မိုးရာသီမှာ ခရီးသွားတယ်ဆိုတာ တကယ်တော့ "ခရီးသွားရာသီ"မဟုတ်တဲ့အချိန်မှာ ခရီးသွားတာပါ။ အဲဒီအချိန်မှာ ခရီးသွားတွေနည်းပါးသွားတော့ လူတွေအများကြီးပြည့်ကျပ်မနေတော့ဘဲ အေးအေးဆေးဆေးခရီးစဉ်လေးဖြစ်နိုင်တယ်။ ခရီးသွားနည်းတဲ့အချိန်ဆို ဟိုတယ်တွေမှာ လျှော့ဈေးပေး/ ဈေးချပေးတတ်တာကြောင့်လည်း ကုန်ကျစရိတ်ကိုချွေတာနိုင်သေးတယ်။ အားလပ်ရက်ရှိမယ်ဆိုရင် မိုးရာသီထဲခရီးသွားတာဟာ သူ့ရဲ့ကိုယ်ပိုင်သဘာဝနဲ့ နှစ်လိုဖွယ်ရာ ခရီးစဉ်လေးဖြစ်နိုင်ပါတယ်။ စိုစွတ်နေတတ်တာကလည်း တမျိုးတော့သဘောကျစရာပါပဲ။ ဂရုစိုက်ပြင်ဆင်သွားသင့်တာလေးတွေတော့ ရှိနေပါတယ်။ အဲဒီအချက်လေးတွေပြင်ဆင်သွားရင် သိပ်ပျော်ရွှင်စရာကောင်းတဲ့ မိုးရွာသီခရီးလေးဖြစ်သွားမှာပဲပေါ့။
• ကျစ်ကျစ်လစ်လစ်သေးငယ်ပေါ့ပါးတဲ့ ထီးယူပါ။ သေးငယ်ပြီးပေါ့ပါးဖို့အဓိကကျတာကတော့ ခရီးသွားနေတဲ့အချိန် ဒီထီးကိုသယ်ဆောင်နေရတာကို အာရုံစိုက်နေစရာမလိုအောင်လို့ပါ။
• မိုးကာအင်္ကျီလိုအပ်ပါတယ်။ မိုးကာကျောပိုးအိတ်ကြီးကြီးလည်း လိုသေးတာပါပဲ။ ziploc တံဆိပ်မျိုး ဇစ်ပါပလတ်စတစ်အိတ် (အရွယ်အစားအမျိုးစုံရှိနိုင်ပါတယ်) လေးတွေ နှစ်ဘူးလောက်ဆောင်ထားပါ။ ကင်မရာအတွက်လည်း အဲဒီ ziploc အိတ်လေးတွေက အသုံးတည့်လှတယ်။
• ခရီးသွားရင်တော့ ဓာတ်မီး၊ ကိုယ်သွားမယ့်ခရီးပေါ်မူတည်ပြီး headlamp ပါလိုအပ်သလို ယူသွားပါ။ ဆပ်ပြာ၊ ခေါင်းလျှော်ရည် ဒါတွေလည်း ခရီးစဉ်တိုင်းအတွက် လိုအပ်တာကြောင့် မယူမဖြစ်ယူဆောင်ရဦးမှာပါပဲ။
• မိုးရာသီအချိန်ဆိုတော့ ဈေးကြီးကြီးအဝတ်အထည်တွေမယူပါနဲ့။ အဖြူရောင်အဝတ်အစားလေးတွေလည်းမယူဘဲ အရောင်ရင့်ရင့် ပေါ့ပေါ့ပါးပါးအဝတ်အထည်လေးတွေပဲယူသွားပါ။ လိုအပ်ရင် အလွှာလွှာအထပ်ထပ်ဝတ်တာလည်း အဆင်ပြေလှတယ်။ မိုးစက်မိုးမှုန်လေးတွေ ခပ်ပါးပါးရိုက်ခတ်ထားရင် အပေါ်တစ်ထပ်ကို ခပ်မြန်မြန်လေးချွတ်ပြီး အခြောက်ခံလို့ရသေးတယ်။ ပေါ့ပါးတဲ့အဝတ်အစားမျိုးပဲ သယ်ပါ။ ဒါပေမဲ့ အရေအတွက်ပိုပြီးများများယူပါ။ စိုတဲ့အချိန်တိုင်း အချိန်မဆိုင်းဘဲ လဲပေးပါ။
• ရေစိုခံတဲ့ ရှုးဖိနပ်၊ ရေစိုခံဖိနပ်ခပ်ကြမ်းကြမ်းမျိုးသာ စီးပါ။ မဟုတ်ရင် တန်ဘိုးကြီးကြီးဖိနပ်တွေပျက်စီးခဲ့ရရင် စိတ်ဆင်းရဲစရာခရီးစဉ်ဖြစ်သွားမှာပေါ့။
• ဒီအချိန်မျိုးဟာ ရေပုလင်းကိုယ်နဲ့မကွာဆောင်ထားသင့်တဲ့အချိန်ပါ။ ဗိုက်ထဲမအီမသာနဲ့ စိတ်ပျက်စရာအခြေအနေမျိုးတော့ ဘယ်သူမဆို ကြုံချင်ကြမှာမဟုတ်ပါဘူး။
• ပန်းနာရင်ကျပ်ရှိသူ နဲ့ ဓာတ်မတည့်မှုပြဿနာရှိတတ်တဲ့ ကလေး လူကြီးပါမယ်ဆိုရင် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြီး လိုအပ်တဲ့ဆေးဝါး ပိုပိုလျှံလျှံယူသွားပေးပါ။ စိုစွတ်တဲ့ရာသီဥတုမှာ အဲဒီကျန်းမာရေးအခြေအနေတွေ ပိုပြီးဆိုးဝါးစေတတ်တာကြောင့်ပါ။ ပိုးကောင်မွှားကောင် ကာကွယ်နိုင်တဲ့ spray တွေလည်း ယူသွားပေးဖို့ လိုအပ်လှတယ်။ မိုးရာသီမှာက ကိုယ်ခရီးသွားတဲ့နေရာပေါ်မူတည်ပြီး ခြင်တွေ အနည်းနဲ့အများ ရှိနေတတ်ကြတာကြောင့်ပါ။
မိုးရာသီလေးထဲ ခရီးသွားရရင် ဘာတွေများလုပ်နိုင်မလဲဆိုရင်
ပြတိုက် ဒါမှမဟုတ် ပြခန်းတွေ လည်ပတ်နိုင်တာပေါ့။
ရုပ်ရှင်ကြည့်နိုင်သေးတယ်။ ဈေးဝယ်စင်တာတွေ ဈေးတန်းလေးတွေ လျှောက်ပြီးကြည့်နိုင်တယ်။ ဓာတ်ပုံလှလှရိုက်ယူနိုင်မယ့် နေရာလေးတွေသွားနိုင်မယ်။ ကမ်းခြေနားဆိုရင် ချစ်စရာကော်ဖီဆိုင်လေးရဲ့ ထီးလှလှလေးအောက်မှာထိုင်ပြီး ရေလှိုင်းခပ်ကြမ်းကြမ်းတွေ စိတ်လှုပ်ရှားစွာကြည့်နိုင်မယ်။ indoor ငါးပြတိုက်မှာလည်း ရေသတ္တဝါတွေ စိတ်ဝင်တစားကြည့်နိုင်သေးတယ်။ သိပ်ပြီးမအေးလှတဲ့နိုင်ငံဆိုရင် မိုးရေစက်လေးတွေအောက် ထီးမဆောင်းဘဲ လမ်းလျှောက်ရင်း မိုးစက်မိုးပေါက်လေးတွေရဲ့ အရသာကို နေရာအသစ်တစ်ခုမှာ ခံစားနိုင်မယ်။
လူတွေ ရှုပ်ထွေးများပြားမနေတဲ့အချိန်ဆိုတော့ ကိုယ်ရဲ့ စိတ်ကို အရှင်းဆုံးဖွင့်ထားပြီး အေးအေးသက်သာ အနားယူနိုင်တယ်လေ။ မိုးဟာ ပစ္စည်းပိုလေးတွေမပါမဖြစ်ယူဆောင်ရတာကြောင့် အလုပ်များလှသလိုပဲ။ မိုးရေစက်လေးတွေဟာ Romantic ဆန်လှတယ်။ မိုးဟာ စိတ်အနှောင့်အယှက်ဖြစ်စရာလိုပဲ။ မိုးဟာ ကဗျာဆန်ဆန်လှနေနိုင်သေးတယ်။ လှပတဲ့အရာဖြစ်နိုင်သေးတယ်။ ကိုယ်တို့ရဲ့ ဘဝဆိုတာက ဆန့်ကျင်ဘက်တွေပြည့်နှက်နေတာပါ။ ဒါဟာ ဘဝထဲက ခရီးသွားခြင်း တစ်ခုပါပဲ။ ဘယ်လိုပြင်ဆင်သွားမလဲဆိုတာကိုသာမူတည်တာပါ။ အဲဒါကြောင့် မိုးရေထဲမှာ ပျော်ရွှင်စရာရှာဖွေနိုင်ဖို့ ခရီးစဉ်လေးအတွက်လိုအပ်တာတွေ အသင့်ပြင်ထားလိုက်တော့နော်။ ။
ဖြိုးဖြိုး
(Living Fashion Magazine, July, 2014)
No comments:
Post a Comment