Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, January 13, 2013

မောင့်အတွက် ချစ်ကတိ ( အပိုင်း ၁ )

စုမီအောင်
(ကျန်းမာရေးမဂ္ဂဇင်း အောက်တိုဘာ၊ ၂၀၁၂)

အခန်း(၁)

ကွန်ပျူတာဖန်သားပြင်ပေါ်က ရုပ်ပုံများကိုကြည့်ရင်း မြလွန်းညို မျက်လုံးများပြာဝေသွားသည်။ ဂြိုလ်သား အီးတီလိုလို၊ ဆင်သတ္တ၀ါလိုလို လူသားရုပ်ပုံလွှာများက အာရုံအလုံးစုံကို ခြိမ်းခြောက်မင်းမူ နေလေသည်။
သွေးပျက်စရာရုပ်ပုံများ။
ကွန်ပျူတာခုံကနေ အလန့်တကြား ထရပ်စဉ် လူက ယိမ်းယိုင်လဲကျတော့မတတ် မိုက်ခနဲ ဖြစ်သွားသည်။ ထိုင်ခုံနောက်မှီကို ဖတ်ခနဲ ဖမ်းဆုတ်အားပြုလိုက်ရသေးသည်။ ကမ္ဘာမှာ ကံအဆိုးဆုံး လူသားသည် မိမိမှတစ်ပါး အခြားမရှိတော့ဟု ထင်မြင်လာကာ ၀မ်းပမ်းတနည်း ရှိုက်ငိုမိသည်။

``ခစ်ခစ်ခစ်ခစ် ခစ်ခစ်ခစ်´´
ရယ်သံလေးများ ထွက်ပေါ်လာသည့် မှန်တင်ခုံပေါ်က လက်ကိုင်ဖုန်းကို အပြေးအလွှား ကောက်ကိုင်ဖွင့်လိုက်ရသော်လည်း ထူးသံမပြုနိုင်သေး။

``မြ…မြ … နားထောင်နေလား..´´
ခင်ပွန်းသည်၏အသံ။ တိုးညင်းစွာ အသံပြုရတော့သည်။

``ဟုတ်ကဲ့ မောင်ရေ … ကျွန်မပါ´´
``ဆောရီးကွာ၊ မြ အလုပ်ရှုပ်နေလား´´

``ဟုတ်ကဲ့ အို . . . မဟုတ်ဘူး မရှုပ်ဘူး၊ နည်းနည်း အင်တာနက်ကြည့်ရုံကလေးပါ မောင်ရယ်´´
မညာစဖူး ညာလိုက်ရခြင်းကို လိပ်ပြာမလုံချင်။


ဘာတွေများ ကြည့်နေလဲ ဆိုစမ်းပါဦး´´
ရုတ်တရက် ဘာပြောရမှန်းမသိ။ ဖြတ်ထိုးဉာဏ်ကို သုံးရသည်။

``မကြာခင် ဆောင်းရောက်တော့မယ် မဟုတ်လား၊ မြ ဆောင်းရာသီ ဖက်ရှင်ဒီဇိုင်းတွေ ရှာနေတာ မောင်ရဲ့´´

``ကောင်းတယ်ဟေ့၊ ဆက်လုပ်၊ အော် ဒါနဲ့ပဲ ပြောမယ့်ကိစ္စမေ့တော့မလို့၊ ကိုယ် ဒီနေ့ အိမ် စောစောပြန်လာမယ်၊ ပြီးတော့ ဒီညကို မင်းနဲ့အတူတူ အေးအေးလူလူ …´´

``ဟုတ်ကဲ့ …မြ သိပါပြီ´´


ဒေါက်ခနဲမြည်သည့် ဖုန်းပိတ်သံနှင့်အတူ သက်ပြင်းကို ဟင်းခနဲချလိုက်မိသည်။
ခင်ပွန်းသည် `ဒေါက်တာအံ့ဘုန်းမြတ်´မှာ ခွဲစိတ်အထူးကု ဆရာဝန်တစ်ဦးဖြစ်ပြီး လောလော ဆယ် အရေးကြီးသောလူနာများရှိနေသည်ဖြစ်၍ ယခုတလော ဆေးရုံ၌ `ညတာဝန်´ကျနေသည်။ ယနေ့ည `ညတာဝန်´ရှိပုံမရ။ ခါတိုင်း ခင်ပွန်းသည်ထံက စောစောပြန်လာမည်ဟုကြားတိုင်း အထူးပင် ပျော်ရွှင်မိရတတ်သည်။ `ဒီညကို မင်းနဲ့အတူတူ အေးအေးလူလူ´ဟု ကြားလိုက်ရလျှင်တော့ ဆိုဖွယ် မရှိတော့။ ရှက်သွေးဖြာကာ မျက်နှာက ရဲခနဲဖြစ်သွားရတတ်သည်။

ထို့နောက် တူနိုင် . . .အိုင် ဆယ်လီဘရိတ်မိုင်လဗ်ဖော်ယူ . . . အစရှိသည့် တေးစာသားကို တိုးတိုးညည်းလျက် စားကောင်းသောက်ဖွယ် ညစာများကို ပြင်ဆင်နေမိတတ်သည်။ ပြီးလျှင် ရေမိုးချိုး အမွှေးနံ့သာများ လိမ်းကျံကာ အိမ်ပြန်လာမည့် ခင်ပွန်းသည်ကို သာယာငြိမ့်ညောင်းသည့် တေးသွား သံစဉ်များ ဖွင့်ထားလျက် ရင်ခုန်မွတ်သိပ်စွာ စောင့်မျှော်နေမိရတတ်သည်။ ယခုမူ သက်ပြင်းအမောကို သာ အခါခါချလျက် ခွဲစိတ်ခန်းတွင်း ၀င်ရတော့မည့် လူနာတစ်ယောက်ကဲ့သို့ တစ်စုံတစ်ရာကို နောက်ဆံတင်းကာ ပူပန်စိုးထိတ်နေမိတော့သည်။

သည်အတိုင်းမဖြစ်ချေ။ ညစာအတွက် ပြင်ဆင်ရဦးမည်။ မနေ့က သံဈေးရှိ ရွှေငါးမောင်မောင် ပင်လယ်စာရောင်းချသည့်ဆိုင်မှ ၀က်ပေါင်ခြောက်များ၊ ကြက်ကြောတုံးများ၊ ရေညှိဂဏန်းအသားလိပ် များ၊ ငါးဖယ်ချောင်း၊ ကြက်အူချောင်းများ စုံလင်စွာ ထုတ်ယူလိုက်သည်။ ဘရိုကိုလီ၊ ဂေါ်ဖီထုပ်၊ ပန်း ဂေါ်ဖီပွင့်၊ မုန်လာဥနီ၊ အာလူး၊ ပဲသီးတို့ကို အလောတော် အတုံးလေးများတုံးကာ ရေနွေးပွက်ပွက်ဆူ တွင် ထည့်ပြုတ်လိုက်သည်။ ချကာနီးလျှင် အချိုအငန် အရသာထည့်မည်။ ၀က်ပေါင်ခြောက်ကို အသားကင်စက်တွင် တူးတူးမွှေးမွှေးဖြစ်လာသည်အထိ ကင်လိုက်သည်။ ကြက်အကြောတုံးကို နှစ်ခြမ်းခြမ်း၊ ကျန် အသားချောင်းတို့ကို အလောတော် လှီးဖြတ်ကာ ဆီပွက်ပွက်ဆူတွင် အားလုံးရော ထည့်ကြော်ပြီး အနီရောင်သမ်းလာသည်နှင့် ဆယ်ယူလိုက်ကာ ဆန်ခါနှင့် ဆီစစ်ထားလိုက်သည်။ ကြက်သွန်နီများ အကွင်းလိုက်လှီးထားလိုက်ကာ ခရမ်းချဉ်သီး၊ ငရုတ်ဆော့စ်ပုလင်းများနှင့်အတူ စားပွဲ ပေါ်တွင် အသင့်ပြင်ဆင်ထားလိုက်သည်။ သူတို့နှစ်ဦး၏ညစာက အသီးအရွက်စုံစွပ်ပြုတ်နှင့် အသားလုံး၊ အသားချောင်းကြော်များပဲ ဖြစ်သည်။

ထို့နောက် ရေချိုးခန်းတွင်းဝင်ကာ ရေကန်ဇလုံထဲသို့ ရေပူရေအေး ရောစပ်ဖြည့်လိုက်သည်။ တစ်ကိုယ်ရေ ဘော်ဒီဗြူးတီးအခန်း၌ ဒီဂျေလုပ်သည့် ရီမစ်စ်တေးသွားနှင့် အတူ ကခုန်သည်။ ရေမချိုး ခင် ဤသို့ ၁၅ မိနစ်ခန့် တေးသွားနှင့်အတူ အချိန်ကိုက် ကခုန်နေကျဖြစ်သော်လည်း ယနေ့ ခန္ဓာကိုယ်က မလိုက်နိုင်။ ယခင့် ယခင်နေ့များကဲ့သို့ တက်ကြွမှု မရှိလှကြောင်းကို သူမဘာသာ သိနားလည်လိုက်သည်။

အခန်း(၂)

မြလွန်းညိုသည် မော်ဒယ်လ်လောကတွင် အများက စံထားအတုယူရသည့် မော်ဒယ်လ်တစ်ဦး ဖြစ်သည်။ ကက်ဝေါ့လ်ခ် လျှောက်ရမလား၊ ဖက်ရှင်ပြရမလား၊ အခမ်းအနားများတွင် ဖျော်ဖြေ တင်ဆက်သူ လုပ်ရမလား၊ မြန်မာအက၊ အနောက်တိုင်းအကတို့ဖြင့် ဖျော်ဖြေရမလား၊ အကကောင်း သကဲ့သို့ အဆိုလည်း ပိုင်သူဖြစ်သည်။  အဘက်ဘက်က အရည်အသွေးအပြည့်ရှိသည့် မော်ဒယ်လ် တစ်ဦးဖြစ်သည်။ အရေးကြုံသည့်အခါ (မလွှဲမရှောင်သာသည့်အခါမျိုးတွင်) ထိုအရည် အသွေးများကို ဖော်ထုတ်လေ့ရှိသည်။ သို့သော် သူမ၏တစ်ခုတည်းသော လမ်းကြောင်းက မော်ဒယ်လ်တစ်ဦးအဖြစ် ခိုင်မာစွာရပ်တည်ရေးပင်ဖြစ်သည်။

တစ်ခါက ဂျာနယ်တစ်စောင်မှ အင်တာဗျူဝါလူငယ်တစ်ဦးက သူမကို ရုတ်တရက်ကြီး အဆက် အစပ်မရှိ မေးလာဖူးသည်။

“သီချင်းဆိုဖို့ အစီအစဉ်ရှိပါသလား၊ စာရေးဖို့ရော”

မြလွန်းညို ထိုစဉ်က စိတ်အချဉ်ပေါက် သွားခဲ့သေးသည်။

“ကျွန်မက မော်ဒယ်လ်တစ်ဦးပါ”
ပါးနပ်စွာဖြေသည်ကို ထိုအင်တာဗျူဝါ လူငယ်က ကျေနပ်ပုံမရ။ အတို့အဖွ စာနယ်ဇင်း သမားပီပီ အတွန့်တက်သည်။

“ဒါကဒီလိုပါ..ခုခေတ်မော်ဒယ်လ်တွေ တချို့ သီချင်းဆိုတယ်၊ တချို့က စာတွေရေးကြတယ်၊ ဒါကြောင့် စိတ်ကူးလေးများ ရှိမလား လို့ မေး...မေး..”
“အမှန်အတိုင်းပြောရရင် ဒီနေ့ဆိုနေတဲ့ အဆိုတော်မိန်းကလေးတွေထက် အဆတစ်ရာ သာအောင် ကျွန်မဆိုနိုင်သားပဲ။ ဒါပေမဲ့ ဆိုနိုင်တိုင်း ဆိုတတ်တိုင်း ကျွန်မဘာဖြစ်လို့ လိုက်ဆိုရမှာ လဲမဟုတ်ဘူးလား။ ကျွန်မက မော်ဒယ်လ်လေ။ မော်ဒယ်လ်လောကမှာ နာမည်လေး နည်းနည်းရတာ နဲ့ စာစောင်တွေမှာ စာတွေ၊ ကဗျာတွေ ၀င်ရေးလိုရေး၊ သရုပ်ဆောင်တွေနဲ့အပြိုင် ရုပ်ရှင်ဗီဒီယိုတွေ ၀င်ရိုက်လိုရိုက်၊ မြူးဇစ်ကို သေချာမလေ့လာဘဲ အဆိုတော်တွေကြား သီချင်းဝင်ဆိုလိုဆို၊ ဒါမျိုး ကျွန်မ ဘယ်တော့မှ မလုပ်ဘူး”

ထို့နောက် အိမ်တွင်ချိတ်ဆွဲထားသည့် ပန်းချီကားတချို့ကို ညွှန်ပြကာ မြလွန်းညိုက ခိုင်ခိုင် မာမာ ပြောခဲ့သေးသည်။

“ဟောဒါတွေအားလုံး ကျွန်မကိုယ်တိုင် ရေးဆွဲထားတဲ့ ပန်းချီကားတွေပဲ၊ ဟိုးဘက်မှာ အခန်း တစ်ခန်းရှိသေးတယ်။ ဖက်ရှင်အတွက် ဒီဇိုင်းတွေ၊ ကိုယ်တိုင်တီထွင်ရေးဆွဲရင်းနဲ့ စိတ်ကူးပေါ်သလို ဖမ်းဆုပ်ထားတဲ့ sketch တန်းလန်းတွေမှ အများကြီး။ အခုကျွန်မ ပန်းချီကားတွေချပြလိုက်ရင် လောကနတ် တစ်ခန်းစာအပြည့် အေးအေးဆေးဆေးပဲ။ ဒါပေမဲ့ ဘာလုပ်မှာလဲရှင်၊ မော်ဒယ်လ်ဆိုတဲ့ ပါဝါသုံးပြီး ပန်းချီပြပွဲ ခင်းကျင်းပြသတာမျိုးနဲ့လည်း ပရိသတ်အပေါ် ကျွန်မ အမြတ်မထုတ်ဘူး။
ဘာလဲ အခုတောင် ပန်းချီလို့ပြောမိတာနဲ့ ရှင်က ကျွန်မကို ပန်းချီပညာနဲ့ ပတ်သက်ပြီး မေးခွန်း တွေ ထုတ်ချင်သေးလား။ ၀မ်းနည်းပါတယ်ရှင်။ ကျွန်မ ဖြေမှာမဟုတ်ဘူး။ ကျွန်မကိုယ် ကျွန်မ မော်ဒယ်လ်တစ်ဦးလို့ပဲ နှလုံးသွင်းပြီး အလုပ်လုပ်နေတာ။ ကျွန်မရွေးချယ်ထားတဲ့ ဒီ မော်ဒယ်လ်လမ်း ကြောင်းအတိုင်းပဲ စွဲစွဲမြဲမြဲသွားမှာပဲ၊ ဟိုစပ်စပ် သည်စပ်စပ် ကျွန်မ မလုပ်ဘူး”

ထိုအင်တာဗျူး စာမျက်နှာပေါ်တင်ပြလာခဲ့စဉ်က မော်ဒယ်လ်လောကတစ်ခုလုံး အုန်းအုန်း ကျွတ်ကျွတ်ဖြစ်သွားခဲ့ဖူးသည်။ သူ တစ်ပါးကို ထိခိုက်မှုရှိသည်။ ထိုသို့ မပြောသင့်ဟု ပြစ်တင်သည့် ဝေဖန်ရေးဆရာများလည်း ရှိသကဲ့သို့၊ ကောင်းတယ်မှန်တာ ပြောတာပဲဟု ထောက်ခံသူများလည်း ရှိသည်။ မြလွန်းညိုကတော့ မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်ရှိသည်။ သူများသွားသည့် လမ်းကြောင်း မလိုက်ဘဲ၊ လမ်းသစ်ထွင် လျှောက်လှမ်းရုံသာမက စစ်မှန်သည့် ပင်ကိုအရည်အသွေးများ ပြည့်ဝ ခြင်းကြောင့် မော်ဒယ်လ်လောကတွင် နာမည်ပျက်မရှိလေဘဲ ကောင်းသောသတင်းများဖြင့်သာ ထင်ပေါ်ကျော်ကြားခဲ့၏။

အထူးသဖြင့် မီဒီယာပေါင်းစုံက အင်တာဗျူးလုပ်လေတိုင်း မြလွန်းညို၏ ဖြေဆိုမှုများမှာ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်ခံယူချက်ဖြင့် ပြောဆိုဖြေကြားခြင်းကြောင့် အခြား မော်ဒယ်လ်များနှင့်မတူ တစ်မူထူးခြားကာ အများ၏အာရုံဝင်စားမှုကို ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။

များသောအားဖြင့် ယနေ့ခေတ် မော်ဒယ်လ်များမှာ မီဒီယာများက တို့ဆွ၊ မြှောက်ပင့် မေးကြ လေတိုင်း သွေးနထင်ရောက်ကာ စကားကြီး စကားကျယ် ပြောဆိုတတ်ကြသည်။ သိုသိပ်ရမည့် တစ်ကိုယ်ရေကိစ္စများကိုပင် ထိန်းကွပ်ခြင်းမရှိတော့ဘဲ စည်းမဲ့ကမ်းမဲ့ (အိတ်သွန်ဖာမှောက်) ဖြေကြား တတ်ကြသည်။

ပွင့်လင်းခြင်းနှင့် စည်းမဲ့ခြင်းကို နားရှင်းပုံမရ။ ရဲရင့်မှုနှင့် ရိုင်းပျမှုကို ကွဲပြားပုံမရ။ လျှို့ဝှက် ထိန်ချန်ခြင်းနှင့် စောင့်စည်းထိန်းသိမ်းခြင်းကို နားလည်ပုံမရ။ မျိုသိပ်အောင့်အီးခြင်းနှင့် သိုသိပ် ထိန်းချုပ်ခြင်းကို သိရှိပုံမရ။ သိက္ခာနှင့် ရိက္ခာကို ရောထွေးတတ်ကြပြန်သည်။ ဂျာနယ်သမားတချို့၏ အတို့အဆွ လှိုင်းလုံးများအောက်တွင် မိမိစကားလုံးများနှင့် မိမိ နစ်မှန်းမသိ နစ်မြုပ်နေကြရလျက် ဒါကိုပင် တချို့က အောင်မြင်ခြင်းဟု ရေလိုက်လွဲ မှတ်ယူနေကြပြန်သည်။

အောင်မြင်ဖို့ ဇွဲရှိရမယ်၊ လုံ့လ၀ီရိယ ရှိရမယ် (ထိုသို့ပြောသူကိုယ်တိုင် ဇွဲလုံ့လဟူသည်ကို ဘာမှန်းမသိခဲ့)။ ကြိုးစား၊ ရိုးသားရမယ် (ထိုသို့ပြောသူ ကိုယ်တိုင် ရိုးသားကြိုးစားမှုမရှိ)။ သို့ဖြစ်ရာ အင်တာဗျူး အမေးအဖြေများမှာ အပ်ကြောင်းထပ်လျက် အများအမြင်တွင် စိတ်ပျက်စရာ ဖြစ်နေတော့သည်။ေ နာက်တစ်ချက် အရုပ်ဆိုးသည့်ကိစ္စမှာ မော်ဒယ်လ်အများစုသည် တစ်ဖက်လူက မိမိ ထက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ မိမိ ကိုယ်မိမိ “သမီးက သမီးက”ဟု သုံးနှုန်းတတ် ကြခြင်းပင်။

“သမီး”ဆိုသည့် အသုံးအနှုန်းမှာ တစ်ဖက်သားအပေါ် မှီခိုအားကိုးစိတ်များပြားကာ မိမိ ကိုယ်မိမိ ယုံကြည်စိတ်နည်းပါးခြင်းကို ဖော်ဆောင်နေကြောင်း မော်ဒယ်လ်အများစုမှာ သိရှိနားလည် ထားကြပုံမရ၊ မိမိတို့သည် မိဘရင်ခွင်က ကလေးမဟုတ်တော့၊ ဆရာမရင်ခွင်က တပည့်ကျောင်းသား မဟုတ်တော့။ မည်မျှပင် အသက်ငယ်ရွယ်စေကာမူ ဤသို့ ပရော်ဖက်ရှင်နယ် မော်ဒယ်လ်အဖြစ် လုပ်ငန်းခွင်အတွင်း ၀င်ရောက်လှုပ်ရှားနေကြပြီဆိုလျှင်ဖြင့် “သမီး”ဟုမသုံးနှုန်းသင့်တော့ကြောင်း၊ “ကျွန်မ” ဆိုသည်က မိမိကိုယ်မိမိ ယုံကြည်မှု အပြည့်ရှိကြောင်း ဖော်ညွှန်းသည့် နာမ်စားဖြစ်ကာ မိန်းမသားဘ၀ကို ပို၍ လေးနက်တည်ကြည်စေကြောင်း သည်အချက်များကို မြလွန်းညိုက ကောင်းစွာနားလည်ထားပုံရသည်။ မည်သူနှင့်မဆို “ကျွန်မ” “ကျွန်မ” ဟု ယုံကြည်ခိုင်မာစွာ ပြောဆိုတတ်ခြင်းက ထူးခြားသည့် ကိုယ်ပိုင် ဟန်တစ်ခုအဖြစ် ထင်ရှားခဲ့ပြန်သည်။                        နောက်တစ်ချက်က မော်ဒယ်လ် အများစုမှာ စိတ်ကူးထဲက ချစ်သူ့ပုံရိပ်ကို ဖော်ကြပြီဆိုလျှင် ကောင်းပေ့ညွန့်ပေ့ဆိုသည့် အရည်အသွေးများကို ရှေ့တန်းတင် ပြောဆိုတတ်ကြသည်။ ဥပမာ ရုပ်ချောရမယ်၊ ပညာတတ်ရမယ်၊ စီးပွားရှာနိုင်ရမယ် စသဖြင့် အပေါ်ယံကိစ္စများကို ဦးစားပေး နေချိန်တွင် မြလွန်းညိုကတော့ ထိုသို့မဟုတ်ခဲ့။

“ကိုးကွယ်တဲ့ ဘာသာတရား တူရမယ်၊ ဘုရားသခင်ကို ဦးထိပ်ထားဆောင်ရွက်တတ်သူ ဖြစ်ရမယ်”ဟု ရဲရဲဖြေဆိုခဲ့ပြန်သည်။ ထိုမျှမက အသက်ကြီးကြီး-ငယ်ငယ်၊ ၀ါရင့်ရင့်-နုနု၊ အနုပညာ ရှင်များအကြား ရေပန်းစားနေသည့် “အောင်မြင်မှု” ဆိုသည်နှင့် စကားလုံးနှင့် ပတ်သက်၍လည်း မြလွန်းညို အယူအဆက ရဲရင့်ပြတ်သားလှသည်။

          “ရှင်တို့ပြောပြောနေတဲ့ အဲဒီ အောင်မြင်မှုဆိုတာကြီးကို ကျွန်မတစ်ခါမှ မစဉ်းစားဖူး ဘူး၊ သိလည်းမသိဘူး၊ သိလည်း မသိချင်ဘူး၊ ကျွန်မက ကျွန်မ၀ါသနာပါတဲ့ ဒီမော်ဒယ်လ် အလုပ်ကိုပဲ အာရုံစိုက်ပြီး လုပ်နေတယ်၊ မော်ဒယ်လ်တစ်ဦးအဖြစ် ကျွန်မကို ပရိသတ်တွေ နှစ်သက်ဖို့၊ အားပေးဖို့၊ ကောင်းသော အရည်အချင်းအပေါ်အခြေခံပြီး လူချစ်လူခင်များပြားအောင် ဖမ်းစားဖို့၊ ဒါကိုပဲ ကျွန်မ စဉ်းစားထားတယ်” ဟူ၍ ဖြစ်သည်။

ထိုသို့သော မြလွန်းညိုဆိုသည့် မော်ဒယ်လ်မိန်းကလေးသည် လွန်ခဲ့သည့်နှစ်က ခွဲစိတ် ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာအံ့ဘုန်းမြတ်နှင့် နဖူးစာပါကာ လက်ထပ်ခဲ့သည်။ သို့သော် သူမ၏ အနုပညာအရည်အသွေးတို့က လျော့ကျမသွားဘဲ ပိုမိုတိုးတက်ဝင့်ကြွားလာခဲ့သည်မှာ အများအသိပင်။

အခန်း(၃)

သာယာငြိမ့်ညောင်းသည့် ဂျက်ဇ် တေး သွားများ အခန်းတွင်း တိုးညင်းစွာ ပျံ့လွင့်နေပုံ က တသိမ့်သိမ့်ယစ်မူးချင်စရာ ကောင်းလှသည်။ သို့သော် ...
“မြ နေမကောင်းဘူးလား”
ညစာစားစဉ်ကတည်းက မြလွန်းညိုကို အံ့ဘုန်းမြတ်သတိထားမိနေခဲ့သည်။ ခုလည်း ဂျူတီ မရှိခိုက် အိမ်သို့စောစောပြန်လာ၊ ဇနီးသည်နှင့် အေးအေးလူလူနေမည်ဆိုပါမှ မြလွန်းညိုပုံစံက ထူးခြားစွာ အေးစက်တိတ်ဆိတ်နေသည်။ မြလွန်းညို၏နဖူးပြင်ကို နှုတ်ခမ်းဖြင့် တို့ထိနမ်းရှိုက်ကာ လေသံဖြင့်ဆိုလိုက်လျှင် မြလွန်းညိုက မသိမသာ ရုန်းဖယ်ဟန်ပြုသည်။

“အို ကောင်းပါတယ်၊ နေ့ခင်းက အင်တာနက်ကြည့်တာ များသွားလို့ပါ မောင်ရယ်”
“ခု ဘယ်လိုနေသေးလဲ”
“အင်း...အခုလား ...ခေါင်းတွေ အုံနေတယ်”
ထိုင်နေရာကထကာ ဖွင့်ထားသည့် တေးသွားများကို မြလွန်းညိုက တိုးလျှော့ပစ်လိုက်သေး သည်။ သည်လောက်ဆို အံ့ဘုန်းမြတ် သဘောပေါက်ပြီ။ ဇနီးသည်က သူ့ကို အလိုရှိပုံမရ။

“အိုကေ ..ကိုယ်အိပ်နှင့်ပြီ၊ မြ ဆေးသောက်လိုက်ဦး”

ယခင်က မြလွန်းညိုမအီမသာဖြစ်လျှင် ကိုယ်တိုင်ဆေးယူကာ ရေတစ်ခွက်နှင့် စောင့်တိုက် လေ့ရှိသော်လည်း ယခုမူ ထိုသို့မလုပ်မိခြင်းအတွက် အံ့ဘုန်းမြတ် သူ့ကိုယ်သူအံ့သြမိသည်။ သို့သော် ကြာကြာစိတ်ထဲမထား။ မိနစ်ပိုင်းအတွင်း သူအိပ်ပျော်သွားသည်။

မြလွန်းညိုသည် အိပ်မောကျနေသည့် ခင်ပွန်းသည်ကို ငိုင်တွေတွေ မျက်လုံးများဖြင့် အတန် ကြာထိုင်ကြည့်နေမိသေးသည်။ သည့်နောက် အံ့ဘုန်းမြတ်၏ မျက်နှာနားကပ်လျက် နှုတ်ခမ်းချင်း တို့ထိအနမ်းပေးကာ အခန်းတွင်းမှ ထွက်လာခဲ့သည်။
ထိုညက မြလွန်းညို အိပ်မပျော်ခဲ့ပါ။ ၀ရန်တာထက်တွင် သန်းကောင်ယံကျော်သည့်တိုင် ငုတ်တုတ်ထိုင်လျက် တစ်ကိုယ်ရေ ဆွေးမြည့်ကြေကွဲနေခဲ့ရသည်။ နံနက် လင်းအားကြီးချိန်တွင် အခန်း တွင်းပြန်ဝင်ကာ ခင်ပွန်းသည်ကို ကျောချင်းကပ်လျက် အိပ်ပျော်ခဲ့တော့သည်။

မြလွန်းညိုအိပ်ရာကနိုးတော့ အံ့ဘုန်းမြတ် မရှိတော့ပါ။ လက်ကိုင်ဖုန်းတွင် မက်ဆေ့ဂ်ျဝင်နေ သည်ကိုသာတွေ့ရသည်။

“နိုးရင် ကိုယ့်ဆီဖုန်းဆက်ပါ”
အိပ်ရာကနိုးသည်နှင့် သောက်နေကျရေပင် မသောက်နိုင်အားတော့ဘဲ သူ့ထံ ဖုန်းခေါ်ရ သည်။ ဂဏန်းကိုးလုံးကို လက်မနှင့် ဖိလိုက်သည်။
၀၉၉၉-၇၂၉၃၂ ။
အံ့ဘုန်းမြတ်သည် မြလွန်းညိုထံက အဆက်အသွယ်ကို စက္ကန့်နှင့်အမျှ စောင့်စားနေပုံရသည်။ Ring တစ်ကြိမ်မြည်ရုံမျှနှင့် ချက်ချင်းကောက်ကိုင်ခဲ့လေသည်။

“မြ..ခုမှနိုးတာလား”
“အင်း...”
မြလွန်းညိုအသံက နိုးထခါစမို့ ခပ် အစ် အစ် ဖြစ်နေသေးသည်။

“ကိုယ် ဘာကူညီရမလဲ၊ ကိုယ် ကူညီနိုင်တာရှိရင်ပြောပါ”
မြလွန်းညို နားမလည်။ စကားက အရင်း မရှိ အဖျား မပါ။

“ရှင်..မောင် ဘာပြောလိုက်တယ်”
“အော်..ကိုယ့်စိတ်ထဲ မြ ခုတလော တစ်ခုခုဖြစ်နေသလားလို့...”
ရင်ထဲထိတ်ခနဲဖြစ်သွားသည်။ သူ သိလှချည်လား။ အိုသိမှာပေါ့၊ အရိပ်တကြည့်ကြည့် ရှိခဲ့ သည့် ခင်ပွန်းသည်ပေပဲ။

“ဘာမှ အထွေအထူးမရှိပါဘူး မောင်ရယ်”
အေးစက်စက်တုံ့ပြန်သံကြောင့် သူ ငြိုငြင်သွားလေပြီလား။

 “ဒါဖြင့် အိုကေလေ ...See you ..” ဟု ဆိုကာ ဖုန်းပိတ်သွားသည်။

မြလွန်းညိုသည် စာအုပ်စင်ပေါ်က ဂျာနယ်၊ မဂ္ဂဇင်းများကို လက်လှမ်းမီသရွေ့ ဆွဲယူကာ အိပ်ရာပေါ် ဖြန့်ကြဲပစ်တင်လိုက်သည်။ သူမရုပ်ပုံများပါရှိသည့် စာမျက်နှာများကို လွမ်းဆွတ်စွာ လှန်လှောကြည့်နေမိသည်။ လေးရောင်ခြယ်ဓာတ်ပုံများက လှပရွှန်းလဲ့စွာ အစီအရီပေါ်လာသည်။ ယခင်ကတော့ အင်တာဗျူးလုပ်ရန် ချိန်းဆိုသမျှ ၀မ်းသာအယ်လဲ လက်ခံတွေ့ဆုံခဲ့သည် စိတ်ပါလက်ပါ ဖြေကြားခဲ့သည့် အားတက်သရော ဓာတ်ပုံများ အရိုက်ခံခဲ့သည်။

ယခုမူ အင်တာဗျူးများကို တိမ်းရှောင်နေရပြီ။ ဓာတ်ပုံအရိုက်ခံလိုစိတ်လည်းမရှိတော့။ မဂ္ဂဇင်းထဲက မြလွန်းညို၏အပြုံးများက မိမိအား လှောင်ပြောင်သရော်နေသကဲ့သို့ မှတ်ထင်လာသည်။ မိမိ ဤမျှလှပချောမောခဲ့ဖူးသည်ဆိုသည့်အဖြစ်က မကြာခင် အိပ်မက်အလား မှုန်ဝါးသွားကြတော့မည်။ “တစ်ခါတုန်းက မြလွန်းညိုဟာ..”ဟု လူအများက ဒဏ္ဍာရီ တစ်ပုဒ်နှယ် ငွေ့ငွေ့ကလေးသာ ပြောဆိုကြ တော့မည်။ ကြည့်လက်စ မဂ်္ဂဇင်းများကို တစ်အုပ်ပြီး တစ်အုပ် ဆွဲယူလွှင့်ပစ်လိုက်ကာ မြလွန်းညိုသည် အိပ်ရာထက်မှောက်လျက် အသံထွက် ငိုကြွေးပစ်လိုက်တော့သည်။

အခန်း(၄)

အင်တာဗျူဝါမိန်းကလေးက မြလွန်းညိုကို မျက်တောင်မခတ်တမ်း ကြည့်လျက်ဆိုသည်။
“မမြလွန်းညိုကို အခုမှ အနီးကပ်မြင်ဖူးတာ၊ မမတကယ်ချောတာပဲ၊ ဘာမှ အပြစ်ဆိုစရာကို မရှိဘူး” မြလွန်းညိုများစွာ ကျေနပ်သွားသည်။ ဒီလိုပဲဖြစ်ရပေမပေါ့။ ဒီလိုအပြစ် ဆိုစရာမရှိအောင် အလှပြုပြင်ရေးဆိုင်သို့ မကြာခဏသွားကာ ဂရုတစိုက် ပြုပြင်နေထိုင်ခဲ့ရသည်မဟုတ်လား။ အခြား မော်ဒယ်လ်များ ဆံပင်ကို အမျိုးမျိုးအဖုံဖုံ ဆေးဆိုးနိုင်ခြင်းကို ဂုဏ်ယူနေချိန်မှာ မြလွန်းညိုက နိုင်ငံခြား သွား၍ အသေးစား အလှပြုပြင်ခွဲစိတ်မှုများပင် လုပ်ခဲ့ပြီးပြီ။

ခန္ဓာပြင်တစ်ကိုယ်လုံး မြလွန်းညို မပြုပြင်ဖူးသည့်နေရာမရှိ။ ဗိုက်ကို ချပ်သည်ထက်ချပ် အောင် အဆီချစက် အကူအညီဖြင့် အဆီချသည်။ ဘော်ဒီဗြူးတီး ခေတ်မီကိရိယာများစွာဖြင့် လေ့ကျင့်ခန်း ပုံမှန်ယူသည်။ မေးရိုးကား သယောင်ရှိ၍ မေးရိုးပြုပြင်ဖူးသည်။ ပခုံးနှင့် ရင်ညွန့်တစ်ဝိုက် တွင် မှဲ့နီခြောက်လေးများ သိသိသာသာ ရှိနေ၍ မှဲ့ဖျောက်စက် အကူအညီဖြင့် ပြုပြင်ထားဖူးသည်။ နဖူးပြင် အနည်းငယ်မို့ မောက်သယောင်ရှိ၍ နဖူးပြေပြစ်အောင် ပြုပြင်ထားသည်။

မျက်ခုံး ဆေးထိုးထားသည်။ စက်ဖြင့် မျက်တောင် စိုက်ထားသည်။ နှုတ်ခမ်းတွဲသယောင် ရှိခြင်းက ထုံအအ ပုံစံပေါက်သည်ဟု ယူဆကာ ပါးလွှာထက်မြက်ပြီး ဆွဲဆောင်မှု အပြည့်ရှိသည့် နှုတ်ခမ်းသားလေးများရရှိစေရန် ခွဲစိတ်ပြုပြင်ထားသေးသည်။ အသားအရေ စိုပြည်ဝင်းလက်စေရန် အသားထဲ ရွှေမှုန်သွင်းထားသည်သာမက လက်မွေးခြေမွေးများကို ရွှေရောင်ဆေးဆိုးထားသည်။ နောက်ဆုံးပေါ် ခေတ်မီအလှပြုပြင်နည်းများစွာကို မြလွန်းညို ပြုလုပ်ခဲ့ပြီးပြီ။
အလွန်အကျွံအလှပြုပြင်ခဲ့ခြင်း၏ ဆိုးကျိုးပေပဲလား။
မှားခဲ့လေပြီလား။
နောင်တရသော်လည်း ပြုပြင်ကယ်ဆယ်ရန် အချိန်မမီတော့ပါ။ ကြောက်စရာကောင်းလှပါဘိ။ မိမိ၏ အနာဂတ်သည် မကြာမီပင် ပျောက်ဆုံးရချေတော့မည်ဟု မြလွန်းညိုတွေးကာ စိတ်များ မတည်မငြိမ် ဖြစ်ရတော့သည်။

အခန်း(၅)

ဇနီးသည်ကိုကြည့်ကာ အံ့ဘုန်းမြတ် သံသယ၀င်လာမိသည်။ မြလွန်းညိုသည် ဆောင်းရာသီ မ၀င်ခင်ကတည်းက သူမကိုယ်တိုင် အထူးတီထွင် ဒီဇိုင်းဖော်ထားသည့် အ၀တfအထည်ဟုဆိုကာ အသားအရေကို မမြင်ရ လအောင် ဖုံးအုပ်ကွယ်ကာထားသည့် အင်္ကျီ ဖားဖားရှည်ရှည်ကြီးများကို အ၀တ်များလာကြောင်း သူကောင်းစွာသတိပြုမိသည်။ ယနေ့ခေတ် မော်ဒယ်လ်အများစုက ကျောသား၊ ရင်သား၊ ၀မ်းဗိုက်သားတို့ အပြိုင်အဆိုင် ဖော်လှစ်လာကြပြီး ပါးလွှာသော ၀တ်စုံအပြတ်များ၊ ထဘီ ရင်လျားကဲ့သို့ ၀တ်စုံများ ၀တ်စားလာချိန်တွင် မြလွန်းညိုတစ်ယောက်မျှသာ လုံခြုံထူထဲစွာ ၀တ်ဆင် နေသည်ကို တွေ့နေရသဖြင့် သူ များစွာ အံ့သြနေမိသည်။

ရင်စေ့လည်ထောင်၊ လက်ခုံတစ်ဝက်ဖုံးသည်ထိ ရှည်သည့်လက်နှင့်၊ ခြေမျက်စေ့ထိ ရှည်သည့် ဖားဖားလျားလျား ၀တ်စုံများကို အ၀တ်များလာသည်။ စိတ်အိုက်တတ်၍ ဘယ်တော့မှ ဦးထုပ် ဆောင်းလေ့မရှိသည့် မြလွန်းညိုက မျက်နှာတစ်ပြင်လုံးဖုံးမတတ် ဦးထုပ် အ၀ိုင်းကြီးများကို (Gone with the wind ရုပ်ရှင်ကားထဲက စကားလက်အိုဟာရာကဲ့သို့) လည်သိုင်းကြိုး အပြားကြီးကြီးဖြင့် သိုင်းစည်းလျက် ဆောင်းတတ်လာသည်။ လည်တိုင်ကို လူအမြင်မခံချင်သလိုလို၊ အအေးမိမှာကြောက် သလိုလို၊ ဖက်ရှင်ထွင်သလိုလို ပ၀ါတစ်စစဖြင့် မာဖလာရစ်ပတ်သည့်အတိုင်း တစ်ချိန်လုံး ပတ်ချည် ထားတတ်သည်။

ဖက်ရှင်ဒီဇိုင်း မည်မျှပြောင်းပြောင်း စိတ်ထားတော့မပြောင်းသင့်ဟု အံ့ဘုန်းမြတ်ထင်သည်။ သူသံသယရှိနေတာကြာခဲ့ပြီ။ မြလွန်းညိုသည် သူ့အပေါ် စိတ်ထားပြောင်းခဲ့ပြီ။
ထိုကိစ်္စကို ရေငုံနှုတ်ပိတ်မနေနိုင်တော့။ ညစာစားချိန်တစ်ချိန်၌ သူပွင့်လင်းစွာ ထုတ်ဖော် မေးကြည့်ရတော့သည်။

“မြ ကိုယ့်အပေါ် ဘာမကျေနပ်တာရှိလဲ”

မျက်လုံးဝိုင်းကြီးများဖြင့် ၀မ်းပမ်းတနည်း မော့ကြည့်လာတော့ သူမေးမိတာ လွန်လေပြီလား ဟု နောင်တရချင်သည်။ သို့သော်မတတ်နိုင်။ သည်လိုတည့်တည့်မေးမှ ဖြစ်တော့မည်။

“မောင်ကလည်းကွယ်..မရှိပါဘူး” ဟု တိုးတိတ်စွာဖြေပြီး သူ့ပန်းကန်ထဲ အသားလုံးကြော်များ ခပ်ထည့်ပေးနေသည်။ မြလွန်းညိုလက်ကို သူအသာအယာ အုပ်ကိုင်လိုက်သည်။

“ကိုယ်တို့ အခု ညစာစားပြီးတဲ့အခါ ...မြ ..ကိုယ်တို့ ဒီည အခုည သေချာမလား ..”
မြလွန်းညိုသည် လက်ကို ဆတ်ခနဲရုတ်ကာ မတ်တတ်ထရပ်သည်အထိ တုန်တုန်လှုပ်လှုပ် ဖြစ်သွားခဲ့သည်။ တစ္ဆေတစ်ကောင် မြင်လိုက်ရဘိသကဲ့သို့ ခင်ပွန်းသည်ကို အထိတ်တလန့် ကြည့် လာသည်။

“ဟင့်အင်း ဟင့်အင်း”
“မဖြစ်ဘူး”“မဖြစ်ဘူး” ဟုလည်း တတွတ်တွတ်ငြင်းဆန်နေသေးသည်။ ရင်ထဲနာကျင်သွား ကာ အံ့ဘုန်းမြတ်သည် မြလွန်းညို၏ပခုံးများကို ဆုပ်ကိုင်ခါယမ်းမိလိုက်သည်။

“ဘာဖြစ်လို့လဲ..ဘာဖြစ်လို့လဲ”
မြလွန်းညိုက အသံမထွက်တော့ဘဲ ခေါင်းကိုသာ ခါယမ်းနေသည်။

“ကျွတ်”
စိတ်မရှည်စွာ သူအသံပြုမိသည်။

“မင်းငါ့ကို ရှောင်ဖယ် ရှောင်ဖယ်လုပ်နေတာ ဘာသဘောလဲ”
မွန်းကျပ်လာသော ခံစားချက်များဖြင့် သံသယစကားကို အံ့ဘုန်းမြတ် မဆိုစဖူး ဆိုမိလိုက် သည်။

“ငါ့အပြင် မင်းမှာ နောက်တစ်ယောက် ရှိနေပြီမဟုတ်လား”

ခေါင်းမညိတ်၊ ခေါင်းမခါ။ စိုးကြောက်ခြင်း ရှက်လန့်ခြင်းလည်း မတွေ့ရ။ ကျောက်ဆစ်ရုပ် ကဲ့သို့ မတုန်မလှုပ်၊ နေနိုင်ရက်အားသည့် ဇနီးဖြစ်သူကို အံ့ဘုန်းမြတ် စိတ်ပျက်စွာ ကျောခိုင်းလိုက် သည်။
ထိုနေ့ကစ၍ အံ့ဘုန်းမြတ်သည် အိမ်သို့ ပြန်မလာတော့ဘဲ ဆေးရုံ၌သာ အနေများလာသည်။ ပြန်လာလျှင်လည်း သူ့ဘာသာ လုပ်စရာရှိသည်များလုပ်၊ ယူစရာရှိသည်များယူကာ ပြန်ထွက်သွား တတ်သည်။ မြလွန်းညိုနှင့် စကားဟဟပင် ပြောဆိုခြင်းမရှိချေ။ မြလွန်းညိုကလည်း ဤပုံစံသည် မိမိတို့နှစ်ဦး ရင်ဆိုင်ရမည့် အနာဂတ်အတွက် အကောင်းဆုံးအခြေ အနေမျိုးပင်ဖြစ်တော့သည်ဟုပင် ကြေကွဲစွာ လက်ခံထားလိုက်ရတော့သည်။

အခန်း(၆)

နောက်တစ်လခန့်အကြာတွင် မြလွန်းညို မော်ဒယ်လ်လောကမှ ရုတ်တရက်ပျောက်ခြင်း မလှ ပျောက်သွားခဲ့သည်။ ပရိသတ်များက အုတ်အော်သောင်းတင်းဖြစ်ကာ အဖြစ်မှန်ကို သိလိုကြသော် လည်း မည်သည့်ဂျာနယ်ကမှ အဖြေမှန်ကို တိကျစွာထုတ်ဖော်ရေးသားနိုင်ခြင်းမရှိချေ။ ပရိသတ်သိလို စိတ်ကို အခွင့်ကောင်းယူကာ စာနယ်ဇင်းအတတ်ပညာကို အသုံးချလျက် သို့လော သို့လော ပုံစံမျိုးသာ မတင်မကျ ခပ်ဖွဖွရေးသားလာကြသည်။

ဤတွင် အံ့ဘုန်းမြတ်မှာ များစွာအခက် တွေ့ရတော့သည်။ စာနယ်ဇင်းများပါ ဖိတ်ခေါ်ထား သည့် ဆေးပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲ အခမ်းအနားများကို တတ်နိုင်သရွေ့ သူသတိထား ရှောင်ရှား ရတော့သည်။ သို့မဟုတ်လျှင် မြလွန်းညို၏ခင်ပွန်းမှန်း ရေလည်စွာသိထားကြသူ စာနယ်ဇင်းသမား များ၏ တို့တို့တိတိ မေးခွန်းများကို အားတုံ့အားနာ ဖြေဆိုနေရဦးမည်ဟု တွက်ဆထား၍ပဲဖြစ်သည်။ မြလွန်းညိုနှင့်ပတ်သက်၍ သူ ဘာမှမဖြေချင်ပါ။ ဖြေစရာလည်း မရှိပါ။ သူ့အပေါ် လုပ်ရက်သည်ပဲဟုတွေးကာ အံ့ဘုန်းမြတ် ခံပြင်းဒေါသထွက်ရသည်။ လွန်ခဲ့သည့် နေ့များကို ပြန်စဉ်းစားကြည့်မိတော့ မြ သူ့ကို အနားအကပ်မခံသည်မှာ ကြာခဲ့ပြီပဲ ဟု အဖြေတစ်ခု ရရှိလိုက်သည်။

မြ အသစ်တွေ့လေပြီ။ အသစ်တွေ့၍သာ သူ့ကိုပစ်ပစ်ခါခါ လုပ်သွားခြင်းဖြစ်မည်ဟု ယူဆ လျက် မြလွန်းညိုအပေါ် စိတ်ထဲ နာနာကျည်းကျည်းရှိလှသည်။ အမြဲတမ်း မှန်ကန်ရဲရင့်စွာ ဆုံးဖြတ်နိုင် စွမ်းရှိသူဟု အထင်တကြီးရှိလေသမျှ အလကားပင်ဖြစ်ရသည်။ မချစ်လျှင် မချစ်တော့ကြောင်း၊ မုန်းလျှင်မုန်းပြီဆိုသည့် အကြောင်း၊ လမ်းခွဲလိုလျှင် လမ်းခွဲတော့မည်ဖြစ်ကြောင်း ရင့်ကျက်စွာ အသိ ပေး ဖြေရှင်းခဲ့ဖို့ကောင်းသည်။
ယခုမူ အကျိုးအကြောင်း တစ်စုံတစ်ရာမသိရဘဲ တအုံနွေးနွေးဖြစ်ရသည်။ မသိစေလို၍ တစ်စုံတစ်ရာ အသိမပေးခဲ့သူကို မသိသလိုပင် နေပစ်လိုက်တော့မည်။ မလိုက်စေလို၍ တစ်စွန်းတစ်စ  မချန်ခဲ့သူကို သူ မရှာဖွေဘဲ နေပစ်တော့မည်။

မြလွန်းညိုနှင့်ပတ်သက်သမျှ အသုံးအဆောင်ပစ္စည်းများကို အလုပ်သမားငှားကာ သူမ ဒီဇိုင်း ထိုင်လေ့ရှိသည့် အလုပ်ခန်းအတွင်း သို့စုပြုံထည့်ထားလိုက်သည်။ တချို့ပစ္စည်းများကိုမူ တစ်ကိုယ်ရေ လေ့ကျင့်ခန်းပြုလုပ်ရာ ဘော်ဒီဗြူးတီးအခန်းအတွင်းသို့ ထည့်ထားလိုက်သည်။ ပြီးလျှင် အခန်းတို့ကို သော့ပိတ်ထားလိုက်သည်။ ထိုနေ့ကစ၍ သူကိုယ်တိုင်လည်း ဆေးရုံတွင်သာ အနေများတော့သည်။ စိတ်တွင် အမျိုး အမည်မဖော်ပြနိုင်အောင် သည်းထန်စွာခံစားရသော်လည်း ငါ ဆရာဝန်တစ်ယောက် ဖြစ်သည်ပဲဟု ခိုင်မာ စွာနှလုံးသွင်းလျက် အချိန် ပြည့် လူနာအများအပြားအပေါ် အာရုံစူးစိုက် ရင်း အကြောင်းမဲ့လမ်းခွဲသွားသူကို မေ့နိုင် အောင်သာ ကြိုးစားခဲ့ရသည်။

အခန်း(၇)

ဆရာဝန်အသင်းက ကြီးမှူးကျင်းပသည့် seminar တစ်ခုတွင် အကြောင်းရင်း မရှာနိုင်ဘဲ ထူးဆန်းစွာဖြစ်ပေါ်လာသည့် Neurofibromatosis ဆိုသည့် ရောဂါတစ်မျိုးနှင့်ပတ်သက်၍ အတွေ့ အကြုံများ၊ ဗဟုသုတများကို ဆရာဝန်များက ဆွေးနွေးဖလှယ်ကြခြင်းဖြစ်ပြီး ဆေးကျောင်းသားများ၊ စိတ်ဝင်စားသူများ ၀င်ရောက်နားထောင်နိုင်သည်။ လက်လှမ်းမီသမျှ စာနယ်ဇင်းတချို့ကိုပါ ဖိတ်ခေါ် ထားကြောင်း သိရှိထားသော်လည်း အံ့ဘုန်းမြတ် မမှုတော့ပါ။ မြလွန်းညိုနှင့် ပတ်သက်သည့် အဖြစ် များက ဟိုးဝေးဝေးက အတိတ်တွင် ကျန်ရစ်ခဲ့ပြီဖြစ်သည်။ ထိုရောဂါနှင့်ပတ်သက်၍ အချက်အလက်များ လေ့လာစုဆောင်းထားသူ ဒေါက်တာ နုနုခိုင်က ဦးဆောင်ကာ ပရိုဂျက်တာဖြင့် ရှင်းလင်းပြသလျက် ရှိသည်။

“နျူရိုဖိုက်ဘရိုမက်တိုးစစ်စ်ရောဂါဟာ မျိုးဗီဇ အစီအစဉ်မကျနမှုကြောင့်ဖြစ်ရတယ်လို့တော့ အကြမ်းဖျင်း သိရှိထားကြမှာပါ။ မျိုးဗီဇတွေ အစီအစဉ်မကျတဲ့အခါ အာရုံကြောကြွက်သားတွေ ရုန်းကန် ထကြွလာပြီး ကျူမာ (Tumor) လို့ခေါ်တဲ့ အသားပိုလေးတွေ ဖြစ်ပွားလာတယ်။ ဖြည့်စွက်ပြောရရင် အရိုးနဲ့ အရေပြားလို အာရုံကြောကြွက်သားမဟုတ်တဲ့နေရာတွေမှာလည်း အကျိုးသက်ရောက်မှုရှိလာ စေတယ်။ ခန္ဓာကိုယ် ဘယ်နေရာမှာမဆို အသားပိုတွေဟာ တစ်စတစ်စကြီးထွား ပျံ့နှံ့လာနိုင်တယ်။ တစ်ကိုယ်လုံး အသားပိုတွေကြီးထွားလာပြီး နောက်ဆုံးမှာ လူပုံသဏ္ဌာန်တောင် ပျောက်သွားပြီး ပုံပျက် ပန်းပျက်နဲ့ နာနာဘာဝ တိရစ္ဆာန်တစ်ကောင်အလားဖြစ်သွားပြီး သေဆုံးသွားရတတ်တယ်။ ဒီရောဂါမှာ မျိုးကွဲတွေ အများကြီးရှိပေမဲ့ အဓိကအားဖြင့်တော့ Type ၃မျိုးပဲခွဲထားတယ်လို့ သိရတယ်။

Von Recklingausen ဆိုသူက ၁၈၈၂ ခုနှစ်မှာ စတင်တွေ့ရှိခဲ့လို့ ပထမအမျိုးအစား Type 1 ကို Von Recklingausen Disease လို့လည်းခေါ်တယ်။ Type 1 ရဲ့ပုံစံက အရေပြားမှာ အဖု အကျိတ်တွေ စဖြစ်လာမယ်၊ ပေါင်ခြံတွေမှာ မှဲ့ခြောက်တွေဖြစ်လာသလို လက်တွေမှာလည်း ကျောက်ပေါက်မာဖုလေးတွေ တရစပ်ထွက်လာတတ်တယ်။ အမြင်အာရုံဆိုင်ရာ နာ့ဗ်ကြောတွေမှာ လည်း ကျူမာ အဖုအကျိတ်တွေ ပေါက်လာတတ်တယ်။

Type 2 ကတော့ MISME Syndrome လို့ခေါ်တယ်။ အသက်နှစ်ဆယ်ဝန်းကျင်မှာ စဖြစ် တတ်တယ်။ ခေါင်းမကြာခဏကိုက်ခဲတတ်တယ်။ မျက်နှာပိုင်းမှာ အကြောတွေ အားနည်းလာပြီး အကောင်းပုံစံကနေ လေဖြတ်တာမျိုးတွေ ဖြစ်လာတတ်တယ်။ နားထိုင်းသွားတတ်တယ်။ ဦးနှောက် ပိုင်းကျူမာ၊ ကျောရိုးကျူမာတွေ အဆမတန်ဖြစ်လာတတ်တယ်။

Type 3 ကတော့ ဖြစ်တောင့်ဖြစ်ခဲလို့ ဆိုရတဲ့အထိ အဖြစ်နည်းလှပါတယ်။ Schwanno-matosis လို့ခေါ်တယ်။ ကျူမာအဖုအကျိတ်တွေကို ခန္ဓာကိုယ်ရဲ့နေရာတစ်နေရာတည်းမှာ ဆင်တူဖြစ် တာ တွေ့ရလေ့ရှိတယ်။ ထူးခြားတာက အဖုအကျိတ်တွေဟာ နာကျင်မှုရှိတယ်။ ရောဂါရင့်သန် လာတာနဲ့အမျှ နာကျင်မှုက ပြင်းထန်သိသာလာတတ်တယ်။ အရေပြားတွေ စပ်ဖျဉ်းဖျဉ်း ခံစားရတတ် တယ်။ လူနာဟာ မလှုပ်မရှားနိုင်အောင် အားနည်းလာတတ်တယ်”

ထို့နောက် ဒေါက်တာလှမိုးက ဆက်လက်၍ရှင်းလင်းပြောပြခဲ့ပြန်သည်။
“မြန်မာလို'ဆင်လူသား'လို့ခေါ်တဲ့ ပထမဆုံး နျူရိုဖိုက်ဘရိုမက်တိုးစစ်စ်ရောဂါသည်ကတော့ “ဂျိုးဇက်ကာရေးမားရစ်ခ်”ပါ။ သူ့ကို ၁၈၆၂ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့က အင်္ဂလန်နိုင်ငံ လက်ဆက်စတာစီးတီးမှာ မွေးဖွားခဲ့တယ်။ သူ့မိဘနှစ်ပါးစလုံးက ကျန်းမာသန်စွမ်းသူတွေဖြစ်ပါတယ်။ သူဟာ ဆယ်ကျော်သက်အရွယ်မှာပဲ ဒီရောဂါ စတင်ဖြစ်ပွားခဲ့တယ်လို့သိရတယ်။ သူဖြစ်ပွားပုံကတော့ အလိုလိုနေရင်း မျက်ခွံတွေ အရင်ဆုံး ရောင်ကိုင်းတွဲကျလာရာကနေ နောက်ဆုံး တစ်ကိုယ်လုံးက အသားအရေပြားတွေ တွဲကျလာတာပါပဲ။ ဒီမှာကြည့်ပါ...”

ညကအိပ်ရေးပျက်ခဲ့၍ သည်မနက် အိပ်ငိုက်ချင်သလိုဖြစ်နေရာက ဒေါက်တာ အံ့ဘုန်းမြတ် စိတ်ဝင်စားဟန်ဖြင့် ခေါင်းထောင်ကြည့်လိုက်ရသည်။ ရှေ့တူရှုရှိ ပိတ်ကားပေါ်တွင် ဆင်တစ်ကောင်အလား ပုံသဏ္ဌာန်ဆိုးဝါးနေသည့် လူတစ်ဦး ၏ရုပ်သွင်ကို တွေ့ရသည်။ မျက်ခွံအရေပြားများတွဲကျကာ မျက်လုံးကို ဖုံးအုပ်နေပြီး ပါးစပ်ပေါက်မှာ ကောင်းစွာမမြင်ရတော့ ချေ။ ကုတ်အင်္ကျီကို လည်ပင်းစေ့ကာ ၀တ်ထားသဖြင့်  ခန္ဓာကိုယ်ကို အသေး စိတ်မတွေ့ရသော်လည်း မေးစေ့ပါးပြင် အရေပြားများ၊ လက်ကောက်ဝတ်မှ လက်ဖျားထိ အဆမတန် ရောင်ကိုင်းမို့အစ်နေသော လက်များက သူ့အခြေအနေ မည်မျှဆိုးဝါးလျက်ရှိသည်ကို ဖော်ပြနေသည်။ ထိုပုံကိုကြည့်ရင်းက အိပ်ချင်စိတ်ပြေသွားကာ လူတစ်ယောက်ကို ဖျတ်ခနဲ သတိရမိသည်။ တစ်ခါက မိတ်ဆွေလူနာ တစ်ဦးကို ကြည့်ပေးပြီးအပြန်တွင် ၄၆ လမ်း ထိပ် မာကျူရီလက်ဖက်ရည်ဆိုင်အရှေ့မှ တက်္ကစီတစ်စီးငှားကာ အိမ်ပြန်ခဲ့ရဖူးသည်။ ထိုစဉ်က ကားမောင်းသူသည် စပို့ရှပ်လက်တို ၀တ်ထားပြီး အင်္ကျီလက်အောက်မှ တွဲကျကာ တလှုပ်လှုပ်ဖြစ်နေသည့် လက်မောင်းသားများကို အနီးကပ်မြင်ခဲ့ဖူး သည်။ အားနာသဖြင့် သူ ဘာမှမမေးခဲ့မိခြင်းအပေါ် များစွာနောင်တရနေမိသည်။

စုမီအောင်
အပိုင်း (၂)
ဆက်ရန်

1 comment:

မိုးနတ်ကြယ်စင် said...

ဟယ်...မြန်မြန်ဆက်တင်ပါမရေ...
အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်...
မသိရင် ကိုရီးယားကလူတွေကို စောင်းပြောနေသလား
အောက်မေ့ရတယ်...:)
ခင်မင်နေတဲ့....မိုးနတ်