကို စင်္ကာပူရဲ့ မြစ်ကမ်းဘေး တောရိုင်းတိရစ္ဆာန်ပန်းခြံအဖြစ်လေ့လာနိုင်တဲ့ River Safari တရားဝင်ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။ စင်္ကာပူ ဒေါ်လာ ၁၆၀ သန်းအကုန်အကျခံဖွင့်လှစ်ခဲ့တဲ့ River Safari ဟာ စင်္ကာပူရဲ့ ကြီးမားလှတဲ့ ပန်ဒါစုံတွဲအပါအဝင် တိရစ္ဆာန်ပေါင်း ၆၀၀၀ တို့ရဲ့ အိုးအိမ်ဖြစ်နေတယ်။ စင်္ကာပူနိုင်ငံသားတွေရဲ့ မိသားစုလိုက်အပမ်းဖြေရာ၊ ယဉ်ကျေးမှုအစုံအလင်တွေ့ဆုံနိုင်တဲ့နေရာဖြစ်ပါတယ်။ "ဒီနှစ်ဟာ စင်္ကာပူခရီးသွားလုပ်ငန်းရဲ့ နှစ် ၅၀ မြောက် ဖြစ်ပြီး ခရီးသွားလုပ်ငန်းရဲ့အနေအထားဟာ လုံးဝပြောင်းလဲခဲ့ပါပြီ။ အဆောက်အဦးပံ့ပိုးမှု နဲ့ ဆွဲဆောင်နိုင်မှုဟာ အသက်အရွယ်နဲ့ ပြိုင်ဘက်တွေကိုလိုက်ပြီး ပြောင်းလဲသွားလိမ့်မယ်။ အဲဒါကြောင့် ကျွန်တော်တို့ရဲ့ hardware စက်ပစ္စည်းကိရိယာတွေမှာ ပိုကောင်းမွန်တဲ့ software တွေနဲ့ ဖြည့်တင်းရမယ်။ မမေ့နိုင်တဲ့အတွေ့အကြုံတွေဖန်တီးနိုင်မယ့် စိတ်ကူးစိတ်သန်းကောင်းကောင်း စီမံကိန်းတွေစီစဉ်ရမှာပါ။ တစ်ခေါက်လာလည်တဲ့ ခရီးသွားတွေ နောက်တစ်ခေါက်ပြန်လာနိုင်ချင်အောင်ဆွဲဆောင်နိုင်ဖို့ပါ" လို့ Mr. Lee က ဆိုပါတယ်။ အခုအချိန်ဟာ Kai Kai နဲ့ Jia Jia ပန်ဒါစုံတွဲလေးရဲ့ ဘေဘီပန်ဒါလေး စောင့်ဆိုင်းနေတဲ့အချိန်ဖြစ်သလို River Safari မှာ တခြား အမျိုးအစားတွေမွေးနိုင်ဖို့ကိုလည်း ပြောကြားခဲ့တယ်။ River Safari ဟာ ပြီးခဲ့တဲ့ ဧပြီ ကနေ အစမ်းဖွင့်ပွဲဖွင့်လှစ်ခဲ့ပြီးနောက် ကမ္ဘာလှည့်ခရီးသွား ၁.၁ သန်းကျော်လာရောက်လည်ပတ်ခဲ့ကြပါတယ်။
Source : www.travelandtourworld.com
ဒစ္စနေးရဲ့ မှော်ကမ္ဘာ ဈေးနှုန်းတွေမြင့်တက်
လာမယ့်အားလပ်ရက်တွေမှာ ဒစ္စနေးရဲ့ Magic Kingdom ကို အလည်အပတ်သွားရောက်ဖို့ စိတ်ကူးနေမလား။ ပိုက်ဆံအကုန်အကျ နည်းနည်းပိုများလာမယ်ဆိုတာပြောပါရစေ။ Walt Disney World Resort ရဲ့ ဈေးအကြီးဆုံးအပမ်းဖြေဥယာဉ်ကြီးဟာ အခု ဈေးနည်းနည်းထပ်တိုးလိုက်ပြန်ပါပြီ။ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့ကနေ စတင်ပြီး အသက် ၁ဝ နှစ်နဲ့ အထက် ခရီးသွားဧည့်သည်တွေဟာ တစ်နေ့စာအတွက်လက်မှတ်တွေကို ၉၉ ဒေါ်လာပေးရမှာပါ။ ၄ ဒေါ်လာမြင့်တက်သွားခဲ့ပါတယ်။ Epcot, Animal Kingdom နဲ့ Hollywood Studio တွေမှာလည်း ၄ ဒေါ်လာဆီမြင့်တက်ပါတယ်။ အရင်က ဒေါ်လာ ၉၀ ပါ။ ဒစ္စနေး ပန်းခြံတွေကိုလည့်လည်ကြမယ့် ခရီးသွားအများစုဟာ multi-day လက်မှတ်တွေဝယ်ယူကြတာများပါတယ်။ အဲဒါဟာ နေ့စဉ်ကုန်ကျမယ့်ငွေကို လျှော့ချနိုင်ကြတာကြောင့်ပါ။ ဈေးတိုးမြှင့်လိုက်တာနဲ့အတူ အဆင်မြင့်အရည်အသွေး၊ အသက်ရှုမှားလောက်စရာအတွေ့အကြုံရရှိနိုင်မယ့်အခွင့်အရေးတွေ ပေါင်းစပ်ဖြည့်တင်းထားပါတယ်လို့ Walt Disney ပြောရေးဆိုခွင့်ရှိသူ Kim Prunty က ဆိုပါတယ်။ လက်မှတ်အမျိုးအစားအမျိုးမျိုးရှိနေတာကြောင့် အသုံးအစွဲခြိုးခြံနိုင်တဲ့အခွင့်အလမ်းတွေလည်းရှိတယ်လို့ ဆိုတယ်။ ဒစ္စနေးပရိသတ် site တစ်ခုဖြစ်တဲ့ AllEars.net အယ်ဒီတာချုပ် ဒက်ဘ်ဝီလ်စ် က "ဈေးနှုန်းတွေဟာ တစ်နှစ်မပြည့်ခင်မှာပဲ မြင့်တက်နေပါတယ်။ WDW(Walt Disney Resort) ကတော့ အထောက်အပံ့၊ တောင်းဆိုချက်တွေအရမြင့်တက်တာလို့ဆိုနေပါတယ်။ ဝင်ကြေးတွေဟာ အကျမရှိဘဲ တက်နေပါတယ်။ လူတွေကလည်း အဲဒီမြင့်တက်လာတဲ့ဈေးနှုန်းအတိုင်းပေးပြီး သွားရောက်လည်ပတ်နေကြတယ်။ ဒစ္စနေးရဲ့ လုပ်ငန်းအားလုံး မြင့်တက်နေဦးမှာပါပဲ လို့ ရေးသားပါတယ်။
