Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Saturday, December 08, 2012
အေးရိပ်ကို ဘယ်လိုရှာပါ့မယ် (အပိုင်း ၂)
(၈)
“အလိုလေး လေ..သမီး ဘယ်လိုလုပ်လိုက်တာလဲကွယ်။ ချုပ်တာမှ မကြာသေးဘူး။ ခက်တာပဲ”
တနေ့ ခိုင် ကိုယ်လုံးပေါ်မှန်ရှေ့ဘယ်ပြန် ညာပြန်လှည့်ကြည့်ကျေနပ်နေစဉ် မေမေ အခန်းထဲ ၀င်လာတယ်လေ။ ခိုင်ကလဲ ခိုင်ပဲ။ အင်္ကျီအသစ်စက်စက်ကိုမှ ဖြတ်တောက်ကိုက်ညှပ်ပြီလက်တိုလုပ်ပစ် ၀တ်ကြည့်နေတာပေါ့။ မေမေတို့က လက်တိုမှ  ပေးမ၀တ်တာကို။ အိမ်စေတွေမှဝတ်ရသတဲ့။ အိမ်မှုကိစ္စလုပ်နေရသူဖြစ်လို့  လက်တိုဝတ်မှ အဆင်ပြေတယ် တဲ့။ ဒါပေမဲ့ သူမျုားဝတ်သလို မိခိုင်လဲ ၀တ်ချင်မိသည်။ မေမေကလေ ဗြစ်တောက် ဗြစ်တောက်နှင့် မြည်တွန်တောက်တီးနေတာ မပြီးဘူး။
“ဂုဏ်သရေရှိ မိကောင်းဘခင်သမီးဆိုတာ အ၀တ်အစားဝတ်ရင်  လော်လီ ဆန်းပြားမှု မရှိရဘူး" လို့ တချက်လွှတ် အမိန့် ပေးသွားတယ်လေ။ ကျွန်မခါးက အင်္ကျီလေးကိုပါ ချွတ်ခိုင်းပြီး ယူသွားတော့သည်။
ဒီကိစ္စ ဒီမှာတင်မပြီး ညရောက်တော့ ဖေဖေက ကြမ်းပေါ်မှာ ထိုင်ခိုင်းပြီး သြ၀ါဒတွေ တသီကြီးပေးတော့သည်။ မြန်မာဆန်ဆန်ဝတ်ဖို့ ဖါးဖါးထူထူဝတ်ဖို့  ပါးလျားကြပ်ထုပ်မနေဖို့ နဲ့  ထမီဘယ်ဖုံး မ၀တ်ဖို့ ကအစ ကျစ်ဆံမြီးမကျစ်ရ ဆိုတာရော  ဆံပင်မဖြတ်မတောက်ရ  ဆိုတာရော ထမီဝတ်ရင် ပေါင်ကို လုံအောင်ဖုံးဖို့  ဆိုတာရော ပြောတော့သည်။
“ကြားလားသမီး  ကြားလားသမီး" ဖေဖေဆိုတိုင်း  “ဟုတ်ကဲ့ ဖေဖေ  ဟုတ်ကဲ့ဖေဖေ" နှင့် မိခိုင် ခေါင်းငြိမ့်လို့ မပီးနိုင်ဘူး။ လူကြီးတွေဟာ ကိုယ့်သားသမီးကို နားဝင်အောင်မပြောဘဲ ဟိုဟာ မလုပ်ရ ဒီဟာ မလုပ်ရ တချက်လွှတ်အမိန့် ထုတ် ဥပဒေတွေထုတ်နေတဲ့  ပဒေသရာဇ် ဧကရစ်တွေလို့  ဆိုချင်တော့သည်။ ဒါမှမဟုတ် ကျေးကျွန်နှင့်သခင်အနေအထားအလား။ သမိုင်းဘာသာရပ်မှာ revolution  ဆိုတာ  သင်ရသည်။ အားကြီးသူက အားနည်းသူကို ဖိနှိပ်ချုပ်ချယ်လွန်းရင် အုံကြွရုန်းကန် ပုန်ကန်ခြင်း တဲ့။ ဖေဖေတို့ က သေဆိုသေ  ရှင်ဆိုရှင်  တသွေးတသံ တမိန့် တည်း သက်ဦးဆံပိုင် autocracy  ၀ါဒကို ကျင့်သုံးနေသည့်နှယ်။ မိဘနှင့် သားသမီး  ကြီးသူကို ငယ်သူက နှိမ့်ချရိုသေစွာ မှားမှားမှန်မှန် ဆိုးဆိုးကောင်းကောင်း ခေါင်းငြိမ့်နာခံရသည်တဲ့။ မှန်ပါသည်။ ဖြစ်သင့်ပါသည်။ ဒါပေမဲ့  ကျွန်မ မကျေနပ်။ ကျွန်မအသက်ကလေးရလာသည်နှင့် အကိုတွေကအစ အားလုံး အချိုးပြောင်းသွားသည်။ ကျွန်မကို တင်းတင်းကြပ်ကြပ် ထိန်းချုပ် စိုးမိုးလာသည်။ အို ..မိခိုင် စိတ်ညစ်လိုက်တာ။  ဘာ့ကြောင့်လဲ။ ငှက်အသွင် တောင်ပန်တပ်လို့  တောအထပ်ထပ် တောင်အလျို လျို ပြေးသွား ခိုဝင် ၀ဲပျံ လိုက်ချင်မိသည်။ တောမြိုင်စိုစို  တောင်ညိုညိုမှာ အေးရိပ်ခိုနားလိုပေမဲ့ ဘယ်မှာလဲ အေးရိပ် ကလေးရယ် လို့ သာ အော်ဟစ် ညီးတွားလိုက်ချင်ရဲ့ ။ 
