Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, December 29, 2012

အသံတိတ်ခွဲခွာခြင်း

တစ်အိမ်လုံးသုသာန်တစ်စပြင်လို ငြိမ်ဝပ်တိတ်ဆိတ်နေသည်။ ညဉ့်နက်နက်၊ အိပ်ခန်းတစ်ခန်း၊ ခုတင်တစ်လုံး၊ လူနှစ် ယောက်။ အိပ်မောကျနေပုံရသည့် လူယောက်ျားဘေးမှာ Midnight Wine အရောင် ည၀တ်အကျီနှင့် မိန်းမတစ်ယောက်၊ သူမ မျက်လုံးတွေထဲမှာ နာကျင်ထိခိုက်ခံစားနေရပုံက အထင်းသားပေါ်နေသည်။ ဒီမိန်းမ ဘာကို ဒီမျှလောက် နာကျင်ခံစားနေရပါလိမ့် ဟု ကျွန်မတွေးနေစဉ်မှာပဲ ဘေးကလူကို တစ်ချက် စိန်းစိန်းကြီးကြည့်ကာ ရုတ်တရက် ထထိုင်သည်။ ဆုံးဖြတ်ချက်တစ်ခုကို ယတိပြတ်ချပစ်လိုက်သည့်ဟန်။ စက်ရုပ်တစ်ရုပ်လို တောင့်တင်းမြန်ဆန်သည့်ခြေလှမ်းများဖြင့် အခန်းထဲမှ ထွက်သွားသည်။ ညကြီးမင်းကြီး ဘယ်ဆီ ထွက်သွားပါလိမ့်။ ကျွန်မ တွေးနေစဉ်မှာပဲ သေနတ်သံတစ်ချက် ဒိုင်းခနဲကြားလိုက်ရသည်။

“ဘုရားသခင် ..ဒီမိန်းမ သူ့ကိုယ်သူ သတ်သေသွားပြီ”
အသံထွက်ရေရွတ်ကာ ကျွန်မ ၀မ်းနည်းသွားသည်။

xxxxxx

သူမနာမည် စူဇန်နာ၊ Physio Therapist တစ်ယောက်။ သူမမှာ ခန့်ညားသည့်ရုပ်ရည်နှင့် စမတ်ကျကျဝတ်စား နေထိုင် တတ်သူ ခင်ပွန်း ဆမ်မြူရယ် ရှိသည်။ သူတို့မှာ သမီး မေရီနှင့် သား ဒေးဗစ်တို့ရှိ သည်။ နေရာသစ်ဆောက်လုပ်နေသည့် ဆိုက်ထဲ မှာ အလုပ်သမားအသစ်ရောက်သည်။ အီဗန်တဲ့။ ခင်ပွန်းသည် ဆမ်နှင့်မိတ်ဆက်ပေးလိုက်ရာ ဆမ်က သူ့ဝသီအတိုင်း `လာပါ ကိုယ်က မရွံတတ်ပါဘူး´လို့ ခပ်ငေါ့ငေါ့ပြောရင်း ညစ်ပေနေသည့် အီဗန့်လက်ကို ဖော်ရွေဟန်ပြကာ တလှိုက်တလှဲဟန်အစွမ်းကုန် ဆွဲယမ်းနှုတ်ဆက်သည်။ ဆမ့်လုပ်ပေါက်ကို စူဇန်ကောင်းကောင်းသိသည်။ ပေါင်းလာတာ ၁၄နှစ်ရှိပြီပဲ။ သူ့ကိုယ်သူ လူကြီး လူကောင်း ပုံစံပြလိုက်ပြီး တစ်ဖက်သားကို အလုပ်သမားလို့ တမင်လူတန်းစားခွဲခြား ဆွဲနှိမ့်ပစ်လိုက်တာ။

နေရာသစ်အတွက် ကြွေပြားတွေလိုက်ရွေး၊ လိုအပ်တာလိုက်ဝယ်ရင်း အီဗန့်ကို စူဇန်က `ကျွန်မ ယောက်ျားရဲ့ ပုံစံအတွက် တောင်းပန်ပါတယ်´ ပြောသည်။ ဒီလိုပြောမှ ပိုဆိုးတော့သည်။
“ငါ့လို ခပ်ဖြောင့်ဖြောင့်လူချောနဲ့ တစ်နေကုန် ဆိုက်ထဲမှာ အတူရှိနေတာကို သူ့စိတ်ထဲ မနာလိုအူပွ ဖြစ်နေမှာပေါ့”လို့ အတည်ပေါက်ကြီး အီဗန်ပြောလိုက်သည်။ ရှက်ရယ်ရယ်နေသည့် စူဇန့်မျက်နှာက အီဗန့်စကားကို ခြွင်းချက်မရှိထောက်ခံချင် သလိုလို။

အီဗန့်အတွက်လုပ်အားခကို `မင်းပဲပေးလိုက်´လို့ ဆမ်ကမှာသည်။ စူဇန်နာ ခပ်မြန်မြန်ပဲ ဆိုက်ထဲကို ကားမောင်း ထွက်လာခဲ့သည်။ ခပ်လှမ်းလှမ်းကနေ အီဗန့်ကိုလှမ်းမြင်သည်နှင့် ကားကို လမ်းဘေး အမြန်ထိုး ရပ်လိုက်သည်။အီဗန့်ဆီ ခပ်သွက်သွက်သွားကာ`ရော့ ရှင့်အတွက်လုပ်အားခငွေ´ဆိုပြီး စာအိတ်ကလေး ကမ်း ပေးနေတုန်းမှာပဲ နမော်နမဲ့ရပ်ခဲ့တဲ့ကားက လမ်းမပေါ်အရှိန်ဖြင့် လျှောဆင်းလိမ့်ထွက်သွားသည်။ အီဗန် လိုက်ဆွဲရာ ကားလည်းအရပ်၊ သူကိုယ်တိုင်လည်း လမ်းဘေး ပလက်ဖောင်းပေါ် ကားခနဲ မှောက်လျားထိုး ပြုတ်ကျသွားသည်။ `အမလေး ဒီလူသေပါပြီ´ စူဇန်ပျာသွားသည်။ ကိုယ့်အလုပ်သမား ကိုယ့်ကြောင့်ဖြစ်တော့ ဆေးရုံလိုက် ပို့ရပြီ။ အီဗန်ခြေထောက် မထောက်နိုင်တော့ ၊ တစ်ပတ်လောက်နားရမည်တဲ့။ အီဗန်က မနားချင်။ မနက်ဖြန် သူ သူ စပိန်ကိုသွားစရာရှိသည်တဲ့။ ဆရာဝန်က ခွင့်မပြု။
“ကျွန်တော်က နေ့စား အလုပ်သမား၊ မနက်ဖြန်တစ်ရက်ပဲနားရတာ၊ နားတဲ့ရက်ကလေး ကျွန်တော့် သမီးနဲ့ သွားတွေ့ ရမှာ သွားမှဖြစ်မယ်”
ဆေးသွင်းပိုက်တွေ ဆွဲဖြုတ်၊ ရုန်းရုန်းကန်ကန်ဆိုတော့ စူဇန့်ရင်ထဲ မကောင်းတော့။ `ကျွန်မကိုယ်တိုင် ကားမောင်းပို့ ပေးပြီး ဆေးရုံကိုပြန်ခေါ်လာပါ့မယ်´လို့ တာဝန်ကျဆရာဝန်ကို ကတိပြု၊ အကိုက်အခဲပျောက် ဆေးဝါးအပြည့်အစုံ၊ ချိုင်းထောက် တစ်စုံနှင့် ခေါ်ထုတ်ခဲ့သည်။ ကားပေါ်မှာ အီဗန်ကရင်ဖွင့်သည်။
“ငါ ထောင်ကျလို့ သမီးနဲ့ကွဲခဲ့တာ”
“ရှင်ဘာလုပ်ခဲ့လို့များ ထောင်ကျရတာလဲ”
အီဗန်က တိတိကျကျမဖြေ။ သမီးအတွက်ပါ လို့ပဲ ခပ်တိုးတိုးပြောသည်။ ဟိုရောက်တော့ အီဗန်က သူ့သမီးနဲ့ ညအိပ်နေ ဦး မယ်တဲ့။  တစ်ယောက်တည်းထားခဲ့ဖို့ စိတ်ချလောက်သည့်အနေအထားမဟုတ်လေတော့ စူဇန့်ခမျာ ဟိုတယ်တစ်ခု အနီးမှာရှာ၊ အခန်းငှား ညအိပ်စောင့်ပေးရတော့သည်။ မိုးလင်းတော့ အီဗန့်ဆီလိုက်သွားရာ သမီးနှင့်တွေ့သည်။ အီဗန့်သမီးက ငါးနှစ်အရွယ် လောက်လေး။ နာမည်က ဘီတာတဲ့။ အီဗန့်ဒဏ်ရာကို စူဇန် dressing လုပ်ပေးခဲ့သည်။ ညခင်းမှာ ဟိုတယ်နားက စားသောက် ဆိုင်မှာ အီဗန်နှင့် စူဇန်နာတို့ ညစာထွက်စားသည်။
“သမီးနဲ့အဆင်ပြေလား”
“အင်း၊ နေ့ခင်းဆို သူ ဘာမှမပြောဘူး၊ ညဆို မေးခွန်းတွေ ဒရစပ်ထုတ်တော့တာပဲ၊ သူသိချင်တာအကုန်မေးပြီးမှ အိပ် တယ်၊ ငါ့ကို ဘယ်သွားနေတာလဲ၊ ဘာလုပ်လဲ အကုန်ကိုမေးတော့တာကွာ”
“ရှင့်သမီးက ငယ်လွန်းတယ်၊ ရှင်ထောင်ကျတဲ့အကြောင်း မပြောမိစေနဲ့”
နှစ်ယောက်သား အပြန်အလှန်စကားဖလှယ်ရင်း ငယ်ပေါင်းတွေလို ရင်းနှီးသွားကြသည်။

xxxxxxx

အလုပ်မဆင်းနိုင်သေးသည့်အီဗန့်ကို အိမ်အထိ စူဇန်သွားတွေ့သည်။ ဒဏ်ရာကို ပတ်တီးလဲ ဆေးထည့်ပေးသည်။ အစတော့ ရိုးရိုး၊ နောက်တော့ တစ်မျိုးတိုးမိလေသလား၊ စူဇန်နာတစ်ယောက် မိမိအလုပ်ကိုပါ အပျက်ခံကာ အီဗန့်ကိုသွားသွား တွေ့မိသည်။ သွားတိုင်းလည်း စူဇန်က`ကျွန်မအိမ်မပြန်ချင်ဘူး´ ပြောမိတတ်သည်။ ပြီးတော့လည်း ပြန်ရတာပါပဲ။ တစ်ဖက်မှာက အိမ်ထောင်မိသားစု ရှိသေးသည်ကိုး။ ခက်တော့ ခက်ပြီ။ စူဇန်တစ်ယောက် အီဗန်နှင့်မတွေ့ဘဲမနေနိုင်၊ တွေ့ပြီး အိမ်ပြန်ရောက် လျှင်လည်း အရောင်စွန်းထင်းနေသည့် လိပ်ပြာက တစ္ဆေတစ်ကောင်လို နေ့နေ့ညည ရိပ်ရိပ်ဝဲ၀ဲ ခြောက်လှန့်နေပြန်သည်။ နောက် ဆုံး မျိုသိပ်မထားနိုင်တော့ဘဲ ဖြစ်ရပ်မှန်ကို ဆမ်မြူရယ့်အား ဖွင့်ချမိတော့သည်။

“ဆမ်.. ကျွန်မ ချစ်မိနေပြီ”
“ဘယ်လို မင်း ဘာပြောလိုက်တယ်”
“အီဗန့်ကို ချစ်မိသွားပြီ”
ဘယ်သူလဲ၊  ဘယ်ကကောင်လဲ ဆမ်မြူရယ် မသိ။ သူ့ရဲ့ စီးပွားဖက်၊ အားကျဖက်၊ ပြိုင်ဘက် လျှမ်းလျှမ်းတောက် မိတ်ဆွေတွေထဲမှာ ဒီနာမည်မကြားဖူးခဲ့။
“ဘယ်သူလဲ ..အီဗန်…”
“ဟို ကျွန်မရဲ့ကားကြောင့် တစ်ခါ ဒဏ်ရာရဖူးတဲ့လူ”
ဘုရားဘုရား၊ ဆမ့် မျက်လုံးတွေ ပြာဝေသွားသည်။ ကလေကချေ၊ အောက်တန်းစား၊ အလုပ်သမားနဲ့ ကြံကြီးစည်ရာ.. ကွာ၊ ငါ့မှာတော့ ဒီမိန်းမ ဒီသားသမီး အမြင့်ဆုံးမှာ စမတ်ကျကျ နေရအောင် ကြိုးစားလိုက်ရတာ၊ ဘာပဲဖြစ်ဖြစ် ကိစ္စမရှိ။ မိန်းမတွေ ဟာ ဆေးလိပ်လေးတဖွာဖွာ ဘီယာလေးတမြမြနဲ့ အပြောကောင်းတဲ့ ယောက်ျားဆို ယစ်မူးသာယာပြီး စိတ်ကူးထဲ ထည့်ယဉ်ပစ် တတ်ကြတာ ဓမ္မတာပဲ။ ဒီကောင် င့ါထက်အပြောကောင်းလို့ဖြစ်မှာပေါ့၊ ချစ်မိရုံပဲဆို အကြောင်းမဟုတ်။ ဆမ်မြူရယ်တွေးကာ သိချင်စိတ်ပြင်းပြလာသည်။
“ချစ်မိရုံပဲမို့လား၊ ဒါ့ထက်ပိုသွားပြီလား”
ဘာမှမဖြေသည့် ဇနီးသည်ကိုကြည့်ကာ ဆမ်မြူရယ် ယောက်ယက်ခတ်သွားသည်။ ပခုံးတွေကို ကိုင်ဆွဲလှုပ်ကာ ဒရစပ် မေး လိုက်သည်။
“ဟင်..ဖြေလေ၊ ဘယ်နှခါ တွေ့ပြီးပြီလဲ ဘယ်နှခါရှိပြီလဲ၊ ဖြေစမ်းဖြေလေ”
“ဒါက အဓိကမဟုတ်ပါဘူး” တဲ့။ ဒါဖြင့် ဘာကအဓိကလဲ။ ပြောရခက်နေပုံရသည့် စူဇန့်မျက်နှာကို ဆမ်မြူရယ်မကြည့်ရက် တော့။ ပြတင်းတံခါးဆီ အကြည့်လွှဲဖယ်ကာ ထပ်မေးမိသည်။
“ ဘယ်မှာ တွေ့ကြတာလဲ”
“သူ့အိမ်မှာ…”

အသုံးမကျတဲ့မိန်းမ၊ ဒီကောင်က မင်းဆီလာတာမဟုတ်ဘဲ မင်းက မနေနိုင်မထိုင်နိုင် သွားသွားနေတဲ့သဘောပေါ့။ နွမ်း ဖတ်နေသည့် ဇနီးသည်မျက်နှာကို စိုက်ကြည့်ကာ ဆမ်မြူရယ့် စိတ်ထဲ ယူကျုံးမရ ဖြစ်သွားသည်။ ဘာလုပ်ရမည်မှန်း ဆမ်မြူရယ် မသိ။ ကမ္ဘာနဲ့ချီသည့် စီးပွားရေးပြဿနာ အခက်အခဲတွေ ထောင်သောင်းမက သူ ဖြေရှင်းလိုက်လျှင် အလွယ်ကလေး။ အခု သူ့မိန်းမ လင်ငယ်ထားနေသည့် ကိစ္စကို သူ မဖြေရှင်းတတ်တော့။ ရှက်စရာ ခံပြင်းစရာ၊ ဒီကောင်က င့ါထက် ဘာသာလို့လဲ။ ခက်တာက ငါအကြမ်းပတမ်းလုပ်လိုက်ရင် ဟိုဘက် ပိုပါသွားမလားပဲ..တွေးကာ ဆမ်မြူရယ် ၀မ်းနည်းလာသည်။ ယောက်ျားတန်မဲ့ မျက်နှာကို လက်ဝါးတွေထဲ ထိုးဝှက်ကာ ရှိုက်ကြီးတငင် ငိုချမိတော့သည်။ ဘ၀ကို ဟန်ကျပန်ကျ ဖြတ်သန်းနိုင်ခဲ့သည်သာမက တစ်လျှောက်လုံး မာန်မာနအပြည့်နှင့် စမတ်ကျကျနေထိုင်ခဲ့သူ ခင်ပွန်းသည်အား ငိုကြီးချက်မပုံစံနှင့် တွေ့ရသည့်အခါ စူဇန့်စိတ်ထဲ ငါဘာတွေလျှောက် လုပ်ခဲ့ပါလိမ့်လို့ နောင်တတစ်ချက်ရသွားသည်။ လှုပ်ခါနေသည့် ဆမ့်ပခုံးကို ပွေ့ဖက်ကာ ကတုန်ကယင် ပြောမိသည်။

“အို ဆမ်၊ ဆမ်ရယ် ဒီလိုမလုပ်ပါနဲ့ ကျွန်မ သူ့ကို နောက်တစ်ခါ မတွေ့တော့ဘူး၊ ကတိပေးပါတယ်”

xxxxxxx

အပြစ်ရှိတာချင်းအတူတူ စူဇန့်အပြစ်က ပိုကြီးသည်၊ စူဇန်က မိန်းမမဟုတ်လား။ အိမ်ထောင်ရှိမိန်းမတစ်ယောက်အနေနှင့် အခြားယောက်ျား တစ်ယောက်က အမှန်တကယ်ချစ်လာသည်ဖြစ်စေ၊ ရလိုရငြားစိတ်နဲ့ဖြစ်စေ မည်သို့ချဥ်းကပ်ချဉ်းကပ် နည်းမျိုးစုံ နှင့် ရှောင်တိမ်းထွက်နိုင်ရမည်မဟုတ်လား။ အခုတော့ စူဇန်က ရုန်းထွက်ရန်မဆိုထားနှင့် မီးရှိရာကို ရူးရူးမိုက်မိုက် တိုးဝင်ချင် နေသည့် ပိုးဖလံမလေး ဖြစ်ခဲ့ပြီ။

အီဗန့်အနေနှင့် ဆင်းရဲပင်ပန်းစွာဖြတ်သန်းရင်း ဘ၀မှာ တစ်ကြိမ် ထောင်ကျဖူးသော်လည်း အကျင့်ပျက်ယောက်ျား တစ်ယောက်မဟုတ်။ သူ့ဘ၀မှာ လက်ညှိုးထိုးစရာအပြစ်က လင်ရှိမိန်းမတစ်ယောက်ကို ချစ်ကြိုက်မိခြင်းပါပဲ။ သို့ပေမဲ့  ဆမ်မြူရယ် သိ သွားပြီဆိုသည့်အခါ ယောက်ျားခြင်း စာနာစိတ်နှင့် သူ့စိတ်သူထိန်းချုပ်ကာ စူဇန့်ကို ရှောင်သည်။ အိမ်ပြောင်းလိုက်သည်။ အလုပ်ပြောင်း လိုက်သည်။ အမှားထဲ ခေါင်းစိုက်ထိုးထည့်ထားလျှင် ကိုယ်တိုင်ပဲ အသက်ရှူကျပ်မှာပေါ့၊ အမှန်ရှိရာ ဦးမော့ကာ သူ့အခြေအနေတွေ ပြောင်းလဲပစ်ဖို့ အီဗန်ကြိုးစားသည်။ ခက်သည်က စူဇန်နာ။ ငိုကြွေးနေသည့် လင်ယောက်ျားကို မကြည့်ရက် နိုင်ဖြစ်ကာ ကတိပေးလိုက်ပေမဲ့ စိတ်က အီဗန်နှင့် ထပ်တွေ့ရဖို့သာ ဇောကပ်သည်။ ဖုန်းမကိုင်ဘဲ ရှောင်တိမ်းနေသည့် အီဗန့်ကို သဲသဲမဲမဲလိုက်ရှာသည်။ ယူဇီရပ်ကွက်က စားသောက်ဆိုင်တစ်ဆိုင်မှာ တွေ့သည်။ စူဇန့်အချစ်ကို အီဗန်အသိအမှတ်ပြုချင်ပေမဲ့ နှစ်ဦးနှစ်ဖက်အခက်မတွေ့စေချင်တော့ စူဇန့်ကို တည်ကြည်စွာငြင်းပယ်ရသည်။ `အလုပ်လုပ်ချိန် စကားပြောလို့မရ ဘူး´ `ငါမအားဘူး´။ ဘယ်လိုပြောပြော စူဇန်က မပြန်။ ခေါင်းမာမာနှင့် စောင့်သည်။ မျက်နှာချင်းဆိုင်တွေ့ချိန်မှာ `ငါတို့နှစ်ယောက် ဇာတ်လမ်းက ရှေ့ဆက်လို့မရနိုင်ဘူး´လို့ အားတင်း ပြောလိုက်သည်။ ဒီလောက်ပြောလျှင်တော့ စူဇန်လက်လျှော့မည်လို့ အီဗန် ယူဆသည်။ သူ့အထင် မှားသွားပြီ။

“ကျွန်မကတော့ ရအောင် ရှေ့ဆက်မှာပဲ”

စူဇန်က သည်လိုပြောနေမှတော့ အီဗန်က ဘာသားနဲ့ထုထားတာမို့လဲ၊ ယောက်ျားလေ။ တင်းခဲထားသည့် စိတ်တွေ ချည့်နဲ့ပြိုကျသွားသည်။ စူဇန်က သူ့မျက်လုံးတွေကို တည့်တည့်စိုက်ကြည့်ကာ ခိုင်ခိုင်မာမာပြောလိုက်သေးသည်။

“ကျွန်မ သူ့ကို စိတ်ပျက်နေတာကြာပြီ၊ ရှေ့ဘ၀တစ်လျှောက်လုံး ရှင်နဲ့ပဲ ကုန်ဆုံးလိုက်ချင်တော့တယ်”

ချစ်ဇောအဟုန် မကုန်နိုင် မခမ်းနိုင်၊ တားမရဆီးမရဖြစ်နေသည့် ရင်ခွင်ထဲက မိန်းမကို အီဗန်ငြင်းချက်မထုတ်နိုင်အောင် သဘောကျသွားသည်။

“အချစ်လေး မင်း ရူးများ ရူးသွားပြီလား၊ အင်း…မင်းရူးလေ ငါကြိုက်လေပါပဲကွာ…”

သောက်လေ ငတ်လေ ဘယ်တော့မှ ဆာငတ်မပြေနိုင်သည့် ပင်လယ်ရေငန်ကို ပြိုင်တူသောက်ရင်း စူဇန်နှင့် အီဗန် ကိုယ့်ကိုယ်ကိုယ် အဟုတ်ထင်ပစ်လိုက်ကြသည်။

xxxxxxx

 “ဟိုကောင့်ကို မင်းဖြတ်တော့ မင်းကငါ့မိန်းမ ငါ့အတွက်ပဲဖြစ်ရမှာ”
ဆမ်မြူရယ်ဒေါသပုန်ထပြီ။ နှစ်ယောက်သား ရုန်းရင်းဆန်ခတ် ထွေးလုံးရစ်ပတ်ပြီး ခြေကုန်လက်ပန်းကျ မောဟိုက်ချိန်မှာ စူဇန်က နွမ်းဟဟအသံနှင့်တောင်းပန်သည်။
“ကျွန်မလည်း မတတ်နိုင်တော့ဘူး၊ ကျွန်မကိုယ်ကျွန်မလည်း မုန်းမိပါတယ်၊ ကျွန်မကို သွားခွင့်ပြုပါ”
“ငါ့ဆီကထွက်သွားတာနဲ့ မင်းဘ၀ ဒုက္ခရောက်မှာပဲ၊ မင်းတို့ အဆင်ပြေမယ်ထင်လို့လား၊ မင်းတို့မှာ ဘာပိုင်ဆိုင်မှုရှိလို့လဲ၊ နေစရာတောင်ရှိလို့လား”

စူဇန်က`မြို့ထဲမှာ လုပ်စရာအလုပ်တွေပေါပါတယ်´တဲ့။ မရှိစဖူး သတ္တိတွေ ထူးကဲရှိနေသည့် စူဇန့်ကိုကြည့်ကာ ဆမ်မြူ ရယ် စွေ့စွေ့ခုန်သွားသည်။ `မင်း ဘာအလုပ်မှလုပ်လို့ရမှာမဟုတ်ဘူး ကြည့်နေ´ လို့ခြိမ်းခြောက်စကားဆိုလိုက်သည်။ သူ့စကား အတိုင်းပဲ ဆမ်မြူရယ်က ဂုဏ်ရှိန်ပါဝါသုံးကာ မြို့တော်ဝန် ဘာရီလာနှင့်ပေါင်းပြီး အခွင့်အလမ်းမှန်သမျှ ပိတ်ဆို့ပစ်လိုက်သည်။ နှစ်ယောက်လုံး၏ အကြွေးဝယ် ကတ်၊ ငွေထုတ်ကတ်တွေ ဘာမှသုံးမရတော့။ မစားရတဲ့အမဲ သဲနဲ့ပက် ပြောမလား၊ ပြောလည်း ခံလိုက်ရုံ။ `ဖောက်ပြန်နေတဲ့ မိန်းမကို ကာမပိုင်လင်ယောက်ျားအနေနဲ့ သဲနဲ့ပက်ခွင့်တော့ရှိမှာပဲ' လို့ အတွေးရိုင်းရိုင်းတွေ ဆမ်မြူရယ်တွေးပစ်လိုက်သည်။ စူဆန်နှင့်အီဗန်ဒုက္ခရောက်ပြီ။ စူဇန် ဆမ်မြူရယ်နှင့်သွားတွေ့သည်။

“ကျွန်မတို့ကို Black List ထဲရောက်အောင် လုပ်နေတဲ့ ရှင့်လုပ်ရပ်တွေ ရပ်တန်းကရပ်တော့”။
ဆမ်မြူရယ်ကလည်း ပြတ်သားသည်။
“ရပ်မယ်လေ..မင်း ငါ့ဆီ ပြန်လာရင်ပေါ့…”
“သေတေင်ပြန်မလာဘူး၊ ဝေးသေး”
“ဒါဆိုလည်း ဒါ မင်းရွေးတဲ့လမ်းပဲ”

နောက်ဆုံး စူဇန်က ဆမ်မြူရယ့်အိမ်ထဲ ညဘက်ခိုးဝင်ကာ ပိုင်ဆိုင်သမျှတွေကို အကုန်ယူထုတ်သည်။ ဆမ့်လုပ်ရပ်အပေါ် စိတ်အချဉ်ပေါက်ပေါက်နှင့် မပိုင်ဆိုင်သည့်အရာတွေပါ ယူပစ်လိုက်သည်။ `သူပိုင်ပစ္စည်းတွေကို မယူစမ်းပါနဲ့ကွာ´အီဗန်တားပေမဲ့ စူဇန် ဂရုမစိုက်၊ `ရှင်မလုပ်နိုင်ရင် ကျွန်မတစ်ယောက်တည်းလုပ်မယ်" တဲ့။ သည်လိုနှင့် အီဗန်ကြံရာပါဖြစ်ရပြီ။

မနေ့ညက ခိုးယူလာသည့် ပန်းချီကားတွေကို အီဗန်သွားရောင်းပေးနေသည်။ တော်တော်နှင့်ပြန်မလာတော့ စူဇန်စိတ် ပူလာသည်။  တံခါးခေါက်သံကြားလျှင် ၀မ်းသာအားရထဖွင့်လိုက်သည်။ မျှော်တာတစ်ယောက် ရောက်လာတာတစ်ယောက်။ တံခါးဝမှာ အနိုင်ရမျက်နှာနှင့် ဆမ်မြူရယ်။

“သူပြန်မလာဘူး၊ ရှင် သူ့ကိုဘာလုပ်ထားလဲ၊ ဒါတွေအားလုံး ကျွန်မ စီစဉ်တာ၊ သူ့ကိုဘာမှ သွားမလုပ်ပါနဲ့၊ သူဘယ်မှာ လဲ…”
“ခိုးရာပါပစ္စည်းရောင်းလို့ လက်ပူးလက်ကြပ်မိတာပဲလေ၊ ဒီကောင်က ထောင်ကျဖူးတဲ့ကောင်ပဲ၊ ထောင်က သူ့အတွက် ဘာမှ မဆန်းဘူး”
“သူ့ကို လွှတ်ပေးပါ၊ ကျွန်မ ဘာလုပ်ပေးရမလဲပြော ရှင်ဖြစ်စေချင်တာ ဖြစ်ရပါမယ်”
အီဗန်လွတ်မြောက်စေလိုသည့်စိတ်နှင့် စူဇန်တောင်းပန်တိုးလျှိုးမိသည်။ ဆမ့် အကြိုက်ပေါ့။ ဆမ်မြူရယ်လိုချင်တာ ဒါပဲလေ။
“ငါပြောပြီးပြီပဲ၊ မင်းအိမ်ပြန်လာပေါ့..ငါ့ဆီပြန်လာပေါ့”
စူဇန်မူးမေ့ပျော့ခွေလဲကျသွားသည်။

နောက်ဆုံး စူဆန်အိမ်ကို ပြန်ရောက်ခဲ့ရပြီ။ အမေ့ကို စကားမပြောချင်တော့ဘူးလို့ဖုန်းဆက်ပြောသည့် သမီးက အခုလို အမေအိမ်ပြန် ရောက်လာတော့လည်း နာကျင်စရာတွေမေ့ကာ အရင်လို ချစ်ရပြန်သည်။ အမေက အမေပဲကိုး။ ဘာတွေလုပ်လုပ် ဘယ်ဆီရောက် ရောက် `အမေ့ကိုချစ်တယ်´လို့ မက်ဆေ့ဂ်ျလေးပို့လေ့ရှိသည့် သား ကတော့ အမေအိမ်ပြန်ရောက်လာတာ အတိုင်းထက်အလွန် ပျော်ပါသည်ပေါ့။ သို့ပေမဲ့ အမေတကယ်ပျော်ဖို့က အဓိက။ အမေ့ပါးကို ဖွဖွလေးနမ်းရင်း အမေ့ရဲ့ပျော်ရွှင်ခြင်း အစစ်အမှန်က ဘယ်ဆီမှာပါလိမ့်လို့ စာနာစိတ်နှင့် တိတ်တခိုးအဖြေရှာနေမိသည်။ စိတ်ရောလူပါ ချုံးချုံးကျကာ အိပ်ရာထဲ အနားယူနေရသည့် စူဇန့်ကို ဘာမှမဖြစ်ခဲ့ဖူးသလို ဆမ်မြူရယ်က အရင်လိုကြင်နာဟန်အပြည့်နှင့် ပြုစုယုယသည်။ ဆေးတိုက်၊ ရေတိုက်သည်။ အနားက မခွာ။ နေကောင်းပြီလား နဖူးလေးကို စမ်းသည်။`ယောက်ျားတွေမာယာများရင် မိန်းမလိုက်မမီ´လို့ စူဇန် တွေးကာ ဆမ်မြူရယ့် အပေါ် အယုံအကြည်မရှိတော့။ သူ့မိန်းမပီပီ သူ့အနားမှာ ထမင်းဟင်းချက်ပေးတာ၊ လိင်မှုကိစ္စဖြည့်ဆည်း ပေးတာ၊ ဒါတွေမျှော် လင့်ပြီး ငါကျန်းမာအောင် ပြုစုပေးနေတာ၊ ဒါ သူ့အကျိုးအတွက် သူလုပ်တာ။ သွား မလာနဲ့ဆမ်။ ရှင့်ကို ကျွန်မ စိတ်ကုန်တယ်၊ စိတ်ပျက်တယ်။ မယုံဘူး။

xxxxxxx

အိပ်ရာထဲလဲနေသည့် ပြင်သစ်အမျိုးသမီး စူဇန်နာ့ကိုကြည့်ကာ သူမနှင့်ထပ်တူ စိတ်ရောကိုယ်ပါ နုံးခွေချည့်နဲ့ သွားတော့ သည်။ စူဇန်နာ့ အတိတ်ဘ၀ထဲက ပြန်ထွက်လာချိန်မှာ ကျွန်မဦးခေါင်းတစ်ခုလုံး ရှုပ်ထွေးနောက်ကျိလို့နေသည်။ ပိုးဖလံ၊ အဆိုးမလေးပဲလို့ ကရုဏာဒေါသောနှင့်  ကျွန်မ ရေရွတ်မိသည်။ ကြည့်နေဆဲမှာပဲ မြင်ကွင်းက အစပိုင်း ပုံရိပ်တွေဆီ ပြန်ရွေ့ သွားသည်။

Midnight Wine အရောင် ည၀တ် အကျီနှင့် မိန်းမချောလေး စူဇန်နာ ရေးကြီးသုတ်ပျာဟန်နှင့် အိပ်ရာကနေ ထထွက် သွားသည်။ ဟုတ်တာပေါ့။ သေဖို့လုံလောက်သည့် ပြစ်ချက်တွေနှင့် ခန္မ္ဓာတစ်ကိုယ်လုံးပြည့်နှက်နေမှတော့ သူမကိုယ် သူမ သတ်သေဖို့ သေနတ်တစ်လက်သွားရှာတာပဲ ဖြစ်မည်ပေါ့။ အစပိုင်းမှာ သေနတ်သံတစ်ချက် ကျွန်မ ကြားခဲ့ရသည်ပဲ။ ကြည့်နေဆဲ မှာပဲ စူဇန်နာ သေနတ်တစ်လက်နှင့် အိပ်ခန်းထဲပြန်ဝင်လာသည်။ ခင်ပွန်းသည် ဆမ့်ရှေ့မှာ သူမအပြစ်တွေ ၀န်ခံဖြောင့်ချက်ပေးပြီး သူမကိုယ်သူမ ရဲရဲတင်းတင်း သတ်သေပြမလို့ပဲ ဖြစ်မှာပေါ့။

အို..ဘုရားခင် ဘယ်လိုပါလိမ့်…သေနတ်ပြောင်းဝက ဆမ်မြူရယ့်ဘက်ကိုချိန်ထားပါလား…။
ဒိုင်းခနဲ မြည်သံနှင့်အတူ စိတ်ချလက်ချအိပ်ပျော်နေ ပုံရသည့် ဆမ်မြူရယ့်ရင်ဝကနေ သွေးတွေ စိမ့်ထွက်လာသည် ကို မြင်လိုက်ရချိန်မှာ ကျွန်မ ရင်ဝမှာလည်း ပူထွက်သွားသည်။ တစ်ကိုယ်လုံးလူသေလို တောင့်တင်းသွားသည်။ ကယောင်ချောက်ချား ဟန်ဖြင့် လှေကားကနေ ပြေးဆင်း ကားမောင်းထွက်သွားသည့် စူဇန်နာ့ကို ကျွန်မ ဆက်မကြည့်ချင်၊ မကြည့်လည်း မကြည့်ရက် တော့ပါ။
စူဆန် အခုသွားမှာ အီဗန့်ဆီပဲဖြစ်မှာပေါ့။ သူချစ်သည့် မိန်းမက သူ့ဆီ အပြီးတိုင်ရောက်လာခဲ့ပေမဲ့ အီဗန် ပျော်ရွှင်မည် မဟုတ်လို့ ကျွန်မ အတပ်ပြောရဲသည်။ အိပ်ပျော်နေသည့်ခင်ပွန်းကို သွေးအိုင်ထဲမှာ ပိုးစိုးပက်စက် ပစ်ထားခဲ့ပြီး ပူလောင်ချောက်ချား သည့် လက်တွေနှင့် ဖက်တွယ်ဖို့ စူဇန်က ရောက်လာခဲ့သည်ပဲ။ အီဗန် ဘယ်လိုပျော်ရွှင်နိုင်ပါ့မလဲ။

အဆုံးသတ်မှာ ကျွန်မတွေးနေသည်က…
တစ်ယောက်ကတစ်ယောက်ကို ချန်ထားရစ်ခဲ့ဖို့ အကြောင်းဖန်လာပြီဆိုဦးတော့ အခု စူဇန်နာ့လုပ်ရပ်လို မဟုတ်ဘဲ လှပစွာ ချန်ထားတတ်ဖို့လည်း လိုလိမ့်မည် ဆိုတာပါပဲ။ လှပစွာချန်ရစ်ဖို့ ဘယ်လိုမှမဖြစ်နိုင်၊ အကျည်းတန်စွာ၊ တိတ်ဆိတ်စွာ ချန်ထားရစ်ခဲ့ဖို့ ရွေးချယ်ရတော့မည် ဆိုလျှင်လည်း ကျွန်မသာဆိုလျှင် အရာရာအကျည်းတန်စွာ တိတ်ဆိတ်အဆုံးသတ်ပေးလိုက်မည့် သေနတ်သံတစ်ချက်ကို ကျွန်မကိုယ်ကျွန်မ အတွက်သာ ရွေးချယ်လိုက်မှာ သေချာပါသည်။
ဂျူနီယို
Film – Leaving (French – Partir)
Cast – Kristin Scott Thomas (SuSanne)
Sergi Lopez ( Ivan)
Yvan Attal ( Samuel)

No comments: