Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, December 23, 2012

အေးရိပ်ကို ဘယ်လိုရှာပါ့မယ် (အပိုင်း ၄)

သင်္ကြန်အတက်နေ့ ရောက်သည့်တိုင် ကိုကိုဆိုတာ အရိပ်အရောင်မမြင်ရ သူဘယ်လို ကျွန်မကို ဆက်သွယ်မလဲ။ ကျွန်မကရောသူ့ ကို ဘယ်လို မျိုး စတင် ဆက်သွယ်ရမလဲ။ ကျွန်မရင်ဖို စောင့်စားနေခိုက်….။ ကျွန်မတစ်ကိုယ်လုံး ရေတွေရွဲရွဲစိုအောင် ပခုံးကနေ လောင်းချလိုက်သူက  သူငယ်ချင်းကိုဇေယျာမြင့်၊ ကိုယ်ပေါ်ကနေ လျောကျလာတဲ့ ရေတွေက  တိုက်အောက်ထပ် နောက်ခန်းသမံတလင်းတခုလုံး သို့ပျံ့ နှံ့သွားတော့သည်။

 “ခွေးတိရိစ္ဆာန် ..လာစမ်း  လာစမ်း. မိ မဆုံးမ  ဘ မဆုံးမ  နေနှင့်အုံး"  
ဗြစ်တောက် ဗြစ်တောက်နှင့် မေမေ တယောက် ပြောပြောဆိုဆို မီးဖိုထဲမှ ထွက်ချလာသည်။ သူငယ်ချင်းလဲ ဖလားချပြီး ကစဥ့်ကရဲ ပြေးလေရာ မေမေက ဖိနပ်ချွတ်ပြီး အားနှင့်မန်နှင့် အတင်းကိုလိုက်ပေါက်တော့တာ။
“ငါ့သမီး လမ်းမထွက်ကမြင်းနေတာမဟုတ်ဘူးဟေ့..မိနဲ့ဘနဲ့ ဒီမှာ လူကြီးရှိတယ်။ ခွင့်တောင်းရတယ် ..နားလည်လားဟဲ့။"

အမှန်တော့ ကျွန်မဦးလေးကပညာအုပ်။ သူ့ရုံးမှာ  ကိုဇေယျာက ဆယ်တန်းအောင်ပြီး အလုပ်ဝင်လုပ်နေတာပါ။ သင်္ကြန်အတက်နေ့ မို့  သူ့ ဆရာကြီးကို လာကန်တာ့တာ တဲ့။ ဒီလိုမျိုး မဖွယ်မရာ ကြုံကြိုက်သွားရတော့ ကျွန်မစိတ်မကောင်းပါဘူး။ ကိုဇေယျာ့ကို အားလဲနာ ရှက်လဲရှက်။ ကျွန်မ တကယ်ပဲ အခက်တွေ့ ရပါသည်။ မေမေ့ရဲ့ အပြုအမူဟာ ကျွန်မအနေနဲ့  ရိုင်းတယ်လို့  ယူဆပြီး ဘယ်လိုမှ ဖြေမရဘူး။

အော်.. ကိုကိုသာဆိုရင်
ကိုကိုက ဘယ်မှာလဲ ကွယ်..။
ကိုကိုကျော်နဲ့ က  သူငယ်ချင်းဆိုတော့..အကြောင်းသိမို့ ပေါ်မလာတာ ထင်ပါရဲ့ ။

ခိုင့်အချစ် ကိုကိုရာ၊ ဘယ်မှာလဲမေး။ 
မုန်းမေ့ကာ ရှောင်ခွာတိမ်း စိမ်းပြီလားလေး။

ခင်ဦးလည်း တောပြန်နေသည်။ အဆက်အသွယ်မရ။
ကိုကိုကလေ..စာရေးရင် ရွှန်းရွှန်းကိုဝေလို့ ..။ တွေ့ ဆုံဖို့ ကို မကြိုးစား။ မိန်းကလေးက စရမှာလားကိုကို။ အချစ်မီးကို ရင်မှာမွှေးမိတဲ့ ခိုင် သောကတွေ ဗျာပါဒတွေ တလှေကြီး ရင်မှာပိုက်မိနေပြီ ကိုကို။
ခိုင့်ရင်ထဲက ဝေဒနာကို  သေအချာ ပြောပြောမပြနိုင်လို့  ကြေငြာရုံ သဘောဘဲ ထားလိုက်ကြပါစို့ ။
မယ်ဟေမာလို ..သမုဒ္ဒရာကြီးကို လက်ပြစ်ကူးလို့  ရူးရူးမိုက်မိုက် ချစ်သူကို လိုက်ရှာရမတဲ့လား။ ဒါပေမဲ့ မိန်းခလေးဆိုတာ စောင့်စည်းထိန်းသိမ်းရမဲ့ ကျင့်ဝတ်သိက္ခာတွေ အပြည့်ရှိတယ်ဆို..။
ကိုကိုပဲ ပြောခဲ့သည်။

“ချစ်သူကို လွမ်းပါရ၊ နွမ်းနွမ်းလှပြီရှင်၊
တမ်းတ၍ ကဗျာဆင်သည်၊ထာဝစဉ် ပူဆွေး။
စိတ်သောက ဖြေမနိုင်သည် ၊ ပွေမှိုင် ငိုင် ဘုန်းသူ့ ကြောင့်လေး"     ။

ကိုကို့ ကို မြင်ရနိုး စောင့်စားရသည်မှာ ပင်ပန်းလှပါဘိ။တဘက်က မေမေတို့ ကလည်းရှိသေး။ မေမေတို့ ရိပ်မိမှာ ကြောက်ရသေးသည်။ ဟိုတုံးကများလေ..ညည အိမ်ရှေ့လမ်းမကနေ သူငယ်ချင်းတွေနှင့်၊ ရှောက်ပြန်သံပေး။ သီချင်းတွေ ဆိုလားဆိုရဲ့။ သူဆိုလေ့ရှိတဲ့ သီချင်းလေးကို အမြဲ ကြားယောင်နေမိသည်။

“ရွှေမှုံကိုစား..ဖွားသလား ..ခင်ရယ် ..၊ မောင်မေးချင်စမ်းတော့တယ် ..။ နှုတ်ခမ်းပါးနဲ့   လည်တိုင်သေးသွယ် ..မြင်သူငေး..ထွေးပိုက်ချင်လှတယ်"  တဲ့။
တခါတလေကျတော့ စက်ဘီးအပြေးစီးလာရင်း ကလင်  ကလင် နဲ့ လဲ နှုတ်ဆက်တတ်သေးသည်။ ဒီတုံးကများခိုင့်ရင်တွေ တဒိန်းဒိန်းခုန်ရင်း ပြတင်းပေါက်မှာ မေးလေးထောက် မျှော်ကြည့် ပြုံးပြ .နဲ့ ။ ခိုးကြာင်ခိုးဝှက် နှုတ်ဆက်ကြည်နူးရတဲ့ ညတွေ သိပ်များများမရှိလှပေမဲ့ တနေ့တာ အပျော်လေးတွေ ဖူဖူလုံလူံ စီးမျောသွားခဲ့ပါရဲ့။ ခုတော့…။ တိုက်ကြီးပေါ်ကနေ..ပြတင်းပေါက် မေးထောက်လို့ ငေးနေတတ်တဲ့ ခိုင့်ကို ..ကိုကိုမေ့ပြီလား။စိန်ခြူးကြာညောင်လဲ မဆိုချင်ပါဘူး။ မယ်ခုမျှော်လဲ မဆိုချင်ပါဘူး။ ခုတလော ခိုင်မို့  ပြတင်းဝမှာရပ်မိရင် ..

“ဂေဟာဋ္ဌာန၊တွင်းအပဟု။ခန်းမခန်းသာ၊တည်နေရာနှိုက်၊ဥပစာတွင်း၊ ရှောင်ဖယ်ကွင်းလော့။ခေါင်းရင်းဒေသ၊တထေ၀တည့်၊ဒွါရရှေ့ မှာ ၊ မရပ်ရာ..။”

ဆိုပြီး။ ဓီတာရောဝါဒပျို့ကြီးနဲ့ ကိုင်ပေါက်ကြအုံးမှာ။ ဖြတ်သွားဖြတ်လာ လူတွေကြည့်မှာစိုးမိသည်။ပြတင်းကိုလဲ မဖွင့်ရဘူးတဲ့။ ခိုင် ဘယ်လို ကိုကို့ ကို မြင်ရမလဲကွယ်..။ ကိုကိုကရော ဘယ်မှာလဲ..။

“ကို ဘာ့ကြောင့်မလာ”

နှမမေးမယ် ပျို့မောင်ရယ်၊မှန်အောင်ဖြေပါကွယ်၊
နေ့ လည်အဆုံး တနေ့ လုံး၊ မောင်ဘယ်နားမှာပုန်း၊
ချစ်ဆုံးမောင့်ကို၊ စောင့်ကာကြို ၊ တေးသံ လွင်လွင်ချို ၊
အလို ..အို..တော့..လာနိုင်ဘူး၊ မောင်ဘယ်နားမှာမြူး။
ချစ်ဦးမှာဖြင့် ၊ တွေးဆကာ၊ မျှော်တလင့်လင့်ပါ။
စောင့်ကာနေလဲ ၊ ပေါ်လာဘဲ၊ မောင်ဘယ်နားမှာလဲ။
နှမမေးပေါ့.ပျို့ မောင်ရယ် .၊ မှန်အောင်ဖြေပါကွယ်။
မမှန်ရင်ဖြင့် သည်မေလေး၊စိတ်ဆိုးမယ်ရှင့်လေး။  ။

သည်ကဗျာလေးကို ကျွန်မ တိုင်းရင်းမေ ကဗျာ့ဥယျာဉ်မှူးကြီး ဦးသော်ဇင်ထံ အမြန် ပို့ မှာဖြစ်ပါသည်။

(၁၅)
နေ့ရက် အချိန်တို့သည် တခါတရံ ကုန်ခဲသည်ထင်ရသော်လဲ အမှန်တော့ ကုန်လွယ်လွန်းပါတယ်။ကျွန်မသည်ပင် ၉တန်းလို့ အလွယ်ခေါ်နိုင်တဲ့ အကြိုတက္ကသိုလ်ဝင်သင်တန်း (Pre metric) ကို ရောက်ခဲ့ပါပြီ။ ကျောင်းစတက်သည်နှင့် မိုးကစွေသွန်းဖြာဝေတော့သည်။ မိုးဦးကျလာခဲ့ပြီလေ။ စာရေးလိုသူအဖို့ မိုးရွာတာလဲ စာတပုဒ်ဖြစ်သွားနိုင်သည်။ တိမ်တွေ ရွေ့ရှားသွားလာနေတာ လျှပ်ပန်းလျှပ်နွယ် တွေ ပြိုးပျက် ၀င်းလက်နေတာ  မိုးခြိမ်းတာဟာလဲ ရေးတတ်ရင် စာတပုဒ်ဖြစ်လာတော့တာပါဘဲ။ ကျွန်မက လှိုင်မင်းသမီးကို အားကျပြီး ကဗျာ ရေးလိုသူဆိုတော့..ဟော..ကြည့်။ “လွမ်းဝဿန်" တဲ့။ ကဗျာတစ်ပုဒ်ဖြစ်လာပါပြီ။

“လွမ်းဝဿန်”

အော်..မုရိုးစည်တော်၊ ဟီးရိုက်ဆော်လို့ ၊ 
ဆွေတော်ဒေ၀ါ ၊ မိုးအိန္ဒြာလဲ၊ညိုပြာသင်တိုင်း၊
တိမ်ပန်းဆိုင်းနှင့် ၊အုံ့ မှိုင်းငယ်ရီ ၊ရှစ်ဋ္ဌာနီဝယ်၊
ဇာချည်မိုးပန်း၊သွယ်သွယ်ငယ်တန်းသည်၊ 
စခန်းနယ်လုံး ဖုံးတော့တယ်။      ။

စက်ချည်ငယ်လျှံဝေ၊ကျူးရင့်ချွေလျက်၊ 
မိုးမြေထိမျှ၊ တိမ်အိပြိုယောင်၊ မဲညိုရောင်နှင့် ၊ 
အာဘောင်သန်ရင်း၊ရှင်နတ်မင်းတို့ ၊
စစ်ချင်းနိုင်ရှုံး ပြိုင်သည့်နှယ်။ 

လျှပ်ခိုင်အနွယ်၊ အာကာလယ်မှာ၊
သွယ်သွယ်ယက္ကန်း၊ယှက်ခါသန်းသမို့ 
 အလွမ်းရယ်ပို၊ ငိုမလိုမဲ့ ၊ 
မပြေခဲ့နိုင်ဘူး မောင်ရယ်။    ။

သည်ကဗျာလေးကို   မြ၀တီမဂ္ဂဇင်းတိုက် ပို့ မှာဖြစ်လို့  ကိုကို စောင့်ဖတ်ပါဦး။

(၁၆)
“ကေခိုင်ရေ..။ မမတင့်ကို ကူပါအုံးကွာ..။ကျောင်းဆုနှင်းသဘင်မှာ မမတင့် ပီယာနိုးတီးမလို့။ကေခိုင် သီချင်းဆိုပေး"

“လုပ်ပီ ..ကိုကိုကျော်သိရင် သတ်မယ် “

“ဆရာကျော်ကို မမတင့်ပြောပေးမယ်။”

“ဟင့်အင်း ..မပြောနဲ့ ။ မရဘူး”

“ဒါ ကျောင်း concert ပဲ။ ကေခိုင်လဲ စောင်းတီး။ သီချင်းဆို ..”၊

“မရပါဘူးဆို။”

“ဒါဖြင့် သူဘာလို့  စောင်းတီးသင်ခိုင်းရသလဲ"

"ဒါက ကိုယ့်အိမ်မှာ ကိုယ်တီးတာလေ။ အနုပညာဆိုတာ လူတစုအတွက် ဖျော်ဖြေဖို့ မဟုတ်ဘူးတဲ့။ ရိုးရာယဉ်ကျေးမှုကို မြတ်နိုးထိန်းသိမ်းဖို့  ဆင့်ပွားစောင့်ရှောက်ဖို့ “တဲ့။ “စိတ်ရှုပ်လိုက်တာဟာ။ ဘာတွေမှန်းလဲမသိဘူး။ ထားတော့၊ ငါတို့ လစ်ရအောင် သီချင်းဆိုမယ်။။ ပီယာနိုးတီးမယ်။မအေးလက္ဘက်သုတ်စားမယ်။ သွားပြီဟေ့..။”

ပြောပြောဆိုဆို မမတင့် ကျွန်မစက်ဘီးကို ဆွဲယူစီးပြေးသွားတော့ ကျွန်မမနေသာ၊ အပြေးလိုက် ကယ်ရီယာပေါ် ခုန်တက်ရတော့သည်။ မအေးလက္ဘက်သုတ်က နာမည်ကြီးသည်။ ရန်ကုန်သုတ်လို့ပြောဝယ်ရသည်။ တမတ်ဖိုး ဆို (၂၅ပြား) ပုဂံတချပ် အပြည့်။ စားပေရော့။ ပုဇွန်ခြောက်နိုင်းချင်း။ ကြက်သွန်ကြော် နိုင်းချင်း၊ အပြင် အုန်းဆံကြော်၊ ပဲခြမ်းကြော်၊မြေပဲကြော်၊နှမ်းလှော်မွှေးမွှေး အစုံပါသည်။ ခရမ်းချဉ်သီး ပါးပါးလှီး ကလားအော်သီး ပါးပါးလှီးထည့်ပေးသည်။ငံပြာရည်ပါသည်။ သံပုရာသီးစိတ်ထည့်ပေးသည်။ ကြက်သွန်ဖြူ အစိပ်ကလေးတွေ ထည့်ပေးသည်။ချဉ်ချဉ်စပ်စပ်ကလေး။ ကျွန်မတို့နှစ်ယောက် အတိုင်အဖေါက်ညီနေရုံနှင့်မပြီးပါ။ ၄နာရီထိုးလို့ ကျောင်းဆင်းတာနှင့် အိမ်အရောက် ပြေးပေရော့။ မဟုတ်ရင် ..Why are you late ? ဆိုတဲ့ မေးခွန်းကို ဖြေတတ်ဖို့  အကြောင်းပြချက် ရှာနေရဦးမည်။ ကျွန်မကလည်း ကျွန်မပါဘဲ။ မမတင့် အဆွယ်ကောင်းလို့   ကျောင်းဆုပေးပွဲ မှာ သီချင်းဆိုဖြစ်သည်။ ပထမ ဆရာများရှေ့မှာတော့ ကိုအံ့ကြီးရဲ့ယဉ်တစ်ကိုယ်မယ်ပါပဲ။ ပွဲသိမ်းအပြီး လူစုမကွဲခင် ကျောင်းသားတစု request လုပ်တဲ့ မေရှင့်သီချင်း ချစ်ပွဲဝင် ကိုလည်း ဆိုဖြစ်လိုက်တယ်။

“မောင်နှင့်လဲ ကျောင်းနေစဉ်..လွန်စွာဘဲ  စိတ်ပျော်ရွှင် .. အတူတူပဲ ကစားလို့နေ့စဉ် .. ပျိုမမေ့ပေါင် ရှင် ..။”  

 ကံဆိုးချင်တော့ ..ကိုကိုကျော် အပါအ၀င် ကျောင်းဆရာအချို့ စင်မြင့်ရှေ့ခုံတန်းမှာ နေရာယူမပျက် ပြူးပြူးကြီး ရှိနေကြသေးသည်။ သူ့ မျက်နှာကြီးကို  ရှစ်ခေါက်  ကိုးခေါက် ချိုး စူပုပ်ထားသည်။ ကျွန်မကို ကြည့်နေပုံက စားတော့ ၀ါးတော့ မတတ်။ ကြောက်စ၇ာကြီး။ ဘာဘဲဖြစ်ဖြစ်  ဖြစ်ပစေလေ။  ကျွန်မကတော့  အားရပါးရ ကျေကျေနပ်နပ် ဆိုပစ်လိုက်သည်။

“မေတ္တာတွေ  သက်ဝင် ..ကရုဏာတွေ သက်ဝင် ..ချစ်သူမောင် နဲ့ ဆုပန်ချွေလို့ပင် ..ငယ်ငယ်တုံးက..ချစ်ရေစင် ..အသဲထဲ မှာပင်.. ။ စွဲ မိပြီနော်…ပျို မေရှင် …မောင်ယုံစေချင်"

သူငယ်ချင်းတွေနှင့် ရယ်မောပျော်ရွှင်ခဲ့တဲ့ ကျွန်မ။ အိမ်လည်းပြန်ရောက်ရော..မေမေက ဗိုက်ခေါက်တွေ ပေါင်းတွင်းကြောတွေ ဆွဲလိမ်တာ ခံရသည်။ ကိုကိုကျော်က သူ့ ကို အရှက်ခွဲသည် ဆိုပြီး နရင်းအုပ်သည်။ မေမေ့ညီမတွေက “ဆိုစရာရှားလို့တော် .ဒီသီချင်းမှ" လို့ ကဲ့ရဲ့သည်။ ငဖယ်တေ မခံရတာဘဲ ကံကောင်းသည် မှတ်ရတော့ဦးမည်။

ခင်မေသစ်

1 comment:

ပန်းချီ said...

အစ်မရေ..အစ်မမေမေရဲ့စာကို စွဲနေပါပြီ။ ဖတ်ရတာ ရင်ထဲမှာ လှုပ်လှုပ်ခတ်ခတ်ကလေး ဖြစ်နေရတာကိုကြိုက်တယ်။တင်းကြပ်တဲ့စည်းကမ်းတွေအောက်မှာနေရတဲ့ ခိုင့်ဘဝကို စိတ်ဝင်တစား စောင့်ဖတ်နေပါတယ်။ အစ်မရဲ့လင့်ခ်က အသစ်တွေတက်မလာလို့ လာလာချောင်းတော့မှပဲ အသစ်ကိုတွေ့တော့တယ်။ လင့်ခ်ပြန်ချိတ်ဖို့ လိုမယ်ထင်ပါရဲ့။