ခိုင် အရွယ်ကလေးရလာတယ်ဆိုရင်ဘဲ အကိုတွေက မျက်နှာသာမပေးတော့။ မိန်းကလေးဖြစ်ရသည်မှာ နိမ့်ကျသလို ခံစားလာရသည်။ ကိုကိုကျော်မို့  မတွေ့ လိုက်နှင့်  တွေ့ လိုက်သည်နှင့် မျက်ကြောက အလိုလို တင်းသွားသည်။ စကားပြောလည်း ဘုကျကျ၊ရုပ်က မှုံတေတေ၊ ခွေးလေး ကြောင်လေးလို အော်ငေါက် ကန်ကျောက်ချင်သည်။ တသက်လုံးမှ သုံးခါသာ ပြုံးသည့် သီလ၀ကပင် အရှုံးပေးရအံ့ ထင်သည်။ တခါက ကိုကျော့် သူငယ်ချင်းတယောက် အိမ်လာလယ်စဉ် ကျွန်မကို သွားချည်ပြန်လှည့်လုပ်သည် ပြစားပြစားလုပ်သည်ဟု ဧည့်သည်လည်းပြန်ရော နောက်မှနေ ခြေဖြင့် ပိတ်ကန်သည်။ ကျိုးကြောင်းပြ ဆုံးမသည်မရှိ ဘုမသိဘမသိ ခြေလက်ပါသည်ကို ရှက်စိတ်နာရသည်။ ကြေကွဲ ၀မ်းနည်းရသည်။ မိသားစု အချင်းချင်းလည်း  ၀ိုင်းဖွဲ့  စကားပြောကြတာမျိုး လည်းမရှိ။ တည်တည်ကြီးနှင့် သီဲးခြားစီနေကြသည်။ 
“နှမနှင့်မောင် ၊တကွဆောင်သော်၊
ပြောင်လှောင်ပျက်ချော်၊ 
မလျော်လေချက်၊ 
နှုတ်မမြွက်နှင့်။ “
ဆိုသည့် ဆရာတော်ဦးလှဲ့  ၏ ဓီတာရောဝါဒပျို့ ကို လက်ကိုင်ပြု ကိုးကားသူ။ 
ကိုဇော်ကရော။ ကြည့်ပါဦး။ သူလဲ ဘာထူးလဲ။ အတူတူဘဲ။ သူက လူကို ရှိသည်ပင်မထင်။ မျက်လုံးတစ်ချက်တောင် ဝေ့မကြည့်။ 
 ငယ်ငယ်က တူတူကျောက်ကုန်သည်လုပ်တမ်းကစားခဲ့ပါလျက် ၊ ပိတ်ကားတွေထောင် ရုပ်ရှင်ပြတမ်းကစားခဲ့ကြပါလျက် ..။
သူဖျားလျှင် ကျွန်မအနားကမခွာ “Captain Marvel “  ကာတွန်းတွေ ဖတ်ပြခဲ့ပါလျက်..။
ခုတော့ ကျွန်မကို နှမလေးတယောက်ရယ်လို့  အရေးမလုပ်။ဖါသိဖါသာနေသည်။ခေါ်ခေါ်ပြောပြောမရှိ တုံဏှိဘာဝေ ဆိတ်ဆိတ်နေသည့် တေမိ။ တနေကုန် ကျောင်းသွား။ကျောင်းကနေ ပင်ပေါင်ရိုက်၊ ပြန်လာရေချိုး၊ ထမင်းစား၊ စာကျက်၊ ဂဏန်းတွက်၊ ဒါဘဲ သူ့ အလုပ်၊ ပုလွေမှုတ်ဖို့ တော့ သိသည်။ “ဟမ်မလင်မြို့ က ပုလွေဆရာ”ကို အားကျသလားမသိ။
အို  နေပါစေ။
ခိုင့်ကို ချစ်မယ့်သူ “ကိုကို “တယောက်ရှိနေပြီပဲ။
(၉)
“ခိုင် အချစ် “
ကိုကို ကျောင်းပြန်ရမယ် ခိုင်ရေ..။ခိုင်လဲ ကျောင်းပြန်တက်ပါလားကွယ်။ ခိုင်တွေးကြည့်စမ်း။ 
တက္ကသိုလ်ဘွဲ့ နှင်းသဘင် ခန်းမကြီးကလေ..မားမားရပ်လို့ ခိုင့်ကို ကြိုနေတယ်။ ကိုကိုလည်း ကံ့ကော်ပေါတဲ့ တောကနေ ခိုင့်ကို ကြိုနေမှာပါ။ 
ကိုကိုတို့  ငှက်ခါးလေးကနေ တဆင့် ပုံမှန် ဆက်သွယ်ကြရအောင်။ 
ခိုင်ဖတ်ဖို့  University Annual Magazine ပေးခဲ့တယ်။ အားကျစမ်းပါကွယ်။
ခိုင်အငယ်လေးရယ်။ 
ကျောင်းပြန်တက်ပါ။ စာတတ်တော့ စာပေဗိမာန် လို နေရာမျိုးမှာ သုခမိန်ကြီးတွေ တူတူလုပ်ကြမယ်ကွာ။ 
ဂျာနယ်တွေ ၊ မဂ္ဂဇင်းတွေ သတင်းစာတွေ ထုတ်ကြမယ်။ နိုင်ငံတကာစာတွေ ဘာသာပြန်ကြမယ်။ မကောင်းလား။ ပျော်စရာကြီးကွာ။ 
တို့ များ “ပန်တော်ဦး”လက်ရေးမဂ္ဂဇင်း ထုတ်ခဲ့ဖူးတာ ခိုင်သိမှာပါ။ 
ကိုကိုနဲ့  ခိုင် နဲ့  စိတ်တူ ကိုယ်တူ ချစ်နန်းဗိမာန်လေးတခု တည်ဆောက်နိုင်ဖို့  မျှော်လင့်ထားတယ်။
ခိုင်ရေ.. Love is a many splendid things . တဲ့ ကွ။ အချစ်ဆိုတာ ရတနာပဲ။
စာကြိုးစားနော်။ ကိုကိုပြောတာ နားထောင်။ 
အချစ်များစွာဖြင့် 
“ကိုကို “
ကိုကို့ စာက ကျွန်မကို မျက်စိပွင့် နားပွင့်စေသည်။ ကျွန်မ ဖေဖေ့ကို တိုက်ရိုက် အရေးဆိုခဲ့သည်။ ကျွန်မကို စာနာသနားတဲ့ ဖေဖေဟာ ကျောင်းပြန်ထားခဲ့ပေမယ့် ထုံးစံအတိုင်း သြ၀ါဒတွေ တလှေကြီး တညလုံး ထိုင်ပေးတော့သည်။ နောက်နေ့ မှာတော့ ကျွန်မ အဋ္ဌမတန်းကျောင်းသူကြီးဖြစ်လာပါပြီ။ ကျွန်မကို စိတ်မချနိုင်လွန်းတဲ့ မိဘတွေက ကျောင်းသွားဖေါ်အဖြစ် အိမ်နီးချင်း အတန်းကြီး အမတယောက်ထံ အပ်ပြီး စက်ဘီးတစီးစီနှင့် ကျောင်းအတူ သွားစေခဲ့သည် တစ်တိုက်တည်း အတူနေ မေမေ့ညီမရဲ့ သား ကျွန်မအကို ၀မ်းကွဲ တယောက်ရှိနေတာတောင် အတူ ပေးမသွားပါဘူး။ ဖေဖေ့အမရဲ့သားနှင့်လည်း ရင်းရင်းနှီး မနေအပ်ဘူးလို့  ဆိုပါသည်။
ဘယ်လိုလဲ။ 
ထားတော့။ ကျွန်မ မစဉ်းစားချင်ဘူး။
ကျွန်မရဲ့  ကိုကို့ ထံ ငှက်ကျေးတမာကလေးကို စေလွှတ်ပြီး အကျိုးအကြောင်းပြောရပါဦးမည်။
ကျေးစေတမန်
“လေနှင့်ရော ၊ တိမ်ကြောကိုတဲ့ ပျံလေပါ၊
ကျေးရွှေတမာ ။
 ဒဂုန်မြို့  ဥက္ကလာမှာ  မာလာရို့ သက်ထား၊
ချန်မချွင်းပါနှင့် ၊ 
မှန်သတင်းစုံ တင်ချေတော့ရယ်လို့  ၊
ခွန်းနော့ပန်ကြား။     ။”
“ကိုကိုရေ….”
ခိုင်ကျောင်းပြန်တက်နေပါပြီ။ ပြဋ္ဌာန်းစာအုပ်တွေက ခိုင့်အကြိုက်ပဲ။
Golden Gate, 
Ivanhoe,
Thirty Burmese Tales 
ရေသည်ပြဇတ် ဇနက္က
လူပေါ်လူဇော်လုပ်နည်း၊
အမလေး များမှများ။ခိုင်လေ..The Brook ဆိုတဲ့ ကဗျာလေးကို အရမ်းကြိုက်တာပဲ။ ကဗျာဆရာဟာ စကားလုံးဖွဲ့ သီရာမှာ ကျွမ်းကျင် နိုင်နင်းလှတယ်။ လှပသိမ်မွေ့တယ်။ ကျစ်လစ် သိပ်သည်းတယ် လို့  ဆရာ “ဦးမောင်မောင်လေး”က ပြောပြတယ်။
ကိုကို သင်ဖူးလား။   
I chatter,chatter,as I flow,
To join the brimming River,
For men may come and men may go,
But I go on forever.
ကဗျာဆရာဟာ ဒီအပိုဒ်ကို အလေးထားပုံပဲ။ ထပ်ခါ ထပ်ခါ သုံးထားတာနော်။ ခိုင့်မျက်စိရှေ့မှာ ချောင်းကလေးရဲ့  ခရီးစဉ်တလျှောက် သူ တိုက်စားခဲ့သမျှ  တွေ့ တွေ့ သမျှ အရာအားလုံးကို  ကွင်းကနဲ့ ကွက်ကနဲ မြင် မြင်လာတဲ့အပြင် သူနဲ့အတူ စီးမျော လိုက်ပါနေရတာ အရသာတမျိုးပဲ။
အော် ကိုကိုရေ.. 
ခိုင်တို့  ၀ါတွင်းသားငါးမစားဘူး ကိုကို။ Vegetables are best source . ဆိုမဟုတ်လား။ ကိုကိုရော ..အသားတွေ စားသလား။ 
ခိုင် ထမင်းလဲ မချက်တတ်ဘူးကိုကို သင်ထားရမလား။ 
ဓမ္မစကြာ အလွတ်ပြန်နိုင်ရင် ဖေဖေက ဆုချမယ်တဲ့။ ဆုငွေရရင် ကိုကို့ အတွက်လက်ဆောင်ဝယ်ပို့ ပါမယ်။ အဟဲ..။
ခုတော့ ဒီလထုတ် တိုင်းရင်းမေဂျာနယ်က ခိုင့်ကဗျာလေးကို ဖတ်ပြီး comment ပေးပါအုံး။ 
“နှောင်ကြိုး မယ့်ကိုငင်” 
တသုတ်သုတ်နှင့်၊ဖြုတ်ဖြုတ်ကြွေကျ ၊
မြေသို့ ခသည့်။ရွက်လှ ရော်ဝါ၊
 ပွင့်မာလာကို၊ ကြည့်ကာရင်တွင်း၊
ထိတ်လန့် ခြင်းဖြင့်၊ အော်.အင်း ဒုက္ခော ၊
မရဏောဟု ၊တွေးတောစိတ်တွင်၊
နိမိတ်ထင်သော်၊ နက်မင်မြဆံ၊
ပိတုံးပျံသို့ ၊ တလံမျှရှည်၊ 
မယ့်ကေသီကို ၊ပြီပြီရိပ်ဖြတ်၊
 တောမြိုင်ရပ်သို့ ၊ ခိုကပ်မှီအောင်း၊
 များကိုရှောင်းလျက်၊ပျော်ကြောင်းကိုမှန်၊
စိတ်မှာကြံလည်:၊မွန်းမံရစ်ပတ်၊
ဖွဲ့ နွဲ့ အပ်သည့်၊ထပ်ထပ်နှောင်ကြိုး၊
 မယ့်ကိုစိုးသည်၊ပြေနိုးဖြေဖွယ်ကင်းတကား။
“ချစ်တဲ့ခိုင် “
(၁၀)
တနေ့  ကျွန်မ ကျောင်းပြန်နောက်ကျ၍ မေမေဆူတော့သည်။စက်ဘီးပေါ်က ဆင်းဆင်းချင်း မေမေနှင့် တဲ့တဲ့ကို တိုးနေတာ။
“ဟဲ့ သမီး  ၅နာရီတောင်ထိုးနေပြီ စည်းပျက်လာပြီနော် ဖအေကြီးသိရင် ဆူတော့မယ် “  
“ခုလဲ မေမေဆူနေပြီဟာကို “
“အေး ..အဆူခံရအောင် ဘယ်သဝေထိုးနေတာလဲ” 
‘ မေမေကလဲ ..ဘယ်မှ သဝေမထိုးဘူး  ဆရာမကြီး ဒေါ်အငွတ်နဲ့  ကြက်တောင်ရိုက်နေတာ  “
“အမလေးလေ ..မိန်းခလေးတန်မဲ့ ..ကြက်တောင်ရိုက်ရတယ်လို့ အေ ၊ ဖအေကြီး သိလို့ ကတော့ နာပြီမှတ် ကြပ်ကြပ်သတိထား။ နောက်ဒါမျိုး မကြားချင်ဘူး။”
“ ဟုတ်ကဲ့ပါ မေမေ”
ကျွန်မက ထုံးစံအတိုင်း လွယ်လွယ် ခေါင်းငြိမ့်ခဲ့ပြီး နောက်နေ့ မှာလည်း အိမ်အပြန်နောက်ကျမြဲ နောက်ကျလျက်ပါပဲ။ ကျွန်မ ကြက်တောင်ရိုက်ချင်သည်။ ဟိုသည် လူးလာ တုံ့ ခေါက် သွားချည် ပြန်လှည့် လုပ်တတ်တဲ့ ကြက်တောင်ဖြူဖြူလေးကို အမိဖမ်းယူ လိုရာ အရောက် ပို့ ပေးရသည်မှာ စိတ်ဝင်စားဖို့  ကောင်းသည်။ ကိုယ့်ဝါသနာအရ ကိုယ်လုပ်ချင်တာ လုပ်ပိုင်ခွင့်ရှိရမည်ဟု ယုံကြည်သည်။
၅နာရီမိနစ်၂၀တွင် ကျွန်မ အိမ်ပြန်ရောက်သည်။
 ဟောတော့ …
ဖေဖေကိုယ်တိုင် ကျွန်မကို ထွက်စောင့်နေသည်။ ကျွန်မ ဟဲကနဲ ..မျက်နှာချို သွေးလိုက်ရင်း
“ဘယ်မှ မသွားဘူးနော် ဖေဖေကျောင်းမှာပဲ ရှိနေတာ “
“ကျောင်းမှာ"  “ဒီအချိန်ကြီး ကျောင်းမှာဘာလုပ်စရာရှိလဲ” 
“ ဒီနေ့ က ကျောင်းမှာ ငှက်ပြာမယ် Girl Guide အသင်းဖွဲ့ တယ်..ဖေဖေ။ သမီးကို အစည်းအဝေးဖိတ်လို့ ” 
ကျွန်မက ကြီးကြီးကျယ်ကျယ် ပြောလိုက်ပေမဲ့ လက်မခံပါဘူး။
“အပိုတွေ မလုပ်နဲ့ ”
“အပိုမှ မဟုတ်ဘဲ၊ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ကိုယ်တိုင် တနိုင်ငံလုံးအတိုင်းအတာနဲ့ လိုအပ်လို့  
ဖွဲ့  စည်းလိုက်တာ ဖေဖေရဲ့ “
 “ခွေးမလေး ..မိဘကို မိချောင်းမင်း ရေကင်းပြမနေနဲ့ကျောင်းသွားတာ စာသင်ဖို့ကလွဲရင် ဘာအကြောင်းမှမရှိဘူး။” 
ဖေဖေစိတ်ဆိုးရင် ခွေးမဆိုတာပါလာပြီ။
“ဖေဖေကလဲ ကျောင်းသူကျောင်းသားတွေကို First aids ခေါ်တဲ့ ရှေးဦးသူနာပြုစုနည်းတွေတောင် သင်ပေးနေပြီဟာ။”
“တော် .တော် ။ ကိုယ်နဲ့မဆိုင်တာ ၀င်မပါနဲ့ ။ ငါမကြိုက်ဘူး၊ ကြားလား။ တယ် ငါလုပ်လိုက်ရ .“
မဟုတ်ရင် ဘာဖြစ်မှာမို့ လို့ လဲ ပဲ ။
မေမေ့ညီမ ဒေါ်ကဲ ဒေါ်သဲတို့ ကပါ မဲ့ရွဲ့ ပြီး ရင်ဘတ်ကိုဖြန်းကနဲ ပုတ်ရင်း
 “အံ့ပါ့တော် ..သူနာပြုမလို့ တဲ့ အော့နှလုံးနာစရာ" လို့  ပြောသည်။
ကျွန်မအလွန်စိတ်ပျက်မိသည်။
“ငါမကြိုက်ဘူး”တဲ့ ။ ကျွန်မကြိုက်လို့ ကျွန်မလုပ်သည်ကို လုပ်ပိုင်ခွင့် မရှိဘူးတဲ့လား။ မေးချင်သည်။
ကျောင်းနှင့်အိမ်။ အိမ်နှင့်ကျောင်း။ သည်လမ်းနှင့် သည်စခန်း။ ၁၀မိနစ်ခရီး ဘာဖြစ်မှာမို့ လဲ မေးချင်သည်။
(၁၁)
“မမြကေခိုင် ရှိလားခင်ဗျ “
“ဟယ်တော့ ..ကိုခင်မောင်သန်း .၊ ဟာ ကိုစိုးအောင် ..ကိုတင်အောင်ထွန်းရော  ဘာကိစ္စရှိလဲ..ဟင်။”
ဆန်းဒေးတရက်မှာ ကျောင်းသားသမဂ္ဂအမှုဆောင် သူငယ်ချင်းအချို့ အိမ်ကို မပြောမဆို ရောက်လာကြသည်။ ကျွန်မကြောက်ဒူးတုန်နေပြီလေ။ ဖေဖေက ယောက်ျားးလေး သူငယ်ချင်းမထားရဘူး အိမ်မလာရဘူးဆိုတော့။ ဖေဖေဘာပြောမလဲ လန့် နေမိသည်။
ကိုတင်အောင်ထွန်းက စာအုပ်တအုပ်လှမ်းပေးရင်း..
