Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, January 05, 2013

စံအိမ်တွေထဲမှာ ဗျာများ ချောက်ချားစွာနေချင်တဲ့ “နီကိုလပ်စ်ကေခ်ျ့”

အမေရိကန်ရုပ်ရှင်မင်းသား၊ ပရိုဂျူဆာ၊ ဒါရိုက်တာလည်းဖြစ်တဲ့ နီကိုလပ်စ်ကေ့ခ်ျဟာ ဟောလိဝုဒ်ရဲ့ သရုပ်ဆောင်ကြေးအမြင့်ဆုံးတွေထဲက တစ်ယောက်ပါ။ ဝင်ငွေကောင်းလှသလို အသုံးအစွဲမှာလည်းအားကောင်းလှသူပါပဲ။ ကေ့ခ်ျရဲ့ ပိုင်ဆိုင်မှုတွေထဲမှာ စံအိမ်တွေအများကြီးပဲ ပိုင်ဆိုင်ထားတာကလည်း နာမည်ကြီးလှပါတယ်။ အဲဒီ ပိုင်ဆိုင်မှုတွေအများကြီးနောက်မှာ ကေ့ခ်ျတစ်ယောက် အခွန်ပြဿနာတွေနဲ့ လုံးထွေးသတ်ပုတ်နေရတော့တာပေါ့။ လက်ရှိဇနီး အားလစ်ကင်မ် နဲ့ အတူနေထိုင်ခဲ့တဲ့ မာလီဘူးအိမ်ကို ဒေါ်လာ ၁၀ သန်းနဲ့ ၂၀၀၅ ခုနှစ်မှာ ရောင်းချခဲ့တယ်။ ဇနီးအားလစ်ကင်မ်နဲ့ ကေ့ခ်ျ်တို့ တွေ့ခဲ့ကြတာကတော့ ဆူရှီဘားတစ်ခုမှာပါ။ အားလစ်က ဆူရှီဘားက စားပွဲထိုးမလေးဖြစ်ပြီး သူတို့ ၂၀၀၄ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။ အားလစ်နဲ့ ကေ့ခ်ျတို့ရဲ့ သား Kal-el Coppola Cage ကို ၂၀၀၅ခုနှစ်မှာမွေးဖွားခဲ့တယ်။ သူတို့သားငယ်ရဲ့ အမည်ကို စူပါမန်းရဲ့ နာမည်ရင်းအတိုင်း ပေးခဲ့တာလို့ ဆိုပါတယ်။
၂၀၀၄ ခုနှစ်က ဘဟားမားစ် Paradise ကျွန်းမှာ အိမ်တစ်လုံးဝယ်ယူခဲ့ပါသေးတယ်။ ၂၀၀၆ မှာဆိုရင်လည်း ဘဟားမားစ်ကျွန်း မြို့တော်နာဆူးရဲ့ အရှေ့တောင်ဘက် အိတ်ဇူးမားကျွန်းစုမှာ ဧက ၄ဝလောက်ရှိတဲ့ ကျွန်းကို ဝယ်ယူခဲ့သေးပါတယ်။ ကန်းထရီးအဆိုတော်မလေး ဖိတ်ဟေးလ်နဲ့ ကန်းထရီးအဆိုတော်၊ သရုပ်ဆောင် တင်မ်မက်ဂရူးတို့ရဲ့ ဝယ်ယူထားတဲ့ကျွန်းတွေနဲ့ နီးတဲ့ကျွန်းတစ်ကျွန်းပါပဲ။ 
