Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, December 28, 2012

လိုအပ်တဲ့အခါ နွေးထွေး သွက်လက် တောက်ပစွာ

ရာသီဥတုအလွန်အမင်း အေးမြလွန်းလှတဲ့နိုင်ငံတွေမှာဆိုရင်တော့ ဆောင်းရာသီထဲ တည့်တည့်တိုးဝင်မရောက်ရှိသေးခင်မှာပဲ “ဆောင်းရာသီမှာ” ဆိုတဲ့ အတွေးနဲ့ အဆင်ပြေပြေနေထိုင်နိုင်စေဖို့ ပြင်ဆင်ကြရတယ်။ ကိုယ့်ရဲ့ အိမ်ခန်းလေးကို မွမ်းမံပြင်ဆင်တာတွေ၊ အစားအသောက် အသီးအနှံတွေကြိုတင်စုဆောင်းကြတာတွေ မဖြစ်မနေပြုလုပ်ကြရတာပါ။ အပူချိန် သုညဒီဂရီအောက်ရောက်သွားကြတဲ့အချိန်မှာဆိုရင် သစ်သီးဝလံ၊ အသီးအရွက်တွေလည်း မသီးမပွင့် မဝေဆာနိုင်တော့ပါဘူး။ အရိုးပြိုင်းပြိုင်း အရိုင်းဆန်ဆန်အပင်တွေနဲ့ ဟိုး မြေပြင်က မြက်ပင်လေးတွေဟာ နှင်းမှုံတွေရဲ့ အကွယ်အကာကိုယူပြီး ကြမ်းတမ်းတဲ့ရာသီဥတုကို အံတုရတာပါ။ နှင်းစက်မွမွလေးတွေဟာဖြင့် သစ်ပင်လေးတွေကို အဖုံးအကာသဘောမျိုး ကာကွယ်ပေးနိုင်ပါတယ်။ ပိုလို့ အေးလွန်းလာတဲ့အချိန်မှသာ ဖြူဖြူလွလွ ပေါ့ပေါ့ပါးပါးနှင်းမှုံလေးတွေဟာ မာကျောကျစ်ခဲလာပြီး ရေခဲဖြစ်သွားကြတာပေါ့။ ရေခဲအဖြစ်ပြောင်းလဲသွားခဲ့ပြီဆိုရင်တော့ လမ်းသွားလမ်းလာ လူ၊ အိမ်မွေးတိရစ္ဆာန် နဲ့ သစ်ပင်လေးတွေအတွက်ပါမကျန် အန္တရာယ်ပေးကြတော့တာ။ ရေခဲပြင်တွေမှာ ချော်လဲထိခိုက်ဒဏ်ရာရနိုင်တယ်။ တွဲလောင်းကျနေတဲ့ ရေခဲပန်းဆွဲတွေက ကျိုးပဲ့ကျလာခဲ့ရင်လည်း ထိခိုက်နိုင်တာပေါ့။ အဲဒီလို တိုင်းပြည်တွေမှာဆိုရင် ရာသီအလိုက် အိမ်ခန်းပြုပြင်မှုဟာ အိမ်ခန်းလေးတွေအတွင်းမှာပဲ ရောင်စဉ်လှလှပစ္စည်းလေးတွေ နေရာချပေးရုံနဲ့ မလုံလောက်တော့ပါဘူး။ ပြတင်းပေါက်တွေ၊ တံခါးတွေမှာ လေဝင်လေထွက်မရှိအောင်စစ်ရတယ်။ ပြတင်းတံခါးတွေမှာ လေအေးအေးမဝင်နိုင်အောင်ဖော့သားတွေကို အတွင်းအနားသားတွေမှာ လိုအပ်တဲ့အခါ တပ်ရပါတယ်။ ပြတင်တံခါးတွေမှာ မှန်ထူထူ နှစ်ထပ် သုံးထပ်တပ်ကြရတယ်။ ပြတင်းတံခါးပေါက်အနားသားတွေမှာ ရာဘာ၊ ဖော့လို အသားတွေ အပြည့်ကပ်ထားပါမှ ကြမ်းတမ်းတဲ့အအေးဒဏ်ကို ကာကွယ်နိုင်ကြတာပါ။
အစားအသောက်မှာဆိုရင်လည်း ကြာကြာခံအောင်ပြုပြင်ထားတဲ့ ရယ်ဒီမိတ်တွေ မစားချင်သူတွေဆိုရင် ဆောင်းဦးမကုန်ခင် ဟင်းချက်ရာမှာ အဓိကကျတဲ့ ခရမ်းချဉ်သီးကို ပေါပေါများများလှိုင်လှိုင်ပေါ်တဲ့အချိန်မှာ ဆောင်းတွင်းတစ်တွင်းစာအတွက် မှန်းပြီးဝယ်ကြတယ်။ ပြီးရင်တော့ အဲဒီခရမ်းချဉ်သီးတွေကို ရေနွေးဖျော၊ မီးဖိုမှာ ခရမ်းချဉ်သီးအရည်ဖြစ်တဲ့အတိ နာနာမွှေလို့ အနှစ်အဖတ်တွေ အားလုံးကြေသွားပြီဆိုတော့မှပဲ ဖန်ပုလင်းတွေနဲ့ သိမ်းကြတယ်။ အအေးခံထားတဲ့ စတိုခန်းတွေမှာ နှစ်ပေါက်အောင်သိမ်းကြတာပါ။ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီတို့ကိုလည်း ဗီနီဂါနဲ့ အချဉ်ဖောက်ပြီးကြာကြာခံအောင်၊ ကျန်းမာရေးနဲ့လည်းညီညွတ်အောင် ပြုပြင်သိုလှောင်ကြရတယ်။
အိမ်ခန်းအတွင်းဘက်မှာလည်း နွေးနွေးထွေးထွေးရှိအောင် နွေးတဲ့အသွေးအရောင်လေးတွေ ပြောင်းလဲ ခြယ်မှုန်းမယ်။ ပိုးသားဆက်တီအစွပ်အစား၊ နွေးထွေးတဲ့ ချည်သား၊ သိုးမွှေးသားဆက်တီအစွပ်တွေပြောင်းလဲစွပ်ပေးမယ်။ အဲဒီလိုနဲ့ပဲ ရာသီဥတုအကူးအပြောင်းမှာ ချောမွေ့မှုရှိဖို့ ပြင်ဆင်ကြရတာပေါ့။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာတော့ များသောအားဖြင့် အချမ်းမပိုတတ်ပေမယ့် မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာတော့ အေးမြတဲ့ဆောင်းဥတုဒဏ်ကို ခံစားကြရမှာပါပဲ။

အိမ်ခန်းအလှဆင်တဲ့သူတွေကတော့ ဒီလို ဆောင်းရာသီ အသွေးအရောင်၊ အစပ်အဟပ်လေးတွေ ကိုယ်စိတ်ကြိုက်တွေ့သလို တွဲဖက်ပြသကြပါတယ်။ ပုံလေးတွေမှာ ကြည့်ပါ။

ချစ်စရာကောင်းလှတဲ့ ဆောင်းရာသီအသွေးအရောင်လေးတွေပါပဲ။ ဖြူတဲ့နှင်း၊ ခရစ်စမတ်အသွေးအရောင်၊ ဆောင်းသစ်တော်ရောင်၊ အထီးကျန်ရောင်စဉ်၊ ငွေနှင်းမြူရောင်၊ အပြာရောင်ခေါင်းလောင်းလေးရဲ့အသွေးအရောင် အစရှိသဖြင့် ချစ်စရာကောင်းလှတဲ့ အရောင်အစပ်အဟပ်အတိုင်း အိမ်ခန်းလေးတွေမှာ ခြယ်မှုန်းနိုင်ပါတယ်။ တောက်ပတဲ့အဝါရောင် နဲ့ လိမ္မော်ရောင်အခန်း၊ ခရမ်းသီးရောင် ချောကလက်ညိုရောင် ဒါမှမဟုတ် ပြင်သစ်ဝိုင်အရောင်တွဲဖက်ပြီးလည်း အလှဆင်နိုင်ပါတယ်တဲ့။ နှင်း နဲ့ ရေခဲသားကြည်လင်နေတဲ့ ခေတ်မှီဆောင်းရာသီအခန်းလေးလည်း ဖန်တီးနိုင်တာပါပဲ။ အဖြူ၊ ငွေရောင် နဲ့ တာကွိုက်ကျောက် အရောင်အပြင်အဆင်ကြောင့် ကျစ်လစ်ကြော့မော့တဲ့ ဆောင်းရာသီဒီဇိုင်းလေးရနိုင်ပါတယ်။ 

မိသားစုဝင်တွေ ဆုံဆည်းကြတဲ့ အားလပ်ရက်ကာလတွေ၊ နှစ်သစ်ကူးကာလတွေနဲ့ ပျော်ရွှင်ကြည်နူးစရာအဖြစ်အပျက်လေးတွေဟာ နှစ်တစ်နှစ်ရဲ့ အကုန်၊ နှစ်တစ်နှစ်ရဲ့ အစ ဒီလိုရက်တွေမှာ စုံပြုံပြီးရောက်ရှိလာကြမှာလေ။ 

အဲဒီတော့ ကိုယ်တို့တွေရဲ့ အိမ်ခန်းအလှဆင်ခြယ်မှုန်းချင်တဲ့ စိတ်ကူးလေးက တခြားအချိန်တွေထက် ပိုပြီး မြူးကြွသွက်လက်လို့နေမှာ အသေအချာပါ။ နွေးထွေးဖို့ လိုအပ်လာတဲ့အခါ ကိုယ်တို့တွေလည်း နွေးထွေးသွက်လက်တောက်ပစေဖို့ အစွမ်းကုန် ပြင်ဆင်ကြရဦးမှာပဲပေါ့။

ဖြိုးဖြိုး 
Living Fashion Magazine, January, 2013

1 comment:

စံပယ်ချို said...

အိမ်ခန်းအလှခြယ်မှုန်းမှုလေးတွေစိတ်ကူးကောင်းကောင်း
အရေးကောင်းကောင်းလေးကိုခံစားရင်း
လှပတဲ့ပုံလေးတွေကြည့်ရင်း
ပျော်ရွှင်စရာတွေပြည့်နေတဲ့ နှစ်ကူးလေးဖြစ်ပါစေ
ဘုရားသခင်စောင့်ရှောက်မှုအောက် ထာဝရ ရှိနေပါစေ