Source : CNN Travel
ဖြိုးဖြိုး
Living Fashion Magazine, March, 2014
*********
ဆိုးလ်ရဲ့ ၂၄ နာရီ ယဉ်ကျေးမှုလို့ခေါ်တဲ့ တစ်ညလုံးဖွင့်လှစ်ထားတဲ့ရိပ်သာအဆောက်အဦထဲမှာ နောက်ထပ် အခင်းအကျင်းတစ်ခုကို ပြသခဲ့ပြန်တယ်။ နီယွန်မီးပွင့်တွေနဲ့ အကြီးကျယ်ဆုံးညအချိန်တွေကို ဆွဲဆောင်ဖို့ ဖွင့်လှစ်လိုက်တာပါ။ ဒီဇိုင်းကတော့ အီရတ်-အင်္ဂလိပ်လူမျိုး Pritzker ဆုရ ဇာဟာ ဟာဒစ်ဒ်ပါ။ ကုန်ကျစရိတ်ပေါင်း ဒေါ်လာ သန်း ၄၅၂ ရှိပြီး အဲဒီအာကာယာဉ်ပျံပုံစံရှိနေတဲ့ Dongdaemun Design Plaza (DDP) ကို ပြီးခဲ့တဲ့ မတ် ၂၁ ရက်နေ့က အများပြည်သူအတွက်ဖွင့်လှစ်လိုက်ပါပြီ။ ဆိုးလ်မြို့တော်အစိုးရက တည်ဆောက်ဖို့တာဝန်ပေးခဲ့ပါတယ်။ ပလာဇာဟာ ခေတ်လွန်ဒီဇိုင်းအဆင်အပြင်အကွေ့အဝိုက်တွေပါရှိပြီး ဟာဒစ်ဒ်ရဲ့ ပြီးခဲ့တဲ့လက်ရာပုံစံတွေလိုပါပဲ။ သူမဟာ လာမယ့် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲအတွက် အမျိုးသားအားကစားကွင်းပုံစံကို ဒီဇိုင်းရေးဆွဲထားသူလည်းဖြစ်ပါတယ်။ DDP မှာ ဖျော်ဖြေပွဲတွေ၊ ညီလာခံတွေနဲ့ တခြား အရေးကြီးအခမ်းအနားတွေကို တစ်နှစ်ပတ်လုံးလက်ခံကျင်းပပေးမှာပါ။ ဒါပေမဲ့ ဆိုးလ်ရဲ့အဲဒီ အသစ်လွင်ဆုံးယဉ်ကျေးမှုစင်တာ၊ အဆောက်အဦရဲ့ ပထမဆုံးအခမ်းအနားကတော့ 2014 F/ W Seoul Fashion Week ပါ။ မတ်လ ၂၆ ရက်နေ့က တောင်ကိုးရီးယားဒီဇိုင်နာတွေရဲ့ ဖက်ရှင်ပြပွဲ ၈၁ပွဲ ပြသခဲ့ပါတယ်။ စင်္ကာပူ Fashion Week မှ Blueprint ကုန်သွယ်ပြပွဲတစ်ပွဲလည်းပါဝင်ခဲ့ပါတယ်။ DDP ရဲ့ ဝန်းကျင်ဟာ ဈေးဝယ်ခန်းမတွေပြည့်နှက်နေပြီး တချို့က မနက် ၅ နာရီအထိဖွင့်ပါတယ်။ တချို့က ၂၄ နာရီဖွင့်လှစ်ကြတာပါ။ East Gate (Dongdaemun) ဆိုရင်လည်း ဈေးဝယ်သူတွေဟာ အထူးသဖြင့်ညတွေမှာ အမြဲလိုလို ပြည့်နေကြပါတယ်။ DDP ပလာဇာအသစ်ဟာ ၂၄ နာရီဖွင့်လှစ်မှာပါ။ ဆောက်လုပ်ရေးပိုင်းမှာတော့ ၈၅ ၀၀၀ စတုရန်းမီတာကျယ်ဝန်းပြီး ၂၀၀၇ ခုနှစ်ကစတင်ခဲ့တယ်။ ၂၀၁၃ ခုနှစ်မှာ ပြီးဆုံးခဲ့ပါတယ်။ ပြပွဲနေရာတွေအတွက် အထပ်၎ထပ်ရှိနေပြီး မြေအောက်မှာ ၃ ထပ်ရှိပါတယ်။ ဆိုးလ်ဟာ အဆောက်အဦသစ်ဆီ တိုက်ရိုက်ပြေးဆွဲမယ့် မြို့တော်ခရီးသွားဘတ်စ်ကားတွေနဲ့ လေဆိပ်မှဘတ်စ်ကားတွေပါ တိုးမြှင့်ပြေးဆွဲပေးခဲ့ပါတယ်။
Dongdaemun Design Plaza, Euljiro 7-ga Jung-gu, Seoul; open 24 hours
Source : CNN Travel
အီဂျစ်ရဲ့ ကြီးမားလှတဲ့ ဖာရိုးဘုရင်ရုပ်ထုကြီးတွေ မူလနေရာမှာ
၁၈ ရာစုနှစ်အီဂျစ်ဘုရင်တွေထဲက ကိုးယောက်မြောက်ဘုရင် ဖာရိုး အာမန်ဟိုတက်ပ် III ရဲ့ပုံတူရုပ်တုကြီးနှစ်ခုကို ရှေးဟောင်းသုတေသနပညာရှင်တွေက မူလနေရာမှာ ပြပန်လည်ထိန်းသိမ်း ပြသထားလိုက်ပါတယ်။ အီဂျစ်အထက်ပိုင်း(တောင်ပိုင်း)မြို့တော် Luxor ရှိ နိုင်းလ်မြစ်အနောက်ဘက်ကမ်း ဈာပနာအခမ်းအနားကျင်းပရာဘုရားကျောင်းမှာ တည်ရှိနေတယ်။ သလင်းကျောက်ရုပ်တုကြီးတစ်ခုဟာ ၁၁ မီတာအမြင့်ကျော်ရှိပြီး အလေးချိန် ၂၅၀ တန်ရှိပါတယ်။ ဘုရားကျောင်းမှာ ရှိနှင့်နေပြီးသား နာမည်ကျော်ရုပ်တု Colossi of Memnon နဲ့ ချိတ်ဆက်ထားလိုက်ပါတယ်။ ရုပ်တုတွေဖွင့်လှစ်ပြသတဲ့အစီအစဉ်ကို အာမန်ဟိုတက်ပ် III ဘုရားကျောင်းထိန်းသိမ်းစောင့်ရှောက်ရေးစီမံကိန်းမှာ ဦးဆောင်ခဲ့တဲ့ ဂျာမန်ရှေးဟောင်းသုတေသနပညာရှင် Hourig Sourouzian ကပဲ ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီရုပ်တုကြီးနှစ်ခုကို တူးဖော်တွေ့ရှိခဲ့စဉ်တုန်းကတော့ အစိတ်အပိုင်းတွေအဖြစ်နဲ့သာရရှိခဲ့ပြီး နောက်ပိုင်းမှာမှ လက်ရှိရပ်လျက်အနေအထားပုံစံ မူလအတိုင်းပုံပေါ်လာခဲ့တာပါ။ ကမ္ဘာ့အထိမ်းအမှတ်အဆောက်အအုံရံပုံငွေ (WMF) အဆိုအရ အာမန်ဟိုတက်ပ် ဘုရားကျောင်းဟာ ၁၃၉၀ နဲ့ ၁၃၅၃ ဘီစီကြားမှာ ပေါ်ထွက်လာခဲ့တယ်လို့ဆိုပါတယ်။ ဘုရားကျောင်းဟာ မီတာ ၁၀၀ ကျယ်ဝန်းပြီး မီတာ ၆၀၀ ရှည်တယ်။ ဒါပေမဲ့ အဆောက်အဦရဲ့ အောက်ဘက်အပိုင်းတွေသာ ကျန်ရှိတော့တာပါ။ "ဘုရားကျောင်းအဆောက်အဦဟာ ငလျင်ကြောင့်မူလကပျက်စီးနေခဲ့ပြီး အပြည့်အဝ တူးဖော်နိုင်ခြင်းမရှိခဲ့ပါဘူး။ အဲဒီနေရာမှာ သဘာဝအပင်တွေဖုံးအုပ်လွှမ်းခြုံကာ ရာသီအလိုက်ရေလွှမ်းမိုးလိုက်နဲ့ စိုက်ပျိုးမြေနေရာလိုဖြစ်နေခဲ့ရတယ်" လို့ WMF အဖွဲ့အစည်းကဆိုတယ်။ Luxor မြို့တော်ဟာ ကိုင်ရိုမြို့မှ ၆၃၅ ကီလိုမီတာအကွာအဝေးမှာရှိပြီး နိုင်းလ်မြစ်ဟာ အရှေ့နဲ့ အနောက်ဘက်ကမ်း ဧရိယာနှစ်ခုပိုင်းခြားထားတာပါ။ အဲဒီရုပ်တုကြီးနှစ်ခုတပ်ဆင်ပြသလိုက်တာဟာ ဟိုစနီမူဘာရက် ဖြုတ်ချခံရတဲ့ ၂၀၁၁ ခုနှစ်ကတည်းက မတည်မငြိမ်နိုင်ငံရေးအခြေအနေတွေကြောင့် ပြိုယိုင်လဲကျနေတဲ့ အီဂျစ်ရဲ့ ခရီးသွားလုပ်ငန်းကို ပြန်ပြီးတည့်မတ်စေနိုင်မယ် လို့ ယူဆနေကြပါတယ်။ ဒေးလီးနယူးစ်အီဂျစ် သတင်းမှာ ခရီးသွားလုပ်ငန်းဝန်ကြီး Hisham Zaazou က "နိုင်ငံရဲ့ခရီးသွားကဏ္ဍဟာ လုံးလုံးယိုယွင်းပြိုလဲခဲ့ရတယ်။ ဒီအခြေအနေတွေကို ကျော်လွှားစေဖို့ အကြီးစားပြင်ဆင်ပြောင်းလဲမှုတွေလိုအပ်တယ်" လို့ ပြောသွားပါတယ်။
Source : CNN Travel
Huế International Food Festival ရဲ့ ရည်ရွယ်ချက်ကတော့ ဗီယက်နမ်နိုင်ငံရဲ့ ရိုးရာအစားအစာတွေကို ဂုဏ်ပြုကြော်ငြာလိုတာဖြစ်ပြီး ဗီယက်နမ်နိုင်ငံတောင်ပိုင်းမြို့တော် Huế မှာ ကျင်းပပြုလုပ်တာပါ။ ပြည်တွင်းနဲ့ ပြည်ပ ဧည့်သည်များတက်ရောက်ပြီး ဗီယက်နမ်နိုင်ငံ နဲ့ ကမ္ဘာ့တခြားနိုင်ငံများပါ ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိနိုင်အောင်လည်း ရည်ရွယ်ပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ နာမည်ကျော်စားသောက်ဆိုင်များလည်း ဆင်နွှဲခဲ့ကြတယ်။ နိုင်ငံတကာမှ ပြခန်းပေါင်း ၂၀ ကျော်ပါဝင်ပြီး ပြပွဲအခန်းပေါင်း ၁၀၀ ကျော်ပြသကြမယ်လို့ ဆိုပါတယ်။ Asian Record Organization က စီစဉ်ထားပြီး ပွဲတော်တွင် အထူးသဖြင့် ဗီယက်နမ်ဟင်းလျာ ၁၀ မျိုးကို မိတ်ဆက်သွားမှာပါ။ စိတ်လှုပ်ရှားပျော်ရွှင်စရာ လှုပ်ရှားမှုတွေမှာဆိုရင် ဧည့်သည်တွေကို အတွေအကြုံအသစ်တွေမြည်းစမ်းနိုင်မယ့် ရိုးရာအစားအစာပြပွဲ၊ ကြော်ငြာလှုပ်ရှားမှုတွေနဲ့ Festival Beer ၊ စားပွဲထိုးများရဲ့ prerformance အစီအစဉ်တွေ၊ Huế အမှတ်အသားနာမည်ကြီး ကော့တေးမိတ်ဆက်ပွဲမှာ ဒေသထွက်ဝိုင်တွေ နဲ့ တခြား နိုင်ငံတကာ ဝိုင်အမျိုးအစားတွေလည်း ပြသရောင်းချပါတယ်။ Huế International Food Festival ကို Huế မြို့ရဲ့ ထူးခြားတဲ့ပွဲတစ်ခုအဖြစ်လည်း မျှော်လင့်ထားကြတာပါ။ လာရောက်လေ့လာကြမယ့် ဧည့်သည်တွေအတွက် ဗီယက်နမ် အနုပညာ နဲ့ ယဉ်ကျေးမှုအစီအစဉ်တွေကို မြည်းစမ်းနိုင်မှာဖြစ်သလို ဗီယက်နမ်နိုင်ငံဟင်းလျာတွေအပြင် နိုင်ငံတကာဟင်းလျာတွေကိုပါ မြည်းစမ်းနိုင်ကြမယ့်အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ Huế International Food Festival ကို ဧပြီ ၁၅ မှ ၁၉ အထိ Huế မြို့တော်ရဲ့ Phu Xuan ပန်းခြံမှာ ကျင်းပခဲ့ပါတယ်။ လာအို၊ ကမ္ဗောဒီးယား၊ ထိုင်း၊ မြန်မာ၊ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုးရီးယား နဲ့ တရုတ်နိုင်ငံတွေ ပါဝင်ခဲ့ကြတယ်။ ဒီပွဲတော်ဟာ ဧပြီ ၁၂ ကနေ ၂၀ ရက်အထိ ကျင်းပခဲ့တဲ့ Huế Festival 2014 စီစဉ်ခဲ့တဲ့ ပြပွဲတွေထဲက တစ်ခုဖြစ်ပြီး နိုင်ငံတကာခရီးသွားတွေပါ အထူးစိတ်ဝင်စားခဲ့ကြတဲ့ပွဲတော်ဖြစ်ခဲ့ပါတယ်။
ဒူဘိုင်းရဲ့ ထင်ရှားလှတဲ့အဆောက်အဦတွေဟာ မတ်လကုန်ရက်တွေမှာ စူးရှတောက်ပတဲ့အလင်းရောင်တွေနဲ့ လင်းဖြာလှပနေခဲ့ကြပါတယ်။ ကမ္ဘာ့အကြီးဆုံး ဈေးဝယ်စင်တာ Dubai Mall မှာ မီးဆိုင်းပဒေသာတွေကို မျက်နှာကြက်ကနေ စတီးလ်ကြိုးတွေနဲ့ တွဲချိတ်ထားပြီး ဒစ္စကိုဘောလုံးတွေရဲ့ ယှဉ်တွဲ၊ တဖျတ်ဖျတ်လင်းလက်တဲ့ မီးရောင်စုံတွေထုတ်လွှတ်ထားပါတယ်။ ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦကြီးဖြစ်တဲ့ Burj Khalifa ရဲ့ အမိုးချွန်းထိပ်ကနေ မီးအလင်းတွေဖြာဆင်းကျနေအောင်ပြုလုပ်ထားတာကြောင့်လည်း ကြီးမားလှတဲ့ မီးပြတိုက်နဲ့တောင်ဆင်တူကာ လှပလွန်းနေခဲ့တယ်။ ဒူဘိုင်းရေပန်း ရဲ့ လှလှပပအိမ်လေးဖြစ်တဲ့ Burj ကန်မှာ မြူးတူးခုန်ပျံနေတဲ့ဝေလငါးပုံစံ 3D ပုံဟာလည်း အမှန်တကယ်ရင်သပ်ရှုမောဖွယ်ရာရှိလှပါတယ်။ ပြင်သစ်ဇာတ်ခုံဒါရိုက်တာ၊ တေးရေးဆရာ Damien Fontaine ရဲ့လက်ရာ ဗီဒီယို၊ LED ပရိုဂျက်တာသုံး မီးအလှဖန်တီးမှုတွေနဲ့ ပျောက်ဆုံးနေတဲ့ ရတနာတွေရှာဖွေပုံ ဖန်တီးသရုပ်ဖော်မှုဟာလည်း ထူးခြားလှတယ်။ Festival o Lights ဖွင့်ပွဲတွင် အင်စတော်လေးရှင်း ၃၀ ကျော်လည်း စုပေါင်းပြသခဲ့ကြပါတယ်။ ၁၀ရက်ကြာကျင်းပခဲ့တဲ့ Festival of Lights ဟာ ပြင်သစ်နိုင်ငံ Lynon မြို့မှာ နှစ်စဉ် ဒီဇင်ဘာမှာ ကျင်းပနေကျ Festival of Lights က စီစဉ်ပါဝင်ခဲ့ပါတယ်။ ယူအေအီးအခြေစိုက် Emaar ကုမ္ပဏီမှ ဒူဘိုင်းကျွမ်းကျင်ပညာရှင်တွေပူးပေါင်းဖန်တီးခဲ့ကြတာပါ။ "ကျွန်တော်တို့သာမန်ထက်ထူးကဲတဲ့ အခမ်းအနားအဖြစ်ပြသဖို့ ရည်ရွယ်ခဲ့ကြတာပါ။ အနုပညာလက်ရာပေါင်းစပ်ဖန်တီးမှုရယ်၊ အလင်း အင်စတော်လေးရှင်းတွေပါ တပ်ဆင်ပြီး ဒီဒေသမှာ အရင်ကမရရှိခဲ့ဖူးသေးတဲ့ အတွေ့အကြုံမျိုးရရှိစေချင်ပါတယ်" လို့ Emaar ပြောရေးဆိုခွင့်ရှိသူ က ပြောကြားခဲ့ပါတယ်။ Lyon ပွဲတော်ဟာ မူလဖန်တီးခဲ့ကြစဉ်မှာ ဘာသာရေးရိုးရာယဉ်ကျေးမှုပွဲတော်တစ်ခုအဖြစ်စတင်ခဲ့ပြီး နောက်ပိုင်းမှာ ကမ္ဘာ့နေရာအနှံ့အပြားမှာ အနုပညာဆန်တဲ့ စိတ်ကူး၊ ဖန်တီးမှုတွေကို နည်းပညာရပ်နဲ့ ပေါင်းစပ်ပြီး အလှပဆုံးခင်းကျင်းပြသနိုင်ခဲ့ပါတယ်။ ။
မျှော်လင့်ချက်မြင့်မား ဖိအားများများ၊ ဆိုးလ်မှ ပြတိုက်ကြီးကြီးမားမား
ဒေါ်လာသန်း ၂၃ဝ ကုန်ကျခဲ့တဲ့ တောင်ကိုရီးယားအမျိုးသား ပြတိုက် Modernand Contemporary Art(MMCA)အမျိုးသားပြတိုက်ကို ပြီးခဲ့တဲ့နိုဝင်ဘာလကဖွင့်လှစ်ခဲ့ပါတယ်။ မျှော်လင့်ထားတာက နယူး
ယောက်မှMOMAလို၊ လန်ဒန်မှTateပြတိုက်လို ဖြစ်လာစေဖို့ပါ။ ဆိုးလ်ရဲ့ တော်ဝင်နန်းတော် Gyeong-bokgungကနေ တစ်ဖက်မှာရှိနေတယ်။ ကမ္ဘာလှည့်ခရီးသည် တွေကြား အကျော်ကြားဆုံး နေရာထဲ ကတစ်ခု အနီး အနားမှာ ရှိနေတယ်။ Samsung ပိုင်တဲ့ပုဂ္ဂလိကပြတိုက်Leeum Samsung Museum of Art ကလွဲလို့တခြားကိုရီးယားခေတ်ပြိုင်အနုပညာပြတိုက်ကြီးကြီး မားမား ဆိုးလ်မှာ ရှိမနေပါဘူး။ Art တစ်ခုတည်းပြသဖို့အတွက် မဟုတ်ပါဘူး။ ဒါပေမဲ့ ပြတိုက်အသစ်ကြီးဟာ တင်းကျပ်တဲ့ စိစစ်မှုတွေ အောက်မှာရှိနေ ပါတယ်။ "ဘယ် အနုပညာလက်ရာ တွေပြသမလဲ။ ဘယ်နေရာကို ဘယ်လိုအသုံးပြုမလဲဆိုတာ Art World က အလွန့် အလွန် မျှော်လင့် စောင့်စားနေကြတယ်" လို့ ဆိုးလ်က ပြတိုက်မှူး Gina Leeက ပြောပါတယ်။ ကမ္ဘာအဆင့်မှာရပ်တည်နိုင်ဖို့ အတွက် တောင်ကိုရီးယားရဲ့ စိတ်လှုပ်ရှားမှုတွေ မြင့်တက်နေခဲ့တာပါ။ "တောင်ကိုရီးယားရဲ့ အမျိုးသား အနုပညာ ပြတိုက်အဖြစ် ကျွန်တော်တို့ရဲ့ အကြီးမားဆုံး ခံယူချက်က ကိုရီးယား အနုပညာကို ကမ္ဘာကိုပြသနိုင်ဖို့ပါ။ ကိုရီးယား အနုပညာနဲ့ အတူ နိုင်ငံတကာ အဖွဲ့ အစည်း တက္ကသိုလ်တွေပါ ပူးပေါင်း ပါဝင်ပြီး အနုပညာ လဲလှယ်မျှဝေ နိုင်ကြဖို့လည်းရည်ရွယ်ပါတယ်"လို့ ပြတိုက်ရဲ့ နိုင်ငံတကာရေးမန်နေဂျာ Young-in Leeက ဆိုတယ်။ စောပိုင်းမှာ အငြင်းပွားစရာ ကိစ္စလေးတွေလည်း ရှိနေခဲ့ပါတယ်။ ပြတိုက်မှာ ပထမဆုံး ပြသခဲ့တဲ့ ပြပွဲ၅ပွဲထဲက ၁ပွဲဖြစ်တဲ့ Zeitgeist Korea (ဧပြီ ၂၇ ရက်နေ့ အထိ ပြသမယ့်)ပွဲဟာ ပြတိုက်အတွက် ဂယက်ရိုက်စရာ မီးပွားအစအနပါ။ Modern Korean Art ပြပွဲအဖြစ် ပါဝင်ပြသခဲ့တဲ့ကိုရီးယား artist ၃၉ဦးရဲ့ အနုပညာ လက်ရာ ၅၉ မျိုးပါဝင်တယ်။ ပြဿနာ ကတော့ ကိုရီးယား Fine Arts Associationနဲ့ တခြားartistအဖွဲ့တွေဟာ ပြပွဲရဲ့ပြတိုက်မှူးနဲ့ MMCAဒါရိုက်တာ Chung Hyung-min ဟာ ဆိုးလ် အမျိုးသား တက္ကသိုလ်ရဲ့ အနု ပညာကျောင်းမှ ကျောင်းသား အများစု(၃၂ ဦး)ကို မျက်နှာသာပေး ရွေးချယ်ခဲ့ကြတယ်လို့ ပြစ်တင် စွပ်စွဲခဲ့ကြတာပါ။ ပြတိုက်ဟာ ၂၇၂၆၄ စတုရန်းမီတာကျယ်ဝန်းပြီး ၆လွှာမှာ ၃လွှာကမြေအောက်၊၃လွှာက မြေပေါ်ပုံစံ တည်ဆောက်ထားပါတယ်။ မျက်နှာကြက်မှာ အလင်းဝင်နိုင်မယ့် ကျယ်ပြောတဲ့ ပြတင်းပေါက်တွေရှိတယ်။ ပြတိုက်ဖွင့်ပွဲအဖြစ် ပြသထားတဲ့ ပြပွဲ ၅ပွဲမှာThe Aleph Project, Connecting_Unfolding, ZeitgeistKorea,Birth of a Museumနဲ့Site-specific Art Projectsတို့ဖြစ်ကြတယ်။ ပြတိုက်ရဲ့ 60:40 အချိုးဟာ ကိုရီးယားအနုပညာတွေပါ။ ကိုရီးယားနိုင်ငံရဲ့ပထမဆုံးအနုပညာပြတိုက်ဖြစ်နေတာကြောင့် ကမ္ဘာက စိတ်ဝင်စားမှု ပိုနေပါတယ်။ ပြပွဲတိုင်းအတွက် ညနေ ၆နာရီကနေ ၉နာရီအတွင်းဟာ အခမဲ့ဖြစ်ပါတယ်။ ပြပွဲဝင်ကြေးက $6.50 ဖြစ်ပါတယ်။
မျှော်လင့်ချက်မြင့်မား ဖိအားများများ၊ ဆိုးလ်မှ ပြတိုက်ကြီးကြီးမားမား
ဒေါ်လာသန်း ၂၃ဝ ကုန်ကျခဲ့တဲ့ တောင်ကိုရီးယားအမျိုးသား ပြတိုက် Modernand Contemporary Art(MMCA)အမျိုးသားပြတိုက်ကို ပြီးခဲ့တဲ့နိုဝင်ဘာလကဖွင့်လှစ်ခဲ့ပါတယ်။ မျှော်လင့်ထားတာက နယူး
ယောက်မှMOMAလို၊ လန်ဒန်မှTateပြတိုက်လို ဖြစ်လာစေဖို့ပါ။ ဆိုးလ်ရဲ့ တော်ဝင်နန်းတော် Gyeong-bokgungကနေ တစ်ဖက်မှာရှိနေတယ်။ ကမ္ဘာလှည့်ခရီးသည် တွေကြား အကျော်ကြားဆုံး နေရာထဲ ကတစ်ခု အနီး အနားမှာ ရှိနေတယ်။ Samsung ပိုင်တဲ့ပုဂ္ဂလိကပြတိုက်Leeum Samsung Museum of Art ကလွဲလို့တခြားကိုရီးယားခေတ်ပြိုင်အနုပညာပြတိုက်ကြီးကြီး မားမား ဆိုးလ်မှာ ရှိမနေပါဘူး။ Art တစ်ခုတည်းပြသဖို့အတွက် မဟုတ်ပါဘူး။ ဒါပေမဲ့ ပြတိုက်အသစ်ကြီးဟာ တင်းကျပ်တဲ့ စိစစ်မှုတွေ အောက်မှာရှိနေ ပါတယ်။ "ဘယ် အနုပညာလက်ရာ တွေပြသမလဲ။ ဘယ်နေရာကို ဘယ်လိုအသုံးပြုမလဲဆိုတာ Art World က အလွန့် အလွန် မျှော်လင့် စောင့်စားနေကြတယ်" လို့ ဆိုးလ်က ပြတိုက်မှူး Gina Leeက ပြောပါတယ်။ ကမ္ဘာအဆင့်မှာရပ်တည်နိုင်ဖို့ အတွက် တောင်ကိုရီးယားရဲ့ စိတ်လှုပ်ရှားမှုတွေ မြင့်တက်နေခဲ့တာပါ။ "တောင်ကိုရီးယားရဲ့ အမျိုးသား အနုပညာ ပြတိုက်အဖြစ် ကျွန်တော်တို့ရဲ့ အကြီးမားဆုံး ခံယူချက်က ကိုရီးယား အနုပညာကို ကမ္ဘာကိုပြသနိုင်ဖို့ပါ။ ကိုရီးယား အနုပညာနဲ့ အတူ နိုင်ငံတကာ အဖွဲ့ အစည်း တက္ကသိုလ်တွေပါ ပူးပေါင်း ပါဝင်ပြီး အနုပညာ လဲလှယ်မျှဝေ နိုင်ကြဖို့လည်းရည်ရွယ်ပါတယ်"လို့ ပြတိုက်ရဲ့ နိုင်ငံတကာရေးမန်နေဂျာ Young-in Leeက ဆိုတယ်။ စောပိုင်းမှာ အငြင်းပွားစရာ ကိစ္စလေးတွေလည်း ရှိနေခဲ့ပါတယ်။ ပြတိုက်မှာ ပထမဆုံး ပြသခဲ့တဲ့ ပြပွဲ၅ပွဲထဲက ၁ပွဲဖြစ်တဲ့ Zeitgeist Korea (ဧပြီ ၂၇ ရက်နေ့ အထိ ပြသမယ့်)ပွဲဟာ ပြတိုက်အတွက် ဂယက်ရိုက်စရာ မီးပွားအစအနပါ။ Modern Korean Art ပြပွဲအဖြစ် ပါဝင်ပြသခဲ့တဲ့ကိုရီးယား artist ၃၉ဦးရဲ့ အနုပညာ လက်ရာ ၅၉ မျိုးပါဝင်တယ်။ ပြဿနာ ကတော့ ကိုရီးယား Fine Arts Associationနဲ့ တခြားartistအဖွဲ့တွေဟာ ပြပွဲရဲ့ပြတိုက်မှူးနဲ့ MMCAဒါရိုက်တာ Chung Hyung-min ဟာ ဆိုးလ် အမျိုးသား တက္ကသိုလ်ရဲ့ အနု ပညာကျောင်းမှ ကျောင်းသား အများစု(၃၂ ဦး)ကို မျက်နှာသာပေး ရွေးချယ်ခဲ့ကြတယ်လို့ ပြစ်တင် စွပ်စွဲခဲ့ကြတာပါ။ ပြတိုက်ဟာ ၂၇၂၆၄ စတုရန်းမီတာကျယ်ဝန်းပြီး ၆လွှာမှာ ၃လွှာကမြေအောက်၊၃လွှာက မြေပေါ်ပုံစံ တည်ဆောက်ထားပါတယ်။ မျက်နှာကြက်မှာ အလင်းဝင်နိုင်မယ့် ကျယ်ပြောတဲ့ ပြတင်းပေါက်တွေရှိတယ်။ ပြတိုက်ဖွင့်ပွဲအဖြစ် ပြသထားတဲ့ ပြပွဲ ၅ပွဲမှာThe Aleph Project, Connecting_Unfolding, ZeitgeistKorea,Birth of a Museumနဲ့Site-specific Art Projectsတို့ဖြစ်ကြတယ်။ ပြတိုက်ရဲ့ 60:40 အချိုးဟာ ကိုရီးယားအနုပညာတွေပါ။ ကိုရီးယားနိုင်ငံရဲ့ပထမဆုံးအနုပညာပြတိုက်ဖြစ်နေတာကြောင့် ကမ္ဘာက စိတ်ဝင်စားမှု ပိုနေပါတယ်။ ပြပွဲတိုင်းအတွက် ညနေ ၆နာရီကနေ ၉နာရီအတွင်းဟာ အခမဲ့ဖြစ်ပါတယ်။ ပြပွဲဝင်ကြေးက $6.50 ဖြစ်ပါတယ်။
ဟယ်ရီပေါ်တာ အပန်းဖြေဥယျာဉ်
မီးတောက်မီးလျှံတွေမှုတ်ထုတ်နေတဲ့နဂါးတစ်ကောင်ရယ်၊လိမ်ခွေ မွှေနှောက်နေသလို အဆောက် အဦးတွေရယ်၊ ပြီးတော့ ကကြိုးကျကျနနကပြနေတဲ့အရိုးစုတွေအဲဒီမြင်ကွင်းတွေဟာ မှော်ပညာမတတ်စွမ်းတဲ့ လူသာမန်'မာ့ဂဲလ်' တွေ့မြင်တွေ့ဖူးချင်လှတဲ့ အိပ်မက်ထဲက ပုံရိပ်တွေပါ။ အခုတော့အိပ်မက်တွေအကြာကြီးပဲမက်နေစရာမလိုတော့ပါဘူး။ လာမယ့် နွေရာသီမှာဆိုရင် Universal Orlandoက အိပ်မက်တံခါးပေါက်တွေ၊ လျှို့ဝှက် ဂိတ်တံခါးတွေ အကုန် ဖွင့်လှစ်ပေးလိုက်တော့မှာပါ။ Universal Studios Florida က DiagonAlleyမှာ ဖွင့်လှစ်မယ့် "The Widzarding World of HarryPotter-ဟယ်ရီပေါ်တာရဲ့ မှော်ပဉ္စလက်ကမ္ဘာ"ဆီအရောက်သွားနိုင် ကြတော့မယ်။ ပြီးခဲ့တဲ့ ၂ဝ၁ဝ နွေရာသီမှာ ပေါ်ပြူလာ မှော်ယမကာဘား The Leaky Cauldron ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်တွေနဲ့ဥာဏ်ကြီးရှင်အကောင်သေးသေး၊ လက်ချောင်းရှည်လျားလျား Goblinစုန်းတွေရဲ့Gringottsဘဏ်ကြီးအတွင်း လှည့်လည်ကြည့်ရှုနိုင်တဲ့ရိုလာကိုစတာစတဲ့ စိတ်ဝင်စားဖွယ်ရာ အခင်းအကျင်းတွေကို ဖွင့်လှစ်ခဲ့ပြီးပါပြီ။ မှော်ကမ္ဘာ Hogsmeade ကိုလည်း ယူနီဗာဆယ်ရဲ့ ကျွန်းစွန့်စားခန်းပြကွက်တွေထဲမှာ ၂ဝ၁ဝ ဇွန်လက ပြသခဲ့ပါတယ်။ ၂ဝ၁ဝသြဂုတ်မှာ Harry Potter and the Forbidden Journey ခရီးအဖြစ် Hogsmeadeမှာ ထပ်မံတိုးချဲ့ ဖွင့်လှစ်ခဲ့တာပါ။ ရိုလာကိုစတာစီးသူ တစ်သန်းကျော်ခန့် လည်ပတ်ခဲ့ကြတယ်။ NBCUniversalက သတင်းပေးတာက ၂ဝ၁ဝမှာ မှော်ကမ္ဘာ အပန်းဖြေဥယျာဉ်ကြီးရဲ့ ၃ဝရာခိုင်နှုန်းပြီးစီးခဲ့ပြီး အဲဒါဟာ အကြီးဆုံးအပိုင်း ပြီးစီးခဲ့တာပါ။ ၂ဝ၁၁မှာ ၂၅ရာခိုင်နှုန်းနဲ့ ၂ဝ၁၂မှာ ၅ရာခိုင်နှုန်း ပြီးစီးခဲ့ပါတယ်။ "ကမ္ဘာတစ်ဝန်းက အပန်းဖြေဥယျာဉ်တည်ဆောက်သူတွေ ယူနီဗာဆယ်ရဲ့အကြီးအကျယ် ရင်းနှီးမြှုပ်နှံမှု၊ ကျွမ်းကျင်တဲ့ အတွေ့အကြုံတွေကို သဘောကျ နှစ်သက်ခဲ့ကြတယ်။ ဟယ်ရီပေါ်တာ ပုံပြင်တွေက ဘဝတစ်ခုဆီကို ခေါ်ယူသွားဖို့ အသေးစိတ် စေ့စပ်တိကျစွာ ဖန်တီး တည်ဆောက် ခဲ့ကြတယ်" လို့ International Association of Amusement Parks and Attractions ဆက်သွယ်ရေး ဥက္ကဋ္ဌ ဒေးဗစ်မန့်ဒ်က ပြောပါတယ်။ CNNသတင်းဌာနက ဧက ၂ဝ ဆောက် လုပ်ရေးလုပ်ငန်းတွေကိုကြည့်ရှုခဲ့တဲ့အခါ ဒီဇိုင်နာ၊အင်ဂျင်နီယာနဲ့လက်မှုပညာရှင်တွေ ထောင်ပေါင်းများ စွာဟာ ဖွင့်လှစ်မယ့်နေ့အတွက် ပြင်းပြင်းထန်ထန် အလုပ်လုပ်နေခဲ့ကြပါတယ်။ Universal Studios Florida ဝင်ကြေးက လူကြီးတွေအတွက် ၉၂ ဒေါ်လာ နဲ့ အသက် ၃နှစ်ကနေ ၉ နှစ် ကလေးငယ်တွေ အတွက် ၈၆ ဒေါ်လာ ပါ။ ပန်းခြံထဲမှာနှစ်သက်သလိုသွားလာနိုင်တယ်။ Diagon Valleyကိုလည်းအလည်သွားနိုင်ပါ တယ်။ Hogwarts Express စီးပြီး Hogsmeade မှော်ကမ္ဘာဆီ သွားချင်တယ်ဆိုရင်တော့ part-to-park ဝင်ခွင့်လက်မှတ်ကို လူကြီး ၁၂၈ ဒေါ်လာ နဲ့ ကလေး ၁၂၂ ဒေါ်လာ ပေးဝယ်ယူရမှာပါ။
နယူးဇီလန်မြောက်ကျွန်းမှ Hobbit ရုပ်တုကြီး ကို ကိုင်လှုပ်ဆွဲချလိုက်တဲ့ ငလျင်
အဆောက်အဦးတွေမှာ ကျိုးကျိုးကျစ်ကျစ်အသံတွေ အဆက်မပြတ် ပေါ်ထွက်ခဲ့တယ်။ လူ ထောင်ပေါင်းများစွာအတွက် လျှပ်စစ်မီးပြတ်တောက်သွားခဲ့ပါတယ်။ ဝယ်လင်တန်လေဆိပ်မျက်နှာကြက်မှာ ချိတ်ဆွဲထားတဲ့လင်းယုန်ငှက်ရုပ်တုကြီးဟာမြေပြင်ပေါ်ကိုပြုတ်ကျသွားခဲ့တယ်။ ပြုတ်ကျခဲ့တဲ့ ရုပ်တုကြီးနဲ့ တစ်ဦးတစ်ယောက်မှထိခိုက်ခြင်းမရှိခဲ့ပါဘူး။ အဲဒီနေ့ကရုံးပိတ်ရက် ဖြစ်နေတာကြောင့် ရုံးတွေပိတ်ထားတဲ့နေ့ပါ။ ငလျင်ဟာ ၆.၂ပမာဏရှိပြီးမြို့တော်ဝယ်လင်တန် အရှေ့မြောက်ဘက် ၁၁ဝ ကီလိုမီတာ(မိုင် ၇ဝ) အကွာ ဗဟိုပြုလှုပ်ခဲ့တာပါလို့ ယူအက်စ်ဘူမိဗေဒလေ့လာ စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ ကနဦး ၆.၃နဲ့ စတင်ခဲ့ပြီး ၂၈ကီလိုမီတာ(၁၇မိုင်)ခန့်အနက်ရှိခဲ့တယ်။ ဝယ်လင်တန်မြောက်ပိုင်း ကျေးလက်ဒေသ လူပေါင်း၅၆ဝဝခန့်အတွက် လျှပ်စစ်မီး ပြတ်သွားခဲ့တယ်။ နိုင်ငံပိုင် ရထားလိုင်းတွေအားလုံးကိုရပ်တန့်ထားခဲ့ပြီးလမ်းကြောင်းပျက်စီးမှု အခြေအနေတွေ စစ်ဆေးခဲ့ကြသလို ဘတ်စ်ကားတွေနဲ့သယ်ယူပို့ဆောင်ရေးအစားထိုးခဲ့ပါတယ်။ ဒါပေမဲ့ ကျောက်စိုင် ကျောက်သားတွေလည်းလမ်းမတွေပေါ် ပြုတ်ကျနေခဲ့တာတွေ ရှိတယ်လို့ KiwiRail က သတင်းပို့ခဲ့တယ်။ ငလျင်လှုပ်ခြင်းကို မြို့တော်ဝယ်လင်တန် အပါအဝင် နယူးဇီလန်အလယ်ပိုင်းက ပိုပြီး သိသိသာသာ ခံစားခဲ့ရတယ်လို့ ဆိုကြတယ်။ ပြုတ်ကျခဲ့တဲ့ လင်းယုန်ငှက် ရုပ်တုကြီးဟာ နယူးဇီလန်က ရိုက်ကူးခဲ့တဲ့ Hobbit ဇာတ်လမ်းတွဲတွေ ထဲက ဒုတိယပိုင်း The Hobbit: The Desolation of Smaug မှာ ပါဝင်ခဲ့တဲ့ Gandalf ဇာတ်ကောင် ငှက်မိစ္ဆာပုံတူပါ။ J.R.R. Tolkien ရေးသားခဲ့တဲ့ စာအုပ်တွေကို အသက်သွင်းထားတဲ့ Lord of the Ringsနဲ့ Hobbit ရုပ်ရှင်တွေနဲ့ နယူးဇီလန်နိုင်ငံ ခရီးသွားလုပ်ငန်းဟာ အကျိုးကျေးဇူး များခဲ့ကြတယ်။ နယူးဇီလန်နိုင်ငံရဲ့ မြေနေရာ အနေအထားဟာ ပစိဖိတ် "Ring Of Rire" အနောက်တောင်ပိုင်းအစွန်းမှာရှိ နေတယ်။ ပစိဖိတ် နဲ့ သြစတြေးလျပလိတ်နှစ်ခုကြားရှိ နေတာကြောင့် မြေငလျင်ဖြစ်ပွားနိုင်နှုန်းမြင့်မားပြီးမီးတောင် လှုပ်ရှားမှုတွေလည်းကြုံဆုံရတဲ့ဧရိယာဖြစ်နေပါတယ်။ အဲဒီ "Ring Of Rire" လမ်းကြောင်းဟာ ဂျပန်၊ အလာ့စကာတစ်လျှောက်ဖြတ်သွားပြီး မြောက်၊ တောင်အမေရိကရဲ့ အနောက်ဘက်ကမ်းရိုး တန်းတွေဆီ ဆင်းသွားပါတယ်။ တစ်နှစ်မှာ ငလျင်ပေါင်း ၁၄ဝဝဝကြိမ်ခန့်တုန်လှုပ်လေ့ရှိတယ်။ ၂ဝ၁၁ ခုနှစ်က Christchurch မြို့တော်မှာ လှုပ်ခဲ့တဲ့ ၆.၃ငလျင်ကြောင့် တောင်ပိုင်းကျွန်းမှာ လူပေါင်း ၁၈၅ဦး သေဆုံးခဲ့ကြတယ်။
ဥပဒေ အသစ် ကြောင့် ကျူးဘားက ဂန္ထဝင်လှလှပပကားအိုကြီးတွေ ထိတ်လန့်နေရပြီ
ကျူးဘားမှာ ကားတွေနဲ့ ပတ်သက်တဲ့ဥပဒေသစ် ပြဌာန်းလိုက်ပါတယ်။ အရင်ကတင်းကျပ်ထားတဲ့ကားတင်သွင်းခွင့်နဲ့ နိုင်ငံအတွင်းမှာ သိုမှီထားတဲ့ ကားအအိုအဟောင်းကြီးတွေကို စွန့်ပစ်ရဖို့လည်းဖြစ်လာပါတယ်။ အမေရိကန်လုပ်Pontiacနဲ့ Chevrolet တံဆိပ်ကားအိုကြီးတွေ တထိတ်ထိတ် ဖြစ်နေရပါပြီ။ ကားအသစ်တွေဟာ ဒေသခံအများစုအတွက် လက်လှမ်း မမီနိုင်လောက်အောင် ဈေးတွေမြင့်မားနေဆဲဆိုတဲ့ ကန့်ကွက် သတင်းပေးပို့မှုတွေလည်း ပြုလုပ်လာကြတယ်။ ကားတင်သွင်းခွင့် လျှော့လျှော့ပေါ့ပေါ့ ဥပဒေဟာ အဲဒီလိုအားထားနေရဆဲ ကားအိုကြီးတွေရဲ့ ဇာတ်သိမ်းခန်း အစပိုင်း ဖြစ်လာမှာကို တချို့ကကြောက်ရွံ့နေကြတယ်။ CNNရဲ့ iReportကကမ္ဘာ တစ်ဝန်းက စာဖတ်သူတွေကို ကျူးဘားကားအိုကြီးတွေရဲ့ ဓာတ်ပုံ၊ သတင်းတစ်ခုခုပိုင်ဆိုင်ထားခဲ့ရင် ပေးပို့ကြဖို့ ဖိတ်ခေါ်ထားပါတယ်။ ကျူးဘားရဲ့ Vintageကားတွေ ပိုင်ဆိုင်ထားသူဒါဇင်များစွာ စာရင်းပေးပို့ လာကြတယ်။ ဂျာမန်ကျောင်းသား ဝုဖ်ဂန်းဂ်သီအိုဖဲလ်ဟာ တက္ကသိုလ်လေ့လာရေးခရီး တစ်ခုမှာ ကျူးဘားကို အလည်အပတ်သွားခဲ့ရတယ်။ ၂ဝ၁၃ ဖေဖော်ဝါရီမှာ ပြန်လာခဲ့ပြီး အဲဒီခရီးမှာ သူရိုက်ကူးလာခဲ့တဲ့ VintageCars ဓာတ်ပုံတွေ ပေးပို့ခဲ့ပါတယ်။ ဥပဒေဟောင်းကတော့ ၁၉၅၉ ခုနှစ်ကတည်းက ကားတင်သွင်းခွင့်ကို ပိတ်ထားခဲ့တာပါ။ ကားဝယ်လိုတဲ့သူဟာ ပထမအဆင့်အဖြစ် ကားပါမစ်ရရှိဖို့လိုအပ်တယ်။ ပြီးခဲ့တဲ့နှစ်တွေမှာအမေရိကန်ကားတွေဖြစ်တဲ့Fords, Pontiacs နဲ့ Chevysတွေ ဝယ်ယူကြသူများခဲ့ကြပြီး။ကျူးဘားရဲ့ အမှတ်တံဆိပ်လိုတောင် ဖြစ်လာခဲ့တာပါ။ သတင်းပေးပို့မှုတွေအရ ၁၉၅ဝ ခုနှစ်ကတည်းက ဝယ်ယူ မောင်းနှင်နေဆဲ ကားအိုကြီးတွေ ၆ဝဝဝဝ ခန့်ရှိနေတယ်လို့ သိခဲ့ကြရတယ်။ အဲဒီ ပန်းရောင်ကားကိုတော့ဂျာမန် သတင်းပေးပို့သူ အလက်ဇန်းဒါးရှင်းမက်ခ်၂ဝဝ၈ဒီဇင်ဘာမှာ Old Havanaကကားပြတိုက်ရှေ့မှာ ရိုက်ကူးခဲ့တာပါ။ အင်္ဂလိပ်ခရီးသွား လူးကပ်စ်ဟားမန်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာက ဟာဗားနားကို လည်ပတ်ခဲ့ပါတယ်။ သူကပြောတယ်"ကားပိုင်ရှင်တွေဆီကနာရီပိုင်းဒါမှမဟုတ်တစ်နေ့လုံးစာ ငှားရမ်းနိုင်ပါ တယ်။ ဒီလို ဂန္ထဝင်အမေရိကန် ကားအိုကြီးတွေ မောင်းကြည့်ဖို့ ကျူးဘားမှာ သိပ်ပြီးလွယ်ကူပါတယ်" တဲ့။ အခုအချိန်မှာ
တော့ ဥပဒေသစ်ကြောင့် ဂန္ထဝင်ကားအိုကြီးတွေတထိတ်ထိတ်တလန့်လန့် ဖြစ်နေကြပါပြီ။
ဖြိုးဖြိုး
Living Fashion Magazine, May, 2014
No comments:
Post a Comment