ဂျာမနီနိုင်ငံ ဖရိုက်ရှတာ့ဘာရန်ပြည်နယ်က အလယ်ခေတ်ဗိသုကာလက်ရာစတိုင်လ် Schloss Neidstein ရဲတိုက်ကြီးကိုလည်း ပိုင်ဆိုင်ခဲ့ပါသေးတယ်။ အဲဒီရဲတိုက်ကြီးကိုတော့ ၂ဝဝ၆ခုနှစ်မှာ ဝယ်ယူခဲ့ပြီး ၂ဝဝ၉ခုနှစ်မှာ ဒေါ်လာ ၂.၅ သန်းနဲ့ ရောင်းချခဲ့တာပါ။ ကေ့ခ်ျရဲ့ အဖွားက ဂျာမန်လူမျိုးဖြစ်ပြီး Cochem မြို့မှာနေထိုင်ပါတယ်။ ၂ဝဝ၇ မှာ ယူနိုက်တက်စတိတ် Rhode ကျွန်း Middletown မြို့က Grey Craig လို့ခေါ်တဲ့ စတုရန်းပေ ၂၄၀၀၀ ရှိတဲ့ အုတ်သား ကျောက်သားစံအိမ်ကိုလည်း ဝယ်ယူခဲ့တယ်။ အဲဒီအဆောက်အဦဟာ ၂၆ဧက ကျယ်ဝန်းပါတယ်။ အိပ်ခန်း ၁၂ ခန်း နဲ့ အိပ်ခန်း ၁ဝခန်း ပါရှိပြီး အတ္တလန်တစ်သမုဒ္ဒရာ အလှအပမြင်ကွင်းတွေကို စီးမိုးကြည့်ရှုနိုင်တဲ့ မြင့်မြင့်မားမားစံအိမ်ပါပဲ။ စံအိမ်ကနေ အနောက်ဘက်မှာ နော်မန်ကျေးငှက်ဘေးမဲ့တောလည်း ရှိနေပါသေးတယ်။
အဲဒီ Rhode ကျွန်းရဲ့ ဈေးအမြင့်ဆုံးအပိုင်းမှာ ရှိနေခဲ့တဲ့ စံအိမ်လို့လည်းဆိုကြတယ်။ မြေသား၊ အဆောက်အဦကျယ်ဝန်းခန့်ညားတာကို သဘောတွေ့လှတဲ့ ကေ့ခ်ျအတွက် ရဲတိုက်ပုံစံအဆောက်အဦးတွေဟာ သူ့ရဲ့ စိတ်ကြိုက်အဆောက်အဦးစတိုင်လ်ဖြစ်နေတော့တာပေါ့။ ၂၀၀၇ မှာ ဂျာမန်ရဲတိုက်ကို ရောင်းချလိုက်တယ်။ ပြီးတော့ သိပ်မကြာခင်ပဲ အင်္ဂလန်နိုင်ငံ၊ ဆန်းမားဆက်ပြည်နယ်ဘက်က ၁၇၇၅ခုနှစ် အတွင်း ဆောက်လုပ်ခဲ့တဲ့ Gothic စတိုင်လ် Midford ရဲတိုက်ကြီးကို ပေါင် ၅ သန်းနဲ့ ဝယ်ယူခဲ့ပြန်တယ်။ Midford ရဲတိုက်ကိုလည်း ၂၀၀၉ခုနှစ် အချိန်သိပ်မကြာဘဲ ပြန်ရောင်းချခဲ့ပြန်သေးတယ်။ အဲဒီအတောအတွင်းမှာ Rhode Island ၊ လူဝီစီယားနား၊ နီဗားဒါး နဲ့ ကယ်လီဖိုးနီးယားမှာပဲ အိမ်တွေဝယ်လိုက် ဆောက်လိုက် အမျိုးမျိုးအဖုံဖုံပြုလုပ်နေခဲ့တာပါ။ ၂၀၀၉ခုနှစ်အတွင်းမှာ အခွန်ရှောင်တိမ်းမှုတွေနဲ့ တရားစွဲဆိုခံရတာတွေရှိလာခဲ့တယ်။ ဝယ်ယူစုဆောင်း၊ အသုံးအစွဲ ဝါသနာထုံလွန်းလှတဲ့ ကေ့ခ်ျ ရဲ့ စံအိမ်တစ်အိမ်မှာ အလှဆင်ထားတဲ့ ဒိုင်နိုဆောဦးခေါင်းခွံဟာဆိုရင် ဒေါ်လာ ၂၇၆၀၀၀ တောင် တန်ကြေးရှိနေပါတယ်။ အဲဒီဒိုင်နိုဆောဦးခေါင်းခွံကိုတော့ လေလံပွဲတစ်ခုမှာ လီယိုနာဒိုဒီကာပရီယို နဲ့အပြိုင် လေလံစွဲခဲ့ပြီး ကေ့ခ်ျက အနိုင်ရလိုက်တာပါ။

ကေ့ခ်ျပိုင်ဆိုင်တဲ့ အိမ်တွေထဲက Bel Air အိမ်ဟာ အမေရိကန် အဆိုတော် ဒီးန်မာတင် နဲ့ တွမ်ဂျုံးစ်တို့ ပိုင်ဆိုင်ခဲ့တဲ့အိမ်ပါ။ ၁၉၄၀ခုနှစ်ကဆောင်လုပ်ခဲ့ပြီး အဲဒီတုန်းကတော့ ဒေါ်လာ ၁၁၀၀၀၀ တန်ကြေးရှိခဲ့တယ်။ ကေ့ခ်ျကတော့ ဒေါ်လာ ၁၈သန်းနဲ့ ဝယ်ယူခဲ့တာပါ။ လေလံတင်ပြီးရောင်းချခဲ့တဲ့အခါ ဒေါ်လာ ၁၀.၅ သန်းနဲ့ပဲ စာရင်းပိတ်လိုက်ရပါတယ်။ 

နီဗားဒါးက အိမ်ဟာလည်း အဲဒီလိုပါပဲ လေလံပွဲမှာ ဈေးကောင်းကောင်းမရခဲ့ပါဘူး။ ကေ့ခ်ျ ဟာ သူပိုင်ဆိုင်တဲ့ စံအိမ်တွေနဲ့ အမြဲတမ်းပဲ ရောင်းလိုက် ဝယ်လိုက်ဗျာများနေခဲ့တာပါ။ စံအိမ်ကြီးတွေကို သဘောကျသလို စံအိမ်ကြီးတွေကပေးတဲ့ ပူပင်သောကတွေကိုလည်း သူက နှစ်ခြိုက်နေခဲ့တာပါပဲလို့လည်း ခပ်ရွတ်ရွတ်ဆိုနေသေးရဲ့။ စံအိမ်တွေကပေးတဲ့ စိတ်ဒုက္ခတွေအပြင် ချောက်ချားတုန်လှုပ်စရာကောင်းတဲ့ ခံစားချက်မျိုးလည်း ကေခ်ျ့က ရယူပိုင်ဆိုင်ချင်သေးတာပါပဲ။ အဲဒါကတော့ အမေရိကရဲ့ အခြောက်လှန့်ဆုံးအိမ်လို့ ခေါ်နေကြတဲ့။ ထိထ်လန့်ကြောက်ရွံ့စရာအတိတ်တွေ ပြည့်နှက်နေတဲ့ နယူးအော်လိန်းက The LaLaurie House ကို ကေ့ခ်ျ ဝယ်ယူခဲ့တာပါ။
၁၈ရာစုက လူမည်းငွေဝယ်ကျွန်တွေ အများကြီးပဲနှိပ်စက်သတ်ဖြတ်ခဲ့တဲ့ ဒယ်လ်ဖင်း လာလော်ရီ (Delphine LaLaurie) ဆိုတဲ့ အမျိုးသမီးပိုင်ဆိုင်ခဲ့တဲ့အိမ်ပါ။ ဒယ်လ်ဖင်းဟာ အဲဒီအိမ်မှာပဲ သူမရဲ့ လူမည်းငွေဝယ်ကျွန်တွေကို နည်းမျိုးစုံနဲ့နှိပ်စက်ခဲ့ပြီးနောက် ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တယ်လို့ ဆိုတယ်။ အဲဒီ The Lalaurie House ရဲ့မီးဖိုခန်းထဲမှာ ထမင်းချက်အခိုင်းအစေတွေကို သံခြေကျင်းခတ်ထားတာ၊ နောက် ရက်စက်တဲ့နည်းလမ်းတွေနဲ့ သတ်ဖြတ်ခဲ့တာတွေကြောင့် ဒီနေ့အထိ ခြောက်လှန့်နေဆဲလို့ ဆိုကြတယ်။ ၁၈၃၄ ခုနှစ်မှာ မီးသင့်လောင်ကျွမ်းခဲ့ပါသေးတယ်။  အဲဒီအဆောက်အဦဟာ သုံးထပ်အဆောက်အဦဖြစ်ပြီး မစ္စစ္စပီမြစ်ကို လှမ်းမြင်ရအောင်ဆောက်လုပ်ထားတဲ့ အဲဒီခေတ်က အမြင့်ဆုံးအဆောက်အဦးပါ။ အဖြူရောင် စကျင်ကျောက်သားတွေနဲ့ ဆောက်လုပ်ထားပြီး မဟော်ဂနီကြောင်လှိမ်လှေကားကြီးက အဲဒီသုံးထပ်အဆောက်အဦးကြီးရဲ့ အလယ်မှာ ရစ်ခွေစွာရှိနေပါတယ်။ စတုရန်းပေ ၁၀၂၈၄ ကျယ်ဝန်းပြီး အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်းအပြည့် ၆ခန်း နဲ့ ရေချိုးခန်းငယ် ၂ ခန်းပါရှိတယ်။ 

ကေ့ခ်ျမဝယ်ယူခင်နှစ်တွေတုန်းကတော့ အစိုးရအထက်တန်းကျောင်း၊ လူငယ်လေးတွေလာကြတဲ့ ယမကာဘား၊ ပရိဘောဂစတိုးဆိုင် အဖြစ်ပြောင်းလဲဖွင့်လှစ်ခဲ့ကြပါသေးတယ်။ ၂၀၀၇ ခုနှစ်မှာ ကေခ်ျ့က ဒေါ်လာ ၃.၄၅သန်း နဲ့ ဝယ်ယူခဲ့တာပါ။ ၂၀၀၉ မှာတော့ အဲဒီ အဆောက်အဦကို ဒေါ်လာ ၃.၅သန်းနဲ့ ပြန်လည်ရောင်းချလိုက်ပါတယ်။

မဉ္ဇူရီ
Living Fashion Magazine, January, 2013

No comments: