မေမေ့ရဲ့စာ
(Family Magazine, June, 2014)
သူတို့နှစ်ဦး စတင် ဆုံတွေ့ကြစဉ် ……
၂၀၀၃ခုနှစ်က ဟောလိဝုဒ် အကျော်အမော် သရုပ်ဆောင် ဂျူဒ် လော (Jude Law) ဦးဆောင် ပါဝင် ရိုက်ကူးခဲ့တဲ့ ကားကောင်းတခုပါ။ Cold Mountain တဲ့။ အလွန် နာမည်ကြီးခဲ့တဲ့ ကားပါပဲ။ အမေရိကန် ပြည်တွင်းစစ်ကို အခြေခံပြီး ဒါဏ်ရာရ တပ်ပြေးတယောက် အိမ်အပြန်လမ်းမှာ ဆင်းရဲဒုက္ခရောက်ရပုံ လူအမျိုးမျိုး စရိုက်အမျိုးမျိုး တေ့ွကြုံ့ရပုံနဲ့ စစ်ရဲ့ အနိဋ္ဌာရုံ တွေကို ထိထိမိမိ ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်တယ်။ စစ်ကို ငြီးငွေ့ လာသည်နှင့်အမျှ အိမ်သူ မိန်းခလေးနဲ့ ပျော်ရွှင်စွာ ပေါင်းစည်း နေထိုင်ကြဖို့အခွင့်ကို မျှော်လင့်ရင်း တပ်ကို သူက အပြီးတိုင် စွန့်ခွာခဲ့တာပါ။မျှော်လင့်ခြင်း။တမ်းတခြင်း နဲ့ သစ္စာတရားတို့ဖြင့်လည်း ထုံမွှန်းထားတဲ့ အချစ်ဇတ်လမ်းကလေး တခု ဆိုရင်လည်း မမှားပါဘူး။ မြူးကြွ သွက်လက်တဲ့ တောင်ပ်ါသားတို့ရဲ အက အလှ ဂီတကိုလည်း မြင်ရ ကြားရ နိုင်သလို The Scarlet Tide နဲ့ You Will be My Aim True Love စတဲ့ ဇတ်ဝင် တေးသီချင်းတွေဟာ မြူးကြွပြီး လူကြိုက် အများဆုံးဖြစ်ခဲ့တာမို့ အကယ်ဒမီအတွက်လည်း ရာထားခံခဲ့ရတယ် တဲ့။
လှပတဲ့ရုပ်ရှင် ပြကွက်ရှုခင်းတွေကို မြောက်ကာရိုလိုင်းနား တောင်ကာရိုလိုင်းနား ဗာဂျီးနီးယား၊ Appalachins တောင်တန်းစသည် အနှံ့အပြား သွားရောက်ရိုက်ကူးခဲ့ရသော်လည်း တကယ် ရိုက်ကူးခဲ့ရတာက ရိုမေးနီးယားပါ။ ရိုမေးနီးယားက Carpathian တောင်တန်းတွေပေါ်မှာ အများဆုံးသွားရောက် ရိုက်ကူးခဲ့ရတယ်။တဲ့။
နာမည်ကြီး အမျိုးသမီးဇတ်ဆောင် နီကိုးကစ်ဒ်မင်း(Nicole Kidman)နဲ့ ရီနီဇဲလ်ဝီဂါ (Renee Zellweger) နာတာလီ ပို့ထ်မင်း(Natale Portman)တို့ အားဖြည့်ကူညီထားင်္ပြီး အကယ်ဒမီအတွက် ခုနှစ်ဆုအမည်စာရင်း တင်သွင်းခံခဲ့ရပေမဲ့ တကယ် ပိုင်ပိုင် နိုင်နိုင် ရခဲ့တာက ဇတ်ပို့ဆုပါ။ ရီနီဇဲလ်ဝီဂါ က အကောင်းဆုံး ဇတ်ပို့ဆုကို ဆွတ်ခူးခဲ့သူ ဖြစ်တယ်။
အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်တောင် အရေးပါတယ် သူတို့ဟာ ဘယ်လောက်တောင် ယောင်္ကျားတွေနဲ့ တန်းတူ အလုပ်လုပ်ဖို့ စွမ်းရည်ရှိကြတယ် ဆိုတာ ဒီကားမှာ ဒီမိန်းခလေးနှစ်ယောက်က ပီပီပြင်ပြင် သက်သေပြနေတယ်။ ခလေးတယောက်နဲ့ ဘယ်လိုပဲ ရိုသားစွာ မိမိကိုယ်ကို အားကိုးရပ်တည် နေထိုင်သော်လည်း စစ်အတွင်း ဗရုတ်ဗရက် ခေတ်ကြီးမှာ ဘ၀ အာမခံချက် မရှိ လုံခြုံမှု မရှိပုံ မိန်းမဆိုတာ အနိုင်ကျင့် ခံရတတ်ကြောင်း ဆိုတာကိုလည်း နာတာလီပို့မင်း က ကြေကွဲ ဖွယ် ပြောပြထားတယ်။
စစ်ကြောင့် မိန်းမတွေ ခလေးတွေ ဆင်းရဲ ဒုက္ခရောက်ရပုံ လူတွေ ကိုယ်ကျင့်တရားပျက်ယွင်းကြပုံ လက်နက် အားကိုး ရမ်းကားကြပုံ စတဲ့ စစ်ရဲ့ ဆိုးကျိုး တွေကိုလည်း ကွက်ကွက်ကွင်းကွင်း သရုပ်ဖေါ်တင်ဆက် ထားပါ တယ်။ တောင်ပြာတန်းက လွမ်းစရာ ကောင်းပေမဲ့ ယမ်းခိုးတွေ နဲ့ မဲမှောင် လွှမ်းခြုံ ပိတ်ဆီးလို့ နေခဲ့ ပါ ပြီ။
ဇာတ်လမ်းအကျဉ်း
စစ်က ဘယ်တော့ ပြီးမှာလဲ။စစ်ပွဲတွေကို ရပ်ပစ်လိုက်ပါ။သေနတ်တွေကို ပြစ်ချခဲ့ပါ။ပြီးရင် ကျွန်မဆီကို ပြန်လာခဲ့ပါ ။ဘယ်တော့ ကျွန်မတို့ ပျော်ပျော်ရွှင်ရွှင် နေကြရမှာလဲ
တဲ့။ ဆေးရုံပေါ်မှာ ဒါဏ်ရာ ရနေတဲ့ အင် မဲန်၊
ချစ်သူ မိန်းခလေး အဒါး မွန်ရိုး ဆီက စာကို ဖတ်နေတာပါ။
ဒါဟာ အဒါးတယောက်တည်းရဲ့ တောင်းဆိုချက် မဟုတ်ပါဘူး။ စစ်ကို မုန်းတီးရွံ့ရှာတဲ့ ပြည်သူတို့ရဲ့ တခဲနက် တောင်းဆိုချက် ဖြစ်ပါတယ်။
အင်မဲန် ဟာ အဒါး ကို လွန်ခဲ့တဲ့ ၃နှစ် ကျော်က နှင်းတွေ သီးခဲနေတဲ့ ဘုရားကျောင်းတခုမှာ ကျေးဇူးတော်ကို ချီးမွမ်းရင်း တွေ့ကြုံခဲ့ရတာပါ။
မကြာပါဘူး။နှုတ်ဆက်ဖို့တောင် အချိန်ဖေါဖေါသီသီ မရလိုက်ပဲ စစ်ထွက်ကြရတယ်။
အောင်လံ တလူလူ လွှင့်ထူပြီး အောင်တေးသံတွေ တဝေေ၀နဲ့ တပ်မတော် စစ်ကြောင်းကြီး တခုက စစ်ချီသီချင်းတွေ ဘင်ခရာတွေ မြိုင်မြိုင် ဆိုင်ဆိုင် တီးမှုတ်ရင်း စစ်သားတွေကို မြှူဆွယ် ခေါ်ယူနေတယ်။
နောက်ဆံ တတင်းတင်းနဲ့ အင်မဲန် လှည့်ကြည့် လှည့်ကြည့် ပါသွားတယ်။
အင်မဲန် ဟာ အဒါး ကို သမင်လည်ပြန် ကြည့်ရင်း ကြည့်ရင်း တဖြည်းဖြည်း စစ်သားအုပ်အတွင်း ညှပ်ပါသွားတာပါ။
အဒါး ကလည်း အင်မဲန်ကို ရီဝေတဲ့ မျက်လုံးတွေနဲ့ ကြည့်ရင်း ကြည့်ရင်း မှုံဝါးပြီး တဖြည်းဖြည်း ဝေးဝေးသွားတယ်။စစ်ဟာ ချစ်သူတွေကို ကြေကွဲ ၀မ်းနည်းစေတဲ့အပြင် သီးခြားစီ ခွဲခွာ ပြစ်လိုက်တယ်။
ခုတော့ ဆေးရုံပေါ်မှာ သေမလား ရှင်မလား ကိုယ်မသိ။အဒါးထံက စာလေးကို တယုတယ သိမ်းဆည်းရင်း အိမ်ကို လွမ်းနေတယ်။အဒါး ရဲ့  ရုပ်သွင် လေးကို ဖျောက်မရ မျက်စိရှေ့ မှာ တရစ်ဝဲ၀ဲ မြင်နေတယ်။။နံနက်ခင်း နှင်းတွေကို ထွင်းဖေါက် အားယူ ထွက်ပြူလာတဲ့ ကိုးလ်မောင်းတိန်း တောင်တန်းပေါ်က မြင်နေကျ နေ၀န်းကြီးကိုလည်းလွမ်းနေတယ်။ အို..လွမ်းစရာတွေမှ အများကြီး ။
သည်းမခံနိုင်တဲ့အဆုံး ဆုံးဖြတ်ချက်တခုကို ရဲရဲဝံ့ဝံ့ ချလိုက်တော့တယ်။သူ့အိုး သူ့အိမ်ရှိရာ မိန်းခလေး အဒါး ရှိရာ ကိုးလ်မောင်းတိန်းဒေသသို့။ချက်ခြင်း လက်ငင်း သွားရောက်ဖို့။
အင်မဲန် တပ်ကို စွန့် ခွာ ထားရစ်ပြီး သူ့ရပ် သူ့ဋ္ဌာနီ ကိုးလ် မောင်းတိန်း ရှိရာ ဦးတည် ထွက်ခွာခဲ့ပြီ။
တပ်ပြေးမှန်း မသိအောင် သူ ရှောင်ရ တိမ်းရ ပါတယ်။လမ်းခရီးမှာ ဆင်းရဲ ဒုက္ခရောက်ရတယ်။ ပုန်းရ ကွယ်ရတယ်။ပါလာတဲ့ သေနတ်နဲ့ ခုခံပစ်သတ်ခဲ့ရတာမျိုးလည်း ကြုံရတယ်။
ရာသီဥတုကြမ်းတမ်းရက်စက်မှု အစာရေစာ ပြတ်တောက်မှု နဲ့ ဒါဏ်ရာတွေက သူ့ကို အားအင် ကုန်ခမ်း နွမ်းနယ်စေတယ်။ စားစရာ ရှာမတွေ့တိုင်း မျက်စိရှေ့မှာ လှုပ်လှုပ်ရွရွ မြင်မြင် ကရာ အကောင်တွေ အရှင်လပ်လပ် ကောက်စား အားဖြည့်ရပြန်တယ်။
သိုးထိန်း မိန်းမကြီး မက်ဒီ နဲ့ တွေ့ဆုံခဲ့ရပြီး သူမက ဒါဏ်ရာတွေ ပျောက်ကင်းတဲ့အထိ သူ့ ကက်ဘင်အိမ်ကလေးထဲမှာ စောင့်ရှောကထာ်းခဲ့တယ်။ဆေးဝါးကုသ ပေးခဲ့တယ်။
သိုးတစ်ကောင်ကို သတ်ဖြတ်ကျော်ချက်ပြီး အဟာရအဖြစ် ကြွေးမွေးခဲ့တယ်။
အဲဒီကနေ တဆင့် ရှေ့ခရီး ဆက်ခဲ့တော့ ကက်ဘင် အိမ်ငယ်ကလေးတလုံးနဲ့ နို့စို့ ကလေးတယောက်နဲ့ ကသီကရီ နေနေရတဲ့ မုဆိုးမလေး ဆာရာ က သူ့ကို စားစရာနဲ့ အိပ်စရာအပြင် တညတာ နွေးထွေးမှုကို ဂရုတစိုက် စီစဉ်ပေးခဲ့တယ်။
နံနက် မိုးလင်းချိန်မှာတော့ ဆာရာ့ကို ဒုက္ခပေးနှောင့်ယှက်ဖို့ ရောက်လာတဲ့အကျင့်ဆိုးဆိုး ရန်းကီး သုံးကောင်ကို သူက နှိမ်နင်းနိုင်ခဲ့ ပြီး ဆာရာတို့ သားအမိကို ကယ်တင်ခဲ့နိုင်တယ်။
လမ်းမှာ သားသတ်သမားမိသားစု တခုရဲ့ နွားကလေး အကင်သားနဲ့ ၀ိုင်းဖွဲ့ ညစာ စားနေကြတာကိုလည်း ကြုံဆုံခဲ့ရပါသေးတယ်။
ခုလို စွန့်စားခန်းတွေနဲ့ ဒလစပ် တွေ့ကြုံ နေရချိန်မှာပဲ ဘခင် မရှိတော့တဲ့ နောက် အဒါး ဟာ မြို့ပြကို စွန့်ခွာလို့ သူ့အဖေရဲ့ကိုးလ်မောင်းတိန်း တောင်တန်းပေါ်က လယ်တောကို အုပ်ချုပ် စီမံဖို့ ဘလက်ကို့ဗ် (Black Cove) ကို ရောက်ရှိလာချိန် ဖြစ်ပါတယ်။ သူမဟာ လယ်တောကိစ္စမှာ စီမံဖို့ နားလည် ကျွမ်းကျင်မှု မရှိတဲ့အတွက် အိမ်နီးချင်း သူငယ်ချင်းမလေး ရူဘီ က အတူလာနေပြီး ကူညီ လုပ်ကိုင်ပေးရတယ်။ အဒါးရဲ့ အာရုံ ထဲမှာတော့ ကတော့်ကတော် အော်နေတဲ့ ကြက်အုပ်ကြီးနဲ့အတူ နှင်းတောကို ဖြတ်လာနေမဲ့ အင်မဲန်ကို မြင်ယောင်နေတာပါ။ ဟုတ်လည်း ဟုတ်ပါတယ်။ အင်မဲန် တကယ်ပြန်လာနေတာပါ။အဒါး ဟာ သူ့မျက်စိကို ယုံတောင် မယုံရှာဘူး။ ဒါပေမဲ့ ….
ပျော်စရာ အချိန်ကလေးက တိုတောင်းလွန်းပါတယ်။
သူတို့အတွက် အတူနေရချိန်ကလေးက တစ်ညတာမျှသာပါပဲ။
မနက်လင်းတာနဲ့ တပ်ပြေးတွေကို အမဲလိုက် မုဆိုးတွေလို အနံ့ခံ ရှာနေကြပြီ။ ခြေရာခံလို့ လိုက်လာနေကြပြီ။
စစ်ကြီးက ပြီးတော့မယ်ဆို။ အိမ်ပြန်ချင်တဲ့ စစ်သားတွေကို ဘာ့ကြောင့် လွတ်လပ်ခွင့် မပေးတာလဲ။ ဘာ့ကြောင့် ၀ရုံးသုန်းကား လိုက်ဖမ်းနေတာလဲ။ အင်မဲန် စဉ်းစားမရပြီ။
နောက်ဆုံးမှာတော့ တပ်ပြေးတွေကို လိုက်လံ ဖမ်းဆီးတဲ့စစ်သား (union soldiers )တွေ ရယ် ၊ရန်းကီး တွေရယ် ပြီးတော့ Home guard လို့ခေါ်တဲ့ အိမ်စောင့် အဖွဲ့ဝင်တွေရယ် မြင်းကိုယ်စီ စီး ရောက်လာပြီး အဒါး တို့ကို ၀ိုင်းထားလိုက် တယ် ။
လျှပ်တပြက် အချိန်တခဏအတွင်း အခြေအနေက သိပ်ရှုပ်ထွေးသွားတယ်။ နုနယ်တဲ့ မိန်းမသားကလေးတွေ ယောင်္ကျားသားကြီးတွေနဲ့ အပြိုင် သေနတ်ကိုယ်စီကိုင်လို့ အသေအလဲ ခုခံနေကြရပြီ။
ဟုန်းမ်ဂတ် မင်ဘာ ဘိုစီနဲ့ အင်မဲန် မြင်းကိုယ်စီ စီး ထိပ်တိုက် တွေ့ဆုံကြတယ်။
တယောက်တလှည့် ပစ်ခတ်ကြတယ်။ ဘိုစီက ဗိုင်းကနဲ မြင်းပေါ်ကနေ လိမ့်ကျ ပွဲချင်းပြီး သေသွားတယ်။ အင်မဲန်က တော့ ထူထူထောင်ထောင်ပါပဲ။ သူ ..ဘာမှ မဖြစ်ပါဘူးနော်။
အဒါးတွေးနေတယ်။မျက်ခြေမပြတ်ကြည့်နေတယ်။
အင်မဲန်က လုံးလုံး မလှုပ်ဘူး။ မြင်းပေါ်မှာပဲ စမတ်ကျကျ အထိုင်မပျက် ရှိနေဆဲ။
လက်တဘက်က ဇက်ကြိုးကို ကိုင်ထားပြီးသေနတ်ကိုင်တဲ့ လက်ကတော့ အောက်ကို တွဲလောင်းကျလို့။
သူ ဒါဏ်ရာ မရပါဘူးနော်။
ဟော .နည်းနည်း .နည်းနည်း ယိုင်လာတယ်။ ခေါင်းလှုပ်လာတယ်။မေးစိလှုပ်လာတယ်။
အလိုဘုရား သွေးတွေလား။ ထိုးအံလိုက်ပြီ။ မြင်းပေါ်ကနေ ကားကနဲ့ ပြုတ်ကျတယ်။
အဒါး အပြေးကလေးသွားပါတယ်။
ပြူးကြောင်ကြောင်ဖြစ်နေတဲ့ မျက်စိတွေက မလှုပ်တော့ဘူး။
သူငယ်အိမ် မလှုပ်တာပါ။ ပါးစပ်က အဒါးကို ခေါ်နေသလား။
ယဲ့ယဲ့ အသံထွက်လာ။
အဒါးခမြာ ပါးချင်းကပ်။မျက်နှာချင်းအပ် နှုတ်ခမ်းချင်းထိစပ် အသက်ရှူလမ်းကြောင်းကိုဖွင့် ။
တတ်သရွေ့ ကြိုးစား။ အို.အဒါးကို ဘုရားသခင် သနားညှာတာတော်မမူ အင်မဲန်ကို ခေါ်တော်မူသွားပေပြီပဲ။
ကိုးလ်မောင်းတိန်းရဲ့ အလှအပတွေ က ဘယ်မှာ မျောလွင့်ကုန်ပြီလဲ။ အရာရာ အကျည်းတန်နေတယ်။အရုပ်ဆိုးနေတယ်။ တလောကလုံး အမှောင်တွေ ဖုံးသွားသလား။
အဒါး ရဲ့ ခံစားချက်ကို ဘယ်သူမြင်နိုင်မလဲ။ ရူဘီလည်း မကယ်နိုင်။ သိုးကလေးတွေလည်းမကယ်နိုင်။
ဖြေသာစရာ တခု အဒါး ရလိုက်တာက အင်မဲန်ပေးခဲ့တဲ့ သမီးကလေး ဂရေ့စ်(Grace Inman)ပါ ပဲ ။
နောက် သုံးနှစ်အကြာမှာ အဒါးနဲ့ ဂရေ့စ် တို့ အင်မဲန်ရဲ့ အုပ်ဂူမှာ အလွမ်းပြေ ပန်းကလေးတွေ ကြဲချလိုက်တယ်။ ဖြူဖြူဖွေးဖွေး သိုးကလေးတွေ ပတ်လည် ၀န်းရံလို့။
Florist
Family Magazine, June, 2014
Family Magazine, June, 2014
No comments:
Post a Comment