Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, July 31, 2014

ညွှန်းတဲ့ ရုပ်ရှင်


As Above, so below
Horror / Thriller 
Universal Pictures
ဒါရိုက်တာ - John Erick Dowdle
ထုတ်လုပ်သူ - Patrick Aiello, Alec Hedlund
ဇာတ်ညွှန်း - Drew Dowdle, John Erick Dowdle
သရုပ်ဆောင်များ - Ben Feldman, Edwin Hodge, Perdita Weeks

ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကြီးရဲ့ လမ်းမတွေရဲ့အောက်မှာ အကွေ့အချိုးမိုင်ပေါင်းများစွာနဲ့ မြေအောက်လိုဏ်ခေါင်းတွေရှိလို့နေတယ်။ မရေမတွက်နိုင်တဲ့ဝိညာဉ်တွေရဲ့ ထာဝရအိမ်က ပါရီမြို့ကြီးရဲ့ လမ်းမတွေအောက်မှာပဲလား။ အမေရိကန်-အင်္ဂလိပ်ရှာဖွေစူးစမ်းအဖွဲ့တစ်ဖွဲ့က လူငယ်တွေ အရင့်အရင်က မတွေ့မကြုံခဲ့ရဖူးသေးတဲ့ အရိုးဝင်္ကပါတစ်ခုကို တွေ့သွားတယ်။ ဒီမြို့တော်ကြီးအတွင်းမှာ တည်ရှိနေတဲ့သေခြင်း၊ ပုန်းကွယ်မှောင်မိုက်နေခဲ့တဲ့ လှို့ဝှက်ချက်ကိုဖော်ထုတ်မိလျက်သားဖြစ်ခဲ့ရပြီ။ ၁၇၈၅ ခုနှစ်ကတည်ဆောက်ခဲ့သတဲ့။ ကမ္ဘာ့အကြီးဆုံးဂူသင်္ချိုင်းတစ်ခုမှာ မမျှော်လင့်ဘဲ တွေ့ခဲ့ရတဲ့စန္ဒရားအို၊ ရုတ်တရက်ထွက်ပေါ်လာတဲ့ လှို့ဝှက်တံခါး၊ အဲဒီတံခါးပွင့်သွားခဲ့တာနဲ့ပဲ။ ချောက်ချားစရာ အတိတ်တွေ ရုန်းကြွတွန်းကန်လာတော့တယ်။ Mad Men သရုပ်ဆောင် Ben Feldman ၊ The Purge: Anarchy သရုပ်ဆောင် Edwin Hodge နဲ့ The Invisible Woman က သရုပ်ဆောင်မိန်းကလေး Perdita Weeks တို့ ပါဝင်ထားကြတယ်။ ထိတ်လန့်သည်းဖိုရုပ်ရှင်နှစ်သက်ကြသူတွေအတွက်တော့ စိတ်ဝင်စားစရာရုပ်ရှင်ဖြစ်နေမှာပါ။  As Above, so below ရဲ့ ရုပ်ရှင်ပိုစတာမှာပဲ ဆွဲဆောင်မှုအားကြီးနေတော့ စောင့်ကြည့်ရမယ့်ရုပ်ရှင်ဖြစ်နေပါလိမ့်မယ်။ "The only way out is down" တဲ့။

The Hundred-Foot Journey
Comedy
Walt Disney Studios, Motion Pictures
ဒါရိုက်တာ - Lasse Hallström
ထုတ်လုပ်သူ - Steven Spielberg, Oprah Winfrey, Juliet Blake 
ဇာတ်ညွှန်း - Steven Knight
သရုပ်ဆောင်များ - Helen Mirren, Om Puri, Manish Dayal, Charlotte Le Bon

ဒါရိုက်တာက ABBA အဖွဲ့ရဲ့ သီချင်းဗီဒီယိုတွေအားလုံးနီးပါး ရိုက်ကူးခဲ့တဲ့ ဆွီဒစ်ရှ် ဒါရိုက်တာ Lasse Hallström ပါ။ Steven Spielberg နဲ့ Oprah Winfrey တို့ကလည်းထုတ်လုပ်သူအဖြစ်ပူးပေါင်းပါဝင်ထားကြတယ်။ ဟာ့စန်ကာဒမ်(Manish Dayal) ဟာ စားချင်စဖွယ်ဟင်းအမယ်တွေ ဖွယ်ဖွယ်ရာရာချက်ပြုတ်ရာမှာ တကယ့်ကိုကျွမ်းကျင်လှတဲ့စားဖိုမှူးတစ်ဦးပါ။ ဟာ့စန်အပါအဝင် ကာဒမ်မိသားစု၊ သူတို့ရဲ့ဇာတိရပ်မြေ အိန္ဒိယကနေ ပြင်သစ်တောင်ပိုင်း၊ ရှေးဆန်ဆန် မြို့လေး Saint-Antonin-Noble-Val ဆီ ပြောင်းရွှေ့အခြေချဖို့ဖြစ်လာတယ်။ ကာဒန်မိသားစုကို ဦးဆောင်တာက ပါပါး (Om Puri) ပါ။ ပြင်သစ်မြို့လေးမှာ နှစ်လိုဖွယ်ရာတွေပြည့်နှက်နေတယ်။ မျက်စိပသာဒဖြစ်စရာတွေလည်းရှိတယ်။ အဲဒီ ဖော်ရွေရည်မွန်တဲ့မြို့လေးမှာ အိန္ဒိယအစားအစာတွေရောင်းချမယ့် စားသောက်ဆိုင်ဖွင့်ဖို့ကြိုးစားကြတယ်။ နာမည်က Maison Mumbai တဲ့။ လမ်းတစ်ဘက်မှာက Le Saule Pleureur ဆိုတဲ့ ပြင်သစ်စားသောက်ဆိုင်ရှိနေတယ်။ ပိုင်ရှင်က ရေခဲဘုရင်မလို့တောင်တင်စားခေါ်ရဦးမယ့် အေးစက်မာကြောအမျိုးသမီး မဒမ်မယ်လိုရီ(Helen Mirren)။ မယ်လိုရီက အိန္ဒိယန်းစားသောက်ဆိုင်အသစ်လေးကို ဆန့်ကျင်ဖို့ စားသုံးသူတွေကို အရှိန်မြှင့်ပြီး ဆွဲဆောင်နေတယ်။ အိန္ဒိယန်းတေးသံတချက်တချက် ကျယ်ကျယ်လောင်လောင်ကြားရရင် မယ်လိုရီတားမြစ်တယ်။ ပါပါးကတော့ ကြုံးဝါးတာပဲ။ "သီချင်းသံကို လျှော့ပေးလို့ရတယ်၊ ဖောက်သည်တွေကိုတော့ ပိုပြီးမြင့်တက်အောင်လုပ်ပြဦးမယ်" တဲ့။ ဟာ့စန်ကတော့လူငယ်ပီပီ ပြင်သစ်အဆင့်မြင့်အစားအစာတွေပေါ်မှာလည်း နှစ်သက်တယ်။ အရသာကို မြည်းစမ်းဖို့ စိက်ထက်သန်ပြင်းပြနေတယ်။ မယ်လိုရီရဲ့ ဆိုင်က စားဖိုမှူးမလေး မာဂူရီ(Charlotte Le Bon))ဆိုတဲ့ မိန်းကလေးကလည်း ချိုမြမြမျက်နှာပေးလေးနဲ့၊ ဟာ့စန်စိတ်နှလုံးကို ညှို့ယူဆွဲဆောင်နိုင်လိုက်တာကိုး။ ပြင်သစ်အစားအစာတွေမှာ ဟာ့စန်က အိန္ဒိယရိုးရာဟင်းခတ်အမွှေးအကြိုင်တွေပေါင်းထည့်၊ သူ့ရဲ့ စားဖိုမှူးအရည်အသွေးတွေလည်းပေါင်းထည့်လိုက်တော့ ကြက်ဥမွှေကြော်တစ်ပန်းကန်ကတောင် စားချင်စဖွယ်ကောင်းလွန်းလှပြီ။ ယဉ်ကျေးမှုနှစ်ခုပေါင်းစပ် ရက်ဖွဲ့လိုက်တဲ့ အစားအစာကို မယ်လိုရီ နှစ်ခြိုက်သွားတော့တယ်။ မယ်လိုရီ မသိကျိုးကျွံပြုမနေနိုင်တော့ဘူး။ ဟာ့စန်ကို သူမရဲ့ စားဖိုမှူးအဖြစ် ဆွဲဆောင်ဖို့ ကြိုးပမ်းကြည့်တော့မယ် ထင်တယ်။


Guardians of the Galaxy
Action / Adventure / Sci-Fi
Walt Disney Studios, Motion Pictures
ဒါရိုက်တာ - James Gunn
ထုတ်လုပ်သူ - Kevin Feige
ဇာတ်ညွှန်း - James Gunn, Nicole Perlman
ဝတ္ထု - Based on Guardians of the Galaxy by Dan Abnett, Andy Lanning
သရုပ်ဆောင်များ - Chris Pratt, Vin Diesel(voice), Bradley Cooper

Marvel Comics စူပါဟီးရိုး ကာတွန်းအခြေခံထားတဲ့ Marvel Cinematic Universe ရဲ့ ၁၀ ကားမြောက်ရုပ်ရှင်ပါ။ 3D ရော IMAX 3D နဲ့ပါ ပြသပါလိမ့်မယ်။ Ironman, Captain America, Thor နဲ့ Avengers Assemble ရုပ်ရှင်တွေနောက်ပိုင်း နဝါးငွေ့တန်းအသစ်တစ်ခုဆီခေါ်ဆောင်သွားမယ့် သိပ္ပံဆန်းကြယ်ရုပ်ရှင်ပါ။ အမေရိကန်လေယာဉ်မှူး ပီတာကွေးလ်(Chris Pratt) ဟာ အာကာသတွင်း အင်မတန်ဝေးလံတဲ့နေရာမှာရောက်ရှိနေတယ်။ လူသားတစ်ဝက်၊ ဂြိုဟ်သားတစ်ဝက် ပီတာကွေးလ်ဟာ ကလေးအရွယ်ကတည်းက မြေကမ္ဘာကိုစွန့်ခွာခဲ့ရသူပါ။ ရာဇဝတ်သားရှိရာလိုက်လံချောင်းမြောင်းနိုင်တဲ့ သိပ္ပံဘောလုံးငယ်ခိုးယူခံလိုက်ပြီး ကွေးလ်ဟာ ဗီလိန်ကြီး ရိုနန် Ronan -The Accuser ရဲ့ အဓိကပစ်မှတ်ဖြစ်လာခဲ့တယ်။ ရိုနန်နဲ့ ဆိုးသွမ်းကြမ်းတမ်းအဖွဲ့ကို တိုက်ခိုက်ဖို့၊ ရိုနန်ရဲ့ အဖျက်စွမ်းအားကနေ သူတို့နေထိုင်ရာ နဝါးငွေ့တန်းကြယ်စုလေးကိုကာကွယ်ဖို့ ကွေးလ်က အဖွဲ့တစ်ဖွဲ့စုစည်းတယ်။ "သူရဲကောင်းတွေအားလုံးဟာ နေရာတိုင်းမှာစတင်နိုင်တာပဲ" တဲ့။ ကွေးလ် ရဲ့ အဖွဲ့နာမည်က "Guardians of the Galaxy" ပါ။ စစ်ပြေငြိမ်းဖို့မလွယ်ကူပေမဲ့ အင်တိုက်အားတိုက်ကြိုးစားကြည့်နေတယ်။ ကွေးလ်ရဲ့ အဖွဲ့ဝင်တွေကလည်း ဂွကျကျအဖွဲ့သားတွေပါ။ ဂါမိုရာ ဆိုတဲ့ဂြိုဟ်သားမိန်းကလေး၊ ရော့ကက် ဆိုတဲ့ ရက်ကွန်းဝက်ဝံ၊ ဒရက်ဇ် The Destroyer နဲ့ ဂရုထ် တို့ ပါဝင်တယ်။ ဒါပေမဲ့ သိပ္ပံဘောလုံးရဲ့ စွမ်းအားအစစ်အမှန်နဲ့ ကြောက်မက်ဖွယ်အန္တရာယ်ကို ကွေးလ်ရှာဖွေသိရှိလိုက်တော့ ဝရုန်းသုံးကားပြိုင်ဘက်အုပ်စုတွေကို ဟန့်တားတိုက်ခိုက်ရတော့မယ်။ စကြာဝဠာကြီးထဲ ကွေးလ်တို့ရဲ့ ကြယ်စုလေး ဟန်ချက်ညီညီ ရပ်တည်နိုင်ဖို့အတွက်ပါ။

