Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, December 28, 2012

ဟိုသတင်း ဒီသတင်း

အဒဲလ် ရဲ့ ၂၀၁၂
Skyfall သီချင်းသီဆိုခဲ့တဲ့ Soul, R & B အဆိုတော်အဒဲလ်ဟာ ၂၀၁၂ ရဲ့ Billboard စာရင်းမှာ ထိပ်ဆုံးက နေရာယူထားခဲ့ပါတယ်။ အသက် ၂၄ အရွယ် အဒဲလ်ဟာ ၂၀၁၂ မှာပဲ ထိပ်ဆုံးက ရှိနေခဲ့တာတော့မဟုတ်ပါဘူး။ ၂ နှစ်စာလောက် လူကြိုက်အများဆုံး အဆိုတော်ဖြစ်နေခဲ့တာပါ။ အမျိုးသားအဆိုတော်ထဲမှာတော့ hip hop စတားလ် ဒရိတ်ခ် က ထိပ်ဆုံးကပါ။ အဒဲလ်ရဲ့ ပထမအယ်လ်ဘမ်  “19” နဲ့ ဒုတိယအယ်လ်ဘမ် “21”မှာ 21 က ပိုပြီးလူကြိုက်များခဲ့တယ်။ ဂရမ်မီ ၆ ဆုကိုလည်း ၂၀၁၂ မှာ ပိုင်ဆိုင်ရရှိခဲ့ပြီး ယူအက်စ်ဂီတလောကမှာ လွှမ်းမိုးနိုင်ခဲ့သလို ယူကေရဲ့ Billboard မှာပါ ထိပ်ဆုံးမှာနေရာယူထားနိုင်ခဲ့တာပါ။ X Factor စတား ပေါ့ပ်အဖွဲ့ လူငယ်လေးငါးယောက် One Direction ဟာလည်း လူသစ်တန်းအဆိုဆု နဲ့ Mumford & Sons(folk, rock) အဖွဲ့က နံပါတ် ၁ alternative, folk အဆိုအဖွဲ့အဖြစ် ဖော်ပြခဲ့ကြတယ်။

အေမီဝိုင်ဟောက်အတွက် နောက်တစ်ကြိမ်တူးဆွခြင်း
Jazz, Blues သီချင်းတွေကို နှစ်သက်ကြတဲ့ ပရိတ်သတ်တွေက အေမီဝိုင်ဟောက်စ်ရဲ့ သီဆိုနိုင်မှုအစွမ်းကြောင့်ပဲ ထူးထူးခြားခြား ပါရမီရှိသူလို့ ဆိုကြတယ်။ သူမရဲ့ blues သီချင်းတွေ၊ jazz သီချင်းတွေကို တရှိုက်မက်မက်နားထောင်ကြတယ်။ သူမ သေဆုံးခဲ့တာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့က ဆိုရင် တစ်နှစ်ပြည့်သွားခဲ့ပါပြီ။ တစ်နှစ်ကြာလာပြီးတဲ့ အခါ ဗြိတိသျှအာဏာပိုင်တွေက အေမီဝိုင်ဟောက်စ်ရဲ့ သေဆုံးမှုကို ပြန်ပြီးစစ်ဆေးအတည်ပြုဖို့ အမှုပြန်ဖွင့်လိုက်ပါတယ်။ သေမှုသေခင်းစုံစမ်းစစ်ဆေးတဲ့ အရာရှိဟောင်းက အယ်လ်ကိုဟောအဆိပ်မိသေဆုံးခဲ့တယ်လို့ပဲ ဆိုတယ်။ ပြီးတော့ အလုပ်ကနေနှုတ်ထွက်သွားပါတယ်။ အေမီဝိုင်ဟောက်စ်ရဲ့ သေဆုံးမှုမှာ အထောက်အထား သေသေချာချာမရနိုင်သေးပဲ မေးခွန်းထုတ်စရာတွေ အများကြီးရှိနေဆဲပါ။ စုံစမ်းစစ်ဆေးရေးအရာရှိသစ်ကတော့ လာမယ့် ဇန်နဝါရီ ၈ ရက်နေ့မှာ ပြန်လည်ကြားနာစစ်ဆေးမယ်လို့ ဆိုတယ်။ ရောဂါဗေဒဆရာဝန်က အသက် ၂၇ နှစ်အရွယ် ဂရမ်မီဆုရှင်ဟာ အယ်လ်ကိုဟောအဆိပ်မိတယ်လို့ တရားရုံးကို ထွက်ဆိုခဲ့ပေမယ့် တရားရုံးက စုံစမ်းမှုတွေမှာ ဝိုင်ဟောက်စ်ရဲ့ ကိုယ်ခန္ဓာမှာ မူးယစ်စေတဲ့အရာ ဘာလက္ခဏာမှရှိမနေဘူးဆိုတာ တွေ့ခဲ့ကြတယ်။ ရောဂါဗေဒဆရာဝန်ကတော့ ဝိုင်ဟောက်စ်ရဲ့ ကိုယ်ခန္ဓာထဲ သွေးတွင်းအယ်လ်ကိုဟောပါဝင်မှုဟာ သွေး မီလီလီတာ ၁၀၀ မှာ ၄၁၆ မီလီဂရမ်ရှိနေခဲ့ပါတယ်လို့ ဆိုတယ်။ သေစေနိုင်တဲ့ ပမာဏက သွေး ၁၀၀ မီလီလီတာမှာ သွေးတွင်းအယ်လ်ကိုဟော ၃၅၀ ပါ။ ကားမောင်းတဲ့အခါ ၈၀မီလီဂရမ်ပဲ ခွင့်ပြုတာပါ။ အစာအိမ်ထဲမှာ ဘာဆေးပြားတွေမှ ရှိမနေပါဘူး။ ကိုယ်တွင်းအင်္ဂါတွေလည်း ပုံမှန်အတိုင်းရှိနေကြတယ်လို့လည်း ဆိုကြတယ်။

တိတ်ဆိတ်ငြိမ်သက်ခဲ့ကြတဲ့ စနေနေ့ည
အမေရိကန်နိုင်ငံ ကော်နက်တီကက်ပြည်နယ်၊ နယူးတောင်းမြို့လေးမှာ ကြေကွဲဖွယ်ရာဖြစ်ရပ်ဆိုး သောကြာနေ့ ၁၄ ရက်နေ့ကဖြစ်ပွားခဲ့ပါတယ်။ မိုက်ရူးရဲသေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ်လေးတွေ အယောက် ၂၀ တောင် သေဆုံးခဲ့ရတာဟာ တကယ့်ကို ချောက်ချားတုန်လှုပ်စရာပါ။ စနေ့နေ့ညအမေရိကန်တီဗီအစီအစဉ် “Saturday Night Live” ရဲ့အဖွင့်မှာ နယူးယောက်စီတီးက ကလေးငယ်တွေရဲ့ “Slilent Night” သီဆိုမှုကို တိတ်ဆိတ်ငြိမ်သက်စွာ တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့ပါတယ်။ Saturday Night Live ရဲ့ ပုံမှန်အစီအစဉ်တွေဟာ အမြဲ ဟာသဇာတ်မြူးအစီအစဉ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင်တင်ဆက်တဲ့ အစီအစဉ်ပါ။ အဲဒီနေ့ကတော့ အစီအစဉ်စတင်လိုက်တာနဲ့ ဝမ်းနည်းကြေကွဲနေတဲ့ သတင်းကြေငြာသူနှစ်ဦးက နယူးယောက်စီးတီးက ကလေးငယ်လေးတွေရဲ့ Silent Night သံပြိုင်သီဆိုမှုလေးကို တိုက်ရိုက်ထုတ်လွှင့်မယ်လို့ ကြေငြာပါတယ်။ ပြီးတော့ မီးစာလေးတလွင့်လွင့်တောက်လောင်နေတဲ့ ဖယောင်းတိုင်ငယ်လေးရယ်၊ ကလေးတွေရဲ့ Slient Night, Holy Night သီချင်းသံလေးဟာ စိတ်ထိခိုက်ဖွယ်ရာထွက်ပေါ်လာတော့တယ်။ ကလေးငယ်တွေရဲ့ မျက်နှာလေးတွေဟာ ညိုးငယ်အားလျော့ဖျော့တော့လို့ သနားကြင်နာစရာကောင်းလှတယ်။ အနုပညာနယ်ပင်ကကျော်ကြားသူတွေအပါအဝင် အားလုံးက  ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်အကြောင်း ဝမ်းနည်းကြောင်းပြောကြတယ်။ မင်းသားကြီး မော်ဂန်ဖရီးမန်းက အစပိုင်းမှာ တိတ်တိတ်ဆိတ်ဆိတ်နေခဲ့တယ်တဲ့။ နောက်ပိုင်း တုံ့ပြန်ပြောဆိုခဲ့ပြန်တော့ သေနတ်သမား Adam Lanza ရဲ့ပစ်ခတ်မှုမှာ သေနတ်ထိန်းချုပ်မှုလိုအပ်ချက်၊ အမျိုးသားဥပဒေအာဏာပိုင်တွေရဲ့ ကြမ်းတမ်းရက်စက်မှုတွေရယ်၊ ပြီးတော့ မီဒီယာပိုင်းတွေကိုပါ အပြစ်တင်လိုက်ပါတယ်။ Django Unchained စတား ဂျမီဖောက်စ် က “နောက်ပြန်လှည့်လို့မရတော့တဲ့ ဖြစ်ရပ်ဆိုးကြီးပါ။ ရုပ်ရှင်တွေထဲက အကြမ်းဖက်မှုတွေက ဒီလိုအဖြစ်မျိုး လွှမ်းမိုးတယ်ဆိုတာသဘောမတူပါဘူး” လို့ ဆိုပါတယ်။ လင်းနို့လူသား The Dark Knight Rises စတား ခရစ်စတီယန်ဘေးလ်ကတော့ ဒဏ်ရာရသူတွေကုသနေတဲ့ Aurora ဆေးကုသဆောင်ကို ရောက်သွားခဲ့တယ်။ ဝမ်းနည်းခြင်းအခမ်းအနားကိုလည်း တက်ရောက်ခဲ့ပါတယ်။ အမေရိကန်သမ္မတ အိုဘားမားက ကတိပေးသွားပါတယ်။ ဥပဒေအတည်ပြုသူ၊ စိတ်ကျန်းမာရေးကျွမ်းကျင်သူ၊ မိဘ၊ အသိပညာပေးသူတွေနဲ့ ဆွေးနွေးသွားမယ် တဲ့။

ဂန္တဝင်စန္ဒရားအိုတစ်လုံး နဲ့ ဒီကာပရီယို
သရုပ်ဆောင် လီယိုနာဒို ဒီကာပရီယိုဟာ ၁၉၄၂ ခုနှစ် ဂန္တဝင်ရုပ်ရှင်ကား Casablanca ဇာတ်ဝင်ခန်းမှာ အသုံးပြုခဲ့တဲ့ စန္ဒရားရဲ့ ပိုင်ရှင်အသစ်ဖြစ်သွားပါပြီ။ Casablanca ရုပ်ရှင်ထဲကသီချင်း၊ As Time Goes By သီချင်းကို ဒူးလေဝီလ်ဆင်က တီးခတ်ဖျော်ဖြေတဲ့အခန်းမှာ အသုံးပြုခဲ့တဲ့ စန္ဒရားပါ။ Sotheby လေလံခန်းမထဲ တူသံတစ်ချက်ထုလို့အပြီးမှာ ဒေါ်လာ ၆ သိန်းနဲ့ ဒီကာပရီယိုက ပိုင်ဆိုင်သွားနိုင်ခဲ့ပါပြီ။ နယူးယောက်နေ့စဉ်သတင်းစာက ဖော်ပြတဲ့သတင်းအရ ဒီကာပရီယိုနဲ့ လူချမ်းသာ အလှူရှင် စတီးဝပ်ရာရဲ တို့က  စိမ်းပြာရောင် ဂန္တဝင်စန္ဒရားကြီးကို အတူအတကွ ဝယ်ယူဖို့ ကြိုးစားခဲ့ကြတယ်။ လော့စ်အင်ဂျင်လိစ်အနုပညာပြတိုက်ကို သူဖို့ အစီအစဉ်ရှိကြတယ်လို့ဆိုတယ်။ စန္ဒရားကြီးကို ဒေါ်လာ ၁.၂ သန်းအထိ ရောင်းချနိုင်ဖို့ Sotheby က မျှော်လင့်ခဲ့ကြပေမယ့် အဲဒီဈေး ပေးပြီးဝယ်တဲ့သူမရှိပါဘူး။ ခုတော့ စန္ဒရားစိမ်းပြာရောင် ရဲ့ As Time Goes By သီချင်းသံကို ပြန်ကြားရတော့မယ်လို့ ပြောနေကြပါတယ်။

ခရစ်စမတ်မှာ ရော့စတီးဝပ် လိုချင်တာခြေအိတ်ရှည်တွေပါ
မိသားစုဝင်၊ မိတ်ဆွေသူငယ်ချင်းတွေခရစ်မစတ်လက်ဆောင်အပြန်အလှန်ပေးကြတိုင်း ရော့စတီးဝပ်ကတော့ ခြေအိတ်တွေ လိုချင်တယ်လို့ အမြဲပြောတတ်တယ် တဲ့။ ရော့စတီးဝပ်ရဲ့ ဇနီး ပန်နီလန်ကက်စတာ က ဆိုတယ်။  နောက်ထပ် သူ့ရဲ့ မီးရထားလမ်းပုံစံငယ်လေးအတွက် အကောင်းစား ဝက်မှင်ဘီး လိုချင်တာကို ထပ်ပြီးပေါင်းထည့်တတ်သေးတယ်။ အသက် ၆၇ နှစ် အရွယ် ရောခ့်ဂီတသမားကြီးဟာ တကယ်ဆို ပေါင် ၁၁၅ သန်းခန့် ပိုင်ဆိုင်ထားတဲ့သူပါ လို့ အသက် ၄၁ နှစ် ပန်နီက ပြောပါတယ်။ သူက ခြေထောက်တွေ အေးစက်နေတတ်တဲ့သူမျိုး၊ သူ့ကို ဒီဇင်ဘာမှာ ပြုစုစောင့်ရှောက်ဖို့မခက်ပါဘူး။ လွယ်ပါတယ် တဲ့။ ရော့စတီးဝပ် နဲ့ ပင်နီတို့မှာ သားနှစ်ယောက်ရှိပါတယ်။ အလက်စတဲ၇ နှစ်နဲ့ အေဒန် ၁ နှစ်သားလေးတို့ဟာ ခရစ်စမတ်မှာ မိခင်ဘခင်နဲ့အတူ Essex က စံအိမ်မှာ အချိန်ကုန်ဆုံးစေခဲ့ကြတာပါ။

ဆူရီခရုစ်အတွက် ခရစ်စမတ်လက်ဆောင်ကတော့
ကေတီဟုမ်းစ်ဟာ သမီးလေးဆူရီအတွက် ပေါင် ၃သောင်းတန်ကြေးရှိတဲ့ ဗစ်တိုးရီးယားကလေးကစားစရာ အဆောက်အဦးလေး ဝယ်ပေးခဲ့ပါတယ်။ အဲဒီ အဆောက်အဦးသေးသေးလေးထဲမှာ မိသားစုအနားယူအပမ်းဖြေစရာ ပန်းခြံရှိတယ်။ ရေ နဲ့ လျှပ်စစ်မီးလည်း ရနိုင်ပါတယ်တဲ့။ လက်ဖြစ် သစ်လုံးအိမ်ပါ။ အပျော်သက်သက်ကြီးမဟုတ်ဘဲ တကယ်အနားယူနိုင်တဲ့ အဆောက်အဦးလေးပါ။ ခနှစ်စမတ်လက်ဆောင်တွေထဲမှာ  iPad mini၊ရယ်၊ ပေါင် ၆၀၀၀ ပေးရတဲ့  ကလေးစီး မာဆေးဒီးစ်ရယ်၊ Ralph Lauren အဝတ်အစားရယ် သားမွှေးကုတ်အင်္ကျီလေးရယ် လက်ဆောင်ပေးခဲ့တယ်လို့ ဆိုတယ်။ ဆူရီရဲ့ မေမေ ကေတီဟုမ်းက ဆူရီအတွက် လက်ဆောင်တွေအများကြီးပဲ ပေးခဲ့တော့ တွမ်ခရုစ်လည်း ဝယ်ရဦးတော့မှာပေါ့။ တွမ်ခရုစ် က သူ့ရဲ့ ရုပ်ရှင်အသစ်ရိုက်ကွင်း All You Need is Kill မှာရှိနေခဲ့တာပါ။ ဆူရီလေးကို Big Ben ရေခဲသေတ္တာသံလိုက်တုံးလေး နဲ့ မြို့တော်ရှပ်အကျီလေး လက်ဆောင်ပေးရဦးမယ်လို့ ဆိုတယ်။

ဖြိုးဖြိုး

2 comments:

PAUK said...

ဖတ်ပြီပြီ...

PAUK said...

ဖတ်ပြီးပြီ...။
ကျေး