Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, December 17, 2012

နေအရုဏ်မတက်မီ

ကလင် ...  ကလင် ... ကလင် 
နေအရုဏ်မတက်မီကလေးမှာပဲ တိတ်ဆိတ်နေတဲ့ ဧည့်ခန်းအတွင်း တယ်လီဖုန်းခေါ်သံက ချောက်ချားစရာကောင်းအောင် အဆက်မပြတ် ခုန်မြည်ပေါ်ထွက် လာတယ်။ ခံစားမှု မရှိ အသက်မပါ လေသံက  တိုးတိုးညှင်းညှင်း။
 “သူသေသွားပြီ”  တဲ့။
နယူးဇီလန်နိုင်ငံက မြို့ကလေးတမြို့မှာတော့ စောစောစီးစီး နိမိတ်မကောင်းလှဘူး။ ပြီးမြောက်အောင်မြင်သွားတဲ့ အသံတိတ်ကြံစည်လူသတ်မှုတစ်ခုက အိပ်ပျော်နေတဲ့ မြို့ကလေးကို လှုပ်နှိုးလိုက်သလိုပါဘဲ။  ဆရာဝန် ဒေါက်တာ အင်ထရူးဘိုးဝါးရဲ့အိမ်မှာ ဖုန်းသံက မြည်လာခဲ့တာ။ ”သူသေသွားပြီ" ဆိုဘဲ။ ဒါပေမဲ့ ဘယ်သူသေသွားတာလဲ။ ဘယ်ကခေါ်တာလဲ။  ပြည့်ပြည့်စုံစုံ ပြောဖို့ကောင်းတာပေါ့။ ဆရာဝန်ဟာ အိပ်ချင်မူးတူး ဇဝေဇ၀ါ ဖြစ်နေတယ်။ သူဟာ နယူးဇီလန် တောင်ပိုင်းကျွန်းမြေ အိုတာဂို ဒေသရှိ ဒျူနီဒင် ဆေးရုံ က နာမည်ကျော်  ဆေးဝါးကျွမ်းကျင် နှင့် ဓါတုကုထုံး  ဆရာဝန်တယောက်ပါ။ ဖုန်းထဲက အဖရိကန်တယောက်ရဲ့ ခပ်ဝဲ၀ဲ လေသံကို ထောက်တော့  အသက်၄၉နှစ်ရှိ အဖရိကန် စိတ်ရောဂါကု ဆရာဝန် ကောလင်း ဒေးဗစ် ဘောင်းဝါး ဘဲလို့ ကောက်ချက်ချနိုင်ပါတယ်။

သူ့ဇနီး အင်နီတီ ဟာ သွေးထဲမှာ ဂလူးကို့စ်သကြားဓါတ်ချို့တဲ့ရာက သတိလစ် မေ့မျောသွားခဲ့တာကြောင့် လွန်ခဲ့တဲ့ သီတင်းပတ် တော်တော်များများကတည်းကဆေးရုံတက်နေရတာပါ။ကြိမ်ဖန်များစွာ ဆင်းလိုက်တက်လိုက်နဲ့လည်း  ဒုက္ခရောက်ခဲ့ရဖူးပါတယ်။ ဟော်မုန်းဓါတ်ချို့တဲ့ရင် ဆီးချို သွေးချို  ဖြစ်နိုင်ပါတယ်။ အင်ဆူလင် ဆိုတာက ဘီတာဆဲလ်များက ထုတ်ပေးတဲ့ ဟော်မုန်းဓါတ်ဖြစ်ပါတယ်။သွေးထဲရှိသကြားဓါတ်ပမာဏကို ထိန်းချုပ်ပေးနိုင်စွမ်းရှိတယ်။ အင်ဆူလင်ကို ထိုးဆေးအဖြစ် သုံးစွဲလိုက်ရင်လဲ ဖြစ်တယ်။  ဒါပေမဲ့ ခက်တာက သူမအဖို့ ကြုံတောင့်ကြုံခဲပါ။ သွေးစစ်ကြည့်တဲ့အခါ ဆီးချိုသွေးချိုရောဂါကုသမှုလက္ခဏာ တစုံတရာမတွေ့ရဘူး ။အဟာရ နည်းပါးမှုသာ ခြေရာခံမိကြတယ်။ နောက်ဆုံးမှာ သူမရဲ့အစာခြေအကျိုးပြု ပဲန်ကရီးးယပ်စ် အစိတ်အပိုင်းတခုကို ခွဲထုတ် ဖယ်ရှားပြီး အကြိတ် ရှိ မရှိ အဖြေရှာကြတယ်။အဲလိုကြည့်တဲ့အခါ သူမရဲ့ သွေးထဲမှာ ပုံမှန်အတိုင်း သကြားဓါတ် ညီမျှမှု ရှိနေတာဘဲ တွေ့ရတယ်။ သိပ်တော့ ရှင်းရှင်းလင်းလင်း ရှိလှတာ မဟုတ်ဘူး။

ကိုယ်ခန္ဓာအစိတ်အပိုင်းသက်ရှိတစ်ရှူးအသားစကို အဏုကြည့်မှန်ဘီလူးဖြင့်စမ်းသပ် ကြည့်ရှု အဖြေကို စောင့်ကြည့်ကြရတယ်။ ဇစ်မြစ်လိုက်ကြည့်တဲ့အခါမတော့ ပြီးခဲ့တဲ့ ခရစ်စမတ်ပွဲအကြိုနေ့နောက်ပိုင်း သူမဟာ ပြင်းပြင်းထန်ထန် အဖျားဝင်ခဲ့တာ တွေ့လာရတယ်။ ဘာ့ကြောင့်လဲ။ တခြားအမျိုးသမီးတွေမှာ တယောက်မှ မဖြစ်ဘဲ  သူ့မှ လာဖြစ်ရသလဲ။  အဖြေက မရှင်းပါ။ သေမှု သေခင်းဆိုင်ရာသက်သေခံ လက်မှတ်ထိုး ပေးဖို့ရန် လိုပေမဲ့ အရပ်ဒေသချင်းမတူခြားနားနေူတဲ့အတွက်  ဆရာဝန်က ငြင်းပယ်ချင်တယ်။ ဒေါက်တာကောလင်း ဘောင်းဝါး ကတော့ 
“ခင်ဗျားလက်မှတ်ထိုးဖို့ လာနိုင်မလား" တဲ့။
ဆရာဝန် အင်ထရူး ဘိုးဝါး ရောက်သွားတော့ ရဲတွေ သူနာတင်ကားတွေ ရှုပ်ရှက်ခတ်လို့။ အင်နီတီကတော့ ည၀တ်ခရမ်းရောင် ၀တ်စုံလေးနဲ့ သူမအိပ်ယာမှာ ကန့်လန့်ဖြတ် ခြေကားယား လက်ကားယားရှိနေဆဲ။အိပ်ယာခင်းစောင်တွေက ဖရိုဖရဲ။ မသေခင်က သူမ အပြင်းအထန် လူးလိမ့်ခဲ့ပုံပဲ။ ဘယ်သူ့ အကူအညီမှ ရခဲ့ဟန်မပေါ်ဘူး။ ဘာ့ကြောင့်လဲ။
ဒေါက်တာ အင်ထရူး ဘိုးဝါးကတော့ ဖြစ်ရိုး ဖြစ်စဉ်မဟုတ်လို့ အံ့သြစရာပါပဲ တဲ့။

လူတွေက ဆူဆူညံညံ အသံတွေ ကြားခဲ့ရတယ်လို့ပြောနေတယ်။ ဒေါက်တာကောလင်း ကရှင်းပြတယ်။ သူက တခြားတဖက်အခန်းမှာ အိပ်တာပါတဲ့ တစုံတရာ အသံဗလံ မကြားရပါဘူး တဲ့။ ငြင်းဆိုနေတယ်။ ဒေါက်တာ အင်ထရူး ဘိုးဝါးက အင်နီတီရဲ့ ဂလူးကိုမီတာကို စစ်ဆေးကြည့်တော့ ပုံမှန်အတိုင်း ချိန်သားကိုက် ညီမျှစွာ ဖေါ်ပြနေတယ်။ ဒါ့ကြောင့်  ရောဂါတခုဖြစ်နေစဉ် အခြားရောဂါများ နောက်ဆက်တွဲ ရလဒ် ဆိုးကျိုး ထပ်ဖြစ် မဖြစ် ကိုယ်ခန္ဒာအတွင်း ကျူးမားခေါ် အလုံးအဖု ရှိ မရှိ  သိလိုတယ်။ အလောင်းကို ခွဲစိတ်မကြည့်ဘဲ မြေမြှုပ်သဂြိုလ်ပြစ်လို့ မဖြစ်ဘူး ဆေးဝါးအတွေ့အကြုံရင့်ကျက်ပြီးဖြစ်တဲ့ ဆရာဝန်ဟာ ဘာံ့ကြောင့်သူ့လူနာ သေရတယ်ဆိုတာရဲ့ အဖြေမှန်ကို သိဖို့ အပြစ်ရှာရမှာ သူ့အလုပ်ဖြစ်ကြောင်း နားလည်ထားတယ်။ ဒေါက်တာဘိုးဝါးဟာ သူမရဲ့ ဆရာဝန်ဖြစ်လေတော့ ပြီးခဲ့တဲ့ကာလတခုက ဖြစ်စဉ်ရာဇ၀င်တွေ  အဆုံးစွန် သိရှိထားသူပါ။
“သူမသေခင် အကူအညီ တခုခု လိုအပ်ခဲ့ပုံရတယ်။ ခင်ဗျားတို့ချင်း ဘာဖြစ်ခဲ့ကြသေးလဲ“ 
ဆိုတဲ့ ဒေါက်တာ အင်ထရူးဘိုးဝါးရဲ့ အမေးကို 
“သူက ခင်ဗျားပုံစံပေးထားသလိုဘဲ နေခဲ့တာပါ “ လို့  ဒေါက်တာ ကောလင်းက ပြန်ဖြေခဲ့တယ်။

ဆေးရုံက ဘာသာရေးသင်းအုပ်ဆရာများလဲ အလုပ်တာဝန် ထမ်းဆောင်ဆဲ။ သေသူရဲ့ ဂုဏ်ပုဒ်တွေကို ထုတ်ဖေါ်ကြေငြာနေတယ်။လူတယောက်ရဲ့ ထူးခြားပြောင်မြောက်မှုတွေ ရဲရင့်မှုတွေ က သူသေမှတဲ့လား။
စိတ်ရောဂါကု ဆရာဝန် ကောလင်း ဘောင်းဝါးရဲ့ လက်တွဲဖက်  အင်နီဝေါ့ရှ် လဲ ရောက်လာ မျှဝေ ခံစားလျက်ပါ။ ဒါပေမဲ့ ဒေါက်တာ အင်ထရူးဘိုးဝါးက စိတ်ကျေနပ်မှု မရှိပါဘူး။ ဘာ့ကြောင်သေရသလဲဆိုတဲ့အပေါ် သူက တစုံတရာ အဖြေ တိတိကျကျ မရသေးသရွေ့ လက်မလျော့ချင်သေးဘူး။ အလောင်းကို ခွဲစိတ်ကြည့်ဖို့ဆန္ဒပြင်းပြင်းရှိနေတာပါ။ တကယ် လိုအပ်ကြောင်း ခွင့်တောင်းပြောဆိုရာမှာ  အလောင်းပိုင်ရှင်ကလဲ  အင်နီတီဟာ ဂျူးအမျိုးသမီးဖြစ်လို့ နေ့မကူးရပါဘူး လို့ အကြောင်းပြတယ်။ မီးသဂြိုလ်ဖို့်အရေးတကြီးလိုအပ်ကြောင်း ပြန်လည်တောင်းဆိုနေပြီဖြစ်တယ်။ ဆရာဝန်အင်ထရူးဘိုးဝါးကလဲ သူကျေနပ်မှုမရရင် သူ့လူနာ သေဆုံးသွားပြီဆိုတာ မှန်ကန်ကြောင်း   လက်မှတ်ထိုးပေးဖို့ မဖြစ်နိုင်ဘူးလို့ ငြင်းဆိုနေပြန်တယ်။ ဒီတော့ ဒေါက်တာကောလင်းမှာ ရွေးချယ်စရာလမ်းမရှိတော့ဘူး။

ဒေါက်တာ ကောလင်းရဲ့ အလုပ်တူလုပ်ဖက် အင်နီဝေါ့ရှ်ဟာ ဒေါက်တာဘိုးဝါးအနီး ချဉ်းကပ်ပြီး အင်နီတီ မသေခင် တပတ်လောက်က သူမကို ကောလင်း သတ်ဖို့ကြံရွယ်နေတယ်လို့ ပြောခဲ့ကြောင်း “နှင့် 
“သူတို့ နှစ်ဦး အကြီးအကျယ် ရန်ဖြစ်ကြတာ မသိဘူးလား"
လို့ မေးတယ်။ ဆရာဝန်က “သူမသိပါဘူး" တဲ့။ ဒါပေမဲ့သူမပြောစကားတခု သူနည်းနည်းသတိပြန်ရလာသလိုဘဲ ခံစားလိုက်ရတယ်။ ဘုရားရေ သူ့သွေးတွေ ရုတ်ချည်း အေးခဲသွားပြီလား။ သေသေချာချာမသိ။ အင်နီတီရဲ့ အသုဘချချိန်မှာ ခေါင်းထမ်းဖို့ ဒေါက်တာ ဘောင်းဝါးက အပြင်းအထန် တောင်းဆိုခဲ့ခြင်းအပေါ် ရဲက သံသယရှိခဲ့တယ်။ ပြီးတော့  အင်နီတီဟာ   ဘာသာတရားကို ရိုသေကိုင်းရှိုင်းတဲ့ ခရစ်ယန်စစ်စစ်ဖြစ်ပြီး ဂျူးတယောက်မဟုတ်ဘူးဆိုတာလဲ သိလာရတယ်။  သေမှုသေခင်း ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအရာရှိများဟာ ဒေါက်တာ ကောလင်း ဒေးဗစ်ဘောင်းဝါးတယောက်  ညာပြီးရင်းညာနေတဲ့ လူညာ ဆိုတာသိလာကြပြီ။သူပြောပုံဆိုပုံတွေဟာ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။  များသောအားဖြင့် စိတ်ရောဂါကု ဆရာဝန်တွေဟာ အသိဥာဏ်ကြွယ်ဝတဲ့ အဆင့်မြင့်  ပညာတတ်လူတန်းစားပေမဲ့သူတို့ ပြောသမျှ စကားလုံးတိုင်းလိုလို ယုံကြည်ဖို့ဆိုတာ ခပ်ခက်ခက်ပဲ တဲ့။
ဒါပေမဲ့လဲ စောင့်ကြည့်ရမဲ့ အနေအထားပါ။

ဒေါက်တာကောလင်းဟာ တောင်အာဖရိကမှ  အိုတာဂိုပြန်ရောက်လာစဉ် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ နယ်လ်ဆင် မင်ဒဲလားအကြောင်း သူ့လုပ်ဖေါ်ကိုင်ဖက်တွေကို ပြောပြခဲ့တယ်။ အင်နီတီသေဆုံးပြီး လပေါင်းမျာစွာ သူဟာ အဆိုပါ တောင်အဖရိက တခွင် ခရီးလျှောက်ထွက်နေခဲ့တာပါ။ သူဟာ ပရော့စတိတ်ရောဂါ(ဆီးကြိတ်ကင်ဆာ) ရပီး ဓါတုဆေးဝါးများ ဖြင့် ကုသရင်း ဆံပင်တွေလဲ မရှိတော့ဘဲ ထိပ်ပြောင်သွားခဲ့တယ်။ အမှန်အတိုင်းပြောရရင် သူဟာ ဆေးကျောင်းတွေမှာရော  ဆေးတက္ကသိုလ်တွေမှာပါ စိတ်ရောဂါအထူးကုအဖြစ် သင်ကြားပို့ချပေးနေသူပါ။ ပညာတတ်ပေမဲ့ သိပ်တော့ ဒေါင့်ကျိုးလှတာမဟုတ်ဘူး။ အိုတာဂိုတက္ကသိုလ် စိတ်ရောဂါကုဆေးဝါးဆိုင်ရာ အကြီးအကဲဟောင်းက ပြောရာမှာ သူဟာ ပုတ်သင်ညိုလို နေရာဒေသအလိုက် အရောင်ပြောင်းလဲတတ်သူ အလိုက်အထိုက် အကြိုက်ဆောင်တတ်သူ မိန်းခလေးများကို အလွယ်တကူသိမ်းသွင်းဆွဲဆောင်နိုင်စွမ်းရှိသူလို့ ထင်ရှားပါတယ် တဲ့။ ၁၉၇၅ခုနှစ်က ပရီတိုးနီးယားတက္ကသိုလ် ဆေးကျောင်းက ဘွဲ့ရရှိပြီး စတယ်လေဘို့ရှ် တက္ကသိုလ်က  စိတ်ပညာ အထူးကုဆရာဝန်ဖြစ်လာရာမှ အင်နီတီနဲ့ တွေ့ဆုံခဲ့ကြတယ်။ အင်နီတီသေဆုံးပြီးတဲ့နောက်မှာလဲ  အင်နီ ဝေါ့ရှ့်နှင့်  မရှင်းမရှင်း ဖြစ်နေတာပါ။ ဒျူနီဒင်က ရဲတွေဟာ သူ့ကို ဆန့်ကျင်ပြီး မှုခင်းတခုကို အခြေခံ အုတ်မြစ်ချလို့ တည်ဆာက်မိခြဲ့ပီ ဖြစ်တယ်။ အင်နီတီ ပထမဆုံးအကြိမ် ကိုးမားဖြစ်လဲကျသွားစဉ်  ဒျူနီဒင်ဆေးရုံမှာ ဒေါက်တာ အင်ထရူး ဘိုးဝါးကို သူက ထုံးစံအတိုင်း ထိပ်တိုက်တွေ့ရင်း ဒီတုံးကတည်းက 
“ကျုပ်က စိတ်ရောဂါကု ဆရာဝန်ပါ။ ခင်ဗျား ဘာလုပ်ရမယ်ဆိုတာ ကျုပ်ပြောမယ်" လို့ သူ့ကိုယ်သူ ခပ်ကြွားကြွား မိတ်ဆက်ခဲ့တယ်။

သူ့ဇနီးကတော့ သူ့လိုမဟုတ်ပါဘူး။ အိနြေ္ဒရပြီး အသိဥာဏ်ကြွယ်သူ ဖြူစင် ရိုးသားသူ အသွင် ဆောင်ပါတယ်။ သေချုာတာတခုက သူ့ ဇနီးဟာ စိတ်ရောကိုယ်ပါ ညှိုးနွမ်းပြီးသေချင်အောင် စိတ်ဒါဏ်ရာ ရနေသူဖြစ်တယ်ဆိုတာပါဘဲ။ အင်နီတီဟာ ဆရာဝန်စိတ်ကြိုက်လူနာတယောက်လည်း ဖြစ်ခဲ့တာပါ။ ဆေးရုံက ကြွေးတဲ့အစာကိုသူ့ဇနီးက မစားလိုဘူးဆိုတော့လဲ ဒေါက်တာကောလင်းဟာ အိမ်က နေပြီး တကူးတက ယူလာပေးပါတယ်။အဲဒီအစာထဲမှာများ…။ စဉ်းစားစရာပါ။
ဂေါသစ်ထ်တောင်ပိုင်း မြို့ကလေးဟာ အလွန်အေးချမ်းပါတယ်။ စကော့တစ်ရှ် လူမျိုးတွေ အခြေချနေထိုင်ခဲ့ကြတာမို့ ခရစ်ယာန်အသင်းတော်က တီးခတ်လိုက်တဲ့ သံစုံခေါင်းလောင်းသံလေးဟာ မြို့လေးတမြို့လုံးကို လွှမ်းခြုံသွားပြီး အလွန်ကို သာယာနာပျော်ဖွယ် ဖြစ်စေပါတယ်။
မြို့လေးက ငြိမ်သက်တိတ်ဆိတ်လို့အေးအေးချမ်းချမ်း ရှိတယ်။ လူဦးရေကလဲ မဆိုစလောက်ကလေး။ 
“လူသတ်ချင်ရင်တောင် လွယ်လွယ်ကလေး" လို့တခါက ဒေါက်တာကောလင်း သူ့မိသားစုကိုပြောခဲ့ဖူးတယ်။ ဒေသခံရဲတွေကလဲ အေးအေးဆေးဆေးပါ တဲ့။ ဒါပေမဲ့ ရေကန်ထဲ ကျောက်ခဲကျရင်လှိုင်းက ထသေးတာပဲလေ။ ပရော်ဖက်ဆာ ဟန်ဆွန်ယွန်းဟာ ရောဂါဗေဒပညာရှင်တဦးဖြစ်တဲ့အလျှောက်  ဘယ်နေရာမှာမဆို အကျိုးသင့် အကြောင်းသင့် ခွဲခြမ်းစိတ်ဖြာတတ်သူဖြစ်ပါတယ်။ စေ့စပ်သေချာသူ သိက္ခာရှိသူ တိကျမှန်ကန်သူဆိုလဲ မမှားပေဘူး။ သူဟာ ဂျပန်လူမျိုးဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ဒျူနီဒင်မှာ နှစ်သုံးဆယ်နေထိုင် ကြီးပြင်းလာရသူ ဖြစ်တဲ့အတိုင်း ဒေါက်တာကောလင်း အကြောင်း နောကြေအောင် သိထားတာ။ 

ပရော်ဖက်ဆာ ဟန်ဆွန်ယွန်းဟာ အင်နီတီရဲ့ အစာချေထုတ်ပေးသည့် ကိုယ်တွင်းအင်္ဂါ ပဲန်ကရီးယဲန်ကို ဓါတ်ခွဲခန်းမှာ တာဝန်ကျနေစဉ်အတွင်း  စမ်သပ် စစ်ဆေးလိုတယ်။ ဒေါက်တာ အင်ထရူးဘိုးဝါးလဲ ဆေးရုံကို ရောက်လာတယ်။ သူက အလောင်းကို ခွဲစိတ်စစ်ဆေးချင်ပေမဲ့လဲ ဆေးရုံအပြင်ဘက်မှာ ဖြစ်တဲ့ကိစ္စမို့ ဆေးရုံမှာ အလောင်းခွဲစိတ်ဖို့ မဖြစ်နိုင်ပါဘူး တဲ့။ တကယ်တော့ ဒေါက်တာအင်ထရူးဘိုးဝါးက ပုံကြီးချဲ့ အပြစ်ရှာချင်တာမဟုတ်ပါဘူး။ ဘာ့ကြောင့်သေရတာလဲ ဆိုတာရဲ့ အဖြေမှန်ကို ရဖို့ နောက်တနည်းစဉ်းစားရပြန်ပါတယ်။ ရောဂါဗေဒ ပညာရှင် ယွန်းက အာဏာပိုင်တွေနဲ့ ပြန်လည်စစ်ဆေးဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ သူက အဆိပ်မိသေရခြင်းလို့ ထင်မြင်ယူဆထားသူပါ။ ရဲတွေက ဒျူနီဒင် တ၀ိုက် ဆက်တိုက် လိုက်ရှာပေမဲ့ ဘောင်းဝါးကို ဘယ်မှာမှ မတွေ့ကြရပါဘူး။ ရင်ခွဲရုံ တစ်ဝိုက်မှာ ဆေးရုံအနီး တ၀ိုက်မှာ ဖြစ်နေတဲ့ အရပ်သတင်းကတော့ အင်နီတီ တယောက် အဆိပ်မိသေရတာဖြစ်တယ်ဆိုတာပါဘဲ။ ဒါဟာဖြေရှင်းမရနိုင်တဲ့ ပုစ္ဆာတစ်ပုဒ်အသွင် ဖြစ်နေပါတယ်။ တော်တော်လေးပိပိရိရိရှိတဲ့ လူသတ်မှုပါပဲ။ နောက်ဆုံးမှာတော့ နိုင်ငံတကာ ရောဂါဗေဒပညာရှင်   ယွန်းရဲ့ မဆုတ်မနစ် ကြိုးပမ်းအားထုတ်မှုကြောင့်  CIB အဖွဲ့နဲ့(ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး အဖွဲ့ခွဲ)မှ စုံထောက် ဆာဂျင် ဘရက် ရောဘတ်ထ်နဲ့ အဆက်အသွယ်ပြု ဖေါ်ထုတ်နိုင်ဖို့ ကြိုးပမ်းအားထုတ်ကြတယ်။ရဲတွေကလဲ အနီးကပ်စောင့်ကြည့်ခဲ့ကြတယ်။

ပိရိသေသပ်စွာ ကျူးလွန်သွားတဲ့ လူသတ်မှု ကို အကွက်ကျကျ သူတို့  ဖေါ်ထုတ်နိုင်ပါ့မလား ဆိုတာ..။

ယွန်းဟာ သွေး၊ ၀မ်း၊ ဆီး ၊ တစ်ရှူး စသည် သေသူရဲ့သိုလှောင်ထားရှိတဲ့ နမူနာအထောက်အကူပစ္စည်းများ ကိုစစ်ဆေးပြီး ရဲထံသက်သေ ပို့စေတယ်။မှုခင်းဆေးပညာဆိုင်ရာ စစ်ဆေးခြင်းများ အသေးစိတ်ပြုလုပ်ကြတယ်။ သူတို့ ၆လတိုင်တိုင် အချိန်ယူစစ်ဆေးခြင်း ပြုလုပ်ကြရပါတယ်။ နောက်ဆုံးထွက်လာတဲ့ အစီရင်ခံစာကတော့ တွေးထင်ထားတဲ့အတိုင်းပါဘဲ။ ဗုံးကွဲတာထက် ဆိုးပေလိမ့်မယ်။  စုံထောက်ရောဘတ်နဲ့ ဒေါက်တာ အင်ထရူးဘိုးဝါး တို့ရဲ့ အစီရင်ခံစာဟာ  အစာအိမ်အဆိပ်သင့်ခြင်းကို ဖေါ်ညွှန်းနေတယ်။ အဆိပ်သင့်ပစ္စည်းများ၏ဆိုးကျိုးသက်ရောက်မှုလို့လည်း ဆိုနိုင်ပါတယ်။  အင်နီတီမှာ ဆရာဝန်ညွှန်းဆိုပေးထားတဲ့ အမြင့်ဆုံး ဆေးဝါးသုံးစွဲနိုင်ခွင့် ရှိသင့်သည်ထက် ၅ဆ ပိုမို သုံးစွဲထားကြောင်း ဆေးဝါးအလွန်အကျွံသုံးစွဲမှုကြောင့် အသက်အန္တရယ်နှင့် ရင်ဆိုင် သွားရတာဖြစ်ကြောင်း အစီရင်ခံစာက ထွက်ဆိုထားပါတယ်။

“သဲထိတ်ရင်ဖိုဘဲဗျို့”      “ကျုပ်သိပြီ။” 
ဒေါက်တာဘိုးဝါးရဲ့ မှတ်ဥာဏ်တွေ ပြန်အားကောင်းလာတယ်။
“ဒါဟာ ကာယကံရှင်က မိမိကိုယ်ကို မိမိ သေကြောင်းကြံစည်သွားတယ်လို့ ယူဆစရာ ရှိပေမဲ့ ကျုပ်က ဒီလိုမထင်ဘူးဗျ”

ဒျူနီဒင် စင်ထရယ် ပုလစ်စ်စတေရှင် က ဒုတိယအထပ်မှာ ရှိပါတယ်။ CIB ရပ်ကွက်မှာ ရုံးခန်းဖွင့်ထားတယ်။ ဂေါသစ်ဘုရားရှိခိုးကျောင်းရဲ့ စုလစ်မွန်ချွန်တွေကို  အဲဒီကနေ လှမ်းမြင်နိုင်တာပေါ့။ ရဲတွေ စုံထောက်တွေဟာ ခြေကုန်လက်ပန်းကျလာတဲ့အခါ သူတို့ရဲ့ မဖြေရှင်းနိုင်တဲ့ပြဿနာတွေ ကို ခေတ္တပြစ်ချလို့ အဲဒီအထပ်ကနေ စိမ်းစိမ်းစိုစို တောင်ကုန်းမို့မို့တွေဆီ ခဏပန်း ငေးမောလိုက်တာနဲ့ ပင်ပမ်းတာတွေပျောက် လန်းဆန်းခြင်းကို ရောက်လာရတယ်လို့ အဆိုရှိတယ်။

ဒါ့ထက်  ဘောင်းဝါး ဘယ်မှာရှိပါလိမ့်။
သူ့ဖုန်းကတော့ တတီတီ မြည်နေလေရဲ့။
သူတို့ရဲ့ အလုပ်တွေကို ခေါက်သိမ်းပြီး လျို့ဝှက်စွာ လက်တွဲဖေါ်တွေ ဆွေးနွေးကြတယ်။ ဒေါက်တာဘိုးဝါးဟာ အင်နီတီ ဆေးရုံမှာ ဆေးကုသနေစဉ်အတွင်း ဆေးဘက်ဆိုင်ရာမှတ်တမ်းများကိုလဲပြန်လည် သုံးသပ်ကြတယ်။ ၀စ်တာကီမြစ်တောင်ဘက် ဆေးဆိုင်တွေမှာဝရမ်းထုတ်ရှာတာတောင် ဒေါက်တာ ကောလင်းဘောင်းဝါးကို  မမိသေးပါဘူး။တယောက်တလေကမှ ပါးစပ်မဟကြဘူး။ သူက ကြိုးကိုင်ချယ်လှယ်နေသူတယောက် မို့ စကားတခွန်းဟလိုက်တာနဲ့ ကျုပ်တို့ လမ်းစပျောက်သွားနိုင်တယ် လို့ ရဲက ပြောတယ်။

ကိုးလအချိန်ကုန်သွားခဲ့တယ်။ တိုးတက်မှုမရှိသေးဘူး။ အေးစက်စက်နဲ့။
အမှုကရှင်းမလိုလို နဲ့ ရှုပ်ထွေးနေတယ်။
ဒေါက်တာကောလင်းဘောင်းဝါးရဲ့ တခါတုံးက  ဆေးကျောင်းသားတစုဟာ တစုံတယောက်ရဲ့ ခြေချောင်းတွေ အကြား အင်ဆူလင် ထိုးဆေးပေးပြီး  အပြီးတိုင် လူသတ်မှုကျူးလွန်နိုင်ကြောင်း ဆွေးနွေးငြင်းခုန်ခဲ့ကြတယ် တဲ့။ ဒေါက်တာကောလင်း ဘောင်းဝါးရဲ့ အီးမေးလ်တစောင်မှာလဲ ဒီအကြောင်း ဆွေးနွေးပေးပို့ထားတာရှိတယ်။ အင်နီတီကိုတော့ အစာထဲ အဆိပ်ခတ်ခဲ့တဲ့ သဘောဘဲ ဖြစ်နေတယ်။အစာထဲမှာ ဆေးကို အသင့်အတင့် ထည့်ခဲ့တာလို့ ရဲတွေက မှတ်ယူခဲ့တာမျိုးရှိပေမဲ့ အဲဒီလိုမဟုတ်ဘဲ အလွန်အကျွံသုံးစွဲခဲ့တာဖြစ်တယ်။ အင်နီတီဟာ မယုံကြည်နိုင်လောက်အောင်ကို အဖြစ်က ဆိုးဝါးလွန်းပါတယ်။ မှုခင်းဆေးပညာ လေ့လာတွေ့ရှိချက်အရ သွေးထဲမှာ ဆေးအဆိပ်သင့်နေခြင်းပါ။ 

ဘာ့ကြောင့် သတ်ပြစ်ရသလဲဆိုတဲ့ အကြောင်းရင်းကို ရှာတော့ အင်နီတီပိုင်ငွေတွေကိုယူမယ်။ အင်နီဝေါ့ရှ်ကို လက်ထပ်မယ် လို့ ရည်စူးထားလြို့ဖစ်တယ်။ အင်နီတီပိုင်ငွေက နယူးဇီလန်ဒေါ်လာ ၂၆၀၀၀၀ တောင် ရှိတာပါ။ အင်နီဝေါ့ရှ်ကိုတော့ ရဲတွေက  ဒေါက်တာကောလင်းဘောင်းဝါး လိုသလို ရွှေ့နေတဲ့ ဘာမှမသိတဲ့  နယ်ရုပ်ကလေးတရုပ်လို့ ပြောပါတယ်။ ဒေါက်တာကောလင်း ဘောင်းဝါး ဘာတွေလုပ်နေသလဲ သူမ မသိပါဘူး။ ဒီလို မိန်းခလေးတယောက်ကို လှည့်ဖျားသတ်ပြစ်တာမျိုးကိုလည်း အင်နီကု နှစ်သက်လိုလားခြင်းမရှိပါဘူး။ နားလည်ရခက်ပါတယ်လို့ သူမက ပြောပါတယ်။ နောက်လေးလအကြာမှာမှ တောင်အဖရိက ကနေ သူ့ကိုဖမ်းမိခဲ့တာပါ။ ယခုအခါ ဒျူနီဒင် အကျဉ်းထောင်မှာ အကျဉ်းကျသွားပြီဖြစ်ပါတယ်။ ဘယ်သူမှ တရားဥပဒေအထက်မှာ မရှိပါဘူး။ ရာဗ၀တ်ဘေးဟာ ပြေးမလွှတ်ဘူးဆိုတာ ဒေါက်တာ ဘောင်းဝါး အဖြစ်က သက်သေပြလိုက်ပြီဖြစ်တယ်။           ။

Florist
Reader's Digest, March 2012

3 comments:

mstint said...

ဒီဇာတ်လမ်းလေးကို ဖတ်ရတော့ လောကလူသားတွေရဲ့ လောဘရမက်ကို ထိန်းသိမ်းနိုင်စွမ်းမရှိတာရဲ့ နောက်ဆက်တွဲတွေပေါ့နော်။ တီတင့်တရားရိပ်သာဝင်တုန်းက ဆရာတော်ဟောတဲ့ ပညာလွန်ကောက်ကျစ်ဆိုတဲ့အထဲမှာ ဒေါက်တာဘောင်းဝါးတစ်ယောက်အပါအဝင်ပေါ့လေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဆူးသစ် said...

ဇာတ်လမ်းကကောင်းတယ်။ဒါပေမဲ့ကျွန်တော်ကစာမြင်တော့လန့်နေတာ။နှစ်ရက်ခွဲဖတ်လိုက်ရတယ်။နောက်တစ်ခုကဘောင်းဝါးချင်းကနာမည်ဆင်နေလို့ဖတ်တာတိုင်ပတ်နေတယ်။မဖြိုးရိုက်နိုင်တာကိုပဲကျွန်တော်ကအံ့ဩနေတာ။အပိုင်းလေးတွေခွဲတင်ဖို့များစိတ်ကူးလေးဘာလေးမပေါ်ဘူးလားဗျာ။:)နောက်တာနော်။

PhyoPhyo said...

အန်တီတင့် ကို ချစ်။ အားကြီးချစ်။

ဟာ အစ်မ မရိုက်နိုင်ပါဘူး။ ကိုယ့်ဘာသာတောင်အချိန်မရနိုင်တာ။ မေမေက ခုနောက်ပိုင်း စာရေးရင် ကွန်ပျူတာမှာပဲ ရေး(ရိုက်)တော့တာ။ အကုန်မေမေပို့ပေးတဲ့အတိုင်းပဲ။
အစ်မလည်း မဖတ်တောင်မဖတ်ရသေးဘူး။ မေမေရေးပို့ပြီးပြီးချင်း တင်လိုက်တာ။
ခွဲမတင်တော့တာက တဆက်တည်းဖတ်ချင်တဲ့သူတွေလည်းဖတ်ရအောင်မို့။
အစ်မဆို စိတ်မရှည်ဘူး ဖတ်ဆိုတခါတည်းဖတ်လိုက်ချင်တာ။
ကိုယ့်ဘာသာလေး ဖတ်ချင်သလောက်လေးခွဲဖတ်သွားပေးပါ ပေါ့။
( မနောက်ဘူး)