Hercules
Action / Adventure
Paramount Pictures, Metro-Goldwyn-Mayer Pictures
ဒါရိုက်တာ - Brett Ratner
ထုတ်လုပ်သူ - Brett Ratner, Barry Levine, Beau Flynn
ဇာတ်ညွှန်း - Ryan Condal, Evan Spiliotopoulos
ဝတ္ထု - Based on Hercules (Radical Comics) by Steve Moore, Admira Wijaya
သရုပ်ဆောင်များ - Dwayne Johnson, Ian McShane, Rufus Sewell, Joseph Fiennes, Peter Mullan, John Hurt

Prison Break နဲ့ Fox Drama ဇာတ်လမ်းတွဲတွေထုတ်လုပ်သူ၊ Rush Hour ဒါရိုက်တာ Brett Ratner ရိုက်ကူး၊ ထုတ်လုပ်ထားပါတယ်။ Hercules : The Thracian Wars ကာတွန်းကို အခြေခံရိုက်ကူးတားတာပါ။ 14000 BC မှာ  လူသားတစ်ဦးရော ဘုရားသခင်ပါ ဘယ်သူမှမရှိနိုင်တဲ့ ကုန်းမြေကြီးတစ်ခုပေါ်မှာ နှိပ်စက်ညဉ်းဆဲခံဝိညာဉ်တစ်ဦး တစ်ကိုယ်တည်းသွားလာနေတယ်။ ဟာကျူလီဟာ God King "ဇု" ရဲ့ စွမ်းအားကြီးလှတဲ့ သားပါ။ သူရဲ့ ဘဝတစ်လျှောက်လုံးဆင်းရဲဒုက္ခတွေကလွဲလို့ ဘာမှ မရရှိခဲ့ဘူး။ သူ့ရဲ့ ထင်ရှားတဲ့အလုပ်သမား ၁၂ ဦးနဲ့ မိသားစု ဆုံးရှုံးခဲ့ရပြီးတဲ့နောက် မောပန်းနွမ်းလျနေတဲ့ဝိညာဉ်ဟာ ဘယ်လောက်ပဲဝေးဝေးပြေးစေဦးတော့ တောကောင်ကြီးတွေ လိုက်လံရန်ပြုတာကိုမလွတ်တမ်းခံနေရတယ်။ King of Thrace နဲ့ သမီးဟာ နိုင်လိုမင်းထက်ဖိနှိပ်ညှဉ်းပန်းတဲ့ စစ်ဘီလူးကို အနိုင်ယူဖို့ ဟာကျူလီရဲ့ အကူအညီကိုတောင်းခံကြတယ်။ ကျောက်ဆောင်ကြီးလို့ နာမည်ကြီးလှတဲ့ မင်းသား Dwayne Johnson ဟာ ဒီရုပ်ရှင်မရိုက်ခင် ၈ လ ခန့် အင်မတန်ခက်ခဲပြင်းထန်တဲ့လေ့ကျင့်မှုတွေယူခဲ့တယ်။ ဘူဒါပက်စ်မှာ ရုပ်ရှင်ရိုက်ကူးနေစဉ်အတောအတွင်း ပေါင် ၂၆၀ လူသန်ကြီးဟာ တစ်ဦးတည်းနေပြီး Hercules ရုပ်ရှင် အာရုံစူးစိုက်မှုအပြည့်နဲ့ သရုပ်ဆောင်ခဲ့တယ်လို့ ဆိုတယ်။
ဖြိုးဖြိုး
(Yati Magazine, August, 2014)

No comments: