Blaze . . နောနော်
(စုမီအောင် ရဲ့စာ)
(စုမီအောင် ရဲ့စာ)
အောင်မြင်ခြင်းနှင့် ဘ၀အဓိပ္ပာယ်ကို ပြည့်ပြည့်၀၀ခံစားရခြင်းတို့က သဘောသဘာဝချင်း ကွာခြားနားလှသည်။ အောင်မြင်ခြင်းကို သူ တစ်ခါမျှ မရှာဖွေခဲ့။ သူ့တစ်ကိုယ်လုံး ဂီတဆိုသည့် အနက်ရှိုင်းဆုံးပင်လယ်ထဲ ပစ်ချကာ အစွမ်းရှိသမျှ ကူးခတ်ခဲ့သည်။ အစပျိုးကာလ တွေမှာ သူ့မှာ ခြေလက်အစုံအလင်နဲ့ နှလုံးသားတစ်စုံသာ ပါရှိခဲ့သည်။ ချစ်တတ်သော နှလုံးသားတစ်စုံ၊ ဒီနှလုံးသားက ကမ္ဘာလောက ရှိရှိသမျှ အရာခပ်သိမ်းတို့အနက် ဂီတဆိုသည့်အရာကိုသာ စုံမက်တွယ်နစ်ချင်ခဲ့သည်။ ငယ်စဉ်ကတော့ သူ့ကိုယ်သူ ပုစ္ဆာတစ်ပုဒ်လို အခါခါဆန်းစစ်တွက်ထုတ် ကြည့်ခဲ့ဖူးသည်။ ငါဘာဖြစ်ချင်သလဲ၊ င့ါဘ၀မှာ ဘာနဲ့ နေထိုင်သွားသင့်သလဲ၊ ငါ့ရဲ့ အနာဂတ်ကာလအတွက် ရည်ရွယ်ချက်နဲ့ ဆန္ဒတွေက ဘာတွေလဲ…အိပ်မက်တွေကရော….ချိုမှာလား…ချဉ်မှာလား….မချိုမချဉ် ခါးသက်နေဦးမှာလား…..။ အချိန်တစ်ခုရောက်သည့်အခါ ယုံကြည်သူဖြစ်သည့်အားလျော်စွာ အလုံးစုံသော ပူပန်ကြောင့်ကြစိတ်တွေကို ဘုရားသခင်က သိမ်မွေ့ညင်သာစွာ ဖယ်ထုတ်ရှင်းလင်း ပစ်လိုက်ကာ သူ့အား ဂီတအရာကိုသာ စိတ်နှစ်လုပ်ဆောင်ဖို့ အခွင့် ပေးခဲ့သည်။
“၇တန်း ၈တန်းလောက်က music ဆိုတဲ့အရာကြီးကို စငြိသွားခဲ့တယ်ဗျ။ တကယ်တမ်း သူ့အတွင်းသားထဲကို နက်နက်ရှိုင်း ရှိုင်း ရောက်သွားခဲ့တာက ၁၀တန်းနောက်ပိုင်းကျမှ။ ကျွန်တော့်ဦးလေး တွေက ကျွန်တော့်ကို အနီးကပ် လမ်းညွှန်ပြသပေးခဲ့တဲ့ အထောက်အပံ့ကောင်းတွေပေါ့။ သူတို့ကြောင့် ပြဿနာ အခက်အခဲ တစ်စုံတစ်ရာမျှ မပေါ်လိုက်ဘဲ music ထဲကို ကျွန်တော် ရောက်သွားခဲ့တယ်ဆိုပါတော့ဗျာ”
Music ဆိုသည့်အရာကြီးကို ဘာမှန်းတိတိကျကျမသိခင် ခပ်ငယ်ငယ်ကလေးဘ၀အရွယ်ကတည်းက သူ သီချင်းတွေကို တမက်တမော အော်အော် ဆိုမိသည်အထိ ချစ်မက်နေတတ်ခဲ့ကြောင်း သူက အပွင့်လင်းဆုံး အရယ်အပြုံးတို့ဖြင့် ပြန်ပြောင်းမှန်းဆ ပြောပြနေခဲ့ သေးသည်။
“ ငယ်ငယ်တုန်းက ထွဏ်းထွဏ်း၊ (ကို)အငဲ သိပ်ကြိုက်တယ်ဗျာ။ သူတို့သီချင်းတွေ အော်အော်ဆိုတာပေါ့။ ဆိုနေကျက ထွဏ်းထွဏ်းရဲ့ ဟို . .ဘာလဲ. . အချစ်ရူး အချစ်ရူး၊ Mr.Big ရဲ့သီချင်း၊ (ကို)အငဲ သီချင်းက ဟူး . . ဝေးပြီ ဘေဘီ အဝေဆုံး. . သူတို့သီချင်းတွေ ဆိုရ တီးရတာ အင်မတန် သဘောကျခဲ့တယ်”
အဘယ်အရာမျှ မိုးကောင်းကင်က ရွာချလိုက်သည့် မိုးစက်မိုးပေါက်တွေလို အခန့်သင့် ဖြာဆင်းရွာချ စွတ်စို အေးမြခဲ့သည်မဟုတ်။ အရာခပ်သိမ်းတို့မှာ ခိုင်လုံသော အကြောင်းပြချက်ရှိသည်။ စစ်မှန်သော ကြိုးစားအား ထုတ်မှုလည်း ရှိသည်။ ထိုက်တန်သည့် ရင်းနှီးမှု တစ်ခု ရှိသည်။ သေသပ်ကျနသည့် အပျံစား ဂစ်တာလက်သံကို ပိုင်ဆိုင်ခွင့်ရဖို့ သူ့ဘ၀ရဲ့အချိန်များစွာကို ဖဲ့ချွေပေးဆပ် ခဲ့ရကြောင်း မြိန်မြိန်ရှက်ရှက် ပြောပြနေရင်းက ဂစ်တာသမားဖြစ်ချင်သည့် လူငယ်တို့အတွက် စေတနာစကား တစ်စွန်းတစ်စ လှလှပပ ထုဆစ် လှစ်ဟ ပြသေးသည်။
“သီချင်းတွေကို ခပ်များများကြီးကို ကျွန်တော် နားထောင်ခဲ့တယ်။ များသောအားဖြင့် rock သီချင်းတွေ၊ ပြီးတော့ ဂစ်တာကို တစ်ချိန်လုံး အမြဲတမ်းပဲ တီးနေခဲ့တယ်ဗျာ။ နောက်ပြီးတော့ သိချင်တာတွေ လက်လှမ်းမီ သလောက် မရှက်မကြောက် မေးစမ်းခဲ့ရတယ်၊ ဂစ်တာ note book တွေ ရသလောက် ရှာဖွေလေ့လာရသေး တယ် ၊ စာအုပ်တွေလည်း အတော်များများကြီးကို ဖတ် မှတ်ခဲ့ရတယ်။ ကျွန်တော်ထင်တယ် သီချင်းတွေကို အချိန်နာရီ နေ့ရက်မရွေး ခပ်များများ နားထောင်တတ်မယ်၊ ဂစ်တာကို မလွှတ်တမ်း မနားတမ်း တီး ကျင့်နေမယ်၊ စာအုပ်တွေ ရှာဖွေလေ့လာဖတ်မှတ်မယ် . . .ဒါဆိုရင် ပရမ်းပတာ မဖြစ်တော့ဘူးဗျာ။ အချိန်တစ်ခုရောက်ရင် အဆင်ပြေ ကောင်းမွန်တဲ့ ဂစ်တာသမားကောင်းတစ်ယောက် ဖြစ်လာမှာ အသေအချာပါပဲဗျာ”
ယုံကြည်ရာလျှောက်လှမ်းနေသည့် ခရီးစဉ်တစ်လျှောက်မှာ ကြည်မြလန်းဆတ်သည့် ဆောင်းဦးရာသီအစလို ယဲ့ယဲ့ကလေး ရုပ်ဖျက် ၀င်ရောက်လာတတ်သည့် မုန်တိုင်းတို့က သူ့ယုံကြည်ချက်တွေကို ခက်ခက်ထန်ထန် မွှေနှောက်ဖျက်ဆီးဖို့ ကြိုးစားလာကြသည်။ ဒီကြမ်းတမ်းခက်ထန်သည့် မုန်တိုင်းဆန်ဆန် နေ့ရက်တွေကို ဂီတချစ်သည့်စိတ် တစ်ခုတည်းဖြင့် သူ မလွယ်ကူစွာ (သို့သော်) မခက်ခဲလှစွာ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့သည်။
“ ပြင်းပြင်းထန်ထန် ဆိုးဆိုးဝါးဝါး နေ့ရက်တွေ မကြုံခဲ့တာ ဘုရားကျေးဇူးသက်သက်ပါပဲဗျာ။ ကျွန်တော်က သီချင်းလည်း ရေးတော့ သီချင်းတွေရေး ကိုယ်တိုင်ဆို၊ ဒီလိုနဲ့ပဲ recording ၀င်ခဲ့တယ်။ recording ၀င်တာက များတော့ ဒါတွေကပဲ လေ့ကျင့်မှု အကြီးစားကြီး တစ်ခုလို အဆင်ချောသွားခဲ့တယ် ဆိုပါတော့ဗျာ”
ဟုတ်သည်။ သူက သီချင်းတွေလည်း ကိုယ်တိုင်ရေးသည်။ ဂစ်တာတီးသည်၊ ဆိုသည်၊ တေးရေးသည်။ အစားအစာတစ်ခုခု အရသာ ပြည့်ဝအောင် စီမံချက်ပြုတ်ရသလို သီချင်းတစ်ပုဒ်ကိုလည်း ကောင်းမွန်စွာ ချက်ပြုတ်တတ်ဖို့ သိပ်လိုသည်။
“ ကျွန်တော်က သီချင်းတွေကို frame အရင်ဆုံး ချတယ်ဗျ။ လှတပတ bodyလေး ရမှသာ melody ထပ် ရှာတယ်။ ဒါတွေ အသေအချာ ရမှ lyrics ထပ်ဖြည့်တယ်။ ကိုယ့်သီချင်းတွေချည်းပဲ အမြဲတမ်းတော့ မဆိုဖြစ်ဘူး။ တခြား composer တွေရဲ့ သီချင်းတွေ လည်း ယူဆိုဖြစ်တဲ့အခါ ဆိုတယ်။ သူရိန် တို့ ညလင်းထယ် တို့. . .ရဲ့ သီချင်းတွေ။ ကျွန်တော်လိုချင်တဲ့ style ထုတ်ပြောဖြစ်တဲ့ အခါ လည်း ရှိသလို၊ ဘာမှ အထွေအထူး ထုတ်ဖော်ပြောနေစရာမလိုဘဲ တကယ့်ကို ကျွန်တော့်အတွက် ကျွန်တော်ဆိုဖို့သက်သက် ရည်ရွယ်ပြီး ရေးထားသလား ထင်ရလောက်အောင် ကျွန်တော်နဲ့ အစပ်အဟပ်မိနေတဲ့ သီချင်းတွေလည်း အဆင်သင့်ရှိနေတတ်တယ်၊ အထူး သဖြင့် တော့ ညလင်းထယ် ဆီမှာပေါ့။ ညလင်းထယ်ရေးလိုက်တဲ့ သီချင်းတွေက ကျွန်တော်နဲ့ အံ့သြစရာကောင်းလောက်အောင် မိနေ တတ်တယ်။ ညလင်းထယ် ရဲ့ သီချင်းတွေ ကျွန်တော်ဆိုဖြစ်တာများတယ်။
သူ့မှာ ညီတစ်ယောက်၊ အစ်ကိုတစ်ယောက်ရှိသည်။ သူက အလယ်ကလူ၊ တိုင်းရင်းသားပီပီ စကားနည်းနည်းဝဲသည်။ သီချင်းဆိုသည့် အခါမှာတော့ အဝေ့အ၀ဲ အတိမ်းအစောင်းလုံးဝမရှိဘဲ vocal tone က rock သံစဉ်တွေထဲမှာ အားကောင်းမောင်းသန် ပါဝါပြည့်နေ တတ်သည်။ သူ့အစ်ကိုက အခုအခါ နိုင်ငံရပ်ခြားမှာ။ သူ့ညီကတော့ သူ့ရဲ့Blaze Bandမှာ second lead ဂစ်တာသမားအဖြစ် သူနှင့်အတူ ဂီတတိုက်ပွဲ ၀င်နေခဲ့ပြီ။ အစ်ကိုနှင့် ညီငယ်အကြောင်း ပြောပြနေချိန်မှာ ခပ်ညိုညိုသူ့မျက်ဆန်တွေက ရုတ်ခြည်း စိုလက်နက်မှောင်ကာ အစ်ကိုနှင့်ညီငယ်အတွက် ဂုဏ်ယူဝမ်းမြောက်ဟန်က အထင်းသား ပေါ်လွင်နေခဲ့သည်။
“ ကျွန်တော့် အစ်ကို ဒူးဒူက ကျွန်တော့်အတွက် သီချင်းတစ်ပုဒ်ရေးပေးခဲ့ဖူးတယ်။ ပထမဆုံး အယ်လ်ဘမ် ‘အတိုင်းထက် အလွန်’ မှာ ကျွန်တော်ထည့်ဆိုခဲ့တယ်။ ‘ ပြန်ဆုံကြမယ်’ ဆိုတဲ့သီချင်း။ ကျွန်တော့်ညီ ဒီးလာ ကတော့ ပြောရရင် MIT ကျောင်းဆင်း တစ်ယောက်ဗျ။ သူက Pastor ပေါက်စပေါ့။ ဘုရားအတွက် အလုပ်လုပ်သလို ကျွန်တော့်ရဲ့ Blaze Bandအတွက်လည်း ဂစ်တာတီးပေး နေတယ်။ သူက ဒုတိယအယ်လ်ဘမ် ‘ အကန့်အသတ်မရှိ’ကျမှ ၀င်တီးလာတာ၊ ပထမ ‘အတိုင်းထက်အလွန်’ တုန်းက သူ မပါသေးဘူးဗျ။ အခု Blaze မှာလည်း သူအားသန်ရာတီးဖို့ဖွင့်ပေးထားတယ်”
vocal & first guitar - နောနော်၊ second guitar - ဒီးလာ၊ bass - ကိုဂျက်၊ drums - စိုင်းအောင် ၊ ဒီအဖွဲ့သား လေးယောက်နှင့် ကျစ် လျစ်ခိုင်မာစွာ တည်ထောင်ခဲ့သည့် Blaze Band သည် အတိုင်းထက်အလွန်၊ အကန့်အသတ်မရှိ၊ အိပ်မက်ထဲကလို၊ လေးလေး နက် နက် တေးအယ်လ်ဘမ် လေးခု ထွက်ရှိပြီးခဲ့သည့်အတိုင်း Bandသက်တမ်းက ဂီတလောကမှာ အတန်အသင့် ခမ်းနားကြီးရင့်ခဲ့ပြီဆိုတာ ငြင်းပယ်မရသည့် အမှန်တရားတစ်ခု။ ၁၃ နှစ်ဆိုသည့် အချိန်အတိုင်းအဆက Blaze ဆိုသည့် အမည်နာမကို ဂုဏ်ရှိန်ပါဝါမြှင့်တင်ကာ အလျှံတငြီးငြီး တောက်ပလက်ဖြာအောင် ဆောင်ကြဉ်းလာခဲ့ပြီ။
“ ကျွန်တော့်အဖွဲ့သားတွေကို ကျွန်တော်ဘာတစ်ခုမှ ကန့်သတ် ချုပ်ခြယ်ထားတာမရှိဘူးဗျ။ သူတို့ကို တခြားမှာလည်း session player အဖြစ် သွားတီးဖို့ခွင့်ပြုထားတယ်။ ကျွန်တော်တို့မွေးဖွားကြီးပြင်းတဲ့ တိုင်းပြည်က အစစအရာရာ အားနည်းနေသေး တယ်၊ ၀င်ငွေအရရော. . .ကျန်တဲ့အပိုင်းတွေရော၊ ဒါကြောင့် သူတို့ကို လုံးဝချုပ်ခြယ်မထားဘူး၊ ငွေကြေးအရ သက်မွေးဝမ်းကျောင်းမှု အရ အဆင်ပြေမယ်ဆိုရင် တခြားမှာ စိတ်ကြိုက် သွားတီးနိုင်တယ်ဗျာ။ ကျွန်တော်သဘောထားကြီးကြီးနဲ့ ခွင့်ပြုပေးထားတယ်။ ခုလို ချုပ်နှောင်ကန့်သတ်မထားဘဲ လွတ်လပ်ခွင့်အပြည့်ပေးပြီး အတူတကွပူးပေါင်းလုပ်ဆောင်တာက ပိုပြီး ခိုင်မြဲစေမယ့် နည်းလမ်း ဖြစ်တယ်လို့ ကျွန်တော်ယုံကြည်တယ်”
Blaze မှာ တခြားBand တွေလို player ၀င်၊ ထွက်၊ ပြောင်းလဲ ပြဿနာတွေ လှုပ်ခတ်မနေဘဲ မြဲမြံခိုင်ခံ့နေစေ သည့်အကြောင်းရင်းကို မရှာဘဲ တွေ့လိုက်ရသည်။ အဓိကအကြောင်းရင်းက Set us free…၊ အကန့်အသတ်အချုပ်အနှောင်ကင်းသည့် လွတ်လပ်ခြင်းကသာ စည်းလုံးမှုကို ဖော်ဆောင်သွားနိုင်ကြောင်း Blaze က မီးမောင်းထိုးပြခဲ့သည်။ သူကတော့ အရာခပ်သိမ်းဟာ ဘုရားသခင်ရဲ့ခွင့်ပြုချက်နဲ့ ရှင်သန်လှုပ်ရှားနေရသည်လို့ ယုံကြည်သည်တဲ့။
“ ဟုတ်တယ်ဗျ၊ ဘာမဆို အားလုံးပဲ Jesus အခွင့်ပေးလို့ လုပ်နိုင်တာ။ သူသာ ခွင့်မပြုရင် ဘာမှ ပေါ်ပေါက်လာမှာ မဟုတ်ဘူး။ ကျွန်တော်တို့အခု ရှူရှိုက်နေတဲ့လေ ကအစ အလုံးစုံပဲ၊ ဆိုနေတဲ့သီချင်း၊ တီးနေတဲ့ ဂစ်တာ၊ သွားနေတဲ့လမ်း အားလုံးပဲ Jesusခွင့်ပြုလို့၊ သူ့ကို ကျွန်တော်တို့လွန်ဆန်လို့မရဘူး။ ကျွန်တော်စမ်းချောင်း churchမှာဘုရားကျောင်းတက်တယ်။ ဆယ်ဖို့တစ်ဖို့ ကျွန်တော့်ဘုရား ကျောင်း ကို အများဆုံးလှူတယ်။ Gospel Song တွေ ဆိုဖို့ပြောရင် မငြင်းဘူး၊ အမြဲဆိုတယ်။ ဘုရားကျောင်းက Music Team မှာ လူငယ်တွေကို musicနဲ့ ပတ်သက်ပြီး လိုအပ်တာ အကြံပေး ကူညီပါဝင်ဖြစ်တယ်။ Jesus က ကျွန်တော်တို့အတွက် နံပါတ်တစ်ပဲ”
သူကိုးကွယ်ရာ ဘာသာတရားနှင့်ပတ်သက်ပြီး သူ့အတွင်းသားထဲက ယုံကြည်မှုကို မြင်တွေ့ရသည့်အခါ ဂီတနှင့်ပတ်သက်သည့် သူ့အတွင်းသားထဲက ယုံကြည်မှုအတိုင်းအဆကိုလည်း သိမြင်လိုခဲ့သည်။
“ ကမ္ဘာကြီးမှာ music မရှိလို့မဖြစ်ဘူးဗျ။ လူသားရဲ့ဘ၀အစ မွေးဖွားခြင်းကို ညွှန်းဆိုတဲ့ Birthday သီချင်းကအစ၊ တိုင်းပြည်တစ်ပြည်ရဲ့ နိုင်ငံတော်သီချင်းအဆုံး အားလုံး music တွေနဲ့ချည်းပဲ တည်ဆောက်ထားတာ။ without music, without life လို့ပဲ ပြောရတော့မယ်ဗျာ”
ဆိုသည်၊ တီးသည်၊ ရေးသည်။ ဒီလုပ်ရပ်သုံးခုမှာ သူ ဘယ်အရာကို ပိုလို့ စိတ်နှလုံး မိန်းမောတိမ်းညွှတ် မိပါလိမ့်။ မထင်မှတ် သည့် အမေးစကားကြောင့် သူ ခဏငယ်လေး တုံ့ဆိုင်းသွားသေးသည်။ နောက်တော့ မျက်လုံးတွေကို ဒေါင့်ထပ်ကာ “တီးရတာကို ပိုပြီး နှစ် သက်တယ်လို့ ထင်မိတယ်”လို့ မညာတမ်း သူဖြေပေး ခဲ့သည်။ Studio တွေထဲမှာတော့ PTL ကို instrument ပိုင်းရော၊ စက်ပစ္စည်း အသံဖမ်းquality ပိုင်းရော ပိုလို့သဘောကျကြောင်း၊ သို့သော် လေ့ကျင့်မှုအတွက်တော့ Harmony Studio မှာ Blaze အဖွဲ့သားတွေ တစ်လ သုံး-လေးကြိမ်တွေ့ဆုံကာ တစ်ရက် သုံး-လေး နာရီလောက် ပုံမှန်ထိတွေ့လေ့ကျင့်ကြကြောင်း စီကာစဉ်ကာ သူပြောပြခဲ့သည်။
သမ္မာကျမ်းစာဟေဗြဲသြ၀ါဒစာမှာ သူဖတ်ဖူးလိမ့်မည်။ Run the race, Set before us. “ငါတို့မျက်မှောက်၌ ထားသော ပန်းတုံးတိုင်သို့ ရောက်ခြင်းငှာ ငါတို့သည်အားမလျှော့ဘဲ ပြေးကြကုန်အံ့”။ နောက်ဆုံးမှာ သူ အဲဒီလိုပဲ ပြောသည်။ ဒါသည် ဂီတ၀ါသနာ အိုးလေးတွေ အတွက် နှစ်သစ်စကားလက်ဆောင် ဖြစ်နိုင်ပါသည်။
“ ကိုယ်ယုံကြည်ရာကို ဆုံးခန်းတိုင်ကို လုပ်ကြပါ”တဲ့။
Zigzag
Yati Magazine, April, 2014
No comments:
Post a Comment