ဘွဲ့ နှင်းသဘင် ခန်းမကြီးနှင့် ယင်းသို့  ဦးတည်ရာ လူသွားလမ်းကြောင်းတခု ။
အကောက်အကွေ့ မရှိ ဖြောင့်ဖြူးသောလူသွားလမ်းကို စိမ်းစိုသော မြက်ခင်းကလေးက လှပစွာ တဘက်တချက် ၀န်းရံ ထားသည်။ နောက်တခုက သစ်ကိုင်းဖျားမှာ နားခိုနေသောကတ္တ၀ါ ငှက်ကလေးတကောင် အောက်မှာရေးထိုးထားတဲ့ စာမှာတော့ “ငှက်ကလေးကတ္တ၀ါ အစာရှာ၊ ညီမလေးလှကညာ ပညာရှာ” ပါတဲ့။
အော်..ကိုကိုရယ် ..။ ကိုကို့ စေတနာကို ခိုင်နားလည် သဘောပေါက်ပါရဲ့။ကောင်းကောင်းတန်ဘိုးထားမည်။
ဒါပေမဲ့ ဒီကဗျာလေးကို ကိုကို ဖတ်ကြည့်နှင့်ပါဦး။
ရှိစေဦး
ရှိပါစေတော့၊စိတ်ကိုချော့၍၊ လျော့ခွေတန့် နား။
ချိန်စောင့်စားမည်၊ လွမ်းအားအစု၊ မျက်ရည်ဥဖြင့်၊
ပြေမှုပြေရာ၊ ပြေကြောင်းရှာလည်း၊ ဗျာပါလှိုင်းပုတ်၊
စိတ်ရှုပ်ပွေနှော၊ လွမ်းရေကြောဝယ်၊ နစ်မျောတွေဝေ၊
မိန်းမောနေမိ၊ တမြေနယ်စံ၊ မယ့်သက်နှံရယ်၊
တိမ်ယံဘွေလမ်း၊ ၀တိန်နန်းမှ၊ စခန်းငှက်သွင်၊
ကွန့် လာချင်ဟု၊ စိတ်တွင်ထွေကူး၊ မကြည်နူးရှင့်၊
ချစ်ဦးသက်ဝေ၊လွမ်းစိတ်ပွေသည်၊ တမေကြော့ခိုင်၊
ဖြေမနိုင်ဘူး၊ရှိစေဦးတော့၊ စိတ်ကိုချော့၍၊
လျော့ခွေတန့် နား၊ ချိန်စောင့်စားမည်၊
(၁၃)
ကျွန်မသည် မြေစမ်းခရမ်းပျိုး ကဗျာအတိုအစလေးများ ကို မရေးရ မနေနိုင် ရေးနေမိရာ ဆရာကြီးမင်းသုဝဏ်၏ သပြေညိုနှင့် အခြားကဗျာများ။ ပြဋ္ဌာန်းစာအုပ်မှ ကြိုက်ရာ လေးချိုးများ ကို နမူနာယူ ခုလို ကိုယ့်စာသားပြောင်းထည့် ရေးကြည့်သည်။ ကာရန်တွေညှိ စာသားတွေရှာ အချိန်က ကုန်မှန်းမသိ ကုန်သွားသည်။ တစ်နေ့မှာတော့ ကျွန်မ “ရွှေညာသူ" အမည်ပေးလိုက်သော လေးချိုး ကဗျာတပုဒ် ကျွန်မလက်ဝယ် ပိုင်ပိုင် ရလိုက်ပြီ။
“ရွှေညာသူ”
နိုင်လွန်ဖန် အမှန်ချွတ်ပါလို့ ၊
အညာဟန် သဏ္ဍာန်ညွှတ်ရင်ဖြင့်၊
ခွင့်လွှတ်မှာလား မေ့ချစ်ကြင်၊။
အမြင်ကြမ်းတယ်လို့ ၊
ပျိုဖြန်းခင် မေ့ ကို ငြိုးသော်လဲ၊
ဇွတ်တိုးကာ မဖြုံဘူးသာပ၊
ကမ္ဘာမှာ စံပြတဦးရယ်၊
ထူးလိမ့်မယ်ရှင်၊ ။
သရက်ထည် ဂျော်ဂျက် မုန်းပါဘိ၊
စက်ယက်ချည် ပေါ်လျက်မသုံးလိုဘု၊
လုံးလုံးကြီးစိတ်မ၀င် ၊
အတိတ်ဆင်ပါလို့  ထင်တရေး၊
ပျို့ သက်လယ်၊ကျွန်ဝတ်ကို မခင်တွယ်နှင့်၊
ခန့် ထယ်ထယ် ဗမာဖြစ်ရယ်နှင့် ၊
ကမ္ဘာမှာ ဗမာစစ်ဖို့ ရယ်၊
အားသစ်စို့ လေး။ ။
ဒီကဗျာ ကျွန်မ သင့်ဘ၀ မဂ္ဂဇင်းကို ပေးပို့ကြည့်မည်။
(၁၄)
နွေသင်္ကြန်နှင့်အတူ ပိတောက်တို့ ဖူးပွင့်တတ်သလို ကျွန်မ ရင်တွင်းမှာလဲ ပိတောက်နှင့်အတူ “ရာသီတော်ဦး “ ကဗျာလေးတပုဒ် ဖူးပွင့်ခဲ့ပါသည်။
“ရာသီတော်ဦး"
ပုရစ်ဖူး၊
သစ်မှူးဟန်ချီချီနှင့်၊
မာန်ပလီ အလှပျိုးပါပေါ့၊
မြဆံထိုးရယ်သို့  တပုံထွင်။
အသွင်မြတ်ပါဘိ၊
ရင်ကပ်ကယ်ရွှေမာလာတို့ ၊
ထွေရာရာစုံအနှံ့ မှာဖြင့်၊
အံ့ မကုန် ဖူးငုံပျံ့ ပါလို့  ၊
ဆင်းဖန့် ဖန့်  လူခဲ့သရှင်။
မိဿစန်းရယ်နှင့် ၊
စီတြကြယ်တကြိမ်ဆန်းပြန်တော့၊
လျှမ်းဝေပ စန်းငွေလ သာတဲ့ပုံ ၊
စာဖွဲ့ မကုန်နိုင်ပြီဘု၊
ရာသီတော်ဦး။
ထွန်းတင့်ဝေေ၀၊
ရွှန်းသစ်အထွေထွေမို့ ၊
ဖြေမပြေ သေစေညွှန်းရော့လာ့း ၊
(စန္ဒာရေ) လွမ်းစဖေါ်ကျူး။ ။
သင်္ကြန်တွင်း ကျွန်မတို့ မိသားတစ်စု ခါတိုင်းနှစ်တွေလိုပါဘဲ။ ဘုရားသွားကျောင်းတက် ဥပုဒ်သီတင်းဆောက်တည် ပျော်မွေ့ကြရမည်ပါ။ ဒါပေမဲ့ ကိုကိုကျော်၊ ကိုကိုဇော်တို့မှာတော့ သားယေက်ျာားလေးဖြစ်လို့ အထူးအခွင့်အရေးရတယ် ဆိုရမှာပါ။
“ကျန်စစ်သား" ရေပက်ခံအဖွဲ့ ဆိုပြီး ဂျစ်ကားတစင်းနဲ့ လှည့်လည့်ရေပက်ခံထွက်ဖို့ ပြင်ဆင်နေကြပါပြီ။
ဟော နားထောင်စမ်း။ သူတို့ သံချပ်ထိုးနေတယ်။
“မောင်ကျန်ကလေး လှံကိုကိုင် ဒီစတိုင်ဟာ အဖြောင့်ဆုံးဘဲ”
“သံပုရာသီး ချဉ်ကချို မောင်ကျန်လူပျို မိန်းမရဖို့ "
လွတ်လပ်စွာ ပျော်ရွှင်နေကြသူများကို ကျွန်မ မနာလိုချင်။ အပြင်ကိုလည်းထွက်ကြည့်ခွင့်မပေး။ကိုယ်တိုင်လည်းပါဝင်ရေကစားခွင့်မရှိ။ ရေပက်ခံကားတွေက ပါးစပ်သရမ်းတယ်တဲ့။ ကျွန်မကို တံခါးပိတ် အခန်းအောင်းခိုင်းပြီး ဓမ္မစကြာကျက်ခိုင်းထားသည်။ အလွတ်ပြန်နိုင်ရင် ဖေဖေက ဆုငွေအဖြစ် ငွေ၁၀ကျပ် ပေးမှာဖြစ်သည်။ ရေပက်ခံ ကားတွေပေါ်က လူတွေကလဲ ဟုတ်လဲဟုတ်ပါရဲ့ ။ ပြတင်းတံခါးလေးတစ်ချပ် လှပ်မိရင်ပဲ “တိုက်ကြီးပေါ်က အပျိုတွေ .. အိမ်တွင်းပုန်းတဲ့အပျိုတွေ ဘာဖြစ်ပါစေ၊ ညာဖြစ်ပါစေနှင့် ပါးစပ်သရမ်းကြတော့လဲ ပြောစရာဖြစ်ရပြန်သည်။ ဒါပေမဲ့လည်းလေ ကျွန်မသူငယ်ချင်းတွေ တချို့ က ရွှေစင်မေ မဏ္ဍပ်မှာ၊ တချို့က ပိတောက်ရွှေဝါ မဏ္ဍပ်မှာ၊ တချို့က နှင်းဆီမေ မဏ္ဍပ်မှာ နှစ်စဉ်ရေကစားကြသည်။ မီးရောင်စုံထွန်းထားတဲ့ အလှပြကားတွေပေါ်မှာလဲ လှည့်လည် လိုက်ပါခွင့်ရကြသည်။ ကျွန်မတယောက်ထဲ သာ အိမ်တွင်းပုန်းနေရတာပါ။
ဘယ်သူတွေ ဘာဘဲပြောပြော ဇွန်ပန်းကုံးတွေ စပယ်ပန်းကုံးတွေ လည်မှာဆွဲပြီး ဘယ်ပြောင်းညာလှည့် နွဲ့နွဲ့ကလေး ကပြစ်လိုက်ချင်မိသည်။ သပြေခက်နဲ့ကိုကို ရေလာပက်ရင် တော့ ရှက်ရှက်နှင့် ခေါင်းကလေးငုံ့ လို့လက်ကလေးနှစ်ဘက် ရင်မှာယှက်လို့ ပြုံးပြုံးကလေး ငြိမ်နေမိမှာ။ ညဘက် အလှပြကားတွေလှည့်တော့ ပိတောက်ရွှေဝါမယ်ကလေးများက ရွှေရောင်နတ်သမီးကလေးများ မိုးပေါ်က ၀ဲပျံ ဆင်းသက်လာသလိုတေးဆိုကခုန် လိုက်ပါလာကြတာ ရှုမညီးနိုင်အောင်ပါပဲ။ အဆင့်မြင့် မွန်းမံ ပြင်ဆင်မှုတွေနှင့် အလှပြကားတွေဟာလည်း နတ်ဘုံနတ်နန်းက ဆင်းသက်လာတဲ့ နတ်ရထားများပမာ တင့်တယ်လှပလို့ နေတော့သည်။ နှင်းဆီမယ်ကလေးများကတော့ အဖြူခံအနီစင်းမှာ နှင်းဆီနီရဲရဲ အပွင့် ကြီးကြီးတွေ ကြိုကြား ကြိုကြား အလှဆင်ထားတဲ့ တူညီဝတ်စုံတွေနဲ့  လှချင်တိုင်းလှလို့ နေတယ်လေ။
နားထောင်ကြည့်စမ်းပါ။
“ပက်လိုလျင် ပက်ပ်ါရှင် တမေပျိုခင်ရဲ့  သပြေညိုရှင် …
ရှေးယဉ်ကျေးမှု အစုစု..တခုအပါအ၀င် ..မြန်မာ့ ရိုးရာဓလေ့ ..မပျက်ပြားကြစေချင်
ရေပက်ကစားမဲ့ သက်ထားအလှ ရွှေစင်မေပျိုခင်..
၊ငွေဖလား ရေကစား သနပ်ခါးမွှေးမွှေး အေးအေးပေါ့ရှင် ..။အမေများ အဖေများ ထွေပြား လားလား စိုးစိတ်မ၀င် ..၊မောင်ရင်းနှမလို
မနောမြမြ သဘောကထားပါသရှင် ..ပျိုပျိုများလဲ ပြုံးပန်းဝေေ၀ တေးနုယဉ်ယဉ် ..ကိုကိုများလဲ ပြုံးပန်းဝေေ၀ တေးနုယဉ်ယဉ်..။
နှစ်ဟောင်း စံနစ်မကောင်း အမြစ်ပါ ပြောင်းလိုက်ကြစို့  ..အတာရေအေးနဲ့  နံသာရေမွှေး နဲ့  ..ဆေးကြောသုတ်သင် ။။နှစ်သစ်ကို တူတူ ကြိုမယ်ကြိုမယ် ကြိုမယ်ရှင် .
.ဘေးအပေါင်း ဝေးကြောင်း အေးအေးလေးလောင်းလို့  ဆုတောင်းပါရစေရှင် ..ခင်ဖုန်းရွှင်ပြုံး သူဇာ မူရာ သွယ်နွဲ့ ယဉ် ..ပိတောက်တခက် နှင်းဆက် လိုက်မယ် ရှင် ..။”
သီချင်းစာသားရဲ့  သိမ်မွေ့ နက်နဲမှု ဂီတသံစဉ်ရဲ့  ချိုမြညက်ညောမှု တို့ က လူကို မြူကြွ သွားစေတယ်။ထူးပို့  ထူးပို့  သံကလဲ ဆူညံဝေစီလို့ လာပါပြီ။ သပြေတစ်ခက်နဲ့ ရေပက်မဲ့ ကိုကိုက ဘယ်ဆီဘယ်ဝယ် ရောက်လို့ နေသလဲကွယ်။ မှန်းဆလို့ လွမ်းရပါတော့တယ်။
ကျွန်မမှာတော့ တိုက်တံခါးအလုံပိတ် ..သော့ချိတ်ထားတဲ့ အိမ်ခန်းကျယ်ကြီးထဲမှာ ။
မိန်းခလေးမို့  ရေစို အ၀တ်နဲ့  လူရှေ့  သူရှေ့  မနေအပ် ဆိုပြီး ရေကစားခွင့် မပေးပါဘူး။
ကျွန်မ စိတ်တွေ စုစည်းမရ။ နေရာအနှံ့ ပျံ့လွင့်လို့..။ တခါတရံ..ရွှေစင်မေများထံ..၊ တခါတရံ ..နှင်းဆီမေများထံ ..၊ တခါတရံ ပိတောက်ရွှေဝါဖူးလေး တို့ ထံ သို့ ။ စသည် စသည် လူးလားခေါက်ပြန် တဝဲလည်လည် လှည့်လို့  နေသည်။
စိတ်ကူးကလေးကလည်း ယဉ်မှယဉ်။
စပယ်ကုံးတွေ ဇွန်ကုံးတွေ ဝေလို့ .. ကျွန်မလည်မှာ ဆွဲထားလိုက်သည်။ နွဲ့နွဲ့ယိမ်းယိမ်းလေး ဟိုသည် ပျောင်းလှည့် ကခုန်နေသည်။ ကျွန်မကို ၀န်းပတ်ကြည့်ရှု အားပေးနေတဲ့  လူအုပ်ထဲက ဗြုံးဆို ကိုကို ပေါ့ ၊ငွေဖလားလေးကိုင်ပြီးထွက်လာသည်။ ဟော ငွေဖလားထဲက နံ့သာရေထဲမှာ သပြေခက်တွေနှစ်လို့ ကျွန်မပခုံးပေါ် ဖြန်းပုတ်နေပြီ။ ပြီးတော့ ဖလားထဲက ရေကိုပါ ဖြည်းဖြည်းညင်သာ လောင်းလိုက်လေသည်။
အို …အေးလိုက်တဲ့ရေ ။ မွှေးလိုက်တဲ့ရေ..။
ခိုင် ခေါင်းကလေး ငုံ့လို့ တုန်လှုပ်လှိုက်ဖိုနေတဲ့ရင်ကို လက်ကလေးနှစ်ဘက် ယှက်အုပ်လို့ ရှက်နေမိတော့သည်။
ဒါပေမဲ့  ခိုင်ပျော်လိုက်တာ..။
မဟုတ်ဘူးကွယ်။ ပျော်ချင်လိုက်တာ။ သူများတွေ ပျော်သလို ခဏကလေး ပျော်ခွင့်ပေးပါ ဖေဖေရယ် .။
စိတ်ကူးယဉ် ကမ္ဘာကလေးထဲမှာတောင် ခိုင်ဘယ်လောက်များပျော်မိသလဲ။ ခဏ။ ခဏလေးရယ်..။
ခိုင် ပျော်ပါရစေလားမေမေ။
ခင်မေသစ်
No comments:
Post a Comment