“ကျွန်တော်တို့ ဒီနေ့ကစလို့ သစ်လွင်စာစောင်တွေဖြန့်ချိကြတော့မယ်။ အသင်းဆုံးဖြတ်ချက်အရ ကလောင်ရှင်တွေ ရံပုံငွေရှာ အရောင်းထွက်ရမယ်လေ။ မကေခိုင်လဲ လိုက်ခဲ့ပါ။ ညိုလေးရယ် ခင်လေးတင့်ရယ် ဇင်ဝင်းရယ် လိုက်ကြမယ်။ ပျော်ပျော်ပါးပါးပေါ့ဗျာ။” တဲ့။ 
“ဟုတ်ပါတယ်ဗျာ အားပေးပါအုံး" တဲ့။ ကိုစိုးအောင်က ဆိုနေပြန်သည်။ ကျွန်မ ဖေဖေ့ကို လှမ်းကြည့်လိုက်တော့ ..သူတို့ ကပါ လိုက်ကြည့်သည်။ ဖေဖေ့မျက်လုံးတွေက အခိုးအငွေ့ တွေ ထွက် ပျံတက်နေလားထင်ရသည်။ ဒေါသကို မျိုချထားဟန်ရှိ၏။ ကျွန်မ နားလည်ပါသည်။ သူငယ်ချင်းတွေလဲ နားလည်ကြမယ်ထင်မိသည်။
“ဟင့်အင်း  ကေခိုင် မလိုက်တော့ပါဘူးရှင်။ အားတော့နာပါတယ် .”.
သူတို့  အချေအနေ နားလည်သဘောပေါက်ခါ တပ်ခေါက်ပြန်ကြတော့သည်။
“ထိုင်ပါအုံး” လို့  တောင် လောက၀တ်ကလေးစကားမဆိုလိုက်ရပါ။ ဘယ်တတ်နိုင်ပါ့မလဲ။
သူတို့ လည်းပြန်ရော ဖေဖေကျွန်မကို မဲတော့သည်။ ဒေါသပုန်ထလိုက်သည်မှာ ပြောရင် ယုံနိုင်စရာမရှိ။ ဖေဖေကြိမ်းမောင်းဆူပွက်သမျှခေါင်းငုံ့ ခံရုံမှတပါး အခြားမရှိပါ။ ခက်သည် ဟိုဟာမကြိုက် ဒီဟာမကြိုက်၊ ဟိုဟာ မလုပ်ရ၊ဒီဟာမလုပ်ရ။ဟိုလူမလာရ ၊ဒီလူမလာရ။ တားမြစ်ပိတ်ပင်ချက်တွေက အနန္တ။ သူငယ်ချင်း မမြစမ်းတယောက် ကျွန်မထံ စာအုပ်လာငှားစဉ်ကလည်း မျက်စိကစားလွန်းသည်။ တည်ငြိမ်မှုမရှိ၊အပေါင်းအသင်းမလုပ်ထိုက်။ အိမ်မလာစေနှင့် တဲ့။ ဒီမျှ ချုပ်ချယ်ဖို့ လိုအပ်ပါသလား။ တဘက်သပ်ကျလွန်းမနေလား။ ပဒေသရာဇ်ဧကရာဇ်စံနစ်လား။ သခင်နှင့် ကျေးကျွန်ဆက်ဆံရေးလား။ ဒါကို ကျွန်မ မလိုလားပါဘူး။ ကျွန်မသည် အဖိနှိပ်ခံ အအုပ်ချုပ်ခံ လူတန်းစားလား။ စဉ်းစားရတော့မည်။
ငှက်သွင်ပျံကြွ မတတ်လို့ သာ နေရသည်။ ဤနေရာ ဤအိမ်မှာ မပျော်။ စက္ကန့် မဆိုင်း မိနစ်မဆိုင်း ပျံသန်းလွတ်မြောက်ချင်တော့သည်။ ကျွန်မ မျက်ရည်တွေစို့ ရင်း “သစ်လွင်စာစောင်”ကလေးကို ပိုက်ပြီးအိမ်ပေါ်ထပ် အခန်းကိုပြေးတက်၊ ကုတင်ပေါ်ကန့် လန့်ဖြတ်လှဲချပြီး ရှိုက်ခါ ရှိုက်ခါ ငိုမိတော့ ..မျက်ရည် မိုးသို့  စွေမိတော့သည်။
သစ်လွင်စာစောင်ကလေးထဲမှာက ကျွန်မရဲ့  ကဗျာ ခေါင်းစဉ်က  “လာလုလုငေး “  ပါတဲ့။ 
“လာလုလုငေး”
တူနှစ်ဖြာ မေတ္တာသလို့  ၊ ချစ်ရှာကြ မောင်မယ်ခမြာ၊ 
တပင်ပေါ်နှစ်ပင်ယှက်ခါ ကျေးငှက်မြူးရှာ။
ချစ်ဦးကမလာ ၊မေ့မှာဖြင့် မျှော်သေး။
ဘယ်အခါကျောင်းတော်ပိတ်မှ လာလိမ့်မယ်လေး။
ချစ်တဲ့သူ တူနွဲစို့  ၊ ကူချွဲတဲ့ ရွှေချိုးဖြူ၊
ကိုင်းထက်ကကူ၊ သို့ တမူ ..ချစ်သူကလာဘူး။
သစ်ပင်နွယ် ပန်းခြုံအောက်မှာ ချစ်ကြောင့် မေရူး။     ။
ကျောင်းသားလူငယ်တစု၏ အားထုတ်မှုကို ဖေဖေတို့ မြို့ မျက်နှာဖုံးလူကြီးတွေက အားပေးကူညီရမယ် မြေတောင်မြှောက် ပေးသင့်တယ်လို့ ကျွန်မထင်သည်။ ကျောင်းသားဟာ ကျောင်းစာမှအပ ဘာမျှလုပ်ပိုင်ခွင့်မရှိ ဆိုသည့် ဖေဖေတို့  မူဝါဒကို ကျွန်မ အကြွင်းမဲ့ကန့် ကွက်ချင်မိသည်။
နောက်နေ့ကျွန်မကျောင်းကအပြန်မှာတော့ စာကြည့်စားပွဲပေါ်က သစ်လွင်မဂ္ဂဇင်း ပျောက်ချင်းမလှ ပျောက်သွားပြီး..ကျွန်မကဗျာ ပါသည့် စာရွက်ကလေးကတော့  စာအုပ်မှဆုတ်ဖြဲ  ပြုတ်ထွက် ကြေမွခါ  စာကြည့်စားပွဲ အောက်မှာ ပြန့်ကြဲလျက်။ ကိုကျော့်လက်ချက်ပဲဆိုတာ ကျွန်မသိပါသည်။
“ဆုတ်လေ တမြို့ လုံးဖြန့်ထားတဲ့ စာအုပ်တွေ အကုန်လိုက်ဆုတ်။” လို့  ကျွန်မအော်ပစ်ချင်တာ။
ဒီအကြောင်း ညဘက် ဖေဖေတို့  အိပ်မောကျချိန်ရောက်မှ အိမ်စာလုပ်ရင်း  ကိုကို့ ထံ စုံစုံလင်လင် ရေးဖွဲ့  တိုင်တန်းလိုက်သည်။ ခိုင့်ကို ငှက်ကလေးတကောင်လို မွှန်းကြပ်နေအောင် ချုပ်ချယ်လွန်းလို့  ဒီအိမ်ကြီးနဲ့  ဝေးရာ ပြေးထွက်သွားမယ်လို့  လဲ ခြိမ်းခြောက်လိုက်သေးမိရဲ့ ။ 
၁၂။
“ယမုံ..နာ× × ….သီ.×.တာ..သောင်ခြေ ..ဦး×××မှာ ×လ..လေ×…….။သနား..ဖွယ်   လူ့ နှယ် . ခေါ်သံ ..ထူး× +  ပါလို့ ..လေး….။”
ကျွန်မ ယမုံနာ ပတ်ပျိုး ကို ဖွဖွတီးရင်း တိုးတိုးညင်သာ ဆိုမိသည်။ ယမုံနာသီချင်းသည် ဆိုမိရင် ရင်မှာထိရှစေနိုင်ပြီး မျက်ရည်က အလိုလို ဝေ့၀ဲချင်သည်။ ဝေ့၀ဲနေသည့်မျက်ရည်များကိုလည်း ထိုသီချင်းက ပိုးကနဲ ပေါက်ကနဲ  ကြွေကျစေနိုင်သည်။  စနေညနေခင်းလေးတခုတွင်  ကျောင်းအားလပ်ရက့်မို့ ကျွန်မသူငယ်ချင်း ခင်ခင်ဦး အိမ်ရောက်လာသည်။ သူငယ်ချင်း အိမ်လာလည်လျှင်လည်း ကြည်ကြည်ဖြူဖြူ လက်ခံလိုစိတ်မရှိသည့် မေမေက  ကျွန်မတို့ မနီးမဝေးက မယောင်မလည်လည်း ရစ်ဝဲနေတတ်သည်။ ဧည့်သည်ဆိုလျှင် ဧည့်ခန်းမှာသာ ဧည့်ခံရမည် အိမ်ခန်းထဲ  ခေါ်မသွားရ ဆိုသည့် ပညတ်ချက်ကလည်းရှိသေးတာပါ။ စကားမို့ ပြောကြရင် ဆူဆူညံညံ အာကျယ်ကျယ်မပြောရ တဲ့။ တိုးတိုးပြောရင်လဲ ငါမကြားအောင်တွတ်ထိုးနေသလားမေးသည်။ 
“ဟဲ့ မိခိုင် ..အမလေးဟယ် ..နင်ကလဲ၊ ငါ့အနားထားပြီး ဘာစဉ်းစားနေတာလဲ၊”
ခင်ဦးတပ်လှန့် လိုက်မှ ကျွန်မ သတိရသည်။ 
“ အော် ..ခင်ဦး..”
“ဖီလင်တွေ ..ဖီလင်တွေ ..ဖြစ်ရမယ် ဖြစ်ရမယ် ..၊ နေပါအုံး..ခုန..နင် ဆိုနေတာ..ဘာတဲ့ ..”
“ယမုံနာ ..”
“အေး..အဲဒါက ပျင်းစရာကြီးဟယ် ..။ ငါ့ကို မြူးမြူးကြွကြွ လေး ဆိုပြ”
“အေးပါ..ဝေဘာဂီရိ  ဆိုပြမယ်” ..
“ဟင့်အင်းဟာ  ဗွေးတုတ် ဆိုပြ  ဟား..ဟား..။
ကျွန်မတို့  နှစ်ယောက် လွတ်လပ် ပွင့်လင်းစွာ ပြိုင်တူ ရယ်မောလိုက်ကြသည်။ 
ထိုစဉ် ကျွန်မတို့ အနား ၀န်းကျင်မှ အရိပ်တခု လွင့် သွားတာ ရိပ်ကနဲ မြင်လိုက်သည်။ အော်..မေမေ။
မေမေကြားမှာလဲ စိုးရသေး။ မဟုတ်ရင် မိန်းခလေးတန်မဲ့အိနြေ္ဒမရ..ဟားတိုက်သည်လို့  ပြောအုံးမှာ။
“ဟဲ့ မိခိုင် ..ငါ နေ့ ခင်းက ဆရာဦးမောင်မောင်လေးအိမ်ရောက်လို့  ချက်ကင်လုပ်ပြီးသား အက်ဆေးစာအုပ်တွေ ယူလာတယ်ဟ။ နင်က 4 -  ငါက 4+ ငါ ဘယ်လောက်တော်လဲ ..အဟိ”
“ပြစမ်း ပြစမ်း ..၊အမလေးဟယ် ..တို့ ဆရာကလဲ ခြစ်ချလိုက်တာ ရဲနေတာဘဲ “..
“ယူ မနာလို မဖြစ်ပါဘူးနော် ..”
“အမယ် ..လာသေးတယ်  ၊ ဒီတခါလေး သာတာများ..စကားလုပ်လို့  “..
ကျွန်မတို့  ရယ်လိုက်ကြပြန်သည်။ 
မေမေ့အလစ် ခင်ဦးမျက်ရိပ်ပြသည်။ ခေါင်းမသိမသာငြိမ့်သည်။ ပြုံးစိစိနှင့်။ကျွန်မ နားလည်လိုက်ပြီ။ အက်ဆေးစာအုပ်အဖုံးကြားဝယ် ကိုကို့ ထံမှ စာကို သူမ ၀ှက်ယူလာလိမ့်မည်။  ခင်ဦးဟာ တကယ်တော့ ပိုစ့်မင်းလေးပါဘဲ။ သို့ မဟုတ်  ကိုကိုပြောတဲ့ ငှက်ခါးလေးပေါ့။ (၁၅ပြားတန် တံဆိပ်ခေါင်းလေး) ည၏တိတ်ဆိတ်ငြိမ်သက်မှု အောက်ဝယ် ကိုကို့ထံမှ ချစ်အက်ဆေး စာစီစာကုံးကို ကြည်နူးရင်ခုန်စွာ ငြိမ့်ငြိမ့်လေး ကျွန်မ ဖတ်ခွင့်ရတော့မည်။  
အခန်း(……) 
တကောင်းကျောင်းဆောင် 
“ခိုင် အချစ် “
လာလုလုငေး တဲ့လားဗျာ ..၊ မငေးစေရပါဘူး။ ကျောင်းပိတ်ပိတ်ချင်း အပြေးကလေး ရောက်လာမှာပါ။ ဒါပေမဲ့  ခိုင်ဘယ်လို တွေ့ ခွင့်ပေးမှာလဲကွယ်။
ခိုင်ရေ….။ အခြေအနေမပေးလို့  တွေ့  ခွင့် မရခဲ့ရင်  .ကိုကိုတို့ တဦးပေါ်တဦး မယုံမကြည် မဖြစ်စတမ်း။ သိက္ခာရှိရှိ သစ္စာမြဲမြဲ ထားကြမယ် ..နော်ကွယ်။ တို့များလျှောက်ရမဲ့ လမ်းက အဝေးကြီး.။စိတ်ဓါတ်ခိုင်မာဖို့ ဘဲ လိုတယ်။ ခိုင် နားလည်တယ်နော်။
ခိုင်ပြောတဲ့ Golden Gate မှာ Arthur Hugh ရေးတဲ့  Say not the struggle Availeth ကို 
တွေ့ တယ်နော်။ လူ့ ဘ၀ဆိုတာ ကိုယ်ထင်သလို အကောင်းချည်းဖြစ်ချင်မှ ဖြစ်တာ။ ကိုယ်လိုတာ
ရဖို့ က ကိုယ်ကိုယ်တိုင်  ရုန်းကန်လှုပ်ရှား ရမယ်။ စိတ်ဆန္ဒပြင်းထန်ဖို့ သာ လိုရင်းပဲ တဲ့။
နောက်ဆုံး stanza ကိုကြည့်။ breaking, making,  gain, main,  only, slowly,  light,  bright 
စတဲ့ အချိတ်အဆက်ကလေးတွေ ကဗျာဖွဲ့ သီလိုတဲ့ ခိုင် နမူနာလေးတွေ သေချာကြည့်။ 
ကိုကိုတို့ ကျောင်းမှာလည်း ခု သင်နေရတာက ဘလ္လာတိယပျို့  တဲ့ ကွ။ 
“ဖိုးခေါင်ကျော်စွာ ၊ မ ကိုရှာလျက်၊ 
သည်မှာ ပျောင်းချည့်၊ မယ်ရှိ၏ဟု၊ 
သိသည့်နည်းတူ၊ရင့်ရူတွန်ကျော်၊ 
ဆော်လာညှင်းညှင်း ၊လွမ်းရေးခင်းလျက်၊
မိုးပြင်းကစွေ၊လေချိုကဆမ်း၊
ဆွတ်ကာဖြန်းသော်၊ နောင့်ဝမ်းပူဆွေး၊
ကြိုးနှယ်ထွေးရှင့်၊တိမ်းညွတ်ခွေကာ၊
မယ့်နေရာသို့ ၊ ရောက်ပါခလို၊
လွမ်းတင်းဆိုလျက်၊ပြာညိုညက်စင်၊
ဆွေမမြင်၍၊ လွမ်းပင်ခေါက်ချိုး၊
 မရွှင်နိုးသည်၊ လွမ်းမိုးတထောင်ပြည့်ခဲ့ ပြီ။  “ တဲ့.. ခိုင်။
တွင်းသင်းမင်းကြီးရဲ့  အဖွဲ့ အနွဲ့ တွေနဲ့အတူ ကိုကို့ ရဲ့  “ပြာညိုညက်စင် ခိုင်သဇင်” ကိုလွမ်းပင်ပျိုးလို့  လွမ်းမိုးစွေစွေ လွမ်းရက်တွေ ရှည်ကြာလှပါပကောကွယ်။ 
“အလွမ်းတထောင်၊ ကုန်အောင်ဆိုမည်၊ ငိုကြသည်ကား၊ နှစ်ရှည်မြင့်ကြာ၊ ခုနှစ်ရာ “ …တဲ့ ဗျ။ ငို ငိုနိုင်လွန်းလို့  ဆိုချင်ပေမဲ့ ကိုယ်တွေ့ ခံစားချက်ရှိနေတော့ မဆိုရက်တော့ပါဘူးဗျာ။
အော် ..ညီမလေးရေ..။ အိမ်နဲ့ အဆင်မပြေဘူးလား။ ဖြစ်ရလေကွယ်။ မိဘဆိုတာ ဒီလိုပါပဲ။ ခိုင့်ကိုချစ်
လို့  စိုးရိမ်လို့  ဆိုတာ နားလည်ပါ။ မိဘ အကိုတွေရဲ့  အရိပ်လောက်အေးမြတာဘယ်မှာရှိမလဲကွယ်။ 
ခိုင် အတွေးမမှားလိုက်ပါနဲ့။ မနူးမနပ် စိမ်းဆတ်ဆတ်နဲ့ ခိုင့်အရွယ် အငယ်လေးမို့ ကိုကိုလဲ တွေးပူနေတယ်။ စိတ်အလိုမလိုက်နဲ့။ ဆန္ဒမစောနဲ့။ ခိုင့်သဘောနဲ့ ခိုင် ဘာကိုမှ မဆုံးဖြတ်နဲ့ ။ ထွက်ပြေးချင်တယ်ဆိုတဲ့စကား နောက်မပြောနဲ့။ မိန်းခလေးဆိုတာ စောင့်စည်းထိန်းသိမ်းရမဲ့  အိနြေ္ဒသိက္ခာတွေ အပြည့်ရှိတယ်။
ခိုင့်ကို  ကိုကို တန်ဘိုးထား မြတ်နိုးတာပါကွယ်။ ကိုကို မချူရက်တဲ့ပန်း။ ကိုကို မနမ်းရက်တဲ့ပန်း၊လန်းလန်းဆန်းဆန်း အမြဲ ရှိစေချင်တယ်။ 
Everything comes to him who waits တဲ့ကွ။  သည်းခံပြီး နေပါအုံး။ ကိုကို့ မှာ  plan တခု ရှိတယ်။ 
ထမင်းဟင်းချက်သင်ထားရမလားတဲ့။ အော် နုနယ်တဲ့ အတွေးနဲ့ မေးလိုက်တဲ့ ကလေးရယ်။ ခိုင့်ဘ၀ကို မီးဖိုချောင်မှာ မြုပ်နှံ သဂြိုလ်ပစ်ခိုင်းမဲ့ သူလို့  ထင်သလား။ ဒီလို မရည်ရွယ်ပါဘူး။ Live not to eat but eat to live. ဆိုတော့  လိုအပ်သလောက်တော့ စားရမှာပေါ့ကွာ။ ဒါပေမဲ့ လူဆိုတာ စားဖို့ အသက်ရှင်နေတာမဟုတ်ဘူး။ အစားအတွက် အချိန်တွေ မကုန်စေချင်ဘူး။ Times is flies.အချိန်ဆိုတာ ကုန်လွယ်တယ်။ အစားပြန်မရဘူး။အချိန်ကို အကျိုးရှိရှို အသုံးချရမယ်။ ခိုင်သိထားရမှာက အချိန်မဖြုံးနဲ့ ။ စိတ်ကို အနားမပေးနဲ့ ။ စာထဲမှာ နှစ်ထား။ စာကြိုးစား။ စာကျက်။ ဒါ ခိုင့်အလုပ်။ ကျောင်းစာသာ ခုအခါ ခိုင့်အတွက် အသေအလဲ အရေးအကြီးဆုံးလို့ မှတ်ထားလိုက်။ မပေါ့နဲ့ ။ 
ဒီစာနဲ့ အတူ postcard လေးတွေ ထည့်ပေးလိုက်တယ်။ 
အော်  ..ခိုင်ရေ…သင်္ကြန်ကျရင် ခိုင့်ကို သပြေတခက်နဲ့  ရေပက်ချင်တယ် ။ စောင့်နေနော်။
အိမ်မက်လှလှ မက်ပါစေ။ 
“ချစ်တဲ့ကိုကို “
ကိုကိုက အက်ဆေး အရေးကောင်းသည်။ ခိုင်သာ ဆရာမဆိုရင် အမှတ်ပြည့်ပေးလိုက်ဦးမည်။
No comments: