Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, July 18, 2014

ကျွန်မကို ထာဝရဆွေးမြည့်စေဖို့ စာတန်ဝှက်ထားခဲ့တဲ့ အ၀ါရောင်

စုမီအောင်
(လှိုင်းသစ် သြဂုတ်)
အ၀ါရောင်ကို ပျော်ရွှင်ခြင်းလို့ ဘယ်သူကများ အစဦး သတ်မှတ်ခဲ့ပါသလဲ။ ဘယ်သူရယ်လို့ အတိအကျမသိပေမဲ့ “ပျော်ရွှင် ခြင်းဟာ အ၀ါ” ဆိုတာကို လူအတော်မျာမျးား လက်ခံထားကြတယ်။ ဒီလိုသာဆိုရင်ဖြင့် အ၀ါရောင်နှင်းဆီတွေ ပြုတ်ကျလာခဲ့ တဲ့ အိပ်မက်က နိုးထလာခဲ့တဲ့ကျမ ပျော်ပျော်ရွှင်ရွှင်ကြီးကို ပျော်ရွှင်နေရမှာပေါ့။ အခု ကျွန်မ မပျော်ရွှင်ပါဘူး။ မပျော်ရွှင်ရခြင်း အကြောင်း ရင်းကိုလည်း ရှာလို့မတွေ့ခဲ့ဘူး။ ညည အိပ်စက်လိုက်တိုင်း အိပ်မက်ထဲမှာ ကျွန်မ ခန္ဓာပေါ် ပြုတ်ပြုတ်ကျနေတဲ့ နှင်းဆီ တွေကတော့ ခုထိ ..အမြဲထာဝရ …အ၀ါရော်။
ဆွေးလည်း ဆွေးမြည့်စရာ ကောင်းလှချည့် ၊ ဆွေးမြည့်ခြင်း အ၀ါရောင်။
ပြီးတော့ …အေးလည်း အေးစက်လှချည့် ၊ ရေခဲရိုက်ထားတဲ့ အ၀ါရောင်။
ပြီးတော့ …သိုလည်း သိုဝှက်လှချည့် ၊ စာတန် ၀ှက်ထားခဲ့တဲ့ အ၀ါရောင်……..။


xxxxxx
အ၀ါရောင်ဆွေးမြည့်ခြင်းတွေ ၀ှက်သိုထားတဲ့အခန်းတစ်ခန်း ကျမဆီမှာရှိနေခဲ့တယ်။ အဲဒါကို မနေ့တစ်နေ့ကမှ ကျမ အလန့် တကြား သိလိုက်ရတယ်။ အ၀ါရောင်အကြောင်း သိသလိုထင်ခဲ့ပေမဲ့ တကယ်တမ်းမှာ အ၀ါရောင်ကို ကျွန်မ သိပ်မသိခဲ့ သေးဘူး။ အခု နောက်ပိုင်းမှာတော့ တစ်နေ့ထက်တစ်နေ့ အ၀ါရောင်ကို ကျမ သိကျွမ်းလာခဲ့ပြီလို့ ဆိုနိုင်တယ်။ အဲဒီလိုသိကျွမ်းလာလေလေ ကျွန်မမှာ သံသယတွေ ၀င်လာလေလေ။ မဟုတ်သေးဘူး။ အ၀ါရောင်ဟာ ဆွေးမြည့်ခြင်းတွေကို သယ်ဆောင်ပြီး ကျွန်မဆီပျံသန်းလာနေတာပါလို့ ကျွန်မ ယုံကြည်ထားလိုက်တယ်။ သည်လိုနဲ့…အ၀ါရောင်အကြောင်း စဉ်းစားရင်း ဘတ်စ်ကားပေါ် ကျွန်မ တက်လာခဲ့တယ်။

ဘတ်စ်ကားပေါ်မှာ အ၀ါရောင်တောက်တောက် ၀တ်ဆင်ထားတဲ့အမျိုးသမီးတစ်ဦးကို မြင်လိုက်တဲ့အခါ ကျွန်မ ပိုပြီး ဆွေးမြည့် ၀မ်းနည်းသွားတယ်။ ဒီခံစားချက်ကြီးကြောင့် သူ့ဘက်ကို နောက်ထပ်တစ်ခါ လှည့်မကြည့်မိစေဖို့ ကျွန်မ ဇက်ကို သော့ပိတ် ထားလိုက် တယ်။ နေရာတစ်နေရာရလို့ ဆွေးမြည့်နေဆဲ စိတ်တွေနဲ့ ထိုင်ခုံမှာ ခနော်ခနဲ့ ၀င်ထိုင်လိုက်တဲ့အခါ ထိုင်ခုံရဲ့ကျောမီအစွပ်က နွမ်းနွမ်း ညစ်ညစ် အ၀ါရောင်က ကျွန်မကျောပြင်ကို ပွန်းတီးပွတ်သပ် ရန်စတယ်။ မနေ့က လက်ဆောင်ရခဲ့တဲ့beyond pressure စာအုပ် ဖွင့်လှန်ဖတ်လိုက်တော့ ဘုရားသခင် ….အံ့သြဖွယ်တိုက်ဆိုင်မှုလားပဲ…… `အ၀ါရောင်ညံ့ဖျင်းမှု´ ပါဖောင်းမန့်စ်အကြောင်း ရေး ထားတဲ့ စာမျက်နှာကို စွပ်စွပ်ရွပ်ရွပ် လှန်မိတယ်။ ဒါနဲ့ စာအုပ်ကိုပြန်ပိတ်ပြီး မျက်လုံးတွေပါ မှိတ်ထားလိုက်တယ်။ စက္ကန့်အနည်းငယ် ကြာတဲ့အခါ ပြန်လှန်ကြည့်လိုက်တယ်။ ဘုရားသခင်။

`အ၀ါရောင်ညံ့ဖျင်းမှု´စာမျက်နှာတည့်တည့်။ ထိတ်လန့်သွားပေမဲ့ ရှောင်ပြေးလို့မရတော့လို့ ကျွန်မ ဖတ်နေလိုက်ပါတယ်။ စာအုပ်ထဲမှာ artist က ဒီလို ပြောထားတယ်။ " ကျွန်မ ပါဖောင်းမန့်စ်လုပ်လာတဲ့ ၅နှစ်အတွင်းမှာ ပထမဆုံးသော မအောင်မြင်မှုပါပဲ၊ ဒါနဲ့ ဒီပါဖောင်းမန့်စ်ကို `အ၀ါရောင်သမ်းတဲ့ ညံ့ဖျင်းမှု´ လို့ အလွယ်ခေါင်းစဉ် တပ်လိုက်တယ်"တဲ့။ မိမိရဲ့မအောင်မြင်မှုကို လူသိရှင်ကြား ဖွင့်ဟလိုက်တဲ့ အဲဒီartist ရှိရာအရပ်ဆီ မျက်နှာလှည့်လို့ ကျွန်မ ဦးထုပ်ချွတ်လိုက်ရပါသေးတယ်။ လူတွေက မိမိရဲ့အောင်မြင် မှုတွေကိုပဲ လူသိရှင်ကြား ကျယ်ကျယ်လောင်လောင်ကြီး ထုတ်ဖော်အော်ဟစ်ချင်ကြတာလေ။

တကယ်ဆို ကျွန်မ အခုဖတ်နေတဲ့ ပါဖောင်းမန့်စ်စာမျက်နှာက black & white ပါ။ အ၀ါရောင်နဲ့တူတာဆိုလို့ တစ်စွန်းတစ်စမျှ ကျွန်မ မမြင်ရဘူး။ ဒါပေမဲ့ အ၀ါရောင်သမ်းတဲ့ညံ့ဖျင်းမှုက အ၀ါရောင်ရေခဲတွေရိုက်ခံထားခဲ့ရတဲ့ ကျွန်မဆီ အလွယ်တကူ ကူးလူးယှက် နွှယ်လာခဲ့ သလိုလို ကျွန်မနဲ့ အ၀ါရောင်က တစ်သားတည်း၊ ကျွန်မ က အ၀ါရောင်ထဲမှာ အ၀ါရောင်က ကျမ အတွင်းသားထဲမှာ။ ဒါပေမဲ့ပျော်ပျော်ရွှင်ရွှင်တော့မဟုတ်ဘူး၊ ကြောက်ကြောက်လန့်လန့်။`အ၀ါရောင်သမ်းတဲ့ညံ့ဖျင်းမှု´ဆိုတာကို ‘အ၀ါရောင်သမ်းတဲ့ ဆွဲ ဆောင်မှု’  လို့ ကျွန်မ အုံအုံဖွဲ့ဖွဲ့ ပြောင်းဖတ်ပစ်လိုက်တယ်။ artist တွေပေးလိုက်တဲ့အတိုင်း မလိုချင်ရင် ကျွန်မ တို့မှာ ပြောင်းလဲ ပြင်ဆင် စားသုံးခွင့် ရှိသလား /မရှိဘူးလား ကျွန်မ မသိဘူး။ ဒါပေမဲ့ ကျွန်မကတော့ ကျွန်မ ခံစားချက်အတိုင်းပဲ ပြောင်းလဲ စားသုံးပစ်ခဲ့တာ ချည်းပဲ။ အခု ညံ့ဖျင်းမှုလို့ ပြောပေမဲ့ ကျွန်မ က `ဆွဲဆောင်မှု´လို့မြင်တယ်။ ဒီအ၀ါရောင်ပါဖောင်းမန့်စ်ကို ကျမ မကြည့်ဖူးခဲ့ပေမဲ့ ကျွန်မ ဟာ အ၀ါရောင်လျှမ်းလျှမ်း ထနေတဲ့ space ထဲ လွတ်လွတ်ဟာဟာ ပြုတ်ကျသွားတယ်။ ဒီ့အတွက် အဲ့အဲ့တဲ့တဲ့ အကြောင်းပြချက်တွေ မလိုဘူး။ အ၀ါရောင်တွေက လူအများအတွက်တော့ ဘာ့ကြောင့် ပျော်ရွှင်ခြင်းကိုပေး၊ ကျွန်မအတွက်တော့ ဘာကြောင့်ဆွေးမြည့် ကြေကွဲခြင်းကိုပေး..ဆိုတဲ့ အကြောင်းပြချက်လည်း ကျွန်မ မှာ ရှိမနေခဲ့ဘူး။
လောလောဆယ် အဲဒီအ၀ါရောင်ဆွဲဆောင်မှု(မူလအမည် အ၀ါရောင်ညံ့ဖျင်းမှု)ထဲကနေ ကျွန်မ လှပ်လှပ်ခါခါ ရုန်းထွက်လိုက် တယ်။ beyond pressure စာအုပ်ကိုပိတ်ပြီး ဘတ်စ်ကားပြတင်းကနေ အပြင်ကို အကြည့်တွေ နေရာရွှေ့လိုက်တဲ့အခါ တစ်ကိုယ်လုံး အ၀ါရောင်တောက်ပနေတဲ့ city taxi ကားခုံးခုံးလေးတစ်စီး ကိုမြင်တယ် E- 8137, ။ လာပြန်ပြီ။ အ၀ါရောင်ဆွေးမြည့်ကြေကွဲခြင်းတစ်ခု။ နောက်တစ်စီး…အ၀ါရောင်အငှားကား။ E – 9031, ရှေ့ဆင့်နောက်ဆင့်ဆိုသလိုပဲ ကျွန်မ ကိုသယ်ဆောင်လာတဲ့ ဘတ်စ်ကားနံဘေး ကနေ အ၀ါရောင် ဆွေးမြည့်ကြေကွဲခြင်းနှစ်ခု စွေ့စွေ့ရွေ့ရွေ့ ဖြတ်ကျော်တက်သွားတယ်။ သက်ပြင်းချရင်း အကြည့်တွေကို နောက်ထပ် နေရာရွှေ့လိုက်တော့ ထိန်ထိန်တောက်နေတဲ့ အ၀ါရောင်ဆိုင်းဘုတ်တွေကို ကျွန်မ မြင်တယ် ။ ချိုင်းနားတောင်းလို့ခေါ်တဲ့ နေရာ။ ရွှေလီ၊ ရှောင်ကျင် စတဲ့ အ၀ါရောင်ဆိုင်တွေ။ ကျွန်မ ဘယ်တုန်းကမှ ခြေမချခဲ့ဖူးဘူး တဲ့ အရပ်အ၀န်းလည်း ဖြစ်တယ်။ အ၀ါရောင်ဆိုင်ထဲက အ၀ါရောင်ပစ္စည်းတွေကို လူတချို့(အထူးသဖြင့် လူမိန်းမတွေပေါ့)က ကြိတ်ကြိတ်တိုးတိုး ပြုံခဲကြည့်နေကြတယ်။ လှုပ်လိလှုပ်လဲ့ ဘတ်စ်ကား အရွေ့ထဲမှာ ကျွန်မ စီးနင်းမျောပါလာခဲ့တယ်။ ၀ါဆင်းဖြာကျနေတဲ့ နေရောင်အောက် မှာ စွင့်ကားဝါမြနေတဲ့ ဆူးလေ စေတီ ကို ဘတ်စ်ကားပေါ်က လှမ်းမြင်လိုက်တယ်။ မနေနိုင်လို့ လှည့်ကြည့်မိတဲ့ စောစောက အ၀ါရောင် အကျီဝတ်အမျိုးသမီးဟာ လက်အုပ် ချီရင်း နှုတ်ဖျားကနေ တွတ်တွတ် ရွတ်တယ်၊ ခဏကလေးပဲ။ အဲဒါ အ၀ါရောင်ချင်း ၀တ်မှုန်ကူးနေတာလား။ ဘတ်စ်ကား အရပ်မှာ ခပ်သွက်သွက်လျှောက်ရင်း ပလက်ဖောင်းပေါ် တက်လိုက်တယ်။

လမ်းတွေကို ဖြတ်ကူးတိုင်း ဖြတ်ကူးတိုင်းမှာ အ၀ါရောင်မျဉ်းကြားတွေက  ကျမရဲ့ဖိနပ်အောက်ကို အစဉ်လိုက် အတန်းလိုက် ရုံးစုရုံးစုနဲ့ ပြေးဝင်လာကြတယ်။ အ၀ါရောင်တွေကို မနင်းမိစေဖို့ ရှောင်တိမ်းလွှဲဖယ် ချနင်းပေမဲ့ ကျမရဲ့လုပ်ရပ် ကချွတ်ကချော် ဖြစ်သွား တယ်။ အ၀ါရောင်တွေကို နင်းနင်းမိလို့ ကျမ စိတ်တွေမသက်မသာဖြစ်ရတာ ဘယ်သူမှ သိမယ်မထင်ဘူး။ ဆွေးမြည့်ကြေကွဲခြင်း အ၀ါရောင်တွေကို ကျွန်မ နောက်ထပ် တက်မနင်းမိချင်တော့ဘူး။

ကျပ်သွားတဲ့ ရင်ဘတ်ကြောင့် အသက်၀၀ ရှူချင်လာတဲ့စိတ်နဲ့ ဦးခေါင်းလှန်မော့ကြည့်မိတဲ့အခါ ဧမာနွေလ ဘုရားရှိခိုးကျောင်း ကို မြင်တယ်။ အ၀ါရောင်ရေခဲအိပ်မက်တွေကြောင့် ကျွန်မ ရုံးနောက်ကျခဲ့ပြီလား၊ စိုးရိမ်စိတ်နဲ့အတူ မျက်လုံးတွေက အလိုအလျောက် လှမ်းကြည့်မိတယ်။ အရင်နေ့တွေကလိုပဲပေါ့။ ဘုရားသခင် …ကျွန်မခြေလှမ်းတွေ ကပေါက်ချိကပေါက်ချာ ဖြစ်သွားတယ်။ ကျွန်မ မော့ကြည့်မိတဲ့ ဘုရားရှိခိုးကျောင်းထိပ်က နာရီမှာ အ၀ါရောင် ခပ်ထူထူ အ၀ိုင်းပတ်ကြီးနဲ့၊ ဘုရားရေ..ဒီနေရာကဖြတ်တိုင်း ဒီလိုပဲ မော့မော့ကြည့်နေကျ အဲဒီနာရီမှာ အ၀ါရောင်ထူထူ ဆေးသားတစ်ခု ၀န်းရံပတ်ခွေနေလိမ့်မယ်လို့ ကျမ မသိခဲ့ဘူး။ တစ်ခါမှလည်း အပ်ကျမပ်ကျ မမြင်ဖူးခဲ့ပါဘူး။ ဒီနေ့ကျမှ အဲဒီအ၀ါရောင်က ဘယ်ကနေ ဘယ်လို ရောက်လာတာလဲ။ အစကတည်းက ရှိနေခဲ့သလား၊ ဒီနေ့ကျမှ ရုတ်တရက်ကြီး ပေါ်ထွန်းလာတဲ့ အ၀ါရောင်လား။ ကျွန်မကို လှည့်စားဖို့ စာတန်ဝှက်ထားတဲ့ အ၀ါရောင်လား။

ဧမာနွေလဘုရားရှိခိုးကျောင်းရှိရာမီးပွိုင့်ကနေ ဘယ်ဘက်လမ်းမကိုဖြတ်ကူးလိုက်တဲ့အခါ နောက်တစ်ခေါက် ကျွန်မဖိနပ် အောက်ကို အ၀ါရောင်တွေ သောင်းသောင်းဖျဖျ တိုးဝင်လာကြပြန်တယ်။ မဟုတ်ဘူး ကျွန်မကိုယ်က အလုအယက် လမ်းဖြတ်ကူး နေတာ။ လမ်းမရဲ့အလယ်ကောင်တည့်တည့် အ၀ါရောင်ဆေးသားကြီးအလယ်မှာ ကျွန်မ ခြေထောက်တွေ စုန့်စုန့်ပုံ့ပုံ့ စုံရပ်လိုက်မိတယ်။ တချို့ကားက ရပ်ပေးပြီး တချို့ကားတွေက ရပ်မပေးတဲ့အခါ ကျွန်မက ဇ၀ိုဇ၀က်မျက်လုံးတွေနဲ့ လမ်းမကြီးရဲ့ အလယ်ကောင်တည့် တည့်မှာ။ ကျွန်မရဲ့ဖိနပ်တွေက အ၀ါရောင် တည့်တည့်ကြီးပေါ်မှာ။ အ၀ါရောင်ကားတွေ ကျွန်မကို ညပ်ပူးညပ်ပိတ်ခြံရံပြီး ပြေးလွှားနေ တာကို ပရမ်းတီးတာ ငေးကြည့်ရင်း ကျွန်မ ဦးခေါင်းတွေ ချာချာလည်လာတယ်။ ဒီခံစားချက်ကြီးကို မခံစားနိုင်တော့တဲ့အဆုံး တစ်ခုခုလုပ်ပစ်တာကမှ သက်သာဦးမယ်လို့ တွက်ဆရင်း ပြေးနေတဲ့ ကားတွေကြားထဲ ဗြုန်းစားဗြင်းစား ဖြတ်ကူးလိုက်တယ်။ ဒါပေမဲ့ ကျွန်မခြေထောက်က ရွေ့မသွားဘဲ ရုတ်တရက် အ၀ါရောင်တွေနဲ့ စေးထန်း၊ ကသုတ်ကရက် ရပ်တန့်ခြင်းနဲ့အတူ တံတောင်ဆစ်အထက် လက်မောင်းသားဆီက တင်းကျပ်ကျပ်စူးအောင့်နာကျင်သွားတဲ့ ခံစားမှုတစ်ခု ရလိုက်တယ်။ နာကျင်မှုဆီ ကပျာကသီ အကြည့်ရောက် တဲ့ အခါ ကျွန်မရဲ့လက်မောင်းကို ဆွဲဆုပ်ထားတဲ့ လက်တစ်စုံနဲ့အတူ လူတစ်ယောက်ကိုမြင်တယ်။
ဘုရားသခင် …လာပြန်ပြီ..ဒီ အ၀ါရောင်။ အ၀ါရောင်တီရှပ်ဝတ်ထားတဲ့လူဆီ က အသံတစ်သံ ပြုတ်ကျလာတယ်။

 “ ခင်ဗျား သေချင်နေတာလား”
“ ဟုတ်တယ် ဟုတ်တယ်၊ သေချင်တယ်၊ သေချင်တယ်”လို့ ကုန်းအော်လိုက်ပေမဲ့ အသံက ထွက်မလာခဲ့ဘူး။ ပြုတ်တူလို ကျပ်ကျပ်ခဲခဲ ညှပ်ထားတဲ့ လက်ကြီးထဲကနေ ကျွန်မ ရုန်းထွက်လိုက်တယ်။ ခုကျတော့လည်း ကားတွေကရပ်လို့။ အ၀ါရောင်တီရှပ်နဲ့ လူရဲ့လက်ထဲကနေ လွတ်အောင် ဆောင့်ရုန်း ပြေးထွက်ပြီး လမ်းကို ဖိုးရိုးဖွားလျား ကူးလိုက်တယ်။ အလုပ်တိုက်ရှိရာ ၃၅လမ်းထဲ ချိုးဝင်လိုက်တယ်။ ဇောချွေးတွေပြန်နေတာကို သုတ်သင်ဖယ်ရှားဖို့ တစ်ရှူးတစ်ထုပ်လောက်တော့ ၀ယ်ဦးမှဖြစ်မယ်။ လမ်းကြားထိပ်လေးမှာ ကပ်ဖွင့်ထားတဲ့ ကွမ်းယာဆိုင်ကနေ တစ်ရှူးတစ်ထုပ်ဝယ်ယူလိုက်တယ်။ လက်ထဲရောက်လာတဲ့ တစ်ရှူးထုပ်ကို ဖောက်မယ် ပြင်တဲ့အခါ ..ဘုရားရေ…တစ်ရှူးထုပ်က အ၀ါရောင်။

“တခြားအရောင်လေးပေးပါလားရှင်”
အထွန့်တက် ကြေးများနေတဲ့ ကျွန်မကို ကွမ်းယာသည်မိန်းမက စူးစူးစိန်းစိန်းကြီးကြည့်ရင်းပြောတယ်။
“ ဒါတွေပဲ ရှိတယ်”
သူပြရာနေရာ ကြည့်လိုက်တဲ့အခါ သစ်ခွပန်းတံဆိပ်အ၀ါရောင်တစ်ရှူးထုပ်တွေ အထပ်လိုက်ကြီးမြင်တယ်။
ကိုင်ထားတဲ့အ၀ါရောင်တစ်ရှူးထုပ်က လက်ထဲကနေ ရုတ်ခနဲဖြုတ်ခနဲ လျှောထွက်ကျသွားတယ်၊ မြေကြီးပေါ်ကို။ အ၀ါရောင်အဲဒီတစ်ရှူးထုပ်ကို ဗောက်ဆီးဗောက်ဆတ် ကုန်းကောက်ပြီး ကွမ်းယာသည်မိန်းမကို လှမ်းပေးရင်း သူ့မျက်နှာကို တစ်ချက် ကြည့်မိတဲ့အခါ ဘုရားသခင်..ကွမ်းယာသည်မိန်းမရဲ့ မျက်နှာ အသားအရေမည်းမည်းမှာ ၀င်းဝင်းဝါ၀ါသနပ်ခါးပါးကွက်ထူထူကြီးတွေ။ ပြဿနာပဲ၊ ဘာတွေဖြစ်နေတာလဲ။ ဒီအ၀ါရောင်တွေ မကုန်ခန်းနိုင်တော့ဘူးလား။

နံနက်စာ လက်ဖက်ရည်တစ်ခွက်လောက်တော့ ရုံးမ၀င်ခင် သောက်သွားဦးမှဖြစ်မယ်လို့တွေးရင်း လက်ယာဘက်အခြမ်းက တွေ့ရာ လက်ဖက်ရည်ဆိုင်ကို ၀င်လိုက်တဲ့အခါ ဆိုင်အပေါက်ဝမှာပဲ ကျွန်မခြေလှမ်းတွေ တန့်ရပ်သွားတယ်။ ဆိုင်က တစ်ဆိုင်လုံး အံ့သြဖွယ် ထူးထူးထင်းထင်း ၀င်းဝါထိန်တောက်နေတဲ့ ဆေးသားအ၀ါရောင်တွေ လွှမ်းခြုံလို့။
အ၀ါရောင်ဆာရီပတ်ထားတဲ့ မိန်းမတစ်ယောက်က ကျွန်မကိုမေးလာတယ်။

“ ဘာစားမလဲ မိန်းကလေး”
အဲဒီမိန်းမရဲ့ အသံနဲ့ဟန်ပန်က ရည်မွန်ကျိုးနွံဟန်အပြည့်ရှိပေမဲ့ သူ့ကိုယ်ပေါ် ပတ်ခြုံလွှားထားတဲ့ အ၀ါရောင် ဆာရီစကြောင့် ကျွန်မ သူ့အနားမကပ်ရဲဘူး။ ဒါက အိန္ဒိယအစားအစာဆိုင်ပဲ။ လက်ဖက်ရည် ရတယ်။ လက်ဖက်ရည်တစ်ခွက်လောက် သောက်လိုက်ချင် ပေမဲ့ ဗိုက်ထဲက မျှင်းမျှင်းကြုတ်ကြုတ်မြည်တဲ့အထိ ဆာနေတာမို့ ဗိုက်နည်းနည်းပြည့်မယ့်နံနက်စာတစ်ခုက ပါးစပ်ဖျားကနေ ပက်လီးပက်လန် ထွက်ကျသွားတယ်။

“ အင်း….နန်းကြီးသုပ်”
ကျွန်မစကားဆုံးတာနဲ့ “ နန်းကြီးသုပ်တစ်ပွဲ”လို့ အနောက်ထဲကို လှမ်းအော်တယ်။ ထိုင်စောင့်နေရင်း တစ်စုံတစ်ရာကို ကျွန်မ စဉ်းစားမိလိုက်တဲ့အခါ ကျွန်မ တကယ်ပဲ မျက်ကလဲဆန်ပြာ ဖြစ်သွားတယ်။
မုန့်ကြွပ် နဲ့ ဘဲဥတွေ…….မုန့်ကြွပ်နဲ့ ဘဲဥတွေ။

“ကျေးဇူးပြုပြီး ငါ့နန်းကြီးသုပ်ထဲ အ၀ါရောင်တွေ..အ၀ါရောင်တွေ မထည့်ခဲ့နဲ့….”
 အော်သံက မြုံတိမြုံတုံနဲ့ အ၀ါရောင် နံရံတွေ ကြား ပုန်းလျှိုးကွယ်လျှိုး ခိုးဝင်သွားတယ်။
ချက်ချင်းဆိုသလိုပဲ မေးစေ့အောက်လာချပေးတဲ့ ပန်းကန်ချပ်ထဲငုံ့ကြည့်လိုက်တဲ့အခါ ကျွန်မ မျက်လုံးပြူးသွားတယ်။
ဘုရားသခင်….အ၀ါရောင်တွေ လျှမ်းလျှမ်းထနေတဲ့ နန်းကြီးသုပ်ပန်းကန်ကိုမြင်တဲ့အခါ ကြုတ်ကြုတ်မြည် ဆာနေတာတွေ ကဆုန်ကဆိုင်းနဲ့ ပျက်ပြယ်ပျောက်လွင့်ကုန်တယ်။ မုန့်ကြွပ်တွေ ဘဲဥတွေနိုင်းချင်းနဲ့ အဲဒီနန်းကြီးသုပ် ပန်းကန်ကို ဆွဲယူပြီး ပစ်ပေါက် ရိုက်ခွဲပစ်ချင်စိတ်တွေ ပေါ်လာတယ်။ ထိုင်နေရာကနေ ထရပ်ပြီး “ဘယ်လောက်ကျလဲ” ခပ်အော်အော် မေးတဲ့အခါ အ၀ါရောင်ဆာရီနဲ့ မိန်းမ ရောက်လာတယ်။
“ ကျွတ်. . . အဲဒီ အ၀ါရောင်၊ အဲဒါကြီး တလွှားလွှားနဲ့ ငါ့အနားတိုးမလာနဲ့….”
အာခေါင်ခြစ်အော်လိုက်တာတောင် အဲဒီအ၀ါရောင်ဆာရီနဲ့မိန်းမက ကြားပုံမပေါ်ဘူး။ ပြန်အမ်းငွေမယူတော့ဘဲ ကျွန်မ ရုတ်ရီရုတ်ရက် ပြန်ထွက်လာခဲ့တယ်။
အတန်ငယ်လျှောက်လှမ်းပြီးတဲ့အခါ မှတ်မိကျွမ်းသိနေတဲ့ ခြေထောက်တွေက အဆောက်အဦတစ်ခုရဲ့လှေကားထစ်လေး နှစ်ထစ်ကို လှမ်းဆင့်တက်လိုက်ပြီးမှ နောက်ပြန် ဆုတ်ဆင်းပြီး အပေါ်ကိုမော့ကြည့်မိတယ်။ အဖီထုတ်ထားတဲ့ အ၀ါရောင်သွပ်မိုးတွေက ကျွန်မကို ငုံ့ကြည့်နေကြတယ်။ ဘုရားသခင် အဲဒီမှာ အပြာရောင်တွေ ဘယ်ဆီရောက်ကုန်တာလဲ။ ဒီအဆောက်အဦရဲ့ အထပ်လေး ထပ်စလုံးမှာ ရှေ့ဖက်အဖီထုတ်ထားတဲ့ အမိုးလေးတွေက အပြာရောင်ပဲ။ အပြာရောင်အမိုးလေးတွေနဲ့ ၅ထပ်အဆောက်အဦဆိုရင် လူတိုင်းက သိနှင့်ပြီးသားပဲ။ ခု အ၀ါရောင် ရဲ့လှည့်စားမှုကြောင့် လူတိုင်းက မသိနိုင်ကြတော့ဘူး။ လူတိုင်းက သိကြတယ်ဆိုတဲ့ အခြေ အနေနဲ့ လူတိုင်းက မသိနိုင်ကြတော့ဘူးဆိုတဲ့ အခြေအနေရဲ့ ကွာဟမှုကို စဉ်းစားမိတဲ့အခါ အနာဂတ်အတွက် ကျွန်မ အကြီးအကျယ် ချောက်ချားသွားတယ်။ ချောက်ချားစိတ်တွေနဲ့ လှမ်းဝင်ပြီး ပထမထပ်ကိုရောက်တဲ့အခါ တိတ်တိတ်ကလေး ဆုတောင်းနေမိသေးတယ်။

“ ဘုရားသခင် ကျေးဇူးပြုပြီး ဒီအခန်းထဲမှာ အ၀ါရောင်ကို ကျွန်မမျက်လုံးတွေက မမြင်မိပါရစေနဲ့ရှင်”
ဆုတောင်းသံကို ဘုရားသခင် နားညောင်းပေးသနားခဲ့တယ်။ တံခါးကို ဆွဲဖွင့်လို့ အခန်းထဲ ၀င်လိုက်တဲ့အခါ အ၀ါရောင်တွေ တစ်စွန်းတစ်စမျှ စွန်းထင်းပေကျံခြင်းမရှိတဲ့ အနေအထားကို မြင်ရလို့ စိတ်ချမ်းမြေ့သွားတယ်။
            ‘ တော်ပေသေးရဲ့”        
သက်ပြင်းကို ဟူးခနဲ အကျယ်ကြီး မှုတ်ထုတ်ချလိုက်ရင်း ထိုင်ခုံမှာ ကျွန်မ ၀င်ထိုင်လိုက်တယ်။
အခန်းထဲ ၀င်လာတဲ့ သတင်းထောက်မိန်းခလေးက ကျွန်မကိုမြင်တာနဲ့…ပြုံးပြုံးတုံ့တုံ့ ပြောတယ်။
“ အိုး အ၀ါရောင်လေးနဲ့ သိပ်လှနေပါလား မမနှင်းဆီ”
သူ့စကားကြားကြားချင်း ကျွန်မ စိတ်တွေဒယိမ်းဒယိုင်ဖြစ်သွားတယ်။ ချက်ချင်းဆိုသလို ကျွန်မကိုယ်ကျွန်မ ပြန်ငုံ့ကြည့်မိတဲ့ အခါ အ၀ါရောင်တွေ ဖိတ်စဉ်ကျနေတဲ့ ကိုယ်ခန္ဓာတစ်ခုကို မြင်တယ်။ ဘုရားသခင်..ဒါ ဒါ…ကျွန်မ ကိုယ်ခန္ဓာလား၊ ကျွန်မလား အခြား တစ်ယောက်လား၊ ကျွန်မဆီမှာ အ၀ါရောင်အ၀တ်အထည် ရှိမှမရှိခဲ့တာ။ သေချာတယ်။ တစ်ထည်မှ မရှိဘူး။ ဒါ ဘယ်က ရခဲ့တဲ့ ၀တ်စုံလဲ။
စဉ်းစားမရတဲ့ ဒီအချိန်အခိုက်အတန့်လေးမှာပဲ အိတ်ထဲက မထုတ်ရသေးတဲ့ ဖုန်းဆီက အသံတစ်သံ ထွက်မြည်လာတယ်။ ကျွန်မ ဖြုတ်ချင်းထ ထုတ်ယူလိုက်တယ်။ ဟယ်လိုမထူးရသေးခင်မှာပဲ အသံတစ်သံက နားထဲ ချွတ်ချွတ်နင်းနင်း စီးဝင်လာတယ်။

“ ဘယ့်နှယ်လဲ ကိုယ်ပေးလိုက်တဲ့ အ၀ါရောင်ဝတ်စုံလေး ၀တ်ခဲ့ရဲ့လား ”
ကြားဖူးသလိုလိုနဲ့ ဘယ်သူမှန်းအတိအကျစဉ်းစားမရတဲ့ လူတစ်ယောက်ရဲ့အသံ။ ကျွန်မအာရုံတွေ ထွေထွေပြားပြားနဲ့ ဇ၀ိုဇ၀က် ဖြစ်သွားတယ်။
ဘယ်သူလဲ…ဘယ်သူလဲ….ဘယ်သူလဲ…… ကျွန်မ အခု ၀တ်ထားတဲ့အ၀ါရောင်ဝတ်စုံ..အို မဟုတ်ဘူး ကျွန်မ မ သိဘဲနဲ့ ကျွန်မ ကိုယ်ခန္ဓာပေါ်ရောက်နေတဲ့ အ၀ါရောင်၊ ဒီအ၀ါရောင် နဲ့ ဒီအသံရှင်နဲ့ ဘယ်လို ပတ်သက်ဆက်နွှယ်နေလဲ…။ အရှုပ်အထွေး အစုအပုံကြီးတွေ ပြည့်သိပ်ကျပ်နေတဲ့ ချောက်ကမ်းပါးထဲကို ဦးစိုက်ပြုတ်ကျသွားသလို ကျွန်မ ဦးခေါင်းတစ်ခုလုံး မူးဝေနောက်ကျိပြီး တစ်ကိုယ်လုံးမှာ ရှိသမျှ သွေးကြောမျှင်တွေပါမကျန် ရှုပ်ထွေးပွေလီ ကုန်ကြတယ်။

“ ရှင် ဘယ်သူလဲ”

အက်ကွဲကွဲ ရယ်သံတစ်ခုက မြင်ပြင်းကတ်စရာ။ တညှည့်ညှည့် နဲ့ ဆက်တိုက်ထွက်ပေါ်လာတယ်။

“ I am your man”

ဘယ်လိုပြောလိုက်တယ်…ရှင်…။ ကျွန်မ အသံတွေ မျှင်းသိမ်ကျုံ့ဝင်သွားတာနဲ့ တစ်ပြိုင်နက်တည်းမှာပဲ တစ်ဖက်ကအသံတွေ က ထူပျစ် အုံကျွက် လာတယ်။ နားထဲမှာ အသံတွေ သောင်းသောင်းသဲသဲနဲ့ ပွက်ပွက်ခါ ရိုက်ပုတ်နေကြတယ်။ နားနှစ်ဖက်ကို ပိတ်ပြီး အဲဒီအလုပ်ခန်းထဲကနေ ကရုန်းကရင်းနဲ့ ကျွန်မ ပြေးထွက်လာခဲ့မိတယ်။

xxxxx

အိမ်ကို ကျွန်မ ဘယ်လို ပြန်ရောက်လာခဲ့သလဲ ဆိုတာ မသိတော့တဲ့အထိ စိတ်ရောကိုယ်ပါ တိမ်းဘီတိမ်းပါးဖြစ်ပြီး ချည့်နဲ့ နေတယ်။ အခုမှ လမ်းစမ်းလျှောက်ခါစ ကလေးတစ်ယောက်လို တုပ်တီးတုပ်တက်နဲ့ ပွင့်နေတဲ့ တံခါးကနေ အိမ်ထဲ လှမ်းဝင် ခြေချ လိုက်တယ်။
အလို . . . .အိမ်ရဲ့ဧည့်ဆောင်တစ်ခန်းလုံးမှာ အ၀ါရောင် ဂုဏ်ဒြပ်ဟိတ်တွေ ရွှမ်းရွှမ်းဖိတ်လို့်…….။
နောက်ထပ် ပြေးရှောင်စရာမြေ ကျွန်မမှာ မကျန်တော့ဘူး။ ကျွန်မကမ္ဘာမှာ အ၀ါရောင်က လျဉ်းလျဉ်းလျားလျား ခြယ်လှယ် မင်းမူသွားခဲ့ပြီ။ အဲဒီမှာပဲ တိုးတိုးတီးတီးအသံတွေ ကျွန်မ နားထဲ ဆုပ်ဆုပ်ခိုင်ခိုင် တိုးဝင်လာတယ်။ တိုးတိုးတီးတီး အသံတွေကြားကနေ တိမ်းယိမ်းသွေဆန်ရင်း ကျွန်မ ဖြတ်လျှောက်သွားတဲ့အခါ ဧည့်ဆောင်ခန်းမရဲ့ အလယ်ကောင်မှာ အ၀ါရောင်နှင်းဆီတွေ မြန်းဆင် လွှမ်းအုပ်ထားတဲ့ ရှည်မျောမျောအရာတစ်ခုက ကျွန်မကို ဆီးပွေ့ခြောက်လှန့်လိုက်တယ်။ ၀ိုင်းရံတွန်းထိုးနေတဲ့ လူတစ်စုရဲ့ဦးခေါင်း တွေကြားကနေ ကစိန်းက၀ါး တိုးခွေ့ကြည့်လိုက်တဲ့အခါ ကျွန်မရဲ့ခန္ဓာကိုယ်ဟာ ရှည်မျောမျောအ၀ါရောင်နှင်းဆီသား ထုထည်ထဲကို အင့်ခနဲအိုင်းခနဲ စိုက်ဝင်ပြုတ်ကျသွားတယ်။

အဲဒီနာက် ကျွန်မ ကိုယ်ပေါ်ကို အ၀ါရောင် နှင်းဆီတွေ တစ်ပွင့်ပြီးတစ်ပွင့် တစ်လွှာပြီးတစ်လွှာ ဆတ်ဆတ်ခတ်ခတ် ထပ်မံ ပြုတ်ကျလာတယ်။ နှင်းဆီတွေမှာ အလေးချိန်ရှိနေသလား။ ကျွန်မကို ဒီတစ်သက် ဒီနေရာကနေ ကြွထ ထူမတ်လို့မရအောင် အဲဒီအ၀ါရောင်နှင်းဆီတွေက ကျပ်ကျပ်ခဲခဲ ဖိသိပ်နှိပ်ကွပ် နေကြတယ်။ ကျွန်မ ကုန်းရုန်းထကြည့်ပေမဲ့ အချည်းနှီးပဲဖြစ်နေတယ်။
“ ဘုရားသခင် …နှင်းဆီတွေက အေးစက်လှချည့် …”

ကျွန်မအပေါ် ပြုတ်ကျလာနေတာ နှင်းဆီတွေမှ ဟုတ်ရဲ့လား၊ ရေခဲတွေ ပြုတ်ကျနေတာများလား။ နှင်းဆီတွေနဲ့ ရေခဲတွေ…။ နှင်းဆီတွေ ….ရေခဲတွေ။ နှင်းဆီရေခဲတွေ။ ရေခဲနှင်းဆီတွေ…..။

“အမလေး ရေခဲရိုက်ထားတဲ့ နှင်းဆီတွေ….”

အူသည်းပြတ်မျှ ငိုကြွေးသံ အစအနတွေက ကျွန်မကို နောက်ဆုံးနှုတ်ဆက်နေကြပြီလို့ နားလည်သဘောပေါက်သွားချိန်မှာ ကျွန်မတစ်ကိုယ်လုံးဟာ အ၀ါရောင်ရေခဲနှင်းဆီတွေအောက်မှာ ဆွေးမြည့်ရင်း…အေးစက်ရင်း….ဆွေးမြည့်ရင်း….အေးစက်ရင်း….. ဆွေးမြည့်ရင်း…… အေးစက်ရင်း…..ဆွေးမြည့်ရင်း……အေးစက်ရင်း….. ဆွေးမြည့်ရင်း………အေး…..စက်……ရင်း……..။                ။
စုမီအောင်
(၀န်ခံချက်- ပျော်ရွှင်ခြင်းတွေ ရေခဲတမျှအေးစက်ကုန်ပြီလားလို့ ချောက်ချောက်ချားချားတွေးမိတဲ့ညမှာ ဒီစာကိုရခဲ့တယ်)

No comments: