Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, July 04, 2014

အိပ်မက်ရထား

စုမီအောင်ရဲ့စာ(Idea Magazine, May, 2014)

သူ ဒီရထားဘူတာရုံကြီးထဲမှာ ရောက်နေတာကြာပြီ။ စင်္ကြံအမှတ် ၆ ရဲ့ခုံတန်းတစ်ခုမှာ ထိုင်ပြီး ဘူတာစဉ်တွေ အချိန် တွေနဲ့ သွားနိုင်တဲ့ နယ်မြေတွေ အတိအကျစာရင်းပြုစုထားတဲ့ ရန်ကုန်မြို့ပတ်အချိန်စာရင်းနဲ့မြေပုံအညွှန်းစာရွက်ကိုပဲ ခဏခဏ ဖြန့်ဖြန့်ကြည့်နေမိတယ်။ ည ၆း၃၀ နာရီ အထူးမြို့ပတ်ရထားကို သူ စောင့်တယ်။ ဟိုဟိုသည်သည် မျက်လုံးဝေ့ကြည့်တယ်။ ပြီးတော့ လက်ထဲက ခေါက်ကိုင်ထားတဲ့ ရထားစဉ် လမ်းညွှန် စာရွက်ကို  ပြန်ဖြန့်ကြည့် ပြန်တယ်။ RBE aircon ရထား လက်ဝဲရစ်/ လက်ယာရစ် အခေါ်အဝေါ်တွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့ စာရွက်ကို စာဖြေဖို့ရှိတဲ့ ကျောင်းသားတစ်ယောက် ကျောင်းစာအလွတ်ကျက်မှတ်သလိုမျိုး အချိန်နာရီတွေ၊ ဘူတာခရီးစဉ်တွေ စသဖြင့်သူ့မှတ်ဥာဏ်ထဲ ရိုက်သွင်းနေမိပြန်တယ်။ ပြီးတော့ အဲဒီစာရွက်ကို ပြန်ခေါက်ပြီး ရှပ်အကျီအိတ်ကပ်ထဲ ထိုးထည့် သိမ်းလိုက်ပြန်တယ်။ ဟိုဟိုသည် သည်ကြည့်တယ်။ နာရီကိုကြည့်တယ်။ အခုမှ ၆နာရီပဲ ရှိသေးတယ်။ ရထားမလာသေးဘူး။ မလာသေးတာပဲ ကောင်းတယ်လို့ သူ ဖော့ပြီးတွေးတယ်။ လာရင် ခရီးစဉ်က မြန်မြန်ပြီးဆုံးသွားပြီး အိမ်ကို သူ မြန်မြန်ပြန်ရောက်သွားလိမ့်မယ်။ ဒါကိုလည်း သူ မလိုလားဘူး။ ဒါပေမဲ့ ရထားကိုလည်း မြန်မြန် ရောက်လာစေချင်နေတယ်။ သူ့ စိတ်ထဲ လှုပ်ရှား နေတယ်။ မလုပ်ဖူးတဲ့ အလုပ်တစ်ခုကို အခုပဲ စလုပ်ကြည့်ရမှာ။


သူ့ဘ၀မှာ ရထားတစ်ခါမှ မစီးဖူးဘူး။ ရန်ကုန်မြို့မှာ ဘတ်စ်ကား ဒါမှမဟုတ် စီးတီးတက္ကစီ ဒါပဲစီးဖူးတယ်။ ရထားနဲ့သွားရတဲ့ ခရီးတစ်ခု အခုမှ စထွက်ကြည့်မှာ။ အဲကွန်းတွေနဲ့ အေးစိမ့်ပြီး သပ်ရပ်သန့်ရှင်းတဲ့ RBEလို့ခေါ်တဲ့ ရထားအသစ်တွေ ရှိနေပြီဆိုလို့ အဲဒါကို သူ စမ်းသပ်စီးနင်းကြည့်မှာ။ သိပ်ဝေးဝေးတော့လည်း မဟုတ်ဘူး။ အင်းစိန်ထိပဲ။ လက်မှတ်ယူတော့ အများကြီး စဉ်းစားရင်း သူ ဦးနှောက်ခြောက်ရသေးတယ်။ မြို့ပတ်ကိုစီး မယ်ဆိုရင် ဒီနေရာ ဒီရန်ကုန်ဘူတာကြီးကို ပြန်ရောက်မယ်။ ဒီဘူတာကြီးကနေ တစ်ခါ အိမ်ကို ပြန်ရင် ညတွေသိပ်နက်ကုန်မှာလည်းစိုးတယ်။ ဒါကြောင့် အင်းစိန်ထိပဲ လက်မှတ်ယူပြီး အင်းစိန်ကနေ အိမ်ကို ဘတ်စ်ကားဒါမှမဟုတ် တက္ကစီနဲ့ ပြန်ဖို့ စဉ်းစားထားတယ်။ သူ ထိုင်နေရာကထပြီး လမ်းလျှောက် မိပြန်တယ်။ စိတ်တွေ ယောက်ယက်ခတ်လှုပ်ရှားနေတယ်။ ရထားစီးဖို့ စိတ်လှုပ်ရှားသူဆိုလို့ ဒီနေရာမှာ သူ တစ်ယောက်တည်းပဲ ရှိမယ်လို့တောင် ထင်မိပါသေးတယ်။ အမှန်က ရထားစီးဖို့တစ်ခုတည်းအတွက်ကြောင့် သူ စိတ်လှုပ်ရှား တာမဟုတ်ဘူး။ စိတ်လှုပ်ရှားစရာ ကိစ္စတစ်ခု မကြာသေးခင်ကပဲ ရင်ဆိုင်ခဲ့ရလို့…။ စိတ်လှုပ်ရှားစရာဖြစ်သလို အကြီးအကျယ် စိတ်ဆင်းရဲထိခိုက်စရာလည်းဖြစ်တဲ့ ကိစ္စကြီးတစ်ခုနဲ့ သူ ရင်ဆိုင်ခဲ့ရတယ်။ အဲဒီ ကိစ္စကြီးကြောင့် သူ့စိတ်ထဲမှာ သပွတ်အူကြီလိုပဲ အစအနတွေ လိမ်ကျစ်ရှုပ်ထွေးပွယောင်းနေတယ်။ ရှုပ်ထွေးပွယောင်းနေတဲ့စိတ်တွေ ပြေလျော့ဖို့ တစ်ခုခုတော့ လုပ်ပစ်မှဖြစ်မယ်လို့ စဉ်းစားမိရာက ဒီဘူတာကြီးထဲကို သူ ရောက်နေခဲ့တာ။ မစီးဖူးသေးတဲ့ ရထားကို စီးပြီး ခရီးတိုလေးတစ်ခု စမ်းသပ် ထွက်ကြည့်လိုက်ရင် မွန်းကျပ်နေတဲ့စိတ်တွေ အလုံးစုံမဟုတ်တောင်မှ အတန်ငယ်တော့ ပြေလျော့သက်သာရာရမယ်လို့ သူ ထင်နေမိတယ်။ ဟိုဟိုသည်သည် မျက်လုံးဝေ့ကြည့်မိတော့ မြင်ကွင်းထဲကို ၀ါဂွမ်းလေးတစ်စ လေထဲကနေ လွင့်စဉ်ပြုတ်ကျလာသလိုမျိုး ဦးထုပ်အပြာရောင်နဲ့ အမျိုးသမီးတစ်ဦး ဖွဖွကြွကြွကလေး ၀င်လာတယ်။

အဲဒီအမျိုးသမီးက လက်ထဲမှာ ပြောင်ပြောင်လက်လက် အိတ်ပြာပြာကြီးတစ်လုံးကိုင်ဆွဲ ထားတယ်။ မျက်မှန်ကိုင်းနက်နက်ထူထူတပ်ထားတဲ့ သူမမျက်လုံးတွေက တစ်စုံတစ်ယောက်ကို ရှာဖွေနေသလိုလို၊ ဟိုကြည့် ဒီကြည့်နဲ့။ ကတ္တီပါရှူးဖိနပ်အနက် စီးထားတဲ့ ခြေထောက်တွေက ပလက်ဖောင်း ကြမ်းခင်းနဲ့ ထိပုံမရဘဲ လွတ်လွတ်ဟာဟာဖြစ်နေတယ်။  ခြေလှမ်းတွေဖွဖွကြွပြီး ငေးရီရီလျှောက်နေဟန်က အိပ်မက်ထဲ တစ်ယောက်တည်း မျောလွင့် လျှောက်နေသလိုမျိုး၊ တစ်စုံတစ်ယောက်ကို ရှာနေသလိုထင်ရပေမဲ့ ဘယ်သူ့ကိုမှလည်း သူမမျက်လုံးထဲ မြင်ပုံမရသလိုမျိုး၊ ပြီးတော့ ဒူးနားတစ်ဝိုက်မှာ ဖြာဝဲကျနေတဲ့ အနက်ရောင်ဂါဝန်အောက်နားစ လှိုင်းတွန့်အထပ်အထပ်ကလေးတွေက ခြေလှမ်းလှမ်းလိုက်တိုင်း ဖတ်လတ်ဖတ်လတ် နဲ့ သူမရဲ့ လမ်းလျှောက်ဟန်ကို ပိုပြီးအိပ်မက်ဆန်အောင် ဖြည့်စွက်ပေးနေသလိုပဲ။ သူ့မျက်လုံးထဲမတော့ ၀ါဂွမ်းလေးတစ်စ လေနှင်ရာလွင့်မျောနေ သလိုပဲလို့ ထင်မိတယ်။ မြို့ပတ်ရထားစီးဖို့ရောက်လာကြတဲ့ အပေအတေ လူစားတွေကြားမှာ သူမရဲ့ပုံစံက အထင်းသားကြီး မြင်တွေ့သတိပြုမိနိုင်လောက်အောင် သီးသီးသန့်သန့် ကွဲထွက်နေလို့ပဲ သူ အာရုံစိုက်မိတာဖြစ်မယ်။

ဒီအမျိုးသမီး တစ်ယောက်ယောက်ကိုများ ရှာဖွေနေသလားပဲ။ ရထားစီးဖို့လက်မှတ်ရောင်းတဲ့နေရာကို ရှာနေတာလည်း ဖြစ်နိုင်တယ်။ သိပ်သေချာတာပေါ့။ လက်မှတ်ရုံလေးရှေ့မှာ သူမ ရပ်သွားတယ်။ လက်မှတ်ဝယ်ပြီး ရုတ်တရက် ပြန်အလှည့်မှာ သူမကို တစ်လျှောက်လုံး လိုက်ကြည့် နေမိတဲ့ သူ့မျက်လုံးတွေနဲ့ တည့်တည့်မတ်မတ်ကြီး ၀င်ဆောင့်တိုးမိသွားတယ်။ သူ ရှက်ကိုးရှက်ကန်းနဲ့ အမျိုးသမီးကို ပြုံးပြမိလိုက်သလားပဲ။ သိပ်တော့ မသေချာဘူး။ အမျိုးသမီးက ရှာနေတဲ့တစ်စုံတစ်ယောက်ကို တွေ့မိလိုက်လို့ အားတက်သွားသလိုဟန်ပန် တက်တက်ကြွကြွနဲ့၊ ပြီး ခပ်ဆတ်ဆတ် ခြေလှမ်းတွေနဲ့ သူ့ဆီ တန်းတန်းကြီး လျှောက်လာတယ်။
“ တစ်ဆိတ်..၆နာရီခွဲ အထူးမြို့ပတ်ရထားက ဘယ်ပလက်ဖောင်းက စီးရမှာလဲရှင် ”
“ ဟိုဘက်ပလက်ဖောင်းကပဲ ဒါနဲ့ ခင်ဗျားဘယ်သွားမှာလဲ”
“ မသိသေးပါဘူး”
“ ဗျာ”
“ ဟိုလေ ဘူတာစဉ်တွေလည်း မသိဘူးဖြစ်နေတယ်”
“ ဒီလိုလား…သြော်…ခဏ…ဒီမှာ”
အိတ်ကပ်ထဲက ခရီးစဉ်လမ်းညွှန်စာရွက်ကို ကမန်းကတန်းထုတ်ပြလိုက်တဲ့အခါ အမျိုးသမီးက ဆွဲယူလိုက်ပြီး သူ့နံဘေးမှာ ၀င်ထိုင်ရင်း ကြည့်လိုက်တယ်။ စောစောကမှ အသေအချာကြည့်ပြီးထားလို့ သိနှင့်နေတဲ့အတွက် သူက အမျိုးသမီးကိုရှင်းလင်းပြောပြနိုင်သွားတယ်။
“ ဒီမှာလေ..ဒီဘူတာကြီးကစထွက်ပြီးရင် ပုဇွန်တောင် မလွှကုန်း မေတ္တာညွန့် တာမွေ..အဲဒီကနေ ဆက်သွား၊ ဒါက ပုရွက်ဆိတ်ကုန်း၊ ကျွန်တော့်နေရာ၊ ဒါကို ကျော်သွားပြီး ကျွန်တော်က ဒီလိုဆက်စီးမှာ၊ အင်းစိန် ရောက်တဲ့ အထိ…”
“ ပြပါဦး၊ ကျွန်မ ဘယ်ထိ စီးရင်ကောင်းမလဲ….”
အမျိုးသမီးက သူမဘာသာ ညည်းတွားလိုက်တဲ့လေသံနဲ့ ပြောရင်း မျက်မှန်ကိုင်းကို လက်နဲ့ပင့်တင်လို့ စာရွက်ကို ငုံ့ကိုင်းကြည့်တယ်။ အဲဒီလို ငုံ့ကိုင်းကြည့်လိုက်ချိန်မှာ သူနဲ့ ဦးခေါင်းချင်း အနေအထား နီးကပ်သွားပေမဲ့ အမျိုးသမီးက ဒါကို သတိပြုမိပုံမပေါ်ဘဲ စာရွက်ကိုပဲ အနီးကပ်တိုးကာငုံ့ကာ အာရုံစိုက်ကြည့်တယ်။ စင်္ကြံတစ်လျှောက်ထွန်းညှိထားတဲ့မီးအလင်းရောင် ခပ်ဝါ၀ါအောက်မှာ ဘူတာစဉ် အမှတ်အသား အမည်းဝိုင်းလေးတွေကို တစ်ခုချင်း လက်ညှိုးလေးနဲ့ ထောက်ကာထောက်ကာ ရွှေ့ရွှေ့ကြည့်နေတယ်။ nail art တွေ အမျိုးမျိုးပုံဖော်၊ လက်သည်းဆိုးဆေး ထင်းထင်းစူးစူး ထူထူပျစ်ပျစ်တွေနဲ့ လက်ချောင်းတွေကို အတော်များများ သူမြင်ဖူးထားခဲ့ပြီ။ ဆိုးဆေး လုံးဝဆိုးမထားတဲ့ ပကတိအဖြူရောင်လက်သည်း ရှည်ရှည်လေးတွေက ရိုးရိုးရှင်းရှင်းကလေးလှနေပြီး မမြင်ဖူးတဲ့အလှတစ်ခုလို ရှားပါးဆန်းသစ်နေလို့ သူ လိုက်ကြည့်နေမိတယ်။ ခပ်ရှည်ရှည် လက်သည်းတွေကို ကြည့်ခြင်းအားဖြင့် အမျိုးသမီးဟာ မိန်းမသား တစ်ဦး လုပ်သင့်လုပ်ထိုက်တဲ့အိမ်မှုကိစ္စတွေကို နိစ္စဓူဝ လုပ်ရပုံမပေါ်ဘူးလို့ သူ့စိတ်ထဲ တိတ်တိတ်မှတ်ချက်ချ လိုက်သေးတယ်။
“ဟူး ..ဘယ်မှာ ဆင်းရမှန်းမသိဘူး”
သက်ပြင်းချရင်း အမျိုးသမီးက ပြောတယ်။ သူ ရိပ်စားမိလိုက်ပြီ။ အမျိုးသမီးဟာ သူ့လိုပဲ ရထားစီးချင်လို့ ရထားစီးဖို့ ရထားလာစီးတဲ့ ရထားစီးသူသက်သက် ဖြစ်နေတယ်။ အများသူငါလို သွားမယ့်ခရီး အတိအကျ ရှိထားပုံမရဘူး။
“ ခင်ဗျားဘယ်မှာနေတာလဲ ဘယ်ကိုပြန်မှာလဲ အိမ်နဲ့နီးမယ့် ဘူတာစဉ်မှာဆင်းပေါ့”
“ ဒါပေါ့ ဒါပေါ့ ဒီလိုပဲလုပ်ရမှာပေါ့”
အဲဒီမှာပဲ RBEရထား ဖြည်းဖြည်းလှိမ့်ဝင်လာတာမြင်တယ်။
`ဟိုဘက်ပလက်ဖောင်းကို ကူးကြရမယ် ´လို့ပြောရင်း သူ မတ်တတ်ရပ်လိုက်တဲ့အခါ အမျိုးသမီးက သူနဲ့အတူ ယှဉ်ရပ်လာတယ်။ ကြည့်ရ တာ ဒီရထားကို အမျိုးသမီး အရင်က စီးဖူးပုံမရဘူး။  ပလက်ဖောင်းကနေဆင်း ကျောက်စရစ်ခဲတွေကို နင်း၊ သံလမ်းတွေကို ကျော်ဖြတ်တဲ့အခါ အမျိုးသမီးက တုန့်နှေးနှေးဖြစ်နေတာ သူသတိထားမိတယ်။ “ဘာမှမဖြစ်ဘူး၊ လာ ရဲရဲလာ”ပြောရင်း ရှေ့ကနေ သူ ဦးဆောင်ခေါ်သွားဖြစ်တယ်။ ကျောက်စရစ်ခဲလုံးတွေနင်းရင်း ခြေချော်ယိုင်လဲသွားလေမလား ရုတ်တရက် ပူပန်စိတ်ဝင်လာပြီး အမျိုးသမီးရဲ့ဘေးကနေ သူ အသင့်အနေအထားနဲ့ ကရုဏာကြီးစွာ ဖေးမကာကွယ်ပေးနေမိတယ်။ ရထားတွဲပေါ်တက်ရမယ့် အထစ်လေးတွေက တော်တော်မြင့်တယ်။ သူ အရင်ပြေးတက်လိုက်ပြီး အမျိုးသမီးကို လက်ကမ်းပေးလိုက်တယ်။ အမျိုးသမီးက လက်ကာပြတယ်။ `ရတယ် ကျွန်မလုပ်နိုင်ပါတယ်´လို့ပြောတယ်။ `ဘယ်တွဲမှာထိုင်မလဲ အားလုံးအတူတူပဲ´ လို့ သူပြောရင်း ရှေ့ကနေ ဦးဆောင်သွားနေမိတယ်။ သူ့ခြေလှမ်းတွေ သွက်လက်ပေါ့ပါးနေတယ်။ စိတ်တွေရောပဲ။ အိမ်ကထွက်ခဲ့ တုန်းက ပါလာတဲ့ သူ့အတွက် အင်မတန်ကြီးလေးတဲ့ စိတ်ဆင်းရဲထိခိုက်စရာကိစ္စကြီးကို သူ မေ့သွားတယ်။ ဘေးလူတွေမြင်ရင် သူနဲ့ အမျိုးသမီးနဲ့ နှစ်ယောက်သားအတူတူ တွဲလာကြသလိုပဲ..…ဒီအတွေးနဲ့ သူ့အဖြစ်သူ ရှိုးတိုးရှန့်တန့် ဖြစ်ချင်သလိုလို၊ သဘောတွေကျပြီး ရယ်ချင်မိသလိုလို ဖြစ်သွားတယ်။
“ ဒီမှာပဲ ထိုင်ကြမယ်”
ပြောပြီး သူအရင် ၀င်ထိုင်လိုက်တဲ့အခါ အမျိုးသမီးက သူနဲ့မျက်နှာချင်းဆိုင်မှာ ၀င်ထိုင်လိုက်တယ်။ ပြီး ချက်ချင်းပဲ ပြန်ရပ်လိုက်ပြန်တယ်။ `ရထားက ဟိုဘက်သွားတာမို့လား၊ နောက်ပြန်ကြီးထိုင်ရတာ မကောင်းဘူး….´ပြောပြောဆိုဆို သူ့ဘေးခုံမှာ စွေ့ခနဲ ၀င်ထိုင်လိုက်တယ်။ သူက ကျောပိုးအိတ်ကို ဖြုတ်ပြီး ရှေ့ခုံကို ပစ်တင်အလိုက်မှာ အမျိုးသမီးကလည်း ပေါင်ပေါ်ပွေ့ကိုင်ထားလက်စ သူမရဲ့ အိတ်ကြီးကို ရှေ့ခုံပေါ် လှမ်းတင်လိုက်တာနဲ့ တစ်ပြိုင်နက်တည်း၊ ပြီးတော့ တစ်ထပ်တည်းကျသလို ဖြစ်သွားလို့ နှစ်ယောက်သား ရယ်မိလိုက်ကြတယ်။ ကလေးတွေလိုပဲ …။ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး၊ အံ့သြစရာ။
“ စားစရာတွေ ယူလာရမှာနော်”အမျိုးသမီးက ခုမှ စဉ်းစားမိဟန်နဲ့ မျက်လုံးထောင့်ကပ်ပြီး ပြောတယ်။
“ ဟုတ်တယ်၊ အာလူးချောင်းကြော်တွေ၊ နေကြာစေ့တွေ၊ ကော်ဖီဘူးတွေ ယူလာရမှာ”
“ နောက်တစ်ခါ အစုံယူလာမယ်”
ဒီအနေအထားနဲ့ ဒီစကားတွေကြောင့် သူ့စိတ်တွေကျလိကျလိဖြစ်ပြီး ပိုပြီး ရယ်ချင်လာတယ်။ အမှန်က တစ်ယောက်နဲ့တစ်ယောက် နာမည်တောင် မသိကြသေးတဲ့ သူစိမ်းစစ်စစ်တွေ။ မသိရင် အတူတူ ယှဉ်တွဲလာခဲ့ကြသလိုလို။ တွဲစောင့်နှစ်ယောက် ဖြတ်သွားခိုက်မှာ သူတို့ကို ပြုံးပြုံးကြီးကြည့်ရင်း “အဆင်ပြေရဲ့လား” လို့ မေးတယ်။ “ ဟုတ်ကဲ့ပါဗျာ”လို့ သူဦးဆောင်ဖြေကြားလိုက်ပေမဲ့ ခုကျမှ  အမျိုးသမီးက မျက်လုံးကြီးတွေ အ၀ိုင်းသားနဲ့ သူ့ကို ပြူးပြူးပြဲပြဲ ကြည့်တယ်။ သူမ ကိုယ်တိုင်လည်း ဒီအနေအထားအပေါ် သဘောပေါက်သွားပုံပဲ။ ဂျာနယ်တစ်စောင်ထဲမှာ ဖတ်ဖူးခဲ့ တာကို သူ ပြေးသတိရသွားတယ်။ ဒီအထူးရထားက သာမန်ပြည်သူလူထု ရုံးသွားရုံးပြန် ၀န်ထမ်းတွေထက် သမီးရည်စားစုံတွဲတွေ အစီးများတယ် ဆိုလားး….။ အဲဒါကို ဒီအမျိုးသမီးကို ပြောပြရရင် ကောင်းမလားပဲ သူတွေးမိသွားတယ်။
“ ကျွန်တော်တို့ကို သမီးရည်းစားတွေလို့ ထင်နေတာ”
ပွင့်ပွင့်လင်းလင်းပြောလိုက်တဲ့ သူ့စကားကြောင့် အမျိုးသမီးက သူ့ကို မျက်ခုံးပင့်ကြည့်တယ်. စဉ်းစားဟန်ပြုပြီး ရုပ်က ခပ်တည်တည် ဖြစ်သွားတယ်။ ပြီး ကိုယ်လေးကို နည်းနည်းကြွပြီး ထိုင်နေတဲ့ပုံစံကို မသိမသာလေးပြင်ကာ တစ်ဖက်ကို နေရာလေးရွှေ့တယ်။
သူ ပခုံးတွန့်လိုက်မိတယ်။
“ ခင်ဗျား အဆင်ပြေရဲ့လား၊ မပြေရင် ကျွန်တော် ဟိုးဘက်ခုံ ပြောင်းထိုင်လိုက်မယ်”
ဒီတော့လည်း ပျာပျာသလဲ။ မျက်လုံးဝိုင်းဝိုင်းကြီးတွေနဲ့ သူ့မျက်နှာကို တိတိကျကျ လှည့်ကြည့်ရင်း အမျိုးသမီးက ပြောတယ်။
“ဟင့်အင်း မလိုပါဘူး၊ ဒီလိုပဲ ကောင်းသားပဲ၊ စကားပြောဖော်ရတာပေါ့”
စကားပြောဖော်ရတာပေါ့ဆိုပြီး တကယ်တမ်းမှာ ရထားလည်းထွက်ရော အမျိုးသမီးက ငြိမ်နေတယ်။ ခဏကြာတော့ လှုပ်လာတယ်။ တလှုပ်လှုပ်နဲ့ သူ့အိတ်ကြီးကို ဇစ်ဖွင့်၊ အထဲကိုလက်လျှိုသွင်းတယ်။ ပြန်ထုတ်လိုက်တော့ ကင်မရာတစ်လုံး သူမလက်ထဲပါလာတယ်။
“ကျမကို ဓာတ်ပုံ…ဓာတ်ပုံလေး တစ်ပုံနှစ်ပုံလောက် ရိုက်ပေးနိုင်မလား”
“ သိပ်ရ…”
သူ ခုံနဲ့လွတ်ရာ လျှောက်လမ်းလယ်မှာ မတ်တတ်ရပ်ပြီး အမျိုးသမီးဘက်ကို ကင်မရာနဲ့ ချိန်ရွယ်လိုက်တယ်။ ခုံမှာထိုင်လျက်အနေအထားမှာပဲ  သုံးလေးပုံရိုက် ပေးပြီးတဲ့အခါ အမျိုးသမီးက သူ့ကို တစ်လှည့်ပြန်ရိုက်ပေးမယ်ပြောတယ်။ သူ မငြင်းမိဘူး။ ဓာတ်ပုံတွေ အပြန်အလှန်ရိုက်ပြီးတဲ့အခါ သူရော အမျိုးသမီးပါ ငြိမ်ငြိမ်ဆိတ်ဆိတ်နဲ့ပဲ ထိုင်နေကြပြန်တယ်။ လူက ငြိမ်ဆိတ်သွားတဲ့အခါ အတွေးတွေက အားကောင်းမို့မောက်လာတယ်။ ရုန်းကြွလာတယ်။ လျှံကျလာတယ်။ သူ့နှုတ်ခမ်းက တလှုပ်လှုပ်ဖြစ်လာတယ်။
..အမေ ရက်စက်တယ်…မတရားဘူး...
အမျိုးသမီးက သူ့ဘက် ငဲ့စောင်းကြည့်လာတယ်။
“ဟင်  ရှင်..တစ်ခုခု ပြောလိုက်သလားပဲ”
“အာ..ဘာမှမဟုတ်ပါဘူး၊(သူ ခေါင်းကုတ်တယ်) ဒါ့ထက်စောတဲ့ အထူးရထားကို စီးရင်ကောင်းမှာ ညနေခင်း နေ၀င်ချိန်ဆည်းဆာ မြင်ကွင်းလေးတွေ ပြတင်းကနေ မြင်ရမှာ.. အခုက မည်းမှောင်နေခဲ့ပြီ”
“ဟင့်အင်း ကျွန်မတော့ ညပဲကြိုက်တယ်”
အဲဒီနောက် သူတို့ တိတ်ဆိတ်သွားကြတယ်။ အမျိုးသမီးက တစ်ချက်တစ်ချက် ပြိုးပြိုးပြက်ပြက် မြင်နေရတဲ့ ရထားအပြင်ဘက်က ညမီးပွင့် ၀ါဝါကြန့်ကြန့်လေးတွေကို ငေးမောကြည့်ရင်း လိုက်ပါလာတယ်။ သူ့စိတ်တွေက အိမ်ကို ကဆုန်စိုင်းရောက်သွားတယ်။ အိမ်မှာ အဖေနဲ့ ညီမလေး သူ့ကို မျှော်နေကြမှာပဲ…။ ဘယ်လောက် အတွေးလွန်သွားတယ်မသိဘူး။ သတိရလို့ ဘေးကို ငဲ့စောင်းကြည့်တဲ့အခါ ပါးပြင်ပေါ်မှာ မျက်ရည်တစ်စနဲ့ မသိမသာ ရှိုက်ငိုနေတဲ့ အမျိုးသမီးကို မြင်လိုက်ရတယ်။ မြတ်စွာဘုရား..…ရည်းစားနဲ့ကွဲလာလို့လား၊ ယောက်ျားနဲ့ စိတ်ဆိုးပြီး အိမ်ကထွက်ပြေးလာတဲ့ မိန်းမလား။ သူ့ စိတ်ထဲ ရုတ်တရက် ပူထူလန့်ဖျပ်သွားတယ်။ ဘယ်လိုနှစ်သိမ့်ရပါ့။
ပခုံးကို မရဲတရဲတို့ထိဆုပ်ကိုင်လိုက်ပြီး သူ မေးလိုက်တယ်။
“ ခင်ဗျားမှာ စိတ်မကောင်းစရာရှိလို့လား”
ဦးထုပ်ပြာပြာကို ပင့်တင်ပြီး သူ့ဘက်လှည့်မော့ကြည့်လာတဲ့ မျက်လုံးတစ်စုံမှာ မျက်ရည်တွေက ရွှဲ့နစ်အိုင်ထွန်းလို့။
“လွန်ခဲ့တဲ့တစ်ပတ်က အဖေ ကျမတို့ကို ထားသွားတယ်”
တိုက်ဆိုင်လိုက်တာလို့ သူတွေးပြီး မေးလိုက်တယ်။
“ နောက်မိန်းမယူသွားတာလား ”
“ ဟင့်အင်း၊ သူ သေသွားတာ”
ဒီတော့မှ အမျိုးသမီးရဲ့ဝတ်စုံကို သူသေချာစေ့စေ့ကြည့်မိတယ်။ တစ်ထည်လုံးအနက်ရောင်။ ဘယ်ဘက်ရင်ဘတ်မှာ အနက်ရောင် ပိတ်စ နဲ့လုပ်တဲ့ နှင်းဆီပွင့်ခပ်သေးသေးကို ရင်ထိုးလုပ် ထိုးထားတယ်။ ဒီခေတ်အမျိုးသမီးတွေအတော်များများ အနက်ရောင်ကို ၀တ်တတ်ကြလွန်းလို့ ဖက်ရှင်တစ်ခုအဖြစ် ၀တ်ထားတယ်ပဲ သူ ထင်မှတ်ထားခဲ့တာ။ အခု ဒီလိုမဟုတ်ခဲ့ဘူး။ ၀မ်းနည်းကြေကွဲခြင်းကို လှစ်ဟထားတဲ့ သင်္ကေတ၊ အနက်ရောင်။
“ အဲဗျာ…..အင်း....ကျွန်တော်စိတ်မကောင်းပါဘူး၊ သူ ဘယ်အရွယ်ပါလိမ့်”
“ …………၈၅ နှစ်”
“ အား…အကြာကြီးသူနေခဲ့ရတာပဲ၊ သက်တမ်းစေ့နေရတယ်ပြောလို့ရတယ်၊ ဖြေသာပါတယ်”
“ ရှင်မသိလို့..အကြာကြီးနေခဲ့ရပေမဲ့ အိမ်တစ်လုံးမှာ သူတစ်ယောက်တည်းရယ်၊ ကျမတို့မောင်နှမတွေက အဝေးမှာချည်းပဲ၊ နိုင်ငံခြားမှာတင် နှစ်ယောက်၊ အထီးကျန်ချိန်တွေက သူ့မှာ ပိုများခဲ့တာ၊ ဒါကိုပဲ ကျမစိတ်မကောင်းဖြစ်တာ။ ပြီးတော့ အဖေက ရထားစီးရတာ သိပ်ကြိုက်တယ်၊ ပျဉ်းမနားကနေ ရန်ကုန်လာတိုင်း ရထားပဲ စီးစီးလာတတ်တယ်၊ ရန်ကုန်မှာလည်း ဘယ်သွားသွား ပိုက်ဆံဘယ်လောက်ရှိရှိ၊ တက္ကစီဘယ်တော့မှ မငှားဘူး။ ဒီလိုမြို့ပတ်ရထားတွေပဲ အဖေစီးတတ်တယ်။ အဖေ့ကိုသတိရလို့ ကျမ ရထားလာစီးတာ၊ အဖေ ဒီလိုသက်သောင့်သက်သာနဲ့ ရထား ကောင်းကောင်းလေးတောင် စီးမသွားခဲ့ရဘူး….”
ပြောရင်း အမျိုးသမီးက ပိုပိုဝမ်းနည်းလာပုံရတယ်။ အသံက သိသိသာသာတုန်ယင်လှုပ်ခတ်လာတယ်။ သူ ခြေမကိုင်မိ လက်မကိုင်မိနဲ့ ပျာလောင်ခတ်သွားတယ်။ ဘယ်လိုလုပ်ရပါ့။ အမျိုးသမီးက မျက်မှန်ကိုချွတ်ပြီး လက်ခုံနဲ့ မျက်လုံးတွေကို ပွတ်တယ်။ သူ မကြည့်ရက်တော့ဘူး။ အယောင်ယောင်အမှားမှားနဲ့ သူမခေါင်းပေါ်က ဦးထုပ်ကို ဆွဲချွတ်ဖယ်ပေးပြီး မျက်လုံးတွေပေါ် ဖြာဝဲကျနေတဲ့ဆံပင်လေးတွေကို သပ်တင်ပေးမိသွား တယ်။ ပြီးတော့ တသိမ့်သိမ့်တုန်ယင်လှုပ်ခါနေတဲ့ ပခုံးလေးတွေကို ပွေ့ယူနှစ်သိမ့်မလို့ တို့ထိဆုပ်ကိုင်မိပြီးကာမှ ရုတ်ခြည်း လက်ကို ရုပ်သိမ်းလိုက်တယ်။
“ရထားက အေးစိမ့်နေတာပဲ၊ ရေခဲတောင်ကို သွားနေသလားအောက်မေ့ရတယ်၊ တဖြည်းဖြည်း ပိုအေးလာတယ်၊ ခင်ဗျားအနွေးအကျီပါခဲ့ လား”
အမျိုးသမီးက ဘာမှပြန်မပြောဘူး။ ထိန်းမနိုင်သိမ်းမရ စီးကျလာနေတဲ့ မျက်ရည်တွေကို လက်ခုံနဲ့ပွတ်ဖယ်လိုက် လက်ဖ၀ါးတွေနဲ့သုတ်လိုက်နဲ့  ၀မ်းနည်းစိတ်ကို ကြိုးစားထိန်းချုပ်နေရှာတယ်။ သူ တီရှပ်အကျီပေါ်က ထပ်ဝတ်ထားခဲ့တဲ့ ရှပ်အကျီအကွက်လက်ရှည်ကို ဗြိုးဗြိုးဗျပ်ဗျပ် ဆွဲချွတ်လိုက်ပြီး အမျိုးသမီးရဲ့ကိုယ်ပေါ် နောက်ကျောဘက်ကနေ ညင်ညင်သာသာလွှမ်းရုံခြုံပေးလိုက်တယ်။ ထိုင်ခုံမှာ ကိုယ်လေးကိုင်းခွက်ပြီး ပုအိုက်အိုက် ညွှတ်ထိုင် နေတဲ့ အမျိုးသမီးကို စူးစူးစိုက်စိုက်ဆီးမိုးငုံ့ကြည့်ရင်း ကရုဏာကြီးစွာနဲ့ သူမေးလိုက်တယ်။
“ ခင်ဗျားအဆင်ပြေရဲ့လားဟင်”
“ရှင်သိလား၊ အဖေက လူချစ်လူခင်သိပ်များတာ။ အရေပြားရောဂါနဲ့ပတ်သက်ရင် အထူးကျွမ်းကျင်တဲ့ဆရာဝန်ပဲ။ အရေပြားပေါ်မှာ ဖြစ်ပေါ်သမျှ သာမန် အဖုအပိမ့်လေးကစလို့ နူနာစွဲရောဂါသည်တွေအထိ အဖေနှစ်ကာလများစွာ ကုသပေးခဲ့တယ်။ ပျဉ်းမနား ဘူတာရုံပိုင်ကြီးကိုလည်း သူဆေးကုပေးရဖူးတယ်။ အကူအညီလိုရင်ပြောလို့ ရုံပိုင်ကြီးက လမ်းဖွင့်ပေးတာတောင် ရထားလက်မှတ်တစ်စောင် လုပ်ပေးဖို့ တစ်ခါမှ မတောင်းခံ ခဲ့ဖူးဘူး။ ကျမတို့ ဆယ်တန်းအောင်လို့ ရန်ကုန်မှာ ကျောင်းတက်ရတော့ ကျောင်းတစ်ခါလာတက်တိုင်း ရထားလက်မှတ်ကို အများနည်းတူ ဘူတာကို ဝေလီဝေလင်းထလာ၊  ခြေထောက်တွေညောင်းနေအောင် တန်းစီစောင့်ဆိုင်းပြီး အမြဲ ၀ယ်ရတယ်။ အဖေကသာ ဖုန်းတစ်ချက်ဆက် လိုက်မယ်ဆိုရင် အိမ်တိုင်ရာရောက် လက်မှတ်လာပေးမယ့်ဟာကို အဖေက တစ်ခါမှ အခွင့်အရေး မယူဘူး၊ ကျမတို့မောင်နှမတွေတစ်သက် ရထားစီးတိုင်း မှတ်ပုံတင်လေးတွေကိုင်လို့ လက်မှတ်ကို ဘူတာရုံမှာ အမြဲသွားဝယ်ရတယ်၊ သူလည်းပဲ ကိုယ်တိုင်တန်းစီဝယ်တယ်။ ငယ်တုန်းကတော့ ကျမတို့ အဖေ့ကို စိတ်ဆိုးတာပေါ့၊ ကြီးလာမှ တဖြည်းဖြည်းသဘောပေါက်ခဲ့တာ။ ဒါဟာ ကိုယ့်အားကိုယ်ကိုးဖို့နဲ့ အများနဲ့တန်းတူ ရုန်းကန်နိုင်စွမ်းရှိဖို့ အဖေက ကျမတို့ကို လေ့ကျင့်ပျိုးထောင်ပေးခဲ့တာ..၊ စောစောက ဒီမှာ လက်မှတ်ဝယ်ကတည်းက ကျမသူ့ကို တအားသတိရတာပဲရှင် ..ဘယ်လိုနေရမှန်းကို မသိတော့အောင်ပဲ၊….စိတ်ထဲလွတ်လွတ်ဟာဟာ ဆို့ဆို့နင့်နင့်ကြီး။ ခုတလော ဘာမှလည်း မလုပ်ချင်ဘူး၊ အဖေမရှိတော့ဘူးဆိုတဲ့အသိက ကျမကို စိတ်ရောကိုယ်ပါ နာကျင်ပွန်းပဲ့အောင် တစ်ယောက်ယောက် လာပြီး အားကြီးကြီးနဲ့ ရိုက်ပုတ်ထိုးနှက်လိုက်သလိုပဲ၊ အခု ကျမတစ်ကိုယ်လုံး နာကျင်အက်ကွဲနေတယ်”
“ အင်း…” တစ်လုံးကလွဲလို့ သူဘာပြောရမှန်းမသိဘူး။ အမျိုးသမီးကို သူ့ရင်ခွင်ထဲ ပွေ့ဖက်ချော့မြှူ နှစ်သိမ့်ပေးလိုက်ချင်တဲ့စိတ်က သူ့ရင်မှာ မို့မောက်လျှံထွက်လာတယ်။ လုပ်တော့မလုပ်ဖြစ်ပါဘူး။ အမျိုးသမီးရဲ့ပခုံးတစ်ဖက်ကနေ လျှောကျနေတဲ့ ရှပ်အကျီအစကို ဆွဲတင်ပေးလိုက်ရင်း သူ့အကျီက ဆေးလိပ်နံ့တစ်စုံတစ်ရာကြောင့် သူမ စိတ်အနှောင့်အယှက်ဖြစ်လေမလား သူ တွေးပူလိုက်သေးတယ်။ ဘူ..ဘူ..ဘူ..vibration သံနဲ့အတူ ဖုန်းမြည်သံတစ်စ သူ ကြားလိုက်ရတယ်။ အမျိုးသမီးက ကြားပုံမရဘူး။
“ခင်ဗျားဖုန်းလာနေတယ်ဗျ”
ပြောပြောဆိုဆို သူ မျက်နှာချင်းဆိုင်ခုံမှာတင်ထားတဲ့ အိတ်ကြီးကို ဆွဲယူပြီး အမျိုးသမီးလက်ထဲ ထည့်ပေးလိုက်တယ်။ ဖုန်းသံတိတ် သွားတယ်။ ကျသွားတာလား၊ message လာတာလားပဲ သူ မသိဘူး။ လွတ်လွတ်လပ်လပ် ပြောဆိုပါစေဆိုတဲ့သဘောနဲ့ သူ အမျိုးသမီးအနားကနေ ထပြီး တစ်ဖက်ခုံမှန်ပြတင်းကနေ အပြင်ကို ဟိုကြည့်သည်ကြည့်လုပ်နေလိုက်တယ်။ ဒီလိုလုပ်ရင်းကနေ အမျိုးသမီးဘက်ကိုလည်း ခိုးခိုးကြည့်မိ ရသေးတယ်၊ သိချင်စိတ်နဲ့။ အမျိုးသမီးက အိတ်ထဲကဖုန်းကို ထုတ်ပြီးကြည့်နေတယ်။ နောက် လက်မလေးနှစ်ဖက်နဲ့ message ပြန်ရိုက်ပို့နေတယ်။ အိတ်ထဲကို ဖုန်းပြန်ထည့်၊ ရှေ့ခုံပေါ် အိတ်ပြန်တင်လိုက်ပြီးမှ အမျိုးသမီးရဲ့နံဘေးကို သူပြန်ဝင်ထိုင်လိုက်တယ်။
“ ကျမအမျိုးသားပါ၊ အိမ်ပြန်မရောက်လာသေးလို့ စိတ်ပူနေတယ်တဲ့၊ သူငယ်ချင်းတစ်ယောက်က မွေးနေ့အထိမ်းအမှတ် ညစာလိုက်ကျွေးလို့ နောက်ကျမယ်လို့ ပြန်ပို့လိုက်တယ်”
“ တကယ်ဆို ခင်ဗျားတစ်ယောက်တည်းလျှောက်သွားမယ့်အစား သူ့ကိုခေါ်လာသင့်တာပေါ့ မဟုတ်ဘူးလား”
“မဟုတ်ဘူး.. ရှင်မသိလို့၊ သူလား လိုက်မှာ၊ ကျမတို့ အတူတူနေပြီးကတည်းက ဘာကိုမှ အတူတူ မလုပ်ဖြစ်ခဲ့တာ.. ကြာပြီပဲ၊ သူက လူ တစ်မျိုး၊ ကျမပြန်မလာရင်သာ စိတ်ပူတတ်တာ၊ အနားမှာရှိနေတော့လည်း တစ်စက်ကလေးမှ အရေးစိုက်ဖော်မရဘူး၊ သူက သူ့ဂစ်တာနဲ့ပဲ အချိန်ကုန်နေတတ်တဲ့သူ ”
“ သြော ..ခင်ဗျားလူက ဂစ်တာဆရာလား”
“ ဟင့်အင်း ဂစ်တာသမားပါ၊ သူ့ကို ဆရာလို့သုံးရင် သူအားကြီးစိတ်ဆိုးတယ်၊ ဒါနဲ့ ရှင့်မှာ အဖေရောအမေရော ရှိလားဟင်”
သူသက်ပြင်းခိုးချမိလိုက်တယ်။ ဒါကို ဘယ်လိုပြောရပါ့။ ပြောပြဖို့ဝန်လေးပေမဲ့ ဒီအမျိုးသမီးနဲ့သူက ခုချိန်မှာ ရထားတစ်စီးတည်း အတူ ခရီးသွားနေတဲ့သူတွေ….။
“ သူတို့ ဒီနေ့ခင်းကပဲ ကွာရှင်းလိုက်ကြပြီ”
“ ဘုရားသခင်…”
ထိုင်ခုံနောက်မှီပေါ်ကို ကျောကပ်ချလိုက်ပြီး ကိုယ်ကို ခပ်လျှောလျှော သူ ပြင်ထိုင်လိုက်တယ်။ ဒီအကြောင်း တစ်ယောက်ယောက် မေးလာခဲ့မှာ အကြောက်ဆုံးပဲ။ ဒါပေမဲ့ တစ်ယောက်ယောက်ကိုလည်း အကုန်အစင် ပြောပြချင်နေပြန်တယ်။
“ အဲဒါကြောင့် ကျွန်တော် စိတ်လေလေနဲ့ အိမ်ကထွက်လာတာ…မလုပ်ဖူးတာတစ်ခု လုပ်ကြည့်မလားလို့..ဒါနဲ့ ရထားစီးဖြစ်တာ”
အမျိုးသမီးက မယုံသလို မျက်ဝန်းတွေနဲ့ သူ့ကို မှိုင်းမှိုင်းညို့ညို့ကြည့်တယ်။
“ ရှင် အရက်ဘီယာ သောက်ဖူးသလား”
သူခေါင်းယမ်းပြလိုက်တယ်။
“ မိန်းမကော…ဟိုလေ မကောင်းတဲ့မိန်းမတွေနဲ့အပျော်လိုက်ဖူးလား”
သူ့ကျောရိုးတစ်ခုလုံး တောင့်တင်းခိုင်မတ်သွားတယ်။ စိတ်ထဲ တင်းခနဲဖြစ်သွားတယ်။
“ ဟာဗျာ ခင်ဗျားကလည်း ပေါက်တတ်ကရတွေ”
ဘယ်ကဘယ်လို မဆီမဆိုင် ဘာတွေလာမေးနေပါလိမ့်။ အမျိုးသမီးကို အထူးအဆန်းတစ်ခုလို သူတအံ့တသြ ပြန်ကြည့်မိတယ်။
“ မလုပ်ဖူးတာတစ်ခု လုပ်ကြည့်ချင်တယ်ဆိုလို့ပါ၊  အရက်ဘီယာ မိန်းမ အဲဒါတွေ ဘာလို့မရွေးချယ်ခဲ့တာလဲ”
ရုတ်တရက် ပြောပြစရာစကားလုံးရှာမတွေ့ဘဲ သူအကျပ်ရိုက်သွားတယ်။  နောက်မှ စိတ်ထဲရှိနေတဲ့အတိုင်း ရိုးရိုးစင်းစင်းပဲ ပြောပြလိုက်တယ်။
“အမှန်အတိုင်း ၀န်ခံရရင် ကျွန်တော် အဲဒါတွေလျှောက်လုပ်ပစ်ဖို့ စိတ်အကြံဖြစ်မိသေးသားပဲ၊ စိတ်က တော်တော်လေထွက်သွားတာဗျာ။ စိတ်ပေါက်ပေါက်နဲ့ မလုပ်ဖူးတာတွေအကုန် စွတ်စက်လျှောက်လုပ်ပစ်ချင်တာ။ နောက်တော့ လက်ဖက်ရည်ဆိုင်မှာအကြာကြီးထိုင် ဂျာနယ်ဖတ်ရင်းနဲ့ အထူးမြို့ပတ်ရထား အကြောင်းတွေ့မိလို့ စိတ်ပြေလက်ပျောက် ရထားပတ်စီးပြီး အိမ်ပဲပြန်မယ်လို့ ဆုံးဖြတ်လိုက်တာ။ အိမ်မှာ အဖေနဲ့ ညီမလေး ရှိတယ်ဗျ၊ ကျွန်တော့်ကြောင့် တစ်ပူပေါ်နှစ်ပူဆင့် သောကထပ်မရောက်စေချင်ဘူး၊ မကောင်းတာတွေလုပ်၊ မူးပြီးပြန်လာတဲ့သားကို မြင်ရင် အဖေရော ညီမလေးရော စိတ်ဓာတ်ကျသွားမှာပေါ့”
“ ကျွန်မလည်း ဒီလိုပဲ၊ အွန်လိုင်းမှာ ကျွန်မ wallပေါ် ကဗျာတွေလာလာtagလုပ်ပြီး ကဗျာအတူရွတ်ဖို့၊ ကာရာအိုကေသွားဆိုဖို့ ခေါ်လိုခေါ်၊ သူ့ကို ဘီယာတိုက်ခိုင်းလိုတိုက်ခိုင်းနဲ့ စကားရောဖောရော လာလာကြောင်နေတဲ့ ငနဲလေးတစ်ပွေကို လက်ခံလိုက်ပြီး M-3လို တစ်ဆိုင်ဆိုင်မှာ ဘီယာသောက် သီချင်းတွေအော်ဟစ်ဆိုပစ်ရကောင်းမလား တွေးမိသေးတယ်၊ နောက်တော့ အဖေ့ကို သတိရလွန်းတဲ့စိတ်က အဖေစီးစီးနေကျ ရထားကို သွားစီးဖြစ်ဖို့ တွန်းပို့ခဲ့တာပဲ၊ ဘာပဲဖြစ်ဖြစ် ရှင်က ကျွန်မထက် တစ်ပန်းသာပါတယ်၊ အဖေ့အလစ်မှာ ညီမလေးကို ခေါ်ပြီး ရှင့်အမေကို တိတ်တိတ်လေး သွားသွားတွေ့လို့ရတယ်၊ ကျွန်မက အဖေ့ကို ဒီတစ်သက်… ဘယ်တော့မှ ပြန်…မတွေ့နိုင်…တော့ဘူးလေ… ”
တုန်တုန်ယင်ယင်ပြောရင်း အမျိုးသမီးရဲ့အသံက တိမ်ဝင်သွားတယ်။ ဒီအမျိုးသမီးကို နောက်ထပ်မငိုစေချင်တော့ဘူး။ အမျိုးသမီးပြော သလိုဆိုရင်  ..ဟုတ်သားပဲ၊ အမေ့ကို သူ အချိန်မရွေးသွားတွေ့နိုင်သားပဲ၊ အမေ မသေသေးဘူး၊ ဘယ်နေရာရောက်နေနေ အမေက အမေပဲ ဆိုတဲ့အသိ က သူ့ရင်ကို အေးမြသွားစေတယ်။ ဟုတ်သားပဲ ဒါက စိတ်ဒုက္ခကြီးကြီးရောက်နေစရာကိစ္စကြီးမှ မဟုတ်ခဲ့တာပဲ။ သူ့အာရုံတွေ ကြည်လင် လန်းဆန်းသွားတယ်။
“ ရှင့်ကို တစ်ခုမှာချင်တယ်၊ အတူနေတဲ့အဖေရော အတူမနေတဲ့အမေရော ဘယ်သူ့အပေါ်မှ  တာဝန်မပျက်ကွက်ပါနဲ့၊ သားတစ်ယောက်ရဲ့ တာဝန်ကို လုပ်ခွင့်ရတုန်း အပြည့်အ၀လုပ်ပေးပါ၊ နောက်မှ ဆိုပြီးအချိန်မဆွဲလိုက်ပါနဲ့၊ ကျွန်မဆို သီတင်းကျွတ်တိုင်းအဖေ့ဆီပြန်နေကျ၊ အခုကျန်ခဲ့တဲ့ အောက်တိုဘာမှာ အိမ်မပြန်ဖြစ်လိုက်ဘူး၊ လပြည့်နေ့တစ်ရက်တည်းရုံးပိတ်တော့ အိမ်ပြန်ရင် တစ်ပတ်လောက်ကြာမယ်၊ လစာငွေဖြတ်ခံရမယ်ဆိုပြီး ပိုက်ဆံကိုထည့်တွက်လိုက်တော့ အိမ်မပြန်ဖြစ်ခဲ့ဘူး၊ ရုံးပိတ်ရက်များများပိတ်မှပဲ ပြန်တော့မယ်လေဆိုပြီး အချိန်ကို ရွှေ့လိုက်မိတယ်၊ လူ့ဘ၀က တိုတိုလေးဆိုတာကို ကျွန်မ မေ့သွားခဲ့တယ်၊ ကျွန်မက တာဝန်ပျက်ကွက်ပြီး သိပ်ကိုမိုက်မဲတဲ့ သမီးတစ်ယောက်ပဲ၊ ကျွန်မတို့ ဘာလို့ အဲဒီ ပိုက်ဆံ ပိုက်ဆံ ပိုက်ဆံ ဆိုတာကြီးကို အာသာငမ်းငမ်း ရှာရှာနေရတာပါလိမ့်၊ ရှင်သိလား.. အဲဒီတုန်းက ပိုက်ဆံဘယ်လောက်ဖြတ်ဖြတ် ပြန်လိုက်ရ အကောင်းသားဆိုတဲ့ နောင်တက ရင်ဝကို မီးတုတ်မီးစတွေနဲ့ လာဆောင့်ထိုးသလိုမျိုး ရင်တစ်ပြင်လုံး ပူပူပြင်းပြင်းကြီး စပ်လောင်နေတယ်”
သူ့မှာ ပြောစရာစကားမရှိတော့ဘူးဖြစ်နေတယ်။ အမျိုးသမီးရဲ့အဖြစ်သနစ်က သူ့ကို နမူနာယူဖို့ မှာကြားနေသလိုပဲ။ သူ့စိတ်တွေ အိမ်ကို ရောက်သွားတယ်။ အဖေနဲ့ ညီမလေး သူ့ကို မျှော်နေမှာပဲ….။  အခုပဲ အဖေရှိရာအိမ်ကို အပြေးပြန်ချင်သွားတယ်။ ပြီးတော့ အမေ့ကို မုန်းမိချင်နေတဲ့ စိတ်တွေလည်း ထူးထူးဆန်းဆန်း ပျက်ပြယ်သွားတယ်။ သားတစ်ယောက်ရဲ့တာဝန်အဖြစ် အမေ့ကိုရော ဘာတွေ မပျက်မကွက်လုပ်ပေးရရင် ကောင်း မလဲ သူစဉ်းစားနေမိတယ်။ ညီမလေးကို ခေါ်ပြီး တစ်လ တစ်ကြိမ်တော့ အမေ့ဆီသွားဖြစ်အောင်သွားမယ်လို့ တွေးထားလိုက်တယ်။ အတွေးလွန် နေလိုက်တာ၊ ရထားရပ်သွားတာတောင် မသိလိုက်ကြဘူး။ တွဲထဲက လူတချို့ဆီက အင်းစိန်ဘူတာ ရောက်ပြီလို့ပြောသံကြားတယ်။ အမျိုးသမီးကို `ရောက်ပြီ´လို့ သူပြောတော့ `အယ်..ဟုတ်လား´ဆိုပြီး အမျိုးသမီးက ပါးပြင်ပေါ်က စွတ်စွတ်စိုစို မျက်ရည်စတွေကို လက်ဖ၀ါးနဲ့သုတ်လိုက်တယ်။ ရှေ့ခုံပေါ်တင်ထားတဲ့ဦးထုပ်ကို သူ လှမ်းယူပြီး အမျိုးသမီးရဲ့ခေါင်းပေါ် အသာကလေးတင်ဆောင်းပေးလိုက်တော့ အမျိုးသမီးက သူ့ကို မျက်လုံးဝိုင်းဝိုင်း ကြီးတွေနဲ့ မော့ကြည့်နေတယ်။ အိတ်ကို လှမ်းယူမယ်အလုပ် သူကပဲ အရင်ဦးအောင် အမျိုးသမီးရဲ့အိတ်ကို ကောက်ကိုင်လိုက်တယ်။
“ ကျွန်တော်သယ်ခဲ့ပေးမယ်”
“ အို မဟုတ်တာ၊ ကျွန်မအိတ်ကျွန်မဘာသာကိုင်ပါ့မယ်၊ ဘာလို့လဲ ကျွန်မကိုင်တာ အချိုးမကျလို့လား”
“မဟုတ်ပါဘူး၊ ရထားစီးသူအချင်းချင်း ကူညီနိုင်တာလေး ဖေးမကူညီတဲ့သဘောပါ၊ အနည်းဆုံးတော့ ခင်ဗျား လက်နှစ်ဖက်လွှဲယမ်းပြီး သက်သောင့်သက်သာလေး လမ်းလျှောက်လို့ရတာပေါ့၊ ဘတ်စ်ကားဂိတ်ရောက်ဖို့ လမ်းနည်းနည်းလျှောက်ရဦးမှာ”
သဘောကျသွားသလို ပြုံးရယ်လိုက်တဲ့ အမျိုးသမီးရဲ့မျက်နှာကို သူ တစ်ချက်ငေးကြည့်မိသွားတယ်။ ရထားပေါ်ကနေ သူအရင်ဆင်းလိုက်ပြီး အမျိုးသမီးကို လက်ကမ်းပေးလိုက်တယ်။ ရထားပေါ် တက်အလာတုန်းကလို  မငြင်းဆန်တော့ဘူး။ သူ့လက်ကို အားပြုဆွဲဆုပ်ပြီး အမျိုးသမီးက ကြောင်ကလေးတစ်ကောင်လို ပေါ့ပေါ့ပါးပါးလေး လှစ်ခနဲ ဆင်းချလိုက်တယ်။ လူတစ်ယောက်ကို လှမ်းမေးပြီး သူတို့နှစ်ယောက် ဘတ်စ်ကားဂိတ် ရှိရာနေရာကို လမ်းလျှောက်လိုက်ကြတယ်။ အရှိန်ပြင်းပြင်း ဖြတ်လာနေတဲ့ကားတွေကြောင့် စိုးရိမ်စိတ်နဲ့ အမျိုးသမီးရဲ့လက်ကိုဆွဲပြီး လမ်းကူးရ သေးတယ်။ စိတ်ချရတဲ့နေရာရောက်မှ သူမ လက်ကို သူလွှတ်လိုက်တယ်။ ပလက်ဖောင်းမရှိတဲ့ လမ်းဘေးကနေ လျှောက်လာကြရင်း ချိုင့်-ချိုင့်၊ ကျောက်တုံး-ကျောက်တုံး၊ ရေအိုင်ရေအိုင်၊ ဗွက်-ဗွက် နဲ့ အမျိုးသမီးကို ခလုတ်မထိ ဆူးမငြိဘဲ အဆင်ချောချောလမ်းလျှောက်နိုင်ဖို့ သူတတွတ်တွတ် သတိပေးရင်း  ကာကွယ်စောင့်ရှောက် အကူအညီပေးနေမိတယ်။ ဘာဖြစ်လို့ပါလိမ့်၊ ရထားအတူစီးခဲ့တဲ့ မိတ်ဆွေတွေပဲဟာ ဒီလောက်တော့ ကူညီမှု ပေးမှပေါ့  လို့ သူ ရိုးရိုးစင်းစင်းပဲတွေးလိုက်တယ်။ ကားဂိတ်ရောက်တဲ့အခါ အမျိုးသမီးက ခြုံထားခဲ့တဲ့ ရှပ်အကျီ သူ့ကို ပြန်ပေးရင်း `ကျေးဇူးတင် ပါတယ်´ပြောတယ်။ သူကလည်း အမျိုးသမီးကို အိတ်ပြန်ပေးလိုက်တယ်။ အမျိုးသမီးတစ်ဦးနဲ့ မရည်ရွယ်ဘဲ အတူတူရထားစီးခဲ့ကြတယ်ဆိုတာ သူ့ကိုယ်သူ မယုံနိုင်အောင်ဖြစ်နေမိတယ်။ အိပ်မက်တစ်ခုလိုပဲ။
“ ခင်ဗျားနာမည် မသိရသေးဘူး”
“ ရေခဲနှင်းဆီ…fbမှာလည်း ဒီနာမည် အလွယ်တကူ ရှာလို့ရတယ် ရှင်ကရော…”
“ Blacklion Black, ခင်ဗျား နောက်တစ်ခါ ရထားစီးဖို့ အဖော်လိုတယ်ဆိုရင် ကျွန်တော့်ကို ပြောပေါ့”
“ မလိုဘူးဆိုရင်ကော….”
“ ကျွန်တော့်အတွက်တော့ လိုနေမှာပါ…”
“ ရှင် ဘယ်ကိုပဲသွားသွား အိမ်မှာ ရှင့်အဖေမျှော်နေမယ်ဆိုတာကို သတိရပါ”
“ ကောင်းပါပြီဗျာ”
၂၄၃ ဘတ်စ်ကားတစ်စီးထိုးရပ်တာနဲ့ အမျိုးသမီးက ခပ်သွက်သွက် ပြေးတက်သွားပြီး ကားပေါ်ကနေ သူ့ကို လက်ပြနှုတ်ဆက်တယ်။ သူ ပြန်လက်ပြလိုက်တယ်။ ဟုတ်တယ်၊ အဖေမျှော်နေမှာသေချာတယ်၊ အိမ်ကို အမြန်ရောက်အောင် ပြန်ရမယ်လို့ တွေးရင်း တက္ကစီတစ်စီးကို လက်ပြတားကာ အိမ်ကို�

No comments: